Chapter 45
ရှုနဉ် မျက်တောင်ခတ်လိုက်မိသည်။အရာအားလုံးက အစီအစဉ်တကျ ဖြစ်လာသည်နှင့် သူ့နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲနေကြသည်။
“တကယ်ကြီးလား...”
သူ မနေနိုင်ဘဲ အော်ပြောလိုက်မိပြီး သူ့မျက်လုံးများကပါ တောက်ပလာသည်။ အစက ယင်းမင်ကျန်းကို ထိုကဲ့သို့သော မိဘများနှင့် ရေစက်ဖြတ်စေရန် မည်သို့လုပ်ရမလဲ ဟု သူ့ဦးနှောက်တစ်ခုလုံး ကြေမွမတတ် သူစဉ်းစားခဲ့ရသည်။ ယခုတော့ အိမ်မက်က အမှန်တကယ် ဖြစ်လာချေပြီ။ ယင်းချန်းက ထောင်ကျနေပြီး ယင်းမင်ကျန်းကလဲ ကျိုးကျွမ်နှင့် ရေစက်ဖြတ်လိုက်သည်။
တကယ့်ကို အရမ်းကောင်းတာပဲ...
အမှန်တွင် ကျိုးကျွမ်နှင့် ပတ်သတ်သည့် သက်သေအထောက်အထားများကို သူယခင်ကထဲက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဗီလိန်လေး အခြေအနေနည်းနည်းပို၍ကောင်းမွန်သည့်အချိန်ရောက်မှ ထုတ်ဖော်ရန် မူလက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သူက ယင်းမင်ကျန်းကို ကျိုးကျွမ်က မယုံကြည်ထိုက်သူဖြစ်ကြောင်းကို သိစေချင်သည်။သို့သော်လည်း ဗီလိန်လေးက ပထမဆုံး သူမနှင့် ရေစက်ဖြတ်လိုက်မည်ကို သူ မမျှော်လင့်ခဲ့ပေ။
သူက အရမ်းသတ္တိရှိတာပဲ...
အသက်ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ထိုသို့ပြုလုပ်ရန်မှာ အမှန်ပင် မလွယ်ကူလှပေ။
ရှုနဉ် စိတ်ထဲမှ ပျော်ရွှင်စွာရယ်မောနေမိသည်။သို့သော်လည်း ခေါင်းငိုက်စိုက် ကျနေသည့်ဗီလိန်လေးကို မြင်လိုက်ရသည်နှင့် သူ့နှုတ်ခမ်းထောင့်များကို အောက်သို့ အားဖြင့် ပြန်ဆွဲချလိုက်ပြီး ကိုယ်ချင်းစာသည့်အမူအရာကို မျက်နှာပေါ်သို့ တပ်ဆင်လိုက်သည်။
“ဟေး စိတ်ပျက်မနေပါနဲ့...”
(T/N ရယ်လိုက်ရင် နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကွေးတက်သွားလို့ ပြန်ဆွဲချလိုက်တာပါ။)
ယင်းမင်ကျန်းက စကားမပြောပေ။
ထိုကိစ္စက ကောင်းသောအရာဟု ရှုနဉ်က ထင်သော်လည်း ဗီလိန်လေး အဘယ့်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုလည်း ရှုနဉ် နားလည်သည်။ လူဆိုသည်မှာ ခံစားချက်ရှိသည့် သတ္တဝါများဖြစ်သည်။ အကြာကြီး ပြုစုပျိုးထောင်ပေးးခဲ့လျှင် ခွေးလေခွေးလွင့် တစ်ကောင်ကိုပင် သံယောဇဉ်တွယ်မိပေလိမ့်မည် ဖြစ်ရာ အမေကိုဆိုလျှင်တော့ ပိုဆိုးပေလိမ့်မည်။ထို့အပြင် ဗီလိန်လေး၏ မျက်လုံးထဲ၌ ကျိုးကျွမ်က သူ့ကို ကောင်းမွန်စွာဆက်ဆံပေးသည့်သူဖြစ်သည်။
အမ်... ကျိုးကျွမ်က သူ့ကို ကောင်းကောင်းဆက်ဆံတယ်ဆိုရင် ဘာလို့ရေစက်ဖြတ်လိုက်ရတာလဲ...
“ရုတ်တရက်ကြီး ဘာလို့လဲ...”
သူ သတိထား၍ မေးလိုက်သည်။
ယင်းမင်ကျန်း ခေါင်းခါလိုက်သည်။
ရှုနဉ် ခဏအတွင်းမှာပဲ နားလည်သွားသည်။
ဆိုလိုတာက သူမပြောပြချင်ဘူးပဲ...
“မင်းသူနဲ့ အဆက်အသွယ်ဖြတ်ချင်တယ်ဆိုရင်လဲ ဖြတ်လိုက်ပေါ့...”
ရှုနဉ်က သူ့ကို အလွန်အကျွံ လှုံ့ဆော်လိုက်မိမည်ကို စိုးရိမ်ပြီး သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“ဘာမှ စိတ်ပူမနေနဲ့ မင်းမှာသွားစရာနေရာမရှိရင် ငါနဲ့နေလို့ရတယ် ငါမင်းကို စောင့်ရှောက်ပေးမယ်...”
သူယခုကစပြီး ဗီလိန်လေးကိုပဲ ပျိုးထောင်ပေး၍ရပြီဖြစ်ပြီး ထိုအရာက ယခင်ကထပ်ပင် ပို၍ လွယ်ကူနေသေးသည်။ ထို့အပြင် ဒေါသဖြစ်စရာ အမှိုက်နှစ်စကို တွေ့ရန်လည်း မလိုအပ်တော့ပေ။
နောက်ဆုံးတွင် ယင်းမင်ကျန်းက သူ့ကို ကြည့်လာသည်။သူ့မျက်နှာက လမ်းမီးတိုင်အလင်းအောက်တွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။ သူ့မျက်ဝန်းများကလဲ နူးညံ့နေသည်။
“မင်းက ငါ့ကို စောင့်ရှောက်မှာလား...”
“အမှန်ပဲ...”
ရှုနဉ်က သူ့ခေါင်းကို အပြုံးလေးနှင့် ပွတ်လိုက်သည်။
“လိမ်မာတဲ့ကောင်လေး လုပ်ပြီး ဒယ်ဒီနဲ့ ပြန်လိုက်ခဲ့...”
အရမ်းနူးညံ့တာပဲ...
သူက အခုကစပြီး ကလေးလေး နှင့် အတူတူ နေတော့မည်ဖြစ်သောကြောင့် သူ့ကို သေချာပေါက် ကောင်းကောင်းစောင့်ရှောက်ပေးနိုင်ပြီဖြစ်သည်။ ကလေးလေး စားစရာအစားအသောက်မရှိမည် ၊ဝတ်ရန် အဝတ်အစားမရှိမည်ကို သူစိတ်ပူပေးနေရန် မလိုအပ်တော့ပေ။
ယင်းမင်ကျန်းက စကားမပြောပေ။သူ့မျက်လုံးများက အဝေးမှ မှောင်မဲနေသည့် ကောင်းကင်ကဲ့သို့ ရီဝေနေသည်။
ရှုနဉ်က သူ့လက်ကို ဆွဲလိုက်သည်။
“လာလေ အခုပဲ ပြန်ကြရအောင်...”
ထိုအချိန်တွင်တော့ ဗီလိန်လေးက မခုခံတော့ပေ။
ရှုနဉ်က သူ့ကိုရပ်ကွက်ကွက်တံခါးဝသို့ ဆွဲခေါ်နေသည်ကို သူလက်ခံလိုက်သည်။
ယင်းမင်ကျန်းက ဆုပ်ကိုင်လျက်သားဖြစ်နေသည် သူတို့လက်တွေကို ခေါင်းငုံ့ပြီး စိုက်ကြည့်လိုက်သည်။ အပြုံးသေးသေးလေးတစ်ခုက သူ့နှုတ်ခမ်းပေါ်၌ ပေါ်ထွက်လာ၏။
သူတို့အိမ်ပြန်ရောက်သည်နှင် ရှုနဉ်က ယင်းမင်ကျန်းအတွက် အိမ်တွင်းစီးဖိနပ်တစ်ရံယူလာပေးပြီး စီးရန်ပြောလိုက်သည်။ လက်တော့ပ်အိတ်နှင့် ကျောင်းလွယ်အိတ်ကို သူ့အခန်းထဲတွင် နေရာချထားလိုက်သည်။ သူ့အခန်းက အလွန်ကျယ်ဝန်းပြီး သူ့အိပ်ယာကလဲ ကြီးမားသည့် ကုတင်တစ်လုံးဖြစ်သည်။ ယောကျ်ားလေးနှစ်ယောက် ထိုအိပ်ယာပေါ်တွင် တိုးဝှေ့အိပ်ရန် ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။
သူ့အခန်းက အနည်းငယ်ရှုပ်ပွနေရုံသာ။
ဝက်ခြံလိုရှုပ်ပွနေသည့် သူ့အခန်းကိုမြင်လိုက်သောအခါ ရှုနဉ် ရှက်သွားသည်။ သူက ပစ္စည်းအနားလုံးကို နေရာချပြီး သန့်ရှင်းရေးမြန်မြန်လုပ်လိုက်သည်။ ညစ်ပတ်နေသည့်အဝတ်အစားများကို အဝတ်လျှော်ခြင်းထဲသို့ထည့်လိုက်ပြီး လိုက်ကာနောက်သို့ တွန်းပို့လိုက်သည်။ မမြင်ရပါက ပြဿနာမရှိပေ။ ထို့နောက် စားပွဲပေါ်ရှိအမှိုက်များကို အံဆွဲထဲသို့ထည့်လိုက်ပြီး စာအုပ်များကိုလဲ စင်ပေါ်သို့ ပြန်တင်လိုက်သည်။နောက်ဆုံးတွင် သူအခန်းက အနည်းငယ် သပ်ရပ်သွားပြီဖြစ်သည်။
“မင်းအဆင်ပြေတဲ့နေရာမှာထိုင်ပါ...”
သူက ချိုက်ချင်၏ စကားပြောပုံကို အတုယူပြီး ယင်းမင်ကျန်းကို အခန်းထဲသို့ ဖိတ်လိုက်သည်။
ရှုနဉ်က သူ့လွယ်အိတ်ကိုကြည့်ပြီးမေးလိုက်သည်။
“မင်းအဝတ်အစားတွေရော ယူလာလား..”
ဗီလိန်လေးက တိတ်ဆိတ်နေသည်။
အိုကေ ဒီတော့ အဖြေက မယူလာဘူးပေါ့...
ရှုနဉ် ချက်ချင်းနားလည်သွားသည်။ သူက အဝတ်ဗီရိုဆီသို့သွားပြီး ဗီရိုတံခါးကို ဖွင့်လိုက်သည့်အခါ အထဲတွင် နူးညံ့ပျော့ပျောင်းသည့် ညအိပ်ဝတ်စုံ တစ်ထည်ကို သူတွေ့လိုက်သည်။ ထို့နောက် အောက်ဘက်ရှိ အံဆွဲအတွင်းမှ အသစ်စက်စက် အတွင်းခံဘောင်းဘီတစ်ထည်ကို သူငုံ့ယူလိုက်ပြီး နှစ်ခုလုံးကို ဗီလိန်လေးအားပေးလိုက်သည်။
“ချိုက်ချိုက်က ဒီအတွင်းခံတွေကိုလျှော်ပေးထားတာ ငါတစ်ခါမှ မဝတ်ရသေးဘူး... “
ရှုနဉ်က ပြောရင် ဗီလိန်လေး၏လက်ကို စိုက်ကြည့်လိုက်သည်။
“ငါ့အတွင်းခံတွေက မင်းနဲ့ဆို နည်းနည်းတော့ကြီးနေလောက်တယ်...အခုတော့ ဒါကိုပဲ ဝတ်ထားလိုက်ဦး...”
ဗီလိန်လေးက သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
“အရမ်းမကြီးပါဘူး...”
ရှုနဉ် နင်သွားပြီး ချက်ချင်းပဲ နောင်တရသွားသည်။
“ကောင်းပါပြီ မင်းရေအရင်ချိုးလိုက်ဦး အိုကေ...”
သူက ဗီလိန်လေးကို ရေချိုးခန်းဆီသို့ ခေါ်သွားလိုက်သည်။
ရှုနဉ်၏ အိပ်ခန်းက ဒုတိယအခန်းဖြစ်သောကြောင့် ကိုယ်ပိုင်ရေချိုးခန်းအိမ်သာ မပါရှိပေ။ ထို့ကြောင့် သူက အိပ်ခန်းအပြင်ဘက်စင်္ကြန်ရှိ ရေချိုးခန်းကို သုံးရသည်။ဖေဖေရှုနှင့် မစ္စချိုက်တို့က ကိုယ်ပိုင်ရေချိုးခန်းအိမ်သာရှိသည့် မာစတာအိပ်ခန်းထဲတွင် နေသည်။ ရလဒ်ကြောင့် အပြင်ဘက်တွင်ရှိသည့် ရေချိုးခန်းကိုသုံးသည့် တစ်ဦးတည်းသောသူက ရှုနဉ်သာဖြစ်သည်။
မည်သည်ကရေချိုးဆပ်ပြာ၊မည်သည်က ခေါင်းလျှော်ရည် ဖြစ်ကြောင်းဂရုတစိုက်ရှင်းပြပြီးနောက် ရှုနဉ်က ဗီလိန်လေးအတွက် သဘက်တစ်ထည် ပေးလိုက်သည်။ ထို့နောက် သူတံခါးကို ပိတ်ပြီး ထွက်လာခဲ့သည်။
သူဗီလိန်လေးကို ညဝတ်အင်္ကျီဝယ်ပေးဖို့ လိုသေးသည်။
သူက ဆိုဖာပေါ်သို့ပြေးသွားပြီး တာပေါင် appကိုဖွင့်လိုက်သည်။ ခဏတာခန့် ရှာဖွေပြီးနောက်တွင် သူက လိမ္မော်ညိုရောင် ကတ္တီပါဝက်ဝံ ညအိပ်ဝတ်စုံကို တွေ့လိုက်သည်။
ထိုညအိပ်ဝတ်စုံက ခေါင်းစွပ်တွင် နားရွက်ကလေးများလဲပါပြီး တင်ပါးနေရာ၌ အမြီးဝိုင်းသေးသေးလေးလဲ ပါသည်။
ဓါတ်ပုံထဲရှိမော်ဒယ်က ချစ်စဖွယ်အပြုအမူနှင့် တောက်ပသည့်အပြုံးလေး ပြုံးနေသည်။
ရှုနဉ်က ချက်ချင်းပဲ ဆွဲဆောင်ခံလိုက်ရသည်။ သူ့လက်ချောင်းတွေက ကိုယ်ပိုင်အသိဉာဏ်ရှိနေသကဲ့သို့ ထိုလင့်ခ် ကို နှိပ်လိုက်သည်။
(T/N ပြောချင်တာက သူမလုပ်ပါဘူး လက်ချောင်းတွေက လုပ်တာပါပေါ့🤣)
ကလေးလေးက အရမ်းချောတယ်...ဒီ ဝက်ဝံညအိပ်ဝတ်စုံလေးနဲ့ဆို သေချာပေါက် ချစ်ဖို့ကောင်းမှာပဲ...
ဓါတ်ပုံထဲက မော်ဒယ်က ငါ့ကလေးလေးလောက်တောင် ကြည့်မကောင်းဘူး...ကလေးလေးသာဆို သေချာပေါက် သူ့ထက် ပိုချစ်ဖို့ကောင်းမှာပဲ...
ရှုနဉ် နှလုံးခုန်မြန်လာသည်။
မာစတာအိပ်ခန်းထဲမှ ရေသောက်ရန် ထလာသည့် ချိုက်ချင်က ရေချိုးခန်းထဲတွင် တစ်ယောက်ယောက်ရှိနေသည်ကို ကြားလိုက်ရ၍ ရှုနဉ်ရေချိုးနေသည်ဟု သူမ ထင်လိုက်သည်။ သို့သော်လည်း သူမရေသန့်စက်ရှိရာသို့ လျှောက်လာစဉ် ရှုနဉ်ကို ဆိုဖာပေါ်၌တွေ့လိုက်ပြီး ချက်ချင်း သတိပြုမိသွားသည်။
“ရှုနဉ်”
ရှုနဉ်၏ ဖောက်လွဲဖောက်ပြန်ဦးနှောက်သေးသေးလေးက ဗီလိန်လေး ဝက်ဝံညအိပ်ဝတ်စုံဝတ်ဆင်ထားသည့်ပုံကို ပုံဖော်နေဆဲဖြစ်၍ ချိုက်ချင်၏အသံက သူ့ကို ထအော်မိလုမတတ် လန့်သွားစေသည်။
“ဘုရားရေ မာမား ကျွန်တော့်ကို သေအောင်ခြောက်လိုက်တာပဲ...”
ရှုနဉ်က ချိုက်ချင်ကို ကြည့်လိုက်သည်။
ချိုက်ချင်က ရေခွက်ကို ကိုင်ပြီး ရေချိုးခန်းတံခါးကို ကြည့်လိုက်သည်။
“ရေချိုးခန်းထဲက ဘယ်သူလဲ...”
ရှုနဉ်က ခပ်မြန်မြန်ပဲ အာရုံပြန်ရသွားပြီး ချိုက်ချင်ကို ရှင်းပြလိုက်သည်။
“ချိုက်ချိုက်၊ယင်းမင်ကျန်းက သူ့အိမ်က မောင်းထုတ်ခံလိုက်ရတယ်... သူက ကျိုးကျွမ်နဲ့လည်း အဆက်အသွယ်ဖြတ်လိုက်ပြီ သူ့ကို ဒီမှာနေခိုင်းရအောင်...”
ချိုက်ချင်က အံ့အားသင့်သွားသည်။
“အဆက်အသွယ်ဖြတ်လိုက်တာလား...”
“ဟုတ်တယ်...”
ရှုနဉ် ခေါင်းညိတ်လိုက်သည်။
“ကျိုးကျွမ်က တကယ့်ကို လူမဟုတ်ဘူး... ကျွန်တော်ထင်တာတော့ သူက သားအရင်းမဟုတ်လို့ သူ့ကို မလိုချင်တော့တာဖြစ်မယ်... သူက ယင်းမင်ကျန်းကို တကယ် ဂရုမစိုက်ဘူးဆိုတာ မာမားလဲ သိပါတယ်...ယင်းမင်ကျန်းဆေးရုံတက်နေတုန်းက သူ ပြောတယ်လေ... “
ရှုနဉ်က ရေချိုးခန်းတံခါးကို စိုက်ကြည့်လိုက်ပြီး ရေကျသံများကို နားထောင်ရင်း သူ့အသံကို တိုးလိုက်သည်။
“ကျိုးကျွမ်နဲ့ ယင်းချန်းက ယင်းမင်ကျန်းကို ဆေးရုံမှာစွန့်ပစ်ခဲ့ဖို့ ကြိုးစားခဲ့တယ်... ဆရာဝန်ပြောတာက ယင်းမင်ကျန်းက ဦးနှောက်ပျက်စီိးသွားနိုင်တယ်... သူတို့က ယင်းမင်ကျန်းကို စိတ်မကျန်းမမာ(စိတ်မနှံ့)ဖြစ်သွားနိုင်တယ်ထင်ပြီး တာဝန်မယူချင်ကြဘူး...”
ရှုနဉ်က ကျိုးကျွမ်ကို သူတတ်နိုင်သလောက် နာမည်ဖျက်ရန် ကြိုးစားခဲ့သည်။
“ခုနကလေးတင် ယင်းမင်ကျန်းက တကယ်ကိုဆိုးဆိုးရွားရွား ခေါင်းကိုက်နေခဲ့တာ... ကျွန်တော်ထင်တာတော့ ကျိုးကျွမ်က သူ ပိုက်ဆံထပ်ကုန်မှာဆိုးလို့ သူ့ကိုမောင်းထုတ်လိုက်တာဖြစ်ရမယ် သူတို့ပြောကြတာ မာမားလဲသိပါတယ်... 'ဖျားနာနေတဲ့အိပ်ယာမှာ မိသားစုဆိုတာ မရှိဘူး' တဲ့... အဲ့လိုမပြောရင်တောင်မှ သူတို့က သွေးသားလဲ မတော်ကြဘူးလေ...”
ထိုသို့ကြားလိုက်ရသည်နှင့် ချိုက်ချင်မျက်လုံးပြူးသွားသည်။
“လောကကြီးက ဘာတွေဖြစ်နေတာလဲ... ဒါကလုံးဝ မတရားတာပဲ...”
ရှုနဉ် ဒေါသတကြီးခေါင်းညိတ်လိုက်သည်။
ချိုက်ချင်က ဤကိစ္စတစ်ရပ်လုံးကို အစမှအဆုံးထိ သိထားပြီးဖြစ်သည်။ အစပိုင်းတွင် သူမက ဆေးဖိုး ယွမ်ရှစ်သောင်းကို မပေးချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမက ယင်းမင်ကျန်းကို ပိုပိုပြီး သနားဂရုဏာသက်လာသည်။ရှုနဉ်ပြောသည်ကို ကြားလိုက်သည်နှင် သူမချက်ချင်း တုံ့ပြန်လိုက်သည်။
“ယင်းမင်ကျန်းက အခုကစပြီး ငါတို့နဲ့ နေလို့ရတယ်...စားဖို့ပါးစပ်တစ်ပေါက်နဲ့ တူတစ်စုံတိုးလာရုံပဲ မဟုတ်လား... ကျိုးကျွမ်က သူ့ကိုမလိုချင်တော့လဲ ဘာဖြစ်လဲ ငါတို့သူ့ကို လိုချင်တယ်လေ...”
ပါပါးရှုလည်း အိပ်ခန်းထဲမှ ထွက်လာသည်။ သားအမိနှစ်ယောက် ဧည့်ခန်းထဲတွင်ရှိနေသည်ကို တွေ့သောအခါ သူမေးလိုက်သည်။
“နှစ်ယောက်သား ဘာတွေပြောနေကြတာလဲ...”
“ပါပါး ကျွန်တော်တို့ ယင်းမင်ကျန်းကို အိမ်မှာခေါ်ထားချင်တယ်...”
ရှုနဉ်က ပြောလိုက်သည်။
ချိုက်ချင်က ရှုနဉ်သူ့ကိုပြောပြခဲ့သည့် ကိစ္စအားလုံးကို ပြန်ပြောပြလိုက်သည်။ ပါပါးရှုက ခေါင်းမညိတ်ခင် အချိန်အနည်းငယ်လောက် စဉ်းစားနေသည်။
“ငါတို့ သူ့ကိုခေါ်ထားလို့ရတယ် အခုပြောမှာက ရက်စက်တယ်ဆိုပေမဲ့ ရိုးရိုးသားသားပဲ ပြောမယ်... ယင်းမင်ကျန်းက ငါတို့နဲ့ ဘာမှ မတော်ဘူး ငါတို့ သူ့ကို စားဖို့နဲ့အိပ်ဖို့နေရာပေးနိုင်ပေမဲ့ သူ့ဆေးကုသစရိတ်အတွက် ငွေအများကြီးသုံးပေးရမှာကိုတော့ ငါသဘောမတူနိုင်ဘူး...”
ရှုနဉ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
“စိတ်မပူပါနဲ့ ပါပါးဘာမှ ပေးစရာမလိုဘူး...”
ပါပါးရှုက သူ့ခေါင်းကို ပွတ်လိုက်သည်။
“အဖေက ရက်စက်တယ်ဆိုပြီး မင်းအပြစ်မတင်ဘူးလား...”
ရှုနဉ် ခေါင်းခါလိုက်သည်။
“မတင်ပါဘူး...”
ထိုအရာက ကိစ္စများကို ဖြေရှင်းရန် မှန်ကန်သည့်နည်းလမ်းဖြစ်သည်။ ဗီလိန်လေးသာ နေမကောင်းဖြစ်ပါက ရှုနဉ် နည်းလမ်းရှာရမည်ဖြစ်သည်။ ဗီလိန်လေးက သူ့တာဝန်သာဖြစ်ပြီး သူ့မိဘများ၏တာဝန်မဟုတ်ပေ။
သူတို့ဆွေးနွေးညှိနှိုင်းပြီးနောက် ဖေဖေရှုနှင့် မစ္စချိုက်တို့က အိပ်ရန် အိပ်ခန်းတ္ငင်းသို့ ဝင်သွားကြသည်။
ဗီလိန်လေးရေချိုးခန်းထဲမှ ထွက်လာသည်နှင့် ရှုနဉ်လည်း ဆိုဖာပေါ်မှ ထလိုက်ပြီး တီဗွီတင်သည့် ဗီရိုအံဆွဲထဲမှ ဆံပင်လေမှုတ်စက်ကိုထုတ်ပြီး ဗီလိန်လေးအား ပေးလိုက်သည်။
“ဒီနေ့တော့ တော်တော်လေး နောက်ကျနေပြီဆိုတော့ နောက်နေ့မှပဲ မင်းကို အိမ်ထဲလိုက်ပြတော့မယ်...”
ရှုနဉ်က သူ့ကို သူ့အိပ်ခန်းထဲသို့ ပြန်ခေါ်လာပြီး ဆံပင်လေမှုတ်စက်ကို ပလပ်ထိုးလိုက်သည်။ ထို့နောက်သူက အိပ်ယာနားတွင် သူ့ညအိပ်ဝတ်စုံကို ရှာလိုက်သော်လည်း မတွေ့ပေ။ သူ့အဝတ်အစားများကို အဝတ်လျှော်ခြင်းထဲသို့ထည့်လိုက်သည်ကို သတိရသွားပြီးနောက် လိုက်ကာနောက်မှ အဝတ်လျှော် ခြင်းကို ဆွဲထုတ်လိုက်သည်။
အဝတ်လျှော်ခြင်းထဲမှ အပြာရောင် ညအိပ်ဝတ်စုံကို ညစ်ပတ်နေသည့် အဝတ်များအောက်မှ ဆွဲထုတ်လိုက်ပြီး ရေချိုးရန် ရေချိုးခန်းဆီသို့ ပြေးထွက်ခဲ့သည်။
ယင်းမင်ကျန်းက သူ့ဆံပင်များကို တိတ်တဆိတ်အခြောက်ခံနေစဉ်မှာပဲ အရာအားလုံးကို မြင်လိုက်သည်။ ရှုနဉ်က သူ့ညအိပ်ဝတ်စုံကို အဝတ်လျှော်ခြင်းထဲမှ ထုတ်လိုက်သည်ကို မြင်သောအခါ သူ အံ့ဩသွားသည်။
ဆံပင်အတိုကို လေမှုတ်အခြောက်ခံခြင်းက လွယ်ကူသည့်ကိစ္စတစ်ခုဖြစ်၍ ယင်းမင်ကျန်း၏ဆံပင်က အမြန်ပဲ ခြောက်သွားသည်။ ထို့နောက်သူက လေမှုတ်စက်ကြိုးကို စက်ဝိုင်းပုံဝိုင်းပြီး သိမ်းလိုက်ကာ အဝတ်လျှော်ခြင်းရှိရာသို့လျှောက်သွားပြီး အထဲကို ကြည့်လိုက်သည်။
ချွေးနံ့ ဖျော့ဖျော့လေးက သူ့နှာခေါင်းဆီသို့ ပျံ့လွင့်လာသည်။
ရှုနဉ်က သူ့ညအိပ်ဝတ်စုံကို ထိုအထဲမှ ဆွဲထုတ်လိုက်သည်ကို သူသတိရသွားသောအခါ ယင်းမင်ကျန်း တိတ်ဆိတ်သွားသည်။
ဆယ်မိနစ်ခန့်အကြာတွင် ရှုနဉ်က အဝတ်လျှော်ခြင်းထဲမှ ဆွဲထုတ်လာသည့် ညအိပ်ဝတ်စုံ အပြာရောင်ကို ဝတ်ဆင်ပြီး အခန်းထဲဝင်လာသည်။
သူက စားပွဲခုံပေါ်ရှိ ဆံပင်လေမှုတ်စက်ကို ကောက်ယူပြီး ပလပ်ပေါက်ထဲသို့ ပလပ်ထိုးလိုက်သည်။
အခန်းထဲရှိတစ်ခုတည်းသောအသံက လေမှုတ်စက်မှထွက်သည့်အသံသာဖြစ်သည်။
ရှုနဉ်ကိုယ်ပေါ်ရှိ အဝတ်များကို ယင်းမင်ကျန်း စိုက်ကြည့်နေသည်။အပြာရောင် ကုတ်ညအိပ်ဝတ်စုံက တွန်ကြေနေပြီး လည်ပင်းနားတွင် ချွေးများစွန်းနေသည်။
ရှုနဉ်က ဂရုမစိုက်ပေ။ သူ့ဆံပင်ခြောက်သွားသည်နှင့် ရှုပ်ပွနေသောကြိုးကို စားပွဲပေါ်တွင် တင်ထားခဲ့ပြီး အိပ်ယာပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူ့ဖိနပ်များကို ကန်ထုတ်လိုက်ပြီး သူ့ဘေးနားရှိလွတ်နေသောနေရာကို ပုတ်ပြကာ ယင်းမင်ကျန်းကိုခေါ်လိုက်သည်။
“လာလေ အတူတူ အိပ်ရအောင်...”
ဗီလိန်လေးက ကုတင်ဘေးသို့ တိတ်တဆိတ်လျှောက်လာသည်။
သူက စောင်ကို မပြီး ကုတင်ပေါ်သို့တက်ကာ အစွန် ဘက်နားတွင် အိပ်လိုက်သည်။
ရှုနဉ်က အံ့ဩတကြီးပြောလိုက်သည်။
“မင်းဘာလို့ အဝေးကြီးမှာနေတာလဲ...ကုတင်က ငါတို့နှစ်ယောက်အတွက် လုံလုံလောက်လောက် မကြီးဘူး။မင်းပြုတ်ကျသွားလိမ့်မယ် ငါ့ဘေးမှာလာအိပ်လေ...”
ယင်းမင်ကျန်း ခေါင်းခါလိုက်သည်။ သူက ကြိမ်လုံးတစ်ချောင်းသဖွယ် ဖြောင့်ဖြောင်းတန်းတန်းလှဲလျောင်းလိုက်ကာမျက်လုံးများကို မှိတ်ထားပြီး ရှုနဉ် ညစ်ပတ်သည့်အဝတ်များဝတ်ထားသည့်အကြောင်းကို မတွေးမိရန် ကြိုးစားနေလေသည်။