Chapter 51
ကျိုးကျွမ် ဒဏ်ရာရသွားသည်။
ကျိုးကျွမ် နှစ်ရက်လောက်အထိ အိမ်တွင်းအောင်းနေခဲ့သည်။
လူတိုင်းက သူ့ကို လှောင်ပြောင်နေသလို ခံစားရသောကြောင့် သူ မနေနိုင်တော့ပဲ သူ့ဇာတိမြို့သို့ ပြန်ပြေးတော့သည်။
ထိုနေ့တွင် သူမက နေ့စဉ်သုံးပစ္စည်းများဝယ်ရန် ခရိုင်ရုံးသို့သွားသည့်အချိန်၌ လူတချို့က သူမဆီသို့လျှောက်လာပြီး နှုတ်ဆက်ကြသည်။
“ကျိုးမိသားစုရဲ့ သမီးမဟုတ်လား...မင်းဘယ်တုန်းက ပြန်ရောက်တာလဲ...”
ကျိုးကျွမ်က ထိုသို့ကြားလိုက်သည်နှင့် ခေါင်းမော့ပြီး ပြုံးပြလိုက်သည်။
“လွန်ခဲ့ရက်ပိုင်းကပဲ ပြန်ရောက်တာပါ...”
သူတို့က မေးလာသည်။
“မင်းရဲ့ယောကျ်ားနဲ့သားရော ဒီတစ်ခါ ပါမလာဘူးလား...”
ပုံမှန်မဟုတ်သည့်အမူအရာက ကျိုးကျွမ်၏မျက်နှာပေါ်၌ဖျတ်ကနဲပေါ်လာပြီး သူမ က အမြန်ပဲ ပြန်ပြင်လိုက်သည်။
“သူတို့က မအားလို့ ကျွန်မနဲ့လိုက်မလာကြဘူး...”
အခြားသူက ဝင်ပြောလိုက်သည်။
“အေးပေါ့ နင့်ယောကျ်ားက စီးပွားရေးလုပ်ငန်းရှင်ဆိုတော့လဲ သွားလိုက်ပြန်လိုက်လုပ်နေဖို့ အချိန်ဘယ်ရှိပါ့မလဲ...သူဌေးမိန်းမကပဲ အားနေမှာပေါ့...”
ထိုစကားကိုကြားလိုက်သည်နှင့် ကျိုးကျွမ် အလွန် ကျေနပ်သွားသော်လည်း ယဉ်ကျေးမှုအရ ရှက်ဟန်ဆောင်လိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး...”
စျေးဝယ်ပြီးနောက် သူမ ရွာထဲသို့ပြန်လာခဲ့သည်။ လမ်းဆုံသို့ရောက်သည်နှင့် ရွာအဝင်နားတွင် မျက်နှာသေနှင့်ရပ်နေသော သူ့မိဘများကို တွေ့လိုက်ရသည်။
ကျိုးကျွမ်က အမြန်လျှောက်သွားပြီး မေးလိုက်သည်။
“အမေနဲ့အဖေ၊ ဒီမှာဘာလုပ်နေကြတာလဲ...”
သူ့မိဘများက ဒေါသတကြီးပြန်ပြောသည်။
“ငါတို့ မင်းကိုစောင့်နေတာ...”
ကျိုးကျွမ်စိတ်ရှုပ်သွားသည်။
“ဘာလို့ ကျွန်မကိုစောင့်နေတာလဲ...”
သူတို့က စာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး ကျိုးကျွမ်ကိုပေးလိုက်ကာ ဒေါသတကြီးမေးလိုက်သည်။
“ကျွမ်အာ ဒါက တိတိကျကျ ဘာကိုဆိုလိုတာလဲ...”
ကျိုးကျွမ်ရင်တုန်သွားပြီး A4စာရွက်ကို အမြန်ဆွဲယူလိုက်သည်။ ထိုစာရွက်ပေါ်တွင် ယင်းချန်း၏လူသတ်မှုသတင်းကို ပုံနှိပ်ထားပြိီး စာရွက်ထိပ်ပိုင်းတွင် ယင်းချန်းအဖမ်းခံနေရသည့်ပုံပါရှိသည်။ ထိုဓာတ်ပုံထဲတွင် ကျိုးကျွမ်၏ပုံလည်းပါနေသည်။
ကျိုးကျွမ်၏ရွာက ဆင်းရဲပြီး ခေတ်နောက်ကျသည်။အများစုက သက်ကြီးပိုင်းများနှင့် ကလေးများသာဖြစ်ပြီး သူတို့က ခေတ်နောက်ကျနေသည့် ပစ္စည်းများကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် ဤနေရာရှိ မည်သူကမှ ယင်းချန်းဖြစ်ပျက်ခဲ့သည်ကို မသိနိုင်ကြပေ။ သို့ဖြစ်၍ ကျိုးကျွမ်က ဆက်လိမ်နေနိုင်ခြင်းဖြစ်သည်။
သို့သော်လည်း စာရွက်ပေါ်ရှိ ကြည်လင်ရှင်းလင်းနေသည့်ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ကျိုးကျွမ်မေ့လဲတော့မတတ်ဖြစ်သွားသည်။
“ဒါကိုဘယ်သူပေးတာလဲ ဘယ်သူလဲ...”
ကျိုးကျွမ် အသံပြာဝင်လာသည်အထိ အော်ဟစ်လိုက်သည်။
သူက စိတ်ပုပ်ပြီး သူရဲဘောကြောင်သော်လည်း သူ့မိဘများရှေ့တွင် သူ၏ အသွင်သဏ္ဍာန်ကို အလွန်ဂရုစိုက်သည်။ ယခင်က သူက သူ့ညီမထက် မည့်သည့်အရာမှ မတော်ခဲ့ပေ။ သူ့မိဘများက သူ့ကြောင့် အလွန်ဒုက္ခရောက်ခဲ့သောကြောင့် သူက မြို့မှလူနှင့်သာ လက်ထပ်ချင်ခဲ့သည်။ သူ့ညီမကို တစ်ကြိမ်ခန့် အနိုင်ပိုင်းချင်ပြီး သူ့မိသားစုရှေ့တွင်ကြွားဝါချင်မိသည်။
အချစ်ဦးရှေ့တွင် ကြွားဝါချင်မိသည်။
ထိုသတင်းကိုမြင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အဝတ်ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်းကအမှန်တရားကိုထိုးဖောက်မြင်နေရပြီး သူ့ကိုလိုက်ကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။
သူ့မိဘများကလည်း စိုးရိမ်နေကြသည်။
“ဒီသတင်းက အမှန်ပဲလား...ယင်းချန်းကတကယ်ကြီးလူသတ်ခဲ့တာလား...”
“ဒါကအတုကြီး။ဒါကအတုကြီးပဲ...”
ကျိုးကျွမ်ကဒေါသတကြီး ခေါင်းခါပြီ ငြင်းဆိုလိုက်သည်။
”ဘာလို့ အမေတို့မှာဒီလိုသတင်းစာရွက်မျိုး ရှိနေရတာလဲ...”
သူ့မိဘများက ရှင်းပြသည်။
“တစ်ယောက်ယောက်က ရွာကိုတိုက်ရိုက်ပို့လိုက်တာ...လူတွေအများကြီး တစ်ယောက်တစ်ခုစီရလာတယ်...”
လူတွေအများကြီးလား...
ထိုသို့ကြားလိုက်သည်နှင့် ကျိုးကျွမ်ရင်တုန်သွားသည်။
သူ့ကိုရန်ငြှိုးထားတဲ့ လူတစ်ယောက်ယောက်များရှိနေတာလား...
သူ့ညီမကများ သူ့ကိုမနာလိုဖြစ်နေတာလား...
ယင်းချန်းရဲ့သူငယ်ချင်းတွေကများ သူ့ကိုသတိပေးချင်နေတာလား...
သူမ ဖြစ်နိုင်ချေရှိသည်များကို များစွာစဉ်းစားပြီးသော်လည်း ယင်းမင်ကျန်းက သူမကို ထိခိုက်စေလိမ့်မည်ဟု သူမတစ်ကြိမ်မှ မစဉ်းစားမိခဲ့ပေ။ ယင်းမင်ကျန်းကအမြဲတမ်းလိုလို သူ့ကို ကာကွယ်ပေးသူဖြစ်သည်။
သူ့ကို ယင်းမင်ကျန်းစိတ်ဆိုးနေမှန်းသိသော်လည် သူ့ကိုထိခိုက်စေလိမ့်မည်ဟုတော့ တစ်ကြိမ်မှ မစဉ်းစားမိခဲ့ပေ။
သူ ယင်းမင်ကျန်းကိုကောင်းကောင်းသိသည်။ ထိုကလေးက နူးညံ့ပြီးစိတ်ပျော့တတ်သူဖြစ်သည်။
ယခုတော့ ထိုကလေးက စိတ်ညစ်နေပြီး သူမကို ပစ်ထားသည်။
ထို့အပြင် သူ့စိတ်ထဲတွင် ရွာကို ထိုအရာများပို့လိုက်သည့်သူက ရွာထဲမှလူသာ ဖြစ်နိုင်သည်။
”ဒါကအတုဆိုရင်လဲ ကောင်းတာပေါ့ အတုပဲဖြစ်မှာပါ...”
သူ့မိဘများကလဲ ထိုသတင်းဆောင်းပါးကို မယုံကြည်ကြပေ။
သုံးယောက်သား အိမ်သို့ အမြန်ပြန်လာကြသည်။ လမ်းတလျှောက်တွင် လူတော်တော်များများ နှုတ်ဆက်ကြပြီး တချို့သောလူများက မေးလာသည်။
“ဟေး မိန်းကလေးကျိုး ယင်းချန်းက တကယ်ကြီးလူသတ်သမားလား...”
ထိုစကားကိုကြားတိုင်း သူ့နှလုံးသားက သွေးထွက်လာသလို ခံစားလိုက်ရသည်။
ယင်းချန်းက လူကောင်းတစ်ယောက်ဟု သူမတွေးခဲ့မိသည်။ သူက ချောမောခံ့ညားပြီး မြို့ပေါ်ကလည်းဖြစ်ကာ အိမ်တစ်လုံးလဲ ပိုင်ဆိုင်ထားသည်။ သူ့ကို တစ်ခါတစ်ရံရိုက်နှက်လျှင်ပင် သူသည်းခံနိုင်သည်။ သို့သော်လည်း ယခုတော့ သူယင်းချန်းကို စိတ်ဆိုးစပြုလာသည်။
ယင်းချန်း နင်က သောက်ရူးကောင်လား ဘာလို့များ လူသတ်လိုက်ရတာလဲ...
သူက လူသတ်လိုက်ပြီး သူ့ကို လူသတ်သမား၏မိန်းမဖြစ်အောင် လုပ်လိုက်သည်။ ယခုအခါ လူကြားထဲတွင် ခေါင်းပင်မထောင်နိုင်တော့ပေ။
တစ်ယောက်ယောက်လာမေးသည့်အခါတိုင်း သူမက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး သူမ အိမ်သို့ပြန်ရောက်သောအခါ ဘေးအိမ်မှ တယောက်က ဖုန်းကိုင်ပြီးဝင်လာသည်။
“မိန်းကလေးကျိုးရေ ကျွန်မမြေးလေးက အွန်လိုင်းကနေ ကူရှာပေးတယ်...ယင်းချန်းက တကယ်ကြီး လူသတ်ခဲ့တာတဲ့...ဝေ့ပေါ်မှာတောင် လူသိများသွားသေးတယ်တဲ့... တစ်နိုင်ငံလုံးက လူတွေက ဒီအကြောင်းကို သိနေတာတောင်မှ မင်းကငါတို့ကို ဖုံးကွယ်နေသေးတယ် မင်းက တကယ့်ကို တစ်ခုခုပဲ...“
ပထမကတော့ တစ်ယောက်ယောက်က လာမေးတိုင်း ကျိုးကျွမ်က ဝန်ခံရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း အိမ်နီးချင်းက အွန်လိုင်းပေါ်မှ အထောက်အထားများ ပိုပို ၍ထုတ်ပြလာသည်။ ထိုသက်သေများက ငြင်းဆန်၍မရနိုင်၍ အဆုံးထိ သူမငြင်းနေမည်ဆိုရင်ပင် သူမလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။
လှောင်ပြောင်လိုသော အိမ်နီးချင်းများက ပိုပိုများလာသည်။ သူတို့အားလုံးက ယင်းချန်း၏ကိစ္စကြောင့် ထိုနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။
သူ့မိဘများ၏ အမူအရာကအလွန်ဆိုးလာသည်။ ကျိုးကျွမ်က ဘာပြောရမည်ကို မသိတော့ပေ။
“သတင်းထဲမှာပြောထားတာတော့ ယင်းချန်းက အိမ်မှာပဲ တချိန်လုံးနေနေတာတဲ့...သူက အရက်သမားဖြစ်ပြီးတော့ မိန်းမနဲ့သားကိုလဲ ရိုက်တတ်တယ်တဲ့...သူက အလုပ်တောင်မရှိတဲ့ အလုပ်လက်မဲ့တဲ့...ကျွမ်အာ မင်းဘာလို့ သူက စီးပွားရေးလုပ်ငန်းရှင် လို့ ပြောရတာလဲ...”
“ငါလည်း အမြဲတမ်း ထူးဆန်းနေပါတယ်လို့ ထင်ခဲ့တာ... သူတို့အမြဲတမ်းပြောတာတော့ သူကစီးပွားရေးလုပ်ငန်းရှင်ဆိုပေမယ့် ဒီကိုလာတိုင်း ဘာလက်ဆောင် ဘာပိုက်ဆံမှ ယူမလာကြဘူး...အဲ့ဒီအချိန်ကထဲက ညှီနံ့ရနေတယ်လို့ ငါထင်သားပဲ..."
"ကျွမ်အာ သူမင်းကိုရိုက်တာကပြဿနာမဟုတ်ဘူး မင်းငါတို့ကိုလိမ်တာကမှ ပြဿနာပဲ..."
"မင်းက မြို့သား အိမ်ပိုင်ရှိတဲ့ သူဌေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်လို့ငါထင်ခဲ့တာ အခုတော့ ဒါက အလိမ်အညာပဲဆိုတာ ပေါ်လာပြီ..."
ရွာထဲရှိလူများက အချင်းချင်းအတင်းပြောနေကြသည်။
ယခင်က ကျိုးကျွမ် က အခြားသူများရှေ့တွင် ဟန်ဆောင်ကြွားဝါခဲ့သည်။ သူက အိမ်ပိုင်သည့်မြို့သားတစ်ယောက်နှင့်လက်ထပ်ရခြင်းကြောင့် အလွန် ဂုဏ်ယူခဲ့သည်။ သူ၏ အပြုအမူများကြောင့် ရွာထဲရှိလူအတော်များများ စိတ်အနှောက်ယှက်ဖြစ်ခဲ့ရသည်။
ယခုတွင်မူ ယင်းချန်း၏ အချက်အလက်အစစ်အမှန်ပေါ်ပေါက်သွားပြီး လူအများစုက သူ၏ ကံမကောင်းမှုကို ဝမ်းသာနေကြသည်။
သူတို့၏ ပျော်ရွှင်နေသည့် မျက်နှာများကို သူမြင်သည့်အခါ အထက်တန်းကျောင်းသို့ ပြန်ရောက်သွားသည့်နှယ် ကျိုးကျွမ် ခံစားလိုက်ရသည်။ သူ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေကြောင်း ပေါ်သွားသည့်အချိန်ကလည်း ရွာထဲရှိလူများက ယခုကဲ့သို့ သူ့အကြောင်း ပြောဆိုနေခဲ့ကြသည်။ ရွာထဲရှိ တချို့ကလေးများက သူ့ကို ကျောက်ခဲဖြင့် ပစ်ပြီး 'မကောင်းတဲ့မိန်းမ၊ပြည့်တန်ဆာမ' ဟု ခေါ်ကြသည်။ နောက်ဆုံးတွင် ကျိုးကျွမ် မခံနိုင်တော့သဖြင့် ရွာမှထွက်ပြေးလာသည်။ သူအလုပ်ရှာရန် မြောက်ပိုင်းသို့သွားကာ ချူကျိုးတွင် နေခဲ့သည် ။
ထိုအချိန်တွင် သူပြောင်းလဲတော့မည်ဟု ကတိပြုခဲ့သည်။သူက လူကောင်းတစ်ယောက်နှင့်လက်ထပ်ခဲ့ပြီး အတိတ်က အရှက်တရားများကို ဆေးကြောခဲ့သည်။
ယင်းချန်းနှင့် လက်ထပ်ပြီးနောက် လိမ်လည်ပြောဆိုခြင်းဖြင့် သူမ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိူင်ခဲ့သော်လည်း ယခုတော့ ထိုအရာ အားလုံးက သတင်းဆောင်းပါးတစ်စောင်ကြောင့် ပေါ်ပေါက်သွားခဲ့သည်။
သူ အထက်တန်းကျောင်းတုန်းကကဲ့သို့ တစ်ကမ္ဘာလုံးက သူ့ကိုဝိုင်း၍ ဖိအားပေးနေသလို ခံစားလိုက်ရသည်။ သူအလွန်အမင်းအကူညီမဲ့ပြီး မယုံနိုင်လောက်အောင် ရှက်ရွံံ့နေသည်။
အစတွင်မူ သူ့မိဘများက သူ့ကိုကာကွယ်ပေးရန် ကြိုးစားခဲ့သော်လည်း ရွာသားများက မြောက်များစွာသော သတင်းများဖြင့် သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ကြသည်။နောက်ဆုံးတွင်တော့ သူတို့ကိုယ်တိုင်ပင် ယင်းချန်း အပြစ်မဲ့ကြောင်း မယုံကြည်နိုင်ကြတော့ပေ။
နှစ်ယောက်သား အလျင်အမြန်ပင် အိမ်နီးချင်းများကို နှင်ထုတ်လိုက်ကြသည်။ ထို့နောက် ကျိုးကျွမ်နှင့် စကားပြောရန် တံခါးပိတ်လိုက်ကြသည်။
“ကျွမ်အာ ငါတို့ကို အခုပဲ ပြောစမ်းပါ...အဲ့ဒါက အမှန်လား အမှန်မဟုတ်ဘူးလား...”
ကျိုးကျွမ်၏မိဘများက ပြောလာသည်။
”မင်းဒီနေ့ ကိစ္စတွေကို ရှင်းအောင်လုပ်ရမယ်...”
“ယင်းချန်းက စီးပွားရေးလုပ်ငန်းရှင်မဟုတ်ဘူးမှတ်လား... မင်းငါတို့ကိုလိမ်ခဲ့တာပဲ... သူ့မှာ ရှိတာဆိုလို့ ရုပ်ချောတဲ့ မျက်နှာနဲ့ အိမ်တစ်လုံးပဲ ဟုတ်တယ်မလား... သူက နေ့တိုင်းအရက်သောက်ပြီး အလုပ်လည်းမလုပ်ဘဲ မိန်းမနဲ့ကလေးကိုလဲ ရိုက်တယ် အဲ့ဒါတွေအကုန်လုံးက အမှန်ပဲလား...”
အိမ်နီးချင်းများထွက်သွားသည်နှင့် ကျိုးကျွမ်၏စိတ်ထဲ အနည်းငယ်ခန့် ပိုအဆင်ပြေသွားသလို ခံစားလိုက်ရသည်။
ထပ်ပြီး အကြာကြီးဖုံးကွယ်ထားလို့ မရနိုင်မှန်း သူသိသွား၍ မျက်လုံးထဲမှ မျက်ရည်များ စိီးကျလာသည်ကို သုတ်လိုက်သည်။
“အမေ အဖေ ကျွန်မတောင်းပန်ပါတယ်...ကျွန်မ အမေတို့ကို လိမ်ခဲ့မိတယ်...”
ထို့နောက် သူမ စတင် ငိုတော့သည်။ ယခု အခါတွင်တွင်မယ ငြင်းဆန်ရန် စိတ်မပါတော့ပေ။
ဝန်ခံသည်ကိုကြားလိုက်သည်နှင့် ကျိုးကျွမ်၏မိဘများက အလွန်ဒေါသထွက်သွားကြသည်။
“အရင်တုန်းက မင်းက ထန်မိသားစုက သားနဲ့ရှုပ်ပြီးတော့ လက်မထပ်ခင် ကိုယ်ဝန်ရသွားခဲ့တယ်... မင်းက ငါတို့ကို အရမ်း အရှက်ရစေခဲ့ပြီး အခုလဲ မင်းထပ်လုပ်ပြန်ပြီ ကျိုးကျွမ် မင်းကတကယ့်ကို စျေးပေါတာပဲ...”
သူ့အမေ၏အော်ဟစ် ကြုံးဝါးလိုက်သည့်အသံက ကျိုးကျွမ်၏နှလုံးသားကို ချွန်ထက်သည့် ဓါးတစ်ချောင်းကဲ့သို့ ထိုးဖောက်သွားသည်။ သူ့ရင်ဘတ်တစ်ခုလုံး သွေးများရွှဲနေသည်ဟုပင် ကျိုးကျွမ် ခံစားလိုက်ရသည်။
သူ့အဖေက ခေါင်းခါလ်ုက်သည်။
“မင်းကိုယ်မင်းလဲ ပြန်ကြည့်ဦး... မင်းအခုလိုမျိုးဖြစ်နေတာတောင်မှ ဘာလို့ အမြဲတမ်း မင်းညီမနဲ့ ပြိုင်ဖို့ပဲ ကြိုးစားနေရတာလဲ...ထားလိုက်တော့...မင်းလဲ နှစ်ရက်လောက်နေပြီးရင် ပြန်သင့်ပြီ...”
ကျိုးကျွမ် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။
“အဖေ ကျွန်မကိုမောင်းထုတ်နေတာလား...”
သူ့အမေက ဒေါသထွက်သွားသည်။
“ဘာလဲ နင်က ဆက်နေချင်သေးလို့လား... ငါတို့အရှက်ကွဲတာမလုံလောက်သေးဘူးလို့များ နင်က ထင်နေတာလား...နင်ဒီမှာသာဆက်နေရင် ငါတို့ပိုပြီး အရှက်ကွဲလိမ့်မယ်...”
အမြဲတမ်း သူ့ညီမကြောင့်သာဖြစ်သည်။
သူ့ညီမကသာ အမြဲတမ်း သူ့ထက်သာသည်။ သူ့ထက် ကောင်းမွန်သည်။
မကောင်းသည့်ကိစ္စများဖြစ်လာသည့်အခါတိုင်း သူတို့က သူ့ကို ဆူတတ်သည်။သူ့ကို မောင်းထုတ်ကြသည်။
သူ မခံစားနိုင်တော့ပေ။
ကျိုးကျွမ်က စိတ်ဆိုးပြီး စိတ်ပျက်သွားသည်။
”ကျွန်မကလည်း ဘယ်နည်းနဲ့မှ ဒီမှာဆက်မနေချင်တော့ပါဘူး... ယင်းချန်းက လူသတ်သမားဆိုတော့ရော ဘာဖြစ်လဲ သူ့မှ အိမ်ပိုင်ရှိတယ်...အခု အိမ်က ကျွန်မဟာဖြစ်သွားပြီ...ကျွန်မ ချူကျိုးမှာ အိမ်တစ်လုံးရှိတယ်...”
သူ စိတ်ထိခိုက်စွာဖြင့် ဒေါသတကြီး အခန်းထဲသို့ အမြန်ဝင်သွားသည်။ထို့နောက် သူ့အိတ်များကို ကောက်ယူပြီး ပြန်လှည့်ကာ အိမ်မှ ထွက်လာသည်။
ကျိုးကျွမ်က သူ့မိသားစုမှ ဒုတိယအကြိမ် ဆက်ဆံရေးကိုဖြတ်တောက်ပြီး မောင်းထုတ်ခံရလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ဖူးပေ။
ယခင်အချိန်က ဖြစ်ပျက်ခဲ့သမျှကို သူမ ပြန်သတိရသွားသည်။ ထန်ဟွားချန်က သူ့ကိုလက်မထပ်မီတွင် ကိုယ်ဝန်ရှိစေခဲ့၍ သူ့ကို မိသားစုက နှိမ့်ချပြီး နှင်ထုတ်ခံခဲ့ရသည်။ ယင်းချန်းနှင့် လက်ထပ်ပြီးမှသာ ထန်မိသားစုရှေ့တွင် သူ ခေါင်းပြန်မော့နိုင်ခဲ့သည်။
ဒီသတင်းသာ ထန်မိသားစုဆီ ရောက်သွားရင် ထန်မိသားစုက သူ့ကို ဘယ်လိုထင်သွားကြလောက်လဲ...
ကျိုးကျွမ် ထိုအကြောင်းကို မစဉ်းစားရဲပေ။
သူ သေချာပေါက် ရွာထဲမှာ ကြာကြာ မနေချင်တော့ဘူး...
ကျိုးကျွမ် မယုံနိုင်လောက်အောင် စိတ်ပျက်နေသည်။ သူ ခရိုင်ရုံးသို့အမြန်သွားပြီး ရထားလက်မှတ်ဝယ်ကာ ချူကျိုးသို့ ဦးတည်၍ ပြန်လာလိုက်သည်။
လုံတန်းရပ်ကွက်သို့ သူမပြန်ရောက်သည်နှင့် ထိုရှုပ်ပွနေသော အိမ်ငယ်လေးတွင် သူ တစ်ယောက်တည်းသာရှိနေကြောင်း သူသိလိုက်ရသည်။ သူ စိတ်ဆိုးနေလျှင်ပင် သူ့ကို စိတ်ဖြေပေးမည့်သူ မရှိပေ။ ကျိုးကျွမ်က ရုတ်တရက် ယင်းမင်ကျန်းကို အလွန်သတိရသွားသည်။ ယခင်ကဆိုလျှင် ယင်းမင်ကျန်းက အနည်းဆုံး သူ့ကို နှစ်သိမ့်ပေးတတ်ပြီး သူစိတ်ဆိုးဒေါသထွက်သည့်အချိန်များတွင်လည်း သူပြောသမျှကို နားထောင်ပေးတတ်သည်။
ယခု သူ့နာကျင်မှုများကို နားလည်ပေးနိုင်မည့်သူ မရှိတော့ပေ။
သူ့ဘဝထဲရှိ ယောကျ်ားနှစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် သူမထံတွင်ကျောရိုး မရှိတော့သလို ခံစားလိုက်ရသည်။
(T/N- မှီခိုစရာ ကျောထောက်နောက်ခံမရှိတော့ဘူးလို့ ဆိုလိုချင်တာပါ။)