အပိုင်း ၅၃
Viewers 10k

Chapter 53

ဝက်ဝံညအိပ်ဝတ်စုံ



သူတို့ အမှန်တကယ် ထိုသို့လုပ်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။


သူတို့က သူ့ကို အနည်းငယ်ခန့် ရိုက်နှက်မည်ဟုသာ သူထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက မိန်းမတစ်ယောက်ဖြစ်သည်။ မိန်းမတစ်ယောက်အပေါ်တွင် သူတို့ အလွန်ရက်စက်ကြမည်မဟုတ်ပေ။

တီဗီထဲမှာလည်း အဲလိုပဲ မဟုတ်လား...


“အခု သိပြီမဟုတ်လား ငါတို့က ဒီမှာ လာဆော့နေကြတာမဟုတ်ဘူး...”

သူ၏သွေးစွန်းနေသည့်ဓားကို ကစားရင်း ခေါင်းဆောင်က ပြုံးလိုက်သည်။

“မင်းပိုက်ဆံယူမလာဘူးဆိုရင် ငါမင်းရဲ့နောက်လက်တစ်ချောင်းကို ထပ်ဖြတ်မယ် သိပြီလား...”


ကျိုးကျွမ်က နာကျင်မှုကြောင့် သတိမေ့မတတ်ဖြစ်နေသည်။ ထိုအချိန်တွင် တခြားအရာများကို စိုးရိမ်ပေးဖို့ သူ့၌မည်သည့် စွမ်းအားမှ မရှိတော့ပေ။ သူမ ငိုနေလျက် အမြန်ပြောလိုက်သည်။


“သနားပေးပါ။ကျေးဇူးပြုပြီး သနားပါဦး။ငါ့သားက တကယ့်ကို ဘေဂျင်းမှာပါ...”


အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုကြီးက သူ့ခေါင်းပေါ်သို့ရောက်လာသောကြောင့် ကျိုးကျွမ်က သူကလေးလဲခဲ့သည့် အမှန်တရား တစ်ခုလုံးကို ထုတ်ပြောလိုက်သည်။ ငွေတိုးချေးသည့် တစ်ဖွဲ့လုံး လုံးဝအံ့ဩသွားကြသည်။


သူတို့ရှေ့က သူရဲဘောကြောင်သည့် မိန်းမက ထိုသို့သောကိစ္စမျိုးကို ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။


ဖြစ်ရပ်တစ်ခုလုံးက ထူးထူးဆန်းဆန်းနှင့် စိတ်ကူးယဉ်ဆန်သည်။ ထို့အပြင် ဝေ့မိသားစုနှင့်လည်း ပတ်သတ်နေသေး၍ အဓိကအချိန်တွင် ပြသသည့် ဇာတ်လမ်းတွဲနှင့်ပင် တူနေသေးသည်။


ခေါင်းဆောင်က ရုတ်တရက် တစ်ခုခု ကို သတိရသွားသည်။ သူက ဖုန်းကိုထုတ်ပြီး အသံဖမ်းသည့် appကိုဖွင့်ကာ ဖုန်းကို ကျိုးကျွမ်ရှေ့တွင် ချလိုက်သည်။


“ဒီမှာ နောက်တစ်ခေါက်ပြန်ပြောစမ်း...”


ကျိုးကျွမ်က ဖုန်းကိုတွေ့သည်နှင့် သူပြောနေသည်များကို ရပ်လိုက်ချင်သည်။ သို့သော်လည်း ခေါင်းဆောင်က သူ့ကို ဓားနှင့် ခြိမ်းခြောက်နေသောကြောင့် သူအမြန်အရှုံးပေးလိုက်ရသည်။


 ကျိုးကျွမ်က အရာအားလုံးကို ထုတ်ပြောလိုက်သော်လည်း သူတို့က သူ့ကို မယုံကြည်ကြပေ။ အသေးစိတ်အချက်အလက်များက အလွန်ထူးဆန်းနေသည်။


သူ့နောက်လိုက်များက မေးလာသည်။

“ဘော့စ် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ...”


ခေါင်းဆောင်၏ မျက်လုံးများက မှောင်မိုက်ပြီး တွက်ချက်နေသည်။

“အကျိုးအမြတ်တိုင်းက အန္တရာယ်နဲ့ ယှဉ်တွဲနေတတ်ကြတယ် ဒါကသာ တကယ်အမှန်ဆိုရင် ငါတို့တော့ ကံကောင်းပြီ...”


သူက ခေါင်းငုံ့ပြီး ကျိုးကျွမ်ကို စိုက်ကြည့်လိုက်သည်။ထို့နောက် သူ့ဘေးရှိ နောက်လိုက်များကို အမိန့်ပေးလိုက်သည်။


“သူနဲ့ဘေဂျင်း လိုက်သွားလိုက် မင်းတို့ အဲ့ဒီကိုရောက်ရင် ချန်ကောဆီကို ဝင်လည်လိုက်ဦး... ဒီမိန်းမကို ထွက်မပြေးစေနဲ့တကယ်လို့ အကုန်လုံးကသာအမှန်ဆိုရင်……..”


ခေါင်းဆောင်က ပြုံးပြီး ဆက်ပြောသည်။

“ငါတို့တော့ ချမ်းသာပြီ...”


ကျိုးကျွမ်က ခေါင်းဆောင်၏မျက်လုံးထဲမှ လောဘတက်သည့်အရိပ်အယောင်များကို မြင်လိုက်ရပြီး သူ့နှလုံးသားအေးစက်သွားသည်။ ခေါင်းဆောင် လိုချင်သည့်အရာကို သူခန့်မှန်းမိသွားပြီဖြစ်သည်။ ခေါင်းဆောင်က သူ့သားကို ခြိမ်းခြောက်ချင်နေသည်။


သို့သော်လည်း အဖြစ်အပျက်များက ထိုနေရာသို့ပင်ရောက်နေပြီဖြစ်သည်။ သူလုပ်နိုင်သည့်အရာ တစ်ခုမှ မရှိတော့ပေ။ သူက ယခု အန္တရာယ်ရှိသည့်အနေအထားတွင် ရောက်နေပြီဖြစ်၍ နောက်ထပ် ခြေတစ်လှမ်း မလှမ်းခင် အနည်းဆုံး သူ့အသက်အတွက် အာမခံချက်ရှိရန် လိုအပ်သည်။


ခေါင်းဆောင်က သူ့ဒဏ်ရာများကို ကုသရန်အတွက် မြေအောက်လောက(တရားမဝင်)ဆေးခန်းတစ်ခုသို့ ခေါ်သွားသည်။ ထို့နောက် သူ့နောက်လိုက်များကို ကျိုးကျွမ်အား မြို့တော်သို့ ခေါ်သွားစေသည်။ ထိုအချိန်မှစ၍ ကျိုးကျွမ်ကို ချူကျိုးတွင် မည်သည့်အခါမှ မမြင်ရတော့ပေ။


*****


ထိုသတင်းကို ယင်းမင်ကျန်းသိသွားပြီးနောက် သူပြုံးလိုက်သည်။

“ကောင်းလိုက်တာ...သူတို့က ဒါကို ခဏလောက်တော့ ထိန်းထားနိုင်လောက်တယ်...”


ကျိုးကျွမ်က သူ့သားကို သူ့အတွက် ပျော်စရာကောင်းတဲ့ဘဝလေး ပေးစေချင်ခဲ့တာ မဟုတ်လား...


အခုတော့ ကျိုးကျွမ်က သူ့သားကို ငွေတိုးချေးသူတွေဆီက ခြိမ်းခြောက်မှူတွေကို သယ်ဆောင်သွားပေးနေပြီဆိုတော့ သူ့ရဲ့သားအရင်းက သူ့ကို လက်ခံပေးပါ့ဦးမလားဆိုတာ သူ သိချင်နေမိတယ်...


ကျိုးကျွမ်က သူ့မျှော်လင့်ချက်အားလုံးကို ဝေ့ရှီမင်းထံတွင် ပုံအောထားသည်။


ဝေ့ရှီမင်းက သူ့ကို ကူညီမည်လား မကူညီဘူးလားဆိုသည်ကို ယင်းမင်ကျန်း တွေ့ချင်မိ၏။


သူသာ ကျိုးကျွမ်ကို ကူညီပေးခဲ့ပါက ကျိုးကျွမ် အနည်းငယ်ခန့် သက်တောင့်သက်သာ နေနိုင်ပေလိမ့်မည်။အကယ်၍သူသာ မကူညီခဲ့ပါက ထိုရက်ပိုင်းအတွင်း ကျိုးကျွမ်၏ ခန္ဓာကိုယ်ကိုသာ ပြန်ရပေလိမ့်မည်။

(T/N ပိုက်ဆံမပေးနိုင်လို့ အသတ်ခံရလို့ အသက်မပါတဲ့ခန္ဓာကိုယ်ပဲ ဖြစ်သွားမယ်လို့ ပြောချင်တာပါ။)


သို့သော်လည်း ထိုအရာများက သူ့နှင့် ဘာမှမဆိုင်ပေ။


ကျိုးကျွမ် ဖြစ်ပျက်နေသမျှကို သူက ရိုးရိုးလေး စောင့်ကြည့်နေခြင်းသာဖြစ်သည်။


ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က အတူတကွ စတင်နေထိုင်ကြသည်။


ယင်းမင်ကျန်းက ပစ္စည်းများကိုသပ်သပ်ရပ်ရပ် သိမ်းဆည်းရာတွင် အလွန်တော်ပြီး သူ့ခြေထောက်များနှင့် လက်များက အလွန်မြန်သည်။ သူက ချိုက်ချင်ကို ချက်ပြုတ်ရာတွင် ကူညီပေးရုံသာမက တံမြက်စည်းလှည်းခြင်း၊ ကြမ်းတိုက်ခြင်းများကိုပါ လုပ်လေ့ရှိပြီး ရှုနဉ်ကို နည်သည့်အလုပ်မှ မလုပ်ရပဲ နေစေသည်။ ယင်းမင်းကျန်းက ရှုနဉ်၏ရှုပ်ပွနေသည့်အခန်းကိုလည်း ရှင်းလင်းပေးပြီး ပစ္စည်းများအားလုံးကို အစီအစဉ်တကျ နေရာချပေးတတ်သည်။


ယင်းမင်ကျန်းက အဝတ်စားများနှင့် နေ့စဉ်သုံး ပစ္စည်းများကို သူ့ငွေနှင့်သူ ဝယ်ခဲ့သည်။ ရှုနဉ်က ထိုအရာများကို သူ့အတွက် ဝယ်ပေးချင်သော်လည်း ယင်းမင်ကျန်းက အမြဲတမ်း သူ့အတွက်ကို သူကိုယ်တိုင်သာ ပေးချေလေ့ရှိသည်။


သူပိုက်ဆံများ မည်သည့်နေရာက ရနေသည်ကို ရှုနဉ်သံသယဝင်စ ပြုနေပြီဖြစ်သည်။


မကြာသေးမီက ရှုနဉ်သည် ကျိုးကျွမ်မှတဆင့် ထောက်ပံ့ငွေပေးခြင်းကို မပြုလုပ်ခဲ့သောကြောင့် ယင်းမင်ကျန်းလက်ထဲတွင် ပိုက်ဆံရှိမနေသင့်ပေ။ သို့သော်လည်း သူမည်သို့ မေးရမည်ကိုလည်း စဉ်းစားမရပေ။


ယင်းမင်ကျန်းနှင့် နေရသည်က အလွန်အဆင်ပြေသည်။သူက စကားအများကြီးမပြောသောကြောင့် ပြဿနာမဖြစ်စေသည့်အပြင် အိမ်မှုကိစ္စများကိုလည်း ကူညီလုပ်ကိုင်ပေးသေးသည်။


သူတို့နှစ်ယောက်လုံးကသာ ယောက်ျားလေးဖြစ်မနေခဲ့လျှင် ရှုနဉ် သူ့ကို သေချာပေါက် လက်ထပ်မိလိမ့်မည် ဖြစ်သည်။


သူတို့နှစ်ယောက်ကြားရှိ တစ်ခုတည်းသော ပြဿနှာမှာ...........


“ ရှုနဉ် မင်းငါ့အတွင်းခံကို မတော်တဆ ယူသွားတယ်...” 

သူတို့ ညအိပ်ဝတ်စုံ လဲနေကြစဉ် ယင်းမင်ကျန်း က သူ့အနက်ရောင်အတွင်းခံကို စိုက်ကြည့်ပြီး သတိပေးလိုက်သည်။


ရှုနဉ်က ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


“မဟုတ်ပါဘူး ဒါကငါ့အတွင်းခံပါ... သေချာပေါက် ငါ့အတွင်းခံကလဲ ဒီအရောင်ပဲ...”


ယင်းမင်ကျန်း ခေါင်းခါလိုက်သည်။ 

“ ငါ ရေကြည့်ပြီးသွားပြီ... ငါ့အနက်ရောင်အတွင်းခံ တစ်စုံပျောက်နေတယ်...“


ရှုနဉ်က ကို့ယို့ကားယား ပြောလိုက်သည်။ 

“ တကယ်ကြီးလား ငါနဲ့သေးနေတာ မထူးဆန်းတော့ပါဘူး...” 


ယင်းမင်ကျန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။


ယင်းမင်ကျန်း၏ အမူအရာက အများကြီး မပြောင်းလဲသွားသော်လည်း ရှုနဉ် က သူ့စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိလိုက်သောကြောင့် အမြန်ရှင်းပြလိုက်သည်။


“ မင်းက သေးတယ်လို့ ငါဆိုလိုတာ မဟုတ်ပါဘူး...ငါ့တင်ပါးကကြီးနေလို့ ပိုကြီးတဲ့အတွင်းခံကို ငါဝတ်တာပါ...” 


ရှုနဉ်က သူ့ကိုယ်သူ ငုံ့ကြည့်ရင်းပြောလိုက်သည်။ သူက ယင်းမင်ကျန်းကို သူ့တင်ပါးလှည့်ပြပြီး သူ့ကိုသူ ရိုက်လိုက်သည်။

“ တွေ့လား ကြီးနေတယ်မဟုတ်လာ...ဒါကလဲ ဝတာတစ်မျိုးပဲ...” 


ယင်းမင်ကျန်းက သူ့ကို ခဏလောက်ကြည့်ပြီး ပြောလိုက်သည်။ 

“မဝပါဘူး အသားပြည့်တာပါ...မင်းရဲ့အသားတွေအကုန်လုံးက တင်ပါးမှာသွားစုနေတာဖြစ်ရမယ်...”


“ ဘယ်လိုပဲပြောပြော ဒါကလဲ ဝတာတစ်မျိုးပဲဆိုတော့ အတူတူပဲလေ...”

ရှုနဉ် သူ့တင်ပါးကို နောက်တစ်ခေါက် ထပ်ရိုက်လိုက်သည်။


“ငါ့တင်ပါးက ကြီးနေလို့ ငါပုံမှန်ထပ်ကြီးတဲ့ အတွင်းခံဝတ်နေရတာ...ငါသေချာ‌ပေါက် မင်းကသေးတယ်လို့ ပြောချင်တာမဟုတ်ပါဘူး...”


ရှုနဉ် ထိုသို့ပြောပြီးနောက် ယင်းမင်ကျန်း အနည်းငယ်ခန့် စိတ်သက်သာရာရသွားသည်။


သူက ရှုနဉ်၏ လုံးဝိုင်းနေသော တင်ပါးကို စိုက်ကြည့်လိုက်သည်။ ရှုနဉ် သူ့တင်ပါးကို ပုတ်လိုက်သောအခါ သူ့စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ဝင်လာသည်။


ထိုထူးဆန်းသည့် စိတ်ခံစားချက်ကို သူအမြန် ထိန်းချုပ်လိုက်ရသည်။


သူစိတ်ထဲမထားသည်ကို ရှုနဉ် တွေ့သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။


ဗီလိန်လေးတွင် အညစ်အကြေးများကို ကြောက်သည့် စိတ်ရောဂါ အနည်းငယ်ရှိသည့်အပြင် သူ့ကို သေးသည်ဟုပြောခြင်းကိုလည်း ကြိုက်ပုံမရကြောင်း ရှုနဉ် သဘောပေါက်သွားပုံရသည်။


သူ နောက်အကြိမ်များတွင် ပိုပြီးဂရုစိုက်ရမည်ဖြစ်သည်။


သူတို့အိပ်သောအခါ ရှုနဉ်က လျှောက်မလှိမ့်မိစေရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူအိပ်မောကျနေသောအချိန်တွင်တော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။


နောက်တနေ့ သူနိုးလာသောအခါ အမြဲတမ်းလိုလို ယင်းမင်းကျန်းကို ဖက်တွယ်နေလိမ့်မည်ဖြစ်သည်။


ကံကောင်းစွာဖြင့် ယင်းမင်ကျန်း ကစိတ်ထဲမထားခဲ့ပေ။


ရှုနဉ်က ယင်းမင်ကျန်းကို သူ၏ သူငယ်ချင်းသုံးယောက်အဖွဲ့ထဲသို့ သဘာဝကျကျ ဆွဲထည့်လိုက်သည်။ သူ ဝမ်ရှန်ရှန်၊လုံချန်တို့နှင့် လျှောက်သွားသည့်အခါတိုင်း ယင်းမင်ကျန်းကိုပါ သူနှင့်အတူ ခေါ်သွားခဲ့သည်။


သို့သော်လည်း ဝမ်ရှန်ရှန် နှင့် လုံချန်တို့ က သူတို့ကို Battle Elite ကစားရန်ဖိတ်သည့် အခါတိုင်း ရှုနဉ် က ငြင်းဆန်မည်ဖြစ်သည်။ ထိုအစား စာလေ့လာသည့် အဖွဲ့လေးတစ်ခုဖွဲ့ရန် သူဆုံးဖြတ်လိုက်သည်။ သူတို့အားလုံး၏ အဆင့်များ တက်လာစေရမည်ဟု ကတိပြုလိုက်သောကြောင့် ဝမ်ရှန်ရှန်နှင့်လုံချန်တို့ လန့်သွားပြီး တက်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ 


ရှုနဉ်က သူတို့ကို လိုက်မဖမ်းနိုင်သောကြောင့် ဗီလိန်လေးနှင့်အတူ စာကျက်ရန် အိမ်ပြန်ခဲ့ကြသည်။


ဗီလိန်လေး၏ လေ့လာသင်ယူနိုင်သည့် စွမ်းရည်က အလွန် ကောင်းမွန်ပြီး ရှုနဉ်က သူ့အတွက်စိတ်ပူရန် မလိုအပ်ပေ။ သူတို့နှစ်ယောက်သား ဧည့်ခန်းထဲတွင် အိမ်စာလုပ်ပြီးသည်နှင့် သူတို့အိပ်ခန်းထဲသို့ ပြန်ဝင်ကာ လက်တော့ပ်များကို ထုတ်လိုက်သည်။


ရှုနဉ်က သူ၏ ဘာသာပြန် စာမူများကိုဖွင့်လိုက်သည်။ ဗီလိန်လေးက သူ့ဘေးတွင်ထိုင်ပြီး ကွန်ပြူတာကို ဖွင့်လိုက်သည်။ သူအခြား အွန်လိုင်းသင်တန်းများတက်နေသည်ဟု ရှုနဉ် ထင်ခဲ့သော်လည်း မြင်လိုက်ရသည့်အရာက သူ့ကို အံ့သြတုန်လှုပ်သွားစေသည်။ 


ဖန်သားပြင်ပေါ်တွင် အနီရောင်နှင့် အစိမ်းရောင် ကိန်းဂဏန်းများဖြင့် ပြည့်နှက်နေသည်။ ရှုနဉ် ယခင်က ရှယ်ယာ အရောင်းအဝယ်များလုပ်ခဲ့ဖူးပြီး သူ့အင်္ကျီပင်မကျန်လုနီးပါး ဆုံးရှုံးခဲ့ဖူးသည်။ ၎င်းက မည်သည့်အရာဖြစ်ကြောင်း သူသိလိုက်သည်။


“ မင်း စတော့ခ် အရောင်းအဝယ်လုပ်နေတာလား...” 

ရှုနဉ် အံ့သြသွားခဲ့သည်။


ဗီလိန်လေးက လှည့်ကြည့်လိုက်သည်။

“ မင်းဒီအကြောင်းသိတာလား...” 


ရှုနဉ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုအကြောင်းကို စဉ်းစားပြီးပြောလိုက်သည်။ 

“ မင်ကျန်း ငါတို့က အရမ်းငယ်သေးတာမို့လို့ စတော့ခ်အရောင်းအဝယ် မလုပ်ပဲနေရအောင်...”


ကုန်သည် ၁၀ ဦးတွင် ၇ ဦးက သူတို့ငွေများကို ဆုံးရှုံးနိုင်ပြီး ၂ ဦးကမွဲသွားနိုင်ကာ ကျန်သည့် ၁ ဦးကသာ ပိုက်ဆံ ရနိုင်မည်ဖြစ်သည်။


ယင်းမင်ကျန်းက မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ 

“ ငါ ယွမ်သုံးသိန်း ရပြီးမှပဲ ဒီအကြောင်းဆက်ပြောရအောင်...”


သူက ကျိုးကျွမ်ကို ရင်ဆိုင်ရန်အတွက် လူအချို့ကို ငှားခဲ့ရပြီး ထိုကိစ္စက စျေးမပေါပေ။


“သုံးသိန်း...”

ရှုနဉ် အသက်ပြင်းပြင်းရှုလိုက်သည်။


“ဒါက သုံးသိန်း ပါပဲစိတ်မပူပါနဲ့...”

 ယင်းမင်ကျန်းက ပြောလိုက်သည်။


ရှုနဉ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“သုံးသိန်းပဲ ဟုတ်လား...”


ယင်းမင်ကျန်းက လက်တော့ပ် မျက်နှာပြင်ကို ပြန်လှည့်ကြည့်နေသည်။ သူက ဆော့ဝဲလ် အများစုမှရသည့် အသေးစိတ်အချက်အလက်များကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်နေကာ သူ့အသံက ပေါ့ပါးနေသည်။

“ခဏနေရင် ပြီးတော့မှာပါ...”


သူ၏ ယခု ရင်းနှီးထားသည့် ပမာဏက မူလ ပမာဏထက် အလွန်များနေပြီ ဖြစ်သည်။ သူသာ ထိုပမာဏကို နှစ်ဆတိုးလိုက်နိုင်ပါ သုံးသိန်းကျော်အထိ ရနိုင်ပြီ ဖြစ်သည်။


ရှုနဉ်ကမူ လက်တွေ့ဘဝမှ ဝေးကွာသွားသလို ခံစားလိုက်ရသည်။


ဗီလိန်လေးက သင်္ချာတွင် ၃၅မှတ် ရခဲ့ပြီး တခြားဘာသာများတွင် သုညသာ ရခဲ့သော်လည်း ယခုတော့ သူက စတော့ပ် အရောင်းအဝယ်လုပ်နေသည်။ သူက သုံးသိန်းရအောင် လုပ်နိုင်သည်ဟုပင် ပြောနေသေးသည်။


“ငါက စတော့ခ်ရှယ်ရာတွေကို အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူး အနာဂတ်စာချုပ်တွေကို အရောင်းအဝယ်လုပ်နေတာ...”


ရှုနဉ်က သူလက်တွေ့ဘဝမှ ပို၍ပင်ဝေးကွာသွားသလို ခံစားလိုက်ရသည်။


အနာဂတ် စာချုပ်တွေဆိုပါလား...


သူ့ယခင်ဘဝက ရှုနဉ် ထိုအရာများနှင့် မထိတွေ့ခဲ့ဖူးသော်လည်း လူများက အနာဂတ်စာချုပ်များအတွက် ငွေကြေးသုံးစွဲမှုက အလွန်မြင့်မားကြောင်း သူကြားခဲ့ဖူးသည်။ အခြေခံအားဖြင့် ထိုအရာက လောင်းကစားလုပ်ခြင်းနှင့် ဆင်တူသည်။


“မင်ကျန်း...”

ရှုနဉ်က ဗီလိန်လေး ရူးသွားပြီဟု ခံစားလိုက်ရသည်။ သူတံတွေးမြိုချရင်း ပြောလိုက်သည်။


“ငါတို့က ကျောင်းသားတွေပဲရှိသေးတယ်လေ...တကယ်တော့ ငါလဲ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေကို နည်းနည်း သိပါတယ်...များသောအားဖြင့် ဘဏ်လုပ်ငန်းရှင်ကြီးတွေနဲ့ အဖွဲ့အစည်းတွေကပဲ ပိုက်ဆံရှာနိုင်ပြီး တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူအများစုက ငွေကြေးဆုံးရှုံးသွားတတ်ကြတယ်...ငါတို့မှာရှိတဲ့ အချက်အလက်တွေနဲ့ အသေးစိတ်အကြောင်းအရာတွေက အဖွဲ့အစည်းအကြီးတွေကို မယှဉ်နိုင်ဘူးလေ...ငါတို့က သူတို့နဲ့ သွားပြိုင်လို့မရဘူး ငါတို့က ငယ်သေးတယ် ပြီးတော့ ငါတို့မှာ တောက်ပတဲ့အနာဂတ်လဲ ရှိတယ်...အခုက ငါတို့ စာပဲကျက်ရမဲ့အချိန်လေ...”


ယင်းမင်ကျန်းက သူ့ဆီလျှောက်လာပြီး သူ့လက်တော့ပ်ထဲရှိ ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။

“ဒါကဘာလဲ...”


ဗီလိန်လေးက ဂျာမန်ဘာသာစကားကို မသိဟု ရှုနဉ်ထင်သောကြောင့် ကြုံရာဆင်ခြေတစ်ခု ပေးလိုက်သည်။

“သင်ကြားရေး ပစ္စည်းတွေလေ...”


ယင်းမင်ကျန်း၏နှုတ်ခမ်းထောင့်များ ကွေးသွားသည်။

“အိုး ငါ ဂျာမန်စာကို မသိဘူးလို့ မင်းတကယ်ကြီးထင်နေတာလား...”


ရှုနဉ် အံ့ဩသွားသည်။


ဗီလိန်လေးက ထိုဖိုင်ကို ခဏခန့်စိုက်ကြည့်နေသည်။

“ဒါက ကုန်သွယ်ရေးစာချုပ်ပဲ ဖြစ်ရမယ်...”


ရှုနဉ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။


ယင်းမင်ကျန်းက ထပ်ပြီး ရှုနဉ်၏ QQအကောင့်ကို ကြည့်လိုက်သည်။

“မင်း ဘာသာပြန်ပြီး ဝင်ငွေရှာနေတာပဲ...”


ရှုနဉ်”…….”


ယခင် နှစ်ရက်ခန့်တွင် ရှုနဉ်က ဗီလိန်လေးက ကလေးပဲရှိသေးသည်ဟူသည့် အချက်ကို အခြေခံ၍ သူ့ရှေ့တွင် စာရွက်စာတန်းများကို ဘာသာပြန်နေခဲ့သည်။ ဗီလိန်လေးက သူဘာလုပ်နေသည်ကို မသိဟု သူထင်ခဲ့သော်လည်း ယခုတော့ သူ အားလုံးကို သိနေကြောင်း ပေါ်ပေါက်လာပြီဖြစ်သည်။


သူ မှားယွင်းတွက်ချက်ခဲ့မိသည်။


ယင်းမင်ကျန်းက မေးလိုက်သည်။


“ဘုရားသခင်က လုပ်နိုင်ပြီး တိရိစ္ဆာန်တွေကျတော့ မလုပ်ရဘူးလား...”


ရှုနဉ် : “ဒါက …”


ယင်းမင်ကျန်းက ဆက်ပြောလာသည်။

“မင်းပဲ ပိုက်ဆံရှာလို့ရပြီး ငါကျတော့ ရှာလို့မရဘူးလား...”


ရှုနဉ် “….”


ရှုနဉ် သူ့ကို ဆန့်ကျင်စကားပြောရန်မတတ်နိုင်တော့ပေ။

“ငါသိပြီ ဒါပေမဲ့ အရမ်းကြီး မဆင်မခြင်တော့ မလုပ်ရဘူးနော်...”


ယင်းမင်ကျန်းက ပြုံးလိုက်သည်။

“သိပါပြီ...”


ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်က စားပွဲ၏ တစ်ဖက်တစ်ချက်ဆီတွင် နေရာယူနေကြသည်။


သူတို့ကြားထဲတွင် နွေးထွေးသည့် မီးလုံးတစ်လုံးရှိနေပြီး အသီးသီး ကိုယ်စိီ သူတို့ကိုယ်ပိုင်အလုပ်များ လုပ်နေကြသည်။


ပြတင်းပေါက် အပြင်ဘက်တွင် မှောင်လာပြီး တစ်အိမ်လုံးလဲ တိတ်ဆိတ်နေသည်။


ည ၇နာရီခွဲခန့်တွင် ပါးပါးရှုက ပြန်ရောက်လာပြီး ချိုက်ချင်ကလည်း ဆယ်ကျော်သက်လေးနှစ်ယောက်ကို ညစာစားရန် လှမ်းခေါ်လိုက်သည်။ ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ နှစ်ယောက်စလုံး သူတို့ လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီးဧည့်ခန်းထဲသို့ ထွက်လာကြသည်။


သူများအိမ်တွင် နေနေရသည်ဟူသော အသိကြောင့် ယင်းမင်ကျန်းက ထမင်းစားနေစဉ် စကားပြောခဲသည်။ သူက အလွန်တိတ်ဆိတ်နေပြီး သူ့ရှေ့တွင်ရှိသည့် ဟင်းပွဲများကိုသာ ယူစားလေ့ရှိသည်။


ရှုနဉ်နှင့် ချိုက်ချင်တို့ နှစ်ယောက်လုံးက သူပန်းကန်ထဲသို့ အသားများ၊နံရိုးများနှင့် အခြားဟင်းများ ထည့်ပေးကာ သူ အနေမကြပ်စေရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း

ယင်းမင်ကျန်း၏တိတ်ဆိတ်နေတတ်သည့်အကျင့်က မပြောင်းလဲပေ။


မည်သည့်အရာက ပြဿနာဖြစ်ကြောင်းကို ရှုနဉ် တဖြည်းဖြည်းချင်း ရှာတွေ့လာသည်။ သူက ယင်းမင်ကျန်းနေရာတွင် သူ့ကိုယ်သူ အစားထိုးကြည့်လိုက်ပြီးနောက် ယင်းမင်ကျန်း မည်သို့ခံစားနေရသည်ကို သူနားလည်နိုင်လာသည်။