အပိုင်း ၆၀
Viewers 11k

Chapter 60

သူ့ကို အပန်းဖြေအိမ်ကြီးဝယ်ပေးတယ်




ရှုနဉ်က သူ့ရင်ထဲမှ ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုများကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ 


“ဒါပေမယ့်လည်း ငါလက်မခံနိုင်ဘူး အနည်းဆုံးတော့ ငါ့မှာငြင်းပိုင်ခွင့်ရှိတယ်မလား...”


နောက်လာမည့်စာချုပ်များတွင် ပိုက်ဆံမြန်မြန်ရနိုင်သည်ဟု ကြားခဲ့သော်လည်း လျင်မြန်စွာဖြင့် ပိုက်ဆံမြန်မြန်ကုန်နိုင်ချေလည်းရှိသည်ဟု ရှုနဥ်တွေးလိုက်သည်။ ယင်းမင်ကျန်း ယခင်လက မီလီယံဆယ်သန်းရရှိခဲ့သော်လည်း လစဉ်လတိုင်း မီလီယံဆယ်သန်းရရှိနိုင်မည်ဆိုသည့် အာမခံချက်မရှိပေ။ ပိုက်ဆံဆုံးရှုံးရသည့် နေ့ရက်များလည်း ရှိလာနိုင်သည်။


ဘာသာပြန်ရင်းနှင့် ပိုက်ဆံရခြင်းက ကောင်းမွန်ဆဲသာဖြစ်သည်။ လတိုင်း ယွမ်တစ်ထောင်ရရှိပြီး လုံခြုံစိတ်ချရသည်။ ယခုထိ အေးဆေးနေ၍တော့မဖြစ်ပေ။ 

ငါလည်း တစ်လကို မီလီယံဆယ်သန်းရချင်တယ်လေ…


ယင်းမင်ကျန်းက သူ့ကို နှုတ်ဆိတ်စွာဖြင့် ကြည့်နေသည်။ သူ၏ ပိန်းပိတ်အောင် နက်မှောင်သည့်မျက်ဆံများက ကြယ်ပွင့်များသကဲ့သို့ တလက်လက်တောက်ပနေ၍ ဒဏ်ရာရထားသည့် ခွေးပေါက်လေး၏ မျက်ဝန်းများနှင့်ပင်တူသည်။


“မင်းက ငါ့ကို အထင်သေးတာလား...” 

သူက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။


ရှုနဉ်က သူ့ကို ထိုအကြည့်ဖြင့် ကြည့်လာသောအခါတွင် ပြန်လည်မခုခံနိုင်တော့ချေ။ သူက လျင်မြန်စွာဖြင့် ရှင်းပြလိုက်သည်။ 

“မဟုတ်ပါဘူး ဟူး... ဒီတိုင်း အရမ်းဈေးကြီးလို့ပါ ငါလက်မခံနိုင်ဘူးလေ ဒီလိုဆိုရင်ရော ဘယ်လိုလဲ…”


သူက အပေးအယူလုပ်ရန် စဉ်းစားလိုက်ပြီး မျက်ခုံးမွှေးနှစ်ခုကြားက နေရာကို ပွတ်သပ်နေသည်။ 

“မင်းအိမ်ဝယ်ပြီး ငါ့အတွက် အခန်းချန်ထားပေး ဟုတ်ပြီလား...”


ယင်းမင်ကျန်းက ခေါင်းခါသည်။ 

“ငါအခု မဝယ်နိုင်သေးဘူး ကျိုးကျွမ်မှာ အခုထိ ငါ့ကို ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်ရှိသေးတယ် ငါဝယ်လိုက်ရင် သူငါ့ဆီကို ရောက်လာမှာ အဲဒါကြောင့် ငါမင်းကိုပဲ ဝယ်ပေးနိုင်တယ်...”


ရှုနဉ်က လျင်မြန်စွာဖြင့် ခေါင်းခါလိုက်သည်။ 

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...”


ယင်းမင်ကျန်းက ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက ပြောသည်။ 

“အခုတော့ မင်းနာမည်နဲ့ပဲ အရင်ဝယ်လိုက်ကြရအောင်ပါ ပြီးမှ ငါအသက်ကြီးလာရင် ပိုင်ဆိုင်ခွင့်ကို ငါ့ကို လွှဲပေးလိုက်လည်း ရတာပဲ...”


ရှုနဉ် တုံ့ဆိုင်းသွားရသည်။


ယင်းမင်ကျန်းက သူ့လက်ကိုဆွဲလိုက်သည်။ သူ့မျက်ဝန်းများက နက်မှောင်ပြီး‌ တောက်ပနေသည်။ 

“ကျေးဇူးပြုပြီး ငါ့အခန်းသီးသန့်ရှိချင်တယ် ပြီးတော့ ငါမင်းနဲ့အတူ နေချင်တယ်...”


ရှုနဉ်က ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ 

“ငါတို့က အတူတူနေနေကြတာပဲကို...”


ယင်းမင်ကျန်းက စိတ်ပျက်စွာဖြင့် သူ့လက်ကိုလွှတ်လိုက်သည်။


ရှုနဉ်က သူစိတ်ပျက်နေသည့်ပုံစံကို မကြည့်နိုင်တော့ပေ။ ယင်းမင်ကျန်း၏ ကမ်းလှမ်းမှုကလည်း ကောင်းမွန်သည့်အတွက်ကြောင့် သူက ပြောလိုက်သည်။ 

“ဟုတ်ပြီလေ အခုတော့ ငါ့နာမည်နဲ့ပဲ အရင်ဝယ်လိုက်ပေါ့ မင်းအရွယ်ရောက်တာနဲ့ ငါမင်းကို ပြန်လွှဲပေးမယ်...”


ယင်းမင်ကျန်းက နောက်ဆုံးတွင် ပြုံးနိုင်သွားခဲ့သည်။ “ဟုတ်ပြီ...”


အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်ဝန်းများက ညကောင်းကင်ကဲ့သို့ ကြည်လင်ပြီး သန့်စင်သည်။ သူပြုံးလိုက်သောအခါတွင် နတ်သားလေးနှင့်ပင်တူ၏။


ရှုနဉ်က သူ့အကြည့်များကို အခြားနေရာသို့ လျင်မြန်စွာ ပြောင်းရွေ့လိုက်သည်။ သူ့နှလုံးသားက အနည်းငယ် ခုန်မြန်နေ၏။


ယင်းမင်ကျန်းက အံ့ဩတုန်လှုပ်နေကြသော လူကြီးသုံးယောက်ကို ပြောလိုက်သည်။

“လာပါ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြရအောင်...”


ကျန်းယွဲ့ မေးရိုးပင်ပြုတ်ကျလုနီးပါးဖြစ်သွားရသည်။ ပိုက်ဆံပါလာသည့်သူက ချိုက်ချင်နှင့် ပါပါးရှုဟု သူမက ထင်နေခြင်းဖြစ်သည်။ သို့သော်လည်း အမှန်တကယ်က ယင်းမင်ကျန်းဖြစ်နေခဲ့၏။


ပြီးတော့ မီလီယံဆယ်သန်းတန်ဖိုးရှိတဲ့ ဗီလာအပန်းဖြေအိမ်ကြီးကို သူ့အတန်းဖော်ကို ဝယ်ပေးတယ်တဲ့လား...


သူမ ထိုအကြောင်းမသိခဲ့လျှင် ကလေးတစ်ယောက်က သူ့မိန်းမကို ဗီလာဝယ်ပေးရန်အတွက် ရန်ပုံငွေများဟု ထင်ခဲ့မိမည်ဖြစ်သည်။


သို့သော်လည်း ထိုကိစ္စက သူမနှင့်မဆိုင်ချေ။ သူမ ဗီလာကိုရောင်းနိုင်သည်နှင့် ဝန်ဆောင်ခရရှိမည်ဖြစ်သည်။


ကျန်းယွဲ့က သူတို့လေးယောက်ကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရန် ခန်းမထဲသို့ စိတ်အားထက်သန်စွာဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ငွေသားအပြည့်ပေးဆောင်လာသည့်အတွက်ကြောင့် ဝန်ထမ်းများက ပြာပြာသလဲဖြင့် အစီအစဉ်အတိုင်း လုပ်ဆောင်ကြတော့သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဘဏ်တစ်ခုလုံးကို တရွတ်တိုက်ဆွဲလာမည်ဖြစ်၏။


အခြား မည်သည့်အရာမှအရေးမကြီးပေ။ ယခုချိန်တွင် အရေးကြီးဆုံးအရာက ဝယ်ယူသူထံမှ တတ်နိုင်သမျှ ပိုက်ဆံရရန်ပင်ဖြစ်သည်။


စာချုပ်ချုပ်သည့် လုပ်ရိုးလုပ်စဉ်ကြောင့် VVIP ဝန်ဆောင်မှုများလည်း ရရှိသည်။


သူတို့က လှိုက်လှဲပျူငှါသည့် နေ့လယ်စာကိုလည်း ကျွေးမွေးဧည့်ခံကြသေး၏။


ယင်းမင်ကျန်းက အမှန်တကယ် ဗီလာကိုဝယ်ယူခဲ့ကြောင်း သိရှိသောအခါ အစောပိုင်းက လူကြီးနှင့် အမျိုးသမီးငယ်က ထိတ်လန့်သွားကြပြီး လုံးဝ နားမလည်နိုင်ဖြစ်သွားရ၏။ အိမ်ကြီးပတ်ပတ်လည်ကို သူတို့ ပတ်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ဝယ်ယူရန်မဆုံးဖြတ်နိုင်သည့်အတွက်ကြောင့် ထွက်ခွာလာခဲ့ကြသည်။


အမည်စာရင်းတင်သွင်းကြောင်းကို ကြားသောအခါတွင် ချိုက်ချင်နှင့် ရှုကျွင်းတို့က အတည်ပြုလိုက်နိုင်ကြသည်။ ယင်းမင်ကျန်းတွင် အမှန်တကယ် ပိုက်ဆံရှိ၏။


သူတကယ် အိမ်ဝယ်ခဲ့သည်။


ထို့အပြင် ဝယ်ယူသည့်အိမ်ကလည်း ရှုနဉ်၏ အမည်နှင့်ဖြစ်သည်။


ဖြစ်စဉ်တစ်ခုလုံးက အိပ်မက်သကဲ့သို့ပင်။


နောက်ထပ်လုပ်ရမည့် လုပ်ငန်းစဉ်များရှိသေးသည်။ အချိန်နောက်ကျနေပြီကို သိသည့်အတွက် ယင်းမင်ကျန်းက ကျန်သုံးယောက်ကို ပြောလိုက်သည်။ 

“ရှုနဉ်က ဒီနေ့ လော့ဖေးမှာ မွေးနေ့လုပ်ချင်နေတာ ကျွန်တော်တို့ အခုသွားရင် အချိန်မီရောက်လောက်တယ်...”


ရှုနဉ်က သူ့အတွက်သူ အပန်းဖြေအိမ်ကြီးတစ်လုံးကို ရလိမ့်မည်ဟု စိတ်ကူးပင်မယဉ်ဖူးခဲ့။ သူက ဗီလာအတွက် သူ့ကိုယ်သူ ယာယီထိန်းသိမ်းစောင့်ရှောက်သူအဖြစ်သာ သတ်မှတ်ထားလိုက်သည်။ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ပြီးနောက် အထူးတလှယ် စိတ်လှုပ်ရှားခြင်းမရှိပေ။ ယင်းမင်ကျန်းပြောသည်ကိုကြားသောအခါတွင် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ကို လော့ဖေးသို့ လာရန် ဖိတ်ခေါ်လိုက်လေသည်။


ချိုက်ချင်က အသိပြန်ဝင်လာရသည်။ သူမက ရှေ့တိုးပြီး ယင်းမင်ကျန်းလက်ထဲမှ စာရွက်စာတမ်းများကို ယူလိုက်သည်။ 

“ငါတို့ အိမ်ပြန်ကြမယ် စာရွက်စာတမ်းတွေကို အရင်ဆုံး လုံခြုံစိတ်ချရအောင် သိမ်းထားရမယ်...”


သူမလက်များက အနည်းငယ်တုန်ယင်နေသည်။ 


“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အရင်ဆုံး အိမ်ပြန်ရအောင်” 

ပါပါးရှုကလည်း အသိပြန်ဝင်လာရသည်။ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်နေ၏။


သူတို့လေးယောက်က အိမ်သို့ တက်စီငှား၍ ပြန်လာကြသည်။


အနီးနားက အရောင်းကိုယ်စားလှယ်နှင့် ဝန်ထမ်းများက အချင်းချင်း စကားပြောနေကြသည်။ 

“ဗီလာဝယ်ဖို့ ပိုက်ဆံအပြည့်ပေးတဲ့သူက အိမ်ကို တက်စီငှါးပြန်ရတယ်ဆိုတာ မယုံနိုင်ဘူး သူတို့ဝတ်ထားတာကလည်း အဲလောက်ထိ အထင်ကြီးစရာမကောင်းပါဘူး...”


“ဟူး ပိုပြီး ချမ်းသာလေလေ ပိုပြီး ထောင်လွှားမှုမရှိပဲ နေတတ်လေပဲ...”


“ကောင်လေးနှစ်ယောက်က အရမ်းချောတာပဲ သူတို့သာ အသက်အရမ်းမငယ်သေးရင် ငါသူတို့ရဲ့ WeChat ကို တောင်းပြီးနေပြီ...”


“အဲဒါကြောင့် စာအုပ်အဖုံးလောက်ကိုပဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလို့ ပြောကြတာပေါ့ သူတို့ပုံစံကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်လို့်မရဘူး...” 


သူတို့လေးယောက်အိမ်ပြန်ရောက်သည်နှင့် ချိုက်ချင်က စာရွက်စာတမ်းများကို ယင်းမင်ကျန်းထံသို့ပေးပြီး သေချာသိမ်းထားဖို့ မှာလိုက်သည်။ ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။


ပါပါးရှုက BMW ကားမောင်းနေပြီး သူ့မိန်းမနှင့် ကလေးများကို လော့ဖေးသို့ ခေါ်သွားနေခြင်းဖြစ်၏။ ခဏကြာသောအခါ အိပ်မက်မှ နိုးထလာသကဲ့သို့ သူ့ဘာသာ ရေရွတ်နေ၏။ 

“ငါတို့နဉ်နဉ်လေးက ဗီလာအိမ်ကြီးကို တကယ်ပိုင်သွားပြီတဲ့လား...”


ချိုက်ချင်က ခရီးသည်နေရာတွင်ထိုင်၍ သူ့ကို စိုက်ကြည့်လိုက်သည်။ 

“အဲဒါက မင်ကျန်းရဲ့ ဗီလာပါ...”


“ဟုတ်တယ် ဟုတ်တယ် မင်ကျန်းရဲ့ ဗီလာပဲ...” 

နောက်ဆုံးတွင် ပါပါးရှုက သူတစ်လျှောက်လုံး ထိန်းချုပ်လာခဲ့သည့် မေးခွန်းကိုမေးလိုက်သည်။ 

“မင်ကျန်း မင်းပိုက်ဆံတွေကို ဘယ်က ရတာလဲ...”


ရှုနဉ်က သူ့အတွက် ဖြေပေးလိုက်သည်။ 

“မင်ကျန်းက စတော့ပ်ဈေးကွက်နဲ့ အရောင်းအဝယ်လုပ်ပြီး ဆော့ဖ်ဝဲလ်တစ်ခုကို ရောင်းလိုက်တာ...”


“တကယ်လား...” 

ပါပါးရှု၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် လှည့်ကြည့်လာသည်။ 

“စတော့ပ်ဈေးကွက်နဲ့ ဆော့ဖ်ဝဲလ်လား သူက အဲဲဒီလောက်တောင်မှ မိုက်တာလား...”


ချိုက်ချင်က အော်ပြောလိုက်သည်။ 

“ကားလမ်းကို ကြည့်ဦး ဘာလို့ အနောက်လှည့်ပြီး ကားမောင်းနေတာလဲ...”


“တောင်းပန်ပါတယ် တောင်းပန်ပါတယ်...” 

ပါပါးရှုက ထပ်ခါတလဲလဲ တောင်းပန်သည်။


“ဒါပေါ့...” 

ရှုနဉ်က ပြောလိုက်သည်။


ချိုက်ချင်က လှည့်လာပြီး သံသယဖြစ်စွာဖြင့် ပြောလိုက်သည်။ 

“မင်ကျန်း အန်တီ မင်းကို သံသယဝင်လို့မဟုတ်ပါဘူး မင်းဒီလောက်ထိတော်တာကို ဘာလို့များ အရင်က အများကြီးခံစားခဲ့ရတာလဲ...”


အခြားသူများ မဝတ်ချင်သည့် အဝတ်အစားများကို သူဝတ်ခဲ့ရသည်။ ကျိုးကျွမ်က အချိန်အကြာကြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည်။ သူတို့၏ နေထိုင်ပုံက အလွန့်အလွန် ဆင်းရဲခဲ့လေ၏။

သူ့မှာ ဒီလိုမျိုးပိုက်ဆံရှာနိုင်စွမ်းရှိရင် ပိုကောင်းတဲ့အိမ်ဝယ်ပြီး ကောင်းကောင်းမွန်မွန်ဘဝမှာ ဘာလို့ မနေခဲ့ရတာလဲ...


ယင်းမင်ကျန်း၏ မျက်တောင်များက တုန်ယင်နေသည်။ 


ရှုနဉ်က သူ့မျက်နှာကိုကြည့်ပြီး ချိုက်ချင်ကို ပြောလိုက်သည်။ 

“ချိုက်ချိုက် မင်ကျန်း ဆေးရုံတက်ရတဲ့အချိန်ကို မှတ်မိတယ်မလား...”


ချိုက်ချင်က ခေါင်းညိတ်သည်။ 

“မှတ်မိတာပေါ့...”


“ဆရာဝန်က သူ့ဒဏ်ရာကြောင့် အကျိုးဆက်တွေရှိလာမယ်လို့လည်းပြောတယ်လေ အဲဒါကိုရော မှတ်မိလား...”


ချိုက်ချင်က ခေါင်းညိတ်သည်။ 

“မှတ်မိတယ်..”


“မင်ကျန်း သတိရလာပြီးနောက်ပိုင်း သူ့မှတ်ညဏ်နဲ့ ကွန်ပျူတာအသုံးပြုနိုင်စွမ်းက အများကြီး တိုးတက်လာတာ စာအုပ်ကိုတစ်ခါဖတ်ပြီးတာနဲ့ စာလုံးတိုင်းကို အကုန်မှတ်မိတယ် ပြီးတော့ သူက ကွန်ပျူတာလိုပဲ မြန်မြန်ဆန်ဆန် တွက်ချက်လာနိုင်တယ်...”


ချိုက်ချင်က လုံးဝ အံ့အားသင့်သွားရသည်။ 

အတန်ကြာသည်အထိ နှုတ်ဆိတ်သွားပြီးမှ သူမက ပြောလာသည်။ 

“အဲဒီတော့ အဲဒီလိုဖြစ်ခဲ့တာလား...”


ရှုနဉ်က ခေါင်းညိတ်ပြသည်။


ပါပါးရှုကလည်း အလွန်အံ့ဩသွားရ၏။ 

“ဦးနှောက်ဒဏ်ရာရပြီးရင် မှတ်ညဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကောင်းကြတာကိုတော့ ငါကြားဖူးပါတယ် ဒါပေမယ့် မင်ကျန်းဆီမှာ ဒီလိုဖြစ်မယ်လို့တော့ မထင်ထားခဲ့ဘူး...မင်ကျန်းကို ညဏ်ပညာထက်မြက်တဲ့သူအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ယင်ချန်းကိုတောင် ကျေးဇူးတင်ရမလိုပဲ...”


“ရှင် ဘာတွေပြောနေတာလဲ...” 

ချိုက်ချင်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ 

“မင်ကျန်းက သေမလိုတောင်ဖြစ်ခဲ့တာလေ ပြီးတော့ ဦးနှောက်သွေးထွက်လွန်ရာကနေ အသက်ရှင်လာကြတဲ့လူတိုင်းမှာလည်း မှတ်ညဏ်တိုးတက်တာမျိုးမရှိပါဘူး...” 


“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ် ငါမှားသွားတာပါ...” 

အရပ်ရှည်ပြီး သန်မာတောင့်တင်းသည့်ယောက်ျားတစ်ယောက်က သေးငယ်ပြီး နုနယ်သိမ်မွေ့သည့်မိန်းမတစ်ယောက်ကြောင့် အနွံအနာခံကာ ကျိုးနွံတတ်လာသည်။


“အတိုချုပ်ပြောရရင်တော့ သူကံကောင်းခဲ့ပါတယ်...” 

ရှုနဉ်က သက်ပြင်းချလိုက်သည်။ 

“ဒါပေမယ့်လည်း အကျိုးသက်ရောက်မှုတွေအားလုံးကတော့ မကောင်းဘူး... သူအရောင်တွေကို မမြင်ရတော့ဘူးလေ... ပြီးတော့ ခဏခဏခေါင်းကိုက်တယ် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက တော်တော်ပြင်းထန်တယ်...”


“အဲဒီတော့ အဲလိုဖြစ်သွားတာပေါ့…” 

ချိုက်ချင်က ယင်းမင်ကျန်းကို စာနာထောက်ထားစွာဖြင့် ကြည့်လိုက်သည်။


ယင်းမင်ကျန်း၏ မျက်တောင်များက အနည်းငယ် တုန်ယင်နေပြီး သူ၏ နက်မှောင်သောမျက်ဝန်းများက ရှုနဉ်ကိုကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။ 

“ကျွန်တော့်ကို ကယ်တင်ခဲ့ပေးတာက ရှုနဉ်ပါ...”


ကျိုးကျွမ်နှင့် ယင်ချန်းတို့က သူ့ကို ဘယ်လိုစွန့်ပစ်ပြီး ကောင်းမွန်စွာ မဆက်ဆံခဲ့သည်များကို အမြဲအမှတ်ရနေမည်ဖြစ်သည်။ သို့သော်လည်း ရှုနဉ်ကမူ ငွေကြေးထောက်ပံ့ရန်အတွက် အဖက်ဖက်က စဉ်းစားကူညီပေးခဲ့သည်။


အလှူငွေဟူ၍ ရှုနဉ်ပေးခဲ့သည့် ပိုက်ဆံများကိုလည်း သူအမြဲအမှတ်ရနေမည်သာဖြစ်သည်။


သူရဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့ စွန့်လွှတ်အနစ်နာခံမှုက ပိုက်ဆံနဲ့ ဘယ်လိုများ တိုင်းတာလို့ရပါ့မလဲ...


ရှုနဉ်ကို ထောက်ပံ့ရန်အတွက် သူကတိပေးခဲ့ပြီးဖြစ်သည်။ သူ့မိသားစုဝင်အဖြစ်လည်း သဘောတူခဲ့သည်။


ယင်းမင်ကျန်းက အနည်းငယ် ဝမ်းနည်းမိသည်။ တခြားသူများကျေနပ်အောင် မည်သို့ပေါင်းသင်းရမည်မှန်း သူမသိခဲ့ချေ။ ရှုနဉ်၊ ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က အမြဲတမ်း ခင်ခင်မင်မင်နေကြ၍ သူတို့၏ဆက်ဆံရေးကို အားကျခဲ့မိ၏။


သို့သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။ သူပေါ်ထွက်လာသည်နှင့် ပုံစံအနေအထားကို ဖျက်ဆီးမိသလိုဖြစ်ခဲ့သည်။ တခြားသူများနှင့် ပြောဆိုဆက်ဆံသည့်နေရာတွင် မတော်သလို သူက အခြားသူများကို ပျော်ရွှင်အောင်လည်း မထားတတ်ပေ။ 


လက်ဆောင်ပေးရမည်ဆိုလျှင်ပင် မည်သည့်လက်ဆောင်ပေးရမည်ကို မသိချေ။


ရှုနဉ်က အခြားသူများထံမှ လက်ဆောင်ကို လက်ခံခဲ့သည်။ သူ့လက်ဆောင်ကိုသာ ငြင်းဆိုခဲ့ခြင်းဖြစ်၏။


ငါရွေးခဲ့တဲ့လက်ဆောင်က မကောင်းလို့များလား...


ယင်းမင်ကျန်း ဘာလုပ်ရမည် မသိတော့ချေ။ 

သူ့ကို ပျော်ရွှင်အောင် ဘယ်လိုထားရမှာလဲ...