Chapter 41
ယင်းမင်ကျန်းက တခြားသူတွေ ဘယ်လိုတွေးနေမလဲဆိုတာကို ထိုမျှလောက်ထိ အာရုံမထားခဲ့ပေ။ သူက သေချာဂရုတစိုက်ဖြင့် လှူဒါန်းခဲ့သည့်လူများ၏နာမည်နှင့် ငွေပမာဏကို ကိုက်ညီအောင်လုပ်ခဲ့သည်။ ထို့နောက် သူက အတန်းပိုင်ဆရာမတိုင်းကို ငွေအတိအကျပြန်ပေးပြီး ဖြန့်ကျက်ပေးဖို့ အကူအညီတောင်းခဲ့သည်။
ဆရာမများ၏ အလှူငွေကိုတောင် ပြန်ပေးခဲ့သေး၏။
သူက အမှန်တကယ်ကို တိုက်ရိုက်နှင့် အကျိုးရှိရှိလုပ်ဆောင်ခဲ့လေသည်။ တစ်ကျပ်လေးတောင်မှ သူမမေ့လျော့ခဲ့ပေ။
“မင်းသိလား ယင်းမင်ကျန်းက တိတိကျိုးဆီက ပိုက်ဆံကိုတောင်မှ ပြန်ပေးခဲ့တာ”
“တကယ်လား သူ တိတိကျိုးဆီက ယွမ်ထောင်ပေါင်း ရာပေါင်းကို ရခဲ့တာမဟုတ်ဘူးလား”
“ရပ်ကွက်ထဲကလူတွေရဲ့ အလှူငွေကိုလည်း ပြန်ပေးပြီးပြီလို့ကြားတယ်”
“သူဒီလောက်ပိုက်ဆံတွေအများကြီးကို ဘယ်ကရတာလဲ”
“ငါလည်း မသိဘူး”
“ရုတ်တရက်ကြီး ဘယ်ကရမှန်းမသိဘဲ ပိုက်ဆံတွေအများကြီးရှိလာတာကလည်း တကယ်ထူးဆန်းတယ် သူ့မှာ တကယ် အဲဒီလောက်ထိ ပိုက်ဆံတွေရှိနေတယ်ဆိုရင် သူတို့က အလှူငွေအတွက်တောင်းမှာမဟုတ်ဘူးမလား အဲဒီအချိန်တုန်းက သူ့မိဘတွေက ဘာပဲဖြစ်ဖြစ် သူ့အတွက် ဆေးရုံဖိုးမပေးဘူးလို့ပြောခဲ့တာ”
“သူ့ကို ပိုက်ဆံတွေအကုန်ပြန်ပေးနိုင်လို့ လေးစားမိပေမယ့်လည်း ဒီလောက်ပိုက်ဆံတွေကို ဘယ်ကရတာလဲဆိုတာကိုတော့ နည်းနည်းသံသယဖြစ်မိတယ်”
“သူချေးငွေယူခဲ့တာတော့ မဟုတ်ပါဘူးနော်”
“ဒါမှမဟုတ် တရားမဝင်တဲ့အလုပ်တစ်ခုခုလုပ်ခဲ့တာများလား”
“မင်းလည်း သိတာပဲ သူက တော်တော်လေးကြည့်ကောင်းတယ်လေ တချို့လူတွေက အဲဒီလိုမျိုးဆို တကယ်ကြိုက်ကြတာ သူ့နောက်ကိုလိုက်ဖူးတဲ့ နှာဗူးတစ်ယောက်ရှိတယ်မလား ယင်ချန်းဆီကတောင် အသတ်ခံရတော့မလိုဖြစ်သွားသေးတယ်လေ ဘယ်သူသိမှာလဲ သူ့ရုပ်ရည်ကို တစ်ယောက်ယောက်ကြိုက်သွားတာလည်း ဖြစ်နိုင်တာပဲ”
များစွာသောကျောင်းသားများက လျှောက်လမ်း၏ထောင့်တစ်နေရာတွင် အတင်းပြောနေကြသည်ကိုကြားသောအခါ ရှုနဉ်က သန့်စင်ခန်းထဲမှ ထွက်လာသည့်အချိန်ဖြစ်သည်။ သူ့အစာအိမ်ထဲတွင်လောင်ကျွမ်းသွားရသည့် ဒေါသမီးတောက်ကို မရပ်တန့်နိုင်တော့ပေ။
“မင်းတို့ ဘာသောက်ကြောင်းတွေ ပြောနေကြတာလဲ”
သူတို့အားလုံးက ရှက်ကြောက်မှုများနှင့်အတူ တစ်ချိန်တည်းမှာပင် သူ့ကို လှည့်ကြည့်လာကြသည်။
“ငါတို့ ရန်ပုံငွေတည်ထောင်တုန်းက မင်းတို့ထဲကလူတွေက ငါတို့က မင်းတို့ကို လှူဖို့အတင်းတိုက်တွန်းခဲ့တာလို့ ပြောခဲ့တယ် ယင်းမင်ကျန်းက အခု ပိုက်ဆံတွေအားလုံးကို ပြန်ပေးလိုက်ပြီလေ အဲဒီတော့ ဘာကို အတင်းတုပ်နေကြသေးတာလဲ” သူပိုပြောမိလေလေ ပိုဒေါသထွက်မိလေလေဖြစ်သည်။
“အဲဲဒီတော့ သူက အခု ရုတ်တရက်ကြီး ပိုက်ဆံတွေရှိလာတော့ရော ဘာဖြစ်လဲ မင်းတို့ တကယ်ပဲ အဲဒီလိုအတွေးမျိုးနဲ့ စဉ်းစားစရာလိုလို့လား သူထီပေါက်တာလည်း ဖြစ်နိုင်တာပဲ အကူအညီတစ်ခုခုရခဲ့တာလည်း ဖြစ်နိုင်တာပဲ ဒါမှမဟုတ် ချမ်းသာတဲ့ဆွေမျိုးတစ်ယောက်ယောက်နဲ့ အဆက်အသွယ်ပြန်ရလို့လည်း ဖြစ်နိုင်တာပဲ ဟုတ်ပြီလား မင်းတို့တွေ
ဒီလောက်တောင် သောက်မကောင်းတဲ့ဘက်က တွေးပေးစရာလိုလို့လား”
“မ-မဟုတ်ပါဘူး” ကျောင်းသားများက ရှက်သွားကြသည်။
ရှုနဉ်က ဒေါသထွက်နေသည်။
“ယင်းမင်ကျန်းက နဂိုကတည်းက လူကောင်းတစ်ယောက်ဖြစ်လို့ တော်သေးတယ် အဲဒီလိုပတ်ဝန်းကျင်နဲ့ အခြေအနေမျိုးမှာတောင်မှ အလှူငွေတွေကို တစ်ယောက်ချင်းစီပြန်ပေးဖို့ ဆုံးဖြတ်ထားသေးတယ် သူ့နေရာမှာ မင်းတို့သာဆိုရင် ပိုက်ဆံတွေကို ပြန်ပေးနိုင်မှာလား အဲဒီအလှူငွေပိုက်ဆံတွေကိုယူပြီး ကြိုက်သလိုလုပ်ပြီး ထွက်ပြေးသွားကြမယ့်အကောင်တွေဆိုတာ ငါလောင်းကြေးထပ်ရဲတယ်”
ကျောင်းသားများက သူတို့၏ခေါင်းများကို ငုံ့ထားလျက်ရှိကြပြီး မျက်နှာများ နီရဲနေကြသည်။
“တောင်း-တောင်းပန်ပါတယ်”
“မင်းတို့တောင်းပန်ရမှာက ယင်းမင်ကျန်းကို တောင်းပန်ရမှာ”
ရှုနဉ်က သူတို့ကို မုန်းတီးသောအကြည့်များဖြင့် ကြည့်လိုက်သည်။
ချိန်ရှောင်ယွီနှင့် တခြားမိန်းကလေးများက ရုတ်ရုတ်သဲသဲဖြစ်သံများကိုကြားသောအခါ ပြေးလာကြည့်ကြသည်။
ဘာဖြစ်ခဲ့လဲဆိုတာကိုသိပြီးနောက် ကျောင်းသားများကို ထပ်တူညီစွာပြောဆိုကြပြန်၏။
“နင်တို့တွေ ဘယ်လိုများ ဒီလိုကောလဟာလတွေကို လျှောက်ပြောနိုင်ကြတာလဲ သူက နှာဗူးဆီက ခြိမ်းခြောက်ခံထားရတာနဲ့တင် တော်တော်လေးဆိုးနေပြီကို အခုတော့ မင်းတို့တွေက သူ့ကိုတောင် အတင်းပြောနေကြသေးတယ် တော်တော်ဆိုးကြတာပဲ”
“ကြည့်ကောင်းတာက ပြစ်မှုမြောက်နေလို့လား”
မိန်းကလေးထဲမှတစ်ယောက်ကလည်း အလွန်ဒေါသထွက်နေသည်။
“ကျူးကျူးလည်း ချောတာပဲ ဒါပေမယ့် နင်တို့တွေထဲက တစ်ယောက်မှ သူနဲ့မဒိတ်နိုင်ကြဘူးလေ အဲဒါနဲ့ပဲ သူ့အကြောင်းကို ကောလဟာလတွေလျှောက်ပြောကြတယ် ရွံစရာကောင်းလိုက်ကြတာ”
“အမှန်ပဲ ငါလုပ်မိတာဆိုလို့ တခြားအတန်းက ကောင်လေးနဲ့ စကားနည်းနည်းလေးပြောမိတာကို… အခုကျတော့ ငါ့ရဲ့ကောလဟာလတွေကလည်း ပွထနေကြပြန်ပြီ”
သူတို့၏ ရုပ်ရည်နှင့်ပက်သက်ပြီး အသရေဖျက်ကာ မဟုတ်မမှန်ပြောဆိုခံရမှုတွင် မိန်းကလေးများက ယောက်ျားလေးများထက်ပို၍ အတွေ့အကြုံရှိကြသည်။ သူတို့က ချက်ချင်း ယင်းမင်ကျန်းကို စာနာမိသွားကြ၏။ တရားနည်းလမ်းကျစွာဖြင့် မခံမရပ်နိုင်ဖြစ်ကာ သူတို့က ထိုယောက်ျားလေးများအား မကောင်းပြောဆိုကြလေတော့၏။
ကျောင်းသားများ၏ အောက်ကျို့နေသောမျက်နှာထားကိုတွေ့သောအခါ ရှုနဉ်က စိတ်တည်ငြိမ်သွားသည်။
သူကိုယ်တိုင်လည်းပဲ ဗီလိန်လေးက ပိုက်ဆံတွေ အများကြီး ဘယ်ကရလာမှန်းမသိချေ။
ဝေ့မိသားစုက သူဘယ်သူလဲဆိုတာကိုသိသွားပြီး ပိုက်ဆံတွေပေးလို့များလား။
ဒါပေမယ့် ဘာလို့ သူ့ကိုပြန်မခေါ်ရတာလဲ။ ဘာလို့ သူ့ကို လူသိရှင်ကြားမကြေညာရတာလဲ။
သို့သော်လည်း ရှုနဉ်က ယခုချိန်တွင် ထိုကိစ္စကိုမတွေးနိုင်သေးပေ။ ဝေ့မိသားစုအကြောင်းကို ထည့်သွင်းစဉ်းစားနေလည်း ထိုကောလဟာလက ရပ်တန့်ဖို့လိုအပ်သည်။
ရှုနဉ်က မျက်ခုံးပင့်ကာပြောလိုက်သည်။
“နားထောင်ကြ အဲဒီပိုက်ဆံတွေ ဘယ်ကရလဲဆိုတာ အားလုံးထက် ငါပိုသိတယ်”
ကျောင်းသားအုပ်စုက မော့ကြည့်လာကြသည်။
လျှောက်လမ်းမှ တခြားကျောင်းသားများကလည်း ကြည့်လာကြ၏။
ရှုနဉ်က ဆက်ပြောသည်။
“ယင်းမင်ကျန်းမှာ ကျန်းမာရေးအာမခံရှိတယ် အဲဒီတော့ ဆေးရုံစရိတ်က ငါတို့ထင်ထားသလောက် မကုန်ဘူး သူဆေးရုံဆင်းတုန်းက ငါအကုန်လုပ်ပေးခဲ့တာဆိုတော့ အားလုံးထက် ငါပိုသိတယ်”
“အဲဒီတုန်းက အလှူငွေပိုက်ဆံတွေက အများကြီးကျန်သေးတယ် အဲဒီတော့ ငါက ယင်းမင်ကျန်းကို သူဘာလုပ်ချင်လဲဆိုပြီး မေးလိုက်တာ ယင်းမင်ကျန်းရဲ့အမေ ကျိုးကျွမ်က ပိုက်ဆံတွေကိုယူပြီး ဆေးစရိတ်တွေမှာကုန်သွားတယ်ဆိုပြီး လုပ်ချင်နေတာ ဒါပေမယ့် ယင်းမင်ကျန်းက ငြင်းခဲ့ပါတယ် သူက တခြားသူတွေဆီက အခွင့်အရေးမယူဘဲ အလှူငွေတွေကို ပြန်ပေးရမယ်ဆိုပြီးပြောခဲ့တာ”
“အဲဒီတော့ မင်းတို့ပြန်ရတဲ့ပိုက်ဆံတွေက မင်းတို့ရဲ့ အလှူငွေတွေပဲ သူက အစကတည်းက အဲဒီပိုက်ဆံတွေကိုသုံးခဲ့တာမဟုတ်လို့ ဘယ်ကနေ ပိုက်ဆံတွေရလဲဆိုပြီး မေးမနေကြနဲ့တော့ သူက အလှူငွေပိုက်ဆံတွေကို အဲဒီအတိုင်းပဲပြန်ပေးတော့ မင်းတို့ရဲ့ပိုက်ဆံတွေဖြစ်နေပြီပဲ နားလည်ပြီလား ဘယ်ကရလာလဲဆိုပြီး လျှောက်ပြောမနေကြနဲ့တော့”
လုံချောင်နှင့် ဝမ်ရှန်ရှန်တို့နှစ်ယောက်က ရှုနဉ်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးသကဲ့သို့တူနေသည်။ သူတို့က မျက်ခုံးပင့်ပြီး ပြောလာကြသည်။
“နားလည်တယ်ဆိုလည်း သွားတောင်းပန်ကြလေ”
ကျောင်းသားအုပ်စုအဖွဲ့က ကြောက်ရွံ့နေသောငှက်အုပ်သဖွယ် ချက်ချင်းပြန့်ကျဲထွက်ခွာသွားကြသည်။ ယင်းမင်ကျန်းအကြောင်းကို စောင်းမြောင်းပြောဆိုခဲ့သည့် ကျောင်းသားတစ်ယောက်က ထွက်ပြေးဖို့ပြင်နေတာကို ရှုနဉ်တွေ့သောအခါ သူ့အနားကိုသွား၍ အင်္ကျီကော်လံကိုဆွဲလိုက်သည်။
“ဘယ်သွားမလို့လဲ ငါနဲ့လိုက်ခဲ့ ယင်းမင်ကျန်းကို မျက်နှာချင်းဆိုင် သွားတောင်းပန်”
“မှားသွားပါတယ် မှားသွားပါတယ်”
ကျောင်းသားက ထပ်တလဲလဲ အသနားခံတောင်းပန်နေသည်။
လျှောက်လမ်းပေါ်ရှိကျောင်းသားများက ရှုနဉ်ပြောသည့်စကားများကိုကြားလိုက်သောအခါ ထိုကျောင်းသားထံသို့ အထင်မြင်သေးသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“သူ့ကိုလွှတ်လိုက်”
အေးစက်သည့်အသံက ပေါ်ထွက်လာသည်။
လူအုပ်ကြီးက လှည့်ကြည့်လာသည်။
အဖြူနှင့်အပြာ ကျောင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်က လျှောက်လမ်း၏အဆုံးတွင် ရပ်နေသည်။ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးနှင့် ကျောက်စိမ်းသကဲ့သို့ တောက်ပဝင်းလက်သည့် အသားအရေ။ သူ့တစ်ကိုယ်လုံးက ရောင်ခြည်များဖြာထွက်နေသကဲ့သို့ လှပနေသည်။
“သူစိတ်မပါဘဲနဲ့ တောင်းပန်တာဆိုရင် ငါမလိုချင်ဘူး”
သူက ပြောလိုက်သည်။
ရှုနဉ်က စိတ်ပျက်အံ့အားသင့်သွားရပြီး ကောင်လေးကို လွှတ်ပေးလိုက်သည်။
ကောင်လေးက ယင်းမင်ကျန်းဆီကို ပြေးသွားကာ လျင်လျင်မြန်မြန်နှင့် တောင်းပန်ပြီး ထွက်သွားလေ၏။
“မင်ကျန်း…”
ရှုနဉ်က နှုတ်ဆက်ဖို့အတွက် အချိုးမကျစွာဖြင့် လက်မြှောက်လိုက်သည်။
ယင်းမင်ကျန်းက သူ့နားကိုလျှောက်လာပြီးပြောသည်။
“နောက်တစ်ခါ အဲဒီလိုမလုပ်ပါနဲ့”
သူ့အတွက်ရပ်တည်ပေးစရာမလိုသလို သူ့အတွက် ဖြေရှင်းချက်များ ထုတ်ပေးစရာလည်းမလိုပေ။
သူက တခြားသူများ၏ထင်မြင်ချက်ကို ဂရုမစိုက်ပေ။ ဘယ်အရာကမှ အရေးမကြီးပေ။ ကိုယ့်ကို တကယ်နားလည်ပေးနိုင်တဲ့သူက ရှင်းပြချက်ပေးစရာမလိုဘဲ နားလည်လိမ့်မည်သာဖြစ်သည်။ သူတို့နားမလည်ပေးနိုင်ဘူးဆိုရင် ရှင်းပြနေလည်း အသုံးဝင်မည်မဟုတ်ချေ။
ထို့အပြင် ရှုနဉ်ကို သူ့ကြောင့် စိတ်မရှုပ်စေချင်ပေ။ သူ့ကြောင့်နှင့် အကူအညီတွေအများကြီး အကြွေးတင်နေခဲ့ပြီးဖြစ်၏။
ရှုနဉ်က သူ့နှာခေါင်းကိုသူပွတ်လိုက်မိသည်။
သေစမ်း သူထပ်ပြီး အငြင်းခံရပြန်ပြီ…
ဘဲလ်တီးသည်နှင့် လျှောက်လမ်းပေါ်မှကျောင်းသားများက သူတို့၏အတန်းဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ ရှုနဉ်၏ ဝေဖန်မှုများက ပျံ့နှံ့သွားကြပြီး လူအများက ထိုကျောင်းသားအဖွဲ့ကို အပြစ်တင်ပြောဆိုကြတော့သည်။
ပိုက်ဆံဘယ်ကရလဲဆိုသည့် ကောလဟာက အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။
ယင်းမင်ကျန်းက တခြားသူများ၏ထင်မြင်ချက်ကို အာရုံမထားပေ။ လူအများက သူ့ကို အသရေဖျက်ပြောဆိုကြသောအခါ အနည်းငယ်စိတ်ထိခိုက်ခဲ့သော်လည်း အများအားဖြင့်တော့ သူဂရုမစိုက်ပေ။ ယခုဆိုလျှင် သူ့စိတ်ခံစားချက်များက မှုန်မှိုင်းနေသည့်အတွက်ကြောင့် ပို၍ပင် ဂရုမစိုက်ချေ။
ရှုနဉ်ကို သူ့အတွက် ထပ်ပြီး မရပ်တည်ပေးရန်ပြောခဲ့သော်လည်း တကယ်တော့ ရှုနဉ်က သူ့ကိုကာကွယ်ပြောဆိုပေးခဲ့လို့ ပျော်နေမိသည်။ ချိုသာပြီး ချဉ်ပြုံးပြုံးဖြစ်သည့် လိမ္မော်သီးလေးက သူ့ပါးစပ်ထဲမှာ ပြည့်သိပ်နေသလိုပင်။
သို့သော်လည်း သူက အလွန်အသက်ပါခြင်း သိပ်မရှိတော့ပေ။ ဘဝင်ခိုက်ပြီး အူမြူးနေသော်လည်း အရင်ကလိုမျိုး တောက်ပသည့်အပြုံးကို မသယ်ဆောင်လာနိုင်တော့ပေ။ တခြားသူများ၏အမြင်တွင်တော့ တည်ငြိမ်နေကာ အနည်းငယ်ဒေါသဖြစ်နေသည့်ပုံပေါ်နေ၏။
အသရေအဖျက်ခံရမှုကြောင့် စိတ်တိုခြင်းက ပုံမှန်သာဖြစ်ပေသည်။
နှစ်ယောက်သားက ထိုင်ခုံတွင်ထိုင်နေကြသည်။ အတန်းပိုင်ဆရာမ၏အသံက ငြီးငွေ့ဖွယ်ကောင်းစွာဖြင့် အဆက်မပြတ်ကြားနေရသည်။ ရှုနဉ်က ဗီလိန်ကိုကြည့်၍ တီးတိုးပြောဆိုလိုက်သည်။
“သူ့ကိုပြောတာကို စိတ်ထဲထားမနေနဲ့ ငါတို့အတန်းဖော်တွေအများစုက မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားနေကြတာ”
ဗီလိန်လေးက အနည်းငယ်လှည့်ကြည့်ပြီး ပြောလိုက်သည်။
“အင်း”
သူ၏ လိမ္မာသည့်အပြုအမူလေးက ရှုနဉ်၏နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။
သူ၏ဖုန်းနံပါတ်၊ WeChat နှင့် QQ အကောင့်ကို သူတကယ်လိုချင်နေသော်လည်း ကံဆိုးစွာဖြင့် သူ့ကို စကားအများကြီးမပြောနိုင်ခဲ့ပေ။ သို့မဟုတ်လျှင် ကလေးငယ်ကို ထပ်ပြီးစိတ်တိုအောင်လုပ်မိနေမှာဖြစ်သည်။
ဗီလိန်က သူ့ကိုဆက်ကြည့်နေပြီး ရှုနဉ်က အလိုအလျောက် ကျောမတ်လိုက်သည်။
ခဏကြာသောအခါ ဗီလိန်လေး၏အသံက ပေါ်ထွက်လာသည်။
“ငါမင်းကို WeChat မှာ အပ်လို့ရမလား”
ရှုနဉ်က သူနားကြားမှားလိုက်သည်ဟုထင်ပြီး လှည့်ကြည့်လိုက်မိသည်။
“ဘာ”
ဗီလိန်လေးက သူ့ကို တည်ငြိမ်စွာဖြင့် ကြည့်နေသည်။ သူက ထပ်မပြောခင် ခဏလောက်ရပ်နေလိုက်သေးသည်။
“ငါမင်းကို WeChat မှာ အပ်လို့ရမလား”
ရှုနဉ်က နောက်ဆုံးတော့ သူကြားတာမှန်ကြောင်း သိသွားရသည်။
ဗီလိန်လေးက သူ့ကို WeChat မှာအပ်ဖို့ အရင်ပြောလာတယ်...။
ခဏလောက်စိတ်ရှုပ်သွားပြီးနောက် ရှုနဉ်က စိတ်လှုပ်ရှားရုံမှတစ်ပါး မတတ်နိုင်ပေ။
သူက သူ့ဖုန်းကိုထုတ်လိုက်ပြီး ဆိုလိုက်သည်။
“အင်း”
ယင်းမင်ကျန်း၏ တင်းမာနေသောလက်သီးဆုပ်က ဖြည်းဖြည်းချင်း ပြေလျော့လာသည်။ သူလည်း သူ့ဖုန်းကိုထုတ်လိုက်ပြီး နှစ်ယောက်သားက WeChat အကောင့်များ လဲလှယ်လိုက်ကြသည်။
အချင်းချင်းအပ်ပြီးကြသည့်နောက်တွင် ဗီလိန်လေး၏ လှပသောမျက်ဝန်းများက သူ့ကို ခေတ္တခဏ ငေးကြည့်နေမိသည်။ ထို့နောက် ရှုနဉ်၏ ဖုန်းမှန်သားပြင်ပေါ်တွင် အနီရောင်စာအိတ်ပုံစံလေးနှင့်အတူ တင်းကနဲ အသံမြည်ကာ စာတစ်စောင်တက်လာခဲ့သည်။
ထိုအနီရောင်စာအိတ်ကိုတွေ့သောအခါ ရှုနဉ်က သူ့မျက်နှာကို ရေခဲရေဖြင့် ပက်ဖျန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်ရှိအပြုံးများက အေးခဲသွားရသည်။
ဗီလိန်လေးက တည်ကြည်သောမျက်နှာထားဖြင့် ဆရာမသင်ကြားနေသောစာများကို ဆက်နားထောင်နေလိုက်သည်။
ခဏကြာသောအခါ ရှုနဉ်လည်း အတန်းပိုင်ဆရာမပြောဆိုနေသည်များကို နားထောင်နေသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။
သူအတွေးမှားသွားခဲ့သည်။ ဗီလိန်လေးက သူနှင့် သူငယ်ချင်းဖြစ်ချင်သည်ဟုထင်ခဲ့သော်လည်း ပိုက်ဆံပြန်ပေးဖို့ ကြိုးစားနေခြင်းသာဖြစ်ကြောင်းကို သိသွားခဲ့ရ၏။
ယင်းမင်ကျန်းက သူ့ဖုန်းကိုကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။ မှန်သားပြင်ပေါ်တွင် ကာတွန်းပုံစံဖြင့်မှိုပုံလေးက အလွန်ချစ်ဖို့ကောင်းနေသည်။
သူက အသံတိတ် ပြုံးလိုက်မိသည်။
*တောင်*
[ဘာလို့ ငါ့ကို ပိုက်ဆံတွေ အများကြီးပို့လိုက်တာလဲ]
[ငါအဲဒီလောက်ထိ မလှူခဲ့ပါဘူး]
မှိုလေးက ပြောလာသည်။
သူ့နှုတ်ခမ်းထောင့်စွန်းက အပြုံးများက ပျောက်ကွယ်သွားရ၏။ ယင်းမင်ကျန်းက နှုတ်ခမ်းကိုစုဝိုင်းလိုက်သည်။
[ငါတွက်ခဲ့တာ အဲဒီလောက်ပဲ]
မှိုလေး - [ငါတကယ် အဲဒီလောက် အများကြီးမပေးခဲ့ပါဘူး]
ယင်းမင်ကျန်း - [ငါဆေးရုံမှာ စစ်ပြီးသွားပြီ ငါဆေးရုံမတက်ခင်ကတည်းက မင်းက ယွမ်နှစ်သောင်း ကြိုပေးထားတာ]
မှိုလေး - [...]
ရှုနဉ်က ဗီလိန်ကို မော့ကြည့်လိုက်သည်။
သူတကယ် စုံစမ်းစစ်ဆေးဖို့အတွက် ဆေးရုံကို သွားတာပဲ။
ဗီလိန်လေးရဲ့ မှတ်ညဏ်က အခုအလွန်ကောင်းနေပြီ။
သူကထပ်ပြီး အရူးလုပ်ဖို့ မလွယ်ကူတော့ဘူး။
ယင်းမင်ကျန်း - [ကျေးဇူးပါ]
ရှုနဉ်က ထိုစကားသုံးလုံးကို ခဏငေးကြည့်နေမိသည်။ ထို့နောက် သူက သက်ပြင်းချလိုက်၏။ ဗီလိန်လေး၏ ဆတ်ဆတ်ထိမခံသည့်အသည်းနှလုံးကို မြင်တွေ့လိုက်ရသည်ဟုခံစားမိပြီး ပြောလိုက်၏။
[ရပါတယ်]
ယင်းမင်ကျန်း - [မင်းကြောင့်သာမဟုတ်ရင် ငါသေနေလောက်ပြီ မင်းက တကယ် ငါ့ဘဝကို ကယ်တင်ခဲ့တဲ့သူပါ]
ရှုနဉ်က အခုချိန်တွင် အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။ ဗီလိန်လေးက အမြဲတမ်း အေးတိအေးစက်နေတတ်သောကြောင့် ရှုနဉ်က ဗီလိန်လေးက သူ့ကိုမကြိုက်လို့ အေးစက်စက်နေတတ်သည်ဟု ထင်ခဲ့မိ၏။ သို့သော်လည်း သူ့တွင် အမှန်တကယ်ကို ကျေးဇူးတင်စိတ်များပြည့်နှက်နေခဲ့ခြင်းဖြစ်သည်။
ရှုနဉ် - [လူတစ်ယောက်ကို လိုအပ်နေချိန်မှာ ကယ်တင်တာက ပုံမှန်ပါပဲ မင်းက ငါ့ရဲ့ အတန်းဖော်လည်းဟုတ်သလို အိမ်နီးချင်းဆိုလည်း ဟုတ်တယ်လေ ဘယ်လိုပဲဖြစ်ဖြစ် ငါကူညီသင့်တာပါပဲ]
ယင်းမင်ကျန်း၏မျက်ဝန်းများက ထိုသို့ရဲရင့်သည့် ပြောဆိုမှုကိုကြားသောအခါ အပြုံးများဖြင့် ပြည့်နှက်သွားသည်။