Chapter 59
သူ့ကို အပန်းဖြေအိမ်ကြီးဝယ်ပေးတယ်
လေးယောက်သားက တောက်ပပြီးလှပသည့် အရောင်းခန်းမထဲသို့ ဝင်သွားကြသည်။ ချောမောလှပသည့် အရောင်းဝန်ထမ်းက သူတို့ဆီသို့ ချက်ချင်းရောက်လာသည်။ အခြားဝန်ထမ်းတစ်ယောက်က သူတို့ကို လက်ဖက်ရည်ပူပူနှင့် အသီးအနှံများ ချပေးသည်။ သူတို့၏ ဝန်ဆောင်မှုက အလွန်ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ပြီး စေ့စပ်သေချာသည်။
သူတို့ကိုယ်သူတို့ မရှက်ရလေအောင် ပါပါးရှုနှင့် မစ္စချိုက်တို့က ခန္ဓာကိုယ်ကို မတ်ထားကြသည်။ သူတို့၏ စိတ်မလုံခြုံမှုများကို မပြသချင်၍ တည်ငြိမ်သည့်ပုံစံဖြင့် နေနေသည်။
သူတို့ လှည့်ပတ်ကြည့်လိုက်သောအခါတွင် လာဝယ်ကြသောသူများက ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။
ချိုက်ချင်က လျှော့ဈေးဖြင့် သူမဝယ်ထားခဲ့သည့် အဝါရောင် သိုးမွှေးကုတ်ကို ဝတ်ဆင်ထားသည်။ ၎င်းက ယွမ်တစ်ထောင်ကျသင့်သည့် ကုတ်ဖြစ်၏။ ဆွေမျိုးများဆီသို့ သွားလည်လျှင် ထိုကုတ်အင်္ကျီကို ဝတ်ဆင်တတ်သည့်အတွက်ကြောင့် သူမနေ့တိုင်းဝတ်နေကျ အဝတ်အစားများထက် အနည်းငယ် ပိုကြည့်ကောင်းသည်။ အခြားသူများ မည်သို့ဝတ်စားထားသည်ကို ချိုက်ချင်တွေ့သောအခါ အထဲမှ ယွမ်တစ်ရာတန်ဆွယ်တာကို မမြင်ရစေရန် သိုးမွှေးကုတ်အင်္ကျီကို ကြယ်သီးတပ်ဝတ်ဆင်လိုက်သည်။
ပါပါးရှုဝတ်ထားသည့်ပုံက ပိုဆိုးသည်။ သူက ယွမ်တစ်ရာခန့်ရှိသည့် ဂျာကင်ကိုသာ ဝတ်ဆင်ထားပြီး ဘောင်းဘီကလည်း ယွမ်တစ်ရာနီးပါးသာကျသင့်သည့် ပုံမှန်ဘောင်းဘီဖြစ်သည်။ အထူးပွဲများတွင် ဝတ်ရန်အတွက် ဝယ်ထားသော ယွမ်ထောင်ပေါင်းများစွာ ကျသင့်သည့် အဝတ်အစားများလည်းရှိသော်လည်း ကံမကောင်းစွာဖြင့် ဒီနေ့တွင် မပြင်ဆင်လာခဲ့ရဘဲ အိမ်တွင်ဝတ်လေ့ရှိသည့် ရိုးရိုးရှင်းရှင်း အဝတ်အစားများကိုသာ ဝတ်ဆင်လာခဲ့မိသည်။
သူတို့နှစ်ယောက် တံခါးပေါက်မှ ဝင်သွားကြသည်နှင့် စတင်၍ နောင်တရလာသည်။ ကံဆိုးသည်က သူတို့ ဤအထိ လာခဲ့ကြပြီးဖြစ်သည်။ သူတို့လုပ်နိုင်သည်က အရောင်းဝန်ထမ်းညွှန်ပြရာအတိုင်း ထိုင်ခုံတွင် ထိုင်နေကြရုံရှိသည်။
ထိုင်ခုံက အဖြူရောင်လည်သာဖြင့်ပြုလုပ်ထားသော ဆိုဖာဖြစ်သည်။ စိမ်းလန်းစိုပြည်သည့်အပင်များနှင့် ဝန်းရံထားကာ နေရာထိုင်ခင်းက ကျယ်ပြောပြီး လေဝင်လေထွက်လည်း ကောင်းသည်။ နေရာအသီးသီးတွင် ဗီလာပုံစံ ပန်းချီကားအသေးစားသုံးခုရှိသည်။
သူတို့အဖွဲ့က နေရခက်စွာနှင့်ပင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အရောင်းဝန်ထမ်းက သူတို့ကို ဗီလာများ မိတ်ဆက်ပြသထားသည့် လှပသိမ်မွေ့သော လက်ကမ်းစာစောင်များကို ကမ်းပေးလိုက်သည်။
“ကျွန်တော် ဘိုကင်ယူထားတာရှိတယ်...”
ယင်းမင်ကျန်းက တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေခဲ့ခြင်းဖြစ်သည်။ သူက မော့ကြည့်ပြီး အရောင်းဝန်ထမ်းအား ပြောလိုက်သည်။
“ကျန်းယွဲ့ဆိုတဲ့ အရောင်းကိုယ်စားလှယ်နဲ့ ကျွန်တော် ဆက်သွယ်ထားပြီးပြီ...”
အရောင်းဝန်ထမ်းက သူမ နားလည်ကြောင်းကို ချိုသာစွာဖြင့် ပြန်ပြောလိုက်သည်။
ပါပါးရှုနှင့် ချိုက်ချင်တို့က သူတို့ထိုင်လိုက်သည်နှင့် ပြသထားသောအိမ်များကို ကြည့်ရှုရန် လက်လျှော့လိုက်လေသည်။ ယင်းမင်ကျန်းပြောသည်ကိုကြားသောအခါတွင် လန့်သွားကြပြီး အသံများကို တိုးလိုက်ကြသည်။
“မင်ကျန်း ဘာလုပ်နေတာလဲ...”
“ လူငယ်လေးယင်း...”
နွေးထွေးပြီး ချိုသာသည့်အသံက ထွက်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်တွင် နင်းလျှောက်လာသည့် ဒေါက်ဖိနပ်အသံက ပိုပို၍ နီးကပ်လာသည်။ ဝတ်စုံအပြည့်ဖြင့် လှပသည့်အမျိုးသမီးက သူတို့လေးယောက်နားသို့ လျှောက်လာသည်။ ရေမွှေးနံ့က သူမ၏အနောက်မှ အတူကပ်ပါလာ၏။
“နောက်ကျသွားလို့ တောင်းပန်ပါတယ်နော် ဘယ်လောက်မှမစောင့်လိုက်ရဘူးလားဟင်...”
ထိုအမျိုးသမီးက လှပစွာဖြင့် ပြုံးလိုက်သည်။
ယင်းမင်ကျန်းက ခေါင်းခါသည်။
“မစောင့်လိုက်ရပါဘူး...”
ကျန်းယွဲ့က ချိုက်ချင်၊ ပါပါးရှုနှင့် ရှုနဉ်တို့ကို ကြည့်လိုက်ပြီး ပြုံး၍ပြောသည်။
“ဒီသုံးယောက်က လူငယ်လေးယင်းရဲ့မိသားစုဝင်တွေထင်တယ် ကြိုဆိုပါတယ်...”
ပါပါးရှုက တည်ငြိမ်သည့်ပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချိုက်ချင်က အနည်းငယ်ရှက်သွားရ၏။
ယင်းမင်ကျန်းက လက်ကမ်းစာစောင်ကိုဖွင့်၍ ဘေးမှ ရှုနဉ်ကိုပေးလိုက်သည်။
“ဒီမှာကြည့်ပါဦး ဘယ်တစ်ခုကို သဘောကျလဲ...”
ရှုနဉ်က အနည်းငယ် တွေဝေနေသည်။ ယင်းမင်ကျန်းက လက်ကမ်းစာစောင်ကို ကမ်းပေးလိုက်မှ ဖြည်းဖြည်းချင်း အသိပြန်ဝင်လာရခြင်းဖြစ်သည်။ သူက ငေးကြည့်ပြီး မေးလိုက်သည်။
“မင်ကျန်း မင်းက ဗီလာဝယ်ချင်လို့လား...”
ပါပါးရှုနှင့် ချိုက်ချင်တို့က အနည်းငယ် စိတ်မသက်မသာဖြစ်နေကြသည်။ ဘေးနားပတ်ပတ်လည်ကို ကြည့်လိုက်လျှင်မူ ကိစ္စကြီးကြီးမားမားမဟုတ်ချေ။ သို့သော်လည်း အရောင်းဝန်ထမ်း၏အချိန်ကို ဖြုန်းသလိုဖြစ်နေ၍ စိတ်မကောင်းဖြစ်မိသည်။ သူမကိုခေါ်ပြီး ဘာမှမဝယ်လျှင် စနောက်သလိုဖြစ်နေပေမည်။
ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။
“မင်းအတွက် မွေးနေ့လက်ဆောင်လေ...”
ရှုနဉ်: “…”
ရှုနဉ်က သူနားကြားမှားလိုက်သည်ဟု သံသယဖြစ်သွားမိသည်။
“ဘယ်လို...”
ယင်းမင်ကျန်းက အသံထွက်၍ မေးလိုက်သည်။
“မင်းပဲ ဗီလာအကြီးကြီး လိုချင်တာမဟုတ်ဘူးလား...”
ရှုနဉ်က သူယခုလေးတင်ပြောလိုက်သည့်စကားများကို အချိန်ယူစဉ်းစားလိုက်ရပြီး မျက်လုံးများက ပြူးကျယ်သွားရသည်။
ချိုက်ချင်က ဤအတိုင်းဆက်မနေနိုင်တော့ပေ။ သူမက လျင််မြန်စွာ ထရပ်ပြီး ကျန်းယွဲ့ကိုပြောလိုက်သည်။
“မစ္စကျန်း တောင်းပန်ပါတယ်နော် ကျွန်မတို့ကလေးတွေက စနောက်နေကြတာပါ ကျွန်မတို့က ဒီကို လာကြည့်ရုံပဲ လာကြည့်တာပါ ကျွန်မတို့… ကျွန်မတို့ လတ်တလောတော့ ဘာမှမဝယ်သေးပါဘူး...”
အရောင်းဝန်ထမ်းဖြစ်သူက နားလည်ကြောင်း အသံပြုကာ ယင်းမင်ကျန်းကိုကြည့်ပြီး ပြောသည်။
“ဒါပေမယ့်လည်း လူငယ်လေးယင်းက စရန်ငွေပေးပြီးသားပါ ဘာမှမဝယ်ဘူးဆိုရင်တောင်မှ စရံငွေကိုတော့ ပြန်အမ်းမပေးပါဘူးရှင် ဒါကို အစကတည်းက သဘောတူထားခဲ့ပြီးသားပါ...”
“စရံငွေလား”
ချိုက်ချင်က ကြောင်သွားရသည်။ ပါပါးရှုပင် မော့ကြည့်လာသည်။
“ဘယ်လောက်လဲ...”
“ယွမ်ငါးသိန်းပါ”
နှစ်ယောက်လုံး အသက်ပြင်းပြင်းရှုလိုက်ကြရပြီး သူတို့ တစ်သံတည်း တုံ့ပြန်လာကြ၏။
“ယွမ်ငါးသိန်းဟုတ်လား...”
ရှုနဉ်က ထိတ်လန့်သွားရသည်။ သူက လျင်မြန်စွာဖြင့် ခုန်ထလာပြီး မေးသည်။
“သူက အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့အတွက်ကြောင့် သူလက်မှတ်ထိုးထားတဲ့ စာချုပ်က အသုံးမဝင်ပါဘူး ယွမ်ငါးသိန်းဆိုတာက ငွေပမာဏနည်းနည်းလေးပါ သူ့ကို အခွင့်ကောင်း မယူသင့်ပါဘူး...”
ကျန်းယွဲ့က မှင်သက်သွားရသည်။ ယင်းမင်ကျန်းက အသက် ၁၆ နှစ်ပင်မရှိသေးကြောင်းကို ကြားလိုက်သောအခါ သူမ၏ နှလုံးသားက ဗုံတီးသကဲ့သို့ ခုန်မြည်သွားရသည်။ လူငယ်များက အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်မပါပဲ အိမ်ယာများ ဝယ်ယူလို့မရပေ။ သို့သော်လည်း အသက် ၁၆ နှစ်အရွယ်ကောင်လေးကတော့ ဝယ်နိုင်ခဲ့သည်။ ယင်းမင်ကျန်းပေါ်လာသောအခါတွင် မည်သူမှ သူ့ကိုအလေးအနက်မထားကြသော်လည်း ဈေးနှုန်းကိုညှိနှိုင်းပြီးနောက်တွင် စရံငွေကို ချက်ချင်းပေးခဲ့သည်။ ကျန်းယွဲ့က ရူးသွပ်လောက်အောင်ပင် ပျော်ရွှင်သွားရသည်။ အခုတော့ သူမက ယင်းမင်ကျန်းသည် အသက် ၁၆ နှစ်ပင် မရှိသေးကြောင်းကို သိရှိသွားခဲ့ရသည်။ စရန်ငွေကို ပြန်အမ်းပေးလို့ ရပါ့ဦးမလား...
ယင်းမင်ကျန်းက ပြောသည်။
“ကျွန်တော် ဝယ်ချင်ပါတယ်...”
ပုံမှန်စကားလေးတစ်ခွန်းက သူတို့သုံးယောက်လုံးကို နှုတ်ဆိတ်သွားစေသည်။
“မင်ကျန်း တကယ် ဝယ်ချင်တာလား...”
ရှုနဉ်က ငုံ့ကြည့်လိုက်သည်။ သူက ယင်းမင်ကျန်း၏ လုပ်နိုင်စွမ်းကို သိထား၍ သူက အရှိကိုအရှိတိုင်းသာ နေတတကြောင်း သိ၏။
ပါပါးရှုနှင့် ချိုက်ချင်တို့က ယင်းမင်ကျန်း မည်သည့်အလုပ်လုပ်နေသည်ကို မသိချေ။ သူတို့က အသက်ပြင်းပြင်းရှုပြီး စိုးရိမ်စိတ်များ ဖြစ်လာကြရသည်။ ယင်းမင်ကျန်း အလိမ်ခံရမည်ကို သူတို့စိတ်ပူနေကြခြင်းဖြစ်သည်။ ထိုပိုက်ဆံများ မည်သည့်နေရာမှ ရလာသည်ကို တွေဝေနေကြသော်လည်း လက်ရှိအရေးကြီးနေသည်က စရံငွေ ပြန်ရရန်သာဖြစ်သည်။
ပါပါးရှုနှင့် ချိုက်ချင်တို့က ယင်းမင်ကျန်းကို အသက် ၁၆ နှစ်မပြည့်သေးကြောင်း အပြင်းအထန်ပြောဆိုထားသည့်အတွက်ကြောင့် စာချုပ်က တရားမဝင်ပေ။ သူတို့က ကျန်းယွဲ့ကို ပိုက်ဆံပြန်အမ်းပေးရန် တောင်းဆိုနေကြသည်။
သူတို့၏ စိတ်ခံစားချက်များက အနည်းငယ် မြင့်တက်နေသည့်အတွက်ကြောင့် သူတို့၏အသံများက အနည်းငယ် ကျယ်လောင်နေကြသည်။
“ရုတ်ရုတ်သဲသဲလုပ်နေတာကို တော်ကြပါတော့လား အားလုံး အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေတာကို နှောင့်ယှက်နေသလိုပဲ...”
သူတို့ဘေးရှိ ရုံးခန်းထဲမှ အထက်စီးဆန်သောအသံက ထွက်ပေါ်လာသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ ခမ်းနားသောအဝတ်အစားများဖြင့် ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်။ သူမက အသက် ၆၀ အရွယ်ရှိသော လူအိုတစ်ယောက်ကို ထိန်းကိုင်ထားလျက်ရှိသည်။ သူမ၏ မျက်ဝန်းများက ရှုနဉ်နှင့် တခြားသုံးယောက်ကို မတူမတန်သလို စိန်းစိန်းဝါးဝါး ကြည့်နေသည်။
ရှုနဉ်က ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ လူအနည်းစုက သူတို့ရှိရာကို ကြည့်နေကြမှန်း တွေ့လိုက်သည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်လိုက်ရသည်။ “တောင်းပန်ပါတယ် အားလုံးကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်...”
သူ့ရင်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။ သူတို့စကားအကျယ်ကြီး မပြောသင့်ကြောင်း စည်းကမ်းထုတ်ထားခြင်းမရှိပေ။
ချိုက်ချင်နှင့် ရှုကျွင်းတို့က ဝေဖန်ခံရ၍ အလွန်ရှက်နေမိသည်။ သူတို့က အသံများကို ချက်ချင်းတိုးလျှော့လိုက်ကြ၏။
ဒုက္ခတွေ့နေသောကျန်းယွဲ့က ယဉ်ကျေးစွာဖြင့် မေးလာသည်။
“လူငယ်လေးယင်း ဝယ်ချင်သေးလား...”
ယင်းမင်ကျန်းက ချိုက်ချင်နှင့် ရှုကျွင်းတို့ကို ပြောလိုက်သည်။
“ဦးလေးနဲ့ အန်တီ စိတ်မပူပါနဲ့ ကျွန်တော် အိမ်ဝယ်ချင်လို့ပါ...”
ကောင်လေး၏ မျက်နှာထားက အလွန်လေးနက်တည်ကြည်နေပြီး ယုံကြည်ရလောက်သည်။ သူက အဝတ်လှန်းသည့်တန်းများ ချိတ်ထားစရာမလိုသည့် အိမ်ကို အမြဲလိုချင်ခဲ့ခြင်းဖြစ်၏။ ယခုတွင် ရှုနဉ်ကို မွေးနေ့လက်ဆောင်ဝယ်ပေးနိုင်ပြီး ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်၍ သူအမှန်တကယ် ပျော်ရွှင်နေမိ၏။
“ဒါပေမယ့်…”
ချိုက်ချင်နှင့် ရှုနဉ်တို့က အချင်းချင်းကြည့်လိုက်ကြသည်။
ကျန်းယွဲ့က ပါပါးရှုနှင့် ချိုက်ချင်တို့ကို နောက်တစ်ခေါက်ထပ်ကြည့်သည်။ နှစ်ယောက်သားက အချင်းချင်းကြည့်လိုက်ကြသည်။ ရှုနဉ်က သူတို့နှစ်ယောက်ကို ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မင်ကျန်းမှာ ပိုက်ဆံရှိပါတယ်...”
သူတို့နှစ်ယောက်က ယင်းမင်ကျန်းကို မယုံကြပေ။
ကျန်းယွဲ့က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမက ကမ်းလှမ်းလာသည်။
“ပြထားတဲ့ အိမ်တွေကို ကြည့်ပါဦးလား”
ပါပါးရှုနှင့် ချိုက်ချင်တို့က မျက်ဝန်းများ တောက်ပသွားရသည်။ သူတို့ လာခဲ့ရသည့် မူရင်းအကြောင်းပြချက်က ထိုသည်သာဖြစ်သည်။
နှစ်ယောက်သားက စိတ်ဝင်စားသွားကြသည်ကိုတွေ့သောအခါတွင် ကျန်းယွဲ့က သူ့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။
“ဒီလမ်းအတိုင်းလာပါ..."
သူတို့အားလုံးက ကျန်းယွဲ့နောက်မှလိုက်၍ ထွက်သွားကြသည်။
ပထမဆုံးပြသသည့်အိမ်က အလွန်လှပသည်။ ပါပါးရှုနှင့် ချိုက်ချင်တို့က လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် အချင်းချင်းစကားပြောလျက် ဗီလာထဲမှ အင်တင်တင်ဖြင့် ထွက်လာကြသည်။
“ဗီလာက တကယ် အံ့မခန်းပဲနော် ကျွန်မ ဘဝတစ်လျှောက်လုံး ဒီလိုအိမ်မျိုးမှာနေရဖို့ တတ်နိုင်မှာမဟုတ်တော့ဘူး...”
“စိတ်မပူပါနဲ့ ငါအကောင်းဆုံး ကြိုးစားမှာပါ...”
ဒုတိယမြောက်ပြသသည့်အိမ်ကို လှည့်ပတ်ကြည့်ရှုပြီးသည့်နောက်တွင် တတိယမြောက်ပြသသည့် အိမ်သို့ ဝင်သွားကြသည်။ ထိုနေရာတွင် အစောပိုင်းက အမျိုးသမီးနှင့် ထပ်တွေ့လိုက်ကြသည်။ ထိုအမျိုးသမီးက အစောပိုင်းက နှောင့်ယှက်မှုကြောင့် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ သူမ၏ မျက်ဝန်းထဲမှအကြည့်က ခက်ထန်နေ၍ သူမ တွေးနေသည့်အရာက ထင်ရှားပေါ်လွင်နေသည်။ ပြသထားသည့်အိမ်များကို ဆင်းရဲသည့်လူများက ဘာအတွက်လာကြည့်နေကြသလဲဆိုသည့် အကြည့်ပင်ဖြစ်သည်။ အားအင်ဖြုန်းတီးခြင်းဖြစ်ပြီး သူမ၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်နေခြင်းဖြစ်သည်။
သူတို့အားလုံးက သူမကို လျစ်လျူရှုလိုက်ကြသည်။
ပြသထားသည့် အိမ်ရာသုံးခုလုံးကို သူတို့ကြည့်ပြီးခဲ့ကြပြီဖြစ်၏။ တစ်ခုချင်းစီတိုင်းက အံ့မခန်းဖွယ်ကောင်းလောက်အောင် ခမ်းနားပြောင်မြောက်သည်။
ယင်းမင်ကျန်းက ရှုနဉ်ကို မေးလိုက်သည်။
“ဘယ်တစ်ခုကို လိုချင်လဲ...”
လူငယ်အမျိုးသမီးက သူတို့နားတွင် နားထောင်နေကြ၏။ လှောင်ပြောင်သရော်သည့်အပြုံးက သူမမျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။
ရှုနဉ်က သူ့ကို ခဏလောက် ငေးကြည့်နေမိသည်။ ယင်းမင်ကျန်းက အလေးအနက်ပြောနေကြောင်းကို သူသတိထားမိပြီး တည်ကြည်စွာဖြင့် မေးလိုက်သည်။
“တကယ် ငါ့အတွက် ဝယ်ပေးမလို့လား...”
ယင်းမင်ကျန်းက ခေါင်းညိတ်သည်။
ရှုနဉ်က လက်ခါပြလိုက်သည်။
“ငါအဲဒါတွေ မလိုဘူး...”
“မင်းက ဗီလာလိုချင်တာမဟုတ်ဘူးလား...”
ယင်းမင်ကျန်းက စိတ်ရှုပ်သွားရသည်။
ရှုနဉ်က ကန်တင်းတွင် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့အား ပြောခဲ့သည့်စကားများကို ရုတ်တရက် သတိရမိသွားသည်။ သူက လျင်မြန်စွာဖြင့် ရှင်းပြလိုက်သည်။
“အဲဒါက ငါနောက်နေတာ ငါဒီတိုင်း နောက်တာပါ...”
ဗီလိန်လေးက တကယ်ယုံသွားခဲ့တာလား... ဗီလိန်လေးက ငါ ဗီလာအပန်းဖြေအိမ်ကြီး လိုချင်တယ်လို့ ထင်ခဲ့တာလား...
သူလိုချင်ခဲ့သည်မှာမှန်သော်လည်း တစ်စုံတစ်ယောက်က ဝယ်ပေးလိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။
ကလေးလေး အလွန်လိမ္မာလွန်းသည်။
ငါ့ကိုတောင် ဗီလာအိမ်ကြီး ဝယ်ပေးနေပြီ ဒီဖေဖေကတော့ ပျော်နေရပြီ...
ရှုနဉ်က စိတ်ရင်းဖြင့် ပြောလိုက်သည်။
“မင်းရဲ့ဆန္ဒကိုတော့ လက်ခံပါ့မယ် ဒါပေမယ့် လက်ဆောင်အဖြစ်နဲ့တော့ ငါလက်မခံနိုင်ဘူး အရမ်းဈေးများလွန်းတယ်...”
ချိုက်ချင်နှင့် ပါပါးရှုတို့က ခပ်လှမ်းလှမ်းမှ သူတို့နှစ်ယောက်ကို တိတ်တဆိတ် ကြည့်နေသည်။ သူတို့၏မျက်ဝန်းထဲမှ နားမလည်မှုများနှင့် ထိတ်လန့်မှုများကို မဖုံးကွယ်နိုင်ခဲ့ချေ။
ယင်းမင်ကျန်း၏ အနက်ရောင်မျက်ဆံများက မှေးမှိန်သွားရပြီး စိတ်ဓာတ်ကျစွာဖြင့်ခေါင်းငုံ့လိုက်သည်။
ရှုနဉ်က သူ၏နူးညံ့သည့် ဆံနွယ်များကို ဖွဖွပုတ်လိုက်သည်။
“မင်းလိုချင်ရင်တော့ ဝယ်လိုက်ပါ ဒါပေမယ့် ငါ့ကိုတော့ မပေးပါနဲ့ အရမ်းဈေးကြီးလွန်းတာမို့...“
ယင်းမင်ကျန်းက ခေါင်းခါသည်။
“ဈေးမကြီးပါဘူး မင်းက ငါ့ဘဝကို ကယ်တင်ခဲ့တာလေ ငါ့ဘဝက ဒီဗီလာထက်တောင် ထိုက်တန်တာမလား...”
ရှုနဉ်က အံ့အားသင့်သွားရသည်။
ယင်းမင်ကျန်းက ပြောသည်။
“အရင်ကတော့ မီလီယံဆယ်သန်းဆိုတာ အရမ်းဈေးကြီးပါတယ် ဒါပေမယ့် အခုတော့ မဟုတ်တော့ဘူး ငါအရင်လကပဲ မီလီယံဆယ်သန်းရထားတာ...”
ရှုနဉ်: “...”
ရှုနဉ်၏ မျက်ဝန်းများက မျက်
ဆံထဲမှ ကျွတ်ထွက်တော့မလိုပင်ဖြစ်သွားရသည်။
ငါ ဘာကို ကြားလိုက်တာလဲ...
သူက တစ်လအတွင်း မီလီယံဆယ်သန်းရတယ်တဲ့လား...
ထိုစကားကို ရှုနဉ် မည်သို့ခံစားရမည်မသိပေ။ ရှုနဉ်က တစ်လကို ယွမ်တစ်ထောင်ပဲရခြင်းဖြစ်သည်။