အပိုင်း ၆၂
Viewers 11k

Chapter 62

သူက တစ်ကမ္ဘာလုံးရဲ့အချစ်နဲ့ထိုက်တန်တယ်



နောက်တစ်နေ့ညတွင် သူတို့မိသားစု စားသောက်နေကြစဉ် တံခါးခေါက်သံကြားလိုက်ရသည်။


ရှုနဉ် တံခါးသွားဖွင့်လိုက်သောအခါတွင် အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရှိသော အမျိုးသမီးတစ်ယောက်က အပြင်ဘက်တွင် ရပ်နေကြောင်းကိုတွေ့ရသည်။ သူမတွင် ရိုးသားသည့် အသွင်အပြင်ရှိပြီး ညင်သာသည့် ပင်ကိုစရိုက်ရှိသည်။


“ဘယ်သူများလဲ...” 

ရှုနဉ်က သူမကို လမ်းပျောက်လာသူဟု ထင်လိုက်မိသည်။


“ကျွန်မနာမည်က ချန်းရှုဖန်ပါ ဟယ်မိန်အိမ်မှုကိစ္စထိန်းသိမ်းမှုဌာနက ဝန်ထမ်းပါ လူငယ်လေးယင်းက အိမ်အကူအဖြစ် ငှားရမ်းထားလို့ပါ...” 

ထိုအမျိုးသမီးက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “ဒါက လူငယ်လေးယင်းရဲ့ အိမ်ဟုတ်ပါသလား...”


ရှုနဉ်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူက လျင်မြန်စွာဖြင့် ပြန်ပြောလိုက်သည်။ 

“အာ ဟုတ်ပါတယ်...”


“ဝင်လာပါ အဒေါ်ချန်း...” 

ယင်းမင်ကျန်းက အသံကြားသောအခါ တံခါးနားကိုရောက်လာပြီး ရှုနဉ်ကိုပြောလိုက်သည်။ 

“ကျွန်တော် အိမ်အကူငှားထားတာပါ ကျွန်တော်တို့ ကျောင်းသွားရင် သူက အန်တီချိုက်ကို ကြည့်ပေးလိမ့်မယ်...”


ရှုနဉ်: “...”


ချိုက်ချင်ကလည်း ထမင်းစားစားပွဲမှ ထရပ်လိုက်သည်။ ယင်းမင်ကျန်းက အိမ်အကူရှာတွေ့ထားကြောင်း သိသောအခါတွင် ထိတ်လန့်သွားရ၏။ 

“မဟုတ်တာ မဟုတ်တာ မဟုတ်တာ ငါ့အတွက် အိမ်အကူမလိုပါဘူး…”


သူမက အလုပ်လုပ်သည့် အမျိုးသမီးဖြစ်ခဲ့ဖူးသည်။ အခုတွင်မူ သူတို့က သူမကို အဖော်ပြုပေးရန် အိမ်အကူငှားထားကြ၍ ၎င်းက လုံးဝ မလိုအပ်သည့်ကိစ္စရပ်ပင်ဖြစ်ပေသည်။ သူမက ချမ်းသာသည့် အမျိုးသမီးလည်း မဟုတ်ပေ။


ရှုနဉ်က အဒေါ်ချန်းကို ပေးဝင်လိုက်သည်။ 

“မာမားကလည်း သူက ဒီအထိတောင်လာပြီးနေပြီပဲ ထားလိုက်ပါတော့...”


သူလည်း ချိုက်ချင်အတွက် အိမ်ဖော်ငှားရမ်းရန် တွေးနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းမင်ကျန်းက ဦးဆောင်၍လျင်မြန်စွာ လုပ်ဆောင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ရှုနဉ်ထက် ခြေတစ်လှမ်းသာသွားပြန်ပြီဖြစ်၏။


ဗီလိန်လေးက အမှန်တကယ် ကြင်နာတတ်သူဖြစ်သည်။


“တကယ် မလိုပါဘူး...” 

ချိုက်ချင်က ပြောလိုက်သည်။ 


“မိန်းမတော်တော်များများ ကိုယ်ဝန်ရှိလည်း အလုပ်လုပ်နေကြတာပါပဲ ငါ့သူငယ်ချင်းဆို သူကိုယ်ဝန်ရှိတုန်းက အချိန်ပိုတောင်ဆင်းခဲ့တာ မမွေးခင်နှစ်ရက်အလိုထိတောင် အလုပ်မှာပဲရှိနေခဲ့တာ ငါက အလုပ်တောင်မလုပ်တဲ့သူပဲဟာကို မင်းတို့က အိမ်အကူငှားတယ်တဲ့လား မဖြစ်သင့်တာပဲ...”


“မာမားကလည်း သူတို့ကသူတို့... မာမားကမာမားပဲလေ ... သူတို့ ကိုယ်ဝန်ရှိရဲ့သားနဲ့ အလုပ်သွားတာက လေးစားစရာတော့ကောင်းပေမယ့်လည်း ကျွန်တော်တို့ ကလေးကိုလည်း ထည့်တွေးပေးရဦးမယ်လေ... ပြီးတော့ ကိုယ်ဝန်ရှိရဲ့သားနဲ့ အချိန်ပိုတောင်ဆင်းပြီး အလုပ်လုပ်တယ်ဆိုတာက ခန္ဓာကိုယ်အတွက်လည်း မကောင်းသလို ဗိုက်ထဲက ကလေးအတွက်လည်း မကောင်းဘူး... ကိုယ်ဝန်ရှိရှိနဲ့ အလုပ်လုပ်တဲ့သူတွေကလည်း သူတို့လုပ်ချင်လို့ လုပ်တာမဟုတ်လောက်ပါဘူး အလုပ်ကနေ အနားယူဖို့ မဖြစ်နိုင်ကြလို့ပေါ့...“


“ဒါပေမယ့်…” 

ချိုက်ချင်က တုံ့ဆိုင်းနေသည်။ 

“အခုနောက်ပိုင်း မိန်းကလေးတွေ ကိုယ်ဝန်ရှိရက်နဲ့ အလုပ်လုပ်ကြတာက စိတ်အားထက်သန်စရာကောင်းပေမယ့် အလုပ်လုပ်တဲ့ မိန်းကလေးတွေအနေနဲ့ဆိုရင်…”


ရှုနဉ်က ခေါင်းခါလိုက်သည်။ 

“မာမား အဲဒီလိုဆိုးကျိုးတွေကို အဖြစ်မခံပါနဲ့ ကျန်းမာရေးကလည်း ကောင်းတာမဟုတ်ဘူးလေ သေချာအနားမယူရင် အမေနဲ့ကလေးက ဘယ်လိုလုပ် ကျန်းမာမှာလဲ...”


ယင်းမင်ကျန်းက ပြောသည်။ 

“အန်တီချိုက် မိန်းကလေးတွေ ကိုယ်ဝန်ရှိရက်နဲ့ အလုပ်လုပ်ကြတယ်ဆိုတာ စီးပွားရေးကောင်းဖို့အတွက် စိတ်အားထက်သန်နေကြလို့ပါ... လုပ်ငန်းခွင်က အဲဒီလိုမျိုးပဲ တည်ဆောက်ထားတာ မိန်းကလေးတွေကို ကိုယ်ဝန်ရှိရှိနဲ့ အလုပ်လုပ်ခိုင်းတဲ့ ယောက်ျားလေးတွေဆိုတာ သူတို့ဆီက ရသမျှ တန်ဖိုးတွေကို အကုန်ယူဖို့ ကြိုးစားနေတာပဲ... အဲဒါက ခေါင်းပုံဖြတ်အမြတ်ယူတာမျိုးပဲ... မိန်းကလေးအချင်းချင်း ကိုယ်ဝန်ရှိတာကို သိသိနဲ့ အလုပ်လုပ်ခိုင်းတဲ့ သူတွေကတော့ အလုပ်ကြောင့်နဲ့ ကိုယ်ဝန်ရဲ့ အကျိုးသက်ရောက်ပုံတွေကို ချိုးနှိမ်နေတာနဲ့ အတူတူပဲ... သူတို့က အလုပ်သမားအင်အားအတွက် မိန်းကလေးတွေမှာလည်း နေရာရှိတယ်ဆိုတာကို သေချာချင်ကြတာ...”


“ဒါပေမယ့်လည်း အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ အဲဒါက မိန်းကလေးတွေဆီက အကျိုးအမြတ်ယူပြီး ခေါင်းပုံဖြတ်တာပဲ မိန်းကလေးဆိုတာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယှဉ်လိုက်ရင် ယောက်ျားလေးတွေထက် အားနည်းကြတယ်... အဲဒါတောင်မှ ကလေးမွေးဖို့ အန္တရာယ်ကြားကနေ အလုပ်လုပ်ရသေးတယ် ဒါက လုံးဝ မတရားဘူးလေ တခြားသူတွေကို လိုက်ပြီး ဂရုစိုက်မနေသင့်ဘူး...”


“ကိုယ်ဝန်ရှိပြီး အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေကိုကြည့်ပြီး သိမ်ငယ်တယ်လို့ ခံစားပေးစရာလည်းမလိုဘူး... အန်တီက အိမ်မှုကိစ္စကို ကောင်းကောင်းလုပ်တဲ့အတွက်ကြောင့် ဦးလေးကလည်း ဘာမှစိတ်ပူစရာမလိုပဲ သေချာအလုပ်လုပ်နိုင်တယ် အန်တီလည်း အများကြီးလုပ်ပေးပြီးခဲ့ပြီပဲ...”


“ကျွန်တော်တို့မှာလည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ အခြေအနေတွေရှိတာပဲ တစ်ခုခုမှားတာလုပ်ပြီး တရားမဝင်တဲ့လုပ်ရပ်တွေကို လုပ်နေတာလည်းမဟုတ်ဘူး တခြားသူတွေရဲ့အမြင်ကြောင့်နဲ့ ကိုယ့်ကိုယ်ကို အပင်ပန်းမခံသင့်ဘူးလေ...”


သူ့စကားများက ချိုက်ချင်နှင့် ရှုနဉ်ကို မျက်လုံးများ ပြူးကျယ်သွားစေသည်။ ချိုက်ချင်က သူပြောသည်များကိုကြားပြီးနောက်တွင် စိတ်သက်သာရာရသွားခဲ့သည်။ သူပြောသည်က မှန်နေ၏။ ကလေးက အရေးကြီးဆုံးဖြစ်၍ တတ်နိုင်နေသည့်အချိန်တွင် အိမ်အကူငှားလိုက်သင့်သည်။ 


ရှုနဉ်က ဗီလိန်လေးကို လူမမြင်အောင် လက်မထောင်ပြလိုက်သည်။


ချန်းရှုဖန်းက ဘေးတွင်ရပ်နေပြီး စကားမပြောပေ။ သူမ နေရမည်လား မနေရမည်လားကို သူတို့ ငြင်းခုံနေကြသော်လည်း ကြားဝင်မပြော၍ သူမက အလုပ်လုပ်ရာတွင် တော်ကြောင်းကို ရှင်းလင်းစွာသိနိုင်သည်။


ရှုနဉ် အလွန်စိတ်ကျေနပ်သွားရသည်။



“ဟုတ်ပါပြီ သူ့ကို နေခိုင်းလိုက်ပါ...” 

ချိုက်ချင်က နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။


ရှုနဉ်က မေးသည်။

“လတိုင်း ပေးစရာလိုလား အခုကစပြီး ငါပေးနိုင်ပါတယ်...”


ချန်းရှုဖန်းက ပြုံး၍ပြောသည်။ 

“လူငယ်ယင်းက တစ်နှစ်စာအတွက် ပေးပြီးသွားပါပြီ စိတ်ချပါရှင့်...”


သူ့ကို ပေးရသည့် ပမာဏက အတော်လေးမြင့်မားသည်။ တစ်နှစ်နေပြီးပါက သူမကို ဆက်ထားဦးမလားဆိုတာ သူ့တို့ဆုံးဖြတ်ရမည်ဖြစ်ပြီး ဤအတောအတွင်း သူမက ချိုက်ချင်ကို သေချာဂရုစိုက်လိမ့်မည်သာဖြစ်သည်။


ရှုနဉ်နှင့် ချိုက်ချင်က ယင်းမင်ကျန်းကို တစ်ချိန်တည်းကြည့်လိုက်သည်။


ချိုက်ချင်က နားမလည်ပေ။ 

“ငါလက်မခံနိုင်ဘူး...”


ယင်းမင်ကျန်းက အတင်းပြောသည်။ 

“ကျွန်တော်ခက်ခဲနေတုန်းက အားလုံးက ကူညီပေးခဲ့ကြတယ် ကျွန်တော်ပေးနိုင်တဲ့အချိန်မှာ ပြန်ပေးတာက သဘာဝကျပါတယ်...”


သူ့စိတ်သဘောထားက စစ်မှန်သည်။


ချိုက်ချင်က အလွန်စိတ်လှုပ်ရှားသွားရသည်။


ရှုနဉ် သက်ပြင်းချလိုက်သည်။ 

“မင်ကျန်း မလို…”


ယင်းမင်ကျန်းက ပြောသည်။  

“ငါတို့က မိသားစုတွေပဲလေ ငြင်းစရာလိုလို့လား...”


ထိုစကားတစ်ခွန်းက ရှုနဉ်ကို လုံးဝ ပါးစပ်ပိတ်သွားစေသည်။


ယင်းမင်ကျန်းက သေချာဂရုတစိုက်နှင့် အစီစဉ်ဆွဲထားသည်။ ချိုက်ချင် ကလေးမွေးလာခဲ့လျှင် သူတို့နေနေသည့်အိမ်က လုံလောက်သည့်ကျယ်ဝန်းမှုကို ပေးနိုင်လိမ့်မည်မဟုတ်၍ တတ်နိုင်သမျှ ဗီလာကို ပြုပြင်ဆောက်လုပ်ရလိမ့်မည်ဖြစ်သည်။ ထိုမှသာ မိသားစုတစ်ခုလုံး သက်သောင့်သက်သာဖြင့် နေနိုင်မည်ဖြစ်၏။


ချိုက်ချင်က အိမ်ဖော်နှင့်နေမှ ပို၍ အေးအေးဆေးဆေးနေနိုင်သည်။ ကလေးများလည်း ဟင်းချက်စရာမလိုသလို အိမ်သန့်ရှင်းရေး လုပ်စရာလည်းမလိုပေ။ ထိုအစား သူမက ကလေးများကို စာကျက်ရန်သာ တိုက်တွန်းလေသည်။


သူတို့ အဆင့်ကောင်းကောင်းမရလျှင်မူ အကြောင်းပြချက်ပေးရန် ခဲယဉ်းမည်ဖြစ်၏။


ယင်းမင်ကျန်းက ရှုနဉ်၏ အဆိုပြုချက်ကို ယခုထိ သတိရသေးသည်။ သူ ပိုက်ဆံရှာရန် အလျင်မလိုတော့ဘဲ ထိုအစား စာကျက်ရင်းနှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ သို့သော်လည်း သူဖတ်နေသည့်အကြောင်းအရာအများစုက အင်္ဂလိပ်စာများဖြစ်ကြောင်းကို ရှုနဉ် သတိထားမိသည်။ 


ကျောင်းသွားခြင်းက ဗီလိန်လေးအတွက် အချိန်ကုန်ဆုံးခြင်းသာဖြစ်သည်ဟု ရှုနဉ် ခံစားမိလိုက်သည်။


မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်စာမေးပွဲကို ရောက်ရှိလာခဲ့သည်။


ရှုနဉ်က ယင်းမင်ကျန်းကိုပြောလိုက်သည်။ 

“မင်ကျန်း ချိုက်ချိုက်က အခု ကိုယ်ဝန်ရှိနေတာ ဒီတစ်ခေါက်တော့ သူပျော်အောင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် လုပ်ပေးလိုက်ရအောင်... ငါတို့ရဲ့ အနာဂတ် ညီမလေး သို့မဟုတ် ညီလေးအတွက်လည်း အတုယူစရာကောင်းအောင်လုပ်ကြတာပေါ့...”


ယင်းမင်ကျန်းက တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူက စာမေးပွဲများအားလုံးကို စိတ်အားထက်သန်စွာဖြင့် ဖြေဆိုခဲ့သည်။ ယခင်ကကဲ့သို့ ကြုံရာအဖြေကို ရွေးချယ်ဖြေဆိုခြင်းမလုပ်တော့ပေ။


နောက်တစ်နေ့တွင် ဆရာမက စာမေးပွဲအမှတ်များက တစ်ယောက်ချင်းစီ ကြေညာပေးသည်။


င်္သချာဘာသာက အမြန်ဆုံး အဆင့်ထွက်ခြင်းဖြစ်၏။ ဒုတိယအမြန်ဆုံးက အင်္ဂလိပ်စာဖြစ်သည်။ အမှတ်များအားလုံးထွက်လာသောအခါတွင် Grade 7 တန်းခွဲ ၃၏ အတန်းပိုင်ဆရာမက အလွန်ပျော်နေတော့၏။


သူမအတန်းထဲမှ ကျောင်းသားနှစ်ယောက်က သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒတွင် အမှတ်အများဆုံးရသည်။


တစ်ချိန်တည်းမှာပင် သူမက အလွန်စိတ်ရှုပ်ထွေးသွားရသည်။ အမှတ်အများဆုံးရသူနှစ်ယောက်က ရှုနဉ်နှင့် ယင်းမင်ကျန်းဖြစ်နေသောကြောင့်ပင်။


ယင်းမင်ကျန်းက သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒတွင်သာ အမှတ်များဆုံးရခြင်းမဟုတ်ပေ။ သူက ဇီဝဗေဒ၊ စာရိတ္တနှင့် သမိုင်းဘာသာတွင်လည်း အမှတ်ပြည့်ရသည်။ ရသစာပေနှင့် အင်္ဂလိပ်စာတွင် အမှတ်ပြည့်မရသော်လည်း အခြားဘာသာများတွင် အမှတ်ပြည့်ရခဲ့သည်။


၎င်းက အလွန်အမင်း ကြောက်လန့်တကြားဖြစ်စရာကောင်း၏။


သုညရခဲ့ဖူးသည့်ကျောင်းသားက ရုတ်တရက်ကြီး အဆင့်တစ်ရခဲ့၍ ၎င်းက အလွန်နာမည်ကြီး ထိုးဖောက်တော့မည့် သတင်းဖြစ်သည်။


ရှုနဉ်၏ ရလဒ်များက အနည်းငယ်နားလည်၍ရသေးသည်။ သူက ပိုကြိုးစားပြီး စာလည်း ပိုလုပ်လာသည်။ သို့သော်လည်း ယင်းမင်ကျန်းကမူ ရုတ်တရက်ကြီး အောက်ခြေအဆင့်မှ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုဖြစ်ရပ်က ကျောင်းသားများကိုသာ မကဘဲ ဆရာမများကိုပင် ထိတ်လန့်သွားစေ၏။


သူတို့ စာမေးပွဲတွင် ခိုးချဖြေဆိုထားကြသည်ဟူသည့် ကောလဟာလကလည်း ပျံ့နှံ့လာသေးသည်။


ထို့ကြောင့် အတန်းပိုင်ဆရာမက ယင်းမင်ကျန်းနှင့် ရှုနဉ်ကို စကားပြောရန် ခေါ်ဆိုခဲ့သည်။


ရုံးခန်းထဲတွင် အတန်းပိုင်ဆရာမက မေးသည်။ 

“မင်းတို့ ခိုးချခဲ့တာလား...”


ရှုနဉ်က ခေါင်းခါလိုက်သည်။ 

“ဆရာမ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသင့်တယ်... ကျွန်တော်နဲ့ ယင်းမင်ကျန်းလိုမျိုး ထူးချွန်တဲ့ကျောင်းသားမျိုးကို ရထားတာ ပုံမှန်ပါပဲ...”


အတန်းပိုင်ဆရာမက သူ့ကို စူးစိုက်ကြည့်လိုက်သော်လည်း ရယ်မောမိသွား၏။


ရှုနဉ်က ပြုံးရယ်လိုက်သည်။ သူက အေးတိအေးစက်နှင့် မာနကြီးသည့်ဗီလိန်လေးကို သူ့ဘေးသို့ဆွဲလိုက်ကာ ဆံပင်များကို ဖွလိုက်သည်။ ဗီလိန်လေးက အားလုံးကို စူးစူးရဲရဲကြည့်နေချိန်တွင် ရှုနဉ်က ပြောလိုက်သည်။ 


“သူများတွေက ကျွန်တော်တို့ကို သံသယဝင်မယ်ဆိုတာကို သိပြီးသားပါ ကျွန်တော်သာဆိုလည်း သံသယဖြစ်မိမှာပဲ ကျွန်တော်တို့ကို ဝေဖန်ဖို့ သီးသန့်ခွဲထုတ်နေတာတော့ မဟုတ်ဘူးမလား...”


သူက ဗီလိန်လေးကြားအောင်ပြောနေခြင်းဖြစ်သည်။ ဗီလိန်လေးကို ထိုကိစ္စနှင့် ပက်သက်ပြီး မကျေမနပ်မဖြစ်စေချင်ပေ။


ရှုနဉ်၏ အမြင်တွင်မူ လူတိုင်းက ခင်မင်ပြီး လက်ခံနိုင်ကြမည်မဟုတ်ဘဲ တစ်ခါတစ်ရံတွင် သံသယဖြစ်တတ်ကြမည်သာ။ သို့သော်လည်း သူတို့က မလိုမုန်းထားဖြစ်နေကြခြင်းမျိုးလည်းမဟုတ်ပေ။ အမှတ်မကောင်းသည့်ကျောင်းသားက ရုတ်တရက်ကြီး အမှတ်ကောင်းလာခြင်းက အထူးအဆန်းကိစ္စပင်ဖြစ်သည်။ သူတို့ ခိုးချသည်ဟု အခြားလူများထင်ကြခြင်းက ကျိုးကြောင်းဆီလျော်သည်။


ရန်လိုသည့်အမြင်ရှိခြင်းက အခြားသူများကို သံသယဝင်စေသည်။ ထိုကဲ့သို့သော ပုံသေအတွေးအခေါ်နှင့် လူများက သူတို့ကိုယ်သူတို့တွန်းအားပေးပြီး လမ်းမှားကိုသွားကြခြင်းက လွယ်ကူလွန်းသည်။ ထို့နောက် မတရားဖြစ်သည်ဟု လူမှူအဖွဲ့အစည်းကို သူတို့ အပြစ်တင်ကြလိမ့်မည်ဖြစ်သည်။


ရှုနဉ်က ထိုဇာတ်လမ်းမျိုးကို အရင်က ကြားဖူးသည်။ အရပ်ပုသည့် လူတစ်ယောက်ရှိခဲ့ဖူးသည်။ သူ့ အရပ်ပုသည့်ကိစ္စကြောင့် လှောင်ပြောင်သရော်ခံရသဖြင့် ထိုကိစ္စနှင့်ပက်သက်လျှင် သူက ဆတ်ဆတ်ထိမခံဖြစ်တတ်သည်။ ထို့နောက် သူက အရပ်ရှည်သည့်ပုံပေါ်အောင် ဆံပင်ထောင်ထောင်ပုံစံ ညှပ်လိုက်၏။


သူဆံပင်ညှပ်ပြီးနောက် ဘတ်စ်ကားမှတ်တိုင်သို့သွားသောအခါတွင် အမျိုးသမီးများက သူ့ကိုကြည့်ကြသည်။ သူအမှန်တကယ် စိတ်တိုသွားရ၏။ ထိုအမျိုးသမီးက သူ့အရပ်ကြောင့် သူ့ကို အထင်သေးကာကြည့်နေသည်ဟုထင်ပြီး ထိုအမျိုးသမီးရှိရာကို လှည့်ကြည့်ကာ ရိုက်နှက်ခဲ့သည်။ အမှန်တွင် အမျိုးသမီးက သူ၏ထူးဆန်းသောဆံပင်ပုံစံကြောင့် ကြည့်နေခြင်းဖြစ်သည်။


၎င်းက ကိစ္စအသေးလေးကို အကြီးကြီးဖြစ်အောင် ပုံကြီးချဲ့သွားကြသည့် အကောင်းဆုံးသောဥပမာပင်ဖြစ်သည်။


တစ်ဖက်လူအပေါ် ရန်လိုခြင်းက အမှန်တကယ် အန္တရာယ်များစေနိုင်သည်။ တစ်ဖက်တွင်လည်း နာကျင်ရစေသည်။ တခြားတစ်ဖက်ကကြည့်လျှင်လည်း တခြားသူများကို နာကျင်ရစေ၏။


ဗီလိန်လေးက သူကြုံတွေ့ခဲ့ရသည့် အနိုင်ကျင့်ခံရမှုများကြောင့် ထိုစိတ်နေသဘောထားဖြစ်နေမည်ကို ရှုနဉ်စိုးရိမ်မိသည်။ သူက တစ်ကမ္ဘာလုံးနှင့် ထိတွေ့ဆက်ဆံရန် အခက်တွေ့မည်ကို ရှုနဉ် စိတ်ပူနေမိသည်။


ထို့ကြောင့် အခြားသူများ၏ ကောင်းခြင်းဆိုးခြင်းကို ထောက်ပြရန် သူလိုအပ်သည်။ ထိုနည်းလမ်းဖြင့် သာ ဗီလိန်လေးက အခြားသူများ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူ့ကိုယ်ပိုင်အသိစိတ်ဖြင့် ထောက်ပြနိုင်မည်ဖြစ်၏။


သူ့ကို အချိန်တိုင်း နှစ်သိမ့်ပေးနေမည့်အစား ဗီလိန်လေးအတွက် ကိစ္စတိုင်းကို အမြင်မှန်မှန်ဖြင့်ကြည့်နိုင်ဖို့က အကောင်းဆုံးဖြစ်သည်။


ရှုနဉ် စကားပြောပြီးသောအခါတွင် အတန်းပိုင်ဆရာမက ခေါင်းညိတ်ပြီး ယင်းမင်ကျန်းကို ပြောသည်။ 

“မင်ကျန်း ဆရာမလည်း မင်းကို သံသယမဝင်ချင်ပါဘူး မင်းက ဒီတစ်ခေါက် အမှတ် အရမ်းများခဲ့တယ်... မင်းအမှတ်တွေကွာခြားပုံက အရမ်းကွာတယ် သံသယမဝင်ပဲနေဖို့က ခက်ခဲလွန်းတယ် အဲဒါကြောင့် ငါမင်းတို့နှစ်ယောက်ကို ဒီကိုခေါ်လိုက်တာ...”


ရှုနဉ်က ပြောသည်။ 

“ဆရာမ ကျွန်တော်တို့ နားလည်ပါတယ် စိတ်မပူပါနဲ့ ကျွန်တော်တို့ မခိုးချပါဘူး... မယုံရင် စာမေးပွဲ ထပ်စစ်လို့ရပါတယ် ကျွန်တော်တို့ ထပ်ဖြေနိုင်ရင် သက်သေပြလို့ ရပြီမလား...”


အတန်းပိုင်ဆရာမက ခဏခန့်ကြောင်သွားကာ ခေါင်းငုံ့ပြီး ခဏတွေးလိုက်သည်။ ၎င်းက အလွန်ကောင်းမွန်သည့် အကြံပင်ဖြစ်၏။


ရုံးခန်းထဲမှထွက်ပြီးနောက် သူတို့နှစ်ယောက်က ဘေးချင်းကပ်လျှောက်လာကြသည်။ ယင်းမင်ကျန်းက ခက်ထန်စွာ ပြောလိုက်သည်။ 

“ငါဘာကိုမှ သက်သေပြစရာမလိုဘူး...”


သူ့မျက်နှာထားက ခက်ထန်အေးစက်နေကာ မနှစ်သက်ခြင်းများနှင့် ပြည့်နှက်နေ၏။ 


ရှုနဉ်က အံ့အားသင့်သွားရသည်။


ယင်းမင်ကျန်း၏ မျက်ဝန်းထဲတွင် အေးစက်မှုတစ်ခု ရှိနေသည်။ 

“ငါခိုးချခဲ့တာမှမဟုတ်တာ ဘာလို့ ပြန်ဖြေရမှာလဲ...”


ရှုနဉ်က ရှင်းပြလိုက်သည်။ 

“အားလုံးက ငါတို့ကို သံသယဖြစ်နေကြတာလေ...”


ယင်းမင်ကျန်းက ရပ်လိုက်သည်။ သူ၏ လှပသောမျက်ဝန်းများက အသူတစ်ရာနက်သည့်ချောက်နှင့် တူနေ၏။ 

“အဲဒီတော့ ဘာဖြစ်လဲ ငါနဲ့ ဘာဆိုင်လို့လဲ...”


“သူများတွေက မင်းကို ပိုပြီး အထင်သေးကြလိမ့်မယ် ဆက်ပြီး သံသယဝင်ပြီး မင်းကို မကောင်းမြင်…”


ယင်းမင်ကျန်းက လှောင်ပြုံးပြုံးလိုက်ကာ လှည့်ထွက်ပြီး ဆက်လျှောက်သွား၏။ 

“ ငါ့ကို သူတို့ကြိုက်သလို မကောင်းမြင်လို့ရတယ် ငါက သူတို့ရဲ့ သောက်ထောက်ခံမှုတွေကိုလည်း မလိုအပ်ဘူး ငါ့ကို ကြိုက်သလောက် သံသယဝင်ပါလေ့စေ သူတို့ကို ဘာမှရှင်းပြနေစရာအကြောင်းမရှိဘူး...”


ရှုနဉ်က သူ့နားထင်ကို ပွတ်လိုက်သည်။ ဗီလိန်လေးက သူ့အတိတ်နှင့်ပက်သက်၍ မလိုမုန်းထားစိတ်များ ရှိနေသေးကြောင်းကို သူသိသည်။


ထိုသို့ဖြစ်နေခြင်းက မကောင်းပေ။ မကျေချမ်းမှုများကို ရင်ဝယ်ပိုက်ထားရခြင်းက သူ့ကို ဖျက်ဆီးသွားနိုင်သည်။


သူက ဗီလိန်လေးကို အမီလိုက်ပြီး အင်္ကျီလက်ကို တင်လိုက်သည်။ 

“မင်ကျန်း ငါပြောတာကို နားထောင်ဦး...”


ယင်းမင်ကျန်းက ရပ်ပြီး သူ့ကိုကြည့်လိုက်သည်။