အပိုင်း ၄၇
Viewers 9k

Chapter 47



ရှုနဉ်ထိုသို့ လုပ်ရခြင်းက ကျိုးကျွမ်က သူမကိုယ်ကျိုးအတွက် အားလုံးယူသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။


သူ့အမေ သူ့ကိုပြင်ပေးလိုက်သည့်မနက်စာဟူ၍ သူကျောင်းသို့ ကြွားရန်ယူသွားသည့် ပေါင်မုန့်များ၊နို့များနှင့် အစေ့အဆန်များကို ယင်းမင်ကျန်း ပြန်သတိရသွားသည်။သူ့မျက်နှာက စိတ်သက်သာရာ ရသွားသကဲ့သို့ ဖြစ်သည်။


နောက်ပိုင်းတွင် ကျိုးကျွမ်နှင့် ယင်းချန်းက အစားအစာများကို သူတို့ဘာသာ စားလိုက်ကြပြီး သူ့အတွက် မနက်စာ နို့တစ်ခွက်သာ ကျန်ခဲ့သည်။ ထိုအချိန်တုန်းကလည်း ရှုနဉ်က " ဘာလို့ နို့တစ်မျိုးပဲ သောက်တာလဲ"ဟု မေးခဲ့သည်။ထိုနေ့တွင် ကျိုးကျွမ်က ပေါင်မုန့်၊နို့နှင့် အစေ့အဆန်များ အပြည့်ပါသည့် အိတ်တစ်လုံးဖြင့် အိမ်သို့ပြန်လာခဲ့၍ သူ မနက်စာ ပြန်စားနိုင်သွားသည်။


ကျိုးကျွမ်က သူ့ကို ဖိနပ်အသစ်နှင့် ဘောင်းဘီအသစ်ဝယ်လာပေးသည့်နေ့ကို သူမှတ်မိနေဆဲဖြစ်သည်။ သူအလွန်ကို ကြည်နူးခဲ့ရ၍ နောက်တစ်နေ့တွင် ကြွားဝါရန် သူကျောင်းသို့ ဝတ်သွားခဲ့သည်။ ရှုနဉ်က သူ့ကို “အင်္ကျီကရော ဘာလို့လဲ”ဟု မေးခဲ့သည်။


ကျိုးကျွမ်က ပြောခဲ့သည်မှာ ရှုနဉ်က သူ့ကို ဘောင်းဘီနှင့်ရှူးဖိနပ်အပြင် ဂျာကင် ကိုပါဝယ်ပေးခဲ့သည်။ သို့သော် သူထိုနေ့က ဝတ်မလာသည့်အတွက် ရှုနဉ်က သေချာပေါက် မေးမြန်းခြင်းဖြစ်သည်။


ယင်းမင်ကျန်းက သူ့လက်တွင်းရှိ ဖြတ်ပိုင်းစာရွက်များကို ဆုပ်ကိုင်ရင်း သူ့လက်သီးက တဖြည်းဖြည်းချင်း တင်းကျပ်လာသည်။ သူ့မျက်လုံးများကလည်း မျက်ရည်များကြောင့် ပူလာ၏။


အသေးစိတ်အချက်အလက်များအားလုံး ချိတ်ဆက်မိသွားသည်နှင့် ရှုနဉ်ကသာ သူ့ကို ယခင်အချိန်များတည်းမှ ယခုအချိန်ထိတိုင်အောင် အမှန်တကယ် ကူညီနေကြောင်း သူသိလာခဲ့သည်။


ရှုနဉ်က သူ့ကို ဂရုစိုက်ပေးမည်ဟု ပြောခဲ့သည်ကလည်း ဟာသတစ်ခုမဟုတ်ကြောင်း ပေါ်ပေါက်လာသည်။


ရှုနဉ်က သူ့ကိုစောင့်ရှောက်ပေးနေခဲ့ပြီး သူကသာ မသိခဲ့တာဖြစ်သည်။


ဒါပေမဲ့ ဘာလို့လဲ...


အတိတ်တုန်းက သူက ကျောင်းပြေးပြီး အဆင့်ဆိုးများသာရတတ်ကာ ဆံပင်ဆေးဆိုးထားပြီး ဆိုးသွမ်းသူဖြစ်သည်။ လူတိုင်းက သူ့၏အမှိုက်လို မိသားစု အကြောင်းကို သိကြပြီး သူ့အကျင့်စရိုက်ကလဲ အရမ်းမကောင်း၍ သူ့ထံတွင် ကောင်းကွက် တစ်ကွက်လေးမှ မရှိပေ။ 


လူတိုင်းက ငါ့ကိုရှောင်နေတတ်ကြပေမဲ့ဘာလို့ သူက ငါ့အပေါ် အရမ်းကောင်းနေရတာလဲ...


သူက စွန့်ပစ်ခံရပြီး အချစ်မခံရသည့်အပြင် မည်သူမှ အလိုမရှိကြသူသာဖြစ်သည်။

ဘာလို့များ ငါ့ကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံရတာလဲ...


သူက သူ့မိဘအရင်းများကပင် မလိုချင်သည့် အမှိုက်ဖြစ်သည်။

မိဘတွေကတောင် ငါ့ကို စွန့်ပစ်ခဲတာကို တစ်ယောက်ယောက်က ငါ့ကိုချစ်လာဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ...


ယင်းမင်ကျန်း နားမလည်နိုင်တော့ပေ။


သို့သော်လည်း သူပျော်နေမိသည်။


၎င်းက သူရှင်သန်ခဲ့သည့် ဆယ့်ငါးနှစ်တာလုံးတွင် သူ့နှလုံးသားအောက်ခြေမှစ၍ ပျော်ရွှင်မှုကို ခံစားလိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ကြည့်ရသည်တာ သူလုံးဝ အစွန့်ပစ်ခံလိုက်ရခြင်း ဟုတ်ပုံမရပေ။


တစ်ယောက်ယောက်က သူ့ကို တိတ်တိတ်လေး ချစ်ပေးပြီး ဂရုစိုက်ပေးနေသည်မှာ သိသာလှသည်။


ယင်းမင်ကျန်း အသက်ပြင်းပြင်းရှူလိုက်ပြီး ရှုနဉ်ဆီသို့ တိတ်တဆိတ်လျှောက်သွားလိုက်သည်။ ဆံပင်ရွှေရောင်ကောင်လေးက သူ့အလုပ်တွင် အပြည့်အဝ အာရုံစိုက်နေ၍ ယင်းမင်ကျန်း သူ့နားသို့ရောက်လာသည်ကိုပင် သတိမပြုမိလိုက်ပေ။


ပြောရမည်ဆိုလျှင် ရှုနဉ်ဆံပင်ဆေးဆိုးလိုက်သည်ကလဲ သူ့ကြောင့်သာဖြစ်သည်။


ထိုအချိန်တုန်းက ရှုနဉ်က သူနှင့်အမှန်တကယ့်သူငယ်ချင်း ဖြစ်ချင်နေခဲ့သော်လည်း သူက အေးစက်စွာ ငြင်းဆန်ခဲ့သည်။


ယင်းမင်ကျန်းက သူ့လက်ကိုဖြေးဖြေးချင်းဆန့်ထုတ်လိုက်သည်။


ကောင်လေး၏ရွှေရောင်ဆံပင်များကို သူ ထိချင်နေသည်။


ရှုနဉ်က ရုတ်တရက်ကြီး ကျောဆန့်လိုက်သည်။ သူလှည့်ကြည့်လိုက်သည်နှင့် ယင်းမင်ကျန်းကိုတွေ့လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။

“မင်ကျန်း...”


ယင်းမင်ကျန်းက သူ့လက်ကို တိတ်တဆိတ်ပြန်သိမ်းလိုက်ပြီး သူ့ထိုင်ခုံသို့ ဝင်ထိုင်လိုက်ကာ အွန်လိုင်သင်ခန်းစာများကို ဆက်ကြည့်နေသည်။


သူ့တကိုယ်လုံးက တောင့်တင်းနေသည်။


ရှုနဉ် သတိမပြုမိလိုက်ပေ။ သူက ယင်းမင်ကျန်း စာကြိုးစားနေသည်ကို တွေ့လိုက်ပြီး သူ့စာတမ်းကိုသာ ဆက်လက်ဘာသာပြန်နေလိုက်သည်။


နောက်တစ်နေ့တွင် သူတို့နှစ်ယောက်သား အတန်းထဲတွင် ထိုင်နေကြသည်။


ချိန်ရှောင်ယွီက ယင်းမင်ကျန်းစားပွဲဆီသို့ ရုတ်တရက် လျှောက်လာပြီး နူးညံ့စွာပြောလာသည်။

“ယင်းမင်ကျန်း နင့်အမေက နင့်ကိုတွေ့ဖို့ ဆိုပြီးရောက်နေတယ်...”


ယင်းမင်ကျန်း မော့ကြည့်လိုက်သည်။

“ငါ့အမေလား...”


ရှုနဉ်က နားစွင့်ပြီး ယင်းမင်ကျန်းကို လှည့်ကြည့်လိုက်သည်။


ချိန်ရှောင်ယွီက သူ့ကိုပြောလာသည်။

“နင့်အမေက အတန်းပိုင်ဆရာမရဲ့ ရုံးခန်းထဲမှာ...ဆရာမက နင့်ကို သူ့ရုံးခန်းထဲကို ခေါ်ခိုင်းဖို့ ငါ့ကို ပြောလိုက်လို့...”


ရှုနဉ်က တိတ်တဆိတ် လက်သီးဆုပ်လိုက်သည်။


ယင်းမင်ကျန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ မတ်တပ်ရပ်လိုက်သည်။

“ငါ သိပြီ...”


သူအတန်းထဲမှ ထွက်သွားသည်။


ရှုနဉ်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူ့လက်သည်းများကို ကိုက်နေမိသည်။

ဘာလို့ ကျိုးကျွမ်က ယင်းမင်ကျန်းကို လာရှာရတာလဲ... သူက ယင်းမင်ကျန်းကို အိမ်ပြန်လာဖို့ လာဆွဲဆောင်တာလား...


ယင်းမင်ကျန်းက ကျိုးကျွမ်ကို အလွန်တွယ်တာသောကြောင့် ရှုနဉ် စိတ်ပူနေမိသည်။ သူက ငယ်လွန်းသေး၍ ထိုဖြစ်ရပ်၏ ရှုပ်ထွေးသည့် အမှန်တရားကို လက်ခံနိုင်ရန် သူ့အတွက် ခက်ခဲနိုင်သည်။ သို့သော်လည်း သူက ယခု သားအမိဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီးပြီ ဖြစ်သည်။အမှန်တရားကို ဖော်ထုတ်လိုက်မည်ဆိုလျှင်ပင် အရေးမပါတော့ပေ။


သူ့ထံတွင်ဗီလိန်လေး၏ ဖုန်းနံပါတ် ရှိနေပြီဖြစ်သောကြောင့် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို အမည်မသိ နံပါတ်တစ်ခုဖြင့် စာပို့ပြီး ရှင်းပြနိုင်သည်။ ကျိုးကျွမ်က ကလေးများကို မွေးဖွားသည့်အချိန်ကထဲက မည်သို့ လဲခဲ့ကြောင်း သူရှင်းပြနိုင်သည်။


ဒါပဲ...

သူ ဒါကို လုပ်ရလိမ့်မည်။


ယင်းမင်ကျန်း ရုံးခန်းထဲဝင်သွားပြီးနောက် အတန်းပိုင်ဆရာမနှင့် စကားပြောနေသည့် ကျိုးကျွမ်ကို တွေ့လိုက်ရသည်။နှစ်ယောက်သား အဆင်ပြေပြေ စကားပြောနေကြပုံရသည်။ ကျိုးကျွမ်က ပေါင်မုန့်များ၊အသီးအနှံများ စသည်ဖြင့် ပြည့်နှက်နေသည့် ကြီးမားသော အိတ်ကြီးတစ်လုံးကို ကိုင်ထားသည်။


သူဝင်လာသည်နှင့် ကျိုးကျွမ်က သူမ၏လက်ကို မြှောက်လိုက်ပြီး မျက်လုံးများကလည်း တောက်ပလာသည်။သူမက သူ့ကို ခေါ်လိုက်သည်။

“မင်ကျန်း...”


အတန်းပိုင်ဆရာမကလဲ ခေါင်းလှည့်ကြည့်ပြီး အပြုံးလေးနှင့် ပြောသည်။

“မင်ကျန်း မင်းအမေက သူ မအားတဲ့ကြားက မင်းနဲ့တွေ့ဖို့ဆိုပြီး အချိန်ယူပြီး မင်းကိုလာတွေ့တာ...”


ကျိုးကျွမ်က အတန်းပိုင်ဆရာမကို မည်သည့်စကားများပြောခဲ့ကြောင်း ယင်းမင်ကျန်း မသိသော်လည်း အတန်းပိုင်ဆရာမက ကျိုးကျွမ်အပေါ် အမြင်ကောင်း ရှိနေပုံရသည်။


“မအားတဲ့ကြားကလား...” 

ယင်းမင်ကျန်းက ကျိုးကျွမ်ကို မထူးဆန်းသလို စိုက်ကြည့်လိုက်သည်။

“အဲ့လိုလား...”


ကျိုးကျွမ်က သူနှင့် မျက်လုံးချင်းဆုံသွားပြီး သူမ ပုံစံက ရှက်ရွံ့နေသည်။ ခဏအကြာ၌ သူမလက်ထဲရှိ ပလတ်စတစ်အိတ်ကို မြှောက်ပြသည်။


“မင်ကျန်း မင်းအိမ်ကိုပြန်မလာတာ နှစ်ရက်တောင်ရှိနေပြီဆို...“

အတန်းပိုင်ဆရာမက သူတို့ဘေးမှ ဝင်ပြောလိုက်သည်။

“ယင်းမင်ကျန်း အိမ်ကို စကားတစ်ခွန်းတောင်မပြောပဲ ဘယ်လိုလုပ် အပြင်မှာ ကစားနေနိုင်ရတာလဲ...“


သူမလေသံက ကဲ့ရဲ့ပြစ်တင်နေသကဲ့သို့ မဟုတ်ပေ။ယခင်ကသာ ဖြစ်ခဲ့လျှင် သူမက သူ့ကို ဆူပူကြိမ်းမောင်းပြီးလောက်ပြီဖြစ်သည်။ ယခုတွင် အတန်းပိုင်ဆရာမက ယင်းမင်ကျန်းအပေါ် ထင်မြင်ချက်များ ပြောင်းလဲသွားပြီဖြစ်သောကြောင့် သူမက သူ့ကို ပိုပြီး သည်းခံတတ်လာပြီဖြစ်သည်။


ဆရာဆရာမများက အမြဲတမ်း ထိုကဲ့သို့သာ ဖြစ်သည်။ သူတို့ ကျောင်းသားတစ်ယောက်ကို သဘောကျပါက ထိုကျောင်းသားအပေါ် သူတို့၏ သည်းခံနိုင်စွမ်းက မြင့်မည်ဖြစ်သည်။ သူတို့ကျောင်းသားတစ်ယောက်ကို သဘောမကျပါက ထိုကျောင်းသားအား အမြဲတမ်းလိုလို အပြစ် ရှာနေမည်ဖြစ်သည်။


ယင်းမင်ကျန်းက သူမပြောသမျှကို နားထောင်ပေးပြီး အတန်းပိုင်ဆရာမအား မေးလိုက်သည်။

“သူက ကျွန်တော် ကစားဖို့ အိမ်ကထွက်သွားတယ်လို့ ပြောတာလား...”


အတန်းပိုင်ဆရာမက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်လေ အဲ့လိုမျိုးပဲ မဟုတ်ဘူးလား...”


ယင်းမင်ကျန်းက သူ့နှုတ်ခမ်းများကို ကွေးလိုက်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် ခေါင်းခါလိုက်သည်။

“သေချာပေါက် အဲ့လို ဘယ်ဟုတ်ပါ့မလဲ...”


အတန်းပိုင်ဆရာမ အံ့ဩသွားပြီး စိုးရိမ်နေပုံရသည့် ကျိုးကျွမ်နှင့် မထူးဆန်းသည့်ပုံစံဖြင့် ယင်းမင်ကျန်းတို့ကို သူမ ကြည့်လိုက်သည်။ သူတို့နှစ်ယောက်အကြားတွင် တစ်ခုခု ဖြစ်ပျက်နေသည်ကို သူမ တဖြည်းဖြည်းချင်း ခံစားမိလာ ပြီး မျက်မှောင်ကြုတ်လိုက်သည်။


“ ဘာတွေဖြစ်နေတာလဲ အတိအကျပြောပြပါဦး... ”


ကျိုးကျွမ်က စကားစပြောတော့မည့် အချိန်မှာပင် ယင်းမင်ကျန်းက ကြားဖြတ်ပြီး ပြောလိုက်သည်။

“ကျွန်တော် သူနဲ့ ဆက်ဆံရေးကို ဖြတ်လိုက်ပါပြီ...”


ကျိုးကျွမ် ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာပေ။


အတန်းပိုင်ဆရာမလည်း အံ့ဩသွားပြီး ပြောစရာစကားမရှိ ဖြစ်သွားသည်။ သူမတင်မကဘဲ ရုံးခန်းထဲရှိ အခြား ဆရာ၊ဆရာမများလဲ အံ့ဩသွားကြသည်။


ယင်းမင်ကျန်း ဆေးရုံတက်ရခြင်းနှင့် သူ့မိဘများ၏ ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများအကြောင်း ကိစ္စတော်တော်များများကို သူတို့အားလုံး သိပြီးပြီ ဖြစ်သည်။


သို့သော်လည်း သူတို့သိထားသမျှက အကန့်အသတ်နှင့်သာဖြစ်သည်။ ယင်းချန်း၏လူသတ်မှုသတင်း ပေါ်ပေါက်လာပြီးနောက် သူ့မိသားစုအပေါ် ထားရှိသည့် သူ၏အပြုအမူအသေးစိတ်အချက်များလည်း လူသိရှင်ကြား ဖော်ထုတ်ခံလိုက်ရသည်။ သတင်းထောက်များက သူ၏ငွေကြေး အခြေအနေနှင့် သူ့သားကို သေခါနီးဖြစ်သည်အထိ ရိုက်နှက်ပြီး ဆေးဖိုးပေးရန် ငြင်းဆန်ခဲ့သည်များကို ဖော်ထုတ်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းမင်ကျန်းက သူ၏မွေးစားသားသာဖြစ်ပြီး သားအရင်း မဟုတ်ဟုဆိုသည့် သတင်းအသစ် ပေါ်ပေါက်လာသည်။


အတိုချုပ်ပြောရလျှင် ထိုမိသားစုက ထူးဆန်းလွန်းလှသည်။


ရလဒ်အနေနှင့် ယင်းမင်ကျန်းအပေါ် ဆရာများ၏အမြင်က သိသိသာသာ ပြောင်းလဲသွားသည်။ ယင်းမင်ကျန်း၏ အတိတ်က အပြုအမူများကို ခွင့်လွှတ်ပေးရန်အတွက် သူတို့ အချိန်အကြာကြီးမယူခဲ့ရပေ။


သို့သော်လည်း တခြားသူများ၏အမြင်တွင်တော့ သင့်မိဘက ဘယ်လောက်ဆိုးဆိုး မိဘသာဖြစ်သည်။ အထူးသဖြင့် မွေးစားမိဘများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က အစကပင် ကလေးကို ခေါ်လာရန် တာဝန်မရှိခဲ့ပေ။ 

(T/N ပြောချင်တာက ကိုယ့်ကလေးမဟုတ်လို့ မဖြစ်မနေ တာဝန်ယူရတာမျိုးမဟုတ်ပဲ ချစ်လို့ ခေါ်မွေးစားပြီး ပျိုးထောင်ပေးခဲ့တာပါတဲ့) 


ကိုယ့်ကလေးကို ကိုယ် ပြုစုပျိုးထောင်ပေးခြင်းက ကိစ္စကြီးတစ်ခု မဟုတ်သော်လည်း တခြားသူ၏ကလေးကို ပြုစုပျိုးထောင်ပေးခြင်းကမူ လေးစားထိုက်သည့် ကြီးမားသော မျက်နှာသာပေးမှုပင် ဖြစ်သည်။


ထို့ကြောင့်ပင် ယင်းချန်းနှင့် ကျိုးကျွမ်တို့က မိဘကောင်း မဟုတ်လျှင်ပင် သူ၏မိဘများသာဖြစ်သည်။

ယင်းချန်းက ယင်းမင်ကျန်းအတွက် လက်စားချေပေးခဲ့သတယ်မဟုတ်ဘူးလား...သူ့ကြောင့် လူတောင်သတ်ခဲ့သေးတာ...


ကျိုးကျွမ်ကလည်း သင့်တော်သည့် အမေတစ်ယောက်မဟုတ်သော်လည်း သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည့် မိန်းမတစ်ယောက် ဖြစ်နေဆဲပင်ဖြစ်သည်။


သူတို့ အတူတူ နေထိုင်ပြီး ဘဝကို ဆက်လက် ဖြတ်သန်းကြမည်ဟု လူတိုင်းက ထင်ထားခဲ့သည်။


သူတို့ ဆက်ဆံရေးဖြတ်တောက်လိုက်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။


ဆယ့်ငါးနှစ်အရွယ်ကောင်လေးက သူ့မိဘနဲ့ ဘယ်လိုများ ဆက်ဆံရေးဖြတ်တောက်နိုင်ရတာလဲ...


အနာဂတ်မှာ သူဘယ်လို နေထိုင်စားသောက်မလဲ...


ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ကို မွေးစားချင်မည့်သူ ကမ္ဘာပေါ်တွင် များများစားစား မရှိနိုင်လောက်ပေ။ကလေးက အသက်အရမ်းကြီးလွန်းနေလျှင်သူတို့နဲ့တွယ်တာရန် ခက်ခဲပေလိမ့်မည်။ 

ပြီးတော့ ယင်းမင်ကျန်းလို ခေါင်းမာတဲ့ကလေးမျိုးကို ဘယ်သူကများ မွေးစားချင်ပါ့မလဲ...


သူ့မိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ချင်ပါက သူအရွယ်ရောက်သည့်အချိန်မှသာ လုပ်သင့်သည်ဟု လူတိုင်းက ခံစားလိုက်ရသည်။ ယခု ဆက်ဆံရေးဖြတ်လိုက်ခြင်းက ယင်းမင်ကျန်းအတွက် အန္တရာယ်များသည်ဟု သူတို့ခံစားနေရသည်။


“မင်ကျန်း အရမ်း စိတ်တိုမနေပါနဲ့...”

အတန်းပိုင်ဆရာမက အကြံပြုသည်။


ယင်းမင်ကျန်း အသံထွက်ပြီးရယ်လိုက်သည်။ သူက အပြုံးအရယ် နည်းသော်လည်း သူရယ်လိုက်သည့်အခါတွင်မူ ရင်သက်ရှုမောဖွယ်ဖြစ်သည်။ သူက ကျိုးကျွမ်ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။


“ခင်ဗျား အချိန်မှီရောက်လာတာပဲ အခုဒီမှာပဲ ရှင်းရှင်းလင်းလင်း ပြတ်စဲလိုက်ရအောင်...ဆရာမတွေကို သက်သေအဖြစ်ထားလိုက်ကြမယ်... ကျွန်တော့်ကို ဘယ်တော့မှထပ်ပြီးမနှောင့်ယှက်နဲ့တော့ ကျွန်တော်လဲ ဘယ်တော့မှ ခင်ဗျားကို လာကြည့်မှာမဟုတ်ဘူး...”


ကျိုးကျွမ် စိတ်ပူလာသည်။ သူမက လက်ထဲရှိ သရေစာများကို မြှောက်ပြပြီး ပြောလိုက်သည်။

“မင်ကျန်း၊ဒီကိုကြည့်ပါဦး ငါမင်းအတွက် ပစ္စည်းတွေ အများကြီးဝယ်လာတယ်လေ အမေ့ကို ခွင့်လွှတ်ပေးနိုင်မလား...”


ယင်းမင်ကျန်းက သူမကိုမလှုပ်မယှက် စိုက်ကြည့်နေသည်။

”အရင်တုန်းကတော့ ခင်ဗျားကျွန်တော့ကို အခုလိုပစ္စည်းတွေ ဝယ်မပေးဖူးပါဘူး အခုတော့ ဒါတွေကို ကျွန်တော် မလိုတော့ဘူး...”


သူမ ယူလာသည့်ပစ္စည်းများက သေချာပေါက် ယွမ်အနည်းငယ်ထက် ပို၍တန်ဖိုးမရှိပေ။ ယခင်က ထိုသို့ပစ္စည်းများကိုပင် သူမက သူ့ကို တစ်ခါမှ မဝယ်ပေးခဲ့ဖူးပေ။ သူမက ချစ်ခင်မှုကိုပင် ထုတ်ပြခဲသူ ဖြစ်သည်။ ယခုတွင်မူ သူမက မရိုးမသားနှင့် ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ထိုပစ္စည်းများကို လာကမ်းလှမ်းနေသည်။ ထိုအရာက သူ့ကို ပို၍ ရွံရှာလာစေသည်။


ယင်းမင်ကျန်းက သူ့အတန်းပိုင်ဆရာမကို ပြောလိုက်သည်။

”ဆရာမ ကျွန်တော်ဆရာမကို အမှန်အတိုင်းပဲ ပြောပြပါ့မယ်...ကျွန်တော် သူ့ကို အကြွေးတင်နေတာအကုန်လုံးကို ပြန်ဆပ်ပြီးပါပြီ... သူက ကျွန်တော့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးခဲ့တော့ သူနဲ့ ရေစက် မဖြတ်သင့်ဘူးလို့ ဆရာမ ထင်ရင်ထင်နေလိမ့်မယ်...ဒီနေ့တော့ နားလည်မှုလွဲနေတဲ့အရာအားလုံးကို ကျွန်တော်သေချာ ရှင်းအောင် ပြောပြပါ့မယ်...”


“အစားအသောက်၊အဝတ်အထည်နဲ့ နေစရာနေရာအကြောင်းကို အရင်ပြောလိုက်ပါ့မယ်...ကျွန်တော့်မှာ ဘယ်တုန်းကမှ နေစရာ ကိုယ်ပိုင်အခန်းမရှိခဲ့ဖူးဘူး...ကျွန်တော်က တိုက်ခန်းရဲ့ အခန်းကန့်ထားတဲ့ နေရာသေးသေးကျဉ်းကျဉ်းလေးထဲမှာပဲ နေရတယ်... ကျွန်တော့်အခန်းက တိုက်ခန်းရဲ့ တစ်ခုတည်းသော ဝရံတာရှိတဲ့အခန်းဖြစ်လို့ လူတိုင်းရဲ့လျှော်ထားတဲ့အဝတ်တွေကို အခြောက်ခံ(လှန်း)တဲ့နေရာဆိုလည်းဟုတ်တယ်... ဆောင်းတွင်းမှာဆို အရမ်းအေးပြီး နွေရာသီမှာဆို အရမ်းပူတယ်...


ကျွန်တော်စားခဲ့ရတာတွေက စင်ပေါ်က စျေးအပေါဆုံးဟာတွေပဲ...ကျွန်တော်ဝတ်ခဲ့ရတဲ့ အဝတ်အစားတွေရဲ့တစ်ဝက်က အမှိုက်ပုံထဲက ကောက်လာတာတွေ ကျန်တဲ့ဟာတွေက ယွမ်ငါးဆယ်ထက် မပိုဘူး...”


“ကျွန်တော့်ရဲ့ ပညာရေးအတွက်ကျတော့ ကျွန်တော်တို့မှာပိုက်ဆံမရှိလို့ ကျွန်တော် မူကြိုမတက်ခဲ့ရဘူး... ကျွန်တော်မူလတန်းတက်ခဲ့ရတာကလဲ အဲ့ဒါက အလကားဖြစ်ပြီး ရပ်ကွက်ကော်မတီက သူတို့ကို သတိပေးလို့...ကျွန်တော် အလယ်တန်းရောက်တော့လဲ ယင်းချန်းက ကျွန်တော်က အမြဲတမ်း ပိုက်ဆံတွေဖြုန်းတီးနေတယ်လို့ပြောတယ်... ကျွန်တော့်အဆင့်တွေက မကောင်းလို့ သူက ကျောင်းထွက်စေချင်တယ်...”


“ကျွန်တော် ကလေးဘဝတည်းက အိမ်ရဲ့ချက်ပြုတ်ရေးနဲ့သန့်ရှင်းရေးကို အကုန်လုပ်ရတယ်...ယင်းချန်းအမြဲတမ်းလုပ်တတ်တာက အရက်သောက်တာ တစ်ခုပဲ... သူက အိမ်ကိုအမှိုက်ဖွပြီးတော့ တစ်အိမ်လုံးကလည်း အရက်နံ့အပြည့်ဖြစ်နေတာ... ကျိုးကျွမ်က ပိုက်ဆံရဖို့ တစ်နေ့လုံး အလုပ်လုပ်နေတာဆိုတော့ အိမ်နဲ့ပတ်သက်တဲ့အရာအားလုံးကို ကျွန်တော်ပဲ တာဝန်ယူရတယ်...”


“ယင်းချန်း အရက်မူးလာတိုင်း လူကိုရိုက်တတ်တယ်ဆိုတာကို လူတိုင်းသိတယ် ကျွန်တော်က ကျိုးကျွမ်ကို ကူညီတဲ့အခါတိုင်း ဒဏ်ရာရတယ်... ကျွန်တော့်မျက်နှာမှာ ဒဏ်ရာတွေနဲ့ကျောင်းကိုရောက်လာတော့ ကျွန်တော်က တခြားသူတွေနဲ့ရန်ဖြစ်ခဲ့တယ်လို့ အထင်လွဲခံရတယ်... ဆရာမ ကျွန်တော် အမှန်အတိုင်းပဲပြောပြမယ် ကျွန်တော့်ဘဝတစ်လျှောက်လုံး ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး... ကျွန်တော်ရခဲ့တဲ့ဒဏ်ရာတွေက ယင်းချန်းကြောင့်ပဲ...”


“ပိတ်ရက်တိုင်း ကျွန်တော်လမ်းပေါ်က ကတ္ထူစက္ကူတွေနဲ့ပုလင်းခွံတွေကောက်ပြီး အမှိုက်စုဆောင်းတဲ့နေရာမှာ ပိုက်ဆံနဲ့လဲတယ်...ကျိုးကျွမ် တာဝန်တွေပေါ့အောင်လို့‌...”


“ကျွန်တော့်မှာစာကျက်ဖို့ အချိန်မှမရှိတာ ကျွန်တော့်အဆင့်တွေ ကျမှာပေါ့...”


“ထပ်ပြောရရင် ယင်းချန်းကအမြဲတမ်း လူကိုရိုက်ပြီး ကျိုးကျွမ်က အမြဲတမ်း ငိုနေတတ်တယ်... သူအရိုက်ခံရတဲ့အခါတိုင်း ကျွန်တော့်အခန်းထဲကိုပြေးဝင်လာပြီး အကူအညီတောင်းတတ်တယ်... သူမ တစ်ခုခုကို စိတ်ပျက်ရင် ကျွန်တော့်ကို နာရီဝက်တစ်နာရီလောက် ဆူပူပြီး ဒေါသဖြေတတ်တယ်...ဒါက အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာပဲ...”


“ကျွန်တော် ဒီမိသားစုကနေရတာဆိုလို့ တစ်ခုလေးတောင်မရှိဘူး...ပြောရမယ်ဆိုရင် သူတို့ကျွန်တော့်ကို မမွေးစားတာကမှ ပိုတောင်ကောင်းဦးမယ်... ကျွန်တော်ဆေးရုံရောက်သွားရတဲ့ အဓိက အကြောင်းပြချက်ကလဲ ကျိုးကျွမ်ကို ယင်းချန်းလက်ကနေ ကာကွယ်လိုက်လို့ပဲ... ကျွန်တော် သေလုမျောပါးအရိုက်ခံခဲ့ရတာကိုတောင်မှ သူတို့က ယွမ်တစ်သိန်းအ

တွက်နဲ့ကျွန်တော့်ကို စွန့်ပစ်ခဲ့ကြသေးတယ်...သူတို့က ဘာတာဝန်မှမယူပေးခဲ့ကြဘူး...”


“ကျွန်တော်က ဒီလိုမိဘတွေနဲ့အတူတူဆက်နေဖို့ ဆရာမက ပြောချင်သေးတာလား...ဘာလို့ ဒီဆက်ဆံရေးကို ကျွန်တော် မဖြတ်နိုင်ရမှာလဲ...”