Chapter 57
သူ့ကို အပန်းဖြေအိမ်ကြီးဝယ်ပေးတယ်
နောက်တစ်နေ့ညတွင် ရှုနဉ်က ချိုက်ချင်၏အကောင့်အသေးစိတ်အချက်အလက်များကို ယင်းမင်ကျန်းထံ လွှဲပြောင်းပေးခဲ့သည်။
"မင်ကျန်း ဒါ ငါ့မာမားရဲ့အကောင့်ပဲ မင်းသုံးလို့ရတယ်..."
သူ့လူကြီးမင်းလေးရဲ့ ထိပ်ဆုံးကို တက်မဲ့လမ်းတလျှောက်မှာ သူပါ မပါဝင်ချင်ဘူး...
လူကြီးမင်းလေးရဲ့ နောက်ကွယ်ကလူပဲ ဖြစ်ချင်တယ်...
အကယ်၍ ယင်းမင်ကျန်းသာ ဒုတိယWarren Buffett သို့မဟုတ် ဒုတိယ Geor Coros Chu Ning ဖြစ်လာခဲ့ပါက ရှုနဉ်သည်လည်း သူ၏ပထမဆုံး နောက်ကွယ်မှထောက်ပံ့ပေးသည့် သူအဖြစ် သမိုင်းတွင် သွားပေလိမ့်မည်။
ထိုသို့ တွေးလိုက်ရုံနှင့်ပင် ရှုနဉ် စိတ်လှုပ်ရှားလာသည်။
ယင်းမင်ကျန်းက အချက်အလက်များကိုယူပြီးနောက် ဂရုတစိုက် သိမ်းထားလိုက်သည်။
ယင်းမင်ကျန်းက ပိုက်ဆံရှာရန် အလွန်စိတ်မဝင်စားခဲ့ပေ။သူက အကြွေးများ ကို ပြန်ဆပ်ရန်နှင့် အချိန်ကုန်မြန်စေရန် (အချိန်ဖြုန်းရန်)အတွက်သာ စတင် ပိုက်ဆံရှာခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ခုလုံး ပြီးမြောက်သွားသည့် နောက်ပိုင်းတွင် သူ စိတ်မဝင်စားတော့ပေ။
သို့သော်လည်း ရှုနဉ်က သူ့ကို ကုန်သည်အကောင့်လုပ်ပေးရန် ကူညီခဲ့သောကြောင့် သူလည်း ရှုနဉ်၏ ရည်ရွယ်ချက်ကောင်းများနှင့်အညီ အလုပ်ကြိုးစားပြီး ငွေရှာရန် ဆုံးဖြတ်လိုက်သည်။
အားလပ်ရက်များပြီးသည်နှင့် ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာသည်။ မတ်လသာ ရှိသေးသော်လည်း အပူချိန်အတော်အတန် မြင့်တက်လာနေပြီဖြစ်သည်။
လိမ္မော်ညိုရောင် ကတ္တီပါဝက်ဝံညအိပ်ဝတ်စုံဝတ်ရန် အလွန်ပူနေပြီဖြစ်သည်။ ရှုနဉ်က သူ့ကလေးလေးအတွက် ချစ်စရာ ညအိပ်ဝတ်စုံများကို ဝယ်ရန် စိတ်အားထက်သန်နေသော်လည်း သူအခွင့်အရေးမရသေးမီမှာပင် ချိုက်ချင်က ပထမဆုံးလှုပ်ရှားလိုက်ပြီး နွေဦးရာသီနှင့် နွေရာသီနှစ်ခုလုံးအတွက် ညအိပ်၀တ်စုံများကို ဝယ်ယူခဲ့ပြီးဖြစ်သည်။
နွေဦးရာသီအတွက် သူမက ဖားညအိပ်ဝတ်စုံနှင့် ယုန်ညအိပ်ဝတ်စုံနှစ်စုံကို ဝယ်ခဲ့သည်။
နွေရာသီအတွက် သူမက ကျားညဝတ်အိပ်စုံနှင့် မြင်းကျားညအိပ်ဝတ်စုံ နှစ်စုံကို ဝယ်ခဲ့သည်။
ထိုအင်္ကျီများက ရှုနဉ်ဝယ်ခဲ့သည့် ညအိပ်ဝတ်စုံတွေထက် အရောင်ပိုစုံသည်။ ယျေဘုယျအားဖြင့် ဝတ်စုံတစ်စုံစီတိုင်းတွင် အရောင်စုံပါသည်။
သူဝယ်ခဲ့သည့် ညဝတ်အင်္ကျီများ အိမ်သို့ရောက်သည်နှင့် သူက သူတို့နှစ်ယောက်လုံးကို စမ်းဝတ်ကြည့်ခိုင်းပြီး ဓာတ်ပုံများ ရိုက်တော့သည်။ ဤတစ်ကြိမ်တွင် ပါးပါးရှုလည်း အိမ်၌ရှိနေသောကြောင့် သူတို့လေးယောက်သား မိသားစုဓါတ်ပုံ ရိုက်လိုက်ကြသည်။
ရှုနဉ် မည်မျှပင် တွန့်ဆုတ်နေပါစေ မစ္စချိုက်ကို ဆန့်ကျင်ရန် မတက်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူ စိတ်မပါလက်မပါနှင့် အတင်းအကြပ် ဖားညအိပ်ဝတ်စုံဝတ်ကာ ဓါတ်ပုံရိုက်ခံလိုက်ရသည်။ အဖွဲ့လိုက် ဓာတ်ပုံရိုက်ပြီးသည့်တိုင်အောင် ချိုက်ချင်က မကျေနပ်သေးပေ။ သူ့တွင် ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ လဲဝတ်ရန် ညအိပ်ဝတ်စုံ သုံးစုံ ရှိနေသေးပြီး သူတို့တစ်ယောက်ချင်းစီ၏ ဓါတ်ပုံများစွာ ရိုက်ယူခဲ့သည်။
နောက်ဆုံးသူတို့ကို မလွှတ်ပေးခင်အထိ အချိန် နာရီဝက်ခန့်ကြာသွားခဲ့သည်။ သူတို့၏ တစ်ခုတည်းသောဘေးကင်းရာဖြစ်သည့် သူတို့အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရှုနဥ်က အသံကျယ်ကျယ်ပြောရဲသည်အထိ သတ္တိရှိလာသည်။
" မာမား တစ်နေ့နေ့တော့ ကျွန်တော်နဲ့တွေ့မယ်..."
ယင်းမင်ကျန်းက စဉ်းစားနေပုံရသည်။
နောက်တစ်နေ့တွင် ယင်းမင်ကျန်းက သူလုပ်စရာတစ်ခုရှိသည်ဟုဆိုကာ ရှုနဉ်ကို ဦးစွာအိမ်ပြန်ခိုင်းလိုက်သည်။ ရှုနဉ်လည်း ယင်းမင်ကျန်းက သူ့နောက်ကို မလိုက်စေချင်မှန်း သိသောကြောင့် သူ့ဘာသာ အိမ်ပြန်လာခဲ့သည်။ ခုနစ်နာရီခန့်တွင် ယင်းမင်ကျန်းက သူ့လက်ထဲတွင် အိတ်ကြီးတစ်လုံးကိုင်ထားပြီး ပြန်ရောက်လာသည်။
ရှုနဉ် စပ်စုလိုက်သည်။
“မင်းဘာတွေဝယ်လာတာလဲ...”
ချိုက်ချင်က ရှီတာကီမှိုနှင့် ကြက်သားဟင်းကို စားပွဲပေါ်တင်လိုက်သည်။
"လာကြလေ မင်ကျန်းနဲ့ ရှုနဉ် မင်းတို့အကြိုက်ဆုံး ရှီတာကီမှိုနဲ့ ကြက်သားဟင်းချက်ထားတယ်..."
ယင်းမင်ကျန်း၏ လက်ထဲရှိအိတ်ကို သူတွေ့သွားပြီးနောက် မေးလိုက်သည်။
"မင်ကျန်း ဘာတွေဝယ်ခဲ့တာလဲ..."
ယင်းမင်ကျန်းက တိတ်တဆိတ်ပင် အိတ်ကိုပေးလိုက်သည့်အခါ ချိုက်ချင်က အိတ်ကိုဖွင့်လိုက်ပြီး ပြောလိုက်သည်။
"အိုး အဝတ်အစားတွေပဲ ငါ့အတွက်လား..."
ယင်းမင်ကျန်းက ပြောလိုက်သည်။
"ဦးလေး နဲ့ ရှုနဉ်အတွက်လည်း ပါတယ်..."
ချိုက်ချင်လည်း အိတ်ထဲရှိ အဝတ်တစ်ထည်ကို ဆွဲထုတ်လိုက်သည်။
"ဟမ်၊ ညအိပ်ဝတ်စုံလား..."
ယင်းမင်ကျန်းက ရှင်းပြလိုက်သည်။
“အန်တီပဲ ကျွန်တော့်ကို တစ်ချိန်လုံးစောင့်ရှောက်ပေးခဲ့တာဆိုတော့ ကျွန်တော်လည်း ဘာဝယ်ပေးရမယ်မှန်း မသိလို့...”
ချိုက်ချင်က ပြုံးပြီးပြောလိုက်သည်။
“မင်ကျန်းက အရမ်းသိတတ်တာပဲ... ဒါပေမယ့် မင်းရဲ့ပိုက်ဆံကို မဖြုန်းတီးပါနဲ့... မင်းကလဲ မိသားစုဝင်ပဲလေ မင်း ငါတို့ကို လက်ဆောင်တွေ ဝယ်ပေးစရာ မလိုပါဘူး..."
"မလိုပါဘူး"ဟု ပြောနေသော်လည်း သူမလက်များကမူ အဝတ်အစားများ စမ်းဝတ်ကြည့်ရန် ဆွဲထုတ်နေလိုက်သည်။
ယင်းမင်ကျန်းက ဒေါင်းညအိပ်ဝတ်စုံတစ်ထည်ကို တိတ်တဆိတ်ဆွဲထုတ်လိုက်ပြီး သူ့ကို ပေးလိုက်သည်။ ထို့နောက် သူက ရှုနဉ်အား ပုံမှန် အပြာရောင် ညအိပ်၀တ်စုံတစ်ထည်ကို ပေးလိုက်ပြီး ပါးပါးရှုအတွက် ကောင်းကင်ပြာရောင်ညအိပ်ဝတ်စုံတစ်ထည်ကို ပေးလိုက်သည်။
ချိုက်ချင် က ဒေါင်းညအိပ်ဝတ်စုံကို ကိုင်ရင်း အံ့အားသင့်သွားသည်။
"ငါတို့အသက်အရွယ်က ဒီလို ညအိပ်ဝတ်စုံမျိုး မဝတ်ကြဘူးလေ ..."
ရှုနဉ်က သူ၏ညအိပ်ဝတ်စုံက ပုံမှန်ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။ ချိုက်ချင်ပြောသည်ကို သူကြားလိုက်သည်နှင့် ရှုနဉ် အသံထွက် ရယ်မောလိုက်ပြီး သူ့ကို အမြန်လှမ်းပြောလိုက်သည်။
"ဝတ်ကြည့်လိုက်ပါ ဝတ်ကြည့်လိုက်ပါ ဓါတ်ပုံရိုက်ကြရအောင်...”
ချိုက်ချင်ကတော့ ဝတ်ကြည့်ရန် လုံးဝငြင်းဆိုခဲ့သည်။ သူက ရှုနဉ်ကို ဒေါသတကြီးစိုက်ကြည့်ပြီး နားရွက်ကိုဆွဲလိုက်သည်။
"မင်းက အခုတော့ ပုန်ကန်နေပြီပေါ့လေ ဟမ့်..."
"လွှတ်ပေးပါ ချိုက်ချိုက် ကျွန်တော်မှားပါတယ်...ကျွန်တော်မှားသွားပါတယ်..."
ယင်းမင်ကျန်းက သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကို ရယ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။
ညနေစောင်း ပါးပါးရှု ပြန်ရောက်သောအခါ ရှုနဉ်က မိသားစုဓာတ်ပုံရိုက်ချင်သည်ဟု ဂျီကျနေသည်။ ယင်းမင်ကျန်းက ချိုက်ချင်အတွက် ဒေါင်းညအိပ်ဝတ်စုံ ဝယ်လာကြောင်း ပါးပါးရှု ကြားလိုက်ရပြီးနောက် သူ့မျက်လုံးများ တောက်ပလာသည်။ သူက ချက်ချင်းပင် ရှုနဥ်ဘက်သို့ ပါသွား၏။
သူတို့၏ အဆက်မပြတ် အော်ဟစ်ရယ်မောသံများကြောင့် ချိုက်ချင် ရှက်ရှက်နှင့်ပင် ဒေါင်းညအိပ်ဝတ်စုံကို ပြောင်းဝတ်လိုက်ရသည်။ သူမက ရှုနဉ်နှင့် ယင်းမင်ကျန်းကို ဖားညဝတ်အင်္ကျီ လဲခိုင်းပြီး သူတို့လေးယောက် မိသားစု ဓာတ်ပုံတွဲရိုက်ခဲ့သည်။
အိပ်ရာမဝင်မီအချိန်တွင် ယင်းမင်ကျန်းက ဓာတ်ပုံအားလုံးကို သူ၏ လက်တော့ပ်တွင် ဂရုတစိုက် သိမ်းဆည်းခဲ့သည်။
ကြာသပတေးနေ့တွင် ယင်းမင်ကျန်းနှင့် ရှုနဉ်တို့ မနက်စာထစားနေကြစဉ် ချိုက်ချင်က ရှုနဉ်ကို မေးလာသည်။
"ရက်နည်းနည်းလောက်ဆိုရင် မင်းမွေးနေ့ရောက်တော့မယ်... မင်းစားချင်တာတစ်ခုခုရှိလား...ဘာလက်ဆောင်လိုချင်လဲ..."
ယင်းမင်ကျန်းက နွားနို့သောက်နေဆဲဖြစ်ပြီး ထိုစကားကို ကြားသည်နှင့် ခေါင်းမော့ကာ မျက်တောင်ခတ်လိုက်သည်။
ရှုနဉ်က ပေါင်မုန့်တစ်ချပ်ကို ဝါးရင်းပြောလိုက်သည်။ "လော့ဖေး ဘူဖေးဆိုင်ကိုသွားရအောင်...ကျွန်တော့်မွေးနေ့လက်ဆောင်ကတော့ ချိုက်ချိုက် ပေးသမျှ ဘာမဆိုကြိုက်တယ်..."
"လူဆိုးကောင်လေး..."
ချိုက်ချင်က သူ့မျက်နှာကို ဆွဲညှစ်လိုက်သည်။
ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ မနက်စာစားပြီးသည်နှင့် ကျောင်းလွယ်အိတ်ကို လွယ်ကာ ကျောင်းကို အမြန်သွားကြသည်။
အတန်းပြီးသွားသည်နှင့် အတန်းထဲက ကောင်လေးများက ထုံးစံအတိုင်း ဆူညံနေကြသည်။ ယင်းမင်ကျန်းက အမြဲတမ်း သူနေနေကျပုံစံအတိုင်း တိတ်တဆိတ်ထိုင်ကာ အခြားကောင်လေးများနှင့် စကားပြောနေသည့် ရှုနဉ်ကို ကြည့်နေသည်။
လုံချောင်က သူ့ကို ကြည့်ရင်း ရှုနဉ်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းတို့တွေ အခုတလော ဘာတွေဖြစ်နေတာလဲ...နှစ်ယောက်သား တတွဲတွဲဖြစ်နေတယ်..."
ဝမ်ရှန်ရှန်ကလဲ ပြောလာသည်။
"မင်းတို့က ကျောင်းဆင်းရင်လည်း အတူတူပြန်ပြီး မနက်ပိုင်းလဲ ကျောင်းအတူတူလာကြတယ်... ကိုယ်ချင်းဆက်အမွှာနှစ်ယောက်လိုပဲ... မင်း ငါတို့ကို စွန့်ပစ်ပြီး ယင်းမင်ကျန်းနဲ့ ခိုးရာလိုက်သွားတော့မလို့လား..."
ရှုနဉ်က သူတို့ နှစ်ယောက်လုံးကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။
"မင်းတို့ ဘာတွေပြောနေတာလဲ ယင်းမင်ကျန်းက အခု ငါ့အိမ်မှာ နေနေတာ..."
နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။
"သူက ဘာလို့ မင်းအိမ်မှာ နေနေတာလဲ..."
"ဒါဆို သူက ဘယ်မှာနေရမှာလဲ..."
ရှုနဉ်က ပြန်မေးလိူက်သည်။
သူတို့ နှစ်ယောက်သား ဆွံ့အသွားသည်။
သူတို့က ယင်းမင်ကျန်း ကျိုးကျွမ်နှင့် ဆက်ဆံရေးဖြတ်တောက်လိုက်သည်ကို သိသော်လည်း သူက ကျိုးကျွမ်နှင့်သာ အတူနေနေဆဲဟု ထင်ခဲ့ကြသည်။
ဘယ်သူကမှ မထင်ခဲ့မိတာက………
ထိုအကြောင်းကို သူတို့အနည်းငယ်ခန့် စဉ်းစားပြီးနောက် ထိုအရာက အဓိပ္ပါယ်ရှိသည်ဟု တွေးလိုက်သည်။ သူတို့အချင်းချင်းက ဆက်ဆံရေးဖြတ်တောက်ပြီးပြီဖြစ်သည်။ကျိုးကျွမ်က သေချာပေါက် သူ့ကို မောင်းထုတ်လိုက်ခြင်းဖြစ်နိုင်သည်။
ယင်းမင်ကျန်းက သူ့ဖုန်းနှင့် ခဏခန့် ကစားနေသည်။ သူလှည့်ကြည့်လိုက်သောအခါ ရှုနဉ်က လုံချောင်၊ဝမ်ရှန်ရှန်တို့နှင့် အချင်းချင်း စကားတိုးတိုးလေးပြောနေသည်ကို တွေ့လိုက်၍ နှုတ်ခမ်းစူလိုက်မိသည်။
ရှုနဉ်က အလွန်လူကြိုက်များပြီး သူငယ်ချင်းအများကြီးရှိကာ အခြားသူများနှင့် ပြောစရာ လျှို့ဝှက် အကြောင်းအရာများလည်း ရှိသည်။
ထိုအရာက ကိစ္စကြီးကြီးမားမား မဟုတ်သော်လည်း ရှုနဉ်က အခြားသူများနှင့် အချင်းချင်း နီးကပ်နေပြီး စကားတိုးတိုးလေး ပြောနေသည်ကို သူမြင်လိုက်ရသည်နှင့် သူ့နှလုံးသားကို အပ်တစ်ချောင်းစူးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ မသက်မသာ ဖြစ်နေရသည်။
သူ့ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ပြီး ရှုနဉ်ဆီသို့ လျှောက်သွားကာ သူ့ပုခုံးကိုဖက်လိုက်သည်။
ရှုနဉ်က လှည့်ကြည့်လိုက်သည့်အခါ သူဖြစ်နေသည်ကိုမြင်လိုက်သည်နှင့် ပြုံးပြလိုက်သည်။
"မင်ကျန်း..."
သူ့အပြုံးက နေရောင်လေးလို တောက်ပနေ၏။
ရှုနဉ် ပြုံးနေသည်ကိုမြင်ရခြင်းက သူ့ကို စိတ်သက်သာရာရစေသည်။
ယင်းမင်ကျန်း က သူ့ကို ခဏလောက် စိုက်ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ရှုနဥ် ငါ ခေါင်းကိုက်နေတယ်..."
ရှုနဉ် ခဏခန့်ဇဝေဇဝါဖြစ်သွားပြီနောက် ချက်ချင်းမေးလိုက်သည်။
"မင်း ခေါင်းကိုက်နေပြန်ပြီလား..."
ယင်းမင်ကျန်းက ဝမ်ရှန်ရှန်နှင့်လုံချောင်တို့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည် ။
"အင်း..."
"ငါမင်းကို နှိပ်ပေးမယ်“ဟု ရှုနဉ်က ပြောလိုက်သည်။
ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်ပြီး ဝမ်ရှန်ရှန်နှင့်လုံချောင်တို့အနားမှ ရှုနဉ်ကို ခေါ်ထုတ်လာကာ သူတို့နှစ်ယောက်သား စားပွဲခုံသို့ ပြန်လာပြီး ထိုင်လိုက်ကြသည်။ ယင်းမင်ကျန်းက ခေါင်းငုံ့ပေးပြီးနောက် ရှုနဉ်က သူ့နားထင်နှစ်ဖက်ကို နှိပ်ပေးလိုက်သည်။
သူတို့နှစ်ယောက်ကြားရှိလေထုက အေးချမ်းလှပနေသည်။
အတန်းထဲရှိ လူအတော်များများက သူတို့ကို လှမ်းကြည့်နေကြသည်။
ဝမ်ရှန်ရှန်က သူတို့ကို အကြာကြီးစိုက်ကြည့်နေပြီးနောက် ညည်းတွားလိုက်သည်။
“သူတို့က တစ်ခုခုတော့လွဲနေသလိုမျိုး ငါခံစားနေရတယ်...”
လုံချောင်က သက်ပြင်းချရင်း ပြောလာသည်။
“ငါလဲ အဲ့လိုပဲ ခံစားရတယ်...”
သူတို့က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်ရင်း တစ်ပြိုင်နက်ပြောလိုက်ကြသည်။
“ငါမင်းကို နှိပ်ပေးမယ်...”
ရှုနဉ်က သူ့ဦးခေါင်းအား နှိပ်နယ်ပေးနေသည်ကို ယင်းမင်ကျန်း ခံစားရသည်။ သူ့နှလုံးသားထဲတွင် ပြောမပြနိုင်လောက်သည့် ချိုသာမှုများကို ခံစားနေရသည်။ ပျားရည်အနည်းငယ်ကို ခိုးယူခဲ့သည့် ကြွက်လေးတစ်ကောင်နှင့်ပင် တူနေသည်။ အခြားသူလက်ထဲက ပျားရည်ကို ခိုးယူလိုက်သောအခါတွင် စူးရှလောက်သည့် လျှို့ဝှက်နက်နဲသောပျော်ရွှင်မှုများက ဝင်ရောက်လာခဲ့သည်။
သူတို့ဘေးတွင် ရပ်နေသော လုံချောင်နှင့် ဝမ်ရှန်ရှန်တို့ကို ခဏလှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် အနည်းငယ် ရန်စမှုများရှိနေသည်။
လုံချောင် - “...”
ဝမ်ရှန်ရှန် - “...”
လုံချောင် - “ငါအခု စိန်ခေါ်ခံလိုက်ရသလို ခံစားရတယ်...”
ဝမ်ရှန်ရှန် - “ငါရောပဲ...”
နှစ်ယောက်သားက အချင်းချင်းကြည့်လိုက်ကြပြီးနောက် ဝမ်ရှန်ရှန်က ပြောသည်။
“ကောကော ကျွန်တော်နှိပ်ပေးမယ်...”
လုံချောင်က ထိုင်ခုံပေါ်တွင် ပလုတ်ခနဲထိုင်ချလိုက်ပြီး သူ့ခေါင်းကိုညွှန်ပြလိုက်သည်။
“လာပါ ပိုပြီးထိအောင် နှိပ်ပေးမယ်...”
ယင်းမင်ကျန်းက လှည့်ကြည့်လာသည်။
ရှုနဉ်က မေးလိုက်သည်။
“အဲဒါ ပိုကောင်းလား...”
လုံချောင်က သူတို့ဘေးတွင် ဆက်ပြီးမြည်တွန်တောက်တီးနေသည်။
“အာ~ အာ~ မြန်မြန်လုပ်ပါ~ နာတယ်~”
ယင်းမင်ကျန်းက နှုတ်ခမ်းကို စုဝိုင်း၍ပြောလိုက်သည်။
“ပိုကောင်းတယ်...”
ရှုနဉ်က သူ့ကို လွှတ်လိုက်သည်။ ထို့နောက် သူက လုံချောင်နှင့် ဝမ်ရှန်ရှန်တို့နားသို့သွားကာ နှစ်ယောက်လုံးကို ခေါင်းမှဖြတ်ရိုက်လိုက်သည်။
“ဘာတွေလာပြီး ညည်းညူပြနေတာလဲ သေနေတဲ့ ဝက်တွေလိုအသံနဲ့...”
သူက နှစ်ယောက်လုံး၏ပခုံးကို ဖျစ်ညှစ်ကာ အံကြိတ်၍ပြောလိုက်သည်။
“ယင်းမင်ကျန်းက အခုထိ ဒဏ်ရာရဲ့ ဆိုးကျိုးတွေကို ခံစားနေရတုန်းပဲ လာမရှုပ်ကြနဲ့...”
နှစ်ယောက်လုံးက ကြက်သေသေသွားကြသည်။
“တကယ်လား...”
“ဘာလဲ ငါ့ကို လိမ်နေတယ်ထင်တာလား...”
ရှုနဉ်က သူတို့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
“ဒီလိုကိစ္စတွေကို လာပြီး စနောက်တာမျိုးမလုပ်နဲ့ လုံးဝ ရယ်စရာမကောင်းဘူး...”
ဝမ်ရှန်ရှန်က ပြန်ပြောသည်။
“မလုပ်ပါဘူး မလုပ်ပါဘူး...”
သူတို့သုံးယောက် တီးတိုးစကားပြောနေကြသည်ကိုတွေ့သောအခါ ယင်းမင်ကျန်းက နှုတ်ခမ်းကို စူထားလိုက်မိ၏။
နေ့ခင်းဘက်တွင် လေးယောက်သားက ကန်တင်းသို့ သွားစားကြသည်။ လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က ဗီလိန်လေးကို ဦးစွာဖိတ်ခေါ်လိုက်သည်။
“ယင်းမင်ကျန်း အတူတူသွားစားရအောင်...”
ယင်းမင်ကျန်းက သူ့ဖုန်းကိုသာကြည့်နေသည်။
ရှုနဉ်က သူ့ကိုသွားပြီး ဆွဲခေါ်လာခဲ့သည်။
“သွားရအောင်...”
ယင်းမင်ကျန်းက ကန်တင်းသို့သွားရာလမ်းတွင် ရှုနဉ်နောက်သို့ တိတ်တဆိတ်လိုက်လာခဲ့သည်။
လေးယောက်သားက တန်းစီနေကြပြီး နေ့လယ်စာဖိုးပေးကာ ထိုင်စရာနေရာရှာတွေ့သွားခဲ့သည်။
“ဂုဏ်ယူပါတယ် ရှုကော နောက်ဆုံးတော့ အသက် ၁၄ နှစ်ပြည့်ခဲ့ပြီ...”
ဝမ်ရှန်ရှန်က ပြောလိုက်သည်။
သူတို့လေးယောက်ထဲတွင် ယင်းမင်ကျန်းက အသက်အကြီးဆုံး ၁၅ နှစ်ဖြစ်ပေသည်။ လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က နှစ်အဆုံးပိုင်းတွင် အသက် ၁၄ နှစ်ပြည့်ပြီးသွားကြလေပြီဖြစ်သည်။ သူတို့အားလုံးက Grade 7 အတန်း ၃ မှ လူအများစုနှင့်ယှဉ်လျှင် ပိုပြီးအသက်ကြီးကြသည်။ အသက် ၁၂ နှစ် ၁၃ နှစ်များဖြင့်သာ ပြည့်နေကြသောအတန်းထဲတွင် သူတို့လေးယောက်ကသာ တပူးပူးတတွဲတွဲနေတတ်ကြသည်။
ယင်းမင်ကျန်းက သူ့မိဘများကြောင့် ကျောင်းကိုနောက်ကျမှတက်ခဲ့ရသည်။ လုံချောင်က သူ့ဆန္ဒကြောင့်သာ ကျောင်းနောက်ကျမှ တက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ရှန်ရှန်က မူလတန်းကျောင်းတုန်းက တစ်တန်းနောက်ကျခဲ့ခြင်းကြောင့်ဖြစ်သည်။ ရှုနဉ်တစ်ယောက်တည်းသာ ပုံမှန်အတိုင်း ကျောင်းတက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လေးယောက်ထဲတွင် သူက အငယ်ဆုံးဖြစ်နေခြင်းဖြစ်သည်။
ရှုနဉ်က ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ကို အလွန်သဘောကျသည်။ သူတို့က တက်ကြွဖျက်လတ်ပြီး အတန်းထဲရှိ တခြားသူများထက် ပိုရင့်ကျက်ကြသည်။ အဆင့်မကောင်းသည်ကလွဲလျှင် အခြားအရာအားလုံးက အတော်လေးသင့်မြတ်ကောင်းမွန်သည်။
လုံချောင်က ကြက်ခြေထောက်ကိုကိုက်စားကာ ပြောလိုက်သည်။
“ရှုနဉ် မင်းမွေးနေ့ရောက်တော့မယ် ငါတို့ကို ဘာဝယ်ပေးစေချင်လဲ...”
ဝမ်ရှန်ရှန်ကလည်း လျင်မြန်စွာဖြင့် အနောက်မှလိုက်ပြောသည်။
“ဟုတ်တယ် ငါတို့က သိပ်မစဉ်းစားတတ်တော့ မင်းလိုချင်တာသာပြောလိုက်...”
ယင်းမင်ကျန်းက အစားအသောက်ထဲတွင်သာ ခေါင်းနှစ်ထားသော်လည်း တိတ်တဆိတ် နားစွင့်နေသည်။
ရှုနဉ်က ပြုံးပြီးပြောလာသည်။
“ငါလိုချင်တာတွေကတော့ အများကြီးပဲ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းတို့တွေ တတ်နိုင်မှာမဟုတ်ပါဘူး... ငါ့ကို လက်ဆောင်ဝယ်ပေးဖို့အတွက်ကို စိတ်ပူမနေပါနဲ့ ငါ့မွေးနေ့ကျရင် မင်းတို့ကို ဘူဖေးလိုက်ကျွေးမယ်...”
“ဟ ငါနဲ့ လုံကော မတတ်နိုင်တဲ့ဟာကို လိုချင်တာလား မဖြစ်နိုင်တာ...”
ဝမ်ရှန်ရှန်က ဂုဏ်သိက္ခာ မာနများအပြည့်ဖြင့် ပြောလိုက်သည်။
ရှုနဉ်က ရယ်မောလိုက်သည်။
“ငါက အပန်းဖြေအိမ်ကြီးလိုချင်တာ တကယ့် အိမ်ရာအကြီးကြီးလေ မင်းတို့တတ်နိုင်လို့လား...”
ဝမ်ရှန်ရှန်က ဆွံ့အသွားရသည်။
“ကောကော နည်းနည်းပိုပြီး လက်တွေ့ဆန်လို့မရဘူးလား...”