Chapter 48
သူမွေးကတည်းက လူစားလဲခံလိုက်ရတယ်ဆိုတာ ပေါ်လာပြီ
ယင်းမင်ကျန်းက သူဖြတ်သန်းခဲ့ရသည့် ကိစ္စတိုင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရှင်းလင်းစွာ ရှင်းပြလိုက်သည်။ သူ့သဘောထားက ရင့်ကျက်ပြီးတည်ကြည်သည်။ ယခင်တုန်းက ယင်းမင်ကျန်းက သူ့ကို နားလည်မှုလွဲခြင်းများကို တစ်ခါမှ ရှင်းမပြခဲ့ပေ။ သူ့မျက်နှာတွင် အညိုအမဲများစွဲနေမည်ဆိုလျှင်ပင် မိသားစုအကြောင်းကို ထုတ်မပြောခဲ့ဘူးပေ။
လူတိုင်းက ထိုကိစ္စများကို အနည်းငယ်ခန့်ကြားဖူးကြပြီး အမှန်တကယ်ပင် အနည်းငယ်ကိုသာသိသည်။
သို့သော်လည်း သူတို့တွေးမိသည်ထက်ပင် ပို၍ ရက်စက်မည်ဟု သူတို့ မမျှော်လင့်ခဲ့မိကြပေ။
ဒါကို မွေးစားတယ်လို့တောင် ခေါ်လို့ ရပါ့မလား...
သေချာပေါက် ကလေးသူငယ် အကြမ်းဖက်တာပဲ... ခွေးတစ်ကောင်ကတောင် သူ့ထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခံရနိုင်သေးတယ်...
သူက ကလေးပဲ ရှိသေးတာလေ... သူတို့ သူ့ကို ဘယ်လိုတောင် ဆက်ဆံနိုင်ရတာလဲ...
ဆရာမများအားလုံး အံအားသင့်သွားကြသည်။အတန်းပိုင်ဆရာမလည်း ပါးစပ်အဟောင်းသားဖြင့် သူ့မျက်နှာပေါ်တွင် မယုံနိုင်သလို ဖြစ်နေသည်။
“ဒါ အမှန်တွေပဲလား...”
ယင်းမင်ကျန်း ပြုံးလိုက်သည်။ ထို့နောက် သူက ကျိုးကျွမ်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“ဘာလို့ မပြောပြလိုက်တာလဲ...ကျွန်တော်ပြောခဲ့တာတွေက အမှန်တွေလားဆိုတာကို...”
ကျိုးကျွမ် စကားပြောရန်ပြင်လိုက်သည်။ သူမက သူ့ကို ပြန်လည်ချေပပြောဆိုချင်သော်လည်း ယင်းမင်ကျန်း၏လှောင်ပြောင်နေသည့်အကြည့်များကိုတွေ့လိုက်ရသည်နှင့် စကားလုံးများက သူမလည်ချောင်းအတွင်းမှာပင် ပိတ်ဆို့သွားခဲ့သည်။
ယင်းမင်ကျန်းသာ ယခုကဲ့သို့ အရာအားလုံးကို ထုတ်မပြောပြခဲ့လျှင် သူမနှင့်ယင်းချန်းက မည်မျှဒေါသထွက်စရာကောင်းနေကြောင်းကို သူမ မည်သည့်အခါမှ သိမည်မဟုတ်ပေ။
သူမကသာ အနှိပ်စက်ခံနေရသောကြောင့် သူမကသာ အမြဲတမ်းနစ်နာသူဖြစ်သည်ဟု ခံစားခဲ့ရသည်။ သူမက ယင်းမင်ကျန်းကို အတတ်နိုင်ဆုံး ကောင်းကောင်းဆက်ဆံခဲ့သည်ဟု ထင်ခဲ့မိသည်၊ ကိုယ်တ်ိုင်က မယုံနိုင်လောက်အောင် လွန်လွန်းပြီး ရွံစရာကောင်းသည် ယခု အချိန်မှသာ သူမ သဘောပေါက်သွားခဲ့သည်။
ကျိုးကျွမ် ငိုချလိုက်မိသည်။
သူမ မှားယွင်းတွက်ချက်ခဲ့မိသွားသည်။ ယင်းမင်ကျန်းကိုရှာရန် ကျောင်းသို့လာခဲ့မိသည်ကို ပင် သူမနောင်တရသွားသည်။ ယင်းမင်ကျန်းက လုံးဝ စိတ်မပြောင်းသွားခဲ့သည့်အပြင် သူမက မည်သည့်လူမျိုးဖြစ်ကြောင်းကို ဖော်ထုတ်လိုက်ပြီး အမှန်တရားဖြင့် အရှက်ခွဲခဲ့သေးသည်။
ဘာလို့များ ဒီလို ဖြစ်လာရတာလဲ...
ယင်းမင်ကျန်းက ယခင်တုန်းက ထိုကဲ့သို့သောလူမျိုးမဟုတ်ပေ။
သူမ သူ့ကို နည်းနည်း ချော့လိုက်သည်နှင့် သူပြန်လာလိမ့်မည်ဟု သူမ တွေးထားမိခဲ့သည်။
ယင်းမင်ကျန်း၏အသံက အလွန့်အလွန်ကို အေးစက်နေသည်။
“ခင်ဗျားပစ္စည်းတွေကိုယူပြီး သွားတော့...ကျွန်တော့်ရှေ့မှာ နောက်ဘယ်တော့မှ ထပ်ပေါ်မလာနဲ့တော့... ”
ကျိုးကျွမ်၏မျက်နှာက ဖြူဖျော့လာသည်။
ယင်းမင်ကျန်းက သူ့မျက်လုံးများကို မှေးပြီးကြည့်လိုက်သည်။
“ခင်ဗျားကျွန်တော့်ရှေ့မှာပေါ်လာဦးမယ်ဆိုရင် ဒီအကြောင်းတွေကို ခင်ဗျားရဲ့မွေးရပ်မြေကလူတိုင်းကို ကျွန်တော်ပြောပြလိုက်မယ်...”
“မပြောရဘူး...”
ကျိုးကျွမ်က ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
သူမမျက်နှာပေါ်ရှိ ကြောက်လန့်နေသည့်အကြည့်က ရုံးခန်းထဲရှိလူတိုင်းကို အံ့ဩသွားစေခဲ့သည်။
ထိုအရာကို သူမ အဘယ့်ကြောင့် ထိုမျှလောက်အထိကြောက်နေသည်ကို ယင်းမင်ကျန်း နားမလည်နိုင်ပေ။ ကျိုးကျွမ်က ယင်းချန်းထောင်ကျသွားသည်နှင့် သူမ ညှင်းပန်းနှိပ်စက်ခံရသည်တို့ကို လုံးဝမကြောက်လန့်သော်လည်း သူမ၏မိသားစုများက သူမသူဌေးနှင့် အိမ်ထောင်ကျသွားသည် မဟုတ်မှန်း သိသွားမည်ကိုတော့ ကြောက်သည်။
ရယ်စရာကောင်းပြီး အရမ်းထူးဆန်းလွန်းလှသည်။
ကျိုးကျွမ်က ထိုနေရာတွင် ဆက်နေရန် အားမရှိတော့ပေ။သူမ၏ အထုပ်များကို ဆွဲယူပြီး ရုံးခန်းထဲမှ ထွက်လာလိုက်သည်။ သူမက ငိုရင်း ပြေးထွက်သွားပြီး သူတို့ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
လူတိုင်းက အံ့အားသင့်နေရာမှ ပုံမှန်ပြန်ဖြစ်လာရန် အချိန်အကြာကြီးယူလိုက်ရသည်။
ယင်းမင်ကျန်း၏ အမူအရာက တည်ငြိမ်နေသည်။
“ဆရာမ ဒါဆို ကျွန်တော်အတန်းထဲကို အရင်ပြန်သွားနှင့်လိုက်ပါတော့မယ်...“
သူ့အပြုအမူက အေးစက်ပြီး ယခင်ကကဲ့သို့ပင်ဖြစ်ကာထူးခြားမနေပေ။ လူတွေက သူ့အပေါ်ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ၊ သူ့ကို ကိုယ်ချင်းစာသည်ဖြစ်စေ မထီမဲ့မြင်ပြုသည်ဖြစ်စေ အရေးမကြီးဘူးဟု တွေးနေသကဲ့သို့ဖြစ်သည်။ သူနှင့် ဘာမျှမသက်ဆိုင်သကဲ့သို့ ပြုမူနေခဲ့သည်။
သူရုံးခန်းထဲမှ အေးအေးဆေးဆေးထွက်ခွာလာခဲ့ပြီး အံဩနေသည့် ဆရာမများကို ချန်ထားရစ်ခဲ့သည်။
ယင်းမင်ကျန်း အတန်းထဲသို့ပြန်ရောက်လာသည်နှင့် ရှုနဉ်က သူ့ကိုစိုးရိမ်တကြီးမေးလိုက်သည်။
“ကျိုးကျွမ်က မင်းကို ဘာလို့လာတွေ့တာလဲ...”
ယင်းမင်ကျန်းခေါင်းခါလိုက်သည်။
“ဘာမှမဟုတ်တော့ပါဘူး...ငါသူ့ကို ပြန်လွှတ်လိုက်ပြီ...”
သို့သော်လည်း ကျောင်းဆင်းသည်နှင့် အတန်းထဲမှ ပြေးထွက်တော့မည့်ရှုနဉ်ကို ယင်းမင်ကျန်းတားလိုက်သည်။
“ဒီနေ့ ငါလုပ်စရာရှိသေးတယ်...”
ရှုနဉ်က မေးလိုက်သည်။
“ဘာလုပ်မှာလဲ...”
ယင်းမင်ကျန်းက ဘာမှ မပြောပေ။
စာသင်ခန်းထဲတွင် ကျောင်းသားများရှုပ်ရှက်ခတ်ပြီး ပြည့်နှက်နေသည်။
ထိုနေရာတွင်ရပ်နေသည့် ဗီလိန်လေးက Gif ထဲတွင်ရေးဆွဲထားသည့် ရုပ်ငြိမ်ပုံစံလေးနှင့်တူနေသည်။
ရှုနဉ်က သူ့ရဲ့တိတ်ဆိတ်ခြင်းနှင့် အသားကျနေပြီဖြစ်သည်။ သူ ဘာမှမပြောချင်သောကြောင့်ဖြစ်မှန်း သူသိသောကြောင့် မတတ်နိုင်ဘဲ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ အရမ်းနောက်မကျစေနဲ့ဦး...”
အမှန်အတိုင်းပြောရလျှင် သူမေးရသည့်အကြောင်းရင်းက ယင်းမင်ကျန်း သူအိမ်မှထွက်လာခြင်းကို နောင်တရနေမည်အား စိုးရိမ်သောကြောင့်ဖြစ်သည်။ ယင်းမင်ကျန်း ကျိုးကျွမ်ဆီသို့ ပြန်သွားမည်ကို သူစိတ်ပူနေသည်။
ဒါပေမဲ့ ယင်းမင်ကျန်းက တကယ်ကြီးပြန်မသွားချင်ဘူးဆိုရင် သူဘာလုပ်မလို့လဲ...
သူက ယင်းမင်ကျန်းကို ချည်နှောင်ထား၍ မရသကဲ့သို့ ထွက်သွားခွင့်လည်း မပြုနိုင်ပေ။ ဥပဒေအရဆိုလျှင် ကျိုးကျွမ်က ယင်းမင်ကျန်း၏တရားဝင်အုပ်ထိန်းသူဖြစ်သည်။လူတိုင်း၏အမြင်တွင်လည်း ကျိုးကျွမ်က ယင်းမင်ကျန်းကို ဆယ့်ငါးနှစ်လုံးလုံးစောင့်ရှောက်ခဲ့သူဖြစ်သည်။
ယင်းမင်ကျန်း ယခု နောင်တရနေသည်မှာ အထူးအဆန်းမဟုတ်ပေ။
ရှုနဉ်က ဝမ်းနည်းပြီးအနည်းငယ် စိတ်ပျက်သလို ခံစားလိုက်မိသော်လည်း ယင်းမင်ကျန်း၏ရွေးချယ်မှုကို သူနားလည်သည်။ ချစ်သူ ၊သူငယ်ချင်းစသည်တို့နှင့် အမေက မတူညီပေ။ လူများက ချစ်ကျွမ်းဝင်ပြီးနောက် ပြတ်စဲတတ်ကြသော်လည်း သူတို့မိဘများနှင့် ပြတ်စဲတတ်သည့်သူ ရှားပါးလွန်းလှသည်။
အွန်လိုင်းပေါ်တွင် သူတို့၏အကြမ်းဖက်တတ်သောမိသားစု သို့မဟုတ် ရိုင်းစိုင်းယုတ်မာသည့် အမျိုးမိသားစုများအကြောင်း ညည်းညူနေကြသူများရှိသည်။ သူတို့ ထိုမိသားစုများနှင့် ဆက်ဆံရေးပြတ်စဲမည်ဟုပြောတတ်ကြပြီး အမှန်တကယ်လည်း ပြတ်စဲချင်တတ်သည်။ သို့သော်လည်း အမှန်တကယ်ပြတ်စဲနိုင်သူများကတော့ ရှားပါးလွန်းလှသည်။
မိဘများက ငိုယိုကာ တောင်းပန်နေသရွေ့ သူတို့က သူတို့မိသားစုဆီသို့ ပြန်သွားကြမည်သာဖြစ်သည်။ ထို့နောက်တွင် သူတို့က ထပ်မံအကြမ်းဖက်ခံရပြီး အဆုံးမရှိသည့်နာကျင်မှုစက်ဝန်းထဲသို့ ပြန်လည်ကျရောက်သွားမည်ဖြစ်သည်။
မိသားစုက အကြမ်းဖက်၊အေးစက်ပြီး လျစ်လျူရှုခြင်းများ ပို၍ပြုလုပ်လေလေ ကလေးများက ချစ်ခင်ခံရမှုကို ပို၍တောင့်တလေလေ ဖြစ်သည်။ အဆုံးသတ်တွင် မိမိကိုယ်ကို ထိန်းကျောင်းသွားနိုင်သူများထက် အမဲစက်ထင်ပြီး ပျက်စီးသွားသည့် ကလေးများက ပိုများသည်။
ယင်းမင်ကျန်းက လွယ်အိတ်ကိုလွယ်ပြီး ထွက်သွားလေသည်။
နောက်ဆုံးတွင်တော့ ရှုနဉ်လည်း သည်းမခံနိုင်တော့ဘဲ သူ့နောက်မှ အော်ဟစ်လိုက်သည်။
“ယင်းမင်ကျန်း...”
ယင်းမင်ကျန်းလှည့်ကြည့်လိုက်သည်။
အခြားကျောင်းသားများအားလုံးက အတန်းတံခါးဝတွင် စုပြုံနေကြပြီး ခဏအကြာတွင် အကုန်လုံးထွက်သွားကြသည်။
ရှုနဉ်၏အသံက မျှော်လင့်ချက်အပြည့်နှင့်ဖြစ်သည်။
“ငါမင်းကို အိမ်မှာစောင့်နေမယ် ညစာအတူတူစားကြရအောင်...”
ယင်းမင်ကျန်း ပြုံးလိုက်သည်။ သူက ချောမောပြီးသားဖြစ်သော်လည်း ပြုံးလိုက်သည်နှင့် ရင်သပ်ရှုမောဖွယ်ဖြစ်သွားသည်။
“အင်း...”
သူခေါင်းညိတ်လိုက်သည်။
ရှုနဉ်သက်ပြင်းချလိုက်သည်။
သူအိမ်ပြန်လာပြီး ညစာစားဖို့ ကတိပေးတယ်ဆိုကထဲက သူကျိုးကျွမ်ဆီကို ပြန်မသွားတော့လောက်ဘူးပေါ့...ဟုတ်တယ်မလား...
“ရှုနဉ် မြန်မြန်လာလေ မင်းဘာတွေ စောင့်နေတာလဲ...”
ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က သူ့ကို အော်ခေါ်လိုက်သည်။
ရှုနဉ်က ဗီလိန်လေး၏နောက်မှ အတန်းထဲက လိုက်ထွက်လာပြီး ဗီလိန်လေး၏ လည်ပင်းသွယ်သွယ်လေးကို စိတ်လွတ်လက်လွတ် ကြည့်နေမိသည်။
“ဟေး မင်းအခု အဲ့ဒီမှာရပ်နေတာ ရက်တော်တော်ကြာနေပြီ...ငါတို့က မင်းသူငယ်ချင်းမဟုတ်တော့လို့လား ဟမ်...”
လုံချောင်က သူ့ပုခုံးကို လက်မောင်းဖြင့် ဆွဲဖက်လိုက်သည်။
“မင်းမှာဘာကိစ္စပဲရှိရှိ ဒီနေ့တော့ ငါတို့နဲ့ဂိမ်းနည်းနည်းဆော့ပေးရမယ်...”
ဝမ်ရှန်ရှန်ကလည်း ဟာသဝင်လုပ်လိုက်သည်။ သူ့လည်ချောင်းကို ညှစ်ပြီး အမြင့်သံတိုးတိုးဖြင့်ပြောလိုက်သည်။
“ကောကောငါတို့ကို မစွန့်ပစ်လိုက်ပါနဲ့...”
ရှုနဉ်က သူတို့နှစ်ယောက်ကို မျက်လုံးပြူးပြလိုက်သည်။
“သွားကြရအောင်...”
အင်တာနက်ကဖေးဆိုင်၏ ပတ်ဝန်းကျင်အနေအထားက ကောင်းမွန်လှသည်။ သူတို့က ဘေးချင်းကပ်ကွန်ပြူတာသုံးလုံးကိုယူလိုက်ပြီး “Battle Elites “ဂိမ်းကိုဖွင့်လိုက်ကြသည်။ တချိန်လုံးလိုလို ရှုနဉ်က ဗီလိန်လေးဆီသို့စိန်ရောက်ကာ ပူပန်နေသည်။ ဗီလိန်လေးက ကျိုးကျွမ်ဆီသို့ပြန်သွားမည်ကိုသာ စိတ်ပူနေသောကြောင့် သူ့ဂိမ်းစွမ်းရည်များ ကျဆင်းနေပြီး ဝမ်ရှန်ရှန်နှင့် လုံချောင်တို့၏ စောဒက တတ်ခြင်းကိုခံလိုက်ရသည်။
“ကောကော မင်းဘာဖြစ်နေတာလဲ ငနုတွေကစားတာတောင် မင်းထပ်သာတယ်...”
“ကြည့်လိုက် ဒါတွေအကုန်လုံးက ငါတို့နဲ့မကစားတဲ့ မင်းရဲ့အမှားပဲ... တစ်ချိန်လုံး ယင်းမင်ကျန်းအနားမှာပဲ နေနေလို့ မင်းဒါကိုပြန်ရလိုက်တာပဲ...မင်းတော့ သေတဲ့အထိ အရိုက်ခံရတော့မယ်...”
ရှုနဉ်က အမြန်တောင်းပန်လိုက်ပြီး သူတို့ပြန်အနိုင်ရအောင် ကူညီပေးရန် အာရုံစိုက်ထားလိုက်သည်။
နှစ်ခေါက်ကစားအပြီးတွင် သူတို့သုံးယောက်လုံး ယနေ့အတွက် ကစားခြင်းကိုရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြသည်။ထိုအရာက သူတို့သုံးယောက်၏ပြောစရာမလိုသည့် သဘောတူညီမှုဖြစ်သည်။ သူတို့ အချိန်အကြာကြီးကစားပါက သူတို့အိမ်ပြန်ရောက်သည်နှင့် သေချာပေါက် အရိုက်ခံရမည်ဖြစ်သည်။ သုံးကြိမ်နှစ်ကျော့ ကစားပွဲက ပုံမှန်အားဖြင့် တစ်နာရီခန့်ကြာ၍ သူတို့ အချိန်မှီ အိမ်ပြန်ရောက် ရမည်ဖြစ်သည်။
သူတို့လမ်းခွဲပြီးသည်နှင့် ရှုနဉ်က လုံချောင်ကို ရပ်ကွက်ထဲ ပြန်ဆွဲခေါ်လာခဲ့သည်။ လုံချောင်က လမ်းတစ်ဝက်တွင် သူ့အမေဆီသို့ပြေးသွားပြီး သူ့ကိုယ်သူ အပြစ်တင်လုနီးပါဖြစ်နေသည်။
“ကျေးဇူးပါ ရှုကောငါတို့သာ အကြာကြီး နေလိုက်မိရင် ငါတော့ သွားပြီ...”
ထို့နောက် လုံချောင်နှင့် သူ့အမေတို့ ရပ်ကွက်ထဲသို့ ဦးတည်သွားကြသည်။
ရှုနဉ်၏နှလုံးသားက လေးလံနေပြီး စိတ်ပူနေသည်ကို မရပ်တန့်နိုင်ပေ။ သူလေးလွှာသို့မတက်မီ လှေကားနားတွင် ခဏလောက် တွေဝေနေမိသည်။ ထို့နောက်သူက အခန်းနံပါတ် ၄၀၄ကို သူခိုးတစ်ယောက်ကဲ့သို့ ချောင်းကြည့်လိုက်သည်။
အခန်းတံခါးက ပိတ်ထားသည်။
ရှုနဉ်စိတ်ထဲတွင် မယုံနိုင်လောက်အောင်ရှုပ်ထွေးနေသည်။သူဆယ့်နှစ်လွှာသို့ ဓါတ်လှေကားခလုတ်ကို မနှိပ်မိခင် အချိန်ဆယ့်ငါးမိနစ်ခန့် လှေကားနားတွင် ရပ်နေမိသည်။
စိတ်ဖိစီးလျက်ဖြင့် သူအိမ်သို့ ပြန်လာခဲ့သည့်အခါ တံခါးကိုဖွင့်လိုက်သည်နှင့် ဆူပူသံကို ကြားလိုက်ရသည်။
“မင်းဘယ်တွေသွားနေတာလဲ...”
ရှုနဉ်မော့ကြည့်လိုက်သောအခါ ချိုက်ချင်က ဧည့်ခန်းထဲမှ ခါးထောက်ပြီး ဒေါသတကြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်ကျန်းက အိမ်ပြန်ရောက်တာ ကြာလှနေပြီ သူက ငါဟင်းချက်တာရော သန့်ရှင်းရေးလုပ်တာရော အားလုံးကို ကူညီပေးတယ်...မင်းကရော မင်းဘယ်တွေလျှောက်သွားပြီး အရူးလုပ်နေတာလဲ...”
ရှုနဉ် မလှုပ်မယှက် ဖြစ်သွားသည်။ ထို့နောက် သူရုတ်တရက်ကြီး ဧည့်ခန်းဘက်သို့ခေါင်းလှည့်ကြည့်လိုက်သည်။
ယင်းမင်ကျန်းက သန့်ရှင်းသည့် ပန်းကန်လုံးတစ်လုံးကို သယ်၍မီးဖိုချောင်ထဲမှ ထွက်လာသည်။ သူက ပန်းကန်လုံးနှင့် တူတစ်စုံကို နေရာချလိုက်ပြီး သူ့ကိုခေါင်းညိတ်ပြလိုက်သည်။
ရှုနဉ် ရင်ခုန်သွားမိပြီး ခပ်တိုးတိုးပြောလိုက်သည်။
“မင်ကျန်း မင်းပြန်လာပြီလား...”
“သူပြန်ရောက်တာ နှစ်ပေါင်းများစွာကြာနေပြီ...”
ချိုက်ချင်က သူ့ကို စိုက်ကြည့်လိုက်သည်။
“မင်းဘာလို့ အဲ့ဒီနေရာမှာရပ်နေသေးတာလဲ ညစာစားဖို့ဆေးကြော ပြင်ဆင်တော့လေ...”
ရှုနဉ်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ထိုအပြုံးက တမျက်နှာလုံး ပျံ့နှံ့သွားသည်။ သူ့ရှူးဖိနပ်ကိုအမြန်ချွတ်လိုက်ပြီး အိမ်တွင်းစီးဖိနပ်ကိုစီးလိုက်သည်။ ထို့နောက်သူ့အခန်းထဲသို့ပြေးဝင်ပြီး ကျောင်းလွယ်အိတ်ကိုပစ်ချလိုက်ကာ ညစာစားပွဲတွင် ပျော်ရွှင်စွာဝင်ထိုင်လိုက်သည်။
“မင်ကျန်း ပိုစားနော်...”
ချိုက်ချင်က ယင်းမင်ကျန်း၏ပန်းကန်ထဲသို့ အစားအစာများထည့်ပေးပြီး သူမမျက်နှာပေါ်၌ အပြုံးများပွင့်လန်းလာသည်။
“မင်ကျန်းက အချက်အပြုတ်တော်လိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့မိဘူး... နဉ်နဉ်နဲ့ မတူဘူး သူလုပ်တာဆိုလို့ စားတာပဲရှိတယ်...”
ရှုနဉ်က ဝမ်းနည်းပက်လက်ဖြင့် ညည်းညူလိုက်သည်။
”ချိုက်ချိုက် ဒါကတော့မတရားဘူး... ကျွန်တော့်ကိုမီးဖိုချောင်ထဲဝင်ခွင့်မပေးတာက မာမားပဲလေ...ကျွန်တော်က အနှောင့်အယှက်ဖြစ်တယ်လိူ့ မာမားပဲ အမြဲတမ်းပြောနေပြီးတော့...”
“ဟမ့် ငါပြောလိုက်တာက မင်းအတွက် အကူအညီဖြစ်မသွားဘူးလား... ငါက ယဉ်ကျေးမှုအရပဲပြောတာလေ... ”
ချိုက်ချင်က ပြောလိုက်သည်။
“မင်းက ဒုက္ခပေးတာအပြင် ဘာများလုပ်တတ်သေးလို့လဲ...”
ချိုက်ချင်၏သဘောထားက ယခင်ကထက်ပို၍စိတ်အားထက်သန်နေခဲ့သည်။ ကြည့်ရသည်မှာ ဗီလိန်လေး၏ဟင်းချက်စကေးများက သူမစိတ်ကို အနိုင်ရသွားပုံရသည်။
“မင်ကျန်းက ကလေးထဲက ဟင်းချက်တာ၊သန့်ရှင်းရေးနဲ့ အဝတ်လျှော်တာတွေအကုန်လုံးကို သူ့ဘာသာ လုပ်ခဲ့တာ... မင်းကရော ဟမ် မင်းသိတာဆိုလို့ ဘယ်လိုစားရမလဲဆိုတာပဲရှိတယ်...”
ချိုက်ချင်က ရှုနဉ်ကို ဆက်ဆူပူနေသည်။
ရှုနဉ်သည် သူက သားအရင်းမဟုတ်ဘဲ တစ်ခုခုပဲဟုပင် ခံစားလိုက်ရသည်။ သူက ထမင်းစားနေရင်း သနားစရာပုံဖမ်းကာ မေးလိုက်သည်။
“ချိုက်ချိုက် ကျွန်တော်က မာမားရဲ့ကလေးလေး မဟုတ်တော့ဘူးလားဟင်...”
“မဟုတ်တော့ဘူး...”
ချိုက်ချင်ကပြောလိုက်သည်။
“မင်း ယင်းမင်ကျန်းဆီကနေ သင်ယူပြီးမှပဲ ငါ့ကလေးလေး ပြန်ဖြစ်လာလိမ့်မယ်...”
ရှုနဉ်က တိတ်တဆိတ် အစားများကို သူ့ပါးစပ်ထဲသို့ထည့်လိုက်သည်။
တချိန်လုံးစကားဝင်မပြောပဲ တိတ်ဆိတ်နေသည့် ယင်းမင်ကျန်းက ရုတ်တရက်ကြီး ထမေးလာသည်။
“အရသာဘယ်လိုနေလဲ...”
ရှုနဉ်”…..”
ချိုက်ချင်က ရှင်းပြလိုက်သည်။
“စားပွဲပေါ်က ဟင်းတွေအကုန်လုံးက မင်ကျန်းချက်ထားတာလေ...သူက အရသာကောင်းရဲ့လားလို့ မေးနေတာ...”
ရှုနဉ်က ဟင်းအနည်းငယ်ကို သူ့ပါးစပ်ထဲသို့ အမြန်ထည့်ပြီး ခေါင်းညိတ်လိုက်သည်။
“အရမ်းအရသာရှိတယ် အရမ်းအရမ်းကောင်းတယ်...”
ယင်းမင်ကျန်းက နူးနူးညံ့ညံ့လေး ရယ်လိုက်သည်။ သူက ရှီတာကီနှင့်ကြက်သားကို ရှုနဉ်ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
“မင်းရှိီတာကီမှိုကို ကြိုက်တယ်လို့ ငါကြားဖူးတယ်...”
“ဟုတ်တယ်...”
“ငါလည်း ဒါတွေကိုကြိုက်တယ်...”
ရှုနဉ်က ထမင်းတစ်ဇွန်းကိုသူ့ပါးစပ်ထဲသို့ထည့်လိုက်သည်။
“တကယ်ကြီးလား ငါတို့က အကြိုက်တူနေတာပဲ...”
ယင်းမင်ကျန်းက ထပ်ရယ်လိုက်သည်
ညစာစားပြီးနောက် ရှုနဉ်က သူ့ဗိုက်လေးကိုပွတ်ပြီးဆိုဖာပေါ်တွင် လှဲနေသည်။ ယင်းမင်ကျန်းက ပန်းကန်ဆေးရန်ပြင်နေသော်လည်း ချိုက်ချင်က သူ့ကိုတားလိုက်သည်။
“မရဘူး မရဘူး မရဘူး...ငါလုပ်လိုက်မယ် ဒီကိစ္စကို ဘာမှ စိတ်ပူမနေနဲ့...”
ယင်းမင်ကျန်းက အတင်းအကြပ် မငြင်းခဲ့ပေ။ သူက တံမြက်စည်းကို ကောက်ကိုင်ပြီး ကြမ်းပြင်ကို လှည်းနေသည်။ တံမြက်စည်းလှဲပြီးနောက် သူက ကြမ်းတိုက်ရန် ပြင်လိုက်သည်။ ရှုနဉ်က ဆိုဖာပေါ်မှအမြန်ထလိုက်ပြီး ကြမ်းတိုက်တံကို ကိုင်လိုက်သည်။
“ကြမ်းတိုက်တာက ငါ့အလုပ်ပဲ...”
ယင်းမင်ကျန်းက ခေါင်းခါပြပြီး ကြမ်းဆက်တိုက်နေလေသည်။