Chapter 49
သူမွေးကတည်းက လူစားလဲခံလိုက်ရတယ်ဆိုတာ ပေါ်လာပြီ
ရှုနဉ်က စိတ်အားထက်သန်စွာ ကြမ်းတိုက်နေသည့်ဗီလိန်လေးကို တွေ့လိုက်ရသောကြောင့် သူခေါင်းကိုကုတ်ပြီးဆိုဖာပေါ်တွင်ပြန်ထိုင်နေသည်။ ယနေ့ ညစာက အမှန်တကယ်ပင် စားကောင်းလှသည်။ သူ ထမင်းသုံးပန်းကန်ခန့် စားလိုက်သောကြောင့် ဗိုက်တင်းနေသလို ခံစားရသည်။
အခုလေးတင် ပန်ကန်များဆေးကြောပြီးသွားသည့်ချိုက်ချင်က စားသည်မှလွဲပြီး ဘာမှမလုပ်သည့် ရှုနဉ်ကို စိုက်ကြည့်နေ၏။
ရှုနဉ်”….”
ရှုနဉ်က အိမ်စာလုပ်မည်ဟူသည့် ဆင်ခြေပေးပြီးနောက် အခန်းထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင်ဖြန့်ထားသည့် မိုးပြာရောင် ညအိပ်ဝတ်စုံကို သူတွေ့လိုက်ရသည်။
တံခါးဖွင့်သံကို သူကြားလိုက်ရသည်။ သူက ညအိပ်ဝတ်စုံကို လက်ထဲတွင်ကိုင်ရင်း သူလှည့်ကြည့်လိုက်သောအခါ ယင်းမင်ကျန်းဝင်လာသည်ကို တွေ့လိုက်ရသည်။
“ငါမင်းအတွက် ဝယ်ပေးတာ...”
ယင်းမင်ကျန်းက ပြောလိုက်သည်။
ရှုနဉ် မျက်တောင် ခတ်လိုက်သည်။
“ငါမင်းရဲ့ ညအိပ်ဝတ်စုံကို ဝတ်နေလို့ မင်း ညအိပ်ဝတ်မလဲနိုင်တာ နှစ်ရက်တောင်ရှိနေပြီ...အဲဒါအတွက် တောင်းပန်ပါတယ်...”
ယင်းမင်ကျန်း၏မျက်နှာပေါ်မှ တောင်းပန်သည့်အကြည့်ကို ရှုနဉ်နားလည်လိုက်သည်။ ရှုနဉ်၏မျက်နှာက အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ယင်းမင်ကျန်း အထင်လွဲသွားပြီဟု သူရုတ်တရက်နားလည်သွားသည်။ သူနေ့တိုင်းညအိပ်ဝတ်စုံ တစ်စုံထဲ ဝတ်ထားသည်က သူ့တွင် လဲစရာအဝတ်အစားမရှိသောကြောင့်ဟု ဗီလိန်လေးက ထင်နေသည်။
ထိုအင်္ကျီကို ခဏလောက် ကိုင်ထားရင်း ရှုနဉ်က ဗီလိန်လေးကို ရိုးသားစွာပြောလိုက်သည်။
“ငါက ညအိပ်ဝတ်စုံကို တစ်ပါတ်တစ်ခါပဲလဲတာ...”
သူသာ အမှန်တကယ်ကြီးပျင်းရိနေပါက လဝက်ကိုမှတစ်ခါသာ လဲမည်ဖြစ်သည်။ သို့သော်လည်း တချို့အကြောင်းပြချက်များကြောင့် သူထုတ်ပြောရခက်သည်ဟု ခံစားလိုက်ရပြီး တစ်ပတ်တစ်ခါလဲသည်ဟု ပြောလိုက်သည်။
“….”
တိတ်ဆိတ်
တိတ်ဆိတ်
ကန်းဘရစ်ညက တိတ်ဆိတ်နေသည်။
“အိုး...”
ယင်းမင်ကျန်းပြောလိုက်သည်။
ရှုနဉ်က “အိုး”က မည်သည့်အရာကိုဆိုလိုကြောင်း နားမလည်သော်လည်း မေးမြန်းရန် ရှက်ရွံနေသည်။ သူက ရှင်းပြလိုက်သည်။
“လူတိုင်းက ညအိပ်ဝတ်စုံကို ဒီလိုပဲ ဝတ်ကြတာပဲလေ...ဘယ်နှစ်ရက်ကြာနေပြီလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ...ဟုတ်တယ်မဟုတ်လား...”
ယင်းမင်ကျန်းခေါင်းညိတ်လိုက်သည်။
“မင်းမှန်တယ်...”
ရှုနဉ်သက်ပြင်းတစ်ချက်ချလိုက်သည်။
“တကယ်လို့ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်လဲ ငါနေ့တိုင်းလဲပေးပါ့မယ်...”
ယင်းမင်ကျန်းခေါင်းခါလိုက်သည်။
“မလိုပါဘူး မင်း စိတ်တိုင်းကျနေပါ...”
ရှုနဉ်”…….”
ဒီစာသားက အခုအခြေအနေနဲ့ ကိုက်ညီနေလို့လား...
ယင်းမင်ကျန်းက သူ့ညအိပ်ဝတ်စုံကို သပ်သပ်ရပ်ရပ်ခေါက်လိုက်ပြီး ဗီရီုဆီသို့လျှောက်သွားကာ ဗီရိုတံခါးဖွင့်လိုက်သည်။
ရှုနဉ်က ရုတ်တရက်ကြီး သူယင်းမင်ကျန်းကို အဝတ်အစားထည့်ရန် နေရာမပေးရသေးသည်ကို သတိရသွားသောကြောင့် သူ့နောက်က လိုက်သွားပြီး ပြောလိုက်သည်။
“အာ ဟုတ်သားပဲ... မင်းအဝတ်တွေကို အပေါ်ဆင့်မှာထားလို့ရတယ် ငါ့အဝတ်တွေကို အောက်ဆင့်မှာထားမယ် ...အဝတ်ချိတ်တန်းကိုတော့ ငါတို့အတူတူသုံးလို့ရတယ် အံဆွဲကတော့... “
ဗီရိုတွင် အံဆွဲတစ်ခုသာပါသည်။
ရှုနဉ်က အံဆွဲကိုဖွင့်လိုက်ပြီး သူ့အတွင်းခံများ အားလုံးကို အံဆွဲတစ်ဖက်ခြမ်းသို့ တွန်းရွှေ့လိုက်ပြီး သူက ယင်းမင်ကျန်းကိုပြောလိုက်သည်။
“ဒီမှာ ငါတို့ တစ်ဝက်ဆီယူလို့ရပြီ...။”
ယင်းမင်ကျန်းက ကြေမွနေသည့်အတွင်းခံများကို ကြည့်လိုက်သည်။ ထို့နောက် သူက ဗီရိုအောက်ဆင့်ရှိ ရှုပ်ပွနေသည့် အဝတ်များကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။
ရှုနဉ်က ကို့ရို့ကားယား ခေါင်းကုတ်လိုက်သည်။ ယင်းမင်ကျန်းက သူ့စီစဉ်မှုကို သဘောမကျဟု သူထင်သောကြောင့် ပြောလိုက်သည်။
“မင်းသုံးချင်တယ်ဆိုရင် မင်းအောက်ဆင့်ကိုသုံးလို့ရတယ်လေ...ငါ အပေါ်ဆင့်ကိုသုံးလိုက်မယ်...”
ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။
“ငါကမင်းထက်အရပ်ပိုရှည်တယ် ငါပဲအပေါ်ဆင့်ကို သုံးလိုက်ပါ့မယ်...”
ရှုနဉ်ကလဲ ထိုကဲ့သို့ စဉ်းစားခဲ့ခြင်းဖြစ်သည်။ သူက အမှန်တရားကို လက်ခံနိုင်သော်လည်း ထိုအရာကို ယင်းမင်ကျန်း၏ပါးစပ်မှ ကြားလိုက်ရသောအခါ မပျော်တော့ပေ။
ဟေး ငါ့အဖေက ၁၈၅ စင်တီမိီတာရှည်တယ်...ငါကလဲသေချာပေါက် ၁၈၅ စင်တီမိီတာအထိ အရပ်ရှည်မှာ မင်း အကြည့်က ဘာလဲ...
နောက်တစ်နာရီခန့်လောက်အထိ ယင်းမင်ကျန်းက သူတို့နှစ်ယောက်၏အဝတ်များကို စီစဉ်နေရာချပေးနေသည်ကို ရှုနဉ်အံဩတကြီး ကြည့်နေခဲ့သည်။ သူက တစ်ထည်ချင်းခေါက်ပြီး အမျိုးအစားခွဲကာ ဗီရိုထဲသို့ သပ်သပ်ရပ်ရပ် ထည့်နေခဲ့သည်။
ယင်းမင်ကျန်းက သူ့အဝတ်များကို ကိုယ်စား စီစဉ်ပေးနေသည်ကို ရှုနဉ်မြင်သောအခါ သူ့ဆီသို့ အမြန်လျှောက်သွားပြီး တားလိုက်သည်။
“မင်းအခုလိုတွေ လုပ်ပေးဖို့မလိုဘူး... ငါထပ်ပြီး ဖွမိသွားမှာပဲ ချိုက်ချိုက်တောင် ငါ့ကို အဝတ်ကူမခေါက်ပေးတော့ဘူး...”
ရှုနဉ် အလယ်တန်းသို့ ရောက်ချိန်မှစ၍ ချိုက်ချင်က သူ့၏ဝက်ခြံကဲ့သို့အခန်းကို ကူရှင်းမပေးတော့ပေ။ သူမက သူ့ကို အမှီအခိုကင်းပြီး မိမိကိုယ်မိမိစောင့်ရှောက်နိုင်သည့်သူ ဖြစ်စေချင်သည်။ အကယ်၍ သူသာ သူ့၏ညစ်ပတ်နေသည့် အဝတ်များကို အဝတ်လျှော်စက်ထဲ သွားမထည့်ပါက ချိုက်ချင်သည်လည်း သူ့ကို ကူညီပေးလိမ့်မည်မဟုတ်ပေ။
တစ်ခါက ဆိုလျှင် ရှုနဉ်က လျှော်ဖွပ်ရန် သတိမရသောကြောင့် သူ့အဝတ်များက အဝတ်လျှော်ခြင်းထဲတွင် တစ်လခွဲလောက် ကြာနေခဲ့သည်။ သူသည်လည်း ချိုက်ချင်ထံမှ အချိန်အကြာကြီး အဆူခံလိုက်ရသည်။ ယခင်ကမူကတော့ ထိုအရာကို ရှုနဉ် စိတ်ထဲမထားခဲ့ပေ။ သူက ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ အခန်းကိုလည်း ရောက်ဖူးပြီး သူတို့အခန်းက သူ့အခန်းထက်ပင် ပိုရှုပ်ပွနေသောကြောင့်ဖြစ်သည်။
သူနေထိုင်တဲ့ပုံစံက တော်တော်လေး ကောင်းနေပါပြီ...
ထို့အပြင် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က "ယောကျ်ားတစ်ယောက်က သေးငယ်တဲ့ကိစ္စလေးတွေအတွက်နဲ့ ချွေးထွက်မခံသင့်ဘူး" ဟု ပြောခဲ့သေးသည်။ သူတို့က သူတို့အတွက် သန့်ရှင်းရေးလုပ်ပေးမည့်ဇနီးတစ်ယောက်ကို ရှာလိုက်ရုံသာဖြစ်သည်။
ရှုနဉ်က တခြားကောင်လေးများကို သူတို့အခန်းအခြေအနေအကြောင်းကို လိုက်မေးခဲ့ပြီး ထိုသူများကလဲ အတူတူ သာဖြစ်သည်။
သို့ဖြစ်၍ ရှုနဉ်လည်း စိတ်အေးချမ်းသာစွာဖြင့်ပင် သူ့အခန်းကို သူ့စိတ်ကြိုက် ရှုပ်ပွအောင် ထားလိုက်တော့သည်။
ဗီရိုထဲကအဝတ်တွေက ဘယ်နည်းနဲ့မဆို သေချာပေါက် ရှုပ်ပွနေမှာပဲကို ဘာလို့များ စိတ်အနှောက်အယှက်အဖြစ်ခံပြီး ခေါက်နေရဦးမှာလဲ...ဒီတိုင်းပဲ ပစ်ထည့်လိုက်... သူအိပ်ယာပေါ်မှာ ညတိုင်းအိပ်နေရဦးမှာပဲကို ဘာလို့များ စိတ်အနှောင့်အယှက် အဖြစ်ခံနေရတာလဲ တကယ့်ကို နာကျင်စရာပဲ...
ယင်းမင်ကျန်းက သူ့ကို လျစ်လျူရှုပြီး သူ့အဝတ်များကို ခေါက်ပေးနေသည်။ ထို့နောက် သူက အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလိုက်သည်။ အရာအားလုံးက သန့်ရှင်း သပ်ရပ်နေသည်။
ရှုနဉ်က နူးညံ့သည့် ခေါင်းအုံးပေါ်တွင် လှဲနေလျက် သူ့၏ သန့်ရှင်းသပ်ရပ်နေသော အခန်းအသစ်လေးကို ကြည့်နေသည်။ ရုတ်တရက်ဆိုသလိုပင် သူစိတ်ကောင်းဝင်လာသည်။
နောက်ပိုင်းတွင် မည့်သည့် ပြဿနာဖြစ်ခြင်းမျိုးမှမဆို ကာကွယ်ရန်အတွက် ရှုနဉ်က အင်တာနက်ဆိုင်သို့ ခိုးထွက်လာခဲ့သည်။ သူက ဗီလိန်လေးထံသို့ အမည်မသိ စာပို့ရန်အတွက် ဆော့ဝဲလ် တစ်ခုကိုသုံးလိုက်သည်။ မွေးဖွားသည့်အချိန်က ကလေးများကိုလဲခဲ့သည့် အမှန်တရားကို ဖော်ပြထားသည့် စာဖြစ်သည်။ ထိုစာထဲတွင် ခန့်မှန်းထားသည့် အချိန်နှင့် နေရာလည်း ပါနေသေးသည်။
သူအခန်းထဲသို့ပြန်ရောက်သည်နှင့် ယင်းမင်ကျန်းက အမှောင်ထဲတွင် မလှုပ်မယှက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့နှလုံးသားက ရုတ်တရက် အပြင်သို့ ခုန်ထွက်မလိုဖြစ်သွားသည်။
“မင်ကျန်း ဘာလို့ မီးမဖွင့်ထားတာလဲ...”
ရှုနဉ် အကြပ်ရိုက်သွားပြီး ယင်းမင်ကျန်း မည်သို့တုံ့ပြန်မည်ကို သူစိတ်ပူသွားသည်။
ရိုက်ချက်ပြင်းပြင်းနဲ့ ထိမိသလိုများဖြစ်သွားလောက်လား...သူ့ရဲ့စိတ်အခြေအနေကရော အဆင်ပြေရဲ့လား...
သူရုတ်တရက်ကြီး ထိုစာကိုပို့လိုက်မိသည်ကို နောင်တရသွားခဲ့သည်။ ယင်းမင်ကျန်းသာ ကျိုးကျွမ်နှင့် အမှန်တကယ် ဆက်ဆံရေးဖြတ်တောက်လိုက်သည်ဆိုလျှင် သူ့ကို အမှန်တရားပြောပြခြင်းက အဆင်ပြေလောက်သည်ဟု သူတွေးခဲ့မိသည်။ သို့သော်လည်း ယင်းမင်ကျန်း၏တိတ်ဆိတ်ငြိမ်သက်နေသော အမူအရာကို ကြည့်မိလျှင် သူ မလွယ်ကူသလို ခံစားလိုက်ရသည်။
သူ ဒါကို လက်မခံနိုင်သေးဘူးလား...
ဖြစ်သင့်တာပါပဲ...ဘယ်သူကရော အခုလိုကြီး တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတာကို လက်ခံနိုင်ပါ့မလဲ...သူတကယ့်ကို စိတ်ပျက်သွားတာဖြစ်နိုင်တယ်...
သူက မီးဖွင့်ပြီး ထိုင်လိုက်သည်။ ထို့နောက် ဂရုတစိုက် သူ့နာမည်ကို ထုတ်ခေါ်လိုက်သည်။
“မင်ကျန်း...”
ယင်းမင်ကျန်းက သူ့ကိုကြည့်ရင်း အပြုံးလေး ပြုံးပြသည်။
“မင်းပြန်လာပြီလား...”
သူပြုံးလိုက်သည်နှင့် မှောင်မိုက်နေသည့် အခြေအနေက သဲလွန်စလေးပင်မကျန်ပဲ ပျောက်ကွယ်သွားသည်။
ရှုနဉ်က သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်သည်။
ယင်းမင်ကျန်းက ပြောလာသည်။
“ငါအခုပဲ စာတစ်စောင်ရလာတယ်...ကျိုးကျွမ်က ငါ့ကို မွေးတဲ့အချိန်ကထဲက သူ့သားအရင်းနဲ့လဲလိုက်တာတဲ့...တကယ့်ကို စိတ်ဝင်စားစရာပဲ...”
မျှော်လင့်ထားသည့် အတိုင်းပင်။ ထိုအရာက သူ့စိတ်ကို ကသိကအောက် ဖြစ်စေသည်။ သူက အံ့ဩတကြီးဖြစ်နေသည့် အမူအရာဖြင့် မျက်နှာ(ပါးစပ်)ကို အုပ်လိုက်ပြီး ပြောလိုက်သည်။
“တကယ်ကြီးလား အဲ့လိုကိစ္စမျိုး တကယ်ကြီးဖြစ်ခဲ့တာလား...”
ယင်းမင်ကျန်းက ဖုန်းကိုထုတ်ပြီး သူ့ကို ကမ်းပေးလိုက်သည်။ သူက ကဲ့ရဲ့သလိုပြောလိုက်သည်။
“ဘာလို့လဲတော့ ငါမသိပေမဲ့ ‘ဒီလိုဖြစ်ရတာဒါ့ကြောင့်ကိုး’ဆိုတဲ့ ခံစားချက်ကြီးရနေတယ်...”
ရှုနဉ်က ဖုန်းထဲရှိ စာကို အမြန်ပဲ ဖတ်ကြည့်လိုက်ပြီး စိတ်ဝင်တစားမေးလိုက်သည်။
“ဒါဆို စာထဲမှာပြောထားတာကိုမင်းယုံလား...”
ယင်းမင်ကျန်းကပြောသည်။
“အရင်တုန်းက ဆိုရင်တော့ သေချာပေါက် မယုံဘူးပေါ့...ဒါပေမဲ့ အခုတော့…”
သူ့အတွေးကို ရှုနဉ်မသိသော်လည်း ခေါင်းခါလိုက်သည်ကို တွေ့လိုက်သည်။
“ငါ အဲ့ဒါကိုယုံတယ်...ပြီးတော့ ယုံလဲယုံချင်တယ်...”
ရှုနဉ်ဝမ်းသာသွားသည်။
“ဒါဆိုရင် တကယ်လို့ ကျိုးကျွမ်က မင်းကိုလာရှာနေဦးမယ်ဆိုရင် သူ့ကို လျစ်လျူရှု လိုက်သင့်တယ်...”
ယင်းမင်ကျန်းက သူ့မျက်လုံးလှလှလေးများဖြင့် ရှုနဉ်ကို ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ ငါ ပြန်မလိုက်သွားပါဘူး...“
ချက်ချင်းဆိုသလိုပင် နောက်ဆက်တွဲစကားလုံးများကိုပါ သူထပ်ပြောလိုက်သည်။
“တကယ်လို့ ဒီစာက အမှန်မဟုတ်ဘူးဆိုရင်တောင်မှ ငါသူ့ကို အာရုံစိုက်တော့မှာ မဟုတ်ဘူး...“
သို့သော်လည်း ထိုစာကသာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်လျှင် သူ ထိုကိစ္စကို ဒီတိုင်း ထားလိုက်မည် မဟုတ်ပေ။
ယင်းမင်ကျန်းက ကလေးဘဝကထဲက ယင်းချန်းနှင့် ကြီးပျင်းလာခဲ့ရ၍ မလွှဲမရှောင်သာဘဲ မိဘများထံမှ အကျင့်ဆိုးတချို့ကို လက်ခံရရှိခဲ့သည်။ ဥပမာအနေနှင့်ပြောရလျှင် လက်စားချေခြင်း ဖြစ်သည်။
သူက ပြိုင်ဘက်များအပေါ် မည်သို့သောအခါမှ သနားကရုဏာ သက်လိမ့်မည်မဟုတ်ပေ။
ထိုအပိုင်းကိုတော့ သူအသံထွက်၍မပြောခဲ့ပေ။ သူ ရှုနဉ်ကို ခြောက်လှန့်လိုက်မိမည်ကို စိုးရိမ်သည်။
ယင်းမင်ကျန်းက ပြောလိုက်သည်။
“ငါ ဝူရှန့်ဆေးရုံကို မနက်ဖြန်သွားမယ်...”
သူ့ပုံစံက အမှန်တရားကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးတော့မည့်ပုံပေါ်နေသောကြောင့် ရှုနဉ်လည်း ချက်ချင်းပြောလိုက်သည်။
“ငါလဲ လိုက်ခဲ့မယ်...”
ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။
“မလိုက်ခဲ့နဲ့ ဒီကိစ္စကို ငါ့ဘာသာငါ ကိုင်တွယ်နိုင်တယ်...”
ရှုနဉ် ခဏခန့်တွေဝေသွားသည်။ ထို့နောက် သူခေါင်းညိတ်သဘောတူလိုက်ပြီး သူ့ကို လိုက်လံနှောင့်ယှက်ခြင်းကို ရပ်တန့်လိုက်သည်။
ဗီလိန်လေးသာ စိတ်ဆုံးဖြတ်လိုက်ပါက မည်သူ၊ မည်သည့်အရာကမှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ဗီလိန်လေး ကျိုးကျွမ်ကို လျစ်လျူရှုရန်ဟူသော ရှုနဉ်၏ရည်ရွယ်ချက်က အောင်မြင်သွားပြီဖြစ်သောကြောင့် ထိုကိစ္စက အရေးမပါတော့ပေ။
နောက်တစ်နေ့တွင် ယင်းမင်ကျန်းက ဝူရှန့်ဆေးရုံသို့သွားသည်။ ဝူရှန့်က ချူကျိုးနှင့် မဝေးလှသည့်အပြင် ယင်းချန်း၏မွေးရပ်မြေဖြစ်သည်။ သူ့အိမ်က ဖြိုဖျက်ခံရပြီးနောက်တွင်မှ ချူကျိုးသို့ပြောင်းလာခဲ့ခြင်းဖြစ်သည်။
ဆယ့်ငါးနှစ် ကြာခဲ့ပြီဖြစ်၍ ဝူရှန့်ဆေးရုံက ပြုပြင်ပြောင်းလဲမှုများကို အကြိမ်ကြိမ် လုပ်ဆောင်ထားခဲ့ပြီးဖြစ်သောကြောင့် မြင်ဖူးနေသည့်ပုံစံနှင့် လုံးဝကွဲပြားနေသည်။
ယင်းမင်ကျန်းက သားဖွားဆောင်သို့ ဦးစွာသွားခဲ့ပြီး လွန်ခဲ့သည့်ဆယ့်ငါးနှစ်က ထိုဆေးရုံတွင် အလုပ်လုပ်ခဲ့သော ဆရာဝန်နှင့် သူနာပြုများအကြောင်းအား သူနာပြုဆရာမတစ်ယောက်ကို မေးလိုက်သည်။ ထိုသူနာပြုဆရာမကလည်း ချောမောလှပသည့်ကောင်လေးကို မြင်လိုက်ရသောကြောင့်သူ့မေးခွန်းများကိုဖြေဆိုရန် ပို၍
ပျော်ရွှင်သွားသည်။
လွန်ခဲ့သည့်ဆယ့်ငါးနှစ်က ဝန်ထမ်းတော်တော်များများက အလုပ်ထွက်သွားပြီဖြစ်သော်လည်း သားဖွားဆောင်ဌာနမှူးကတော့ ရှိနေသေးသည်။ သူနာပြုခေါင်းဆောင်က စီမံခန့်ခွဲရေးဌာနသို့ပြောင်းသွားကာ ယခုအချိန်၌ ဆေးရုံလူကြီးပိုင်းထဲမှ တစ်ဦးဖြစ်နေပြီ ဖြစ်သည်။
ယင်းမင်ကျန်းက သူမရောက်မီတည်းက ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ အကြံကောင်းရှိပြီးသားဖြစ်၍ ပထမဆုံး သားဖွားဆောင်ဌာနမှူးနှင့်တွေ့လိုက်သည်။ သူအဘယ့်ကြောင့် ထိုနေရာသို့ ရောက်လာရကြောင်း ရှင်းပြပြီး သူမအားမှတ်တမ်းများပေးနိုင်မည်လားဟု မေးလိုက်သည်။
သားဖွားဆောင်ဌာနမှူး၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။
”ဆယ့်ငါးနှစ်က အရမ်းကို ကြာသွားပြီ...အဲ့ဒီအချိန်က ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို တိတိကျကျ ပြန်လည်စစ်ဆေးဖို့က ခက်လိမ့်မယ်...”
ယင်းမင်ကျန်းကပြောလိုက်သည်။
”စိတ်မပူပါနဲ့ ဌာနမှူး...ကျွန်တော်က ဒီကို ပြဿနာရှာဖို့ရောက်လာတာမဟုတ်ပါဘူး... အမှန်တရားကိုသိချင်ရုံပါပဲ...ကျွန်တော် ဘာလျော်ကြေးမှ တောင်းဆိုမှာမဟုတ်ပါဘူး...”
သားဖွားဆောင်ဌာနမှူး အနည်းငယ် စိတ်ပျော့သွား၍ ရှက်ရွံ့စွာပြောလိုက်သည်။
”အဲ့ဒီအချိန်တုန်းက ဆေးဘက်ဆိုင်ရာ အခြေအနေတွေက အရမ်းချို့တဲ့တယ်... ဒါတွေအားလုံးကို ငါနည်းနည်းတော့ သတိမထားမိလိုက်ဘူး...”
ယင်းမင်ကျန်း၏လေသံက အလွန်နူးညံ့သောကြောင့် ဌာနမှူး၏ သူ့အပေါ်သဘောထားက ကောင်းမွန်လာသည်။ပထမဆုံး သူမက ဆေးမှတ်တမ်းများထားသည့် ရုံးခန်းသို့သွားပြီး ကျိုးကျွမ်၏အချက်အလက်များကို ရှာဖွေပေးသည်။ ထို့နောက် သူမက ထိုအချိန်က ဆေးရုံတစ်ခန်းထဲတွင် နေခဲ့သည့် စုမုလီဟူသည့်အမျိုးသမီး၏ အချက်အလက်များကို ကြည့်လိုက်သည်။
စုမုလီဆိုသည့်နာမည်ကို တွေ့လိုက်သည်နှင့် သားဖွားဆောင်ဌာနမှူးက ထိုအမျိုးသမီးနှစ်ယောက် ကို ချက်ချင်းသတိရသွားသည်။
“ဒါက အဲ့ဒီနှစ်ယောက်ပဲ...”
ဌာနမှူးက ရှင်းပြလိုက်သည်။
“မစ္စစုက ဝေ့မိသားစုရဲ့ သခင်မပဲ...အဲ့ဒီအချိန်တုန်းက သူက ဘိုးဘေးတွေကို ဂါရဝပြုပြီး ပြန်လာတာ... သူ ဝူရှန့်အရောက် လမ်းမှာဗိုက်နာလာလို့ ငါတို့ဆေးရုံကို အမြန် ပို့လာပြီး ကျိုးကျွမ်နဲ့တစ်ခန်းထဲမှာ နေလိုက်ရတာ...”
“ကျိုးကျွမ်ကလည်း မွေးတော့မလို ဖြစ်နေပြီ...နောက်တော့ သူ့ယောကျ်ားက အရက်အရမ်းသောက်ပြီး လာသောင်းကျန်းတယ်... ငါတို့က သူ့ဆီက ပိုက်ဆံထွက်လာအောင် လုပ်ပြီး သူ့ကိုဓါးပြတိုက်နေပါတယ်လို့ ပြောပြီး သူနာပြုရုံးခန်းကိုတောင် တိုက်ခိုက်ခဲ့သေးတယ်...”
သားဖွားဆောင်ဌာနမှူးက ထိုကိစ္စကို ဒေါသဖြစ်နေဆဲ ဖြစ်သည်။
”သူကပဲ သူ့မိန်းမအတွက် အာမခံဝယ်မပေးထားတဲ့သူလေ...မင်းမှာသာ ကျန်းမာရေးအာမခံမရှိဘူးဆိုရင် ကုန်ကျစရိတ်တွေ ကာမိမှာမဟုတ်ဘူး...သူကတောင် ငါတို့က သူ့ပိုက်ဆံတွေကို လိမ်နေပါတယ်လို့ ပြောနေသေးတယ်...”
“အဲ့ဒီအချိန်က ကလေးမွေးဖို့ ယွမ်နှစ်ထောင် သုံးထောင်လောက်ပဲ ကုန်တာ... သူတို့က ဒါတောင် မတတ်နိုင်ဘူးဆိုရင် ဘာလို့ ကလေးယူနေကြသေးတာလဲ...”
“သူကဆေးရုံပိုင်ပစ္စည်းတွေကိုလဲ ဖျက်ဆီးခဲ့ပြီးလူတွေကိုပါ ကြောက်လန့်တကြားဖြစ်အောင် လုပ်ခဲ့တာ...သူ့မိန်းမကိုဆက်ဆံတာလဲ ကြောက်ဖို့ကောင်းတယ်..သူမက အခုလေးတင် ကလေးမွေးထားတာကိုလဲ အော်ဟစ်နေတတ်တယ်...”
“အဲ့ဒီအချိန်တုန်းက ငါတို့ အရမ်းအလုပ်ရှုပ်နေတာ...မစ္စ
စုက တစ်ယောက်ခန်းလိုချင်ပေမဲ့ ဆေးရုံမှာလွတ်နေတဲ့ တစ်ယောက်ခန်းက မရှိဘူး...အဲ့ဒါနဲ့ပဲ ကျိုးကျွမ်နဲ့သူက တစ်ခန်းထဲနေလိုက်ရတာ...နောက်ဆုံးတော့ ဆေးရုံပေါ်က ခုတင်တိုင်းက မအားတာနဲ့ ငါတို့လည်း တကယ့်ကို ခက်ခဲ ခဲ့ရတယ်...”