Chapter 42
ရှုနဉ်နှင့် ထိုကဲ့သို့ နှစ်လိုဖွယ်ကောင်းစွာ စကားပြောရခြင်းက အလွန်ရှားပါးသည်။ သူက စကားကိုဆက်ဖို့ ကြိုးစားသော်လည်း ဘယ်လိုဆက်ရမှန်းမသိချေ။
သူက အမြဲတမ်း အသံတိတ်ဘုရင်ဖြစ်ခဲ့၏။ အရင်တုန်းက တစ်ယောက်ယောက်က သူ့ကို လှောင်ပြောင်တိုင်း အကျင့်အတိုင်း လျစ်လျူရှုထားတတ်သည်။ ထိုအကျင့်က အရိုးစွဲသွားခဲ့လို့ လူတွေနှင့် ဘယ်လိုစကားပြောဆိုရမှန်းမသိတော့ချေ။
စကားဝိုင်းက ပြီးဆုံးတော့မည်ကိုသိသောအခါ ယင်းမင်ကျန်းက နည်းနည်းစိတ်ပူလာရသည်။ သူက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်ပြီး အတန်းထဲတွင် အာရုံစိုက်နေသော ရှုနဉ်ကို ခိုးကြည့်လိုက်သည်။
ကောင်လေး၏ဘေးတိုက်မျက်နှာပုံစံက ချောမောပြီး ဝင်းလက်တောက်ပသည်။ သူ့ကိုကြည့်လိုက်သည့် မည်သူမဆို ခံစားချက်ကောင်းမွန်စေသည်။ ထိုကဲ့သို့လူမျိုးကို အားလုံးက ကြိုက်နှစ်သက်ခြင်းက သဘာဝပင်ဖြစ်လိမ့်မည်။ သူ့တွင် သူငယ်ချင်းအများကြီးရှိနေတာလည်း မထူးဆန်းချေ။
ယင်းမင်ကျန်းက ခေတ္တခဏ ချင့်ချိန်စဉ်းစားလိုက်သည်။ ထို့နောက် သူက WeChat ကနေ တစ်စုံတစ်ယောက်နှင့် ဘယ်လိုရင်းရင်းနှီးနှီးနေရလဲဆိုသည့်အချက်များကို အွန်လိုင်းပေါ်တွင် ရှာဖွေလိုက်သည်။ ပထမဆုံးပေါ်လာသည့် အကြံပေးချက်ကတော့ ဗန်းစကားများ၊ အီမိုဂျီရုပ်ပုံများ၊ စတစ်ကားများနှင့် စသည်များဖြစ်သည်။
သူက အလှူငွေများအားလုံးကို ပြန်ပေးခဲ့ပြီးပြီဖြစ်၏။ အခုဆို ရှုနဉ်နှင့် အခွင့်အရေး တန်းတူရှိသွားပြီဖြစ်သည်။
ယင်းမင်ကျန်းက သူ့ကို မဝံ့မရဲဖြင့် စာပို့လိုက်သည်။
[ကျေးဇူးပါ UwU]
ရှုနဉ်က ငုံ့ကြည့်လိုက်သည်။ UwU ဆိုသည့်စကားလုံးကိုတွေ့လိုက်ရသောအခါ သူက ဗီလိန်လေးကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်မိသည်။
အေးစက်ပြီး မာနကြီးတဲ့ဗီလိန်လေးက သူ့ကို ဒီလိုချစ်စရာကောင်းတဲ့စာကို ပို့တယ်တဲ့လား။
အား...ကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ချစ်စရာကောင်းလိုက်တာ…
သူက ချက်ချင်းစာပြန်လိုက်သည်။
[ရပါတယ်]
ထိုစကားလုံးများတွင် သူ၏စိတ်လှုပ်ရှားမှုများနှင့် ဖခင်ပမာ ချစ်ခြင်းမေတ္တာများစွာ ပါဝင်နေလေ၏။
ရှုနဉ်က စာပြန်သည်ကိုတွေ့သောအခါ ယင်းမင်ကျန်းက ပျော်သွားသော်လည်း ထပ်ပြီး ချောင်ပိတ်မိသွားရပြန်သည်။ သူဘယ်လိုစကားဆက်ရမှန်း မသိပြန်တော့ချေ။
ကျောင်းဆင်းသည့်အချိန်အထိ ယင်းမင်ကျန်းက ဘာပြောရမှန်းမသိသေးပေ။
ရှုနဉ်က ယင်းမင်ကျန်းနှင့်ပြောထားသောစာများကို ခဏခဏပြန်ကြည့်ပြီး အိပ်ရာပေါ်တွင် လူးလိမ့်လျက် စိတ်လှုပ်ရှားပျော်ပါးနေသည်။
နောက်ဆုံးတော့ သူ ကလေးငယ်၏ WeChat ကို အပ်နိုင်ခဲ့ပြီ။
ကလေးငယ်က အလွန်တော်သည့်အတွက်ကြောင့် ကလေးစားဖို့ တစ်ခုခုဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် အင်္ဂါနေ့သို့ရောက်လာပြီဖြစ်၏။ ရှုနဉ်က စာကျက်ဖို့ စိတ်မပါပေ။ ခဏနေရင် ကလေးငယ်အတွက် စူပါမားကတ်တွင် ဘာဝယ်ပေးရမလဲစဉ်းစားရင်း သူ့ဦးနှောက်က ထိုအတွေးတွင်သာ နစ်မြုပ်နေမိသည်။ ယင်းမင်ကျန်းက သူ့ကို အကြိမ်ပေါင်းများစွာ စကားပြောချင်သော်လည်း ဘယ်က စပြောရမှန်းမသိချေ။
သူက အရင်တုန်းက ကျောင်းတက်ခဲ့သည့်နှစ်များကို ပြန်လည်စဉ်းစားလိုက်သည်။ ရှုနဉ်က သူ့ကိုအမြဲစကားပြောသော်လည်း သူကတော့ အေးတိအေးစက်နှင့်သာ ဆက်ဆံခဲ့ပြီး ဆက်ဆံရေးကိုပင် ဖြတ်တောက်ပစ်ခဲ့မိလေသည်။ ယင်းမင်ကျန်းက နောင်တရနေမိ၏။
အခုတော့ ရှုနဉ်က သူ့ကို ထပ်ပြီး စကားတွေအများကြီး မပြောတော့ချေ။
ယင်းမင်ကျန်းက သူနှင့် သူငယ်ချင်းထပ်ဖြစ်နိုင်ရန် တောင်းဆိုချင်မိသည်။
သို့သော်လည်း ထိုသို့ပြောရမည်ကို ရှက်ရွံ့နေမိသည်။ ထို့အပြင် ဘယ်ကနေ စကားစရမှန်းလည်းမသိချေ။
သူတစ်နေ့လုံး အချိန်ယူစဉ်းစားခဲ့ရ၏။ နောက်ဆုံးတော့ သူ့သတ္တိများကိုဆင့်ခေါ်လိုက်ကာ ရှုနဉ်ကို ကျောင်းဆင်းသည်နှင့် စကားလိုက်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
ကျောင်းခေါင်းလောင်းတီးပြီးသည်နှင့် အတန်းထဲရှိကျောင်းသားများက ဒလဟောပြုံဆင်းလာကြတော့သည်။
ရှုနဉ်က သူ့ကျောင်းလွယ်အိတ်ကို ထုပ်ပိုးပြီးဖြစ်၏။ သူ့ခြေထောက်တစ်ဖက်က ဘေးထိုင်ခုံကို မှီထားသည်။ အတန်းထဲမှ အချိန်မရွေးထွက်ခွာရန် အဆင်သင့်ဖြစ်နေသည့်အနေအထားပင်။
အတန်းပိုင်ဆရာမက အတန်းဆင်းပေးလိုက်သည်။ ယင်းမင်ကျန်း စကားမပြောရသေးခင် ရှုနဉ်က အပြာရောင်နှင့်အဖြူရောင်ဝတ်စုံလေးဖြင့် မြှားတစ်စင်းသကဲ့သို့ လွင့်ပျံထွက်ခွါသွားတော့သည်။
ယင်းမင်ကျန်းက သူ့နေရာတွင် ခဏထိုင်နေလိုက်၏။ ထို့နောက်မှ စာအုပ်များကိုသိမ်းကာ လူအုပ်နောက်မှ တိတ်တဆိတ်လျှောက်လာလိုက်သည်။
ရှုနဉ်က ဘယ်ဆီနေမှန်းပင်မသိတော့။
ယင်းမင်ကျန်းက ခဏရှာလိုက်ပြီးနောက် စိတ်ပျက်အားငယ်မှုက မျက်နှာပေါ်တွင် ဖြတ်ပြေးသွားရသည်။
ကောင်းကင်ပေါ်မှ မိုးတဖွဲဖွဲရွာနေသည်။ ချူကျိုးမြို့ရှိဆောင်းရာသီက အမြဲဒီလိုမိုးရွာတတ်၏။ ထီးဆောင်းရမှာလား၊ မဆောင်းရဘူးလားဆိုပြီး ချီတုံချတုံဖြစ်စေသည့် ရာသီဥတုပင်ဖြစ်သည်။
ထီးဆောင်းရန်အကြောင်းခိုင်လုံမှုရှိလောက်သည်အထိ မိုးမသည်းနေသော်လည်း ထီးတစ်လက်မပါလျှင်တော့ ဆံပင်များရေစိုသွားနိုင်သည်။
ယင်းမင်ကျန်း၏စိတ်ခံစားချက်က မိုးစိုနေသည့်ပလက်ဖောင်းသကဲ့သို့ စိုထိုင်းကာ မှုန်မှိုင်းနေသည်။
လမ်းတစ်လျှောက်တွင် အနည်းငယ်သောလူတစ်ချို့က ရောင်စုံထီးများကို ဆောင်းထားကြသည်။ စိုစွတ်နေသည့်မြေကြီးက သက်တံ့ရောင်ခြည်များ ရောင်ပြန်ဟပ်နေ၏။
သူက ကျောကုန်းပေါ်တွင် လွယ်အိတ်လွယ်ထားလျက် ကျောင်းအပြန်လမ်းတွင် လမ်းဖြတ်ကူးလာ၏။ ခဏလောက်စဉ်းစားပြီးသည့်နောက်တွင် အိမ်တွင် မျက်နှာသုတ်ပဝါနှင့် ပဲငံပြာရည်ကုန်နေကြောင်းကိုသိသွားပြီး စူပါမားကတ်ဆီသို့ပြန်လှည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ စားကောင်းသည့်တစ်ခုခုဝယ်စားရန်လည်း ပြင်လိုက်သည်။
ကျိုးကျွမ်က ယခုရက်ပိုင်း အလုပ်များ အလွန်လုပ်နေလေ၏။
ဒီနားတွင်ရှိသည့် အကြီးဆုံးစူပါမားကတ်ကတော့ ပိတ်ရက်စူပါမားကတ်ပင်။
ယင်းမင်ကျန်းက ဈေးခြင်းတောင်းကိုယူလိုက်ကာ စူပါမားကတ်ထဲသို့သွားနေသော လူအုပ်ကြီးထဲဝင်လိုက်သည်။ ဝင်ပေါက်တွင် အိမ်ထောင်စုပစ္စည်းများကို ခင်းကျင်းပြသထားသည့် စင်များရှိသည်။ ယင်းမင်ကျန်းက ပေါ့ပါးစွာဖြင့် အိမ်သာသုံးစက္ကူများကို ယူလိုက်ကာ ခြင်းထဲသို့ထည့်လိုက်သည်။ ထို့နောက် သူက ခင်းကျင်းထားသောနေရာများကို လှည့်ပတ်ကြည့်ရှုလိုက်ကာ အစားအသောက်နှင့် အသင့်စားသုံးနိုင်သောနေရာများရှိရာကို သွားလိုက်သည်။ သူလမ်းလျှောက်နေရင်းနှင့် မျက်လုံးထောင့်စွန်းမှတစ်ဆင့် ရင်းနှီးသည့်ပုံရိပ်လေးကိုမြင်လိုက်ရသည်။ သူက အစားအသောက်တန်းတွင် ဆောင့်ကြောင့်ထိုင်ကြည့်နေပြီး စည်သွတ်ဘူးကိုငုံ့ကြည့်နေသည်။ ထိုအရာက နို့မှုန့်နှင့်တူ၏။
ထိုသူက အပြာရောင်နှင့် အဖြူရောင် ကျောင်းဝတ်စုံ၊ ရွှေဝါရောင် ဆံပင်အတိုနှင့် ချောမောသည့် ဘေးတိုက်မျက်နှာ၊ သွယ်လျသည့် နှာတံပိုင်ရှင်လေးပင်။
ရှုနဉ်ပဲ...
ရှုနဉ်က ဈေးခြင်းတောင်းထဲသို့မထည့်ခင် စည်သွတ်ဘူးလေးကို ခဏကြည့်နေလိုက်သေးသည်။ ထို့နောက် စင်နားမှထွက်လာကာ အခွံမာသီးများ၊ အသားခြောက်များနှင့် ပေါင်မုန့်လုံးများထားသော စင်များသို့ ဦးတည်လာခဲ့သည်။
ယင်းမင်ကျန်းက မျက်တောင်ခတ်လိုက်ပြီး သူ့အနောက်မှ လျှောက်လာလိုက်သည်။ သူက နွားနို့ဗူးများကိုသယ်လာကြောင်းတွေ့လိုက်ရသည်။ နောက်ဆုံးတော့ သူက ကယ်ဆီယမ်ဆေးပြားများဝယ်ရန် ကျန်းမာရေးပစ္စည်းများထားရာနေရာသို့ ထွက်သွားသည်။
ကယ်ဆီယမ်ဆေးပြား၏ ထုပ်ပိုးပုံက ရင်းနှီးနေသည်။
ယင်းမင်ကျန်း၏လက်က အနည်းငယ် တုန်ယင်သွားခဲ့သည်။
ရှုနဉ်က တွန်းလှည်းကိုတွန်း၍ ထွက်သွားသည်။
ယင်းမင်ကျန်းက ထိုနေရာတွင်သာ မှင်တက်လျက် ကျန်ခဲ့ရသည်။ သူ့စိတ်အစဉ်က ရှုပ်ထွေးနေ၏။ စူပါမားကတ်ထဲတွင် ဆူညံနေပြီး လူအုပ်က ပို၍ပို၍ များပြားလာသည်။ ဆိုင်ထဲရှိ သက်ဝင်လှုပ်ရှားမှုများက နောက်ခံမြင်ကွင်းအနေဖြင့် ဝေဝါးသွားခဲ့သည်။ သူ့အမြင်ထဲတွင် အရာအားလုံးနှင့် လူများအားလုံးက မှေးမှိန်ပျောက်ကွယ်သွား၏။
တစ်စုံတစ်ယောက်က သူ့ကို လာတိုက်သည့်အချိန်ထိသာဖြစ်သည်။ ယင်းမင်ကျန်းက လက်ရှိအခြေအနေကို ပြန်ရောက်လာရသည်။
“တောင်းပန်ပါတယ်”
တွန်းလှည်းကိုတွန်းသွားသူက မိန်းကလေးငယ်တစ်ယောက်ဖြစ်သည်။ တွန်းလှည်းက သူမအတွက် အနည်းငယ်ကြီးနေသည့်အတွက် ယင်းမင်ကျန်းကို မတော်တဆတိုက်မိသွားခြင်းဖြစ်၏။
ယင်းမင်ကျန်းက ဘာမှမပြောပေ။ သူက အိမ်သာသုံးစက္ကူအထုပ်များနှင့်သာ ထွက်သွား၏။ နောက်ဆုံးတော့ သူက စားသောက်ကုန်များရှိရာသို့လာပြီး အသားငါးတစ်ချို့နှင့် ဟင်းသီးဟင်းရွက်များကိုဝယ်ကာ စူပါမားကတ်ထဲမှ ထွက်သွားတော့၏။
သူအိမ်ပြန်ရောက်သောအခါတွင် ယင်းမင်ကျန်းက ထုံးစံအတိုင်း ညစာချက်ကာ မီးဖိုပေါ်တွင် နွှေးထားသည်။
အချိန်ကတော့ လက်ရှိအားဖြင့် ၇ နာရီပင်ဖြစ်၏။
ယင်းမင်ကျန်းက ဧည့်ခန်းပေါ်ရှိထိုင်ခုံတွင်ထိုင်နေပြီး စောင့်နေသည်။
ည ၇နာရီ ၂၀ ရောက်သောအခါ တံခါးပေါက်မှ သော့ဖွင့်သံကြားလိုက်ရ၏။ တံခါးက ပွင့်သွားပြီး ကျိုးကျွမ်က အထုပ်များကိုင်လျက် ဝင်လာခဲ့သည်။
“မောလိုက်တာ”
ကျိုးကျွမ်က နွားနို့နှင့် ကြီးမားသည့် ပလက်စတစ်အိတ်ကြီးကို စားပွဲပေါ်သို့တင်လိုက်သည်။
“ပစ္စည်းတွေ အများကြီးပဲ”
သူမက အသက်ပြင်းပြင်းရှုလိုက်သည်။ ယင်းမင်ကျန်းကို တွေ့သောအခါ သူမက ပြောသည်။
“မင်ကျန်း မာမားက ကောင်းတာလေးတွေ ဝယ်လာတယ် ဒီမှာလာကြည့်”
ယင်းမင်ကျန်းက တိတ်တဆိတ် ထရပ်လိုက်ပြီး စားပွဲနားသို့ လျှောက်သွားကာ ပလက်စတစ်အိတ်ကို ဖွင့်ကြည့်လိုက်သည်။
အသားခြောက်၊ အခွံမာသီးများ၊ ပေါင်မုန့်လုံး၊ အာဟာရမှုန့်များနှင့် ကယ်ဆီယမ်ဆေးပြားများဖြစ်ကာ စည်သွတ်ဘူးများလည်း ပါဝင်၏။
ယင်းမင်ကျန်းက စည်သွတ်ဘူးကို ကိုင်၍ ရုတ်တရက် ပြုံးလိုက်မိသည်။
“အုတ်ဂျုံမှုန့်ဖြစ်နေတာပဲ နို့မှုန့်ထင်နေတာ”
“ဘာနို့မှုန့်လဲ” ကျိုးကျွမ်က မေးသည်။
ယင်းမင်ကျန်းက ပြုံးနေတာကိုရပ်လိုက်သည်။ သူက လှည့်ကြည့်ပြီး မေးလိုက်သည်။
“မာမား ဒါတွေအားလုံးကို မာမားတကယ် ဝယ်လာခဲ့တာလား”
ကျိုးကျွမ်က ခဏကြောင်သွားသည်။
“ဒါပေါ့ မာမားဝယ်ခဲ့တာ”
“ကျွန်တော့်မှာ ရှုနဉ်ရဲ့ WeChat ရှိတယ် ကျွန်တော် သူ့ကို ချက်ချင်းမေးလိုက်လို့ရတယ်”
ယင်းမင်ကျန်းက သူ့ဖုန်းကိုဆွဲထုတ်လိုက်သည်။
ကျိုးကျွမ်က ဟန်ဆောင်ပြီးပြောလိုက်၏။
“ဟေး ဘာလို့ သူ့ကိုမေးမှာလဲ”
“သူကျွန်တော့်ကို အားလုံးပြောပြပြီးပြီ”
ကျိုးကျွမ်က ခဏမှင်တက်သွားရသည်။ ရှုနဉ်က သူ့ကိုအားလုံးပြောပြလိုက်ပြီးပြီဟု သူမ ယူဆလိုက်သည့်အတွက်ကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါသူ့ကို မယုံနိုင်တော့ဘူး ဒီတစ်လျှောက်လုံး ငါ့ကို ဘာမှမပြောဖို့ သူမှာထားခဲ့တာ အဲဒါကို သူက မင်းကို သူ့ဘာသာလာပြောသွားတယ်”
ယင်းမင်ကျန်းက သူမကို တိတ်တဆိတ်ကြည့်နေသည်။
ကျိုးကျွမ်က အကြည့်ခံနေရတာကို အနည်းငယ် စိတ်မသက်မသာဖြစ်နေမိသည်။
သူမက ရှင်းပြလိုက်သည်။ “မာမားက သားကို လိမ်ချင်လို့မဟုတ်ပါဘူး ရှုနဉ်က လျှို့ဝှက်ထားပေးဖို့ ပြောလို့ပါ သားကို ငွေကြေးထောက်ပံ့ပေးနေတဲ့သူတစ်ယောက်ရှိတယ် အပတ်တိုင်း သူက သားကို နေ့လယ်စာဖိုးအတွက် ယွမ်နှစ်ရာပေးတယ် လတိုင်းလည်း သူက နွားနို့ ကယ်ဆီယမ်ဆေးပြား ဗီတာမင်နဲ့ ကျန်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးတယ် ရှုနဉ်က ပြောတယ် သားက ဂုဏ်သိက္ခာလည်းရှိပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတယ်တဲ့ မာမားတို့က သားကိုပြောရင် သားက ငြင်းမှာပဲ အဲဒီတော့ သူက သားကိုမပြောဖို့ မှာထားတာ”
“ရှုနဉ်က သားတို့အတန်းထဲမှာ ငွေကြေးထောက်ပံ့ဖို့ တာဝန်ကျတဲ့သူပဲ သူက ရန်ပုံငွေတွေကို ခွဲဝေသတ်မှတ်ဖို့ တာဝန်ရှိတယ်… မင်ကျန်း အခုကစပြီး ရှုနဉ်နဲ့ အဆင်ပြေအောင်နေနော် အလှူရှင်ဆီက ပိုက်ဆံတွေရဦးမလားဆိုတာကို စောင့်ကြည့်နေလိုက် မာမားအတွက် တစ်ယောက်တည်း ပိုက်ဆံရှာဖို့က အရမ်းခက်ခဲတယ်…”
ယင်းမင်ကျန်းက သူ့ခေါင်းပေါ်တွင်ချိတ်ဆွဲထားသောမီးလုံးကို ကြည့်လိုက်မိသည်။ ရုတ်တရက် အလင်းရောင်က အလွန်တောက်ပလာသလို ခံစားလိုက်ရ၏။
“နေ့လယ်စာဖိုးက လှူတာလား”
သူ့အသံက အနည်းငယ် ခြောက်သွေ့နေသည်။
ကျိုးကျွမ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
“ပေါင်မုန့် နွားနို့နဲ့ တခြားမုန့်တွေကလည်း လှူတာလား”
ကျိုးကျွမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ယင်းမင်ကျန်းက အရင်တုန်းက အသေးစိတ်များကို ပြန်သတိရသွားသည်။ သူ့မျက်ဝန်းများက ဖြည်းဖြည်းချင်း မှောင်နက်လာရ၏။
“တခြားရော ဘာရှိသေးလဲ”
ကျိုးကျွမ်က ခဏကြောင်သွားရသည်။ ထို့နောက် သူမက အဝေးသို့ကြည့်လိုက်သည်။
ယင်းမင်ကျန်း၏မျက်နှာက အဖြူရောင်အလင်းရောင်အောက်တွင် ရေခဲကဲ့သို့ အေးစက်နေ၏။
“မပြောပြဘူးဆိုရင် သူ့ကိုပဲ သွားမေးလိုက်တော့မယ်”
“ဟူး”
ကျိုးကျွမ်က သက်ပြင်းချလိုက်သည်။ သူမ ထပ်ပြီးဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာကို သိလိုက်သည့်အတွက် သူ့ရှုးဖိနပ်များကို ညွှန်ပြလိုက်သည်။
“သားအခု စီးထားတဲ့ ရှုးဖိနပ် ဘောင်းဘီရော အားလုံးက အလှူပစ္စည်းတွေပဲ… ပြီးတော့ ဂျာကင်လည်း ရှိသေးတယ် အဲဒါကတော့ ယင်းချန်းယူသွားတာ အပြာရောင်ဂျာကင်လေး”
“သားရဲ့ ဖုန်းအသစ်နဲ့ လပ်တော့ကလည်း အလှူပစ္စည်းတွေပဲ…”
သူမ ပိုပြီးပြောလေ ယင်းမင်ကျန်း၏လက်များက ပိုပြီး တုန်ယင်လာလေဖြစ်သည်။ သူ့မျက်ဝန်းထောင့်စွန်းများကလည်း ဖြည်းဖြည်းချင်း နီမြန်းလာခဲ့၏။ သူက ဂရုမစိုက်သဖြင့် မနာကျင်လောက်ဘူးဟု ထင်ထားခဲ့သော်လည်း သူမှားနေခဲ့ကြောင်းကို စတင်၍ နားလည်လာသည်။
သူ့နှလုံးသားက ဓားနှင့်အထိုးခံလိုက်ရသလို ခံစားနေရ၏။ သူ့ရင်ဘတ်တစ်နေရာတွင် သွေးထွက်နေခဲ့သည်။
တစ်စုံတစ်ခုက သူ့ကို ချန်ထားခဲ့သလို ခံစားရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထိုကဲ့သို့ စူးရှပြီး နာကျင်သည့် ခံစားချက်ထဲကို ထိုးကျသွားရသည်။
“ဒါဆို ကျွန်တော့်အတွက် ဘာဝယ်ပေးခဲ့တာရှိလဲ” သူ့အသံက ငှက်မွှေးလေးကဲ့သို့ လွန်စွာမှ နူးညံ့နေ၏။
ကျိုးကျွမ်က အံ့အားသင့်သွားရသည်။
ယင်းမင်ကျန်းက ထပ်မေးသည်။
“ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်နဲ့ နှစ်ကူးလက်ဆောင်တွေအားလုံးက တခြားသူပေးထားတာမလား”
ကျိုးကျွမ်က စတင်၍ ရှက်ကြောက်လာမိသည်။
ယင်းမင်ကျန်းက ဆက်ပြောသည်။
“ကျွန်တော့်ကို တကယ် ဆေးရုံမှာ ထားခဲ့တာမလား”
ကျိုးကျွမ်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ သူမက ပြောလာသည်။
“မာမားကို ခွင့်လွှတ်တယ်ဆို”
ယင်းမင်ကျန်းက ခေါင်းညိတ်သည်။
“ခွင့်လွှတ်ခဲ့ပါတယ်”
ဘာလို့လဲဆိုတော့ ကျွန်တော့်အပေါ် ကောင်းခဲ့လို့ ခွင့်လွှတ်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့်လည်း အဲဒီကြင်နာမှုတွေအားလုံးက ထင်ယောင်ထင်မှားတွေပဲဆိုတာကို အခုတော့ နားလည်သွားခဲ့ပြီ။
“ကြင်နာမှု”က ကွာကျသွားပြီဆိုလျှင် ကျန်ခဲ့တာတွေအားလုံးက အရှိအတိုင်းဖြစ်နေတဲ့ လက်တွေ့၊ စွန့်ပစ်မှုနှင့် လျစ်လျူရှုထားမှုတွေသာဖြစ်သည်။
ကျိုးကျွမ်က ထိုကိစ္စကို ရေးကြီးခွင်ကျယ်ဟု မထင်ထားပေ။
“ဒါဆို အဲဒါ အဆင်ပြေတယ်မလား အတိတ်က အတိတ်မှာပဲလေ အခု အလှူပစ္စည်းတွေဆိုတာကိုသိပြီဆိုတော့ မသိချင်ယောင်သာ ဆက်ပြီးဆောင်နေလိုက်ပါ ရှုနဉ်အရှေ့မှာတော့ ငါတို့ရဲ့ ငွေရေးကြေးရေးအခြေအနေကို အရိပ်အမြွက်ပြဖို့ မမေ့နဲ့ အဲဒါက တကယ်လွယ်ပါတယ် ငါတို့မှာ ခက်ခဲနေတာကို သူကြားရင် သူပိုက်ဆံတွေ ပိုပေးမှာပဲ…”
ကျိုးကျွမ်က အဆက်မပြတ်ပြောနေသည်။
ယင်းမင်ကျန်းက သူမ၏မျက်နှာထားကို သေချာဂရုတစိုက် ကြည့်ရှုနေမိသည်။ နောင်တ အနည်းငယ် သို့မဟုတ် သူမ၏စကားများက သူ့ကို ဘယ်လောက်နာကျင်စေလဲဆိုတာကို ဂရုစိုက်ပုံမပေါ်ပေ။
သူမ၏ ခံစားချက်များက “အာ သိသွားပြီပဲ” ဆိုရာကနေ “ကောင်းပြီလေ သိသွားတော့ရော ဘာဖြစ်လဲ အဲဒါ အရေးကြီးတာမှမဟုတ်တာ” ဆိုပြီးဖြစ်သွားသလိုပင်။
ထို့နောက် သူမက သူမ၏ ကိုယ်ပိုင်စိတ်ဝင်စားမှုတွင်သာ အလျင်အမြန် အာရုံစိုက်လိုက်သည်။ သူမ၏ သားကို အတူပူးပေါင်းပါဝင်ပြီး အလှူရှင်ဆီကနေ ပိုက်ဆံများ ပိုရဖို့လုပ်ပေးနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။
သူ့နှလုံးသားထဲက ဒဏ်ရာက ပိုပို၍ ကြီးထွားလာခဲ့သည်။ ထိုဒဏ်ရာများက ပိုပြီးစိမ့်ထွက်လာပုံရသည်။
ထိုနာကျင်မှုများက သူ့ကို နစ်မြုပ်နေစေသည်။
သူအရင်က ဖြစ်ခဲ့သည့် မသင်္ကာမှုများက အမှန်တကယ်ဖြစ်လာခဲ့သည်။ သူက တကယ် ပြဿနာကောင်ဖြစ်ခဲ့ပြီး အမှိုက်စသာသာပင်ဖြစ်ခဲ့သည်။ သူက အစကတည်းက အချစ်မခံခဲ့ရပေ။
ဘာလို့လဲ။
“ကျွန်တော့်ကို မချစ်ဘူးဆိုရင်လည်း ဘာလို့များ မွေးစားခဲ့တာလဲ”
ယင်းမင်ကျန်း၏မျက်ဝန်းများက ဖြည်းဖြည်းချင်း နီရဲလာခဲ့သည်။
ကျိုးကျွမ်က လုံးဝ အံ့ဩသွားရသည်။
“ဘာ”
ယင်းမင်ကျန်း၏အသံက အလွန်ကွဲအက်နေခဲ့သည်။
“ကျွန်တော့်ကို မချစ်ဘဲနဲ့ ဘာလို့ မွေးစားခဲ့တာလဲလို့”
__
(သိသွားခဲ့ပါပြီ 🥹)