အပိုင်း ၅၈
Viewers 11k

Chapter 58

သူ့ကို အပန်းဖြေအိမ်ကြီးဝယ်ပေးတယ်




ရှုနဉ် ပခုံးတွန့်လိုက်သည်။ 

“အဲဒါ လက်တွေ့ပဲလေ လူတိုင်း အိမ်လိုချင်ကြတယ် ကားလိုချင်ကြတယ် မိန်းမယူပြီး ကလေးမွေးချင်ကြတယ်မဟုတ်ဘူးလား အဲဒါအားလုံးရဲ့ အိပ်မက်ပဲလေ ငါအပန်းဖြေအိမ်ကြီးလိုချင်တယ်ဆိုတာ အရမ်းလက်တွေ့ကျပါတယ်ကွာ...”


လုံချောင်က မျက်လုံးလှန်ကြည့်လိုက်သည်။ 

“အိပ်မက် ဆက်မက်နေလိုက်”


“ဒါဆိုလည်း ထားလိုက်ပါတော့...” 

ရှုနဉ်က အစားဆက်စားနေလိုက်သည်။ 


“ဘာပဲဖြစ်ဖြစ် မင်းတို့မတတ်နိုင်ဘူးဆိုတော့ လက်ဆောင်ပေးဖို့ကို မေ့လိုက်တော့ ငါ့ကို ဘာမှဝယ်ပေးစရာမလိုဘူး... ငါတို့ ဒီတိုင်း ညစာသွားစားပြီး ပျော်ပျော်နေလို့ရတယ် ငါ့မွေးနေ့ကျရင် လော့ဖေးဘူဖေးသွားစားကြဖို့အတွက် ချိုက်ချိုက်က ကတိပေးပြီးသွားပြီ...”


“ဝိုး ငါတို့မှာ သူဌေးတစ်ယောက်ရှိနေပြီပဲ...” 

ဝမ်ရှန်ရှန်က အံ့အားသင့်ယောင်ဆောင်လိုက်သည်။


ရှုနဉ်ကလည်း ရယ်စရာအဖြစ်ပြန်ပြောသည်။ “ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် သူဌေးရဲ့သားက ငါ့ကို သူဌေးလို့ ပြန်ခေါ်နေတာလား...” 


လုံချောင်ကလည်း ဝမ်ရှန်ရှန်ကို လှမ်းကြည့်လိုက်သည်။ “ဟုတ်တယ်...”


ရှုနဉ်က ဆက်ပြောသည်။ 

“တစ်ယောက်ကို ယွမ်နှစ်ရာ အဝစားဘူဖေးလိုက်ကျွေးတာက ငါ့ကို သူဌေးဖြစ်သွားစေတာလား ရယ်စရာတွေ မပြောစမ်းပါနဲ့...” 


လုံချောင်က အသည်းအသန်ခေါင်းညိတ်သည်။ 

“ဟုတ်တယ် ဟုတ်တယ်...”


ထို့နောက် သူက အရှက်မဲ့စွာဖြင့်ပြောသည်။ 

“ရှုကော ကျွန်တော့်ကိုလည်း ခေါ်သွားဖို့ မမေ့နဲ့နော် လော့ဖေးက မန်တစ်ပုစွန်က အရမ်းစားလို့ကောင်းတာ ပိုပြီးစားနိုင်အောင် နေ့လယ်စာမစားပဲ လိုက်လာမှာ...”


“ငါမင်းကို ခေါ်သွားပါ့မယ် ဝမ်ရှန်ရှန်ကိုတော့ မခေါ်ဘူး...”


ဝမ်ရှန်ရှန်က စိုးရိမ်သွားရသည်။ 

“ကောကော ဘာလို့ ငါ့ကို ဒီလိုခွဲခြားရတာလဲ ငါတို့သုံးယောက်လုံးက အချင်းချင်းအတွက် အဆုံးအစမရှိတဲ့ နတ်သားလေးတွေဖြစ်ပေးကြဖို့ သဘောတူညီထားခဲ့ကြတာမလား ဘာလို့ ငါ့ကို ထားခဲ့နိုင်ရတာလဲ...”


“ဖာ့ခ် မင်းရွံစရာကောင်းတာတွေ မပြောပါနဲ့တော့လား...” လုံချောင်က တူကိုချလိုက်သည်။ 

“စားချင်စိတ်တောင် ပျောက်တော့မယ်...”


ရှုနဉ်က သူပြောသည့်စကားများကို အမှန်ပြန်ပြင်လိုက်သည်။

 “သုံးယောက်မဟုတ်ဘူး‌ လေးယောက်ပါ...”


သူ့ဘေးတွင် တိတ်တဆိတ် နေ့လယ်စာ ထိုင်စားနေသော ယင်းမင်ကျန်းရှိရာကို မျက်စိဖြင့် အချက်ပြပြောဆိုလိုက်သည်။ တခြားနှစ်ယောက်ကလည်း ချက်ချင်းတုံ့ပြန်လာသည်။ ဝမ်ရှန်ရှန်က လျင်မြန်စွာ ပြောသည်။


 “ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါတို့လေးယောက်လုံးက အချင်းချင်းအတွက် အဆုံးအစမရှိတဲ့ နတ်သားလေးတွေပဲ...”


ယင်းမင်ကျန်းက ခေါင်းငုံ့ပြီး တိတ်တဆိတ် ထမင်းစားနေသည်။ သူ၏ တိတ်ဆိတ်တိတ်ဆိတ်နေတတ်သည့် အကျင့်စရိုက်က သူတို့သုံးယောက်နှင့် မကိုက်ညီပေ။


ရှုနဉ်က သူ့ကို သူငယ်ချင်းအုပ်စုထဲသို့ ခေါ်ချင်သော်လည်း ယင်းမင်ကျန်းက တခြားသူများအတွက် ချဉ်းကပ်ရခဲယဉ်းသည့် ရောင်ဝါလက္ခဏာများရှိနေသည်။ ရှုနဉ်က ပြေလည်မှုရအောင်လုပ်ပေးသော်လည်း ဝမ်ရှန်ရှန်၊လုံချောင်တို့နှင့် ယခုထိ သူငယ်ချင်းမဖြစ်နိုင်သေးပေ။


ယင်းမင်ကျန်းက အခြားသူများ၏ထင်မြင်ချက်ကို ဂရုမစိုက်သလို သူတို့နှင့် သူငယ်ချင်းလုပ်ရန်လည်း ရည်ရွယ်ချက်မရှိပေ။


သူတို့ကသာ တဖြည်းဖြည်းကြိုးစားသွားမှဖြစ်ပေမည်။


ရောမမြို့ဆိုတာ တစ်နေ့တည်းနှင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်းမဟုတ်ပေ။ ဗီလိန်လေးက နှစ်ပေါင်းများစွာကြာသည်အထိ ဖယ်ကြဥ်ခံပြီး ဖိနှိပ်ချုပ်ထိန်းခြင်းကို ခံခဲ့ရသည်။ သူက တခြားသူများနှင့် ခပ်ဝေးဝေးနေခဲ့သည်မှာ အချိန်ကြာခဲ့ပြီပင်ဖြစ်၏။ အခြားသူများလို လူတိုင်းနှင့် ရောထွေးဆက်ဆံရန်က သူ့အတွက် ဖြစ်နိုင်ချေမရှိပေ။ ထို့အပြင် လုံချောင်က ဗီလိန်လေးကို မှားယွင်းစွပ်စွဲခဲ့ဖူးသေးသည်။ ထိုကိစ္စဖြစ်ခဲ့ခြင်းက အချိန်အလွန်ကြာခဲ့ပြီဖြစ်ပြီး လုံချောင်ပင် မေ့နေသော်လည်း ဗီလိန်လေးက ယခုထိ မှတ်မိနေသေးသည်ဟု ရှုနဉ်က ခံစားမိနေသည်။


သူနှင့် ရင်းနှီးရန်အတွက် ယခုထိ အချိန်ယူရန်လိုသေးသည်။


ထိုရက်များပြီးနောက်ပိုင်းတွင် သာမာန်အတ်ိုင်းသာဖြစ်ခဲ့သည်။ ရှုနဉ်၏မွေးနေ့က စနေနေ့တွင် ကျရောက်တော့မည်ဖြစ်၍ ပါပါးရှုက ရှုနဉ်နှင့်အတူ အိမ်တွင်အဖော်ပြုပေးရန် ကုမ္ပဏီမှ ခွင့်ရက်ယူထားသည်။


မနက်အစောပိုင်းတွင် ရှုနဉ်က ရေမိုးချိုးပြီး ချိုက်ချင်လုပ်ပေးသောမနက်စာကို စားခဲ့သည်။ ထို့နောက် သူက ကွန်ပျူတာကြည့်ရန်အတွက် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ သူက ဝေ့ရှန်ဟဲနှင့်တွေ့ပြီး ယင်းမင်ကျန်းနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ခဲ့ပြီးဖြစ်သည်။ သူတို့ အခုထိ ဘာလို့ ဘာမှမလုပ်ကြသေးတာပါလိမ့်...


ရှုနဉ် ခဏစဉ်းစားလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင်‌ စိတ်ထဲမှ ထုတ်လိုက်သည်။ 


မည်သို့ပင်ဖြစ်စေ ဗီလိန်လေးက ကျိုးကျွမ်နှင့် အဆက်အသွယ်ဖြတ်ပြီး သူနှင့်အတူနေနေခြင်းဖြစ်သည်။ ဝေ့မိသားစုဆီသို့ ပြန်သွားရန် မလိုတော့ပေ။ သူ ဤတိုင်းစောင့်ကြည့်နေရုံသာတတ်နိုင်သည်။


ဗီလိန်လေးက ဇယားကွက်ကိုကြည့်နေသည်။ ဈေးကွက်က ပိတ်ရက်တွင် ပိတ်လျက်ရှိသည်။ သူက နောက်ထပ် တနင်္လာနေ့တွင်ရောက်လာမည့် ခေတ်ရှေ့ပြေးကို ဆုံးဖြတ်နိုင်ရန် ဒေတာအများကြီးကို စုဆောင်းထားလျက်ရှိသည်။


သူ ဤရက်ပိုင်း အလွန်အမင်း အလုပ်ရှုပ်နေကြောင်းကို ရှုနဉ်သိထားသည်။ သူက အွန်လိုင်းပေါ်တွင် ဆော့ဖ်ဝဲလ်များနှင့်ပက်သက်သည့်အကြောင်းကို အခြားသူများနှင့်‌ ဆွေးနွေးလျက်ရှိကြောင်းကိုလည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ညဘက်တွင် ဖယောင်းတိုင်နှင့် ဒေတာဇယားကွက်များကိုလည်း ကြည့်ရှုတတ်သည်။ အတန်းထဲတွင်ပင် အာရုံစိုက်လေ့မရှိတော့ပေ။ ထိုအစား သူ့ဖုန်းနှင့်သာ အရောင်းအဝယ်လုပ်ငန်းလုပ်နေတတ်သည်။ တစ်ခါတစ်ရံတွင် ဆော့ဝဲအတွက် ဈေးနှုန်းများကို ဖုန်းခေါ်ပြီး ဆွေးနွေးတတ်လေ့ရှိသည်ကို ရှုနဉ် ကြားရတတ်သည်။ သူက လက်ရှိ သူတီထွင်ခဲ့သည့် ဆော့ဖ်ဝဲအတွက် ယွမ် ၇သိန်းကို အပေးအယူညှိနှိုင်းနေခြင်းဖြစ်သည်။


အရင်က ရှုနဉ်သာဆိုလျှင် ဗီလိန်လေးကို အတန်းထဲတွင် စာလိုက်နားထောင်ရန် တောင်းဆိုမိလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ဗီလိန်လေးက ယွမ်သိန်းပေါင်းများစွာကို အပေးအယူလုပ်နေသည့်အတွက်ကြောင့် ရှုနဉ်က သူစိတ်ကျေနပ်အောင် လွှတ်ထားပေးလိုက်သည်


ဒါဆို ဗီလိန်လေးက စာမေးပွဲမှာ ဘာသာတိုင်းကို သုညပဲရလျှင် ဘယ်လိုလုပ်မလဲ... ဒါပေမဲ့ သူက အနာဂတ်မှာ အစားအသောက်ပြတ်လပ်မယ့်ပုံစံလည်း မဟုတ်ပါဘူးလေ... 


ဗီလိန်လေးပိုက်ဆံရှာနေသည့်ကိစ္စတွင် ကျောင်းစာများက ဝင်ရှုပ်နေသည်ဟု ပြောလျှင်ပင်ရသည်။


ဗီလိန်လေး၏ အမှတ်များက ယခုထိ နည်းနေဆဲသာဖြစ်သည်။ ရွေးချယ်ပြီးဖြေရသည့်မေးခွန်းများတွင်သာ အောင်မှတ်ရခဲ့ပြီး တခြားမေးခွန်းများတွင် C အဆင့်သာရရှိခြင်းဖြစ်သည်။ ထို့နောက် သူက စာမေးပွဲဖြေဆိုလွှာကို ပေးအပ်ပြီး လှေကား သို့မဟုတ် ကျောင်းခေါင်မိုးထပ်တွင် ဖုန်းကြည့်နေသည်။


ဖုန်းသုံးရခြင်းကို စွဲလမ်းနေကြသည့် ကလေးအမြောက်အများရှိသည်။ လူအများစုကလည်း ဗီလိန်လေးကို ဖုန်းမှဂိမ်းများအား စွဲနေသည်ဟု ယူဆကြသည်။ ယွမ်မီလီယံပေါင်းထိုက်တန်သည့် လုပ်ငန်းကိစ္စများကို ဗီလိန်လေး ပြုလုပ်နေကြောင်း ရှုနဉ်တစ်ယောက်သာ သိခြင်းဖြစ်သည်။


အခြားလူများက အလွန်အမင်း ထင်ကြေးပေးနေကြချိန်တွင် ရှုနဉ်က ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေတတ်သည်။


ဆရာမများက ဗီလိန်လေး ကြုံတွေ့ခဲ့ရသောဖြစ်ရပ်များကြောင့် သနားနေကြသည်။ ထို့အပြင် သူ့အဆင့်များက အမြဲတမ်း တစ်တန်းလုံး၏ အောက်ခြေတွင်သာရှိသည်။ အတန်းချိန်မှာ ဖုန်းသုံးနေလျှင်ပင် ဆရာမများက မမြင်ချင်ယောင်ဆောင်နေတတ်သည်။


ဗီလိန်လေးက အမှန်တကယ်တွင် August the Great ဖြစ်နေမှန်း မည်သူမှမသိပေ။ သူက ဈေးကွက်ကို လှုပ်ခါနေပြီဖြစ်၏။


“နဉ်နဉ်...”

တံခါးလာခေါက်သံ ကြားရပြီး ချိုက်ချင်၏အသံက အပြင်မှထွက်ပေါ်လာသည်။


“လာပြီ...”

ရှုနဉ်က တံခါးသွားဖွင့်လိုက်သည်။ 


ချိုက်ချင်က အခန်းအပြင်တွင်ရပ်နေပြီး သူမ၏မျက်နှာက အပြုံးများနှင့် ပြည့်နှက်နေသည်။ သူ့လက်ထဲတွင်လည်း အိတ်ကိုင်ထား၏။ 

“ပါပါးနဲ့မာမားက သားအတွက် မွေးနေ့လက်ဆောင် ဝယ်ထားတယ်...”


“ကျေးဇူးပါ ချိုက်ချိုက် ကျေးဇူးပါ ပါပါး...” 

ရှုနဉ်က စက္ကူအိတ်ကို ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။ အမှန်တွင်မူ မွေးနေ့လက်ဆောင်များကို သူသိပ်ပြီး စိတ်ထဲထည့်လေ့မရှိချေ။ တစ်ယောက်ယောက်က သူ့ကိုလက်ဆောင်ပေးလျှင် မည်သည့်ပစ္စည်းပေးသည်ဖြစ်စေ ပျော်နေတတ်ခြင်းဖြစ်၏။


ချိုက်ချင်က နှာမှုတ်လိုက်သည်။


ပါပါးရှုက ရှင်းပြသည်။ 

“ လက်ဆောင်က မင်းမာမား ဝယ်လာတာ... သားကို လိမ်တယ်လို့ထင်မိလို့ သူက စိတ်မကောင်းဖြစ်နေတာ အဲဒါကြောင့် သားကို ပြန်ချော့ချင်နေတာ...” 


ပိတ်ရက်ပြီးနောက်တွင် ရှုနဉ်၏အမှတ်များက အလွန်တည်ငြိမ်လာကာ လိမ်လည်ခဲ့သည်ဟူသော သံသယများကို ဆေးကြောဖယ်ရှားပေးလိုက်နိုင်၏။ ချိုက်ချင်က သူမ အပြုအမူများကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။


သို့သော်လည်း ပုံမှန်အားဖြင့် မိဘများက သားသမီးများကို တောင်းပန်လေ့မရှိကြပေ။ ချိုက်ချင်က မတူညီသည့် တောင်းပန်နည်းကို ရွေးချယ်ခဲ့သည်။


ရှုနဉ်က ရှေ့တိုးပြီး ချိုက်ချင်ကို ဖက်လိုက်သည်။ “ကျေးဇူးပါ ချိုက်ချိုက် ချစ်တယ်နော် ချိုက်ချိုက် မွ...”


ချိုက်ချင်က အပြုံးလေးနှင့် အချော့ခံလိုက်ရသည်။ 

“ငါ့ကို အဲဒါတွေ လာမပေးနဲ့...”


“ရှုနဉ်” 

ပါပါးရှုက စိုးရိမ်စွာဖြင့် ရှုနဉ်ကို အနောက်သို့ တွန်းလိုက်သည်။ 

“နောက်တစ်ခါဆို မာမားနဲ့ ဂရုစိုက်နေ လျှောက်မဆော့နဲ့...”


ရှုနဉ်က ရယ်မောပြီးပြောသည်။ 

“ပါပါးက အရမ်းပိုင်ဆိုင်လိုစိတ်ကြီးနေတာမဟုတ်ဘူးလား သဝန်တိုဖို့ဆိုရင် အရမ်းအသက်ကြီးနေပြီနော်...”


ပါပါးရှုက သူ့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ “မင်းမာမားက ကိုယ်ဝန်ရှိနေပြီ...”


ရှုနဉ်က လက်ထဲတွင် tablet ကိုင်ထားလျက် မေးရိုးများ တွဲကျသွားရသည်။ 

“ဟမ်...”


ယင်းမင်ကျန်းက အခန်းထဲတွင် တိတ်တဆိတ်ရပ်နေပြီး မိသားစုသုံးယောက်အား ကြည့်နေသည်။ သူ့မျက်ဆံများက အနည်းငယ်တုန်ယင်သွားကာ ရှုနဉ်ဆီသို့ ကြည့်နေမိသည်။


ချိုက်ချင်က စိုးရိမ်စွာဖြင့် ပါပါးရှု၏ခါးကို ဆိတ်လိုက်သည်။ 

“ဘာလို့ သူ့မွေးနေ့မှာ ဒီလိုပြောရတာလဲ...”


ပါပါးရှုက စိတ်မပူပဲ လက်ကာပြလိုက်သည်။ 

“ဘာဖြစ်လဲ ရှုနဉ်လည်း အရွယ်ရောက်နေပြီပဲကို သူနားလည်ပါတယ်...”


ရှုနဉ်က အသိပြန်ဝင်လာရပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ ထို့နောက် သူက သတိကြီးစွာဖြင့် ချိုက်ချင်၏ ဗိုက်ကို ကိုင်ကြည့်လိုက်သည်။ 


“တကယ်လား တကယ် ကလေးရှိနေတာလား ညီမလေးလား ညီလေးလား...”


“အခုမှ နှစ်လပဲရှိသေးတယ် အဲဒီတော့ ဘာမှန်းမသိရသေးဘူး...” 

ချိုက်ချင်က နေရခက်စွာဖြင့် ရှင်းပြလိုက်သည်။ 

“ရှုနဉ် မာမားက သားကို လျှို့ဝှက်ထားတာမဟုတ်ပါဘူး အရင်ရက်တွေက နေလို့သိပ်မကောင်းတာနဲ့ ဆေးရုံသွားခဲ့တာ အဲဒီအချိန်မှာပဲ ကိုယ်ဝန်ရှိနေတာကို သိသွားခဲ့တာ…”


ရှုနဉ်က နှုတ်ခမ်းဆူပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ “သားက ချိုက်ချိုက် နေမကောင်းဖြစ်နေတာကိုတောင် မသိခဲ့ဘူး သားအမှားပါ ချိုက်ချိုက် တောင်းပန်ပါတယ်...”


သူမ၏ဗိုက်ထဲတွင် ကလေးရှိနေခြင်းက ရှုနဉ်အတွက် စိတ်မရှုပ်စေကြောင်းကို သိသောအခါတွင် ချိုက်ချင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူမက အမှန်တကယ် စိတ်လှုပ်ရှားသွားခဲ့ပြီး ရှုနဉ်၏ပါးကို ဆွဲညှစ်လိုက်သည်။ 


“သားရယ် ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် အရေးမကြီးပါဘူး မာမားက သားကို အမြဲတမ်း ချစ်နေမှာပဲ...”


မောင်နှမအသစ်ထပ်ရတော့မည့်အကြောင်းကို ရှုနဉ် ငြိုငြင်မှာစိုးသည့်အတွက်ကြောင့် သူမ ဖြောင့်ဖြနေကြောင်းကိုသိ၍ မိခင်ဖြစ်သူ၏လက်ကိုကိုင်ကာ တည်ကြည်စွာဖြင့် ပြောလိုက်သည်။ 


“ချိုက်ချိုက် ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ကိစ္စမရှိပါဘူး ကျွန်တော် သူတို့ကိုချစ်ပေးပြီး ဂရုစိုက်ပေးမှာပါ ချိုက်ချိုက်တို့ကလည်း ကျွန်တော့်ကို တန်းတူချစ်ပေးမယ်ဆိုတာကို ယုံပါတယ်...”


“ကျွန်တော်တို့က မိသားစုတွေပဲ...”


ရှုနဉ်က ထိုကဲ့သို့သော ရင့်ကျက်သည့်စကားများကိုပြောလာသောအခါ ချိုက်ချင်နှင့် ပါပါးရှုက အလွန်အံ့အားသင့်နေကြသည်။ ထိုကိစ္စကို သူတို့ကြားတွင်လည်း ဆွေးနွေးပြီးကြပြီးဖြစ်၍ ရှုနဉ် စိတ်မကောင်းဖြစ်နေမည်ကို ချိုက်ချင်က စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သူမ ဖုံးကွယ်ထား၍ရလျှင် ဖုံးကွယ်ထားခဲ့မည်သာဖြစ်သည်။ ပါပါးရှုက သဘောမတူခဲ့ဘဲ သူ့ကို အမှန်တိုင်းပြောသင့်သည်ဟုသာ ထင်မြင်ခဲ့သည်။


သို့သော်လည်း ရှုနဉ်က ဤသို့ ကောင်းမွန်စွာတုံ့ပြန်လာမည်ဟု သူတို့နှစ်ယောက်လုံး မထင်ထားခဲ့ကြပေ။ ချော့စရာလည်းမလိုသည့်အပြင် စည်းရုံးစရာလည်း မလိုခဲ့ပေ။ သူက သူတို့ကိုပင် ပြန်လည်၍အားပေးစကား ပြောလိုက်သေး၏။ 


လင်မယားနှစ်ယောက်လုံးက အလွန်စိတ်ခံစားလွယ်သွားကြ၏။


ရှုနဉ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။ 

“လုံချောင်နဲ့ ဝမ်ရှန်ရှန်တို့ကို ညစာအတူလာစားဖို့ ဖိတ်ထားတယ် အားလုံး အတူတူညစာစားကြရအောင်...”


ပါပါးရှုက သူ့ပခုံးကိုပုတ်လိုက်သည်။ 

“ရတာပေါ့...”


လူကြီးနှစ်ယောက်က အားပါးတရပြုံးလျက် အခန်းထဲမှထွက်သွားကြသည်။ ရှုနဉ်ကတော့ သူ့အိပ်ရာပေါ်တွင် tablet ကို ကလိနေတော့သည်။


ယင်းမင်ကျန်းက ခဏလောက်တုံ့ဆိုင်းပြီးမှ မေးလာသည်။ “ရှုနဉ် မင်းစိတ်မဆိုးဘူးလား...”


ရှုနဉ်က ခေါင်းငုံ့လျက် သူ့ tablet ကိုသာ ဆော့နေသည်။ “ဘာကို စိတ်ဆိုးရမှာလဲ...”


“မင်းမှာ မောင်နှမအသစ်ထပ်ရတော့မှာလေ...”


“ မောင်နှမအသစ်ရတာ ငါက ပိုတောင်ပျော်သေးတယ် ဘာလို့ စိတ်ဆိုးရမှာလဲ...” 

ရှုနဉ်က နောက်ဆုံးတော့ ခေါင်းမော့ကြည့်လာပြီး ယင်းမင်ကျန်းကိုပြုံး၍ ကြည့်လိုက်သည်။ 


“ဘာပဲဖြစ်ဖြစ် ငါက မင်းကို ဂရုစိုက်နေရတာပဲလေ မဟုတ်ဘူးလား မင်းက ငါ့ကလေးလေးပဲဟာကို နောက်ထပ် ကလေးတစ်ယောက်ရတော့ရော ဘာဖြစ်လဲ...”


ရှုနဉ်၏တောက်ပသောအပြုံးကို တွေ့သောအခါတွင် ယင်းမင်ကျန်း၏မျက်ဝန်းထဲမှ စိုးရိမ်မှုများက ပျောက်ကွယ်သွားရသည်။


သူကသာ အများကြီးတွေးခဲ့မိသူဖြစ်၏။


နေရောင်ခြည်လိုတောက်ပပြီး တက်ကြွတဲ့လူက မောင်နှမအသစ်ရတာကို ဘယ်လိုများ စိတ်ပူနိုင်ပါ့မလဲ...


ယင်းမင်ကျန်း၏ မျက်တောင်များက တုန်ယင်နေပြီး ရှုနဉ်ကို ပြောလိုက်သည်။ 

“ငါ့မှာလည်း မင်းအတွက် လက်ဆောင်တစ်ခုရှိတယ်...”


“အိုး...”

 ရှုနဉ်က ရုတ်တရက် စိတ်ဝင်စားမိသွားသည်။ 

“ဘာလက်ဆောင်လဲ...”


လက်ဆောင်က မည်သည့်အရာပင်ဖြစ်စေ ယင်းမင်ကျန်းကို ကောင်းမွန်သည့်တုံ့ပြန်ချက်သာပေးပြီး သူအလွန်ကြိုက်နှစ်သက်ကြောင်းကိုပြောမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ပြောနေမိသည်။


ယင်းမင်ကျန်းက ပြောသည်။ 

“ငါ့နောက်လိုက်ခဲ့...”


ရှုနဉ်က tablet ကို လျင်မြန်စွာဖြင့် ချလိုက်ကာ အိပ်ရာပေါ်မှ ခုန်ဆင်း၍ ယင်းမင်ကျန်းနောက်ကို လိုက်လာသည်။


ပါပါးရှုနှင့် ချိုက်ချင်က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် တီးတိုးပြောဆိုနေကြသည်။ သူတို့နှစ်ယောက် အပြင်ထွက်သွားသည်ကိုတွေ့သောအခါ ခေါင်းမော့ကြည့်လိုက်ကြသည်။


ယင်းမင်ကျန်းက ပြောသည်။ 

“အန်တီနဲ့ ဦးလေးလည်း လိုက်ခဲ့ပါ...”


ပါပါးရှုနှင့် ချိုက်ချင်: “...”


ရှုနဉ်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။ 

“မင်ကျန်းက ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်ပြင်ထားတယ်တဲ့...”


လူကြီးနှစ်ယောက်က ချက်ချင်း ထရပ်လာကြသည်။ 

“အိုး မွေးနေ့လက်ဆောင်က ဘယ်မှာလဲ...”


ယင်းမင်ကျန်းက ပြောသည်။ 

“အပြင်မှာ...”


စိတ်ရှုပ်ထွေးနေကြသည့် သုံးယောက်သားက ရပ်ကွက်ဝင်ပေါက်မှ ထွက်လာကြသည်။ သူတို့က တက်စီငှားလိုက်ကြပြီးနောက် မိနစ်နှစ်ဆယ်ခန့်ကြာသောအခါတွင် လက်ရှိဆောက်လုပ်ထားဆဲဖြစ်သည့် ကျန်းနန်အိမ်ရာသို့ ရောက်လာကြလေသည်။


ကျန်းနန်အိမ်ရာက ဥယျာဉ်ပုံစံဗီလာဖြစ်ပြီး အလွန်ရောင်းအားကောင်းသည်။ ချူကျိုးတွင်ရှိသော အိမ်ဈေးများက ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့လောက် မများပေ။ သို့သော်လည်း ဗီလာက အနည်းဆုံးမီလီယံဆယ်သန်းခန့် ကျသင့်မည်ဖြစ်သည်။ 


သူတို့လေးယောက် ကားပေါ်မှ ဆင်းလိုက်ကြပြီး အရောင်းပြခန်းရှိရာသို့ လျှောက်လာသည်။ ခေတ်ဆန်ပြီး ခံ့ညားထည်ဝါသော အဆောက်အအုံကြီးကို သူတို့မော့ကြည့်လိုက်ကာ မျက်နှာထားများက နားမလည်သည့်ပုံပေါ်နေကြသည်။

“မင်ကျန်း ငါတို့ ဒီမှာ ဘာလုပ်မလို့လဲ...” 

အထဲဝင်တော့မည့် မင်ကျန်းကို ရှုနဉ်က ဆွဲလိုက်သည်။


ယင်းမင်ကျန်းက လှည့်ကြည့်လာကာ နက်မှောင်သောမျက်ဝန်းများက ရှုနဉ်ကို ကြည့်နေသည်။ 

“မင်းရဲ့ မွေးနေ့လက်ဆောင်...”


ပါပါးရှုက ချောင်းဟန့်သည်။ သူ့စိတ်ဝင်စားမှုက ထူးဆန်းပေသည်။ 

“ငါတို့ ဒီအထိ လာခဲ့ကြပြီးပြီဆိုတော့ ကြည့်သွားကြတာပေါ့ နောက်ကျရင် အလုပ်ကြိုးစားဖို့အတွက် ဒါကို စိတ်ဓာတ်လှုံ့ဆော်မှုအဖြစ် သုံးလို့ရတယ်...”


ပါပါးရှုပြောသည်ကို ကြားသောအခါ ချိုက်ချင်က ခဏတုံ့ဆိုင်းသွားရသည်။ ထို့နောက် သူမက ပြောလာသည်။ 

“ဟုတ်တယ် ငါတို့ ဒီကို ရောက်တုန်းလေး ခဏလောက်ကြည့်သွားရအောင်...”


သူတို့ယခု နေနေသည့်အိမ်က အနှစ်နှစ်ဆယ်ကြာမြင့်ပြီဖြစ်ပြီး တည်နေရာကလည်း ကောင်းမွန်၏။ အနီးနားတွင် ကျောင်းများရှိပြီး လန်ကျိုးဆေးရုံလည်းရှိကာ သွားရလာရ အဆင်ပြေပြီး အိမ်ဈေးများကလည်း မြင့်မားသည်။ သူတို့ ပြောင်းရွေ့ရန်အတွက် တစ်ကြိမ်မှ မတွေးခဲ့ဖူးပေ။ လိုအပ်သည့် ကုန်ကျစရိတ်များနှင့် ဈေးနည်းသည့် BMW အပြင် သူတို့၏ပိုက်ဆံများအားလုံးက ပါပါးရှု၏ ပရိဘောဂစီးပွားရေးလုပ်ငန်းတွင်သာ ရင်းနှီးမြုပ်နှံလျက်ရှိကြသည်။


ပရိဘောဂစီးပွားရေးက ငှားရမ်းထားသည့် ရှော့ပင်းစင်တာ၏ မြေညီထပ်တွင်သာဖြစ်ပြီး ကုန်ထုတ်လုပ်သူများနှင့် သူကိုယ်တိုင် ဆက်သွယ်ထားခဲ့ခြင်းဖြစ်၏။ စီးပွားရေးက အလယ်အလတ်မှတစ်ဆင့် ကြီးထွားလာခဲ့သည်။ ငှားရမ်းခနှင့် ဘက်စုံသုံးပစ္စည်းများအပါအဝင် လုပ်အားခများကိုပါ နုတ်ယူလိုက်ပါက တစ်နှစ်အတွင်း ယွမ်နှစ်သိန်းမှ သုံးသိန်းအထိ ရှာနိုင်သည်။ မိသားစုကို ထောက်ပံ့နိုင်သည်ထက် ပိုလျှံသော်လည်း အခြားစီးပွားရေးပိုင်ရှင်များကဲ့သို့ အိမ်အသစ်၊ ကားအသစ်များ မဝယ်နိုင်သေးပေ။


ပါပါးရှုက ပရိဘောဂစီးပွားရေးကို အမှန်တကယ် ချဲ့ထွင်ချင်သော်လည်း သူလုပ်ချင်တိုင်း ပြီးမြောက်နိုင်သည့် ကိစ္စမဟုတ်ပေ။