အပိုင်း ၅၀
Viewers 11k

Chapter 50



သားဖွားဆောင်ဌာနမှူးက ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို ပြောပြရင်း ဖြေရှင်းချက်ပေးနေသည်။ ယင်းမင်ကျန်းက သူမပြောသည့် စကားလုံးတိုင်းကို သေချာဂရုတစိုက်နားထောင်နေသည်။ သူမပြောသည့်စကားများက သူရထားသည့် စာထဲရှိ အကြောင်းအရာများနှင့် ကိုက်ညီနေသည်။


တစ်နည်းဆိုရလျှင် ကျိုးကျွမ်က မည်သည့်အခါကမှ ကလေးမမွေးစားဖူးပေ။ သူမက ထိုနေရာ၌ကလေးတစ်ယောက် မွေးခဲ့ဖူးသည်။ ကလေးမွေးပြီးသည်နှင့် ယင်းချန်းက ရုန်းရင်းဆန်ခတ်ပြုလုပ်ခဲ့သည်။


ထို့ကြောင့် စာထဲရှိ အကြောင်းအရာများက ၉၀ ရာခိုင်နှုန်းလောက် မှန်နိုင်၏။


သို့ရာတွင် သူမွေးကတည်းက အလဲခံရသည်ဟု မဆိုလိုနိုင်ပေ။ ကျိုးကျွမ်က ကလေးများကို လဲလိုက်လျှင်ပင် ထိုကလေး၌တစ်ခုခု ဖြစ်သွားသောကြောင့် သူမက ယင်းမင်ကျန်းကို တစ်နေရာမှ ခေါ်လာခြင်းလည်း သာဖြစ်နိုင်သည်။


သို့သော်လည်း ဖြစ်နိုင်ချေက အလွန်နည်းပါးသည်။ ယင်းမင်ကျန်းက ဒီအန်အေ စစ်ဆေးချက်ရသည့်အချိန်မှ သူမှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်လိုက်သည်။ ယင်းချန်း၏ အပြုအမူအရ ထိုအချိန်က ယင်းမင်ကျန်းက မွေးစားသားမှန်း သူမသိလောက်သေးပေ။ သူက ယင်းမင်ကျန်းကို တစ်ချိန်လုံး သူ့သားအရင်းဟု ထင်နေခဲ့ခြင်းဖြစ်သည်။


ကလေးက သေဆုံးသွား၍ ကျိုးကျွမ်က အစားထိုးလိုက်သည်ဆိုလျှင် ယင်းချန်း မသိဘဲမနေပေ။

ကလေးကို တခြားကလေးနဲ့အစားထိုးလိုက်တယ်ဆိုရင် ယင်းချန်း ဘယ်လိုလုပ် မသိပဲ နေပါ့မလဲ...


ယောကျ်ားများက ထိုကိစ္စမျိုးကို အထိမခံတတ်ကြပေ။ယင်းချန်းပင်မဆိုနှင့် တခြား မရိုးသားသည့် ယောကျ်ားများကပင် ထိုကဲ့သို့သောလှည့်စားမှုမျိုးကို သည်းမခံနိုင်လောက်ကြပေ။


ထို့ကြောင့် မွေးစားသည်ဟူသော ကိစ္စက မရှိခဲ့ပေ။ ရှိခဲ့ပါကလည်း ယင်းချန်း သေချာပေါက် ထိုကိစ္စကို မသိခဲ့လောက်ပေ။


ဒါပေမဲ့ ကျိုးကျွမ်ပြန်ရှင်းပြပြီးတာနဲ့ ယင်းချန်းရဲ့လေသံက ဘာလို့ပြောင်းသွားရတာလဲ...


ယင်းမင်ကျန်းက ဆေးရုံလျှောက်လမ်းဘေးတွင်ထိုင်ရင်း စဉ်းစားနေသည်။ ထိုအချိန်တွင် သူ့အတွေးများက အလွန့်အလွန် ရှင်းလင်းနေသောကြောင့် သူအဖြေကို မြန်မြန်ပဲ ရှာတွေ့သွားသည်။ ထိုအချိန်တုန်းက ယင်းမင်ကျန်းက ဆေးဖိုး ယွမ်တစ်သိန်းလိုနေသည်။ သူတို့က မပေးချင်သည့်အပြင် ယင်းချန်းကလည်း အဖောက်ပြန်ခံသည်ဟု အတည်မပြုချင်သောကြောင့် သူ့ကို မွေးစားသားဟု ခေါင်းစဉ်တပ်လိုက်သည်။


သွေးသားစစ်ဆေးချက်ရလဒ်ကို ရလာသည့်နေ့က သူ ကျိုးကျွမ်ကို ရှင်းရှင်းလင်းလင်းပင် ကာကွယ်ရန်ကြိုးစားခဲ့ကြောင်း ယင်းမင်ကျန်း သတိရသွားသည်။ သို့သော်လည်း ကျိုးကျွမ်က သူ့ကို အခန်းအပြင်သို့တွန်းထုတ်ပြီး ယင်းချန်းနှင့်သာ စကားပြောရန် ရွေးချယ်ခဲ့သည်။


ထို့နောက်တွင် ကျိုးကျွမ်ကို သတ်ချင်နေသည့် ယင်းချန်း၏စိတ်က ၁၈၀ဒီဂရီ ပြောင်းလဲသွားသည်။


ယခု သူတွေးကြည့်သောအခါ အလွန်ထူးဆန်းနေသည်။


ကျိုးကျွမ်ကသာ သူ့နောက်ကွယ်တွင် ကလေးမွေးစားခဲ့သည်ဆိုပါက ယင်းချန်းက သူမကို ထိုမျှလွယ်လွယ်ကူကူ လွှတ်ပေးမည်မဟုတ်ပေ။


ကျိုးကျွမ်က သူ့ကိုဖောက်ပြန်ခဲ့သည်ဆိုလျှင်လည်း သူက သူမကို လွှတ်မေးမည်မဟုတ်ပေ။


ယင်းချန်းရဲ့သဘောထားကို ဒီလောက်လွယ်လွယ်ကူကူ ပြောင်းလဲသွားစေနိုင်ဝာာက ဘာများလဲ...


သူက အဖြေမှန်နှင့် ဆံချည်တစ်မျှင်စာမျှသာ ဝေးတော့သည်။


ကျိုးကျွမ်က သူလုပ်ခဲ့သည့် အမှန်တရားကို ပြောပြခဲ့သည်။ ယင်းချန်းက သူအလိမ်မခံရ၊အဖောက်ပြန်မခံရပဲ သူ့ဆီက ဘာမှဆုံးရှုံးသွားခြင်း မရှိကြောင်းကို နားလည်သွားသောကြောင့် ကျိုးကျွမ်ကို အလွတ်ပေးလိုက်ခြင်း ဖြစ်သည်။


မရေမတွက်နိုင်သည့် အသေးစိတ်အချက်အလက်လေးများက ပေါင်းစည်းသွားကြသည်။ ယင်းမင်ကျန်းက သူ့လက်ထဲရှိ ဆေးမှတ်တမ်းကို စိုက်ကြည့်နေလျက် ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုလုံးကို ခန့်မှန်းနိုင်လုနီးပါးဖြစ်သည်။


ကျိုးကျွမ်က ယင်းချန်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ကလေးချင်းလဲလိုက်သည်။ အနစ်နာဆုံးသောသူက သူ့ခုတင်ဘေးရှိ အမျိုးသမီး၏ကလေး သာဖြစ်သည်။


ကလေးချင်းလဲပြီးသည်နှင့် ကျိုးကျွမ်က ဆေးရုံမှဆင်းသွားပြီး အမှန်တရားကို လူတိုင်းဆီမှ ဖုံးကွယ်ထားလိုက်သည်။ သွေးသားရင်း စစ်ဆေးချက်ပေါ်ထွက်လာသည်နှင့် ကျိုးကျွမ်က ယင်းချန်း၏ဒေါသကို ဖြေဖျောက်ရန် အဖြစ်မှန်ကို ပြောပြလိုက်သည်။


ကြည့်ရသည်မှာ ကျိုးကျွမ်က သူ့သားအရင်း မည်သည့်နေရာ၌ ရှိနေသည်ကို အမြဲတမ်းသိနေခဲ့သည်။ ကျိုးကျွမ် အရာအားလုံးကိုပြောပြပြီးနောက် ယင်းချန်း၏ သဘောထားက ပြောင်းလဲသွားသည်။


ယင်းမင်ကျန်း ပြုံးလိုက်သည်။ အစကနေ အဆုံးအထိ သူကသာ အလိမ်ခံ၊အကစားခံခဲ့ရသူ ဖြစ်ဟန်ရသည်။


ကျိုးကျွမ်က ငါ့အပေါ်ထူးဆန်းတဲ့ သဘောထားရှိနေတာ မထူးဆန်းတော့ပါဘူး...


ငါက ခွေးတစ်ကောင်ထပ်တောင်ဆိုးတဲ့ဘဝမှာနေရတာ မထူးဆန်းတော့ပါဘူး...


သူ့မိဘများက သူ့ကို အစားအသောက်နှင့် ချစ်ခင်ကြင်နာမှု သေးသေးလေးတို့ကိုပင် မပေးခဲ့သည်မှာ သူ့အမှားကြောင့် ဟု သူထင်ခဲ့သည်။ သူက လုံလုံလောက်လောက် မလိမ္မာသောကြောင့်ဟုသာ ထင်ခဲ့သည်။ သို့မဟုတ် သူ့မိသားစုက ဆင်းရဲလွန်းသောကြောင့်ဟု တွေးခဲ့မိသည်။


သို့သော် ထိုအရာများကြောင့် မဟုတ်ကြောင်း ယခုပေါ်ပေါက်လာပြီဖြစ်သည်။ သူတို့က အစကတည်းကပင် သူ့မိဘများ မဟုတ်ခဲ့ကြပေ။


သူတို့က လူဟုပင်ခေါ်ရန် မထိုက်တန်ကြသူများဖြစ်သည်။


သူ့မိဘများ စိတ်ကျေနပ်စေရန် သူကြိုးစားခဲ့သည့်အချိန်များ ပြန်တွေးမိသည့်အခါ သူရယ်ချင်မိသွားသည်။


ကျိုးကျွမ်သူ့ကို ရံဖန်ရံခါပြဖူးခဲ့သည့် ကြင်နာမှုများကို သူသတိရသွားသည်။ ထိုကြင်နာမှုများကြောင့် ယင်းမင်ကျန်းက သူ့ကို ကမ္ဘာပေါ်တွင် အရေးအပါဆုံးလူအဖြစ် သတ်မှတ်ထားခဲ့သည်။ သူက သူမကို သူ့နှလုံးသားတစ်ခုလုံးဖြင့် ကာကွယ်ခဲ့သည်။ သူမကို ချစ်ခဲ့သည်။


သူ အန်ပင်အန်ချင်လာမိသည်။


အတိတ်တွင် သူထင်ခဲ့မိသည်က ယင်းချန်းက ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးလူဖြစ်ပြီး ကျိုးကျွမ်က နစ်နာသူဖြစ်သည်။ သို့သော်လည်းယခုတွင်မူ ကျိုးကျွမ်က လုံးဝ ခြားနားသည့် သားရဲကောင်တစ်ကောင်ဖြစ်နေမှန်း သူနားလည်သွားသည်။ သူမက ယင်းချန်းထက်ပို ကြောက်စရာကောင်းပြီး ပိုရက်စက်ယုတ်မာသည်။


ယင်းချန်းက အစပိုင်းတွင် အဖြစ်မှန်ကို အမှန်တကယ်မသိခဲ့ပေ။ သူက အစကနေ အဆုံးအထိ ကြောက်စရာလူတစ်ယောက်ဖြစ်သော်လည်း အနည်းဆုံး သူက ရိုးသားသေးသည်။ တစ်ချိန်တည်းမှာပင် ကျိုးကျွမ်က စိတ်ကူးကြည့်လျှင်ပင် အရက်စက်ဆုံးဖြစ်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။ သူမက သူ့ကံတရားတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပြီး ဂရုစိုက်တတ်သည့် အမေတစ်ယောက်သဖွယ် ဟန်ဆောင်နေခဲ့သေးသည်။


သူမလိုလူမျိုးများက အလွန်ရွံစရာကောင်းသည်။


ကောင်းလိုက်တာ...


တကယ့်ကိုအံ့ဩစရာပဲ...


ယင်းမင်ကျန်း ယခင်က သူ့ကိုယ်သူ အတွက် စိတ်မကောင်းဖြစ်သလိုခံစားရပြီး နာကျင်မိသော်လည်း သူ့ကိုယ်ပေါ်ရှိဝန်ထုပ်ဝန်ပိုးကြီးပေါ့သွားသလို ခံစားလိုက်ရသည်။


ယခင်ကသာဆိုလျှင် သူ့ကို တစ်ယောက်ယောက်က အမှန်တရားကိုလာပြောမည်ဆိုလျှင်ပင် သူက ကျိုးကျွမ်ကို လုံးဝမှီခိုနေတတ်သောကြောင့် ယုံမည်မဟုတ်ပေ။


ကမ္ဘာပေါ်၌ သူ့လိုလူတစ်ယောက်မှ ရှိမည်မဟုတ်ပေ။ သူက ရပ်ကွက်နှင့်ကျောင်းမှ အပယ်ခံရသည်။ ကျိုးကျွမ်ကသာ သူ့ကို ချစ်ခင်ကြင်နာမှုပြတတ်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထိုအမျိုးသမီးကို သူအမှန်တကယ့် စစ်မှန်စွာချစ်ခဲ့၍ သူမကိုခေါ်ဆောင်ကာ ချူကျိုးမြို့မှထွက်ခွါပြီး ဘဝသစ် စချင်ခဲ့ဖူးသည်။


ငယ်ရွယ်သည့် ယင်းမင်ကျန်း၏နှလုံးသားထဲတွင် ထိုအရာကသာ အကြီးကျယ်ဆုံးသောဆန္ဒဖြစ်သည်။ သူက မဟာဩဂတ်ကို စွဲလမ်းခဲ့သည်။ သူ့အမေကိုခေါ်ပြီး အဝေးသို့ထွက်ခွာမည့်အကြောင်းကို သူနေ့တိုင်း မှတ်စုစာအုပ်ထဲတွင် ရေးသားခဲ့သည်။ သူက “*ကြာပန်းမီးအိမ်”ဇာတ်ကား၏ ဇာတ်လိုက် ဖြစ်လာသည်ဟု နေ့တိုင်း အိမ်မက်မက်ခဲ့ရသည်။

(T/N တရုတ်ကာတွန်းဇာတ်လမ်းလေးပါ။)


အချိန်ကြာမြင့်သည်အထိ ထိုအရာက သူ၏တစ်ခုတည်းသောခံယူချက်၊သူ့၏ပန်းတိုင်ဖြစ်ခဲ့သည်။


အခြားသူများပြောသည့် သူမ မကောင်းကြောင်းများကိုပင် နားမဝင်ပဲ သူမအတွက် ဆင်ခြေမျိုးစုံ ရှာပေးနေခဲ့သည်။သူတို့မိသားစုက ဆင်းရဲလွန်းပြီး သူမလစာက နည်းလွန်းသည်။ သူမအလုပ်က ခက်ခဲပြီး ယင်းချန်းကလဲ သူမကို ခက်ခဲစေသည် အစရှိသည်ဖြင့် ပင်။


အခြားသူများ၏ သူ့အပေါ် ရွံရှာမှုနှင့် ငြင်းပယ်မှုတို့နှင့် နှိုင်ယှဉ်လျှင် ကျိုးကျွမ်က သူ့အပေါ် မယုံနိုင်လောက်အောင် ကောင်းလွန်းသည်။


ထို့အပြင် ကျိုးကျွမ်က သူ့အမေဖြစ်သည်။ ထိုအကြောင်းပေါ်တွင် အခြေခံပြီး ယင်းမင်ကျန်းက သူမကို ပို၍ သည်းခံခဲ့သည်။


သို့သော်လည်း နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် သူ၏ ချစ်ခင်ကြင်နာမှုများက တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။


ယနေ့တွင် သူမွေးကတည်းက ကလေးချင်းအလဲခံရမှန်း သိပြီးနောက် သူမည်သည့်အရာကို မှ မအံ့ဩမိတော့ပေ။


မည်မျှပင်နက်ရှိုင်းသည့် ဆက်ဆံရေးဖြစ်စေကာမူ တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်စားခံလိုက်ရပါက ဆက်လက်၍ မတ်မတ်ရပ်တည်နိုင်မည်မဟုတ်တော့ပေ။


ယခုတော့ သူ သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။


အတန်းထဲမှရှုနဉ်က သူ့ဘေးရှိလွတ်နေသည့် စားပွဲကိုကြည့်ရင်း စိတ်ပျံ့လွင့်နေသည်။


ရှုနဉ်က ယင်းမင်ကျန်းကိုကျောင်းမှခွင့်ယူရန် ကူညီပေးခဲ့သည်။ အတန်းပိုင်ဆရာမက မစဉ်းစားပဲ ခေါင်းညိတ်သဘောတူလိုက်သည်။ သူမက ယခုချိန်တွင် ယင်းမင်ကျန်းကို ကိုယ်ချင်းစာ သနားနေမိသည်။


Abbess Miejue ဟုနာမည်ဆိုးဖြင့် ကြော်ကြားသည့် အင်္ဂလိပ်ဆရာမက သူ့ဘေးရှိ လွတ်နေသည့် ခုံကိုမြင်ပြီး မေးလာသည်။

“ယင်းမင်ကျန်းက ဘယ်မှာလဲ...”


ရှုနဉ်က ပြန်ဖြေလိုက်သည်။

“ဆရာမ ယင်းမင်ကျန်း ဒီနေ့ခွင့်တိုင်ထားပါတယ်...”


တင်းမာပြီး ကြမ်းတမ်းသည့်ဆရာမက ရှားရှားပါးပါး သနားဂရုဏာကို ပြလာသည်။

“သူနေမကောင်းဘူးလား...“


ထိုကဲ့သို့အရေးကြီးသည့် အရာကို ရေးမှတ်ထားသင့်သည်။ ယခင်ကသာဆိုလျှင် သူမက သေချာပေါက် ဒေါသထွက်သွားပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းမည်ဖြစ်သည်။ယင်းမင်းကျန်း အတန်းမတက်ရခြင်းက ဆရာများကို မလေးစားသောကြောင့်ဖြစ်ကြောင်း စသည်ဖြင့်မပြီးနိုင်အောင် စောဒက တက်ပေလိမ့်မည်။ သို့သော်လည်း ယခုတော့ သူမက ယင်းမင်ကျန်းကို သနားကြောင်း ဖော်ပြနေ၍ ရှုနဉ် ခုံပေါ်မှ ပြုတ်ကျမတတ် အံ့ဩသွားသည်။


“ဟုတ်ကဲ့...”

ရှုနဉ်က ပြောလိုက်သည်။

“သူဒီနေ့အစာအိမ်နာနေလို့ပါ...”


ဆရာမက ညည်းတွားလိုက်သည်။

“သူ့ကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောလိုက်ဦး...”


ထိုသိူ့ပြောပြီးသည်နှင့် သူမခေါင်းခါပြီးစာဆက်သင်နေသည်။


အတန်းပြီးသည်နှင့် အတန်းဖော်များက သူ့ခုံနားသို့ စုဝေးလာကြပြီးမေးလာသည်။


“ယင်းမင်ကျန်း ဘာဖြစ်လို့လဲ...”


“သူကရုတ်တရက်ကြီး ဘာလို့ အစာအိမ်နာသွားတာလဲ...”


“ငါကြားတာတော့ ကျိုးကျွမ်နဲ့သူက သံယောဇဉ်ပြတ်သွားပြီဆို...သူအခုဘယ်မှာနေနေလဲ...သူ့မှာ စားစရာရော ရှိရဲ့လား...”


ကမ္ဘာကြီးတစ်ခုလုံးက ယင်းမင်ကျန်းကို ဂရုစိုက်ပေးနေကြပုံရသည်။


ကျိုးကျွမ် ရုံးခန်းသို့ လာသည့်နေ့က ယင်းမင်ကျန်းက ကျိုးကျွမ်ကို လုံးဝမသနားဘဲအမှန်တရားကို ဆရာမများရှေ့တွင် ရက်ရက်စက်စက် ထုတ်ဖော်ပြောပြခဲ့သည်။အတန်းတစ်ခုလုံးက ယင်းမင်ကျန်းက ကျိုးကျွမ်နှင့်ရေစက်ဖြတ်လိုက်သည့်အကြောင်းကို အလျင်အမြန်ပဲ သိရှိသွားကြသည်။


တစ်ချိန်တည်းမှာပင် သူတို့က သူ့ကိုလေးစားသွားကြသည်။


ဆင်းရဲတဲ့မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့လျှင်ပင် လူအများစုက သူ့ကို ကိုယ်ချင်းစာကြမည်ဖြစ်သည်။


လှုဒါန်းငွေများကို ပြန်ပေးသည့်အပြင် ဆယ့်ငါးနှစ်အရွယ်လေးနှင့် သူ့မိဘများကိုပါ သံယောဇဉ် ဖျက်လိုက်သည့် ယင်းမင်ကျန်းကဲ့သို့သောကလေးမျိုးက ရှားပါးလွန်းလှသည်။


သူ့အဆင့်များက ဆိုးဝါးပြီး ဆံပင်ဆေးဆိုးကာ လူအများကို မျက်လုံးထဲမထည့်တတ်ပြီး လူရာမဝင်သော်လည်း လူတိုင်း၏နှလုံးသားထဲတွင် သူက သူရဲကောင်းဖြစ်သည်။


သူ၏ အမှီအခိုကင်းမဲ့မှုနှင့် ဇွဲရှိမှုတို့က လူတိုင်း၏ရင်ကို ထိစေသည်။


ရှုနဉ်က သူတို့၏စိုးရိမ်နေသည့်မျက်နှာများကိုကြည့်လိုက်ပြီး အနည်းငယ်စိတ်ရှုပ်သွားသည်။ ထိုအချိန်မှာတွင် သူမည်သို့ ခံစားလိုက်ရသည်ကို မဖော်ပြနိုင်တော့ပေ။



ညနေဘက် ရှုနဉ် အိမ်ပြန်ရောက်သောအခါ ယင်းမင်ကျန်းကလည်း ပြန်ရောက်နေပြီဖြစ်သည်။ ကျောင်းတွင်ဖြစ်ပျက်ခဲ့သည်များကို ရှုနဉ်က သူ့အား ပြန်ပြောပြလိုက်သည်။အတန်းဖော်များနှင့်ဆရာမများ၏ သူ့အပေါ်သဘောထားပြောင်းလဲသွားသည်ကို ရှုနဉ်က ယင်းမင်ကျန်းအား သိသွားစေချင်သည်။


သို့သော်လည်း ယင်းမင်ကျန်းက ဘာအမူအယာမှမပြဘဲ “အိုး”ဟုသာ ပြန်ပြောလာသည်။


ရှုနဉ်က သူ့အပြုအမူကို တိတ်တိတ်လေး လေ့လာကြည့်သော်လည်း ဘာမှမပြောင်းလဲသည်ကိုသာတွေ့ရ၍ သက်ပြင်းချလိုက်မိသည်။


လွန်ခဲ့သည့် ဆယ့်ငါးနှစ်လုံးလုံး ယင်းမင်ကျန်းက ငြင်းပယ်ခြင်း၊ ရှောင်ဖယ်ခြင်းနှင့် မှားယွင်းစွပ်စွဲခြင်းများ ခံခဲ့ရသည်။ ထင်ကျန်နေသည့် အမာရွတ်များက တစ်ချက်သုတ်လိုက်ရုံဖြင့် ပျောက်ကွယ်မသွားနိုင်ပေ။


ထိုအရာက အဓိပ္ပါယ်ရှိသည်။ 

ကမ္ဘာပေါ်မှာ ဘယ်သူကရော ချက်ချင်းဆိုသလို ခွင့်လွှတ်ပေးနိုင်ပါ့မလဲ...

ထိုသို့သောဖြစ်ရပ်များက တီဗွီ ဇာတ်လမ်းထဲများတွင်သာရှိသည်။


ရှုနဉ်က ထိုသို့တွေးမိပြီးနောက် အကြောင်းအရာကို ပြောင်း ပြောလိုက်သည်။

“မင်ကျန်း မင်းဆေးရုံမှာရော တစ်ခုခု ရှာတွေ့ခဲ့သေးလား...”


ယင်းမင်ကျန်း၏စုံစမ်းမှုရလဒ်ကို သူအလွန် သိချင်နေသည်။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူက မူလဝတ္ထုထဲကဖော်ပြသည်ကိုသာ သိနိုင်သည်။ ကျိုးကျွမ်က ကလေးများကို လဲခဲ့သည်ဟူသည့် အခြေခံကိစ္စကိုသာ သိထားပြီး အခြားအရာများကို မသိခဲ့ပေ။


သူက အချက်အလက်အများကြီးမပေးနိုင်သကဲ့သို့ သူ့ထံတွင် သက်သေလည်းမရှိပေ။ ထို့ကြောင့် ယင်းမင်ကျန်း တစ်ခုမှရှာမတွေ့မည်ကို သူစိတ်ပူနေမိသည်။


သူ၏မူလအစီအစဉ်က ယင်းမင်ကျန်း၏အချက်အလက်များကို ဝေ့မိသားစုဆီသို့ ပို့ရန်ဖြစ်သည်။ ဝေ့မိသားစုက ယင်းမင်ကျန်းနှင့် ဝေ့ရှီမင်တို့ကို သူတို့ကိုယ်တိုင် သွေးသားစစ်ဆေးချက် ပြုလုပ်နိုင်သည်။ ထို့နည်းဖြင့် အမှန်တရားက သဘာဝကျကျ ပေါ်ပေါက်လာပြီး အခြားသက်သေများလဲ မလိုအပ်တော့ပေ။


သို့သော်လည်း ထိုအချက်အလက်များက ဝေ့ရှန်ဟဲဆီသို့ရောက်သွားသည့်တိုင် မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။


သူ သည်အတိုင်း ထိုင်မနေနိုင်တော့ပေ။ ကျိုးကျွမ်က ယင်းမင်ကျန်းကို သူမနှင့်အတူ အိမ်သို့ပြန်ရန်ဆွဲဆောင်မည်ကို သူစိတ်ပူသောကြောင့် ယင်းမင်ကျန်းအား အတိတ်က ဖြစ်ရပ်မှန်များကို အမည်မသိ ဟန်ဆောင်ကာ ပြောပြလိုက်သည်။ သို့သော်လည်း သူဘာမှ ရှာမတွေ့နိုင်မည်ကိုတော့ သူစိတ်ပူနေမိသည်။ သူ ယင်းမင်ကျန်းကို အကျိုးမရှိပဲ ပြေးလွှားနေရသည်မျိုး မဖြစ်စေချင်မိပေ။


ယင်းမင်ကျန်းက ပြောသည်။

“အချိန်ကအရမ်းကြာနေပြီဆိုတော့ စောင့်ကြည့်ကင်မရာက မှတ်တမ်းတွေက ဖျက်ပြီးနေပြီ... အဲ့ဒီအချိန်က အလုပ်လုပ်ခဲ့တဲ့သူတွေကလဲ ထွက်သွားကြပြီ...ဆေးရုံအဆောက်အဦးကတောင်မှ ပြန်လည်တည်ဆောက်ထားတာ ငါ တခြား ဘာမှ မရှာနိုင်ခဲ့ဘူး...”


ရုပ်ပိုင်းဆိုင်ရာသက်သေများ မရှိသော်လည်း သူ့ယူဆချက်က အမှန်တရားနှင့် မဝေးတော့ပေ။


“တကယ်လား...”

ရှုနဉ် အနည်းငယ်စိတ်ပျက်သွားသည်။


“ငါ အဲ့ဒါကို ထပ်ရှာမနေတော့ဘူး...”

ယင်းမင်ကျန်းက ပြောလိုက်သည်။

“ငါရှာသည်ဖြစ်စေ၊မရှာသည်ဖြစ်စေ ကိစ္စမရှိပါဘူး...”


ရှုနဉ် အံ့ဩသွားပြီး အလောတကြီး မေးလိုက်သည်။

“မင်း အမှန်တရားကို မသိချင်ဘူးလား...မင်းရဲ့တကယ့်မိသားစုဆီကို ပြန်မသွားချင်ဘူးလား...”


ယင်းမင်ကျန်းက ခဏလောက်တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။

“အခုလဲ ငါအဆင်ပြေနေတာပဲ...”


မိသားစု ချစ်ခင်တွယ်တာမှုက စိတ်ကူးယဉ်ဆန်သည့် အချစ်ရေးနှင့် ဆင်တူသည်။သူက ကျိုးကျွမ်အပေါ်ထားရှိသည့် ခံစားချက်များကြောင့် ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။အချိန်တိုအတွင် အခြားဆက်ဆံရေးတစ်ခု ထပ်စရန် သူ့အတွက် ခက်ခဲလွန်းလှသည်။


ယင်းမင်ကျန်းက ကျန်းရွေ့(ဒါက ရှေ့မှာပြောခဲ့တဲ့ စုမုလီဆိုတဲ့သူပါ)အကြောင်း အချက်အလက်များကို ရှာကြည့်ခဲ့သည်။ သူမက ချမ်းသာကြွယ်ဝသည့် ဝေ့မိသားစုမှ သခင်မဖြစ်ပြီး အလွန်ချစ်ခင်မြတ်နိုးသည့် သားတစ်ယောက်သာရှိသည်။ သူတို့နှစ်ဦးသားဆက်ဆံရေးကောင်းပုံလဲရသည်။


သူတို့က သူ့ကိုလက်ခံဖို့ဆန္ဒရှိပါ့မလား...


ဝေ့မိသားစုအတွင်းရှိဆက်ဆံရေးက ကျိုးကျွမ်နှင့်ယင်းချန်းကြားရှိဆက်ဆံရေးထက် ပို၍ရှုပ်ထွေးနိုင်သည်။


အရာအားလုံးကို ဖြတ်ကျော်ပြီးနောက်တွင် ယင်းမင်ကျန်းက ရိုးသားအပြစ်ကင်းသည့်ကောင်လေး မဟုတ်တော့ပေ။


သူထပ်ပြီး အပင်ပန်းမခံချင်တော့ဘူး...


ယခုတွင်မူ သူအချစ်ရဆုံးသူနှင့် သာမာန်ဘဝလေးတွင်သာ နေထိုင်ချင်တော့သည်။


သူတခြား ဘာမှ မလိုအပ်တော့ပေ။


ကျိုးကျွမ်အတွက်ကတော့...


ရှုနဉ်က မပြောမီ ခဏခန့်တွေဝေနေမိသည်

“ကျိုးကျွမ်က ကောင်းတဲ့သူမဟုတ်ဘူး...သူဘာပြောပြော မင်းစိတ်ပျော့သွားလို့မဖြစ်ဘူးနော် ဟုတ်ပြီလား...”


သူက စိတ်ပျော့သွားမည်မဟုတ်ပေ။ ကျိုးကျွမ်ကို သူလုပ်ခဲ့သည့်ဖြစ်ရပ်၏ အကျိုးဆက်ကို နားလည်သွားအောင်လုပ်မည်ဖြစ်သည်။