အပိုင်း ၅၂
Viewers 10k

Chapter 52

ကျိုးကျွမ် ဒဏ်ရာရသွားသည်။




ကျိုးကျွမ် သည်းမခံနိုင်လောက်အောင် စိတ်ဆင်းရဲနေခဲ့သည်။ သူက မှီခိုနိုင်လောက်မည့် အခြားယောကျ်ားတစ်ယောက်ကို ရှာရန် အသည်းအသန်လိုအပ်နေသည်။ ထိုသို့ မဟုတ်ပါက သူ အမှန်တကယ်ပင် အသက်ရှင်နေနိုင်မည် မဟုတ်ပေ။


သူ အခြားယောကျ်ားများနှင့် တွေ့ခဲ့သည်။


ထိုအချိန်တွင်မူ သူမ အလွန်ဇီဇာကြောင်မနေတော့ပေ။ ထိုယောကျ်ားက အလုပ်လက်မဲ့ဖြစ်ပြီး ကလေးနှစ်ယောက် ရှိနေသည်ကိုပင် သူမ ဂရုမစိုက်ခဲ့ပေ။ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ ယင်းချန်းမရှိတော့လျှင်ပင် သူ့ကို အလိုရှိနေသည့် ယောကျ်ား ရှိနေသေးသည်ဟု သက်သေပြန်ုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပုံရသည်။


သူ့မိသားစုထံမှ ကျိန်ဆဲခံရပြီးနောက် ယင်းချန်း၏ လူသတ်သမားဟူသည့် အချက်က သူ့ကို ဆွဲမချနိုင်စေရန် ယင်းချန်းနှင့် တတ်နိုင်သမျှအမြန်ဆုံး ကွာရှင်းရန် သူ ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမ၏ စံနှုန်းများကို လျှော့ချလိုက်သည်။


ထို့နောက် လုံဟွားဟူသည့် အမျိုးသားနှင့် တွေ့ဆုံခဲ့သည်။


လုံဟွားတွင် ကြည့်ကောင်းသည့် ရုပ်ရည်ရှိသော်လည်း သူ့တွင် ရုပ်ရည်မှလွဲ၍ အခြား ဘာမှမရှိပေ။ သူက အိမ်တစ်လုံးပင် မပိုင်ဆိုင်ချေ။ 


ကျိုးကျွမ်က ထိုအရာများကို ဇီဇာကြောင်မနေတော့သောကြောင့် လုံဟွားနှင့် သူ့ကလေးနှစ်ယောက်က ယင်းချန်း၏အိမ်သို့ ပြောင်းရွေ့လာပြီး သူနှင့်အတူ နေကြသည်။ကျိုးကျွမ်က သူတို့ အဆင်ပြေနိုင်လောက်သည်ဟု တွေးမိပြီး ထောင်သို့သွားကာ ယင်းချန်းအား ကွာရှင်းလိုက်သည်။ထို့နောက် သူတို့ လက်ထပ်စာချုပ် မှတ်ပုံတင်ကြမည်ဖြစ်သည်။


သို့သော်လည်း သူအမှားလုပ်လိုက်မိပြီဖြစ်ကြောင်း မြန်ဆန်စွာ သိရှိသွားခဲ့သည်။


လုံဟွားကလည်း ရိုက်နှက်ရသည်ကို သဘောကျသူဖြစ်သည်။


ဤတစ်ကြိမ် သူ အရိုက်ခံရသည့်အခါ၌ ကူညီမည့်သူ တစ်ယောက်မှ မရှိတော့၍ ရိုက်နှက်ချက်များ အားလုံးကို သူကိုယ်တိုင်သာ ခံယူခဲ့ရသည်။


လုံဟွားက အလွန်သန်မာသည်။ ယင်းမင်ကျန်း၏ အကူအညီ မရှိတော့သောအခါ ကျိုးကျွမ်က ရိုက်ချက်များကို ခံနိုင်ရည်မရှိခဲ့ပေ။ သူမက လုံဟွားကို အိမ်ပြင်သို့ နှင်ထုတ်ချင်ခဲ့သော်လည်း မကောင်းဆိုးဝါးအား နှင်ထုတ်ခြင်းထက် ဖိတ်ခေါ်ခြင်းက ပိုလွယ်ကူသည်ကို သူတွေ့ခဲ့ရသည်။ လုံဟွားက ထွက်မသွားဘဲ ကျိုးကျွမ်၏အခန်းထဲတွင်သာ အခြေချနေပြီး စားစရာသောက်စရာများတောင်းဆိုကာ အပြင်ထွက်ရန် ငြင်းဆန်နေခဲ့သည်။


ကျိုးကျွမ်က မယုံနိုင်လောက်အောင် သနားစရာကောင်းလှသည်။


ယခင်ကဆိုလျှင် ယင်းချန်းက သူ့ကိုရိုက်တိုင်း အခြားလူများက သူ့ကို ကိုယ်ချင်းစာကာ သနားကြသည်။ သို့သော်လည်း သူ့ကို ရိုက်နှက်တတ်သည့် အခြားယောကျ်ားတစ်ယောက်နှင့်ထပ်ပြီး အတူတူနေခြင်းကြောင့် အခြားသူများက သူနှင့်ပတ်သတ်ပြီး တစ်ခုခုမှားနေသည်ဟု မလွဲမသွေ သံသယဝင်လာကြသည်။ 


" ကျိုးကျွမ်က ဘာလို့ ရိုင်းစိုင်းတဲ့ယောက်ျားတွေနဲ့ပဲ အမြဲတွဲနေရတာလဲ..." 


"ဟုတ်တယ် လူလွတ်ယောက်ျားတိုင်းက ရိုင်းစိုင်းတဲ့သူတွေမဟုတ်ပါဘူး... ဒါပေမယ့် သူကတော့ အမြဲတမ်းအဲ့လိုလူမျိုးနဲ့ပဲ တွေ့နေတယ်... သူ့မှာများ ပြဿနာ ရှိနေတာလား..."


 "တစ်ခါတလေ ငါ သူ့ကို ကြည့်နေရင်းနဲ့တောင် ပါးရိုက်ချင်လာတယ်...”


“နင်ဆိုလိုချင်တာကို ငါသိတယ် သူ့မျက်နှာကိုက ရန်စနေသလို ဖြစ်နေတာ...”


သူတို့ပြောသည့် စကားတိုင်းက ကျိုးကျွမ်နားသို့ ပြန်ရောက်လာကြသည့်အခါ သူ အလွန်စိတ်ဆိုးသွားသည်။


ယင်းချန်းနှင့် သူက နှစ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် အသားကျနေပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်းက သူ့ကို မကူညီခဲ့ကြပေ။ ကိုယ်လုပ်တော်ရှောင်လင်းကဲ့သို့ သူအကျယ်ကြီး မရပ်မနား အော်ဟစ်နေခဲ့လျှင်ပင် ဂရုစိုက်မည့်သူမရှိပေ။ သူတို့က သူ့ကြောင့်သာ စိတ်အနှောင့်အယှက် ဖြစ်ကြမည်ဖြစ်သည်။ ထို့အပြင် သူ ယင်းမင်ကျန်းအပေါ် လုပ်ခဲ့သည့်အရာများကြောင့်လည်း ရပ်ကွက်အတွင်း သူ နာမည်ပျက်သွားခဲ့သည်။


မကောင်းမှုလုပ်ပါက မကောင်းမှုသာ ပြန်ရမည်ဖြစ်သည်။ ထိုအရာက သူမနှင့် ထိုက်တန်ပေ၏။ 


ဝန်ထုပ်ဝန်ပိုးကို ထမ်းပေးမည့်သူ မရှိတော့သောကြောင့် သူကိုယ်တိုင်သာ တာဝန်ယူနေရပြီး သူ့ခေါင်းမှ သွေးထွက်သည်အထိ အရိုက်ခံလိုက်ရသည်။ ယခုတွင် သူအမှန်တကယ်ကို ကြောက်လန့်နေပြီဖြစ်သည်။ ဦးနှောက်တွင်းသွေးယိုစီးမှုကြောင့် ယင်းမင်ကျန်း သေလုနီးပါးဖြစ်သွားသည်ကို သူသတိရသွားသည်။


နောက်ဆုံးတွင် ယင်းမင်ကျန်း မည်ကဲ့သို့ ခံစားခဲ့ရသည်ကို သူသဘောပေါက်သွား၏။


အတိတ်တွင် ယင်းချန်းက လူကောင်းတစ်ယောက်ဟု သူခံစားခဲ့ရသည်က သူ၏ဝန်ထုပ်ဝန်ပိုးများကို ကူထမ်းပေးမည့်သူ ရှိနေသောကြောင့်ဖြစ်သည်။ သူ၏ နာကျင်မှုများကို မျှဝေခံစားပေးမည့်သူ ရှိခဲ့သည်။ ယခုတွင်မူ သူ့ကို ကူညီမည့်သူ မည်သူမှ မရှိတော့သောကြောင့် အရိုက်နှက်ခံရခြင်းက အလွန့်အလွန် ကြောက်စရာကောင်းကြောင်း သူ သိလာခဲ့သည်။ သူ သေလုနီးပါးပင် ဖြစ်နေသည်။


ယင်းချန်း သူ့ကို ရိုက်သည့်အချိန်တိုင်း သူက အလုပ်ခွင် သို့မဟုတ် အချို့သော အိမ်နီးချင်းများ၏ အခန်းထောင့်သို့သွားကာ ငိုနေတတ်သည်။ ထို့နောက်တွင် အခြားသူများက လာပြီး သူ့ကို သနားကြလိမ့်မည်။ သူက အသနားခံရသည်ကို သဘောကျသည်။ အနှစ်သိမ့်ခံရပြီးနောက် သူ့နှလုံးသားထဲတွင် ပုံမှန်မဟုတ်သည့် စိတ်ကျေနပ်မှုမျိုးကို ခံစားလိုက်ရသည်။


ထိုအရာကို သူ စကားဖြင့် ပြောရမည်ဆိုပါက “လူတိုင်းလာကြည့်ကြပါဦး...ငါ ဒဏ်ရာရထားတယ်...”ဟူ၍ပင်။ထို့နောက် လူတိုင်းက သူ့အနားတွင် စုဝေးပြီး သူ့ဒဏ်ရာများကို ကြည့်ကာ သူ့ကို နှစ်သိမ့်ပေးကြလိမ့်မည်။ သူတွေ့ကြုံရသည်များနှင့် သူ၏ကြွေကွဲဖွယ် ကံတရားကို သနားကြလိမ့်မည်။ သူ့ကိုရိုက်သည့်ယောကျ်ားကိုလည်းအပြစ်တင်ကဲ့ရဲ့ကြပေလိမ့်မည်။


ထိုအရာက သူ့ကို အပျော်ရွှင်ဆုံးဟူသည့် ခံစားချက်ကို ရရှိစေခဲ့သည်။


သူက လူတိုင်း၏နှစ်သိမ့်မှု၊ လက်ခံမှုနှင့် အာရုံစိုက်မှုတို့ကို သိမ်းပိုက်လိုက်နိုင်သည်ဟု ခံစားရသည်။ သူ့ကို တန်ဖိုးထားကြပြီး လူတိုင်းက သူမကို အာရုံစိုက်ပေးကြသည်။ သူတို့က သူ့ဘေးတွင်ရပ်တည်ပေးပြီး သူ့ကို ထောက်ပံ့ပေးကြသည်။


နစ်နာသူဟူသည့် အထောက်အထားကြောင့် အသိအမှတ်ပြုခံရမှုကို ရနိုင်ခဲ့သည်။


သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ့ကို ကိုယ်ချင်းစာမည့်သူ နှစ်သိမ့်မည်သူ တစ်ယောက်မျှ မရှိတော့ပေ။


လူတိုင်းက ယခင်ကဲ့သို့ မဟုတ်တော့ပေ။တချို့လူများဆိုလျှင် သူ့ကို တည့်တိုးပင် ပြောကြသည်။


“မင်းက ဒီလိုလူနဲ့အတူတူနေဖို့ လုပ်ခဲ့တဲ့သူပဲလေ... မင်းသာ သူ့ကိုလက်မထပ်ချင်ဘူးဆိုရင် ဘာလို့ တွယ်ကပ်နေသေးလဲ သူ့အကြောင်းတွေ စုံတောင် စုံစမ်းခဲ့လို့လား...”


ကျိုးကျွမ် အလွန် အံ့အားသင့်သွားသည်။


သူက သူ့ကိုယ်သူ အမြဲတမ်း အားနည်းသူကဲ့သို့နေခဲ့ခြင်းဖြစ်သည်။ မည်သည့်ကိစ္စပဲ ဖြစ်လာလာ တစ်ယောက်ယောက်က သူ့ကို ကူညီပေးလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်။ ယခင်ကဆိုလျှင် ယင်းမင်ကျန်းက သူ့ကို ကူညီပေးတတ်သည့်သူ တစ်ဦးဖြစ်သော်လည်း ယခုတွင်မူ မည်သူကမှ ထိုသို့ကူညီရလောက်အောင် မတုံးအ ကြပေ။


သူ ယင်းချန်းနှင့်အတူနေစဉ်က ယင်းမင်ကျန်းက သူ့ကို ကူညီမည်ဖြစ်သည်။ သူက ယင်းချန်းနှင့်ကွာရှင်းပြီး ထွက်သွားနိုင်သည်မှာ သိသာသော်လည်း သူကသာ ထိုသို့မလုပ်ချင်ခဲ့သည့် သူဖြစ်သည်။


ယခုတော့ သူ့အတွက် အခြားအကြမ်းဖက်တတ်သည့် ယောကျ်ားကို ရှာခဲ့မိသည်။ သူတို့လက်မထပ်ရသေးသော်လည်း သူ့ကို အိမ်ပေါ်သို့ ခေါ်တင်ခဲ့သည်။ သူ့ကို ရိုက်သည့် အချိန်တိုင်း သူက ရဲကို မခေါ်ခဲ့သလို ထိုသူ့ကိုလဲ မောင်းမထုတ်နိုင်ခဲ့ပေ။ သူက သနားစရာ ကိုယ်လုပ်တော်ရှောင်လင်းကဲ့သို့သာ ငိုနေခဲ့သည်။


သူ ဘယ်သူ့အတွက် ငိုနေရတာလဲ...


ကိုယ်ချင်းစာခြင်းက အဆုံးမရှိသည့် ခံစားချက်မျိုးမဟုတ်ပေ။ ထိုအရာက ကုန်ခမ်းသွားတတ်သည့် တစ်စုံတစ်ခုဖြစ်သည်။ လူတိုင်း၏ သူ့အပေါ် သနားသည့်ခံစားချက်များက ဖြေးဖြေးချင်း ရပ်တန့်သွားသည်။


ထို့အပြင် သူလုပ်ခဲ့သည့် ကိစ္စများနှင့် သူ၏ ပြုမူပုံများကိုလည်း။သူတို့တွေ့ခဲ့ရသည်။ 

သူတို့က သူ့ကို ဘာလို့ သနားရမှာလဲ...


ဆိုရိုးစကားတစ်ခုရှိသည်။

“သနားစရာကောင်းသည့်လူတိုင်းတွင် ရွံရှာဖွယ် အကြောင်းရင်း ရှိသည်”


ကျိုးကျွမ်က ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို ခံခဲ့ရသော်လည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို မရရှိခဲ့ပေ။ သူမအတွက် လုံးဝ စိတ်ဆင်းရဲစရာပင်။ ရိုက်နှက်ခြင်းများကို သူ ကျင့်သားရနေခဲ့သော်လည်း သူ၏ နှလုံးသားထဲတွင် ကြီးထွားလာသည့် အထီးကျန်မှုကို ရိုးရှင်းစွာပင် ကျင့်သားရမနေခဲ့ပေ။


သူ့ကို ထောက်ပံ့ပေးနိုင်မည့် သူ့ကို စိတ်လုံခြုံမှု ပေးနိုင်မည့် ယောကျ်ားကို ရှာဖွေရန် ကြိုးစားခဲ့သည်မှာ သိသာသော်လည်း နောက်ဆုံးတွင်တော့ ဒုတိယ ယင်းချန်းဖြင့်သာ အဆုံးသတ်ခဲ့သည်။


သူ ညဘက် အိပ်ရာဝင်သည့်အချိန်တွင် ယင်းမင်ကျန်း၏ အိပ်ခန်းဟောင်းထဲတွင် လှဲလျောင်းနေလျက် ဝရံတာရှိ အဝတ်တန်းများကိုကြည့်ပြီး သူ့အတွေးများ ဝေဝါးလာသည်။


လုံဟွားနှင့်သူက အဘယ့်ကြောင့်များ အလွန်စိတ်ဆင်းရဲစရာကောင်းနေရသည်ကို သူ အံ့ဩနေမိသည်။ 

ယင်းချန်းနဲ့ လုံဟွား နှစ်ယောက်စလုံးက လူကို ရိုက်နှက်တတ်ကြပေမယ့် ဘာလို့များ လုံဟွားရိုက်နှက်တာကို သူ သည်းမခံနိုင်ရတာလဲ...


နောက်ဆုံးတော့ ထိုနေရာတွင် ယင်းမင်ကျန်းမရှိသောကြောင့်ဖြစ်သည်ဟူ၍သာ သူမ ကောက်ချက်ချလိုက်သည်။


သူ့ကိုယ်သူ ပြန်တွေးနေမိသည်။ 


ယင်းချန်းက သူ့ရဲ့ မှီခိုအားထားစရာလူလား...


လုံဟွားက သူ့ရဲ့ မှီခိုအားထားစရာလူလား...


တစ်ယောက်ကမှ မဟုတ်ခဲ့ပေ။ ယင်းမင်ကျန်း၊သူ့သားကသာ သူ့၏ မှီခိုအားထားစရာလူ ဖြစ်သည်။


ယင်းမင်ကျန်းသာ သူနဲ့အတူ ရှိနေသေးရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...


ကံဆိုးစွာပင် ယင်းမင်ကျန်းက နောက်ပြန်လှည့်လာတော့မည်မဟုတ်ပေ။


ကျိုးကျွမ်က သူ့မျက်နှာကို စောင်ဖြင့် ဖုံးအုပ်လိုက်ပြီး စတင်ငိုကြွေးလိုက်မိသည်။


ယင်းမင်ကျန်း၏ အိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူ့ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် အထီးကျန်ခြင်း၊ အကူအညိီမဲ့ခြင်းနှင့် သည်းမခံနိုင်လောက်အောင်စိတ်ပျက်ခြင်းတို့ကို ခံစားလိုက်ရသည်။


သူ အသံထွက်၍ပင် မငိုရဲပေ။ သူ့အသံ အလွန်ကျယ်သွားပါက လုံဟွားက သူ့ကလေးများကို နှောင့်ယှက်သည်ဟု စွပ်စွဲကာ သူ့ကို ချက်ချင်း ရိုက်လိမ့်မည်။


သူက ယခင်ကထက် ပို၍သတိထားနေရပြီး ပို၍ ကြပ်တည်းစွာ ထိန်းချုပ်ပြီး နေနေရသည်။


သို့သော်လည်း သူမည်မျှပင် ဂရုစိုက်စေကာမူ အရေးမပါခဲ့ပေ။ အကြမ်းဖက်တတ်သူ၏ မျက်လုံးထဲတွင်မူ အမျိုးသမီးများက သူတို့၏စိတ်ခံစားချက်များကို ဖြေဖျောက်နိုင်သည့် ကိရိယာတစ်ခုသာဖြစ်သည်။အကြမ်းဖက်ခြင်းက အမျိုးသမီး၏ အပြစ်ကြောင့်မဟုတ်ပေ။ ထိုယောကျ်ား၏ စိတ်အခြေနေပေါ်တွင်သာ မူတည်သည်။


ထိုယောကျ်ားက မပျော်ရွှင်ပါက သူ့ကို ရိုက်မည်ဖြစ်ပြီး ပျော်နေလျှင်လည်း သူ့ကို ရိုက်မည်သာဖြစ်သည်။


ကျိုးကျွမ်က အရာအားလုံးကို သူကိုယ်တိုင် ခံစားခဲ့ရသည်။ သူ့တစ်ကိုယ်လုံးတွင် အမာရွတ်များဖြင့် ဖုံးလွှမ်းနေပြီး သူခံစားရသည့် နာကျင်မှုမှာလဲ ပြောမပြနိုင်လောက်အောင်ပင် ဖြစ်သည်။


နောက်ပိုင်းတွင် ကျိုးကျွမ် အိမ်ပြန်ရမည်ကိုပင် ကြောက်လာ၏။


သူ့တွင် အိမ်တစ်လုံးနှင့် အလုပ်တစ်ခု ရှိသည်မှာ သိသာသော်လည်း သူကိုယ်တိုင် ရပ်တည်နိုင်မည့် သွားစရာ နေရာ မရှိပေ။


ကျိုးကျွမ်က ပြွန်ပုံသဏ္ဍာန်ရှိသည့် တိုက်ခန်း အဆောက်အအုံမှ အိုဟောင်းပြီး အခန်းတစ်ခန်းသာပါသည့် တိုက်ခန်းတစ်ခုကို ငှါးရမ်းခဲ့ပြီး သူတစ်ယောက်တည်း တိတ်တဆိတ်နေထိုင်ခဲ့သည်။ ယခုအချိန်အထိ သူ့ဘဝကို ပြန်တွေးမိသည့်အခါတိုင်း အလွန် ခါးခါးသီးသီး ခံစားလိုက်ရသည်။


ဘာကြောင့်များ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ နာကျင်ခံစားနေခဲ့ရတာလဲ...


တိုက်ခန်းငှားနေရချိန်မှစ၍ သူ ပြေလည်ရန် ပို၍ခက်ခဲလာသည်။ ထိုအချိန်မှာပင် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ဆိုင်အတူတူဖွင့်ရန် သူ့ကို တိုက်တွန်းလာသည်။ ထိုဆိုင်က ကျိန်းသေပေါက် ပိုက်ဆံရှာနိုင်လိမ့်မည်ဟု သူက ပြောခဲ့သည်။


သူ့လုပ်ဖော်ကိုင်ဖက်က ထိုသို့ပြောသည်ကို ကြားလိုက်ရသည်နှင့် ကျိုးကျွမ် စိတ်လှုပ်ရှားသွားသည်။ သူက မြေကြီးအောက်သို့ ရောက်နှင့်နေပြီးဖြစ်သောကြောင့် တိုးတက်ရန်ကံစမ်းလိုသည့် စိတ်ပေါ်ပေါက်လာသည်။ သူက အချီကြီး ကြံလိုသောကြောင့် ထိုသူနှင့်ဆိုင်ဖွင့်ရန် သူသဘောတူလိုက်သည်။


ထိုဆိုင်ဖွင့်ရန်အတွက် ကုန်ကျစရိတ်များ ရရန် သူ၏ လုပ်ဖော်ကိုင်ဖက် ပြောသည့်အတိုင်း အွန်လိုင်းပေါ်မှ ငွေချေးလိုက်သည်။ မမျှော်လင့်ဘဲ အကြွေးက ပိုပိုများလာပြီး မဆပ်နိုင်တော့သည့် အနေအထားသို့ရောက်သွားသည်။သို့သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်ကမူ ပိုက်ဆံများကိုယူပြီး ထွက်ပြေးသွားသည်။


အကြွေးကောက်ခံသူများက သာမာန်မဟုတ်ကြ‌ဘဲ သူ့ထံ နေ့တိုင်းလာကြသည်။ သူတို့က ကျိုးကျွမ်သွားသမျှနေရာတိုင်းကို လိုက်ပြီး အကြွေးပြန်ဆပ်ခိုင်းသည်။


ကျိုးကျွမ်တွင် ထိုမျှများပြားသည့် ပိုက်ဆံ မရှိပေ။ ထို့အပြင် အိမ်ကလည်း ယင်းချန်းအပိုင်သာဖြစ်သည်။ သူ အိမ်ကို ရောင်းချင်သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။ ထို့အပြင် လုံဟွားကလဲ အိမ်ကို အပိုင်စီးထား၍ သူပြန်သွားသည်နှင့် အရိုက်ခံရမည်ဖြစ်သည်။


သို့သော်လည်း ငွေချေးသူများက ဂရုမစိုက်ဘဲ ပိုက်ဆံထုတ်ပေးရန် ဆက်လက်ဖိအားပေးကြသည်။ သူသာ သူတို့ကို ပိုက်ဆံမပေးပါက သူ့လက်ချောင်းများကို ဖြတ်ပစ်မည်ဖြစ်သည်။


ကျိုးကျွမ် ရူးသွားမတတ် ခံစားနေရသည်။


ကျိုးကျွမ်က သူ့ထံတွင် ထိုကဲ့သို့သောကိစ္စများ တစ်ခုပြီးတစ်ခု အဘယ့်ကြောင့်ဖြစ်နေရသည်ကို နားမလည်နိုင်တော့ပေ။ ယင်းချန်းက ချန်ဟွေ့ကို သတ်လိုက်စဥ်တည်းက အရာအားလုံး လွဲချော်သွားခဲ့သည်။


သူ့ကို တစ်လှမ်းခြင်း တစ်လှမ်းခြင်း ဆိုးရွားသည့်နေရာသို့ရောက်သွားစေရန် ဖိအားပေးပြီး သူ့ကံတရားကို ချုပ်ကိုင်ထားသော မမြင်နိုင်သည့် လက်တစ်စုံရှိနေသည်နှင့်ပင် တူနေသည်။


ယခုတွင် အရာအားလုံးက ဖြစ်ပျက်ပြီးသွားပြီး သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။


ယခင်က သူ့သားအရင်းလက်ထဲတွင် ပိုက်ဆံရှိလာသည့် အချိန်ရောက်မှသာ သူထုတ်ဖော်ပြောချင်ခဲ့သော်လည်း ယခု သူထပ်ပြီး မစောင့်နိုင်တော့ပေ။


သူ့သားအရင်းအတွက် သူအများကြီး လုပ်ပေးခဲ့သောကြောင့် သူက သူ့ကို ယခု ပြန်ပေးဆပ်သင့်သည် မဟုတ်လား...


သူ့သားက ယွမ်းဘီလျံနှင့်ချီသည့်ပိုင်ဆိုင်မှုများကို အမွေဆက်ဆံနိုင်သည်ဆိုလျှင်ပင် ကျိုးကျွမ်သာ အသက်မရှိတော့ပါက အချည်းနှီးသာ။ သူသည်လည်း သက်တောင့်သက်သာ ရှင်သန်နေထိုင်ချင်သေးသည်။


သူပျော်ရွှင်သည့်ဘဝကို ဖြတ်သန်းချင်သောကြောင့် ကိစ္စအများကြီး လုပ်ခဲ့ဖူးသည်။ ထို့ကြောင့်ပဲ သူ့ခေါင်းကို မြင့်မြင့် မော့ထားလိုက်သည်။


သူ ကိစ္စအများကြီး ကို ဖြတ်ကျော်ခဲ့ဖူးသည်။ သူတတ်နိုင်သမျှ အရာအားလုံးလုပ်ခဲ့ဖူး သည်။ သူ့သားအရင်းက သူ့ကို မစွန့်ပစ်မည်မှာ သေချာသည်။ သူဖြတ်ကျော်ခဲ့ရသည့် အရာအားလုံးက သူ့သားကြောင့်သာဖြစ်သည်။


သူ့သားက သူ့ကို ပြန်ပေးဆပ်ရန်လိုသည်။ သူ့သားက သူ့ကို ပိုက်ဆံနှင့် ဂုဏ်သိက္ခာပါ ပြန်ပေးသင့်သည်။


ကျိုးကျွမ်က သေးငယ်သည့် အခန်းဟောင်းလေးထဲတွင် ထိုကိစ္စကို တစ်ညလုံးတွေးတောနေခဲ့သည်။ ထို့နောက် သူ၏နောက်ဆုံးလက်ကျန်ပိုက်ဆံကိုယူကာ နောက်နေ့တွင် မြို့တော်သို့သွားမည့် ရထားလက်မှတ်ကို ဝယ်ခဲ့သည်။သို့သော်လည်း သူ ဘူတာရုံသို့ရောက်သည်နှင့် ငွေတိုးချေးသူများထံမှ အဖမ်းခံလိုက်ရသည်။


ကျိုးကျွမ် ချက်ချင်းပင် ခွေလဲကျသွားသည်။

“နင်တို့ငါ့ကိုဒီလိုလုပ်လို့မရဘူး...နင်တို့က ပြစ်မှုကျူးလွန်နေကြတာပဲ...”


“ပြစ်မှုကျူးလွန်တာလား...” 

ငွေတိုးချေးသူ က ရယ်လိုက်သည်။


“မင်းငွေချေးလိုက်ပြီဆိုတာနဲ့ အခုလိုဖြစ်မယ်ဆိုတာ မင်းသိထားပြီးသားပဲ မဟုတ်လား...”


ကျိုးကျွမ်က အော်ဟစ်ငိုယိုနေသည်။

“ငါ့ကိုသွားခွင့်ပြုပါ...ငါပိုက်ဆံတွေ သေချာပေါက် ပြန်ပေးမှာပါ ငါ့သားက ဘေဂျင်းမှာ...သူ့မှာပိုက်ဆံအများကြီးရှိတယ် သူကငါ့ကို သေချာပေါက် ကူညီလိမ့်မယ်...”


ငွေတိုးချေးသူများက အချင်းချင်း အထိတ်တလန့် ကြည့်လိုက်ကြသည်။ ခေါင်းဆောင်က သူမပြောသည်များကို လုံးဝမယုံကြည်ပေ။


“မင်းမှာ သားတစ်ယောက်ရှိပြီး သူက ဘေဂျင်းမှာတဲ့လား... ငါတို့ကို ဘယ်သူတွေလို့များထင်နေတာလဲ...”


“အဲ့ဒါ အမှန်ပဲ...” 

ကျိုးကျွမ် အမြန်ပြန်ပြောလိုက်သည်။

“နင်တို့ငါ့ကို သွားခွင့်ပြုတာနဲ့ ငါနင်တို့အတွက် ပိုက်ဆံပြန်ယူလာခဲ့မယ်...”


ထိပ်ပြောင်နေသည့်ခေါင်းဆောင်က ပြုံးလိုက်သည်။

“တကယ်လား ဒါဆို ငါတို့ကိုပြောပြ နင့်သားက ဘယ်သူလဲ သူက ဘာလုပ်တာလဲ...”


ကျိုးကျွမ်က သူ့ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် သူတိတ်တိတ်လေးနေရန်သာ ရွေးချယ်လိုက်သည်။


သူက သူ့သား၏ ကိုယ်ရေးအချက်အလက်များကို မဖော်ပြချင်သေးပေ။


သို့သော်လည်း သူပြောချင်သည်ဖြစ်စေ မပြောချင်သည်ဖြစ်စေ အရေးမကြီးပေ။ ငွေတိုးချေးသူများက သူ့ကို သည်းခံပေးနေရန် စိတ်ရှည်မည် မဟုတ်ပေ။


“သေစမ်း ခွေးမ... မင်းကငါတို့ကို မျှော်လင့်ချက်လာပေးနေတယ်ပေါ့ ငါတို့က တကယ်ကြီး မိန်းမတွေကို မရိုက်ဘူးလို့ ထင်နေတာလား...”

သူတို့၏ခေါင်းဆောင်က တစ်ကိုယ်လုံး ကြွက်သားအပြည့်နှင့်ဖြစ်သည်။ ကျိုးကျွမ်၏လက်တစ်ဖက်ကို ဆွဲလိုက်ပြီး မြေကြီးပေါ်သို့ ဖိထားလို

က်ပြီးနောက် ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး ကျိုးကျွမ်၏ လက်သူကြွယ်ကို ဖြတ်လိုက်သည်။


“အားးးးးးးးးးးး”

ကျိုးကျွမ်က အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က သေခါနီး ငါးတစ်ကောင်ကဲ့သို့ ဖျတ်ဖျတ်လူးနေသည်။