Chapter 61
သူက တစ်ကမ္ဘာလုံးရဲ့အချစ်နဲ့ထိုက်တန်တယ်
သူတို့လေးယောက် လော့ဖေးသို့ ရောက်ရှိလာကြပြီး ပြတင်းပေါက်နားရှိ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ ၆ နာရီထိုးသောအခါတွင် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ ရောက်လာကြသည်။ ရှုနဉ်က သူတို့နှစ်ယောက်ကို တံခါးနားတွင် စောင့်နေ၏။
ချိုက်ချင်က အစားအသောက်များ သွားယူရန် ထလိုက်သည်။
ပါပါးရှုက ယင်းမင်ကျန်းနှင့် စကားပြောရန် အခွင့်အရေးတွေ့သွားသည်။
“မင်ကျန်း ငါမင်းကို တောင်းဆိုစရာရှိတယ်...”
အစားအသောက်များ သွားယူရန်ပြင်နေသည့် ယင်းမင်ကျန်းက လှည့်ကြည့်လာသည်။
“ဒီလိုမျိုးပါ...”
ပါပါးရှုက ခဏတုံ့ဆိုင်းသွားရသည်။ ထို့နောက် သူက နေရခက်စွာဖြင့် ပြောသည်။
“ငါစတော့ပ်ဈေးကွက် အရောင်းအဝယ်လုပ်တုန်းက ယွမ်သုံးသိန်းဆုံးသွားခဲ့တယ် မင်းအန်တီကိုလည်း ငါမပြောရဲလို့...”
ယင်းမင်ကျန်း၏ အမူအရာက မပြောင်းလဲပေ။
ပါပါးရှုက ဆက်ပြောသည်။
“မင်းက ရင်းနှီးမြုပ်နှံမှုပိုင်းမှာ တော်တယ်ဆိုတော့ ငါ့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား...”
ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။
ပါပါးရှုက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်၏။ ထိုကိစ္စက သူ့ကို အချိန်တစ်ခုကြာသည်အထိ ခေါင်းကိုက်နေစေခဲ့ခြင်းဖြစ်၏။ သူက စတော့ပ်ထဲတွင် ရင်းနှီးမြုပ်နှံဖို့ စိတ်အားထက်သန်ခဲ့ပြီး ရလဒ်အနေဖြင့် ယွမ်သုံးသိန်းနီးပါးကို ဆုံးရှုံးသွားခဲ့ရ၏။ သူ့ဆုံးရှုံးမှုများကို ထားခဲ့ပြီး မေ့ပျောက်ချင်ခဲ့မိသည်။ သို့သော်လည်း ချိုက်ချင်က ကိုယ်ဝန်ရသွားခဲ့၍ မွေးလာမည့်ကလေးအတွက် ကုန်ကျစရိတ်များအားလုံးကို ထပ်မံလိုအပ်လာပေတော့မည်ဖြစ်သည်။ ထိုကိစ္စက သူ့ကို ခက်ခဲသည့်အခြေအနေသို့ ပို့ဆောင်ပေးနေ၏။
မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်ပြီး တစ်အိမ်လုံးကိုလုပ်ကျွေးနေရသူအနေဖြင့် အကျပ်အတည်းပြဿနာများကို သူ့မိန်းမနှင့် ကလေးအား မပြောပြနိုင်ခဲ့ပေ။ ကံကောင်းသည်က ယင်းမင်ကျန်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်လုပ်ခဲ့သော စာချုပ်စာတမ်းများမှ ဗီလာအိမ်ကြီးဝယ်နိုင်သည်အထိ ပိုက်ဆံရှာနိုင်ခဲ့၍ သူ့အကူအညီဖြင့် သေချာပေါက် ပိုက်ဆံပြန်ရနိုင်ချေရှိ၏။
“ရတာပေါ့ ဦးလေး...”
“ဘယ်သူ့ကိုမှ မပြောနဲ့နော်...”
ရှုကျွင်းက ပြောလိုက်သည်။
ယင်းမင်ကျန်းက ခေါင်းညိတ်ပြသည့်အခါမှ ရှုကျွင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
ရှုနဉ်က ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ကို စားပွဲဆီသို့ ခေါ်လာခဲ့သည်။ သူတို့က ကိတ်မုန့်လည်း ယူလာခဲ့ပြီး ရှုနဉ်၏ မွေးနေ့လက်ဆောင်အတွက် လျှပ်စစ်နာရီကိုလည်း အတူတူပေါင်းပြီး ဝယ်လာပေးခဲ့ကြသည်။ ရှုနဉ်က ချက်ချင်းပတ်ကြည့်ပြီး သူကြိုက်နှစ်သက်ကြောင်းကို ပြောလိုက်သည်။
ယင်းမင်ကျန်းက သူ့ပန်းကန်ပြားနှင့် ပြန်လာသည်။ ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ဆီမှ လက်ဆောင်ကို ရှုနဉ် လက်ခံနေကြောင်းတွေ့သောအခါတွင် သူ နှုတ်ခမ်းစူလိုက်ပြီး ထောင့်တစ်နေရာတွင် တိတ်တဆိတ်ထိုင်လိုက်သည်။
ထင်ထားသည့်အတိုင်း သူ့လက်ဆောင်ကသာ အငြင်းခံခဲ့ရခြင်းဖြစ်သည်။
ယင်းမင်ကျန်းက အရံဟင်းတစ်ချို့ကို ဝမ်းနည်းစွာဖြင့် စားနေသည်။
“ဒါကို မစားနဲ့ ကောင်းတာတွေ စားလေ လာစမ်းပါ ဒီမှာ မန်တစ် ပုစွန်...”
ရှုနျဉ်က လက်ကမ်းလာပြီး သူ့ပန်းကန်လုံးထဲသို့ အဖြူရောင်အသားများကို ထည့်ပေးလာသည်။
ယင်းမင်ကျန်းက မော့ကြည့်လိုက်သောအခါတွင် ရှုနဉ်၏ တောက်ပသောအပြုံးလေးကိုတွေ့ရသည်။ သူ့နှလုံးသားထဲက ဝမ်းနည်းမှုများက အနည်းငယ်ဆေးကြောသန့်စင်ပြီးဖြစ်သွားရ၏။
ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က မန်တစ်ပုစွန်ကိုသာ ဦးတည်စားနေကြသည်။ နှစ်ယောက်လုံး၏ ပန်းကန်ထဲတွင် ပုစွန်များနှင့် ပြည့်နှက်နေပြီး လပိုင်းအတော်ကြာ မစားထားရသကဲ့သို့ အငမ်းမရ စားသောက်နေကြသည်။
ရှုနဉ်ထည့်ပေးသော ပန်းကန်လုံးထဲမှ ပုစွန်များကို စားပြီးနောက်တွင် ယင်းမင်ကျန်းက ရပ်လိုက်သည်။
ယင်းမင်ကျန်းက တီးတိုးပြောလာသည်။
“ငါ အခွံဘယ်လိုခွာရမလဲ မသိဘူး...”
“အိုး ငါသင်ပေးမယ်...”
ယင်းမင်ကျန်း၏ မိသားစုက အလွန်ဆင်းရဲခဲ့ကြောင်းကို ရှုနဉ်က ရုတ်တရက် သတိရသွားသည်။ ကျိုးကျွမ်က အသားငါးများကို ဝယ်ကျွေးခြင်း မရှိခဲ့၍ ပင်လယ်စာများကိုလည်း သေချာပေါက် ဝယ်ကျွေးမည်မဟုတ်ချေ။ ဗီလိန်လေးက ဂုဏ်သိက္ခာရှိပြီး အရမ်းလည်း စကားမများပေ။ အကူအညီလည်း တောင်းလိမ့်မည်မဟုတ်။
သူ့နှလုံးသားထဲတွင် သနားကြင်နာမှုများက ပြည့်တက်လာရသည်။ ရှုနဉ်က ယင်းမင်ကျန်းကို ပုစွန်နခွာပုံခွာနည်းအား ဂရုတစိုက် ပြသလိုက်သည်။ ထို့နောက် သူက စားပွဲပေါ်မှ ဂဏန်းများကိုယူလိုက်ကာ မေးသည်။
“ဒါကို ဘယ်လိုစားရမလဲသိလား...”
ယင်းမင်ကျန်းက ခေါင်းခါသည်။
“ငါသင်ပေးမယ်...”
ရှုနဉ်က တစ်ခုချင်းစီ ခွာပြလိုက်သည်။
ဂဏန်းများကို စိတ်ပါလက်ပါဖြင့် နွှင်ပေးနေကြောင်းကို ယင်းမင်ကျန်းတွေ့သောအခါတွင် သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုများက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားရပြီး နွေးထွေးသည့် ပျော်ရွှင်မှုများက အစားထိုးနေရာယူသွားရသည်။
စိတ်လိုက်မာန်ပါပြုလုပ်တတ်သည့်အတွေးက သူ့ခေါင်းထဲသို့ ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့အတွက် ပုစွန်အခွံနွှာပေးသူကို ရှုနဉ်သာ ဖြစ်စေချင်သည်။ ရှုနဉ်ကို သူ့တစ်ယောက်တည်းကိုသာ ကြည့်စေချင်သည်။ အရာအားလုံးနှင့်ပက်သက်ပြီး သူ့အနားမှာသာ ရှုနဉ်ကို လည်ပတ်နေစေချင်သည်။
ထူးဆန်းသည့်အတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။ သူလုံးဝ မထိန်းချုပ်နိုင်တော့ချေ။
ပုစွန်အခွံခွာရခြင်းက သူ့အတွက် သင်ယူရမခဲယဉ်းသော်လည်း…
“လုပ်တတ်ပြီလား...”
ယင်းမင်ကျန်းက ခေါင်းခါလိုက်သည်။
ထို့နောက် ရှုနဉ်က သူ့ကို ပုစွန်နှင့် ဂဏန်းများ ခွာပေးပြန်သည့်အတွက် အာရုံစိုက်၍ စောင့်နေလိုက်သည်။
ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က ၎င်းကိုတွေ့သွားကြပြီး အချင်းချင်းကြည့်လိုက်ကြသည်။
“ငါ့ကိုလည်း ပုစွန်အခွံခွာပေး...”
“ငါ့ကိုလည်း ဂဏန်းခွာပေး...”
သူတို့နှစ်ယောက်က ပုစွန်နှင့် ဂဏန်းများကို အချင်းချင်းခွာပေးနေကြသည်။ ထို့နောက် သူတို့က ယင်းမင်ကျန်းအတွက် ရှုနဉ်လုပ်ပေးသလို တစ်ယောက်အတွက် တစ်ယောက် အသားများ ထည့်ပေးနေကြသည်။
ရှုနဉ်က ပုစွန်အခွံကို သူတို့ဆီသို့ ပစ်ပေါက်လိုက်သည်။ “လာမရှုပ်ကြနဲ့...”
သုံးယောက်လုံး ဟားတိုက်၍ ရယ်မောကြလေသည်။
“ချီးပဲ...”
ဝမ်ရှန်ရှန်က ရုတ်တရက် ထအော်သည်။
“ဘာလဲ ဘာလို့ ထအော်တာလဲ...”
လုံချောင်က မျက်လုံးလှန်ကြည့်သည်။
ဝမ်ရှန်ရှန်က ပြောသည်။
“ငါတို့ ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ် ဒီလိုမျိုးက WeChatမှာ တင်သင့်တယ်လေ...”
လုံချောင်က ကင်းမွန်ကို လက်ထဲမှလွှတ်လိုက်ပြီး နှုတ်ခမ်းတစ်ဝိုက်က အဆီများကို သပ်လိုက်သည်။
“ချီးပဲ မင်းဘာလို့ ခုနက မပြောတာလဲ မြန်မြန်လုပ် ဓာတ်ပုံရိုက်ကြရအောင်...”
“ဒီကိုလာ ဒီကိုလာ ဓာတ်ပုံရိုက်မယ်...”
ဝမ်ရှန်ရှန်က သူ့ဖုန်းကို ကိုင်ထားသည်။
ချိုက်ချင်က သူတို့၏ စနောက်ပုံများကြောင့် ပျော်ရွှင်ပြီး ရယ်မောနေသည်။
ရှုနဉ်က ရွေးချယ်စရာမရှိ၍ သူတို့နှင့်အတူ လိုက်လုပ်ရသည်။
“ရပြီ ရပြီ ရပြီ ငါတို့ ဓာတ်ပုံ နည်းနည်းရိုက်ကြမယ်...”
သူတို့အားလုံး အတူတူစုပြီး ဓာတ်ပုံရိုက်လိုက်ကြသည်။ ဓာတ်ပုံပေါင်းများစွာ ရိုက်ပြီးနောက်တွင် ဝမ်ရှန်ရှန်က ပုံများအားလုံးကို ပို့ပေးလိုက်သည်။ ယင်းမင်ကျန်းက ဓာတ်ပုံများကို သူ့ဖုန်းထဲတွင် သိမ်းထားလိုက်သည်။ သူအိမ်ပြန်ရောက်သောအခါတွင် လက်ပ်တော့ထဲရှိ ဖိုင်ထဲတွင် သိမ်းထားမည်ဖြစ်သည်။
အားလုံးစားသောက်ပြီးနောက်တွင် ကိတ်ခွဲရမည့်အချိန်သို့ရောက်လာခဲ့သည်။
လုံချောင်က ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်တစ်ချို့ကို ထွန်းညှိလိုက်သည်။ ထို့နောက် သူက ကိတ်ပေါ်တွင် တစ်နှင့်လေးပုံစံဖယောင်းတိုင်ကို တင်လိုက်ကာ ပြောသည်။ “ဆုတောင်းတော့ ဆုတောင်းတော့...”
ရှုနဉ်က သူ့ခေါင်းပေါ်တွင် သရဖူကိုဆောင်းထားလျက် မျက်စိမှိတ်လိုက်သည်။ အားလုံးက မွေးနေ့သီချင်းဆိုနေကြသောအချိန်တွင် သူက တောင်းဆုသုံးခုကို စိတ်ထဲထည့်ထားသည်။ ထို့နောက် ဆုတောင်းပြီးသောအခါတွင် ပါးဖောင်း၍ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။
“ရှုကော ဘာဆုတောင်းခဲ့လဲ...”
လုံချောင်က စပ်စုပြီး မေးလာသည်။
ဝမ်ရှန်ရှန်က သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“မေးလိုက်ရင် ဆုတောင်းမပြည့်တော့ဘူးလေ...”
ရှုနဉ်က ထောင့်တစ်နေရာတွင်ထိုင်နေသော ဗီလိန်လေးကိုကြည့်ပြီး ပြုံးလိုက်သည်။
“မပြောပြဘူး...”
သူတို့အားလုံး ပျော်ပါးပြီးကြသည်နှင့် အိမ်သို့ အတူပြန်လာကြသည်။ လုံချောင်က ရှုနဉ်၏မိသားစုများနှင့်အတူ လိုက်ပါလာသည်။ ဝမ်ရှန်ရှန်က အိမ်သို့ တက်စီငှားပြန်လိုက်သည်။
မွေးနေ့ပွဲပြီးဆုံးသောအခါတွင် ရှုနဉ်က ပြတင်းပေါက်အပြင်မှ မှိတ်တုတ်မှိတ်တုတ်အလင်းရောင်များကို ပြုံး၍ ကြည့်လိုက်သည်။
ဗီလိန်လေးကို ဝေ့မိသားစုဆီပြန်သွားပြီး ပျော်ရွှင်တဲ့ဘဝမှာ နေစေချင်တယ်...
မာမားကို ဘာအခက်အခဲမှမရှိပဲ ကလေးမွေးစေချင်တယ်...
ငါ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို ပျော်ရွှင်ကျန်းမာတဲ့ဘဝမှာ နေစေချင်တယ်...
အချိန်ခဏကြာသောအခါတွင် ချိုက်ချင်က တစ်ခုခုမှားနေကြောင်းကို သတိပြုမိလာသည်။
ယင်းမင်ကျန်းက ခါးစည်းဖုံးဝတ်ဆင်ထားပြီး အသီးအရွက်များကိုလှီးလျက် အလုပ်ရှုပ်နေ၏။ ချိုက်ချင်က ပုံမှန်အတိုင်း ရှုနဉ်၏အခန်းထဲသို့ ဝင်ထွက်သွားလာကြည့်လိုက်သောအခါ မှတ်စုစာအုပ်ထဲတွင် စာရေးနေကြောင်းတွေ့လိုက်ရသည်။
သူမ အခန်းထဲမှ လျင်မြန်စွာထွက်၍ မီးဖိုခန်းထဲသို့လျှောက်သွားလိုက်သည်။ ထို့နောက် ခဏတုံ့ဆိုင်းနေပြီးမှ မေးလာသည်။
“မင်ကျန်း အိမ်စာမလုပ်ဘူးလား...”
ယင်းမင်ကျန်းက တောင့်ခနဲဖြစ်သွားရသည်။ ထို့နောက် သူက အမှုမထားသလိုဖြင့် ပြောလိုက်သည်။
“ကျွန်တော် လုပ်ပြီးသွားပြီ...”
အမှန်တွင်မူ သူစပင် မစရသေးချေ။
ရှုနဉ်က ဗီလိန်လေး၏အဆင့်များကို ယခင်ကထက် တိုးတက်စေချင်သည်။ သို့သော်လည်း ဗီလိန်လေးက ကုဒ်များရေးပြီး စတော့များကုန်သွယ်လျက်ဖြင့် ယွမ်မီလီယံပေါင်းများစွာကို ရရှိနိုင်ကြောင်း သူသိခဲ့သည်။ ထို့ကြောင့် သူက ဗီလိန်လေးကို အိမ်စာလုပ်ခိုင်းရန် လက်လျှော့ခဲ့သည်။ နောက်ဆုံးတွင် ဗီလိန်လေးလိုလူမျိုးအတွက် အိမ်စာလုပ်ခြင်းက အချိန်ကုန်ရုံသာတတ်နိုင်သည်။
ထို့ကြောင့် ဗီလိန်လေးက ဘယ်တော့မှ အိမ်စာမလုပ်ခြင်းဖြစ်သည်။
သူတို့၏ ဆရာမများနှင့် အတန်းဖော်များအားလုံးက နေသားကျနေသည့်အတွက်ကြောင့် မည်သူမှ နားပူနားဆာမလုပ်ကြပေ။
သို့သော်လည်း ချိုက်ချင်ကတော့ သဘောမတူချေ။
ယင်းမင်ကျန်းက ငွေကြေးဖလှယ်ပြီး စီးပွါးရှာနိုင်ကြောင်း သူမ သိထားသော်လည်း သူမသိထားသည့် ပမာဏက ထိုမျှလောက်သာဖြစ်သည်။ သူမ၏စိတ်ထဲတွင် အသက် ၁၅ နှစ်အရွယ်ကလေးက အိမ်စာလုပ်ရမည်သာဖြစ်၏။
ယခုပိုက်ဆံရှာနိုင်တယ်ဆိုသော်လည်း နောက်ပိုင်းပိုက်ဆံရှာနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
“တကယ်လား...”
ချိုက်ချင်က မယုံပေ။
“အန်တီ့ကို ပြပါဦး...”
ယင်းမင်ကျန်းက နှုတ်ဆိတ်နေသည်။
သူ့မျက်နှာထားကိုတွေ့သောအခါ အိမ်စာမလုပ်ရသေးမှန်း ချိုက်ချင်သိသွားသည်။ သူမက တည်ကြည်စွာဖြင့်ပြောသည်။
“သားအိမ်စာကိုပဲ လုပ်ပါ...”
သူမက ယင်းမင်ကျန်းကို မီးဖိုခန်းထဲမှ ခေါ်ထုတ်လိုက်သည်။
သူမက ကိုယ်ဝန်ရှိနေသည့်အတွက်ကြောင့် ယင်းမင်ကျန်းက သူမကို မငြင်းဆန်နိုင်ဘဲ မီးဖိုခန်းသုံးဓားကို တိတ်တဆိတ်ချလိုက်ကာ ခါးစည်းဖုံးကိုချွတ်၍ အိပ်ခန်းထဲသို့ ပြန်သွားသည်။
ရှုနဉ်က သူပြန်လာသည်ကိုတွေ့သောအခါ ကြိတ်ရယ်လိုက်သည်။
“ဘာလဲ နှင်ထုတ်ခံလိုက်ရတာလား...”
ယင်းမင်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“အန်တီက ငါ့ကို အိမ်စာလုပ်ခိုင်းဖို့ပြောလို့...”
ရှုနဉ်က သက်ပြင်းချလိုက်သည်။
“ဒါဆိုလည်း လုပ်ပေါ့...”
ခဏလ တုံ့ဆိုင်းပြီးနောက် ရှုနဉ်က ပြောလာသည်။
“အိမ်စာမလုပ်ချင်ဘူးဆိုရင် စာမေးပွဲအမှတ်တွေတက်အောင်လုပ်ပေါ့...ဆရာမတွေကို ကိုယ့်ဘာသာ အမှတ်များအောင် လုပ်နိုင်တယ်လို့ပြောပေါ့ ချိုက်ချိုက်ကို ယုံကြည်အောင်လုပ်ပေးဖို့ ငါမင်းကို ကူညီပေးနိုင်တယ်... သူကျောင်းကိုသွားကြည့်ရင် မင်းအိမ်စာလုပ်တယ်ဆိုတာကို သိမှာပဲ အဲဒီလိုဆိုရင် ချိုက်ချိုက်လည်း အေးဆေးနေလို့ရပြီ ဆရာမတွေလည်း စိတ်သက်သာရာရတာပေါ့...”
ထိုသည်က ရှုနဉ် ယခင်ကတည်းက တွေးထားခဲ့ဖူးသည့် အတွေးပင်ဖြစ်သည်။
ဗီလိန်လေးက ယခုချိန်၌ အိမ်စာလုပ်စရာမလိုသလို အတန်းတက်စရာလည်း မလိုပေ။ သူက ကျောင်းတွင် အချိန်ကုန်ဆုံးနေခြင်းဖြစ်၏။
သို့သော်လည်း ဝေ့မိသားစုက သူအိမ်စာမလုပ်ဘဲ အဆင့်များ မကောင်းလျှင် သဘောကျမည်မဟုတ်ပေ။ သူ့ကို အသိညဏ်နည်းပါးသည့် ပညာမတတ်သူဟု ထင်ကြလိမ့်မည်။
လေးစားစရာကောင်းသည့် စံနှုန်းများဖြင့်သာ ကြီးပြင်းလာကြသော ဝေ့မိသားစုက ပညာတစ်ပိုင်းတစ်စနှင့် ထွက်လာသူအား သူတို့၏ အမွေစားအမွေခံအဖြစ် လက်ခံလိမ့်မည်မဟုတ်ချေ။
အဆင့်မကောင်းခြင်းက ဗီလိန်လေးအတွက် အဟန့်အတားဖြစ်နိုင်သည်။ ယခုဆို ချိုက်ချင်က ဗီလိန်ကို အိမ်စာလုပ်ခိုင်းထားသည့်အတွက်ကြောင့် သူ့ကို စာမေးပွဲတွင်လည်း ကောင်းမွန်စွာဖြေဆိုနိုင်ရန် ယုံကြည်အောင်ပြောဆိုရမည်သာဖြစ်သည်။
“တကယ်လား...”
ယင်းမင်ကျန်းက မယုံကြည်ပေ။
“ကျောင်းက တကယ် ငါအိမ်စာမလုပ်တာကို လက်ခံမှာလား...”
ရှုနဉ်က စတင်၍ ရင်တုန်လာရသော်လည်း တည်ကြည်စွာနေ၍ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျောင်းက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အရေးမကြီးပေ။ ယခုချိန်တွင်မူ ဗီလိန်လေးကို အဆင့်တက်နိုင်ရန် လှည့်စားရမည်သာဖြစ်သည်။
ယင်းမင်ကျန်းက ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက် သူက လက်ပ်တော့ပ်ကို ဘေးဖယ်၍ ဖတ်စာအုပ်ကို ထုတ်လိုက်သည်။
သူက စာအုပ်ကို အလွန်လျင်မြန်စွာဖြင့် လှန်ကြည့်နေပြီး သူ့အတွက် စာတစ်အုပ် ပြီးဆုံးရန် အချိန်များများစားစားမလိုပေ။
ရှုနဉ်က တွေးလိုက်သည်။
ငါညွှန်းတမ်းစာအုပ်တွေကို ပိုဝယ်ဖို့လိုနေပြီ… ပြီးတော့ ဗီလိန်လေးနဲ့ အတူစာဆက်လုပ်လို့ ရမှာမဟုတ်တော့ဘူး…
သူက ချက်ချင်းတုံ့ပြန်လိုက်သည်။
နောက်တစ်နေ့တွင် သူက ဗီလိန်လေးကို ရှင်းဟွာစာအုပ်ဆိုင်သို့ခေါ်သွားပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
“မင်းလိုချင်တာရွေးလိုက် ငါဝယ်ပေးမယ်...”
ယင်းမင်ကျန်းက သူ၏ဂုဏ်ယူနေသောမျက်နှာထားကိုကြည့်၍ အနည်းငယ် ပြုံးလိုက်သည်။
တစ်နာရီခွဲကြာသောအခါ ယင်းမင်ကျန်းက စာအုပ်ဒါဇင်လိုက်ကြီးယူ၍ ကောင်တာသို့သွားသည်။
ရှုနဉ်က သူ့ကို ဘေးသို့ပို့၍ ဖုန်းထုတ်ပြီး ရှင်းရန်လုပ်လိုက်သည်။ ဗီလိန်လေး၏ရှေ့တွင် အနည်းငယ်ထုတ်ကြွားနိုင်ပြီဟု သူထင်နေမိသည်။
စာအုပ်များအားလုံးကို အိမ်သို့သယ်လာပြီးနောက်တွင် ဗီလိန်လေးက ထိုင်ခုံတွင်ထိုင်၍ စတင်ဖတ်တော့သည်။ သူက စာအုပ်တိုင်းကို သေချာဂရုတစိုက်ဖတ်နေသည်။
ဗီလိန်လေး စာကြိုးစားနေကြောင်းကို ရှုနဉ်တွေ့သောအခါတွင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ချိုက်ချင်က ကိုယ်ဝန်ရှိနေသည့်အတွက်ကြောင့် ရှုနဉ်က ဘာသာပြန်သည့်အလုပ်ကို ရပ်နားလိုက်သည်။ ထိုအစား သူအိမ်စာလုပ်ပြီးသည်နှင့် ချိုက်ချင်ကို အိမ်အလုပ်များ ကူလုပ်ပေးသည်။ ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က ပန်းကန်များဆေးပြီး အိမ်ရှင်းကာ အဝတ်လျှော်သည့်အလုပ််များကို ကူလုပ်ပေးကြသည်။ ချိုက်ချင်က သူမ၏ လိမ္မာသောသားနှစ်ယောက်ကိုကြည့်၍ ပျော်ရွှင်စွာဖြင့် ဗိုက်ကို ပွတ်သပ်နေသည်။
ချိုက်ချင်အတွက် ပိုပြီးအဆင်ပြေစေရန် ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က ဈေးလည်းဝယ်ပေးကြသည်။ ကျောင်းဆင်းသည်နှင့် ချက်ချင်း စူပါမားကတ်သို့သွားကာ အိမ်ပြန်ရောက်လာသောအခါ ညစာချက်စားသည်။
ချိုက်ချင်က သဘောမတူပေ။ သူတို့နှစ်ယောက်က ပြောသည်။
“မာမား ကျွန်တော်တို့ ညစာစားပြီးရင် အိမ်စာလုပ်လို့ရပါတယ်...”
ချိုက်ချင်က သူတို့၏ပညာရေးနှင့်ပက်သက်ပြီး အရေးကြီးသည့်အရာများကို သေချာလုပ်ထားခဲ့သည်။ ကောင်လေးများက အဆင့်ကောင်းကောင်းရရန်လိုအပ်ပြီး အခြားကိစ္စများကို မလုပ်သင့်ပေ။ သူမက သူမကိုယ်တိုင် ညစာချက်စားမည်ဟု တွန်းအားပေးပြောဆိုခဲ့သည်။
ရှုနဉ်က ဘာပြောပြော သူမကို ယုံကြည်အောင်မလုပ်နိုင်ချေ။ ထိုညက ယင်းမင်ကျန်းက ပါပါးရှုကို တစ်ခုခုပြောခဲ့၍ ပါပါးရှုက တစ်ညလုံး ချိုက်ချင်ကို ဖျောင်းဖျခဲ့သည်။ ပါပါးရှုနှင့် ယင်းမင်ကျန်းတို့က ဤရက်ပိုင်း သီးသန့်စကားပြောလေ့ရှိကြပြီး သူတို့က အလွန်လျှို့ဝှက်တတ်လာကြသည်။ ရှုနဉ်ပင် သူတို့အချင်းချင်း ဘာပြောနေသည်အား မသိချေ။
သူတို့နှစ်ယောက်က ဈေးဝယ်၍ ဟင်းချက်ကာ ပန်းကန်များဆေးပြီး ကြမ်းတိုက်ကြသည်။
ထိုသို့ဆိုလျှင်ပင် ရှုနဉ်က ချိုက်ချင် အိမ်တွင်တစ်ယောက်တည်းနေနေစဥ် မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်နေမိသည်။ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်က တစ်ခုခုနှင့် တိုက်မိ၊ ဆောင့်မိလျှင် တစ်ခုခုချွတ်ယွင်းသွားနိုင်သည်။ ပါပါးရှုကလည်း အလုပ်ကြိုးစားနေရသည့်အတွက်ကြောင့် အိမ်ပြန်နောက်ကျတတ်သည်။ သူနှင့် ယင်းမင်ကျန်းကလည်း ကျောင်းသွားရန် လိုအပ်သည်။ သူတို့က အစောကြီးထွက်သွားကြပြီး နောက်ကျမှ ပြန်ရောက်တတ်ကြ၍ နေ့အချိန်တွ
င် ချိုက်ချင်က အိမ်တွင် တစ်ယောက်တည်းရှိနေတတ်သည်။
ရှုနဉ်က မျက်မှောင်ကြုတ်လိုက်သည်ကို ယင်းမင်ကျန်း သတိထားမိသွားသဖြင့် စိတ်ပူပူဖြင့် မေးလိုက်သည်။
ရှုနဉ်က သူစိတ်ပူနေသည့်အကြောင်းကို ပြောပြလိုက်သည့်အခါ ယင်းမင်ကျန်းက စိတ်ထဲတွင် မှတ်ထားလိုက်လေသည်။