အပိုင်း ၄၆
Viewers 9k

Chapter 46



ရှုနဉ်က ဘာသံသယမှ မဝင်ခဲ့ပေ။ ဗီလိန်လေးက ရှက်နေသည်ဟု ရိုးရိုးလေးသာ တွေးလိုက်ပြီး သူ့ကိုတွန်းအားမပေးတော့ဘဲ မီးလှမ်းပိတ်လိုက်သည်။


ကလစ်


ကမ္ဘာကြီးတစ်ခုလုံးမှောင်မဲသွားသည်။


ယင်းမင်ကျန်း အိပ်ပျော်သွားသည့် အချိန်ခဏလေးအတွင်းတွင် သူ့ဘေးနားမှ ဟောက်သံကြားလိုက်ရသည်။ထိုသို့ကြားလိုက်ရသည်နှင့် ရှုနဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြောင်း သူသိလိုက်သည်။ ထိုအသံက ကြောင်အော်သံကဲ့သို့ နူးညံ့ပြီးချစ်ဖို့ကောင်းကာ မည်သည့်အနှောင့်အယှက်မှ မပေးပေ။


ယင်းမင်ကျန်း အိပ်မပျော်တော့ပေ။ သူက ယနေ့ဖြစ်ခဲ့သည့်ကိစ္စများကို ထပ်ခါထပ်ခါ ပြန်စဉ်းစားနေမိသည်။ ထိုကိစ္စက သူ့ခေါင်းထဲတွင် ရုပ်ရှင်ပြန်ပြသကဲ့သို့ ဖြစ်နေသည်။


သူ့ခံစားချက်များကို ယခင်ကထဲက လွှတ်ချလိုက်ပြီးပြီဖြစ်သည်။ သူ့ခံစားချက်များက အစပိုင်းတွင် ဝေဝါးနေသော်လည်း အကုန်လုံးကို သူလွှတ်ချနိုင်လိုက်သည့်အခါတွင်မူက သူက ခံစားချက်များကို ကျော်ဖြတ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်။ သူ အလွန့်အလွန်ကို တည်ငြိမ်နေသည်။


ကျိုးကျွမ်နှင့် ရေစက်ဖြတ်လိုက်သည်က ကိစ္စကြီးတစ်ခုမဟုတ်မှန်း သူသဘောပေါက်သည်။


သူ မှန်ကန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။


လက်တစ်ဖက်က သူ့ကို ထိလာ၍ ယင်းမင်ကျန်း မျက်လုံးဖွင့်ကြည့်လိုက်သည်။


အမှောင်ထဲတွင် ရှုနဉ်က သူ့ဘက်သို့လှိမ့်လာသည်။ထို့နောက် ခြေထောက်တစ်ချောင်းကို သူ့ပေါ်တင်လိုက်သည်။


ချွေးနံ့မှိန်မှိန်လေးက သူ့နှာခေါင်းထဲသို့ တိုးဝင်လာရာ

ယင်းမင်ကျန်း ဆံပင်မွှေးများပင် ထောင်လာသည်။


အချို့လူများက ရေချိုးပြီးသားကိ ညစ်ပတ်နေသည့် ညအိပ်ဝတ်စုံကို အဘယ့်ကြောင့်ပြန်ဝတ်ရကြောင်း သူ နားမလည်ပေ။


အဲဒါက ရေချိုးရတဲ့ရည်ရွယ်ချက်ကို ချိုးဖျက်လိုက်သလို ဖြစ်မနေဘူးလား...


သူ့မိသားစုက အမြဲတမ်း ဆင်းရဲနေခဲ့သည့်အတွက် သူက သန့်ရှင်းရေးကို အလေးထားသူဖြစ်သော်လည်း သူတတ်နိုင်သည့်အရာ မရှိခဲ့ပေ။ သူတတ်နိုင်သည့် အကောင်းဆုံးအရာက သူ့ကိုယ်သူ တတ်နိုင်သလောက် သန့်ရှင်းအောင်နေဖို့ပဲ ဖြစ်သည်။ ရှုနဉ်၏အိမ်အခြေအနေက အလွန်ကောင်းသည်။ သို့ပေမဲ့…..


သူခဏလောက်သည်းခံလိုက်သည်။ ထို့နောက် လူသားရေဘဝဲကို သူ့ဆီမှ တွန်းထုတ်ရန် ဖြေးညှင်းစွာ ကြိုးစားလိုက်သည်။


သို့သော်လည်း လူသားရေဘဝဲက သူ့ကို အသေဖက်တွယ်ထားသည်။သူက သူ့နားဘေးတွင် တိုးတိုးလေး ဟောက်နေ၏။


ချွေးနံ့ဖျော့ဖျော့လေးအပြင် ရှနဉ်ဆီမှ ရေချိုးဆပ်ပြာနံ့နှင့် ရှုနဉ်၏တမူထူးခြားသည့် နွေးထွေးသော အနံ့လေးလည်းရှိနေသည်။


သူ့အနံ့ကတကယ့်ကိုကောင်းသည်။သူ့ သဘာဝအနံ့က ချွေးနံ့ဖျော့ ဖျော့အောက်တွင် ဖုံးကွယ်နေပြီး ယင်းမင်ကျန်းကို မသက်မသာဖြစ်စေသည်။


ယင်းမင်ကျန်း ရုတ်တရက်ကြီးတွေးမိသွားသည်။

ငါက ရှုနဉ်ရဲ့ ညအိပ်ဝတ်စုံကို ဝတ်လိုက်တာကြောင့် ရှုနဉ်မှာ ဝတ်စရာ တခြားညအိပ်ဝတ်စုံမရှိတော့တာလား... သူ့မှာရွေးချယ်စရာမရှိတော့လို့ ညစ်ပတ်နေတဲ့ ညအိပ်ဝတ်စုံကိုပဲ ပြန်ဝတ်လိုက်ရတာလား...


သူ့နှလုံးသားထဲသို့ နွေးထွေးသည့်ခံစားချက်လေး ဝင်လာပြီး သူ့ဘေးနားရှိလူကို ယင်းမင်ကျန်း ပွေ့ဖက်လိုက်သည်။သူရုတ်တရက်ကြီး ရှုနဉ်က ညစ်ပတ်သည်ဟု မခံစားရတော့ပေ။

သူ့အနံ့က အရမ်းကောင်းတယ်...သူ့အနံ့က တခြားအရာတွေ အားလုံးထက် ပိုကောင်းတယ်...


သူ့ရင်ခွင်ထဲရှိကောင်လေးက လှုပ်နေသည်။ သူ့ခေါင်းကို ယင်းမင်ကျန်း၏ လည်ပင်းနားသို့ တိုးဝှေ့ပြီးနောက် သူအေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။


***

နောက်တစ်နေ့ နိုးလာသည့်အခါ ရှုနဉ်က ကုတင်ပေါ်ရှိနေရာတော်တော်များများကို သူယူထားသည်ကို တွေ့လိုက်ရ၍ ရှက်သွား၏။ ထို့အပြင် သူ့ခြေထောက်နှင့်လက်များကလဲ ဗီလိန်လေး ကိုယ်ပေါ်သို့ ရောက်နေသည်။


သူဗီလိန်လေးကိုယ်ပေါ်မှ အမြန်ဖယ်လိုက်သည်။


ရှုနဉ်နိုးလာသည်ကို တွေ့သည်နှင့် ယင်းမင်ကျန်း ထထိုင်လိုက်ပြီး အိပ်ယာပေါ်မှ ထလိုက်သည်။ သူ့လှုပ်ရှားမှုများက အလွန်ညှင်သာသည်။


ရှုနဉ်က သူ့ရွှေရောင်ဆံပင်များကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်သည်။

“ငါ တောင်းပန်ပါတယ်...ငါအိပ်တဲ့ပုံစံက ဝောာ်တော်ဆိုးတယ်...”


ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။ သူက ညအိပ်ဝတ်စုံကိုချွတ်လိုက်ပြီး ဘေးနားရှိ ကြယ်သီးတပ် ရှပ်အင်္ကျီကို ဆွဲယူလိုက်သည်။


ယခုက ရှုနဉ် ဗီလိန်လေးကို ကိုယ်လုံးတီး (အပေါ်ပိုင်း)မြင်ရသည့် ပထမဆုံးအကြိမ်ဖြစ်၍ ရှုနဉ် သူလုပ်နေသည်များကို ရပ်လိုက်သည်။ သူ ဗီလိန်လေး၏ရင်ဘတ်ကို မစိုက်ကြည့်ဘဲ မနေနိုင်ဖြစ်နေမိသည်။


ယင်းမင်ကျန်း၏ခန္ဓာကိုယ်က သူ့မျက်နှာလိုပဲ ကျောက်စိမ်းနှင့်တူသည်။ သူ့တစ်ကိုယ်လုံး အရိုးပေါ်တွင် အသားများများစားစားမရှိပေ။ ရှုနဉ်က သူ့နံရိုးများကိုပင် ဝိုးတဝါးမြင်လိုက်ရသည်။


သူက တကယ့်ကို ပိန်လွန်းသည်။


ရှုနဉ် သူစိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားသည်။ သူက ကျိုးကျွမ်ကို တစ်ပတ် ယွမ်လေးရာနှင့် အာဟာရဖြည့်စွက်စာ အများအပြားပေးခဲ့သည်။

ဘာလို့များဗီလိန်လေးက ဝိတ်တက်မလာရတာလဲ...


ကျိုးကျွမ်က အစားအစာများကို သူမအတွက်ပဲ ယူလိုက်တာဖြစ်နိုင်သည်။


ရှုနဉ်စဉ်းစားလိုက်သည်။

 အနာဂတ်မှာ ငါပိုကောင်းတဲ့အစားအသောက်တွေပြင်ဆင်ထားရမယ်...ဗီလိန်လေးက ဝိတ်တက်လာဖို့လိုတယ်...


ဗီလိန်လေးက သူ့ဘောင်းဘီနှင့်ရှပ်အင်္ကျီကို ပြန်လဲပြီးပြီဖြစ်သည်။ ထို့နောက် သူ့က ကျောင်းလွယ်အိတ်ထဲရှိ ခရမ်းရောင် ဆံပင်တုကို ခေါင်းပေါ်သို့စွပ်လိုက်သည်။ချစ်စရာကောင်းပြီး ယဉ်ကျေးသည့်ကောင်းလေးက ခရမ်းရောင်ဆံပင်နှင့်ဆိုးသွမ်းသူအသွင်သို့ ပြောင်းသွားသည်။


ရှုနဉ် မျက်လုံးလှန်လိုက်ပြီး ယင်းမင်ကျန်းကို ခေါ်လိုက်သည်။

“မင်ကျန်း...”


ယင်းမင်ကျန်းက သူ့ကိုလှည့်ကြည့်လိုက်သည်။


ရှုနဉ်က ဂရုတစိုက် အကြံပြုလိုက်သည်။

“ဆံပင်အတုဝတ်စရာလိုလို့လား မင်းက ကြည့်ကောင်းနေပြီးသားပဲလေ...”


ဗီလိန်လေးက သူ့ခြေထောက်တွေကို ထပ်မလှုပ်တော့ဘဲ ကျိန်ဆဲသည်ကလည်း နည်းပါးလာသည်။ ကျန်နေသည့် တစ်ခုတည်းသောအရာက ဆံပင်တုသာဖြစ်သည်။


သူ ဆိုးသွမ်းလူငယ်တစ်ယောက်သဖွယ် ဝတ်စားခြင်းကို ရပ်လိုက်ပါက အတုအယောင်သခင်လေးထက် မည်သည့်နည်းဖြင့်မဆို ပိုပြီး တောက်ပနေလောက်သည်။


ပြီးတော့ ဘာလို့များ သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကို ဖုံးထားဖို့ လိုနေရတာလဲ...

၎င်းက ဖုံးကွယ်ထားရမည့် ရှက်စရာကောင်းသည့်အရာလည်းမဟုတ်ပေ။ ချန်ဟွေ့နှင့် ဖြစ်ခဲ့သည့်ကိစ္စသည်လည်း ချန်ဟွေ့အမှားသာဖြစ်ပြီး ဗီလိန်လေး၏အမှားမဟုတ်ပေ။


ဘာလို့များ ချန်ဟွေ့ရဲ့အမှားအတွက် ဗီလိန်လေးက အပြစ်ပေးခံနေရမှာလဲ... ဘာလို့ ဗီလိန်လေးက ဆံပင်တုကြီး တစ်ချိန်လုံးဝတ်ထားပြီး လှောင်ရယ်ခံနေရတာလဲ...


သူထိုအကြောင်းကို စဉ်းစားလေ ဒေါသထွက်လာလေ ဖြစ်၍ ဆုံးမသလိုပြောလိုက်သည်။

“ကြည့်ကောင်းတာက ပြစ်မှုတစ်ခုမဟုတ်ဘူး ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး...”


ယင်းမင်ကျန်းခေါင်းခါလိုက်သည်။

“ငါကြည့်ကောင်းတယ် မကောင်းဘူးက အရေးမကြီးပါဘူး...”


သူ အိတ်ကို ထုပ်ပိုးရန် ခေါင်းငုံ့လိုက်သည်။


ရှုနဉ်က ကုတင်ပေါ်မှ လျောဆင်းပြီး သူ့နောက်တွင်ရပ်လိုက်ပြီးနောက် သူ့ဆံပင်တုကို ချွတ်လိုက်သည်။

“အရေးကြီးတယ်...”


ကောင်လေး၏ဆံပင်က အနည်းငယ်ရှည်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က သေးသွယ်ပြီး သူ့မျက်နှာက ချောမောသည့်အပြင် အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးများကလှပပြီး နတ်သားလေးနှင့် တူပေသည်။


သူမည်သည့်နေရာသို့ ရောက်သွားသည်ဖြစ်စေ ကျိန်းသေပေါက် ငေးကြည့်ခံရမည်ဖြစ်သည်။


“မင်းသာ ဒီလိုဆံပင်တုတွေဝတ်ရတာ တကယ်ကြိုက်လို့ဆိုရင်တော့ ငါဘာမှပြောမှာမဟုတ်ဘူး... ဒါက မင်းရဲ့ရွေးချယ်မှုပဲလေ ဒါပေမဲ့ မင်းက ဒါကို ဝတ်ရတာ မကြိုက်မှန်း သိသာနေတာကိုတောင်မှ နေ့တိုင်းလိုလို ဆက်ဝတ်နေပြီး အလှောင်ခံနေရတယ် ဒါက ငါ့ကို ဒေါသထွက်စေတယ်...”

ရှုနဉ်က ဆံပင်တုကို သူ၏ရှုပ်ပွနေသည့် အိပ်ယာပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။


ယင်းမင်ကျန်း ဘာမှမပြောပေ။


ရှုနဉ်က ယင်းမင်ကျန်းရှေ့တွင်ရပ်လိုက်ပြီး သူ့မျက်နှာကို ထိလိုက်သည်။ သူ့လက်ချောင်းထိပ်များမှ ယင်းမင်ကျန်း၏ အသားအရေက အရောင်တင်ထားသည့် ကျောက်မျက်ကဲ့သို့ ချောမွေ့ပြီး နူးညံ့နေသည်ကို ခံစားလိုက်ရသည်။


“မင်းကျန်း မင်းဘဝကိုမင်း စိတ်တိုင်းကျနေထိုင်ပါ ဟုတ်ပြီလား...”


ယင်းမင်းကျန်း ခဏလောက် အေးခဲ တုန့်ဆိုင်းသွားသည်။ “ ငါ့စိတ်တိုင်းကျလား “


ထိုသို့သောစကားများကို သူယခင်က မကြားခဲ့ဖူး၍ ထိုသို့ကြားလိုက်ရသည့်အခါ ထူးဆန်းပြီး အနည်းငယ် ရင်ထဲ ထိသွားစေသည်။


ရှုနဉ်က နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ကြည့်လိုက်သည်။

“ဟုတ်တယ် မင်းကြိုက်တာကို လုပ်ပြီးနေထိုင်ပါ...“


ဗီလိန်လေး၏ ကလေးဘဝက သူ့ကို အများကြီးနာကျင်စေခဲ့သည်။ ထိုအရိပ်များအောက်မှ သူရုန်းထွက်ချင်ပါက အတိတ်ကို လုံးဝ စွန့်ပစ်ထားခဲ့ရန် လိုအပ်ပေသည်။ သူကိုယ်တိုင် အစစ်အမှန် သူဖြစ်လာရန်လိုပြီး သူမည်သူဖြစ်ကြောင်းကိုပါ လက်ခံနိုင်ရမည်ဖြစ်သည်။


ဗီလိန်လေးက သူ့စကားကို နားထောင်မည်လားဆိုသည်ကို ရှုနဉ်မသိ၍ သူ့တုန့်ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်နေမိသည်။


ယင်းမင်ကျန်းက ရှုနဉ်ကို အကြာကြီးစိုက်ကြည့်နေပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်၍ ရှုနဉ်၏မျှော်လင့်ချက်ရရှိသွားစေသည်။


ရှုနဉ်က အလွန်ပျော်သွားသည်။ သူက ချိုက်ချင်အမြဲတမ်းလုပ်တတ်သည့်အပြုအမူကို အတုခိုးပြီး ယင်းမင်ကျန်း၏ပါးကို ညှစ်လိုက်သည်။

“ဘယ်လောက်တောင် လိမ်မာတဲ့ကလေးလေးလဲ လူတိုင်း မနာလိုဖြစ်အောင် မင်းသေချာပေါက် ကြွားရမယ်...”


ယင်းမင်ကျန်း ဘာမှ မပြောပေ။


ရှုနဉ်က သူ့ဟောပြောခြင်းက အောင်မြင်ကြောင်းခံစားလိုက်ရပြီး တေးသွားတစ်ခုကို စတင် ညည်းဆိုလိုက်ရင်း သူ့ညအိပ်ဝတ်စုံကိုချွတ်ပြီး ကျောင်းဝတ်စုံကို လဲလိုက်သည်။


သူ့ခန္ဓာကိုယ်က သေးသွယ်ပျော့ပြောင်းပြီး သူ့အသားအရေက နူးညံ့ချောမွေ့ကာ အသွင်အပြင်က တောက်ပပြီးချောမောသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်းကို ခံစားချက်ကောင်းများဝင်လာစေသည်။


ယင်းမင်ကျန်းက သူ့ကိုစိုက်ကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။

“မင်းက ပိုကြည့်ကောင်းတယ်...”


နှစ်ယောက်သား ပစ္စည်းများသိမ်းဆည်းပြီးနောက် ဆေးကြောရန် ရေချိုးခန်းထဲသို့ ဝင်သွားကြသည်။ချိုက်ချင်၏အချစ်များဖြင့် ပြုလုပ်ထားသည့်မနက်စာကို စားပြီးနောက် ကျောင်းသွားသည့် လမ်းပေါ်သို့ ပြေးသွားကြသည်။ ကောင်ချောလေးနှစ်ယောက်က လမ်းတစ်လျှောက်ရှိ အာရုံများစွာကို ဆွဲဆောင်နေသည်။


ကောင်မလေးများ၏ စိတ်အားထက်သန်သည့်အကြည့်များကို တွေ့လိုက်ရသည့်အခါ ရှုနဉ် သူ့ကိုယ်သူ အထင်ကြီးလာမိသည်။ 

ဟမ့် ငါ့ကလေးလေးက ဒီလောက်တောင် ကြည့်ကောင်းတာပါလား...


မနာလိုဖြစ်ဖို့လား...ငါက မင်းတို့ရဲ့ ကျောင်းတွင်းအိုင်ဒေါနဲ့ အိပ်ယာတစ်ခုထဲ အိပ်ပြီး သူ့ကိုတောင်ဖက်ခဲ့သေးတယ်...


ပထမအချိန်ပြီးသွားသောအခါ ရှုနဉ်က ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ အနားတွင် စနောက်နေသည်။


ယင်းမင်ကျန်းက ထရပ်လိုက်ပြီး ဆရာမ ရုံးခန်းသို့ သွားသည်။


သူတို့အတန်းပိုင်ဆရာမက သင်ခန်းစာအစီအစဉ်များဆွဲနေပြီး ယင်းမင်ကျန်းရောက်လာခြင်းကို တွေ့သည်နှင့် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

“မင်ကျန်း ဘာဖြစ်လို့လဲ...”


ကိစ္စများဖြစ်ပျက်ပြီးနောက်တွင် အတန်းပိုင်ဆရာမက ယင်းမင်ကျန်းအပေါ် လုံးဝ အမြင်ပြောင်းလဲသွားသည်။ယခု သူမ ယင်းမင်ကျန်းကို တွေ့သည့်အခါတိုင်း မှားယွင်းစွပ်စွဲခံခဲ့ရသည့် နာကျင်ပြီး ချစ်စရာကောင်းသည့်ကလေးတစ်ယောက်ကို ကြည့်နေရသကဲ့သို့ သူမ ခံစားရသည်။သူမ သူ့အစား စိတ်ပင်ပန်းမှုကို ခံစားနေရသည်။


ယင်းမင်ကျန်းက မေးလိုက်သည်။

“ကျွန်တော့်ကို ဆက်ပြီး ထောက်ပံ့ပေးနေသေးတာလား သိချင်လို့ပါ...”


အတန်းပိုင်ဆရာမက ခဏခန့် အံ့အားသင့်သွားသည်။

“ထောက်ပံ့တာလား အရင်တစ်ခေါက်က ရန်ပုံငွေအကြောင်း ပြောတာလားမင်းပိုက်ဆံပြန်မရသေးဘူးလား...”


“မဟုတ်ပါဘူး...” 

ယင်းမင်ကျန်းခေါင်းခါလိုက်သည်။

“ကျွန်တော်ဆေးရုံမတက်ခင်က လူတစ်ယောက်က ကျွန်တော့်ကို ငွေကြေးထောက်ပံ့ပေးနေခဲ့တယ်လို့ ကြားတယ်... ရှုနဉ်က တာဝန်ယူပြီး နေ့လည်စာဖိုး လွှဲပေးတယ် ပြီးတော့ သူက ကျွန်တော့်အတွက် အစားအသောက်တွေလဲ ဝယ်ပေးတယ်...”


အတန်းပိုင်ဆရာမက ခေါင်းခါလိုက်သည်။

“ကျောင်းမှာ အဲ့လိုအစီအစဉ်မျိုးရှိတယ်လို့ ဆရာမတော့ မထင်ဘူး...”


ယင်းမင်ကျန်းအံ့အားသင့်သွားပြီး သူ့မျက်လုံးထဲတွင် သံသယများ ပေါ်လာသည်။

“မရှိဘူးလား...”


“မရှိပါဘူး...”

အတန်းပိုင်ဆရာမက ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။


“ကျောင်းက ငွေကြေးအထောက်အပံ့တွေက တစ်ကျောင်းလုံးကို အညီအမျှ ခွဲဝေပေးတာ...အရင်ကတော့ စားပွဲခုံနဲ့ ထိုင်ခုံတွေ လှူဒါန်းတာ ရဖူးပြီး စာသင်တဲ့အဆောက်အဦးတစ်ခုလဲ ဆောက်လုပ်လှူဒါန်းတာလဲ ရဖူးတယ်...အဲ့ဒါအပြင်တော့ တခြားငွေကြေးထောက်ပံ့တဲ့အစီအစဉ်မရှိဘူး...”


ယင်းမင်ကျန်း တွေဝေသွားသည်။

“ဒါပေမဲ့...”


“ဒါပေမဲ့ ဘာလဲ...”


ယင်းမင်ကျန်း လက်သီးကို တိတ်တိတ်လေးဆုတ်လိုက်ပြီး သူ့လည်ချောင်းအတွင်း တင်းကြပ်လာကာ ခေါင်းခါပြလိုက်သည်။


“ဘာမှ မဟုတ်တော့ပါဘူး...ကျွန်တော် အမှတ်မှားသွားတာ ဖြစ်ပါလိမ့်မယ်...”

သူရုံးခန်းထဲက ပြန်ထွက်လာပြီး စင်္ကြန်လမ်းတလျှောက် ပြေးလွှားနေကြသည့် ကျောင်းသားများကို ကြည့်လိုက်သည်။ မြင့်မားသည့်အဆောက်အဦးအတွင်းတွင် သူ၏ နှလုံးသားထဲတွင် အလွန်သိမ်မွေ့သည့် ခံစားချက်တစ်ခုက မြင့်တက်လာပြီး သူ့နှလုံးခုန်နှုန်းများလည်း ပိုပို မြန်ဆန်လာသည်။


သူ အတန်းထဲသို့ တိတ်တိတ်လေး ဝင်လာလိုက်သည်။


ရှုနဉ်က သူ့ကိုတွေ့သည်နှင့် မေးလိုက်သည်။

“မင်ကျန်း မင်းဘယ်တွေသွားနေတာလဲ...”


“သန့်စင်ခန်းသွားတာ...” 

ယင်းမင်ကျန်းက ဖြေသည်။


ကျောင်းဆင်းပြီးနောက် ယင်းမင်ကျန်းနှင့်ရှုနဉ်တို့ အိမ်သို့ပြန်လာကြသည်။ ယင်းမင်ကျန်းက ရှုနဉ်ကို တချိန်လုံး လေ့လာနေသည်။ ကောင်ငယ်လေးက နွေးထွေးပြီး တက်ကြွ၍ သူ့ကိုကြည့်နေရုံနှင့်ပင် ယင်းမင်ကျန်း စိတ်ကြည်လင်လာသည်။


အိမ်ပြန်ရောက်သည်နှင့် သူက ယင်းမင်ကျန်းကို သူ့အိပ်ခန်းထဲသို့ ခေါ်သွားသည်။ သူတို့နှစ်ယောက် အိမ်စာများပြီးသည်နှင့် ရှုနဉ်က လက်တော့ပ်ဖွင့်လိုက်ပြီး သူ့ကိုလည်းအွန်လိုင်းမှ စာဆက်ပြီးလေ့လာရန် ပြောခဲ့သည်။


ယင်းမင်ကျန်းက သူပြောသည့်အတိုင်းလိုက်နာခဲ့သည်။


စားပွဲက လက်တော့ပ်နှစ်ခုကို ဘေးချင်းယှဉ်ချ၍ ရသည်အထိ ကြီးမားသည်။


ရှုနဉ်က သူ့လက်တော့ပ်ကို စားပွဲတစ်ဖက်ခြမ်းတွင်နေရာချပြီး စာရိုက်ခြင်းကို အပြည့်အဝ အာရုံစိုက်လိုက်သည်။တစ်ခါတစ်ရံသူက သူလုပ်လက်စကို ခဏရပ်ပြီး မျက်မှောင်ကြုတ်နေတတ်သည်။


ယင်းမင်ကျန်း မတ်တပ်ရပ်ပြီး သူ့လက်တော့ပ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူအမြန်မှတ်သားလိုက်ပြီး ၎င်းကို အွန်လိုင်းပေါ်တွင် ရှာဖွေလိုက်သည်။


ဂျာမန်စာ...


ရှုနဉ်က တကယ်ကြီးဂျာမန်စာ ဖတ်တတ်တာလား...


ထို့နောက်ရှုနဉ်တခြားဖိုင်တစ်ခုကို ဖွင့်လိုက်ပြီး ပထမပါတီ နှင့် ဒုတိယပါတီ ဟူသည့် စကားလုံးများ ရိုက်နေသည်ကို သူတွေ့လိုက်ရသည်။


သူဂျာမန်ဘာသာစကားမှ ဘာသာပြန်နေမှန်း ယင်းမင်ကျန်းသဘောပေါက်သွားသည်။


ရှုနဉ်အမှန်တကယ် ဘာသာပြန်အလုပ်လုပ်နေသည်ဆိုတာ ပေါ်ပေါက်လာခဲ့သည်။


ယင်းမင်ကျန်းထပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။ သူပြန်ရောက်သည်နှင့် လက်တော့ပ်ရှေ့တွင် ပြန်ထိုင်ပြီး အွန်လိုင်းသင်ခန်းစာများ ဆက်လေ့လာနေလိုက်သည်။


စားပွဲခုံကို တစ်ချက် ကြည့်လိုက်သောအခါ သေတ္တာတစ်လုံးကို တွေ့သွား၏။အနားတိုး၍ကြည့်လိုက်သောအခါ ဖြတ်ပိုင်းစာရွက် လေးများကို သေတ္တာထဲ၌ တွေ့လိုက်ရသည်။


ယင်းမင်ကျန်းက စာရွက်ဖြတ်ပိုင်းတစ်ခုကို ကောက်ယူပြီး ရေးထားသည်ကို ဖတ်လိုက်သည်။

“ယင်းမင်ကျန်း၏အုပ်ထိန်းသူ ကျိုးကျွမ်က ထောက်ပံ့ကြေး ယွမ်လေးရာကို လက်ခံရရှိပါသည်” 


ထိုစာထဲတွင် ကျိုးကျွမ်၏ လက်မှတ်ကိုထိုးထားပြီး ရက်စွဲကိုပါရေးထားသည်။


တခြားဖြတ်ပိုင်းစာရွက်များအားလုံးကလည်း တစ်ပုံစံတည်းပင်ဖြစ်သည်။


ယင်းမင်ကျန်းက ဖြတ်ပိုင်းစာရွက်များကို ဗလာမျက်ဝန်းများဖြင့်စိုက်ကြည့်နေပြီး သူ့စိတ်ထဲတွင် ထိုကိစ္စ၏အမှန်တရားက ဖြေးဖြေးချင်း ရှင်းလင်းလာသည်။


အလှူရှင်ဟုခေါ်သည့်သူက အမြဲတမ်း ရှုနဉ်ကိုယ်တိုင်သာဖြစ်မှန်း ယခုအခါ အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။


 ရှုနဉ်က ဘာသာပြန်အလုပ်မှ ဝင်ငွေရရှိခဲ့သည်။ ကျိုးကျွမ်ကို ပိုက်ဆံပေးသည့်အခါတိုင်း သူမကို အတည်ပြုပေးရန် ဖြတ်ပိုင်းစာရွက်ပေါ်၌ လက်မှတ်ထိုးစေခဲ့သည်။ ရှုနဉ်က ဖြတ်ပိုင်းစာရွက်များကို အသုံးပြုပြီး ကျိုးကျွမ်ကို

လမ်းကြောင်းမလွဲအောင် မည်သို့ ထိန်းချုပ်ထားသည်ကို ယင်းမင်ကျန်း ခန့်မှန်းလိုက်နိုင်သည်။ ထိုပိုက်ဆံများက သူမနှင့်မဆိုင်ကြောင်း အတည်ပြုပြီးဖြစ်သောကြောင့် ကျိုးကျွမ်က ရွေးချယ်စရာမရှိပဲ ထောက်ပံ့ငွေများကို ယင်းမင်းကျန်းသို့ ပေးလိုက်ရသည်။