Chapter 56
ဘေဂျင်းရှိ CBD အဆောက်အဦးတွင် လူအများစုက ကွန်ပြူတာတစ်လုံးရှေ့တွင် စုဝေးနေကြသည်။ ရင်းမြစ်ကုဒ်များ ပို့လိုက်သည်နှင့် ထိုသူတို့က ထိုင်ခုံပေါ်ရှိအမျိုးသားအား စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“အဖွဲ့ခေါင်းဆောင် မြန်မြန်ဖွင့်ကြည့်လိုက်တော့လေ...”
အဖွဲ့ခေါင်းဆောင်က ရင်းမြစ်ကုဒ်များကို အခြားအဖွဲ့သားများအား အမြန်ပို့ပေးလိုက်သည်။
“မြန်မြန်ဖွင့်ကြည့်လိုက် မနက်ဖြန် လိုက်ဖ်လွှင့်ရင် အဆင်သင့်ဖြစ်နေဖို့လိုတယ်...”
ထိုရုံးခန်းနံရံများပေါ်၌ မရေမတွက်နိုင်သော “Battle Elites” ပုံများ ရှိနေသည်။
ထိုကုမ္ပဏီက နာမည်ကြီးအွန်လိုင်းဂိမ်း Battle Elite ကို ဖန်တီးခဲ့သည့် ဂိမ်းကုမ္ပဏီဖြစ်သည်။ ၎င်းတို့က သုံးစွဲသူအသစ်များကို ဆွဲဆောင်ရုံသာမက အသုံးပြုသူဟောင်းများကိုပါ ထိန်းသိမ်းရန် မျှော်လင့်ပြီး ဂိမ်းတွင်းပွဲတစ်ခုကျင်းပရန် စီစဉ်ထားသည်။ ထိုပွဲ၏ အစီအစဉ် တစိတ်တပိုင်းအဖြစ် အသုံးပြုသူ၏ဒေတာကို ပြန်လည်ရယူပြီးနောက် အဆင့်တူ အချင်းချင်းဆက်သွယ်နိုင်သည့် ကွန်ရက်မှတစ်ဆင့် ဒေတာဖလှယ်ရန် လိုအပ်သည်။ သို့သော်လည်း ရုတ်တရက် အမှားတစ်ခု ဖြစ်သွားပြီး ထိုအမှားကို ပြင်ရန် နောက်ကျလွန်းနေပြီဖြစ်သည်။ Pegasusပေါ်ရှိ စာအိတ်အနီဆော့ဖ်ဝဲကို အဖွဲ့ခေါင်းဆောင်က တွေ့လိုက်ပြီးနောက် ယခုကဲ့သို့သော ကိစ္စများ ဖြစ်လာသည်။ ထိုဆော့ဝဲလ်၏ အခြေခံ အယူအဆက သူတို့လိုအပ်နေသည့် အပိုင်းနှင့် အတိအကျ တူညီနေသည်။ သူချက်ချင်း အထက်လူကြီးများကို သတင်းပို့ပြီးနောက် ထိုဆော့ဝဲလ်ကို ဝယ်လိုက်သည်။
Battle Eliteက နိုင်ငံတစ်ဝှမ်းလုံးတွင် ရေပန်းစားနေခဲ့ပြီး အသုံးပြုသူများ၏ မျှော်လင့်ချက်များကလည်း မြင့်မားသည်ထက် ပိုမိုမြင့်မားလာသည်။ သူ့တို့ မည်သည့်အမှားအယွင်းမှလုပ်မိ၍ မဖြစ်သောကြောင့် ဆော့ဖ်ဝဲလ်ကို ဝယ်ရန် သဘောတူခဲ့ကြသည်။ ထိုဆော့ဝဲလ်ကို အနည်းငယ်ပြင်ပြီးနောက် ဂိမ်းထဲကို ပေါင်းထည့်လိုက်ခြင်းက ပိုအဆင်ပြေစေသည်။
ယွမ်လေးသိန်းက သင့်တော်သည့်စျေးနှုန်းသာဖြစ်သည်။
ထိုဆော့ဝဲလ်ကို စမ်းသပ်ပြီးနောက်မှသာ အသင်းသားအားလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်ခဲ့သည်။ သူတို့ တစ်ချိန်လုံး စိတ်ပူနေခဲ့ရခြင်းဖြစ်သည်။
SIY က “ရှီတာကီမှိုစားရတာကြိုက်တယ်”ကို စာတစ်စောင် ပေးပို့ခဲ့သည်။ သူက သူ့မက်ဆေ့ချ်ကို သေသေချာချာ စာစီပြီးမှ ပို့ခဲ့သည်။ [ကျေးဇူးပြုပြီး မင်းရဲ့ကတ်နံပါတ်ကို ပို့ပေးပါ၊ ငါမင်းဆီကိုပိုက်ဆံလွှဲပေးမယ်။] ယခင်က သူပို့ခဲ့သည့် ယွမ် နှစ်သိန်းက Wechatမှ သူ့ကို ခွင့်ပြုထားသော ငွေပို့နိုင်သည့် အများဆုံးပမာဏဖြစ်သည်။
ငွေပေးချေပြီးပါက သူ ကုမ္ပဏီသို့ အကြောင်းကြားရန် လိုအပ်သည်။ သို့သော်လည်း ယခုတွင် သူက ဖိအားအများဆုံးပြဿနာကို အရင်ဖြေရှင်းရန် လိုအပ်နေသည်။
“ရှီတာကီမှိုစားရတာကြိုက်တယ်” ဆိုသူက လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျော်ကြားမှုမြင့်မားလာသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူက အလွန့်အလွန် ကျွမ်းကျင်သည်။ သူ၏အဖြေများက အလွန်နက်ရှိုင်းကာ တည့်တိုးသာဖြေတတ်ပြီး ၊ သူ၏ ပရိုဂရမ်များကလည်း အမြဲတမ်း မယုံနိုင်လောက်အောင် အထင်ကြီးစရာကောင်းသည်။
လူတိုင်းက "ဘယ်နယ်ပယ်က ဆရာကြီးကများ ပျင်းရိပြီး ဖိုရမ်ထဲသို့ မှားဝင်လာသလဲ"ဟု တွေးနေကြသည်။ ကုမ္ပဏီကြီး တော်တော်များများကလည်း သူ မည်သူဖြစ်ကြောင်း ရှာဖွေပြီး ၎င်းတို့ ကုမ္ပဏီသို့ ခေါ်ယူချင်နေကြသည်။သို့သော်လည်း “ရှီတာကီမှိုစားရတာကြိုက်တယ်” က ဖိုရမ်ပေါ်သို့ ရောက်လာသည့်အချိန် ပိုပိုနည်းပါးလာသည်။
နောက်ပိုင်းတွင် Darker ထွက်ပေါ်လာပြီး “ရှီတာကီမှိုစားရတာကြိုက်တယ်” က သူ၏တပည့်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ သူက လူတိုင်းအား “ရှီတာကီမှိုစားရတာကြိုက်တယ်” ကို သူ့ဆီမှ ခေါ်ထုတ်သွားရန် စဉ်းစားနေခြင်းအား မေ့ထားသင့်ကြောင်း တည့်တိုးပြောခဲ့သည်။ လူတိုင်းက ထိုကျွမ်းကျင်သူက Darker၏လူများထဲမှ တစ်ယောက် ဖြစ်နိုင်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး သူတို့လက်တံများကို စိတ်ပျက်လက်ပျက်နှင့် ပြန်ရုတ်သိမ်းလိုက်ကြသည်။
သူ့ဆီသို့ နံပါတ်အတန်းလိုက် ပို့လာသည်။ အမည်က ယင်းမင်ကျန်း ဟူ၍ဖြစ်သည်။
အဲ့နာမည်က အထူးကျွမ်းကျင်သူရဲ့ နာမည်များလား...
SIYက အံ့အားသင့်စွာဖြင့် ငွေလွှဲလိုက်သည်။
*
ရှုနဉ်က စိတ်လှုပ်ရှားနေသောကြောင့် အခန်းကို ပတ်ပြေးနေမိသည်။ ယင်းမင်ကျန်း အလိမ်ခံရမည်ကို သူစိတ်ပူနေသည်။
တခြားတစ်ဖက်တွင်မူ ယင်းမင်ကျန်းက တည်ငြိမ်နေသည်။
“သူတို့က ပရိုဂရမ်ကို အခုစစ်ဆေးနေတာဖြစ်နိုင်တယ်...”
ရှုနဉ်က ထိုကဲ့သို့သော ကိစ္စမျိုးကို နားမလည်သောကြောင့် “အိုး”ဟုသာ ပြန်ပြောနိုင်သည်။
အချိန်အတော်ကြာပြီးနောက် SIYက သူတို့ကို စာပို့လာသည်။
SIY က ယင်းမင်ကျန်းအား ပရိုဂရမ်က ကောင်းကောင်းအလုပ်လုပ်ကြောင်း ပြောပြသည်ကို ရှုနျဉ် တွေ့လိုက်ရသည်။ ယခု သူက ယင်းမင်ကျန်းအား သူ၏ကတ်အသေးစိတ်အချက်အလက်များကိုမေးနေသည်။ သို့မှသာ သူက ယင်းမင်ကျန်းကို ပိုက်ဆံပို့ပေးနိုင်မည်ဖြစ်သည်။
ပိုက်ဆံအမြောက်အမြား ရရှိရန် အချိန်အနည်းငယ်ကြာခဲ့သော်လည်း ထိုငွေများက သူတို့ပိုက်ဆံများသာဖြစ်သည်။
"အိုးးဘုရားရေ... မင်ကျန်း မင်းက အံ့ဩစရာပဲ မင်း ဒီလိုနဲ့ပဲ ယွမ်လေးသိန်း ရှာလိုက်နိုင်ပြီ..."
ရှုနဉ်က ယင်းမင်ကျန်း၏ ပခုံးကို ပျော်ရွှင်စွာ လှုပ်ယမ်းလိုက်သည်။
ယင်းမင်ကျန်းက အစပိုင်းတွင် များများစားစား မခံစားခဲ့ရသော်လည်း ရှုနဉ် မည်မျှပျော်နေသည်ကို မြင်လိုက်ရသောအခါတွင် သူ့နှုတ်ခမ်းထောင့်များကွေးတတ်သွားပြီး ပြုံးမိသွားသည်။
"ငါက အနာဂတ် စာချုပ်တွေနဲ့ ယွမ်နှစ်သန်းလောက် ရှာနိုင်ပြီးသွားပြီ..."
ရှုနဉ် ရပ်တန့်သွားသည်။
ရှုနဉ် : " ဟမ်..."
ရှုနဉ် : " ဟမ်..."
ဉာဏ်ကြီးရှင်တွေရဲ့ ကမ္ဘာက ကျိုးကြောင်းဆီလျော်မှုမရှိမှန်း သူသိပေမယ့် ဒီလောက် ကျိုးကြောင်းဆီလျော်မှုမရှိတာကြီးကတော့ ဘယ်လိုဖြစ်သွားရတာလဲ...လက်လေးတစ်ဖက်လှန်လိုက်ရုံနဲ့တင် ယွမ်နှစ်သိန်းတဲ့လား... လဝက်လေးနဲ့တင် ယွမ်နှစ်သန်းတဲ့လား...
ငါတို့လို သာမာန်လူတွေက ဘယ်လိုများအသက်ရှင်နေထိုင်ရပါတော့မလဲ...
ရှုနဉ် သူ့ပါးစပ်ကို ဟလိုက်ပြီး နောက် ပြန်ပိတ်လိုက်သည်။ထို့နောက် သူ့ပါးစပ်ကို နောက်တစ်ကြိမ် ထပ်ဟပြီး ခဏအကြာတွင် သူပြောလိုက်သည်။
“တကယ်ကြီးလား...”
သူ့အသံက အနည်းငယ်တုန်ယင်နေသည်။
သူ့ရဲ့ မသိနားမလည်ခြင်းအတွက် ခွင့်လွှတ်ပေးပါ။ သူ ကူးပြောင်းမလာခင်အချိန်က ယွမ်တစ်သန်းဟူသည့် ငွေပမာဏကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။
ဝတ္ထုဇာတ်လိုက်များက သန်းပေါင်းများစွာ၊ သန်းဆယ်ဂဏန်း သို့မဟုတ် ယွမ်သန်းရာပေါင်းများစွာကိုပင် သုံးစွဲနိုင်သည်ကို သူသိသည်။ ထိုကဲ့သို့သော CEO ဝတ္ထုများတွင် ပိုက်ဆံများက ဘာမှ အရေးပါသည့်အရာများ မဟုတ်သလို ပြန့်ကျဲနေမည်ဖြစ်သည်။
တကယ်လို့ မင်းရဲ့ ချမ်းသာကြွယ်ဝတဲ့ ဇာတ်လိုက်ကအနည်းဆုံး ဒေါ်လာတစ်သန်းလောက်ကိုတောင် ကြုံသလို မထုတ်နိုင်ရင် သူကတကယ်ချမ်းသာတဲ့လူ မဟုတ်ဘူး...
သို့သော်လည်း ရှုနဉ်က စိတ်ကူးယဉ်နှင့် လက်တွေ့ဘဝကို ကွဲကွဲပြားပြား နားလည်သည်။ လက်တွေ့ဘဝတွင်မူ လူတစ်ယောက်က တစ်လကို ပိုက်ဆံတစ်သောင်းရှာနိုင်ရန်ပင် ခက်ခဲလှသည်။ လူအများစုက ကားချေးငွေ၊အိမ်ချေးငွေနှင့် နေထိုင်ရိတ်များပေးအပြီးတွင် လက်ထဲ၌ အများဆုံး ယွမ်ထောင်ဂဏန်းလောက်သာ ကျန်ရှိတတ်သည်။
ကူးပြောင်းလာပြီးနောက်တွင်လည်း ဝတ္ထုထဲတွင် သူနေထိုင်ရသည့် ဘဝက ယခင်က သူနေထိုင်ခဲ့သည့်ဘဝနှင့် ကွားခြားမှု များများစားစားမရှိပေ။ လူအများစုက တစ်လကို ယွမ်နှစ်ထောင် သုံးထောင်ခန့်သာ ရှာနိုင်ကြသည်။ခြောက်ထောင်ခန့် ရှာနိုင်သူများက သာမာန်သာဖြစ်သည်။တစ်လကို ယွမ်တစ်သောင်း ရှာနိုင်ပါက ထိပ်တန်း နှစ်ဆယ်ရာခိုင်နှုန်းထဲသို့ ဝင်သွားနိုင်မည်ဖြစ်သည်။
ဒါပေမဲ့ ဒီအချိန် ဒီနေရာမှာ ဗီလိန်လေးက တကယ်ကြီး လဝက်နဲ့ ယွမ်နှစ်သန်းကို ရှာလိုက်နိုင်တယ်တဲ့လား...
ယင်းမင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။
“ဒီတစ်ခါတော့ ငါ့မှာလဲ အရင်းအနှီးတွေ အများကြီးရှိတာနဲ့ ငါနည်းနည်းလောက် စွန့်စားလိုက်တာ...ကံကောင်းသွားလို့ ငါ မှန်မှန်ကန်ကန် လောင်းနိုင်ခဲ့တယ်... အရောင်းအဝယ်နည်းနည်းလောက်နဲ့ ငါ ယွမ်နှစ်သန်းရှာနိုင်ခဲ့တယ်...”
ရှုနဉ် အသက်ရှုရပ်သွားတော့မလို ခံစားလိုက်ရသည်။
သူ့အဖေအား သူ့ခေါင်းကို အကြိမ်ပေါင်းများစွာ ရိုက်ခိုင်းမည်ဟူသည့် ပေါက်ကရ အကြံများကိုပင် စတင်တွေးမိလာသည်။ သူသည်လည်း ဉာဏ်ကြီးရှင် ဖြစ်လာနိုင်လောက်သည်။
သူ၏ ကြောက်စရာအတွေးများကို ချက်ချင်းပင် မောင်းထုတ်လိုက်သည်။ အမှားအယွင်း တစ်ခုခုသာဖြစ်ခဲ့ပါက သူက ဉာဏ်ကြီးရှင် ဖြစ်မည်ထက် ငတုံးတစ်ယောက်ပင် ဖြစ်သွားနိုင်သေးသည်။ ပြောရမည်ဆိုပါက ထိုနေရာမှာပင် သူသေသွားနိုင်သေးသည်။ ထိုနေရာမှာပဲ သူ့ဘဝဆုံးသွားနိုင်သည်။
သူအတွေးလွန်နေချိန်မှာပင် သူ့ဖုန်းက ရုတ်တရက်ကြီး အသံမြည်လာသည်။
ရှုနဉ် သတိလက်လွတ် သူ့ဖုန်းကို ကြည့်လိုက်မိသည်။
“ရှီတာကီမှိုစားရတာ ကြိုက်တယ်”က “ရှီတာကီမှို”ကို ယွမ်နှစ်သိန်း ငွေလွှဲလိုက်သည်။
ရှုနဉ် လန့်သွားသည်။
“မင်းဘာလို့ ငါ့ကို ပိုက်ဆံလွှဲလိုက်တာလဲ...“
ယင်းမင်ကျန်းက ပြောသည်။
“ဒါက မမျှော်လင့်ထားတဲ့ အမြတ်ငွေပဲလေ...ငါမင်းကိုပေးမယ်...”
“မဟုတ်ဘူးလေ...”
ရှုနဉ်က သူ့ဖုန်းကို တင်းနေအောက် ကိုင်ထားလိုက်မိသည်။သူ့တကိုယ်လုံး တုန်လှုပ်နေသည်။
“ဒါက မင်းရှာလို့ရတဲ့ ပိုက်ဆံလေဘာလို့ ငါ့ကိုလာပေးတာလဲ...”
ယင်းမင်ကျန်းက သူ့မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်သည်။
“မင်းက ငါ့ကို စောင့်ရှောက်ပေးတယ်လေ...”
“ဟမ်...”
ရှုနဉ် တွေဝေသွားသည်။
ယင်းမင်ကျန်းက သူ့နှုတ်ခမ်းများကိုဖိပြီး တိုးတိုးလေးပြောလိုက်သည်။
“မင်းပဲ ငါ့ကို ဂရုစိုက်ပေးမယ်လို့ ပြောခဲ့တယ်လေ...”
ရှုနဉ် “……”
ယင်းမင်ကျန်း၏ အသံက ပို၍တိုးလာသည်။
“မင်းက ငါ့ကို ဂရုစိုက်ပေးလေ ငါကမင်းကို ပိုက်ဆံပေးမယ်...”
ခဏအကြာတွင်တော့ သူ သတ္တိမွေးကာ ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေသည်။
“ရှုနဉ် မင်း …မင်း ငါ့ကို မိသားစုလို သဘောထားနိုင်မလား...”
ရှုနဉ် ခဏတာခန့် ထိတ်လန့်သွားသည်။ သူ ဗီလိန်လေးကို ဂရုစိုက်မည်ဟု ပြောဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ ဗီလိန်လေးက သူပြောခဲ့သည့်စကားများကို ဤမျှလောက်အထိ အလေးထားမည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဗီလိန်လေးက ငါ သူ့ကို ဂရုစိုက်ပေးမယ်လို့ ပြောခဲ့လို့များ ကပိုက်ဆံပေးလာတာလား...
ဒါက သူ့ကိုယ်သူ ပြုစုပျိုးထောင်တာနဲ့ ဘာများကွာခြားသွားသေးလို့လဲ...
"မရဘူးလား..."
ယင်းမင်ကျန်း၏ မျက်လုံးထဲရှိ အလင်းရောင်က မှိန်ဖျော့သွားပြီး ခေါင်းငုံ့လိုက်သည်။ ဝက်ဝံညအိပ်ဝတ်စုံ ဝတ်ထားသည့် ကောင်လေး၏စိတ်ထဲတွင် ချက်ချင်းဆိုသလို ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားသည်။ သူ့နားရွက်ကလေးများပင် ကွေးကျသွားသည်။
ရှုနဉ် အသိပြန်ဝင်လာပြီး မြန်မြန်ပြောလိုက်သည် ။ "မဟုတ်ဘူး မင်းကို ငါက ငါ့ရဲ့ကလေးလေး... ငါ့မိသားစုလို့ အမြဲတမ်းတွေးထားခဲတာပါ..."
ယင်းမင်ကျန်းက သူ့ကို ကြယ်များသဖွယ် တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းငါ့ကို ပိုက်ဆံမပေးရင်တောင်မှ ငါမင်းကို ဂရုစိုက်ပေးမှာပါ..."
ရှုနဉ်က ရယ်ရမ ငိုရမည်မသိ ဖြစ်သွားသည်။
ယင်းမင်ကျန်း မျက်တောင်ခတ်လိုက်ပြီး သူ့မျက်တောင်ရှည်များက လိပ်ပြာလေးတွေတောင်ပံခတ်နေသလို လွင့်ပျံနေသည်။
"ငါ မင်းကို ပေးချင်တယ်..."
ရှုနဉ် “…..”
ယင်းမင်ကျန်း၏ စိတ်အားထက်သန်နေသော အကြည့်နှင့် ရင်ဆိုင်ရသောအခါ ရှုနဉ် မငြင်းဆန်နိုင်တော့ပေ။ ထိုပိုက်ဆံကို သူက သူ့ကလေးလေးအတွက် သိမ်းထားရမည်။
ရှုနဉ်က သူ့ဖုန်းကို ခါယမ်းပြလိုက်သည်။
"ကောင်းပြီ ငါပိုက်ဆံတွေကို လက်ခံလိုက်မယ်..."
ယင်းမင်ကျန်းက ခပ်ဖျော့ဖျော့ပြုံးပြသည်။ သူက ခေါင်းကိုလှည့်ပြီး သူ့ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ မိသားစုပုံတူကို စိုက်ကြည့်နေလိုက်ပြီး တွေးလိုက်မိသည်။
“ငါ့မှာ အိမ်ရှိလာခဲ့ပြီ...”
ထို့ကြောင့် ယခုချိန်တွင် သူ့အတိတ်က အရာအားလုံးကို လွှတ်ချလိုက်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအရာများကို သူဆက်လက် ဆုပ်ကိုင်ထားရန် မလိုအပ်တော့ပေ။
သူ့ ပါးစပ်ထောင့်များ ကွေးကျသွားပြီး မျက်လုံးထဲရှိအပြုံးများကလဲ မှေးမှိန်သွားသည်။ (ကလေးက အတိတ်အကြောင်း ပြန်စဉ်းစားမိသွားလို့ပါ။)
****
နောက်တစ်နေ့တွင်
"မင်းပိုက်ဆံတွေအကုန်လုံး ငါ့ကို ပေးချင်တာလား..."
ရှုနဉ် အလွန်ထိတ်လန့်သွားသည်။
ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။
"ငါ ကျိုးကျွမ်နဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီလေ ငါနဲ့ သူက ဘာမှမဆိုင်တော့ဘူး..."
"အဲ့ဒါက ငါ့ကို ပိုက်ဆံပေးတာနဲ့ ဘာဆိုင်လို့လဲ..."
ရှုနဉ် စိတ်ရှုပ်သွားသောကြောင့် ယင်းမင်ကျန်းက ပြောပြလိူက်သည်။
"ငါက ကိုယ်ပိုင်အကောင့်ဖွင့်ဖို့ အသက်မပြည့်သေးဘူး၊လေ၊ ငါ အခုသုံးနေတဲ့ ကုန်သည်အကောင့်က ကျိုးကျွမ်ရဲ့အကောင့်... အခု သူ့အကောင့်ကို ဆက်သုံးဖို့က မလုံခြုံတော့ဘူး... ငါမင်းကို ပိုက်ဆံတွေ လွှဲပေးချင်တယ် တကယ်လို့ ငါနောက်တစ်ခေါက် အနာဂတ်စာချုပ်တွေ အရောင်းအဝယ်လုပ်တဲ့အခါကျရင်လည်း အန်တီ ဒါမှမဟုတ် အန်ကယ့်ရဲ့ အကောင့်ကိုပဲ သုံးပြီး အဲ့လိုလုပ်လိုက်မယ်လေ...”
ကုန်သည်အကောင့်ဖွင့်ရန် အနည်းဆုံး အသက်ဆယ့်ရှစ်နှစ်ပြည့်ရမည်ဟု အစိုးရက ပြဋ္ဌာန်းထားသည်။
ရှုနဉ်က သူ ဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွား၍ သူ့ပုခုံးကို ပုတ်လိုက်သည်။
"မင်းလုပ်တာမှန်တယ်..."
သို့သော်လည်း သူ တစ်ခုခုကို ချက်ချင်းစဉ်းစားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နေပါဦး မင်းမှာ ဘဏ်ကတ်မရှိဘူးလား... မင်းရဲ့ ဘဏ်အကောင့်ထဲ ကိုရော ထည့်ထားလို့ မရဘူးလား..."
ယင်းမင်ကျန်းက ပြောလိုက်သည်။
"မင်းနဲ့အတူရှိနေရင် ပိုလုံခြုံတယ်လို့ ခံစားရလို့...”
ရှုနဉ်က သူ၏ တွေးခေါ်မှုအရ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
"ပိုပြီး လုံခြုံတယ်လို့ ခံစားရတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ...မင်းကိုယ်တိုင်က အဲဒါကို ထိန်းသိမ်းထားရင် ပိုလုံခြုံတယ်လို့ မခံစားရဘူးလား...”
ယင်းမင်ကျန်းက မေးလိုက်သည်။
"ငါတို့ က မိသားစု မဟုတ်ဘူးလား..."
ရှုနဉ် အမြန်ပြန်ဖြေလိုက်သည်။
"ဒါပေါ့ ငါတို့က မိသားစုတွေပဲလေ..."
"ဒါဆို ငါ့ပိုက်ဆံကို မင်းနဲ့အတူထားလိုက်မယ်"
ယင်းမင်ကျန်းက ခေါင်းကို လှည့်ကာ ကုဒ်များ ဆက်ရေးနေသည် ။
“အခု ငါလုပ်စရာရှိသေးတယ် ငါ့ကို မနှောင့်ယှက်နဲ့တော့..."
ရှုနဉ် ထိုစကားကိုကြားသည်နှင့် ချက်ခြင်းထွက်လာခဲ့သည်။
လူကြီးမင်း(big shot)က သိန်း နဲ့ ချီ တန် တဲ့ စီးပွား ရေး တွေ လုပ် တော့မယ်... သေချာပေါက် သူ့ကို မနှောင့်ယှက်နိုင်ဘဲ နေရမယ်...
သို့သော် သူ့လက်ထဲတွင် ယွမ်နှစ်သိန်းရှိခြင်းက သူ့ကို ဖိအားများစွာကို ခံစားစေသည်။
"စကားမစပ် မင်းဝယ်ချင်တာတစ်ခုခုရှိရင် ဝယ်သာဝယ်လိုက်... ငါ့ပိုက်ဆံကို မင်းစိတ်ကြိုက်သလိုသုံးလို့ရတယ်..."
ရှုနဉ် ခေါင်းမော့ကြည့်လိုက်သည့်အခါ ယင်းမင်ကျန်းက က သူ့ကို ကျောပေးထားရင်း ပြောလိုက်သည်။
“မင်းအကုန်လုံးသုံးလိုက်ရင်လဲ ငါထပ်ရှာပေးမယ်...”
ရှုနဉ် “…..”
ရှုနဉ် ငိုမိတော့မလို ဖြစ်သွားသည်။
သူက ဗီလိန်လေးကို စောင့်ရှောက်ပေးရမဲသူမဟုတ်ဘူးလား...
ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်ပေးနေတာလဲ...
ရှုနဉ် ရုတ်တရက်ကြီး အလွန်စိတ်လှုပ်ရှားသွားသည်။
ဗီလိန်လေးက အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်း သို့မဟုတ် စိတ်စေတနာကောင်းများ ဖော်ပြခြင်း စသည်တို့ကို သေချာပေါက် ကောင်းကောင်းမပြုမူတတ်ပေ။ သူက ရှုနဉ်ကို သူ့အစား ထိန်းသိမ်းထားရန် ဟု ပြောနေသော်လည်း ရှုနဉ်ကို ထိုပိုက်ဆံများ ပေးလိုက်ခြင်းသာ ဖြစ်နိုင်သည်။
ဒီကလေးကတော့ ...
ရှုနဉ် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဗီလိန်လေးက မျက်လုံးချင်းတောင်ဆုံအောင်မကြည့်ပဲ ပိုက်ဆံအများကြီး လွှဲပေးနိုင်ဖို့ဆိုရင် ငါ့ကို တကယ်ယုံကြည်တာပဲဖြစ်ရမယ်...ဗီလိန်လေးက ငါ့ကို အရမ်းယုံတယ် ငါလည်း ဗီလိန်လေးအတွက် အနည်းဆုံးတော့ တစ်ခုခု လုပ်ပေးမှ ဖြစ်မယ်...
ရှုနဉ်ခဏခန့်တွေးပြီးနောက် အိပ်ခန်းထဲမှထွက်လာပြီး ဧည့်ခန်းထဲရှိ မစ္စချိုက်ကို သွားတွေ့လိုက်သည်။
မစ္စချိုက်က ဇာတ်လမ်းတွဲကြည့်နေသည်။ မင်းသားနှင့် မင်းသမီးတို့က အချင်းချင်း တစ်ယောက်မျက်လုံးကိုတစ်ယောက် နူးညံ့စွာ စိုက်ကြည့်ရင်း ဖျားလောက်အောင် ချိုမြိန်သည့်စကားများ ပြောဆိုနေ၏။
"ချိုက်ချိုက်..."
ရှုနဉ်က ဆိုဖာပေါ် ထိုင်လိုက်ရင်း မစ္စချိုက်၏ လက်မောင်းကို ဖက်ထားလိုက်သည်။
"ဘာများလဲ..."
မစ္စ ချိုက်က သူ့ကို စိုက်ကြည့်လိုက်သည်။
ရှုနဉ်က ပြုံးပြလိုက်သည်။
"ချိုက်ချိုက်၊ မာမား ကျွန်တော့်ကို ကုန်သည်အကောင့်ဖွင့်ဖို့ ကူညီပေးနိုင်မလား"
"ကုန်သည်အကောင့်လား... စတော့ပ်ဈေးကွက်အတွက်လား..."
မစ္စချိုက်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။
"မင်း စတော့ပ်ရှယ်ယာဈေးကွက်ထဲကို ဝင်ချင်လို့လား... မင်းအသက်အရွယ်နဲ့လား ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
ရှုနဉ်က သူမလက်မောင်းကို ခါယမ်းလိုက်သည်။
“ကျေးဇူးပြုပြီးလုပ်ပေးပါ ချိုက်ချိုက်...”
မစ္စချိုက် က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
"မင်းအသက်က ဘယ်လောက်ရှိပြီထင်နေလို့လဲ...မင်းကျောင်းကိုပဲ အာရုံစိုက်သင့်တယ် အဓိပ္ပါယ်မရှိတာတွေ လုပ်ဖို့ စဉ်းစားမနေနဲ့..."
ရှုနဉ် မျက်လုံးပြူးသွားသည်။
"စတော့ပ်ရှယ်ယာ ရောင်းဝယ်နည်းကိုသင်ချင်တဲ့ သူက မင်ကျန်းပဲ... ချိုက်ချိုက် သူက သူ့အတွက် တစ်ခုခု တောင်းဆိုတယ်ဆိုတာမျိုးက ရှားပါတယ်...ကျွန်တော်တို့ သူ့ကို စိတ်ဓါတ်ကျသွားစေလို့ မဖြစ်ဘူးလေ...”
ချိုက်ချင် တွေဝေသွားသည်။ သူက သူ့သားအတွက်သာဆိုလျှင် မဆိုင်းမတွ ငြင်းဆိုနိုင်သော်လည်း ယင်းမင်ကျန်းကိုမူ ချက်ချင်းပင် မငြင်းပယ်နိုင်ပေ။
ယင်းမင်ကျန်း သူတို့အိမ်သို့ရောက်ပြီးနောက်ပိုင်း သူကတိတ်ဆိတ်နေပြီး မည်သည့်အခါမျှ တောင်းဆိုမှုမပြုခဲ့ဖူးပေ။ အကယ်၍ သူမသာ သူ၏ ပထမဆုံးတောင်းဆိုမှုကို ငြင်းဆိုခဲ့ပါက အနာဂတ်တွင် မည်သို့အဆင်ပြေပြေနေရမည်ကို မသိတော့ပေ။
“ချိုက်ချိုက် အရမ်းအရမ်းချစ်စရာကောင်းတဲ့ ချိုက်ချိုက်၊ ကျွန်တော်တို့က အဲဒါကို စမ်းကြည့်တာပါ...ကျွန်တော်တို့ လျှောက်ကစားပြီး အရှုပ်ထုတ်တွေလဲ မလုပ်ပါဘူး...ကျွန်တော်တို့မှာ ပိုက်ဆံလဲ အများကြီး မရှိဘူးဆိုတော့ ပြဿနာတွေ လျှောက်လုပ်မိမှာ မဟုတ်ပါဘူး...”
ရှုနဉ်၏ ချော့မော နှောင့်ယှက်သည့်ကျေးဇူးကြောင့် ချိုက်ချင် တဖြည်းဖြည်းနှင့် သဘောတူစပြုလာသည်။ ကလေးဆိုးလေး နှစ်ယောက်တွင်
ပိုက်ဆံမရှိကြ၍ စတော့ရှယ်ယာတွေများနှင့် ကစားရခြင်းကို ပျော်စရာကောင်းမည်ဟု ထင်နေခြင်းဖြစ်ရမည်။ ထို့ကြောင့် နောက်ဆုံးတွင် သူမ စိတ်ချလက်ချ သဘောတူလိုက်သည်။
"ကောင်းပြီ..."
"ယေး..."
ရှုနဉ်က ဆိုဖာပေါ်မှ ခုန်ဆင်းပြီး ချိုက်ချင်ကို နမ်းလိုက်သည်။
"ချစ်တယ် ချိုက်ချိုက်...”