အပိုင်း ၄၃
Viewers 9k

Chapter 43




ကျိုးကျွမ်က တစ်ခုခုမှားနေပြီဖြစ်ကြောင်းကို ဖြည်းဖြည်းချင်း နားလည်သွားသည်။ သူမက စိုးရိမ်စွာဖြင့် မေးလိုက်သည်။ 


“မင်ကျန်း ဘာဖြစ်တာလဲ”


ယင်းမင်ကျန်းက သူမကိုကြည့်နေပြီး သူ့ခန္ဓာကိုယ်များက တုန်ယင်နေသည်။ သူ့ခံစားချက်များက စက္ကန့်တိုင်းတွင် တဖြည်းဖြည်း အောက်သို့ ထိုးဆင်းနေသည်။ 


“ကျွန်တော် နားမလည်တော့ဘူး ကျွန်တော့်ကိုမချစ်ဘူးဆိုရင်လည်း ဒီတိုင်းပဲ ပေးသေလိုက်လို့မရဘူးလား ဒီတိုင်း ယင်ချန်းနဲ့ပဲ နေလို့မရဘူးလား ဘာလို့ ကျွန်တော့်ကိုပါ အတူခေါ်လာရတာလဲ”


သူ့ခန္ဓာကိုယ်ထဲက ခံစားချက်များက တလိပ်လိပ်တက်လာပြီး အရှိန်ယူ အစပျိုးနေသည်။


ကျိုးကျွမ်က လေမှုတ်ထုတ်လိုက်သည်။ 


“ဟူး ဒီကလေးတော့… ဘာလို့ စကားပြောတိုင်း ဒီလောက်ရိုင်းလာရတာလဲ”


“ရိုင်းလာတယ် ဟုတ်လား” 


ယင်းမင်ကျန်းက ခေါင်းကို ငဲ့စောင်းလိုက်သည်။ သူက သူစိမ်းနှင့် စကားပြောနေရသလို ခံစားနေရသည်။ 


“ကျွန်တော်ပြောတာက ရိုင်းသွားတာလား”


“ငါက မင်းအမေပါ ငါ့ကို ဒီလို ပြန်ပြီး မေးခွန်းမထုတ်နဲ့” 


ကျိုးကျွမ်က ပြန်တိုက်ခိုက်တော့သည်။


“ဒါပေမယ့် ကျွန်တော့်ကိုမှ မချစ်တာ”


“ဒါပေါ့ ချစ်တာပေါ့”


 ကျိုးကျွမ်က စိတ်ချလက်ချရှိစေရန် အလျင်အမြန်ပြောလိုက်သည်။


 “အဓိပ္ပာယ်မရှိတာတွေ လျှောက်မတွေးပါနဲ့”


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။


 “ကျွန်တော့်ကို မချစ်ဘူးဆိုတာ သိပြီးသားပါ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဒီတစ်လျှောက်လုံးလိမ်နေခဲ့မိတာ”


ကျိုးကျွမ်က သူ့ခံစားချက်အခြေအနေက မူမမှန်တော့ကြောင်းကို သိလိုက်သည်။ 


သူမက ခေါ်လိုက်သည်။ “မင်ကျန်း…”


ဒီရေက ကျောက်ထရံကို ထိပါးလာချိန်တွင် ကြီးမားသည့် ပြိုလဲမှုက အတူတွဲလျက်လိုက်ပါလာ၏။


“ကျွန်တော့်နာမည်ကို မခေါ်နဲ့” 


ယင်းမင်ကျန်းက ရုတ်တရက် ပေါက်ကွဲတော့သည်။


ကျိုးကျွမ်က ထိတ်လန့်သွားပြီး နောက်ဆုတ်သွားရ၏။


ယင်းမင်ကျန်းက အသက်ကိုလုရှုနေရသဖြင့် အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။


 ထို့နောက် သူက ဆက်၍ပြောသည်။


 “ကောင်းပြီလေ အစကတည်းက ကျွန်တော့်ကို မလိုချင်ခဲ့တာဆိုတော့ ပြတ်ပြတ်သားသားပဲ လုပ်ရအောင် ဘာပဲဖြစ်ဖြစ် ကျွန်တော်က သားအရင်းမှမဟုတ်တာ”


ကျိုးကျွမ်က လုံးဝ နားမလည်တော့ချေ။ 


“မင်ကျန်း ဘာလို့ နေရင်းထိုင်ရင်း စိတ်တိုနေရတာလဲ”


“နေရင်းထိုင်ရင်း ဟုတ်လား” 


ယင်းမင်ကျန်းက သူ့ခေါင်းကို ညွှန်ပြလိုက်သည်။ 


“အခု ကျွန်တော့်ဦးနှောက်က သောက်ရမ်းရှုပ်ထွေးသွားပြီဆိုတာကို မသိဘူးလား” 


သူက ဧည့်ခန်းထဲသို့လျှောက်သွားပြီး ဆိုဖာခုံကို ကန်လိုက်သည်။ 


“အမြဲတမ်း ဒီဆိုဖာခုံကို မုန်းခဲ့တာ ယင်းချန်းက ဒီဆိုဖာပေါ်မှာ နေ့တိုင်းအိပ်ခဲ့တာမို့”


ထို့နောက် သူက အိပ်ခန်းထဲသို့လျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ တံခါးက နံရံနှင့်ထိကာ ဝုန်းကနဲ အသံမြည်သွား၏။


“ကျွန်တော့်အခန်းထဲမှာ အဝတ်တွေ အခြောက်လာခံတာကိုလည်း မုန်းတယ် အရမ်းစိတ်တိုစရာကောင်းတယ် သိရဲ့လား”


“ကျွန်တော့်ပြတင်းပေါက်ဘောင်ပေါ်ကနေ အမှိုက်တွေပစ်ချတာကိုလည်း မုန်းတယ် အမြဲတမ်း အခန်းထဲကို ဘူးတွေ အမှိုက်ပုံးတွေနဲ့ ဝင်လိုက်ထွက်လိုက်လုပ်နေတာ ပြီးတော့ အမြဲတမ်း စကားနည်းနည်းပဲပြောတယ်”


“ရေခဲသေတ္တာအနောက်မှာ အမှိုက်တွေပုံထားတာကိုလည်း မုန်းတယ် ယင်းချန်းကို အမှိုက်ပုံးထဲကနေယူပြီး ပိုက်ဆံတွေပေးတာကိုလည်း မုန်းတယ်”


“ယင်းချန်းက ဘီယာပုလင်းတွေကို ကြမ်းပြင်ပေါ်တင်ထားတာကိုလည်း မုန်းတယ်”


“အိမ်ထဲမှာ အရက်နံ့တွေရနေတာကိုလည်း မုန်းတယ်”


“ခင်ဗျားက ဘယ်လိုငိုရမလဲဆိုတာကိုပဲသိတာကိုလည်း မုန်းတယ် ဘယ်တော့မှ ပြန်ပြီး မခုခံဘူးလေ ဘယ်တော့မှ ပြန်ပြီး မတိုက်ခိုက်ဘူး အမြဲတမ်း လာကယ်ခဲ့တာဆိုလို့ ကျွန်တော်ပဲရှိတာ”


“ဒီအိမ်ထဲကဟာတွေအကုန်လုံးကို မုန်းတယ်”


ယင်းမင်ကျန်းက အသက်ရှုဖို့ ဟောဟဲလိုက်နေပြီး သူ့မျက်ဝန်းများကလည်း အမုန်းတရားများနှင့် ပြည့်နှက်နေသည်။


“ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီအိမ်ကနေ ထွက်ပြေးသွားတာ ကြာလှပြီ အဝေးကြီးကိုထွက်သွားပြီး ဘယ်တော့မှပြန်လာဖြစ်မှာမဟုတ်တော့ဘူး”


“ခင်ဗျား အခုထိရှိနေသေးလို့ ကျွန်တော်လည်းနေနေတာ”


“ဒါပေမယ့် အခုတော့ ခင်ဗျားပေးခဲ့တဲ့ ကြင်နာမှုတွေအားလုံးက အတုအယောင်တွေဆိုတာကို ပြောပြသွားခဲ့တာပဲ အစကတည်းက ကျွန်တော့်ကို ဘယ်တော့မှ မလိုချင်ခဲ့တာ”


ကျိုးကျွမ်က စကားလုံးတိုင်းကြောင့် လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ယင်းမင်ကျန်းက အလွန်ယဉ်ကျေးခဲ့သောသူဖြစ်သည်။ သူမကိုလည်း ကာကွယ်ပေးခဲ့ဖူးသည်။ သူမကို ဘယ်တော့မှ ကြမ်းတမ်းသည့်စကားများ မပြောခဲ့ဖူးသော်လည်း အခုတော့ သူမကို အော်ဟစ်နေသည်။


ယင်းမင်ကျန်းက သူ၏ တည်ငြိမ်အေးဆေးမှုကို ဖြည်းဖြည်းချင်း ပြန်ရလာပြီး သူ့မျက်ဝန်းများကမူ ပကတိ အေးစက်နေ၏။ 


“ကျွန်တော့်ကို စွန့်ပစ်ခဲ့တာဆိုတော့ ကျွန်တော်လည်း ခင်ဗျားကို စွန့်ပစ်သွားတော့မယ်”


ထိုစကားကိုကြားသောအခါ ကျိုးကျွမ်က ရုတ်တရက် စိတ်ပူပန်သွားရသည်။


 “ဘာကိုပြောချင်တာလဲ မင်ကျန်း”


ယင်းမင်ကျန်းက သူမကို တစိုက်မတ်မတ်စိုက်ကြည့်နေလိုက်ပြီး “ကျွန်တော်ဘာပြောချင်လဲဆိုတာကို ခင်ဗျားသိပါတယ်”


ကျိုးကျွမ်က ခေါင်းခါလိုက်သည်။


 “မသိဘူး ငါမသိဘူး”


ယင်းမင်ကျန်းက သူ၏ကျဉ်းမြောင်းသောအိပ်ခန်းထဲသို့ဝင်သွားပြီး သတ္တုဖြင့်လုပ်ထားသည့် ဘီရိုကိုဖွင့်လိုက်သည်။ သူက အဝတ်အစားများကိုထုတ်ယူပြီး ကျန်သည့်ပစ္စည်းများကို ကျောင်းလွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ့လပ်တော့ကို လပ်တော့အိတ်ထဲသို့ ထည့်လိုက်၏။


ကျိုးကျွမ်က မျက်ဝန်းများပြူးကျယ်စွာဖြင့် သူ့ကျောင်းလွယ်အိတ်ကိုဆွဲလုလိုက်သည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်အောက်တွင် သူမ၏မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့နေ၏။ 


“မင်ကျန်း ဘာလုပ်နေတာလဲ”


ယင်းမင်ကျန်းက မတ်မတ်ရပ်နေသည်။ ကျိုးကျွမ်သတိမထားမိခဲ့သည့်အချိန်များအတွင်းတွင် လူငယ်လေးက သူမထက်ပိုပြီး အများကြီး အရပ်ရှည်လာခဲ့သည်။ သူ့ပုံစံ အလွန်သွယ်လျသည်။ ကာကွယ်မှုကိုပေးစွမ်းနိုင်မည့်ပုံစံမျိုး မဟုတ်ချေ။ အမှန်တွင်တော့ သူက ထိခိုက်လွယ်သည့်ပုံစံဖြစ်နေ၏။


ထို့ကြောင့် သူရပ်နေသည့်ပုံစံက သူ့ကို လျစ်လျူရှုရန် မဖြစ်နိုင်သည့်ပုံဖြစ်စေသည်။


သူ့နောက်ကျောက ဖြောင့်မတ်နေပြီး သူ့ကျောရိုးပေါ်တွင် ထောက်ပံ့ပေးထားသည့် စတီးချောင်းတစ်ခုရှိနေသလိုပင်တူနေသည်။ ထိုပုံစံက သူ့တွင်ရှိသည့် နုနယ်မှုများအားလုံးကို ဆေးကြောပေးလိုက်သလိုပင်။ သူထိုနေရာတွင် ရပ်နေချိန်တွင် ခိုင်မာပြီး အလျှော့မပေးသည့်ပုံစံဖြစ်နေသည်။


“ကျွန်တော် ခင်ဗျားကို ထားသွားတော့မှာ”


သူက ထိုစကားကို အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။


ကျိုးကျွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ၏ မျက်ဆံများက အနည်းငယ်မှေးကျဉ်းသွား၏။ လက်သီးဖြင့် မျက်နှာသို့ အထိုးခံလိုက်ရသလိုပင်ခံစားနေရသည်။


သူမကိုထားသွားတော့မည်ဖြစ်ကြောင်းကို ပထမဆုံးပြောလာခြင်းပင်ဖြစ်သည်။ အရင်ကတော့ သူမကို အဝေးသို့ခေါ်ထုတ်သွားမည်ဟုသာ ပြောခဲ့သည်။


ထားသွားမည်ဆိုသည့်စကားကို အရင်က တစ်ခါမှမပြောဖူးပေ။ ထို့ကြောင့် သူထိုစကားကိုပြောလိုက်သောအခါ အစစ်အမှန်လို ခံစားရ၏။ အလွန်အမင်း တည်ကြည်နေသည်။


ကောင်လေးက အမှန်တရားကိုပြောနေမှန်း သိသောအခါ ကျိုးကျွမ်၏ အသက်ရှုသံများက မြန်ဆန်သွားရသည်။


“ဘာလို့လဲ မင်ကျန်း အရမ်းစိတ်မတိုပါနဲ့တော့”


ယင်းမင်ကျန်းက သူမလက်ထဲမှ ကျောင်းလွယ်အိတ်ကို ဆွဲလုလိုက်သည်။ သူက ခေါင်းငုံ့ပြီး အိပ်ရာဘေးတွင် ပြန့်ကျဲနေသော ပစ္စည်းပစ္စယများကို ကောက်ထည့်လိုက်သည်။ 


“ခင်ဗျား ကျွန်တော့်ကို အရင်စွန့်ပစ်ခဲ့တာလေ”


“မဟုတ်ပါဘူး” ကျိုးကျွမ်က အလိုလိုငြင်းတော့သည်။


ယင်းမင်ကျန်းက ရယ်မောလိုက်သည်။ ထိုအသံက ကျိုးကျွမ်၏ရင်ထဲကို ဖြတ်တောက်သွားသလိုပင်။ သူမ၏နှလုံးသားက တုန်ယင်သွားပြီး နှုတ်ခမ်းကိုကိုက်ထားမိသွားသည်။


သူမရဲ့စိတ်တွေက ရှုပ်ထွေးသွားရ၏။ အမှန်တော့ ယင်းမင်ကျန်း ဆေးရုံတက်နေရစဉ်တွင် သူ့ကိုစွန့်ပစ်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့သည်။


အခုတော့ သူမ စွန့်ပစ်ခံရမည့်အချိန်ဖြစ်ပေသည်။ ဘာလို့များ ဒီလောက်ထိ ကြောက်ရွံ့နေရတာလဲ။


လမ်းချော်သွားမည်ကို ကြောက်နေခြင်းဖြစ်သည်။ သူမကို ထိန်းကိုင်ထားသည့် ထောက်တိုင်တစ်ခုကို ဆုံးရှုံးသွားမှာ ကြောက်နေခြင်းဖြစ်၏။


သူမက ယင်းမင်ကျန်းကို သူမ၏ ကာကွယ်သူ၊ ထောက်တိုင်ဟု သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းချန်းက သူမကိုရိုက်တိုင်း ယင်းမင်ကျန်းက သူမအတွက် အမြဲတမ်း အကူအညီအဖြစ်လာပေးမည်ဆိုတာကို သူမသိသည်။


အလုပ်တွင်ပင်ပန်းလာပြီး အိမ်ပြန်ရောက်သည့်နေ့များတွင်ဆိုလည်း ယင်းမင်ကျန်းက သူမအတွက် ပူပူနွေးနွေး အစားအစာများ ပြင်ဆင်ပေးထားတတ်သည်ကို သိသည်။


ယင်းမင်ကျန်းက သိပ်မငိုတတ်သလို ပြဿနာလည်း သိပ်မရှာတတ်ပေ။ သူက အမြဲတမ်း ချင့်ချိန်စဉ်းစားတတ်၏။ မိသားစုကို အတူတကွရှိနေနိုင်ရန် သူက အမြဲတမ်း ရပ်တည်ပေးခဲ့သောကြောင့်ဖြစ်သည်။


ကျိုးကျွမ်က အခုမှ သိရှိနားလည်သွားရသည်။


ယင်းမင်ကျန်းက လပ်တော့ပ်အိတ်ကိုသယ်ထားပြီး ကျောင်းလွယ်အိတ်ကို ပခုံးပေါ်တွင် လွယ်ထားလျက် ဖုန်းကိုကိုင်ထားသည်။ ထို့နောက် သူက အချိန်အကြာကြီး မုန်းတီးခဲ့ရသည့် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


“ယင်းမင်ကျန်း မင်းသွားလို့မရဘူး” ကျိုးကျွမ်က သူ့ကို လာတားသည်။ 


“ငါက မင်းအမေပါ ငါမင်းကို ၁၅ နှစ်တာလုံးမွေးလာခဲ့တာ ဒီလိုမျိုး ဘယ်လိုတောင် ထားခဲ့နိုင်ရတာလဲ အသိစိတ်ရော ရှိသေးရဲ့လား”


သူမက ယင်းမင်ကျန်းကို ထွက်မသွားစေချင်ပေ။ သူထွက်သွားလျှင် သူမတစ်ယောက်တည်း အထီးကျန်နေခဲ့တော့မည်ဖြစ်၏။ သူမတစ်ယောက်တည်း ရှေ့ဆက်ပြီး ဘယ်လိုရပ်တည်ရတော့မလဲ။


ယင်းမင်ကျန်းက သူမကို အခုမှ ပထမဆုံးတွေ့ဖူးသည့်အတိုင်း အပေါ်အောက်ကြည့်နေသည်။ သူက ခဏတာ နှုတ်ဆိတ်နေပြီးနောက် ပြောသည်။ 


“ခင်ဗျားပဲ ကျွန်တော့်ကို အရင်စွန့်ပစ်ခဲ့တာမဟုတ်ဘူးလား”


ကျိုးကျွမ်က ငိုကြွေးတော့သည်။ 


“ငါတို့မှာ ပိုက်ဆံမရှိဘူး ယွမ်တစ်သိန်း ငါတို့ ဘယ်လိုလုပ် ယွမ်တစ်သိန်းရှာနိုင်မှာလဲ ငါတို့မှာ ရွေးချယ်စရာမရှိဘူးလေ”


ယင်းမင်ကျန်းက သူ့ခေါင်းကို ညွှန်ပြလိုက်သည်။ 


“ကျွန်တော် ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာကို မှတ်မိလား”


ကျိုးကျွမ်၏မျက်ဝန်းများက နီရဲနေပြီး မျက်နှာထားက မရေရာမှုများ ပြည့်နှက်နေသည်။


ယင်းမင်ကျန်းက ဆိုသည်။


“ခင်ဗျားကို ကယ်မလို့လုပ်ရာကနေ ဒဏ်ရာရသွားခဲ့တာလေ ကျွန်တော့်ကြောင့်သာမဟုတ်ရင် ခင်ဗျား အဲဒီနေ့ကတည်းက သေနေလောက်ပြီ မှတ်မိရဲ့လား”


ကျိုးကျွမ်က တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သည်။ သူမ၏ နှလုံးသားက နာကျင်မှုကြောင့် တဒုတ်ဒုတ်ကိုက်ခဲနေသော်လည်း သူ့ကိုငြင်းဆန်နိုင်စွမ်းမရှိချေ။


ယင်းမင်ကျန်းက ဖြည်းဖြည်းချင်းပြောသည်။ 


“အဲဒီနေ့က ခင်ဗျားသာ ဆေးရုံတက်နေရတဲ့သူဆိုရင် ဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်ဖူးလား ယင်းချန်းနဲ့ ကျွန်တော်သာ ခင်ဗျားကို လက်လျှော့လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ”


ကျိုးကျွမ်က ထိုနေရာတွင် တွေဝေပြီး ရပ်နေမိသည်။


ကောင်လေးက သူမ၏ပခုံးကို ဝင်တိုက်သွားပြီး တုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားတော့သည်။


ကျိုးကျွမ်က လျင်မြန်စွာဖြင့် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူမက အရူးတစ်ယောက်လို ရှေ့ဆက်သွားပြီး သူ့ကိုဆွဲထားသည်။ 


“မင်ကျန်း မသွားပါနဲ့”


“ကျေးဇူးပြုပြီး မသွားပါနဲ့”


သူမက ယင်းချန်းကို ဆုံးရှုံးသွားခဲ့ပြီးပြီဖြစ်သည်။ တခြားဘယ်သူ့ကိုမှ အဆုံးရှုံးမခံနိုင်တော့ပေ။


ထို့အပြင် ယခုမှသာ ယင်းချန်းက သူမ၏ဘဝတွင် အရေးပါသည့် အသက်သွေးကြောမဟုတ်ဘဲ ယင်းမင်ကျန်းကသာ အရေးပါသူဖြစ်နေကြောင်းကို သိရှိနားလည်သွားရ၏။


ပထမဆုံးအနေဖြင့် ယင်းမင်ကျန်းသာ သူမနှင့်အတူ ရှိမနေခဲ့လျှင် ယင်ချန်းနှင့်အတူ နှစ်တွေအကြာကြီး ရှိနေနိုင်ပါ့မလားဆိုတာကို စတင်တွေးတောမိသွားသည်။ 


သူမ မှီခိုနေသည့်သူက တကယ်ပဲ ယင်းချန်းဖြစ်နေခဲ့လို့လား။


သူမက ယင်းချန်းကို လိုအပ်ခဲ့သော်လည်း သူမ၏ဇာတိမြေကိုပြန်မှသာ ဆွေမျိုးများကို ပြသနိုင်မည့် ခင်ပွန်းသည်ကိုလိုချင်ခဲ့ရုံသာဖြစ်သည်။ တကယ်မှီခိုနိုင်ခဲ့သည့်သူက ယင်းမင်ကျန်းသာဖြစ်ပေသည်။


ယင်းချန်းက ဘယ်တော့မှဟင်းမချက်သော်လည်း ယင်းမင်းကျန်းကတော့ ချက်ပေးသည်။ 


ယင်းချန်းက ဘယ်တော့မှ သန့်ရှင်းရေးမလုပ်သော်လည်း ယင်းမင်ကျန်းကတော့ လုပ်ပေးသည်။


 ယင်ူချန်းက သူမကို အမြဲပိုက်ဆံသာ တောင်းတတ်သော်လည်း ယင်းမင်ကျန်းကတော့ သူမကို ပိုက်ဆံရှာနိုင်ရန် ကူညီပေးတတ်သည်။ 


ယင်းချန်းက သူမကို နာကျင်အောင်လုပ်သော်လည်း ယင်းမင်ကျန်းကတော့ သူမကို အမြဲကာကွယ်ပေးခဲ့သည်။ သူမဝမ်းနည်းပြီး စိတ်တိုသည့်အချိန်တိုင်း ယင်းမင်ကျန်းကတော့ သူမကို အမြဲ နှစ်သိမ့်ပေးတတ်သည်။


ယင်းမင်ကျန်းထွက်သွားလျှင် သူမ တကယ် အထီးကျန်တော့မည်သာဖြစ်၏။


“မင်ကျန်း…” 


ကျိုးကျွမ်က အလွန်အမင်း ငိုကြွေးနေသဖြင့် နှပ်ချေးဖတ်များပင်ထွက်ကျလာ၏။ 


သူမက အမြဲတမ်း ငိုကြွေးနေခဲ့သည်။ သူမ ပြဿနာဖြစ်တိုင်း ငိုကြွေးတတ်ခြင်းက အကျင့်ဖြစ်နေ၏။


သူမ ငိုနေချိန်တိုင်း ဘယ်သူမှ မသနားပေ။ ယင်းမင်ကျန်းကသာ သူမကို ကာကွယ်ပြီး နှစ်သိမ့်ပေးခဲ့သူဖြစ်ခဲ့၏။


သို့သော် အခုတော့ သူမမှီခိုထားခဲ့ရသည့် ကောင်လေးက သူမကိုတံခါးနားတွင် ရပ်ပြီး ကြည့်နေ၏။ ထိုမျက်ဝန်းများထဲတွင် ခံစားချက် တစ်စက်ကလေးမှပင် မတွေ့ရပေ။


“ကျွန်တော် ခင်ဗျားအပေါ် ဘာအကြွေးမှမရှိဘူးနော်”


သူက ထိုနောက်ဆုံးစကားကို

ပြောဆိုလိုက်သည်။ ထို့နောက် တံခါးဖွင့်ပြီး အချိန်အကြာကြီးအိပ်မက်မက်ခဲ့ရသည့်အရာကို လုပ်လိုက်သည်။ 


သူထွက်သွားလိုတာပင်။



____



[ ယေး! နောက်ဆုံးတော့ သံယောဇဥ်ပြတ်ပြီကွ အခုကစပြီး ၀ံပုလွေပေါက်လေး မင်ကျန်းကိုစောင့်မျှော်လိုက်ကြရအောင် ]


___