အပိုင်း ၅၅
Viewers 10k

Chapter 55

ဓါတ်ပုံအယ်လ်ဘမ်ဖန်တီးခြင်း 



ရှုနဉ်က သူ့ကလေးကို အင်္ကျီအသစ်များဖြင့် မြင်ရရန် စောင့်ဆိုင်းနေသည့် အဖေတစ်ယောက်ကဲ့သို့ တံခါးအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်နေသည်။


ခဏအကြာတွင် တံခါးပွင့်လာပြီး ယင်းမင်ကျန်း ဝက်ဝံညဝတ်အင်္ကျီဝတ်ကာ ထွက်လာခဲ့သည်။


ဆယ်ကျော်သက်လေးက အလွန်ချောသည်။ သူ့အသားအရည်က ဖြူဖွေးတောက်ပနေပြီး သူ့မျက်လုံးများကလည်း ကျယ်ကာ မျက်ရစ်နှစ်ထပ်လည်းရှိသည်။


သူ မည်သည့်စိတ်ခံစားချက်မှမဖော်ပြဘဲ လျစ်လျူရှုထားသည့်အခါမျိုးတွင်ပင် သူ့မျက်လုံးများက စူးရှပြီး ကျဉ်းမြောင်းသည်။ သူ့ စိတ်ခံစားချက်များကို ဖော်ပြနေသည့်အချိန်တွင်မူ သူ့မျက်လုံးများက ကြီးမားဝိုင်းစက်နေပြီး ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်တွင်ရှိသင့်သည့် ကလေးဆန်မှုများကို ထုတ်ဖော်ပြသနေသကဲ့သို့ဖြစ်သည်။


သူ၏ရင့်ကျက်မှုကို ချစ်စရာကောင်းပြီး ငယ်ရွယ်သည့်ကောင်လေးတစ်ယောက်၏ပုံစံက ဝန်းရံထားသည့်။


ထိုအရာက သူ့ကို မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိစေသည်။


ညဝတ်အင်္ကျီများ၏အသားက နူးညံ့ပြီး အမွှေးပွဖြစ်ကာ ခေါင်းစွပ်ကို ခေါင်းပေါ် ဆွဲတင်လိုက်ပါက ဝက်ဝံနားရွက်လေးများ ပေါ်လာသည်။ 


ရှုနဉ်က သူ့နှလုံးသားများ တဒုန်းဒုန်းခုန်နေသကဲ့သို့ ခံစားလိုက်ရသည်။


အဟမ်း...

ရှုနဉ်က သူ့ကို လှည့်စားရန်မ‌ဆိုနှင့် သူကိုယ်တိုင်ပါ အဆွဲဆောင်ခံလိုက်ရသည်။


ရှုနဉ်က ပြောလိုက်သည်။

“ဟိုဘက်ကိုလှည့်လိုက် ငါ့ကို ကျောဘက်လေး ပြပါဦး...”


ယင်းမင်ကျန်းက နာနာခံခံနှင့်ပင် တစ်ဖက်ကို လှည့်လိုက်ရာ အမြှီးသေးသေးလေး ပေါ်လာ၏။


ထိုအမြီးလေးက အလွန်ချစ်စရာကောင်း၍ ရှုနဉ် နှာခေါင်းသွေးလျှံထွက်တော့မလိုပင် ခံစားလိုက်ရသည်။


ထင်တဲ့အတိုင်းပဲ မော်ဒယ်ဝတ်ပြထားတာထက် ဆယ်ဆလောက် ပိုသာတယ်...


သူ့နှလုံးသားက ရူးသွပ်သွားသလို ယားယံလာပြီး ယုန်ညအိပ်ဝတ်စုံ ကြက်ပေါက်လေးညအိပ်ဝတ်စုံတို့ကိုလည်း ဝယ်ချင်လာသည်။


သူ့စိတ်တစ်ခုလုံး တိရိစ္ဆာန် ညအိပ်ဝတ်စုံများဖြင့်သာ ပြည့်နေလေသည်။


Love Nikki-Dress UP Queen ဟူသည့် ဂိမ်းတစ်ခုရှိခဲ့ဖူးသည်။ ဂိမ်း၏ အဓိက လုပ်ဆောင်ချက်မှာ အမျိုးသမီးဇာတ်ဆောင်အတွက် အဝတ်အစား ရွေးရန် ဖြစ်သည်။ ထိုဂိမ်းက အမျိုးသားများနှင့် အမျိုးသမီးများအကြား ကမ္ဘာတစ်ဝှမ်းလုံးတွင် ရေပန်းစားခဲ့သည်။ 


ယခင်က ထိုဂိမ်း အ‌ဘယ့်ကြောင့် ဤမျှအထိပင် လူကြိုက်များရသည်ကို နားမလည်ခဲ့သော်လည်း ယခုတွင်မူအဝတ်အစားဆင်ပေးရသည့် ဂိမ်း၏ပျော်ရွှင်မှုကို သူနားလည်သွားပြီဖြစ်သည်။


ကလေးလေးက ချစ်စရာကောင်းလွန်းသည်။ သူ မည်သည့်အင်္ကျီဝတ်သည်ဖြစ်စေ ကြည့်ကောင်းနေတာကြောင့် ရှုနဉ် အခြားညဝတ်အင်္ကျီများ ဝယ်ပေးချင်သည့်စိတ်ကို မထိန်းနိုင်တော့ပေ။


ရှုနဉ်က နောက်ထပ် မည်သည့်အရာဝယ်ရမည်ကို စိတ်ကူးနေချိန်မှာပင် ယင်းမင်ကျန်းက ဆိုဖာဆီသို့ လျှောက်သွားကာတခြားညအိပ်ဝတ်စုံကို ကောက်ကိုင်လိုက်ပြီး သူ့လက်ထဲကို ထည့်ပေးလိုက်သည်။

"မင်းလည်း ဝတ်ကြည့်ဦးလေ..." 


ရှုနဉ်၏ မသိစိတ်က အလိုအလျောက် သူ့လက်ထဲမှညဝတ်အင်္ကျီကို ယူလိုက်မိသည်။သတိပြန်ဝင်လာသည့်အချိန်မှ ရှုနဉ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ 

"ဟင်..." 


ယင်းမင်ကျန်းက "တစ်ယောက်တစ်ထည်" ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်။ 


ရှုနဉ်က ပြောလာသည်။ 

 "ငါ မင်းအတွက်ပဲ ဝယ်ခဲ့တာ...”


ယင်းမင်ကျန်းက ထပ်ပြောလာသည်။

“တစ်ယောက်ကို တစ်ထည်ပဲ ဝတ်လိုက်တော့...”


ရှုနဉ် “…..”


သူ၏တောက်ပပြီး စိတ်အားထက်သန်နေသည့် မျက်လုံးများကိုတွေ့လိုက်ရသည်နှင့် ရှုနဉ်အလိုလျောက် အရှုံးပေးလိုက်မိသည်။ သူက အိပ်ခန်းတွင်းသို့ဝင်ကာ ဝက်ဝံညအိပ်ဝတ်စုံကို လဲဝတ်လိုက်သည်။ အင်္ကျီဆိုဒ်က အလယ်အလတ် အရွယ်အစား M size ဖြစ်သောကြောင့် သူနှင့်လည်းတော်သည်။


သူအိပ်ခန်းထဲမှ ထွက်လာသည့်အခါတွင်မူ ဝက်ဝံညအိပ်ဝတ်စုံဝတ်ထားသည့် ဆယ်ကျော်သက်လေးနှစ်ယောက် အချင်းချင်း စိုက်ကြည့်နေမိကြသည်။


ရှုနဉ်က ဗီလိန်လေး၏ မျက်လုံးများထဲတွင် သူ့ပုံရိပ်ကို ပြန်မြင်လိုက်ရသည်။ သူက အမွေးပွ ညအိပ်ဝတ်စုံဝမ်းဆက်ကို ဝတ်ဆင်ထားပြီး သူ့ခေါင်းထက်တွင်လည်း ဝက်ဝံနားရွက်သေးသေးလေးနှစ်ခု ရှိနေသည်။ အမှန်အတိုင်းပြောရလျှင် သူက ငတုံးလေးနှင့်ပင် တူနေသည်။


ရုတ်တရက်ကြီး အိမ်ရှေ့မှ တံခါးဖွင့်သံကြားလိုက်ရသည်။ထို့နောက် ဧည့်ခန်းတံခါးပွင့်လာပြီး စျေးဝယ်အိတ်များ ကိုင်ထားသည့် ချိုက်ချင်ကို တွေ့လိုက်ရသည်။


ရှုနဉ်၏နှလုံးက သူ့ရင်ဘတ်အပြင်သို့ ခုန်ထွက်သွားတော့မလိုပင်။

အားးးး အရမ်းရှက်ဖို့ကောင်းတယ်...


ချိုက်ချင်အရမ်း အံ့ဩသွားသည်။

“မင်းတို့နှစ်ယောက်...“


ရှုနဉ်လဲ ရှက်သွားပြီး သူ့လက်များကို အမြန်ခါယမ်းပြလိုက်သည်။

“ကျွန်တော်က ယင်းမင်ကျန်းအတွက် ဝယ်ခဲ့တာ...”


“အရမ်းချစ်စရာကောင်းတယ်...” 


ချိုက်ချင်က စျေးဝယ်အိတ်များကို ချလိုက်ပြီး သူတို့ဆီ အလျင်စလိုသွားကာ တစ်ယောက်တစ်ဖက်ဆီ ပွေ့ဖက်လိုက်သည်။ သူ့အရပ်က ၁၅၀စင်တီမီတာခန့်သာရှိပြီး သူ့ကိုယ်လုံးကလည်း သေးသွယ်သည်။ သူက ရှုနဉ်၏ရင်ဘတ်ထဲသို့ ခေါင်းနှင့်ခဏခန့် တိုးဝှေ့နေလိုက်သည်။ ထို့နောက် ယင်းမင်ကျန်း၏ ရင်ဘတ်ထဲသို့လဲ ခေါင်းနှင့်ခဏ တိုးဝှေ့လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများနှင့် ပြည့်နေသည်။


“အားးး ငါ့ကလေးလေးနှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတယ်...”


သူ့ရဲ့ ကလေးလေးနှစ်ယောက်...


ယင်းမင်ကျန်း အနည်းငယ်လန့်သွားပြီး ထူးဆန်းသည့်ခံစားချက်တစ်ခုက သူ့ရင်ဘတ်တစ်ခုလုံးကို ပျံ့နံ့သွားသည်။ ထိုခံစားချက်က မည်သည့်အရာဖြစ်ကြောင်း သူသေချာမသိသေးမီမှာပင် ချိုက်ချင်က ဓါတ်ပုံရိုက်ဖို့ ပို့စ်ပေးရန် ဆွဲခေါ်ပြီးသွားပြီဖြစ်သည်။


“လာ လာ လာ ခေါင်းငုံ့လိုက်ကြ...”


ယင်းမင်ကျန်းက သတိလက်လွတ်ဖြင့် ရှုနဉ်ကိုကြည့်လိုက်မိသည်။ ရှုနဉ်က သူ့ကို "မတတ်နိုင်ဘူး" ဟူသည့် အမူအရာ လုပ်ပြကာ ခေါင်းငုံ့လိုက်သည်။


ယင်းမင်ကျန်းလည်း သူ့ခေါင်းကို ငုံ့လိုက်သည်။


“အနားတိုးဦး အနားကိုတိုးဦး...”

ချိုက်ချင်က ဖုန်းကို ထုတ်လိုက်ပြီး ရှေ့ကင်မရာဖြင့် ချိန်လိုက်သည်။


ရှုနဉ် မျက်နှာ ရှုံ့မဲ့သွားသည်။

“မာမား ဓါတ်ပုံကို သူများတွေဆီ ကြုံသလို မပို့လိုက်နဲ့နော်...”


“စိတ်မပူပါနဲ့ ငါမလုပ်ပါဘူး...”


အာမခံချက်ရပြီးသည်နှင့် ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က ချိုက်ချင်၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် နေရာယူလိုက်ကြသည်။ သူတို့က သူမဘက်သို့ ခေါင်းအနည်းငယ်စောင်းကာ သူမညွှန်ကြားသည့်အတိုင်း ပိုစ့်ပေးလိုက်သည်။


ချပ် ချပ်...


ဆယ်ဖီ ရိုက်လို့ပြီးပါပြီ...


ထို့နောက် ချိုက်ချင်က သူတို့နှင့် နှစ်မီတာခန့်ဝေးသည့်နေရာသို့ပြေးသွားပြီး သူ့လက်များကို ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် အတူတူရပ်လိုက်...ဟုတ်ပြီ နည်းနည်းကပ်ဦး နည်းနည်းကပ်လိုက်ဦး...”


ရှုနဉ် ရွေးစရာမရှိတော့၍ ယင်းမင်ကျန်းအနားသို့ ကပ်လိုက်ရသည်။ သူတို့ခန္ဓာကိုယ်များပင် အချင်းချင်း ဖိမိနေကြသည်။


“ခေါင်းချင်းထိထားလိုက်ကြ...”

ချိုက်ချင်က သူတို့ကို ကင်မရာထဲမှ ကြည့်ရင်း ညွှန်ကြားလိုက်သည်။


“မာမားး...”


“မြန်မြန်လုပ် မင်းက ဒါကို ဝတ်ထားတဲ့သူပဲလေ ဘာကိုလာရှက်နေတာလဲ...”


ရှုနဉ်က သိုးမွှေးလိုချင်၍ သွားသော်လည်း အရိတ်ခံပြီး ပြန်လာခဲ့ရသည်။(ဖွတ်မရဓါးမဆုံးဖြစ်သွားသော နဉ်နဉ်လေး။) ရှုနဉ် ယင်းမင်ကျန်းကို မှီထားရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။


ချပ် ချပ်...


ချိုက်ချင်က ဓါတ်ပုံအနည်းငယ်ခန့်ရိုက်ပြီးသည့်နောက်တွင် သူတို့ကို နောက်ပို့စ်တစ်ခုလုပ်ရန် ပြောလာသည်။


ယင်းမင်ကျန်းက ကလေးတစ်ယောက်ကဲ့သို့ နာခံမှုရှိသော်လည်း ရှုနဉ်က ထိုသို့မဟုတ်ပေ။


ပို့စ်နှစ်ခုလုပ်ပြီးသည်နှင့် သူက ယင်းမင်ကျန်းကို သူနှင့်အတူဆွဲခေါ်သွားပြီး အခန်းထဲသို့ ပြေးဝင်လိုက်သည်။


ဒင် ဒင် ...

သူတို့ဖုန်းနှစ်ခုလုံး တစ်ချိန်တည်း မြည်သံထွက်လာသည်။


ရှုနဉ်နှင့်ယင်းမင်ကျန်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် သူတို့ဖုန်းများကိုယူပြီး Wechatကို ဖွင့်လိုက်ကြသည်။


ဖုန်းမျက်နှာပြင်ပေါ်တွင် ဝက်ဝံညအိပ်ဝတ်စုံ ဝတ်ထားသော ချောမောသည့် ကောင်လေးနှစ်ယောက်ရှိနေသည်။ သူတို့ခေါင်းများဖြင့် တစ်ယောက်ကို တစ်ယောက် မှီနေထားကြပြီး လက်နှစ်ဖက်ဖြင့် V ပုံစံသင်္ကေတ ပြုလုပ်လျက် တောက်ပစွာ ပြုံးနေကြသည်။ အကယ်၍ သူသာ ဓာတ်ပုံထဲတွင် ရှိမနေပါက ရှုနဉ်က ထိုဓါတ်ပုံကို ချစ်မြတ်နိုးပြီး သဘောကျမိပေလိမ့်မည်။ ကံမကောင်းစွာပင် သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ 


ဟင်... သူဘာလို့ အရူးလို ပြုံးနေရတာလဲ...


သူ့မျက်လုံးများက ကွေးညွတ်နေပြီး သွားများအားလုံးကိုဖော်ကာ ပြုံးနေသည်။ သူက အရမ်းတောက်ပပြီး ပျော်နေပုံရသည်။ 


အိုး...မဟုတ်သေးပါဘူး ငါက ဝက်ဝံညအိပ်ဝတ်စုံဝတ်ရတာကို တကယ်ကြိုက်တယ်လို့တော့ ဘယ်သူမှ မထင်ကြလောက်ပါဘူး ဟုတ်တယ်မဟုတ်လား...


ထို့အပြင် သူနှင့် ဗီလိန်လေး အကြားက ကွာခြားချက်ကိုလည်း သိသာစေသည်။


ဗီလိန်လေးကလည်း ဝက်ဝံညအိပ်ဝတ်စုံဝတ်ထားပြီး မစ္စချိုက် ညွှန်ကြားသကဲ့သို့ Vပုံစံ လက်သင်္ကေတ ကို လုပ်ထားသည်။ သို့သော်လည်း သူ့ပုံစံက အလွန်မိုက်ပြီး လက်လှမ်းမမှီနိုင်သည့် အလှလေးနှင့်တူသည်။ ဝက်ဝံညအိပ်ဝတ်စုံ ဝတ်ထားသည်သော်လည်း သူ့ထံတွင် တော်ဝင်ဆန်သည့် အငွေ့အသက်များရှိနေသည်။


သူနှင့် နှိုင်းယှဉ်ကြည့်ပါက ရှုနဉ်ကို ငတုံးလေးနှင့်ပိုတူအောင် လုပ်နေသလို ဖြစ်နေသည်။


ကံမကောင်းသည်မှာ သူက အချိန်ကို နောက်ပြန်မလှည့်နိုင်ခဲ့ပေ။ ရှုနဉ် ဓာတ်ပုံအားလုံးကို အမြန်ဖျက်လိုက်ပြီး သူ့ဓာတ်ပုံအယ်လ်ဘမ်ကို ရှင်းပစ်လိုက်သည်။ သဲထဲတွင် ခေါင်းစိုက်ကာ ပုန်းတတ်သည့် ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ပင် ထိုဓာတ်ပုံများ မရှိတော့ဟု ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် စားပွဲဆီသို့ ပြန်သွားကာ စာတမ်းများကို ဆက်လက် ဘာသာပြန်ဆိုနေခဲ့သည်။ 


ယင်းမင်ကျန်းက ဓာတ်ပုံများကို ခဏတာခန့် တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူကဂရုတစိုက် နှင့် ထိုပုံများအားလုံးကို သိမ်းဆည်းလိုက်သည်။ 


ဓာတ်ပုံထဲမှ ပြုံးနေသည့် အမျိုးသမီးနှင့် ကောင်လေးကို သူ ကြည့်လိုက်သည့်အခါ ယင်းမင်ကျန်း၏နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ပေါက်ဖွားလာသည်ကို ခံစားလိုက်ရသည်။ သူစားပွဲဆီသို့ လျှောက်သွားပြီး လက်တော့ပ်ကို ဖွင့်လိုက်သည်။ ထို့နောက် သူ့ဖုန်းထဲမှ ဓာတ်ပုံအားလုံးကို သူ၏ကွန်ပျူတာသို့ လွှဲပြောင်းပြီး Local Disk E တွင် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုအကြောင်းကိုစဉ်းစားပြီးနောက် အခြားအယ်လ်ဘမ်တစ်ခုကိုလဲ ဖန်တီးခဲ့သည်။


ပထမအယ်လ်ဘမ်ကို"မိသားစုပုံတူ" ဟုခေါင်းစဉ်တပ်လိုက်ပြီး သူ၊ချိုက်ချင်နှင့် ရှုနဉ်တို့ သုံးယောက်လုံးပါသည့် ဓာတ်ပုံများကို ထိုနေရာတွင် ထည့်ထားသည်။ 


ဒုတိယအယ်လ်ဘမ်ကို “သူနှင့်ကျွန်တော်”ဟု ခေါင်းစဉ်တပ်ထားလိုက်သည်။ သူနှင့် ရှုနဉ်တို့၏ ဓာတ်ပုံများကို ထိုအယ်လ်ဘမ်ထဲတွင် ထည့်ထားသည်။


သူ ထိုအယ်လ်ဘမ်ကို ဖွင့်ပြီး ဓာတ်ပုံစုစည်းမှုများကို ကြည့်လိုက်သည်။ ကောင်လေး၏ မျက်လုံးများက မည်းနက်တောက်ပနေပြီး သူ့မျက်လုံးများထဲတွင် ကြယ်များပုန်းအောင်းနေသည်နှင့်ပင် တူနေသေးသည်။ 


သူက စာရွက်စာတမ်းများထဲတွင် ခေါင်းစိုက်နေသည့် ရှုနဉ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူ ဂရုစိုက်မနေကြောင်း တွေ့လိုက်ရသောအခါ ယင်းမင်ကျန်းက “မိသားစုပုံတူ”အယ်လ်ဘမ်ထဲမှ ပုံတစ်ပုံကို သူ့၏ ကွန်ပြူတာဖန်သားပြင် နောက်ခံပုံအဖြစ် ထားလိုက်သည်။ထို့နောက် သူနှင့်ရှုနဉ် နှစ်ယောက်တွဲပုံကို ဖုန်းမျက်နှာပြင် နောက်ခံပုံအဖြစ် ထားလိုက်သည်။


တစ်လခွဲကြာပြီးနောက်၊ တစ်ညတွင် ဗီလိန်လေးက ရှုနဉ်ကို ပြောသည်။

 "ရှုနဉ်၊ တစ်ယောက်ယောက်က ငါ့ကို ဖိုရမ်မှာ လာဆက်သွယ်တယ်... သူက စာအိတ်အနီဆော့ဖ်ဝဲလ်ကို ယွမ် လေးသိန်းနဲ့ ရောင်းနိုင်မလားလို့ မေးနေတယ်..." 


ထိုအချိန်တွင် ရှုနဉ်က ယွမ်ရှစ်ရာတန် ဘာသာပြန်အလုပ်တွင် အစွမ်းကုန်ကြိုးစားအားထုတ်နေဆဲဖြစ်သည်။ 


ထိုစကားကိုကြားလိုက်သည်နှင့် သူ ခေါင်းမော့ကြည့်လိုက်သည်။။


"...ဟမ်..." 


"အဲဒါက လိမ်နေတာလို့ မင်းထင်လား တစ်ယောက်ယောက်က စာအိတ်အနီတွေ ပို့တဲ့ ဆော့ဖ်ဝဲလ်ကို ဝယ်ဖို့ ယွမ်လေးသိန်းကို ဘာလို့ သုံးရတာလဲ... သူတို့ ရူးနေတာလား ဒါမှမဟုတ် ဘာလဲ..." 


ဗီလိန်လေးက မျက်မှောင်ကြုတ်လိုက်သည်။ သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။ 


ရှူနဉ်ကမေးလိုက်သည်။ 

"ဘာစာအိတ်အနီ ဆော့ဖ်ဝဲလ်လဲ..."


 "အိုး ငါ အလှူငွေတွေကို ဘယ်လိုပြန်အမ်းလိုက်တာလဲ ဆိုတာ မင်းသိလား... လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် ပြန်အမ်းနေရတာ ပင်ပန်းတယ်လို့ ငါထင်တာနဲ့ စာအိတ်နီတွေပေးဖို့ ဆော့ဖ်ဝဲလ်တစ်ခု ရေးလိုက်တယ်...ငါ အဲ့ဒီဆော့လ်ဝဲရေးနေရင်း တချို့ အရာလေးတွေကိုပါ ကုဒ်(code)ထည့်ရေးလိုက်မိတယ်...တော်တော်တော့ ရှင်းပါတယ်... ငါက အဲ့ဒီဆော့ဝဲလ်ကို Pegasus မှာတင်လိုက်တော့ တစ်ယောက်ယောက်က ငါ့ကို ယွမ်လေးသိန်းနဲ့ ဝယ်မယ်ဆိုပြီး လာကမ်းလှမ်း လာတယ်...”


ရှုနဉ်အံ့ဩသွားသည်။

“အဲ့လောက် အများကြီးတောင်လား...”


ဗီလိန်လေးက ခေါင်းညိတ်လိုက်သည်။

“သူတို့ဘာတွေစဉ်းစားနေလဲတော့ ငါမသိဘူး...”


ရှုနဉ် တံတွေး မျိုချမိလိုက်သည်။

“မင်းသူတို့ကိုဆက်သွယ်ပြီး သူတို့ဘာပြောမလဲ ကြည့်ကြည့်လိုက်လေ...“


ယင်းမင်ကျန်းက ခဏခန့် စဉ်းစားချင်ယောင်ဆောင်ပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီလေ သူတို့ငါ့ကို လှည့်စားလို့လဲ မရပါဘူး...”


သူ ဖိုရမ်မှတဆင့် တစ်ဖက်လူနှင့် ဆက်သွယ်လိုက်သည်။ ရှုနဉ်လဲ ငွေကြေးဖြင့် ဆွဲဆောင်ခံလိုက်ရသောကြောင့် စောင့်ကြည့်နေလိုက်သည်။ ဗီလိန်လေး၏လေသံက အေးစက်နေပြီး တဖက်လူ၏အသံက ယဉ်ကျေးသည်။


ပိုက်ဆံအကြောင်း စကားစပြောဖြစ်သည်နှင့် တစ်ဖက်မှ အရင်းအမြစ်ကုဒ်ကို ရသည်နှင့် ငွေချက်ချင်းလွှဲပေးမည်ဟု ပြောလာသည်။


ရှုနဉ်စိတ်ပူသွားသည်။


“သူတို့ကို စရံအရင်ပေးထားဖို့ပြောလိုက်...”


ရှီတာကီမှိုစားရတာကြိုက်တယ်:::::[စရံအရင်ပေးပါ]


SIY::::[ငါက မင်းရဲ့ဆရာ Darker နဲ့သိတယ်မင်းကိုမလိမ်ပါဘူး]


ဗီလိန်လေးက ထိုစာကိုဖတ်ပြီးသည်နှင့် စာပြန်လိုက်သည်။


ရှီတာကီမှိုစားရတာကြိုက်တယ်::::[Darkerက ငါ့ရဲ့ဆရာမဟုတ်ဘူး သူက ဒီတိုင်း သူငယ်ချင်းပဲ]


SIY::::::[ရတယ်လေ စရံ တစ်သိန်းပေးထားရင် အဆင်ပြေလား]


ရှုနဉ်က အသက်ပြင်းပြင်ရှူလိုက်ပြီး ဗီလိန်လေး၏ပုခုံးကို ပုတ်လိုက်သည်။


“သူကို နှစ်သိန်းအထိ တိုးပေးဖို့ပြောလိုက်...”


ရှီတာကီမှိုစားရတာကြိုက်တယ်::::::[နှစ်သိန်း]


SIY:::::[ရတယ် ပြဿနာမရှိဘူး]


ထို့နောက် ဗီလိန်လေးက သူ့ကို WeChat အပ်လိုက်ပြီး တစ်ဖက်လူက သူ့ကို ယွမ်နှစ်သိန်းငွေလွှဲ လာသည်။


တင်...


ရှုနဉ် မယုံနိုင်ဖြစ်သွားသည်။

“သူတကယ်ကြီး ငွေလွှဲလိုက်တာလား...”


ဗီလိန်လေးကခေါင်းညိတ်ပြသည်။ သူလည်း အလွန်အံ့ဩနေမိသည်။

“လူတစ်ယောက်က စာအိတ်အနီဆော့ဖ်ဝဲလ်အတွက် ဘာလို့ဒီလောက် ပိုက်ဆံအများကြီးသုံးရလဲဆိုတာ ငါတကယ့်ကို နားမလည်နိုင်ဘူး..." 


ရှုနဉ်က ပြောလိုက်သည်။

"ဒီဆော့ဝဲလ်တခြားသုံးစရာတွေ ရှိလို့ဖြစ်ရမယ်... နာမည်ကြီးတစ်ယောက် ပြောဖူးတာကို ငါမှတ်မိတယ်... သူ့ရဲ့တချို့ ဆော့ဝဲလ်တွေကို ယွမ်၁,၅၀၀နဲ့ရောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ မဝယ်ခဲ့ဘူး... အဲဒါကြောင့် သူက ယွမ်ဆယ်သိန်းအထိ စျေးတင်လိုက်တော့ နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဝယ်သွားတယ်တဲ့... မင်ကျန်း အခုကလည်း အဲ့လိုမျိုးအခြေအနေနဲ့ တူနေတာမျိုး ဖြစ်လိမ့်မယ်...”


“ဒါပေမဲ့...”

ယင်းမင်ကျန်းက နားမလည်နိုင်သေးပေ။

“ဘာလို့ စာအိတ်နီဆော့ဝဲလ်အတွက် ယွမ်လေးသိန်းတောင်သုံးရတာလဲ...”


ယခု အချိန်က ရှုနဉ် ယင်းမင်ကျန်းတစ်ယောက် စိတ်ရှုပ်ပြီး ဝေခွဲမရ ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုပုံက memes တစ်ခုဖြစ်သည့် “ငါသိပါတယ် ဒါပေမဲ့ ခိုက ဘာလို့ဒီလောက်ကြီးနေရတာလဲ”ဟူသည့် ပုံနှင့်ပင် တူနေသေးသည်။


သူ မထိန်းနိုင်တော့ဘဲ ရယ်ပြီး ပြောလိုက်သည်။


“အဆင်ပြေပါတယ် ဘာမှ စိတ်ပူမနေပါနဲ့... အနည်းဆုံးတော့ သူတို့က ပိုက်ဆံ ပို့ပေးထားတာပဲလေ မဟုတ်ဘူးလား...”


ယင်းမင်ကျန်းက ထိုအကြောင်းကို ခဏခန့်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ထို့ကြောင့် သူက ရင်းမြစ်ကုဒ်များကို စုစည်းပြီး SIYကို ပို့လိုက်၏။


*


[*မင်ကျန်းရဲ့ acc က ရှီတာကီမှိုစားရတာကြိုက်တယ်ပါ...အရှေ့အပိုင်းတွေမှာ ရှီတာကီမှို မထည့်လိုက်မိလို့ တောင်းပန်ပါတယ် 🥺အခုအပိုင်းကစပြင်လိုက်မယ်နော် )