အပိုင်း ၄၄
Viewers 11k

Chapter 44

သူက ငါ့ကိုကူညီခဲ့တဲ့သူဆိုတာ ပေါ်လာပြီ



ရွံစရာပဲ...


ရွံစရာပဲ...


သူထွက်လာပြီးနောက် သူ့အစာအိမ် နာကျင်ကာ တုန်ယင်ပြီး အန်ချင်လာသည်။


ခေါင်းကိုက်ခြင်းက ပိုမိုဆိုးဝါးလာပြီး အနီးအနားပတ်ဝန်းကျင်ရှိ မည်သည့်အသံကိုမှ မကြားရတော့ပေ။ သူကြားနိုင်သည့် တစ်ခုတည်းသောအသံက သူ့ခေါင်းအနောက်မှ ထွက်ပေါ်နေသည့် တဝီဝီမြည်သံသာဖြစ်သည်။အတုံးဆက်သည့်ဂိမ်းမှ အတုံးများလည်ပတ်နေသကဲ့သို့ သူ့အမြင်အာရုံတစ်ခုလုံး အဖြူနှင့်အနက်များဖြင့်သာ ဖုံးလွှမ်းနေသည်။ သူ့နှလုံးခုန်နှုန်းက မြန်သည်ထက်မြန်လာပြီး သူ့တစ်ကိုယ်လုံးရှိသွေးများက သူ့ခေါင်းသို့ တဟုန်ထိုးစီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။


ယင်းမင်ကျန်းက သူ့ပတ်ဝန်းကျင်မှာ မည်သည့်အရာများ ဖြစ်ပျက်သွားသလဲဆိုသည်ကို လုံးဝမသိတော့ပေ။သူ့ခေါင်းတစ်ခုလုံး ကွဲထွက်သွားသလို ခံစားလိုက်ရသည်။


သူရှေ့ဆက်သွားဖို့ကို ရုန်းကန်နေရသည်။နာကျင်မှုကြောင့် ချွေးစေးများထွက်နေပြီး သူ့မျက်နှာက စာရွက်ဖြူတစ်ရွက်လို ဖြူဖျော့နေသည်။


ကြည့်ရတာ သူတယောက်ယောက်ကို ဝင်တိုက်လိုက်မိပုံရသည်။ ထိုသူက သူ့ကို တွန်းလိုက်သည်။


ယင်းမင်ကျန်း မြေပေါ်သို့လဲကျသွားသည်။


သူဖြေးဖြေးချင်း ထရပ်လိုက်သည့်အခါ ခေါင်းက ဆိုးဆိုးဝါးဝါး နာကျင်နေ၍ သူ့ခေါင်းကို နံရံနှင့်ပင် ဆောင့်လိုက်ချင်နေသည်။


သူ့ခေါင်းထဲ၌ တစ်ခုခုရှိနေသလိုမျိုး ခံစားနေရသည်။နာကျင်ကိုက်ခဲမှုကို သက်သာစေရန်အတွက် ထိုအရာ(ခေါင်းထဲရှိတစ်ခုခု)ကို ဖယ်ထုတ်ရန် လိုအပ်နေသည်။


ထို့ကြောင့် သူ နံရံကိုရှာရန် အနီးအနားကို လှည့်ပတ်ကြည့်လိုက်ပြီး သူ့ခေါင်းနှင့် ပစ်ဆောင့်လိုက်သည်။


အချိန်က ညရှစ်နာရီဝန်းကျင်လောက်ဖြစ်နေပြီဖြစ်သောကြောင့် လမ်းမီးတိုင်များ တစ်ခုပြီးတစ်ခု လင်းလာကြသည်။


ရှုနဉ်၊ မစ္စချိုက်နှင့် ပါးပါးရှုတို့က ညစာစားနေပြီဖြစ်သည်။ညစာစားပြီးနောက် သူတို့ရဲ့ ပြည့်ဖောင်းနေသော ဝမ်းဗိုက်ကို အစာကြေရန်အလို့ငှာ စားသောက်ဆိုင်မှ အိမ်သို့ လမ်းလျှောက်ပြန်လာကြသည်။


“ မာမားနဲ့ပါပါးတို့ အရင်ပြန်နှင့်ကြလေ...ကျွန်တော်က အများကြီးစားထားလို့ နည်းနည်းလောက်ကြာအောင်လမ်း လျှောက်လိုက်ဦးမယ်...”


ရှုနဉ်က သူ့ဗိုက်ကို ပွတ်လိုက်သည်။


မစ္စချိုက်က သူ့မျက်နှာကို ဖျစ်ညှစ်ရင်း ရယ်မောလိုက်သည်။


“မင်းကိုဘယ်သူက အများကြီးစားဖို့ပြောလို့လဲ ဟမ်...”


“ဟေး ကျွန်တော်ဒီနေ့အရမ်းဗိုက်ဆာနေလို့ပါ” 

ရှုနဉ်က သူမကို ပြန်ပြောလိုက်သည်။


“ကောင်းပြီလေ...အိမ်ကိုတော့ စောစောပြန်လာဖို့ သတိရနော်...” 

ချိုက်ချင် က ရှုနဉ်တောင်းဆိုသည်ကို သဘောတူလိုက်သည်။ထို့နောက် သူမနှင့်ပါးပါးရှုတို့ လက်ချင်းတွဲကာ အိမ်ပြန်သွားကြသည်။ 


ဟော့ပေါ့စားပြီးနောက် ရှုနဉ် အနည်းငယ်ဗိုက်တင်းနေသည်ဟု ခံစားလိုက်ရသည်။


ရှုနဉ်က လမ်းတလျှောက် ဖြေးဖြေးချင်းလျှောက်လာသည်။ နို့လက်ဖက်ရည်ဆိုင်နားသို့ ဖြတ်လျှောက်မိသောအခါ ဆိုင်ထဲသို့ဝင်ပြီး သံပုရာရည်တစ်ခွက် ဝယ်လိုက်ကာ တကျိုက်တည်း မော့သောက်လိုက်သည်။


သူလမ်းလျှောက်နေစဉ် ဒေါသတကြီးဖြစ်နေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူက လမ်းလျှောက်နေရင်း တီးတိုးရေရွတ်နေသည်။


“လူတွေကို သူတို့ဘာလဲဆိုတာ ရုပ်ရည်ကိုကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးပဲ...”


သူက အနည်းငယ်ထူးဆန်းသည်ဟု ရှုနဉ် ထင်သည်။

သူက အနားမှာ ရှိနေတာကို ဘာလို့ သူ့ကို ကျိန်ဆဲနေရတာလဲ...


သူအအေးပိုက်ကို စုပ်လျက် လမ်းဆက်လျှောက်နေစဉ် ရုတ်တရက် လမ်းမီးတိုင်အလင်းရောင်အောက်တွင် ယိုင်တိယိုင်တိုင်လျှောက်နေသည့် လူငယ်လေးကို သူသတိပြုမိလိုက်သည်။ သူက ကျောင်းလွယ်အိတ်လွယ်ထားပြီး လက်တစ်ဖက်၌ လက်တော့ပ်အိတ်ကို ကိုင်ထားသည်။


သူ့ကိုကြည့်ရသည်မှာ ရင်းနှီးနေသည်။


ထို့နောက် ကောင်လေးက ရုတ်တရပ်ကြီး ရပ်လိုက်ပြီး လက်ထဲရှိ လက်တော့ပ် အိတ်ကို လွှတ်ချလိုက်ကာ နံရံ ဆီသို့လျှောက်သွားပြီး လက်နှစ်ဖက်လုံးဖြင့် နံရံကိုထောက်လိုက်သည်။


သူက လမ်းမီးရောင်အောက်တွင် လမ်းလျှောက်နေသည်။တောက်ပသည့် အလင်းရောင်က သူ့ပုံသဏ္ဍာန်ကို သိသာစေသည်။ သူ့မျက်နှာက ချောမောပြီး သူ့နှာတံ ပုံစံက ပလတ်စတစ်ဆာဂျယ်ရီ ပြုလုပ်ပေးသည့် ဆေးရုံများအတွက် စံပြုစရာ မော်ဒယ် ပုံစံနှင့်ပင် တူနေသည်။ သူ့နှာခေါင်း၊ နှုတ်ခမ်းနှင့်မေးရိုး တို့က ကြည့်ရှူသူတိုင်းကို မျက်လုံးမလွှဲနိုင်အောင် ဖြစ်စေသည်။


ထိုမျက်နှာကို ကြည့်ရသည်မှာ အလွန်ရင်းနှီးနေသည်။


ယင်းမင်ကျန်းလား...


သူ ယင်းမင်ကျန်းကို လှမ်းခေါ်မည်အပြု ယင်းမင်ကျန်းက ခန္ဓာကိုယ်ကို နောက်လှန်လိုက်သည်ကို တွေ့ရသည်။ ထို အနေအထားကြီးက ...


သူ နံရံနဲ့ ခေါင်းကို ဆောင့်တော့မလို့လား...


ရှုနဉ် “-“


သူ သံပုရာရည်ဘူးကို ဘေးသို့ပစ်လိုက်ပြီး ချက်ချင်း တဟုန်ထိုးပြေးသွားသည်။ ယင်းမင်ကျန်းဘေးသို့ စက္ကန့်ဝက်အတွင်း အမြန်ရောက်သွားပြီး သူ့လက်ကို ယင်းမင်ကျန်း၏နှဖူးရှေ့သို့ ဆန့်ထုတ်လိုက်သည်။


ဘန်း...


သူ့လက်ဖဝါးက နံရံနှင့် ရိုက်မိသွားပြီး စူးရှသည့် နာကျင်မှုက သူ့လက်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။ နာကျင်မှုကြောင့် ရှုနဉ် အသံထွက်၍ အော်မိတော့မလိုပင် ဖြစ်သွားသည်။


သေစမ်း...ဒီကောင်ကတော့ သူ့အားတွေအကုန်လုံးကို ထည့်သုံးလိုက်တာပဲ...


အရမ်းနာတယ်...

ရှုနဉ်က သူ့လက် ကျိုးသွားမည်ဟုပင် ခံစားလိုက်ရသည်။


“ယင်းမင်းကျန်း မင်းဘာဖြစ်နေလို့ မင်းခေါင်းကို နံရံနဲ့ဆောင့်ရတာလဲ...”


ဗီလိန်လေးက သူ့ကို လျစ်လျူရှူလိုက်ပြီး သူ့ခေါင်းကို ကွန်ကရစ်နံရံထဲသို့ထည့်ရန် ဆက်လုပ်နေသည်။


တစ်ခုခု မှားနေကြောင်းကို ရှုနဉ် နောက်ဆုံး၌ သဘောပေါက်သွားသည်။ ယင်းမင်ကျန်းနှင့် နံရံ၏ ကြားထဲကို သူ အလျင်စလိုဝင်လိုက်ပြီး သူ့ကို ခပ်တင်းတင်း ဖက်ထားလိုက်သည်။


“အဲ့လိုမလုပ်ပါနဲ့...အဲ့လို မလုပ်နဲ့တော့...”


သူ့ဦးခေါင်းက ယခင်တစ်ကြိမ်ထဲက ဒဏ်ရာ ရထားပြီးပြီ ဖြစ်သည်။ နောက်တစ်ကြိမ်ထပ်၍ ထိခိုက်မိပါက ဦးနှောက် ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။


ယင်းမင်ကျန်းက သူ့ထွေးပွေ့မှုကြောင့် အနည်းငယ်စိတ်ကြည်လင်မှုကို ပြန်ရလာပုံပေါ်ပြီး နာကျင်နေသည့် အမူအရာဖြင့် ရှုနဉ်ကို ခဏလောက် စိုက်ကြည့်နေသည်။


ခက်ခက်ခဲခဲ စဉ်းစားပြီးနောက် သူက ရှုနဉ်ကို မှတ်မိသွားသည်။ 

“ရှု…နဉ် လား...”


“ငါပါ...” 

ရှုနဉ်က သူ့အမူအရာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


“မင်း ဘာတွေဖြစ်နေတာလဲ...”


ယင်းမင်ကျန်းက လက်တစ်ဖက်ဖြင့် သူ့နှဖူးကို ဖိလိုက်ပြီး ညှင်သာသည့် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“ခေါင်းကိုက်တယ်...”


ရှုနဉ်က သူ့နားထင်နှစ်ဖက်ကို အလျင်စလို ထိလိုက်သည်။သူက ယင်းမင်ကျန်း နားထင်နှစ်ဘက်ကို နှိပ်ပေးရင်း သူ့ကို နူးနူးညံညံလေး ချော့ပြောလိုက်သည်။

“မနာတော့ဘူးနော်နဲနဲလောက် ပွတ်ပေးလိုက်ရင် ထပ်မနာတော့ပါဘူး...”


သူ့အသံက အရမ်းနူးညံ့ပြီးမှော်ဆန်၍ ယင်းမင်ကျန်း ဖြေးဖြေးချင်း တည်ငြိမ်လာသည်။


ရှုနဉ် နှိပ်ပေးသောကြောင့် သူ့အမြင်အာရုံထဲတွင်ရှိနေသည့် အမဲရောင် ကုဗတုံးများ တဖြေးဖြေး ပျောက်ကွယ်သွားပြီး သူ့ခေါင်းကိုက်မှုကလည်း သက်သာလာသည်။ ယခင်ကကဲ့သို့ သူ့ခေါင်းတစ်ခုလုံး တုန်ယင်မနေတော့ပေ။


သူက ရှုနဉ်ရှေ့တွင် ခေါင်းငုံ့ရင်း တိတ်တိတ်လေး ရပ်နေသည်။ သူ့ကို ကြည့်ရသည်မှာ ပွတ်ပေးရန် တောင်းဆိုနေသည့် ကြောင်လေးနှင့်ပင် တူနေသည်။


ရှုနဉ်က နံရံနှင့် ယင်းမင်ကျန်း ရင်ဘတ် ကြားထဲတွင် ပိတ်မိနေသည်။ သူ့နောက်ကျောက မသက်မသာခံစားနေရသော်လည်း သူမလှုပ်မိဘဲ ယင်းမင်ကျန်းခေါင်းကိုသာ ဆက်နှိပ်ပေးနေသည်။


သူက သူ့နားထင်ကို ခဏလောက် နှိပ်ပေးပြီးနောက်သူ့ ဦးရေပြားကိုပါ ဆက်နှိပ်ပေးနေသည်။


ကောင်းမွန်စွာနှိပ်နယ်ပေးခြင်းက ခေါင်းကိုက်သက်သာစေသည်ဟု အဖွားက အမြဲတမ်း ပြောခဲ့ဖူးသည်။သူကလေးဘဝက နားထင်ကို သူ့အဖွား နှိပ်နယ်ပေးပါက သိသိသာသာ ခေါင်းကိုက်သက်သာစေခဲ့သည်။


ယင်းမင်ကျန်းက သူ့၏ ဂရုတစိုက် လုပ်ဆောင်မှုများအောက်တွင် တဖြေးဖြေး တည်ငြိမ်လာပြီး သူ့အမူအရာကလည်း သက်တောင့်သက်သာ ဖြစ်လာသည်။


“သက်သာရဲ့လား...”

ရှုနဉ်က မေးလိုက်သည်။


ယင်းမင်ကျန်းက ညည်းလိုက်ပြီး သူ့မျက်တောင်များက တုန်ယင်နေသည်။ သူ၏ ကြည်လင်နေသော အမဲရောင်မျက်လုံးများက ရှုနဉ်ကို စိုက်ကြည့်နေသောကြောင့် သူ့နှလုံးခုန်နှုန်းများပင် မှားသွားသည်။


ထိုကောင်လေးက အမှန်တကယ်ပင် ပိုပိုပြီးချောလာသည်။သူကြီးလာရင် လူဘယ်နှစ်ယောက်ရဲ့ အသဲတွေကို ခွဲနိုင်မလဲဆိုတာ ဘယ်သူများသိပါ့မလဲ...


“ငါမင်းကို ဆေးရုံခေါ်သွားပေးမယ်...”

ရှုနဉ်က ပြောလိုက်သည်။


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။

“အဆင်ပြေသွားပါပြီ...”


ရှုနဉ်က ပြင်းပြင်းထန်ထန်ပြောလိုက်သည်။

”ခွဲစိတ်မှုက နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတတ်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်...မင်းခေါင်းကိုက်တယ်ဆိုကထဲက မင်းပြန်ပြီးစစ်ဆေးကြည့်သင့်တယ်...မင်း ဆရာဝန်ကိုရှောင်လို့မရဘူး...”


ယင်းမင်ကျန်းက စကားတခွန်းမှ မပြောဘဲ သူ့မျက်လုံးလှလှလေးများနှင့် ရှုနဉ်ကို စိုက်ကြည့်နေသောကြောင့် သူ့နှလုံးသားက တုန်လှုပ်(ရင်ခုန်)လာ၏။


ရှုနဉ်က လက်ဆန့်ပြီး ဗီလိန်လေး၏ဆံပင်ကို ပွတ်ပေးလိုက်ကာ သူ့လက်ကို ဆွဲလိုက်သည်။

“သွားကြရအောင်...”


ဗီလိန်လေးက မငြင်းဆန်ပဲ ရှုနဉ်အား သူ့ကို ဆွဲခေါ်ခွင့်ပြုလိုက်သည်။


ရှုနဉ်က တက္ကစီခေါ်ရန် appကို သုံးလိုက်ပြီး မြေကြီးပေါ်တွင်ကျနေသည့် လက်တော့ပ် အိတ်ကို ကောက်လိုက်သည်။ထို့နောက် လမ်းမီးရောင်အောက်တွင် ဗီလိန်လေးကို ခပ်စူးစူး ကြည့်လိုက်ပြီး သူ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဒီလောက် ညနက်နေတာကို မင်းက ဘယ်သွားမလို့လဲ...”


ဗီလိန်လေးက မျက်တောင်ပင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။


ရှုနဉ် ရင်တုန်သွားသည်။

ဒီကလေး ဦးနှောက်ပျက်သွားတယ်လို့တော့ မပြောနဲ့နော်...


တက္ကစီရောက်လာသည်နှင့် သူက ဗီလိန်လေးကို ကားထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့ ဆေးရုံသို့ရောက်သည်နှင် ဦးနှောက်နှင့်အာရုံကြောကုသဆောင်သို့ ဦးတည်သွားလိုက်သည်။


အချိန်ကား ညပိုင်း ၈နာရီ၊ ၉နာရီခန့် ဖြစ်နေပြီဖြစ်သည်။ဆေးရုံတွင် နေ့ခင်အချိန်များကဲ့သို့ လူနာအများကြီးမရှိ၍ ဆရာဝန်က သူတို့နှစ်ယောက်ကို ခပ်မြန်မြန်သာ လက်ခံတွေ့ခဲ့သည်။ သူက ယင်းမင်ကျန်းကို မှတ်မိနေဆဲဖြစ်သောကြောင့် ရှုနဉ် အများကြီးပြောပြရန် မလိုအပ်ခဲ့ပေ။


သူက ယင်းမင်ကျန်း၏ဆေးမှတ်တမ်းကိုဆွဲယူပြီး ကြည့်ခဲ့ပြီး မေးခွန်းတချို့မေးသည်။ နောက်ဆုံးတွင် သူ့ဆုံးဖြတ်ချက်ကို ပြောလာသည်။

“ထပ်စစ်ဆေးဖို့တော့ မလိုတော့ပါဘူး...ဒါက လက်ခံနိုင်တဲ့ အနေအထားထဲမှာပဲ ရှိနေသေးတယ်...”


ရှုနဉ်က ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ သူအရမ်းနာနေတယ်လေ...”


ဆရာဝန်က သူဆေးရုံတက်စဉ်က ရိုက်ထားသည့် ဓါတ်မှန်ပုံတချို့ကို ဆွဲထုတ်လိုက်သည်။


“ကြည့်လိုက် ဒါကလွန်ခဲ့တဲ့ တစ်လတုန်းက... သူ့ဦးနှောက်က လုံးဝ ပုံမှန် ပြန်ဖြစ်နေပြီ သူ့ဦးနှောက် က အရင်ကထဲက ပြင်းထန်တဲ့ ထိခိုက်မှုတွေ မခံခဲ့ရတာကြောင့် နောက်တစ်ကြိမ် ကိုမာဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး...”


“ဒါပေမဲ့ သူနာနေတယ်လေ...”


“မခံမရပ်နိုင်အောင်လား...”

ယင်းမင်ကျန်းခေါင်းညိတ်ပြလိုက်သည်။


ဆရာဝန်က ထပ်မေးလိုက်သည်။

“မင်းအမြဲတမ်းလိုလို ခေါင်းကိုက်နေတတ်လား...”


ယင်းမင်ကျန်းခေါင်းခါလိုက်သည်။

“ဒီနေ့က ပထမဆုံးအကြိမ်ပါ...”


ဆရာဝန်က ပြောလိုက်သည်။

“ဒါဆို မင်း လှုံ့ဆော်မှု တခုခုကို ခံလိုက်ရလို့ဖြစ်မယ်...”


ရှုနဉ်က စကားဖြတ်ပြောလိုက်သည်။

“ဘယ်လို လှုံ့ဆော်မှုမျိုးလဲ...”


ဆရာဝန်က ရှင်းပြသည်။

“ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အဲ့လို အရာမျိုးတွေပေါ့... အကြောင်းပြချက်မရှိပဲ သူ့အလိုလိုခေါင်းကိုက်တာမျိုးလဲ ဖြစ်တတ်ပါတယ်...ကြည့်ရတာတော့ အနာဂတ်မှာလဲ ဒါမျိုးထပ်ဖြစ်လာနိုင်တယ် မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်...”


ရှုနဉ်က ထိုသို့ကြားလိုက်ရသောအခါ မယုံနိုင်လောက်အောင် စိတ်ပျက်သွားသည်။

ဗီလိန်လေးက အနာဂတ်မှာလဲ အမြဲတမ်းခေါင်းကိုက်နေဦးမယ်လို့ ဒီလူက ပြောလိုက်တာလား...


နှစ်ယောက်သား ဆရာဝန်ကို ကျေးဇူးတင်စကားပြောလိုက်ကြပြီး ဆေးရုံအခန်းတံခါးမှ ပြန်ထွက်လာကြသည်။


ယခင်ကလိုပဲ ယခုအချိန်တွင်လဲ ညနေခင်း၏ လေပြည်က အေးစက်သည့်လေများကို သယ်ဆောင်လာသည်။ရှုနဉ်က သူ့လည်ပင်းကို ပုခုံးအတွင်းသို့ ကျုံ့လိုက်ပြီး သူ့ရှပ်အင်္ကျီကော်လာ ကို ဆွဲတင်လိုက်သည်။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ ဗီလိန်လေး၏ အင်္ကျီကော်လာက အကျယ်ကြီးပွင့်နေပြီး သူ့သွယ်လျသည့် လည်ပင်းက ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူဝတ်ထားသည့် တစ်ခုတည်းသောအရာက ဆွယ်တာပါးလေးသာဖြစ်ပြီး လည်စီးပဝါပင် ဝတ်မထားပေ။ ရှုနဉ်က ချက်ချင်း သူ့အစား စိတ်မကောင်းဖြစ်သွားမိသည်။


သူ ဗီလိန်လေးကို လှမ်းဆွဲလိုက်သည်။


ဗီလိန်လေးက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်နေသည်။


ရှုနဉ်က သူ့၏ ဝါဂွမ်းထည့်ချုပ်ထားသည့် ဂျာကင်ဇစ်ကို သူ့မေးစေ့အနားထိ ဆွဲတင်လိုက်ပြီး သူ့လည်ပင်းလှလှလေးကို နွေးသွားစေသည်။

“မအေးဘူးလား...”


ဗီလိန်လေးက ရှုနဉ်ကို သူ့မျက်လုံးနက်များဖြင့်စိုက်ကြည့်ပြီး ခေါင်းခါလိုက်သည်။


ရှုနဉ်က လက်တော့ပ် အိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် ဗီလိန်လေး လက်ကို ကိုင်ထားသည်။ ထို့နောက် သူတို့ အိမ်ကို ကားဖြင့် ပြန်လာကြသည်။


သူတို့ ရပ်ကွက်ထဲသို့ ရောက်သောအခါ 9နာရီပင် ကျော်နေပြီဖြစ်သည်။ နှစ်ယောက်စလုံးကားထဲမှ ထွက်လိုက်ကြသော်လည်း ဗီလိန်လေး ရပ်ကွက်တံခါးဝ၌ အမြစ်တွယ်သလို ရပ်နေပြီး အထဲဝင်ဖို့ ငြင်းဆန်နေ၏။


ရှုနဉ်က ဂိတ်တံခါးဖွင့်ရန် သူ့မျက်နှာဖြင့် စကန် ဖတ်လိုက်ပြီး ရပ်ကွက်ဝန်းထဲသို့ ဦးတည်လိုက်သည်။ သူလှည့်ကြည့်လိုက်သောအခါ ဗီလိန်လေးက ဂိတ်တံခါးဝ၌ရပ်နေသည်ကို သတိထားမိသွားပြီး သူ့ကို တိုက်တွန်းလိုက်သည်။


“ဒီကိုလာခဲ့လေ...”


ဗီလိန်လေးက ခေါင်းခါလိုက်သည်။ ထို့နောက် သူက လွယ်အိတ်ကိုလွယ်ပြီး တခြားဘက်သို့ လျှောက်သွားသည်။


ရှုနဉ် “……”


သူက ဂိတ်တံခါးကို အမြန်ဖွင့်ပြီး အမြန်ပြန်ထွက်ကာ ဗီလိန်လေးကို ဖမ်းဆွဲလိုက်သည်။

“မင်းဘယ်ကိုသွားမလို့လဲ ဘာလို့အိမ်ကိုမပြန်ရတာလဲ...”


ဗီလိန်လေးက သူ့ခေါင်းကို ငုံ့လိုက်ပြီး ပြန်မဖြေပေ။ သူက အထီးကျန်နေသည်နှင့်တူသည်။


ရှုနဉ်က သူ့နောက်လိုက်သွားပြီး သူဘယ်ကိုသွားပြီး ဘာလုပ်ချင်နေသည်ကို ထပ်ခါထပ်ခါ မေးခဲ့သည်။သို့သော်လည်း ဗီလိန်လေးက ဘာဆိုဘာမှ ပြန်မဖြေခဲ့ပေ။သူတို့ မီတာငါးဆယ်ခန့် လမ်းလျှောက်ပြီး နို့လက်ဖက်ရည်ဆိုင်နားသို့ရောက်သည်နှင့် ဗီလိန်လေးက ရပ်ပြီး ပြောလိုက်သည်။

“ပြန်တော့...”


ရှုနဉ်က သူ့ကိုယ်သူ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ထိုကလေးက ပြဿနာတက်တိုင်း စကားမပြောတော့ပေ။ သူ မတရားခံရလျှင်ပင် ပြန်မဖြေရှင်းတော့ပေ။ တစ်ခုခု မှားနေလျှင်ပင် စကားမပြောတော့ဘဲ အရာအားလုံးကို တိတ်တဆိတ် သည်းခံလိုက်မည်သာဖြစ်သည်။ ရှုနျဉ်ဘက်ကကြည့်လျှင် သူက အရမ်းသနားစရာကောင်းပြီး မခံမရပ်နိုင်အောင် နာကျင်ရမည် ဖြစ်သည်။


“မင်းမပြန်ဘူးဆိုရင် ငါလဲမပြန်ဘူး...”

ရှုနဉ်က ပြောလိုက်သည်။


ဗီလိန်လေး သူ့ခေါင်းကို ပြန်လှည့်ပြီး တိတ်တဆိတ်ထွက်သွားသည်။


ရှုနဉ်က သူ့ကျောင်းလွယ်အိတ်ကိုလှမ်းဆွဲပြီး ခေါင်းမာစွာ ပြောလိုက်သည်။

“မင်းငါမေးတာကိုမဖြေဘူးဆိုရင် မင်းကိုငါသွားခိုင်းမှာမဟုတ်ဘူး... ငါတို့ဒီမှာ တစ်ညလုံးနေလို့ရတယ် ဘယ်သူက ပိုကြာကြာနေနိုင်မလဲ ကြည့်ကြတာပေါ့...”


ဗီလိန်လေးက ရုန်းရန် ကြိုးစားလိုက်သော်လည်း ရှုနဉ်က သူ့ကို အားနှင့် ဆုပ်ကိုင်ထားသည်။


နောက်ဆုံးတွင် ဗီလိန်လေးက ရုန်းနေသည်ကို ရပ်လိုက်သည်။


ရှုနဉ်က လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားပြီး သူ့မျက်ခုံးကို ပင့်ပြလိုက်သည်။

“မင်းအခုပြောမှာလား မပြောဘူးလား...”


ဗီလိန်လေးက သူ့ခေါင်းကို ငုံ့လိုက်ပြီး ရှုနဉ်ကို သူ မဆန့်ကျင်နိုင်ကြောင်းကို သူ သဘောပေါက်သွားသည်။ ခဏအကြာတွင် သူတိုးတိုးလေး ပြောလာသည်။

“ငါ့မှာ အိမ်မရှိဘူး...”


ရှုနဉ် သဘောမပေါက်ပေ။

“ဟမ်...”


ဗီလိန်လေး၏မျက်နှာကို အမှောင်ထုက ဖုံးကွယ်ထားပြီး သူ့အသံကလည်း အရမ်းတိုးနေသည်။

“ငါ ကျိုးကျွမ်နဲ့ ရေစက်ဖြတ်လိုက်ပြီ... ငါ ပြန်မသွားနိုင်တော့သလို ပြန်လဲ မသွားချင်ဘူး...”


ရှုနဉ် မျက်တောင်ခတ်လိုက်မိသည်။