Chapter 54
ဝက်ဝံညအိပ်ဝတ်စုံ
ညစာစားပြီးနောက်တွင် ရှုနဉ်က မီးဖိုခန်းထဲသို့ ဝင်ကာ ပန်းကန်ဆေးနေသည့် ချိုက်ချင်ကိုပြောလိုက်သည်။
“ချိုက်ချိုက် ယင်းမင်းကျန်းပန်းကန်ထဲကို နောက်ဆို ဟင်းတွေထည့်မပေးနဲ့တော့ ...”
ချိုက်ချင်က ရေပိုက်ခေါင်းအောက်ရှိပန်းကန်ပြားတစ်ချက်ကို ဆေးကြောနေရင်းတန်းလန်းဖြစ်ပြီး သူပြောသည်ကို ကြားလိုက်သည့်အခါ အံ့ဩသွားသည်။
“ဘာဖြစ်လို့လဲ...”
ရှုနဉ်က သူ့ဘေးတွင် ရပ်လိုက်ပြီး ရေမြှုပ်ကိုယူကာ ပန်းကန်ကူဆေးပေးလိုက်သည်။
“မာမားက အဲ့လိုလုပ်လေ ယင်းမင်ကျန်းကပိုပြီး ကို့ရို့ကားရားဖြစ်လေပဲ...”
“ဘာလို့လဲ...“
“ဘာလို့လဲဆိုတော့ မာမားက သူ့ကို ယဉ်ကျေးနေမယ်ဆိုရင် သူက သူ့ကိုသူ ဧည့်သည်ဆိုတာ ပြန်ပြန်ပြီး သတိရရ သွားတတ်လို့လေ...
ချိုက်ချင် အံ့ဩသွားသည်။
“ အဲလိုလား...”
“ဟုတ်တယ်...”
ရှုနဉ်က ဆေးပြီးသည့်ပန်းကန်များကို အခြောက်ခံစင်ပေါ်သို့ တင်လိုက်သည်။
“ကျွန်တော်တို့ အားလပ်ရက်တုန်းက မြောက်ပိုင်း အဘွားတို့အိမ်ကို အလည်သွားတုန်းက ကျွန်တော်တို့ သွားမလည်ဖြစ်တာ ကြာပြီမို့ အဲ့ဒီက ဘယ်သူနဲ့မှ ကျွန်တော်နဲ့ မရင်းနှီးဘူးလေ... သူတို့က အမြဲတမ်း ကျွန်တော့်ကို ဘာစားမလဲ၊ဘာသောက်မလဲ ပဲမေးနေတာ...ကျွန်တော်ထိုင်နေရင်တောင်မှ အေးနေပြီလားလို့ မေးတယ်... ညစာစားရင်လည်း ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေအပြည့်ထည့်ပေးကြတယ်...ကျွန်တော့်ကိုလဲ ဗိုက်ပြည့်နေပြီလားလို့ အမြဲမေးတယ် မာမား စိတ်မဆိုးနဲ့နော်...ရိုးရိုးသားသားပြောရရင် အဲ့ဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်...“
“ကျွန်တော် တကယ်ကြီး သက်တောင့်သက်သာမရှိသလိုခံစားရတယ်... အကုန်လုံးက ကောင်းအောင် လုပ်ပေးနေကြတာဆိုပေမဲ့ ကျွန်တော်ဘာလုပ်လုပ် သူတို့က လိုက်မေးနေကြတယ်... ကျွန်တော်ဘာပဲလုပ်လုပ် သက်တောင့်သက်သာမရှိသလို စားနေရင်းတောင် စိတ်စနိုးစနှောင့်ဖြစ်တယ်... အမြဲတမ်း ကျေးဇူးတင်ပါတယ်လို့ ပြောဖို့စောင့်နေရသလိုပဲ...တကယ့်ကို ခြေကုန်လက်ပန်းကျတယ်။”
ချိုက်ချင် တိတ်ဆိတ်သွားသည်။
ရှုနဉ်က မေးလိုက်သည်။
“မာမားရော အဲ့လိုမခံစားရဘူးလား...”
ချိုက်ချင်ကလည်း မြောက်ပိုင်းကို မကြာခဏ မသွားဖြစ်ပေ။ သူက ပါးပါးရှုနှင့် နှစ်အနည်းငယ်တိုင်း တစ်ကြိမ်ခန့်သာ လိုက်သွားတတ်သောကြောင့် သူ့ယောက္ခမမိသားစုနှင့် မရင်းနှီးပေ။
“ငါမင်းပြောတာကို အခုနားလည်သွားပြီ...”
ချိုက်ချင်က သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ ငါ ယင်းမင်ကျန်းရဲ့ပန်းကန်ထဲကို ဟင်းထည့်မပေးတော့ဘူး...အခုကစပြီး ငါသူ့ကို မင်းကိုဆက်ဆံသလိုပဲ ဆက်ဆံတော့မယ်...”
“ကောင်းတာပေါ့ မာမားကိုချစ်တယ်နော် ချိုက်ချိုက် မွ...“
ရှုနဉ်က သူ့ပန်းကန်များကို စင်ပေါ်တင်ပေးကာ ပန်းကန်ကူဆေးခြင်းကို အဆုံးသတ်လိုက်သည်။
“ကျွန်တော် ပါပါးကိုသွားပြောလိုက်ဦးမယ်...”
“လူဆိုးကောင်လေး။ သွား သွား...”
ပါးပါးရှုက စစ်တမ်းကောက်ထားသည့် အကောင့်များကို ရှာဖွေကြည့်ရှုနေစဉ် ရှုနဉ်က တံခါးခေါက်လိုက်သည်။တံခါးပွင့်သွားသည်နှင့် ရှုနဉ်က သူချိုက်ချင်ကို ပြောခဲ့သည်များကို ပါးပါးရှုအားပြောရန် အခန်းတွင်းသို့ ဝင်လာသည်။
ပါးပါးရှုက သူနားလည်ကြောင်း ပြန်ပြောခဲ့သည်။
ထို့နောက် ရှုနဉ် သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။
ယင်းမင်ကျန်းက ကွန်ပြူတာမျက်နှာပြင်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ အစိမ်းနှင့် အနီရောင် မျက်နှာပြင်က ရှုနဉ်ကို တစ်စုံတစ်ခုအား သတိရသွားစေသည်။
“မင်ကျန်း မင်း ကွန်ပြူတာမျက်နှာပြင်က အရောင်တွေကို မြင်ရတာလား...”
အရောင်များကို မမြင်ရသည့် ကလေးလေးက သူ့ထက်ပင်ပို၍စုတ်ပြတ်သတ်သွားမည်ကို သူအလွန် စိတ်ပူနေမိသည်။
ယင်းမင်ကျန်းက ဉာဏ်ကြီးရှင်ဖြစ်ကြောင်း သိသော်လည်း ရှုနဉ်စိတ်ပူနေမိဆဲပင်။ စတော့ပ်ရှယ်ယာအရောင်းအဝယ်နှင့် အနာဂတ်စာချုပ်များက လောင်းကစားလုပ်ခြင်းနှင့်တူသည်ဟု သူခံစားနေရဆဲ ဖြစ်သောကြောင့် သူ ယင်းမင်ကျန်းကို ဖျောင့်ဖျရန် သူကြိုးစားနေမိသည်။
“ငါတို့ ဘာလို့တခြားနည်းနဲ့ ပိုက်ဆံရှာဖို့ မကြိုးစားရမှာလဲ... တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေက အမြဲတမ်းလိုလို ခြေတစ်လှမ်းနောက်ကျနေတတ်တယ်... အဲ့ဒီ ရင်းနှီးမြှုပ်နှံတဲ့အဖွဲ့အစည်းကြီးတွေက ငါတို့မရတဲ့ သတင်းအချက်အလက်တွေ အများကြီး ရနိုင်တယ်... ထပ်ပြောရရင် လူတွေအများကြီးကလဲ နာရီနဲ့ချီပြီး သူတို့အတွက် အလုပ်လုပ်ပေးနေတယ်... မင်းက တစ်ယောက်ထဲ ဘယ်သူက ထိပ်ဆုံးကို ရောက်လောက်တယ််ဆိုတာ သိသာပါတယ်...”
သူစတော့ပ်စျေးကွက်တွင် မွဲပြာကျပြီးနောက်တွင် စတော့ပ်စျေးကွက်၏ အန္တရာယ်များအကြောင်း ရေးသာထားသော သတင်းဆောင်းပါးအများကြီးကို ဖတ်ခဲ့သည်။ ထိုအချိန်မှစ၍ သူစတော့ပ်စျေးကွက်ကို လက်လျော့လိုက်ပြီး လုံးဝ မထိတော့ပေ။ သို့သော်လည်း သူက ဗီလိန်လေးအတွက် စိတ်ပူနေသေးသည်။
ဗီလိန်လေးက မျက်တောင်ခတ်လိုက်သည်။
“ဉာဏ်ရည်ဉာဏ်သွေးနဲ့ယှဉ်ပြိုင်ရတဲ့ ကစားပွဲက နံပါတ်တွေကိုပဲ မှီခိုပြီး အနိုင်ယူရတာမျိုး မဟုတ်ဘူး... ပြီးတော့ လူတွေအများကြီးရှိတယ်ဆိုတိုင်းလည်း အမြဲတမ်းအားသာနေတာမျိုးမဟုတ်ဘူး... လူအများကြီးရှိရင် မတူညီတဲ့ အမြင်တွေလဲ အများကြီးရှိတယ်လို့ ဆိုလိုတာကြောင့် ဦးတည်ချက်ကိုရောက်ဖို့ခက်တယ်...ငါက လူအယောက်တစ်ရာကိုတောင် ကောင်းကောင်းတိုက်ခိုက်နိုင်တယ်...”
ငါက လူအယောက်တစ်ရာကိုတောင် ကောင်းကောင်းတိုက်ခိုက်နိုင်တယ်တဲ့လား...
သူက ထိုကဲ့သို့သောအရာများကိုပင် တစ်နှင့်တစ်ပေါင်းပါက နှစ်ရသည့်ကိစ္စကဲ့သို့ လွယ်သူသည့် အရာများပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလာသည်။
ရှုနဉ် အံ့အားသင့်သွားသည်။ ဗီလိန်လေးက ထိုကဲ့သို့သောကိစ္စများကို အဘယ့်ကြောင့် ထိုလေသံမျိုးဖြင့် ပြောဆိုနိုင်ရသည်ကို သူ နားမလည်နိုင်ချေ။
“သတင်းအချက်အလက်တွေအတွက်ကတော့...”
ယင်းမင်ကျန်းက လက်တော့ပ်ရှိ ပင်မစာမျက်နှာကို ပိတ်လိုက်ရာ မျက်နှာပြင်တစ်ခုလုံးပြည့်ကျပ်နေသေးငယ်သည့် ဖိုင်မျက်နှာပြင်များ ပေါ်ထွက်လာသည်။ ဖိုင်မျက်နှာပြင် တစ်ခုခြင်းဆီတွင် ဇယားများ ၊အသေးစိတ်အချက်အလက်များနှင့် ထိုကဲ့သိုသော အစီရင်ခံစာများ ပါဝင်သည်။ ရှုနဉ် ထိုအရာများကိုကြည့်ရင်း မူးဝေလာသည်။
"အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဖမ်းယူနိုင်ပြီး ခေတ်စားနေတဲ့အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ပရိုဂရမ်နှစ်ခုကို ငါရေးခဲ့တယ်..."
သူက ရှုနဉ်ကိုပြသရန် ဖိုင်မျက်နှာပြင် မျိုးစုံကို ဖွင့်ခဲ့ပြီး "အစီရင်ခံစာက ဘာကိုပြောချင်တာလဲ၊အသေးစိတ်အချက်အလက်များရဲ့ အဓိပ္ပါယ်က ဘာကိုဆိုလိုလဲ" ဟူသည်ကို ရှင်းပြသည်။
ဗီလိန်လေးက သူ့ကို ဆော့ဖ်ဝဲလ်နှင့် ၎င်း၏ အကြောင်းအရာများကို မိတ်ဆက်ပေးသည်။ သူက တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုဖိုင်ကို ချက်ချင်းပိတ်လိုက်သည်။ သူဖိုင်တစ်ခုကိုကြည့်သည့် အကြာဆုံးအချိန်က စက္ကန့်သုံးဆယ်ထက် မပိုပေ။ ရှုနဉ် စာပိုဒ်တစ်ပိုဒ်ကိုပင် မဖတ်ရသေးသော်လည်း ယင်းမင်ကျန်းက အကြမ်းဖျင်းသိသွားပြီး ထိုဖိုင်ကို ပိတ်လိုက်ပြီးဖြစ်သည်။
ရှုနဉ် လိုက်လံဖတ်ရှူရန် အရှုံးပေးလိုက်ပြီး ယင်းမင်ကျန်းခွဲခြမ်းစိတ်ဖြာ ပြနေသည်ကိုသာ နားထောင်နေလိုက်သည်။
ရှုနဉ်က ဗီလိန်လေးပါးစပ်မှထွက်လာသည့် စကားတစ်လုံးခြင်းစီကို နားလည်သော်လည်း ထိုအရာများကို စုပေါင်းလိုက်သည်နှင့် သူပြောချင်သည့် ဆိုလိုရင်းအဓိပ္ပါယ်ကို နားမလည်တော့ပေ။ သို့သော်လည်း သူဘာမှနားမလည်ဟု မပြောချင်ပေ။ ထိုသို့ပြောရခြင်းက ရှက်စရာကောင်းသောကြောင့် ခေါင်းညိတ်ပြီးသာ နားလည်သလို ဟန်ဆောင်နေလိုက်သည်။
နာရီဝက်ခန့်ကြာသောအခါ ဗီလိန်လေးက ပြောသည်။
“ဒီမှာ ဒါပဲ...”
ရှုနဉ်မေးလိုက်သည်။
“ဘယ်မှာလဲ...ဘာကိုလဲ...”
ဗီလိန်လေးက ပြန်ဖြေလိုက်သည်။
“ငါ့ခေါင်းထဲက အသံလေ...”
သူ့တွင် ပြန်ဖြေရန် အချိန်မရှိပေ။ သူက အမြန်ကုန်သွယ်သည့် မျက်နှာပြင်ကိုဖွင့်လိုက်ပြီး အရောင်းအဝယ်များစွာကို အမြန်လုပ်လိုက်သည်။
ရှုနဉ်လုပ်နိုင်သည့် တစ်ခုတည်းသောအရာက မျက်နှာပြင်ကိုဖြတ်၍ ပျံသန်းနေသည့် ကိန်းဂဏန်းများကိုလိုက်ကြည့်ခြင်းသာ ဖြစ်သည်။ ထို့နောက် ဗီလိန်လေးက ကီးဘုတ်ကိုနှိပ်ပြီး ဖိုင်မျက်နှာပြင်ကို ပိတ်လိုက်သည်။
ဗီလိန်လေး၏မျက်နှာက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။အရောင်းအဝယ်ပြီးသွားသည်နှင့် သူက ရှုနဉ်ကိုလှည့်ကြည့်ပြီးပြောလိုက်သည်။
“အချက်အလက်တွေစုဆောင်းပြီးတာနဲ့ ငါ့ခေါင်းထဲက အသံက ငါ့ကို ဘာဝယ်သင့်တယ်ဆိုတာ ပြောလာတယ်...”
သူက သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
“အဲ့ဒါက မင်းခေါင်းထဲမှာ ကွန်ပြူတာတစ်လုံးရှိနေတာနဲ့ဆင်တူတယ်...”
ရှုနဉ် “……”
ရှုနဉ် ချဉ်သလို (မနာလိုဖြစ်)ခံစားလိုက်ရသည်။
အိုး ဒါက မင်းတို့ပြောနေကြတဲ့ ဉာဏ်ကြီးရှင်ဆိုတာမျိုးလား...
ဗီလိန်လေးက ရှုနဉ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ မပျော်မရွှင်ဖြစ်နေသည်ဟု ထင်သောကြောင့် ပြောလိုက်သည်။
“မင်းပြောတာလဲ ဟုတ်ပါတယ်...ငါတို့က အနာဂတ်စာချုပ်တွေအပေါ်မှာပဲ မှီခိုနေလို့ မရဘူးလေ... တကယ်တော့ ငါက ဆော့ဝဲလ်တွေလဲ ရေးပါတယ်...ငါအလုပ်လုပ်ပြီးလဲ ပိုက်ဆံရှာနေပါတယ်...”
သူပြောသည်က မှန်ကန်ကြောင်းသက်သေပြရန် ဆော့ဝဲလ်ရေးသည့် app (Visual Basic) ကို ဖွင့်ပြလိုက်သည်။ ပရိုဂရမ်ရေးသည့်ကြားခံက ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ဗီလိန်လေးက သူ့လက်ညှိုးနှစ်ချောင်းဖြင့် ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်ပြီး အပြာရောင် ကြားခံမျက်နှာပြင်တွင် ကုတ်အတန်းလိုက် ပေါ်လာသည်။
ရှုနဉ် တဖြည်းဖြည်းချင်း အာရုံပြန်ရလာသည်။ ဗီလိန်လေးက အမှန်တကယ် ပရိုဂရမ်ရေးနိုင်ကြောင်း သူသဘောပေါက်သွားသည်။ သူ နောက်တစ်ကြိမ်ထပ်ပြီး တုန်လှုပ်သွားမိသည်။
ဗီလိန်လေးက ကီးဘုတ်နှင့် ခဏခန့် စာရိုက်နေပြီးနောက် သူဘက်ပြန်လှည့်လာပြီးအမြန်ရှင်းပြလိုက်သည်။
“ဒါက တရားဝင်အလုပ်ပါ...”
ရှုနဉ်”…..”
ပြန်ပေးလိုက်တဲ့ပိုက်ဆံတွေက တကယ်တော့ သူကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံတွေလား...
ဗီလိန်လေး ပိုက်ဆံများကို ပြန်ပေးသည့်အချိန်တုန်းက သူ ဗီလိန်လေးကို " ပိုက်ဆံတွေ ဘယ်လိုရလာတာလဲ" ဟု မေးခဲ့ဖူးသည်ကို သတိရသွားသည်။ ဗီလိန်လေးက ဆော့ဝဲလ်ကဟု ပြောခဲ့ဖူးသည်။ ထိုအချိန်က ရှုနဉ်ပထမဆုံးတွေးလိုက်မိသည်က လောင်းကစားဆော့ဝဲလ် သို့မဟုတ် အွန်လိုင်းပေါ်မှ ငွေချေးခြင်းမျိုးဟုသာ ဖြစ်သည်။ ဗီလိန်လေး ထိုအချိန်က မပျော်မရွှင် ဖြစ်သွားပြီး ထွက်သွားခဲ့သည်။
ဗီလိန်လေးက သူ့၏မယုံကြည်မှုကို ခံစားလိုက်မိသောကြောင့် စိတ်ညစ်သွားခြင်းဖြစ်နိုင်သည်။
ရှုနဉ် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဗီလိန်လေး၏ နူးညံ့သည့်ဆံပင်များပွတ်ပေးလိုက်သည်။
“အမ်း... မင်ကျန်းက အရမ်း တော်တာပဲ...”
သူ ဉာဏ်ကြီးရှင်တစ်ယောက်အတွက် သာမာန် စည်းမျဉ်းစည်းကမ်းများ မကျင့်သုံးသင့်ပေ။
ယင်းမင်ကျန်းက သူ့ခေါင်းကို ထိခွင့်ပြုထားပြီး သူ့နားရွက်များကလည်း တဖြည်းဖြည်းခြင်းနီရဲလာသည်။
သူလုံးဝ အလွှမ်းမိုးခံလိုက်ရပြီး သူ့နှလုံးသားက ခုန်ပေါက်နေ၍ ခေါင်းကို ကွန်ပြူတာဘက်သို့ပြန်လှည့်ပြီး ကီးဘုတ်နှင့်သာ စာဆက်ရိုက်နေလိုက်သည်။
ရှုနဉ်က သူလက်ညှိုးနှင့်သာ စာရိုက်နေသည်ကိုတွေ့ပြီး သင်ပေးသည်။
“မင်ကျန်း မင်းရဲ့လက်ညှိုးနဲ့ပဲ အခုလိုမျိုး စာမရိုက်နဲ့လေ...”
ထိုသို့ပြောပြီးနောက် ရှုနဉ်၏မျက်နှာက ယင်းမင်ကျန်း၏ နားအနီးသို့ ကပ်လာသည်။ သူအသက်ရှုလိုက်သည့် လေနွေးနွေးလေးက ယင်းမင်ကျန်း၏နားကို ရိုက်ခက်သွားသည်။
ယင်းမင်းကျန်း၏နားတစ်ခုလုံးနီရဲလာကာ သူ့လက်က အေးခဲသွားပြီး တိုးတိုးလေးပြောလိုက်သည်။
“ငါအကျင့်ပါနေပြီ...”
“ဒါက အကျင့်ဆိုးပဲ...”
ရှုနဉ်ကပြောလိုက်သည်။
“ဒီအကျင့်ကိုပြောင်းဖို့လိုတယ်... ငါ သင်ပေးမယ် ငါ့လက်ကို ကြည့်ထားနော်...”
ယင်းမင်ကျန်း ထိုင်ရာမှထလိုက်သည်။ ရှုနဉ်က သူ့ထိုင်ခုံတွင် ဝင်ထိုင်ပြီး သူ့လက်နှစ်ဖက်လုံးက်ု ကီးဘုတ်ပေါ်တွင် နေရာချလိုက်သည်။
"တွေ့လား ဒီလိုမျိုးပါပဲ... မင်းရဲ့ဘယ်ဘက်လက်ညိုးက F၊ G၊ R၊ T၊ V နဲ့ B ခလုတ်တွေကို နှိပ်နိုင်တယ်... မင်းရဲ့ညာဘက်လက်ညိုးက H, J, Y, U, N, M. အဲ့ခလုတ်တွေကိုနှိပ်နိုင်တယ်..."
"ပြီးတော့ မင်း ကီးဘုတ်ကိုပဲ စိုက်ကြည့်မနေသင့်ဘူး... ကီးဘုတ်ကို မကြည့်ဘဲ စာရိုက်တတ်အောင် လေ့ကျင့်ရမယ် ငါ့ကို ကြည့်လိုက်...”
ယင်းမင်ကျန်းက ရှုနဉ်ဘေးတွင်မတ်တပ်ရပ်နေပြီး သူ့ကို စိုက်ကြည့်နေသည်။
ရှုနဉ်က သူ့ကို လက်တွေ့ပြသပြီးနောက် သူက ဗီလိန်လေးအတွက် စာရိုက်လေ့ကျင့်သည့် ဆော့ဝဲလ်ကို ဒေါင်းလေ့ာဆွဲလိုက်သည်။
“အခုကစပြီး ဒီဆော့ဝဲလ်နဲ့ လေ့ကျင့်လိုက်...”
ယင်းမင်ကျန်းက နာခံမှုရှိရှိဖြင့် သဘောတူလိုက်သည်။
“သိပါပြီ...”
ရှုနဉ် ဆော့ဝဲလ်ကို ထည့်သွင်းပြီးနောက် ပြောလိုက်သည်။
"ဒီလက်တော့ပ်ရဲ့ ဖွဲ့စည်းပုံက သိပ်မကောင်းဘူး...မင်းမှာ ဒေါင်းလုဒ်လုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေ အများကြီးရှိတယ်ဆိုတာ ငါတွေ့တယ်... မင်းရဲ့ကွန်ပြူတာ ရပ်သွားလောက်လား..."
သူလုပ်နေတဲ့ အရောင်းအ၀ယ်အတွက်ရော ပရိုဂရမ်ရေးဖို့အတွက်ပါ ဖွင့်ထားတဲ့ ဆော့ဝဲလ်တွေ အများကြီးရှိနေတာ ကွန်ပြူတာပျက်သွားရင် တကယ့်ကိုဆိုးဝါးသွားနိုင်တယ်မဟုတ်လား...
ဗီလိန်လေး လက်တော့ပ်အသစ်တစ်လုံးဝယ်ရမည့် အချိန်ရောက်ပြီဟု ထင်သည်။
"မဟုတ်ဘူး..."
ဗီလိန်လေးက ခေါင်းခါလိုက်သည်။
“ငါမန်မိုရီကဒ် အသစ်တစ်ခုဝယ်ပြီး ဖွဲ့စည်းပုံကို ပရိုဂရမ် ပြန်ပြင်ရေးထားတယ်...ဘာပြဿနာမှ တက်မှာမဟုတ်ဘူး...”
ရှုနဉ် “…..”
သူ့ရှေ့ရှိလူက ရူးသွပ်နေသည့် ဉာဏ်ကြီးရှင်ဖြစ်ကြောင်း သူမေ့သွားလုဆဲဆဲပင်။
ရှုနဉ်က ထိုပါရမီရှင်နှင့် နှိုင်းယှဉ်လျှင် သူက အရေးမပါကြောင်း စတင်သိရှိလာခဲ့၍ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"မင်းဆော့ဝဲလ်ရေးဖို့ အလျင်စလိုလုပ်စရာမလိုရင် စာရိုက်လေ့ကျင့်လို့ရတယ်... လက်ညိုးနဲ့ပဲ အမြဲတမ်း စာရိုက်ရတာ အဆင်မပြေဘူး..."
“ကောင်းပါပြီ...”
ဗီလိန်လေးက တိုးတိုးလေးပြောသည်။ တောက်ပသော အနက်ရောင် မျက်လုံးများက ရှုနဉ်ကို ကြည့်နေပြီး သူ့မျက်တောင်ရှည်များက တဖျပ်ဖျပ်ခတ်နေသည်။ သူက အလွန်ချစ်စရာကောင်း၍ ရှုနဉ်က သူ့ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားချင်နေမိသည်။
ငါ့ကလေးလေးက အရမ်းလိမ္မာတယ်...
ဗီလိန်လေးက သူ၏ လက်တော့ပ်ရှေ့တွင် နာခံမှုရှိစွာ ထိုင်ကာ စာရိုက်ဆော့ဖ်ဝဲလ်ကို စာရိုက်လေ့ကျင့်ရန် စတင်အသုံးပြုနေခဲ့သည်။
အခုလိုနာခံတတ်ပြီး ချစ်စရာကောင်းတဲ့ကလေးလေးကို ဘယ်သူကများ သဘောမကျပဲနေပါ့မလဲ...
ရှုနဉ် သူ့နှလုံးသားက စတင်လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ပို့ဆောင်မှုအခြေအနေကို စစ်ဆေးရန် သူ့ဖုန်းကို ထုတ်လိုက်သည်။ သူနောက်ဆုံးဝယ်ခဲ့သည့် ဝက်ဝံညအိပ်ဝတ်စုံက ယခုထိ ရောက်မလာသေးပေ။
အဆုံးတွင် သူ့နှလုံးသားထဲရှိ မရိုးသားသည့်ဆန္ဒကို အနိုင်မယူနိုင်တော့သောကြောင့် ဝက်ဝံညအိပ်ဝတ်စုံကို တိတ်တဆိတ်မှာယူခဲ့မိသည်။
သေစမ်း...မှာထားတာ ရက်တော်တော်ကြာနေပေမဲ့ မရောက်သေးဘူး...မကောင်းတဲ့ သုံးသပ်ချက်ပေးရမယ်...
သူ ဆိုင်ကို ဆက်သွယ်ခဲ့သည်။ ကုန်စည်ပို့ဆောင်မှုဆိုင်ရာ ပြဿနာအချို့ရှိနေကြောင်း စတိုးဆိုင်က ပြောပြပြီး ထိုပစ္စည်းကို ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။
ရှုနဉ် စကားမပြောနိုင်တော့ပေ။
နောက်နှစ်ရက်အကြာတွင် ဝက်ဝံညအိပ်ဝတ်စုံ ရောက်လာသည်။ ရှုနဉ်က ယင်းမင်ကျန်းကို ပစ္စည်းယူသည့်နေရာသို့ ဆွဲခေါ်သွားသည်။ကျောပေါ်တွင် ကျောင်းလွယ်အိတ်လွယ်ထားသည့် ကောင်လေးနှစ်ယောက်က ပစ္စည်းယူသည့်နေရာသို့ အလျင်စလိုရောက်လာကြသည်။
“မင်းဘာတွေဝယ်ထားတာလဲ...”
ယင်းမင်ကျန်းက စပ်စပ်စုစု မေးလိုက်သည်။
ရှုနဉ်က ရယ်မောလိုက်မိသည်။
“ဒါက လျှို့ဝှက်ချက်...”
ရှုနဉ်က အထုပ်ကိုကောက်ယူပြီး သူဌေးကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ယင်းမင်ကျန်းကိုဆွဲခေါ်ပြီး အိမ်သို့ပြန်လာခဲ့၏။
သူအိမ်ပြန်ရောက်သည်နှင့် ပစ္စည်းထုပ်ကိုဖွင့်လိုက်ပြီး အထုပ်အတွင်းမှ ပလတ်စတစ်အိတ်ကို ဆွဲထုတ်ပြီး ဖွင့်လိုက်သည်။
သူ ဝမ်းသာအားရဖြင့် အထဲရှိပစ္စည်းကို လက်နှင့်ဆွဲထုတ်လိုက်သည်။
ဟမ် ဘာလို့ နှစ်ခုတောင်ဖြစ်နေရတာလဲ...
ရှုနဉ်က ဘာဖြစ်သွားသည့်အကြောင်း စစ်ဆေးရန် သူ့ဖုန်းကိုဆွဲထုတ်ပြီးနောက် ထိုစတိုးဆိုင်မှ တစ်ခုဝယ်တစ်ခုရ အစီအစဉ်ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းပြီလေ ဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေတာပေါ့...
ရှုနဉ်က အဝတ်အစားများကို စစ်ဆေးကြည့်လိုက်သည်။
ညဝတ်အင်္ကျီများကို လိမ္မော်ညိုရောင်ကတ္တီပါသားဖြင့် ပြုလုပ်ထားသည်။ ဦးထုပ်၊ နားရွက်၊ အမြီးဝိုင်းလေးများလည်းပါ၍ ဓာတ်ပုံထဲကနှင့် တစ်ပုံစံတည်းဖြစ်ပြီး အလွန်ချစ်စရာကောင်းသည်။
သူက ဆိုဖာပေါ်တွင် တစ်စုံကို ထားခဲ့ပြီး ကျန်တစ်စုံကို ယင်းမင်ကျန်းဆီသို့ ယူလာခဲ့သည်။ သူ့အပြုံးက တဖြည်းဖြည်း ပိုပိုပြီး အရိုင်းဆန်လာသည်။
"တော်ရဲ့လားလို့ ဝတ်ကြည့်လိုက်ပါဦး..."
ယင်းမင်ကျန်းက ညအိပ်ဝတ်စုံကိုယူလိုက်ပြီး သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
"ဒါကို ငါ့အတွက် ဝယ်ခဲ့တာလား..."
ရှုနဉ် ပြုံးစိစိဖြစ်သွားသည်။
“ဟုတ်တယ်...”
ယင်းမင်ကျန်း၏ မျက်နှာဖြူဖြူလေးက ရှက်သွေးဖြာကာဖြေးဖြေးချင်း နီရဲလာသည်။ သူက ညအိပ်ဝတ်စုံကို ကောက်ယူလိုက်ပြီး အဝတ်အစားလဲရန် အိပ်ခန်းထဲသို့ တိတ်တိတ်လေးလျှောက်သွားသည်။
ရှုနဉ်က သူ့ကလေးကို အင်္ကျီအသစ်များဖြင့် မြင်ရရန် စောင့်ဆိုင်းနေသည့် အဖေတစ်ယောက်ကဲ့သို့ တံခါးအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်နေခဲ့၏။
ခဏအကြာတွင် တံခါးပွင့်လာပြီး ယင်းမင်ကျန်း ဝက်ဝံညဝတ်အင်္ကျီဝတ်ကာ ထွက်လာခဲ့လေသည်။