အပိုင်း ၆၃
Viewers 11k

Chapter 63

သူက တစ်ကမ္ဘာလုံးရဲ့အချစ်နဲ့ထိုက်တန်တယ်




ရှုနဉ်က သူဗီလိန်လေး၏ဘေးတွင် ရပ်နေသောအခါတွင် သူ့ကို မော့ကြည့်နေရကြောင်းကို သတိထားမိသွားသည်။


သူ ရင်တုန်သွားရသည်။

 ဗီလိန်လေးက အရပ်ရှည်လာပြန်ပြီလား...


ထိုအတွေးအမျိုးမျိုးကို ထုတ်ပယ်လိုက်ပြီး ရှုနဉ်က တည်ကြည်စွာဖြင့်ပြောလိုက်သည်။ 

“မင်ကျန်း ဘယ်သူကမှ မင်းကို သံသယဝင်နေတာလည်းမဟုတ်သလို ငြင်းပယ်နေတာလည်းမဟုတ်ပါဘူး... သံသယလေးနည်းနည်းဖြစ်တာနဲ့ သူတို့ကို ပစ်ပယ်ထားမယ်ဆိုရင် မင်းတကယ် အထီးကျန်သွားလိမ့်မယ်...”


ယင်းမင်ကျန်းက မထီမဲ့မြင်စွာပြုံးလိုက်သည်။ “အထီးကျန်တယ်တဲ့လား ငါဒီနှစ်တွေအတွင်းမှာ တစ်ယောက်တည်းပဲနေလာတာ ငါဘယ်သူ့ကိုမှ မလိုဘူး အထီးကျန်မှာလည်းမဟုတ်ဘူး...”


“မင်းတကယ် ဘယ်သူ့ကိုမှ မလိုဘူးလား...”


“မလိုဘူး...”


ရှုနဉ်က သက်ပြင်းချလိုက်သည်။ 

“ငါ့ကိုရော...”


ယင်းမင်ကျန်းက ထိုစကားကြောင့် အလွန်ထိတ်လန့်သွားရ၏။


ကောင်လေးက အဖြူနှင့်အပြာကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့တွင် အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးများရှိ၏။ သူ့ဆံပင်က နက်မှောင်ပြီး ပျော့ပျောင်းကာ အသားအရေက ဖြူစင်သည်။ သူ့မျက်နှာက လုံးဝ အံ့ဩနေကာ အလွန်ချစ်စရာကောင်းနေသည်။


ရှုနဉ်က တမင်တကာ ရှေ့သို့တိုးပြီး မေးလိုက်သည်။ 

“မင်းငါ့ကို မလိုဘူးလား...” 


တစ်ဖက်ကောင်လေး၏ တောက်ပသောမျက်ဝန်းများကို တွေ့သောအခါ ယင်းမင်ကျန်းက သူ့ရင်ခုန်သံများ မြင့်တက်သွားကြောင့် ခံစားမိလိုက်သည်။ သူ့အရှေ့က ဆံပင်ရွှေဝါရောင်နှင့်ကောင်လေးကို အန္တရာယ်ရှိသည့်သားရဲသဖွယ်ကြောက်ရွံ့ပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး နေရခက်စွာဖြင့် အကြည့်များကို လွှဲလိုက်သည်။ 

“မင်းက မတူဘူးလေ ငါမင်းကိုတော့ လိုချင်တယ်...”


ရပ်တန့်ပြီးနောက် သူက တီးတိုးပြောလိုက်သည်။ 

“ငါက မင်းတစ်ယောက်တည်းကိုပဲ လိုချင်တာ...”


ရှက်သွေးဖြန်းမှုများက သူ့နားရွက်ဖျားတွင် မြင့်တက်လာခဲ့သည်။


ရှုနဉ်က သူ၏နီရဲနေသော နားရွက်ဖျားကိုတွေ့သောအခါတွင် ကြိတ်ရယ်လိုက်မိသည်။ သူရုံးခန်းထဲမှထွက်လာသောအခါ ဖြူဆူးလေးများ ထိုးထောင်ထွက်နေသည့် ဖြူငယ်လေးနှင့်တူသည်။


သို့သော်လည်း အခုတွင်မူ ထိုဖြူဆူးလေးများက မရှိတော့ဘဲ အလွန့်အလွန်ချစ်စရာကောင်းနေ၏။ 


ရှုနဉ်က သူ့ပါးကိုဆွဲဖျစ်လိုက်သည်။ 

“ဒါပေမယ့် ငါက မင်းကို ဖယ်ကျဉ်ခဲ့ပြီး မင်းရဲ့မကောင်းကြောင်းတွေကိုလည်း ပြောခဲ့တယ်လေ... ဘယ်လိုလုပ် အခု မင်းက ငါနဲ့ သူငယ်ချင်းဖြစ်လာတာလဲ...”


ယင်းမင်ကျန်းက စိတ်ပျက်အံ့အားသင့်သွားမိသည်။


သူ ရှုနဉ်ကို အလွန်မုန်းခဲ့သည်မှာ မှန်ပေ၏။


သူတို့နှစ်ယောက်က အချင်းချင်း အဆင်မပြေမှုများရှိခဲ့ကြ၏။ အငြင်းပွားမှုဖြစ်ရာမှ ရှုနဉ်က လှေကားပေါ်မှ ပြုတ်ကျလုနီးပါးပင်ဖြစ်ခဲ့ရသည်။


သူတို့ ဘယ်လို သူငယ်ချင်းဖြစ်လာခဲ့တာလဲ...


အမှန်တရားကိုသိရှိသောအခါတွင် ရှုနဉ်က သူ့ကို တောင်းပန်ခဲ့သောကြောင့်ဖြစ်သည်။ သူက ကြင်နာမှုများကို ထပ်ခါတလဲလဲပြသခဲ့ပြီး သူ့ဘဝကိုပင် ကယ်တင်ပေးခဲ့၏။


ထို့ကြောင့် ရှုနဉ်က သူ့အတွက် အရေးပါဆုံးသူဖြစ်လာခဲ့သည်။


ရှုနဉ်က သူနှုတ်ဆိတ်နေကြောင်းကို တွေ့သောအခါတွင် ပြုံး၍ပြောလိုက်သည်။ 

“မင်းရဲ့ပုံစံအရတော့ ငါက မင်းရဲ့ သူငယ်ချင်းမဖြစ်ခဲ့သင့်ဘူး ဒါပေမယ့် အခုတော့ ငါတို့က သူငယ်ချင်းဖြစ်နေကြပါပြီ...”


ယင်းမင်ကျန်း၏မျက်နှာက ပို၍ရှက်သွေးဖြန်းသွားခဲ့သည်။ သူက အဝေးကိုကြည့်၍ ဇွတ်တရွတ်ပုံစံဖြင့် ပြောလိုက်သည်။ 

“ငါက မင်းကို ကြင်ကြင်နာနာနဲ့ အခွင့်အရေးပေးခဲ့လို့ပေါ့...”


ရှုနဉ်က ရှေ့တိုးလာပြီး သူ့ရင်ဘတ်ကို ထိုးလိုက်သည်။ 

“ဒါဆို တခြားသူတွေကိုလည်း အခွင့်အရေးပေးသင့်တာပေါ့ မင်းကို မနာကျင်စေတဲ့သူတွေကိုလည်း သူငယ်ချင်းဖြစ်ဖို့ အခွင့်အရေးပေးလိုက်ပါ…”


ယင်းမင်ကျန်းက သူ့လက်ကိုဆွဲ၍ မျက်ခုံးကို ပင့်တင်လိုက်သည်။ 

“ငါသူတို့ကို အလိုမရှိဘူး မင်းရှိနေသရွေ့ အဆင်ပြေတယ်...”


မင်းတစ်ယောက်တည်းပဲ…


ရှုနဉ်က သူ့နောက်လက်တစ်ဖက်ကိုယူ၍ ခေါင်းကို ပွတ်လိုက်သည်။ 


“ကလေးလေး ငါတစ်ယောက်တည်းကပဲ မင်းရဲ့သူငယ်ချင်းဖြစ်ပေးလို့မရဘူး မင်းနှလုံးသားကိုဖွင့်ကြည့်ပြီး ကမ္ဘာကြီးက ဆိုးတဲ့အရာတွေနဲ့ပဲပြည့်နေတာမဟုတ်ဘူးဆိုတာကို နားလည်လိုက်ပါ... ကောင်းတဲ့အရာတွေလည်း အများကြီးရှိပါသေးတယ် တကယ်လို့ ငါမင်းဘေးမှာမရှိတဲ့တစ်နေ့ကျရင် သူငယ်ချင်းအသစ်တွေရဖို့ မင်းသင်ယူရလိမ့်မယ်...”


ယင်းမင်ကျန်းက သူ့လက်ကို ဆုပ်ကိုင်ထားမှုအား တင်းကျပ်လိုက်ကာ သူ့မျက်နှာက မည်းမှောင်သွားရသည်။ “မင်းက ဘာလို့ ငါ့ဘေးမှာမရှိရမှာလဲ...”


ရှုနဉ်က ထိတ်လန့်သွားမိပြီး ရှင်းပြရန် ကြိုးစားလိုက်၏။

 “ငါပြောတာက တကယ်လို့…”


“တကယ်လို့ဆိုတာမျိုး မရှိဘူး...” 

ဗီလိန်လေးက မျက်မှောင်ကြုတ်ကာ သူ့ကို အလေးအနက်ဖြင့် ကြည့်လိုက်သည်။ 


“ငါ့ကို မစွန့်ပစ်သွားပါနဲ့...”


သူသုံးလိုက်သည့်စကားလုံးက စွန့်ပစ်ခြင်းဖြစ်သည်။


ရှုနဉ်က အဓိကစကားလုံးကို သိသွားခဲ့သည်။ ဗီလိန်လေးအပေါ် ကျိုးကျွမ် ပြုလုပ်ခဲ့သည့်အရာများက ယခုထိ ထင်ကျန်နေကြောင်းကို သိသွားခဲ့သည်။


သူ သက်ပြင်းချ၍ ပြုံးကာပြောလာသည်။ 

“မစွန့်ပစ်ပါဘူး ငါမင်းကို ဘယ်တော့မှ မစွန့်ပစ်ဘူး...”


ယင်းမင်ကျန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး မဝံ့မရဲဖြင့် ပြောလ သည်။ 

“ဒါဆို ငါစာမေးပွဲပြန်ဖြေမယ်... သူငယ်ချင်းရှာဖို့ ကြိုးစားမယ်...”


ရှုနဉ်က ရယ်ချင်စိတ်ကိုထိန်း၍ ခေါင်းညိတ်လိုက်သည်။ “လိမ္မာတယ်...”


ကလေးလေးက ယောက်ျားလေးများကြားတွင် ညဏ်ထက်မြက်သူဖြစ်၏။ သူ ၁၅ နှစ်လုံး ခံစားခဲ့ရသည်များက ယခင်တည်းက အဆုံးသတ်သွားသင့်သည်။ ယခုကစပြီး အားပေးမှုများနှင့်သာ နေသင့်ပြီး အခြားသူများ၏ လေးစားမှုနှင့် ချစ်ခြင်းကို ရရှိသင့်သည်။ 

အငြိုးရှိတဲ့စိတ်နဲ့ တစ်သက်လုံး သူဘယ်လိုနေနိုင်မှာလဲ...


လူအများစုက တစ်ဖက်လူ၏ ကြင်နာမှုနှင့် ကျေးဇူးတရားကို လက်ဝါးကြီးအုပ်ရန်လုပ်တတ်ကြသည်။


ရှုနဉ်က ထိုသို့မဟုတ်ပေ။


ရှုနဉ်က ယင်းမင်ကျန်းအတွက် တစ်ဦးတည်းသော ပြောဆိုဆက်ဆံသူ၊ ဆက်နွှယ်သည့်သူ၊ မှီခိုသည့်သူသာဆိုလျှင် သူ၏ ဖွံ့ဖြိုးကြီးထွားမှုအတွက် ထိခိုက်နစ်နာစေနိုင်သည်။


ယင်းမင်ကျန်းကို တိုးတက်စေချင်လျှင် ကမ္ဘာကြီးက ပေးသည့် ကြင်နာမှုများကို သူ့ကိုခံစားခိုင်းမှဖြစ်မည်။ ကမ္ဘာကြီးက ပိုင်ဆိုင်သည့် အလှတရားများကို သူယူဆောင်ကြည့်မှဖြစ်မည်။ သန်မာအားကောင်းသည့် စိတ်ခံယူချက်ကို ဆောက်တည်ရန် ကူညီပေးမှဖြစ်မည်။ ကမ္ဘာကြီးက သူ့ကိုချစ်ကာ သူကလည်း အပြန်အလှန်အနေနှင့် ချစ်မြတ်နိုးစေချင်သည်။


၎င်းက ယင်းမင်ကျန်း ရသင့်သည့် အချစ်သာဖြစ်ပေသည်။


ကမ္ဘာကြီးတစ်ခုလုံးက ကလေးလေးကို ချစ်မြတ်နိုးပြီး ကလေးလေးကလည်း ကမ္ဘာကြီးကို ချစ်မြတ်နိုးပေးလိမ့်မည်။


သူက တစ်ကမ္ဘာလုံး၏ ချစ်ခြင်းများနှင့် ထိုက်တန်ပေ၏။


နောက်တစ်နေ့တွင် သူတို့ အတန်းပိုင်ဆရာမနှင့် ကျောင်းသားခေါင်းဆောင်က ရှုနဉ်နှင့် ယင်းမင်ကျန်းကို တစ်ခန်းစီ စာမေးပွဲဖြေခိုင်းကြသည်။


ဘာသာတိုင်းကို ပြန်လည်ဖြေဆိုရသည့် စာမေးပွဲဖြစ်၍ သူတို့ဖြေပြီးသည်နှင့် ဆရာမများက ချက်ချင်း အဆင့်သတ်မှတ်ကြသည်။ 


စာမေးပွဲဖြေဆိုလွှာများကို အဆင့်သတ်မှတ်ပြီးသည့်နောက်တွင် ဆရာမများ ထိတ်လန့်သွားကြ၏။ ဓမ္မဓိဠာန်မေးခွန်းများတွင် ရှုနဉ်က နှစ်မှတ်သာလျော့ပြီး ယင်းမင်ကျန်းက အမှတ်ပြည့်ရသည်။ အခြားဘာသာများတွင်လည်း နှစ်ယောက်လုံးက ၉၀ ရာခိုင်နှုန်းနီးပါး မှန်ကန်သည်။


ထို့ကြောင့် နှစ်ယောက်လုံးက ရိုးရိုးသားသားဖြေဆိုပြီးမှ အမှတ်ရကြောင်းကို သက်သေပြနိုင်ခဲ့သည်။ ခိုးချသည်ဟူသော ကောလဟာလက အလိုလို ပျောက်ကွယ်သွားခဲ့၏။


အတန်းပိုင်ဆရာမက ယင်းမင်ကျန်းကို ထပ်ခါတလဲလဲမေးသည်။ 

“မင်ကျန်း မင်းအမှတ်တွေ ဘယ်လိုလုပ် ဒီလောက်မြန်မြန်တက်လာရတာလဲ...”


ယင်းမင်ကျန်းက မျက်ခုံးပင့်လိုက်သည်။ 

“ကိုယ့်ဘာသာ စာလုပ်တာပါ...”


ဆရာမများက သူ့စကားကြောင့် ဆို့နင့်သွားရ၏။


ရှုနဉ်က စကားကို ပြေပြစ်စွာပြောလိုက်သည်။ 

“ဆရာမတို့က ကျွန်တော်တို့ကို သေချာသင်ပြပေးကြလို့ပေါ့ မင်ကျန်းလည်း အရင်က အမှတ်ကောင်းဖူးတယ်လေ... ဒါပေမယ့် သူက အိမ်စာမလုပ်ချင်လို့သာ အမှတ်တွေပြန်နည်းသွားတာ...”


မျက်လုံးများအားလုံးက ရှုနဉ်ဆီသို့ ဦးတည်လာကြသည်။


ဗီလိန်လေး၏ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနှင့် ရှုနဉ်က မောဟိုက်လာရသည်။ 

“တကယ်တော့ ယင်းမင်ကျန်းက တကယ်ပါရမီရှိတာ အခုလက်ရှိသင်ကြားပြသပုံက သူနဲ့ မကိုက်ညီဘူး... သူက အတန်းလည်းတက်စရာမလိုသလို အိမ်စာလည်းလုပ်စရာမလိုဘူးလို့ထင်တယ်...”


ထိုစကားများကိုပြောပြီးနောက်တွင် ဆရာမများ၏မျက်နှာက ချက်ချင်း အောက်သိုးသိုးဖြစ်သွားကြသည်။


ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲမဟုတ်လား...

 သူတို့၏ သင်ကြားမှုက လူတော်တစ်ယောက်၏ ပညာရေးကို မတိုးတက်စေဟု သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်သည်။


ယင်းမင်ကျန်းက ရှုနဉ်၏မျက်နှာကို ငေးကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အပြုံးသကဲ့သို့ ကွေးတက်သွားခဲ့ပြီး ဆရာမများကိုပြောလိုက်သည်။ 

“ကျွန်တော်အတန်းတက်ချင်ပါတယ် အိမ်စာပဲ မလုပ်ချင်တာ...”


သူက ရှုနဉ်နှင့်အတူ အတန်းတက်ချင်သောကြောင့်ဖြစ်သည်။


ဒေါသအကြီးဆုံးဆရာမက အင်္ဂလိပ်စာဆရာမဖြစ်သည်။ ဆရာမကြီးမြဲ့ကြွယ်က သူမကိုယ်သူမ ထိန်းချုပ်ထားသည်။

“ယင်းမင်ကျန်း မင်းအိမ်စာမလုပ်ချင်တာ သေချာလား...”


ယင်းမင်ကျန်းက ခေါင်းညိတ်ပြသည်။


အင်္ဂလိပ်စာဆရာမက သက်ပြင်းချလိုက်သည်။ သူမက ထပ်ပြီး ဒေါသထွက်မိတော့မည်ဖြစ်သည်။ သို့သော်လည်း ယင်းမင်ကျန်းတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သတိရလိုက်ပြီး ဒေါသများကို ပြန်လည်မျိုသိပ်လိုက်လေသည်။


“ကောင်းပြီလေ ဒါမင်းရဲ့ ရွေးချယ်မှုပဲ မင်းတောင်းဆိုမှုကို ငါသဘောတူလိုက်မယ်...”


ထို့နောက် သူမက စိတ်တိုတိုဖြင့် ဟောခန်းထဲမှ ထွက်သွားလေ၏။


ဒေါသကို အထိန်းချုပ်နိုင်ဆုံးက သင်္ချာဆရာမဖြစ်ပြီး သူက ယင်းမင်ကျန်းကို ညင်သာသောလေသံဖြင့်ပြောသည်။ 

“မင်ကျန်း စာမေးပွဲမှာ အမှတ်ကောင်းတာလောက်နဲ့တော့ ဘာကိုမှ သက်သေပြလို့မရဘူး...”


“ဒါဆို သူ့ကို နောက်ထပ်စာမေးပွဲ နည်းနည်းထပ်စစ်လိုက်ပါလား...” 

ရှုနဉ်က ဖြတ်ပြောလိုက်သည်။


သူတို့၏အတန်းပိုင်ဆရာမက စူးစိုက်ကြည့်နေပြီး ဆက်မပြောရန် အချက်ပြလိုက်သည်။


ရှုနဉ်က အတင်းအကျပ်ပြောလိုက်သည်။ 

“မင်ကျန်းက တကယ်မိုက်တယ် ဆရာမ သူ့ကို ယုံသင့်တယ်...”


အတန်းပိုင်ဆရာမက ပြောသည်။ 

“မင်းမိဘတွေကိုပြောတာ အကောင်းဆုံးပဲ နောက်တစ်ခါ မိဘဆရာတွေ့ဆုံပွဲကျရင် မျက်နှာချင်းဆိုင် ဆွေးနွေးကြမယ်...”


ရှုနဉ်က ပြောသည်။ 

“ဟုတ်ကဲ့...”


သူက အိမ်ပြန်ပြီး ချိုက်ချိုက်ကို ဖြားယောင်းရန်တွေးလိုက်သည်။


ထို့နောက် သူက ယင်းမင်ကျန်းကိုဆွဲ၍ ဟောခန်းထဲမှ တစ်ဟုန်ထိုးပြေးထွက်သွားသည်။


ယင်းမင်ကျန်း၏မျက်နှာက အေးစက်နေပြီး စာမေးပွဲပြန်ဖြေရသည်ကို စိတ်မကျေနပ်ပေ။ ဆရာမများ၏ မျက်နှာပုံစံက သူ့ကို ပို၍ဝမ်းနည်းစေသည်။


ရှုနဉ်က သူစိတ်မကောင်းဖြစ်နေကြောင်းကို သတိထားမိသွားသည်။ သူတို့ နည်းနည်းဝေးသည့်နေရာသို့ လျှောက်သွားပြီးလောက်သည့်အချိန်မှ မေးလိုက်သည်။ 

“မင်ကျန်း မင်းအရပ်ရှည်လာတာလား...”


ယင်းမင်ကျန်းက ချက်ချင်းလှည့်ကြည့်သည်။ 

“တကယ်လား...”


ရှုနဉ်က သူ့နားသို့သွား၍ သူ့အရပ်အထိ လက်ကို ပင့်တင်လိုက်သည်။ 

“ငါတို့ အရင်က အရပ်အတူတူပဲလားလို့...”


ဗီလိန်လေးက မျက်ခုံးပင့်ကြည့်သည်။ 

“အရင်တစ်ခေါက်က ငါက မင်းထက် ၃ စင်တီမီလောက် ပိုရှည်တယ်လေ အခုကျတော့…”


သူက လက်ကို ရှုနဉ်၏အရပ်နားမှ သူ့ခေါင်းပေါ်သို့ ပြောင်းကြည့်လိုက်သည်။ 

“ကျစ် ကျစ် အခုတော့ ၁၀ စင်တီမီလောက်ဖြစ်နေလောက်ပြီပေါ့...”


ရှုနဉ်က သူ့ကိုအားပေးဖို့ အာရုံပြောင်းချင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ဗီလိန်လေးက ပျော်နေပြီး သူ မပျော်တော့ပေ။ 


“၁၀ စင်တီမီတာဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး...” 

သူ မျက်မှောင်ကြုတ်၍ အလွန့်အလွန် ဒေါသထွက်နေသည်



သူတို့က နေ့တိုင်းအတူတူရှိနေကြသည့်အတွက် သတိမထားမိခဲ့သော်လည်း အရပ်ကွာခြားမှုက ပိုပို၍ ခြားနားလာခဲ့သည်။


“ကျောင်းဆင်းရင် အရပ်သွားတိုင်းကြည့်ရအောင်” 

ရှုနဉ်က ပြောသည်။


ဗီလိန်လေးက ပခုံးတွန့်လိုက်ပြိီး သူ့နှုတ်ခမ်းက ဘဝင်ခိုက်စွာဖြင့် ကွေးတက်သွားခဲ့သည်။ 

“ရတယ်လေ ငါ့အတွက်က ကိစ္စမရှိဘူး...”


ဆယ်ကျော်သက်အရွယ််များက အလယ်တန်းနှင့် အထက်တန်းကျောင်းတွင် စတင်ဖွံ့ဖြိုးတတ်ကြသည်။ လူအများစုက ထိုအရွယ်တွင် အရပ်ရှည်တတ််ကြသည်။ သူတို့က တစ်နေ့နှင့်တစ်နေ့ အရပ်အမောင်းတူကြတော့မည် မဟုတ်ပေ။


တချို့အရပ်ပုသူများက တဖြည်းဖြည်း အရပ်ရှည်လာကြပြီး အလွန်ထွားကျိုင်းလာကြသည်။


တချို့ကမူ အလွန်နှေးကွေးစွာ ဖွံ့ဖြိုးကြပြီး အရပ်လုံးဝ မရှည်ကြချေ။


ကျောင်းဆင်းသောအခါ သူတို့ ယခင်တစ်ခေါက်က သွားခဲ့ကြသော ဆေးဆိုင်သို့ သွားကြပြီး အရပ်တိုင်းသည့်နေရာရှေ့တွင် တည့်မတ်စွာ ရပ်လိုက်ကြသည်။


“မင်းအရင်တိုင်းကြည့်...” 

ယင်းမင်ကျန်းက လူကြီးလူကောင်းသဖွယ် ရှေ့သို့ လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။


သူ၏ ယုံကြည်ချက်ရှိသောအမူအရာက ရှုနဉ်ကို ဒေါသဖြင့် တောက်လောင်စေသည်။ သူက တိုင်းတာသည့်စက်ပေါ်သို့ တက်လိုက်သည်။


“ကိုယ်အလေးချိန်က ၆၆ ကီလိုဂရမ်နဲ့ အရပ်က ၁၇၀ စင်တီမီတာရှိတယ်...”


ဗီလိန်လေးက အံ့ဩစွာဖြင့်ပြောလိုက်သည်။ 

“၆၆ ကီလိုဆို ၁၃၂ ပေါင်ပေါ့...”


သူက ရှုနဉ်၏အရပ်အမြင့်ကို လက်ပင့်တင်ကြည့်လိုက်သည်။ 

“အများကြီးတော့ အရပ်မရှည်လာဘူး ဒါပေမယ့် ဝိတ်တော့ အများကြီးတက်လာတယ်…”


ရှုနဉ်က သူ့ကို စူးစူးရဲရဲကြည့်၍ ကန်လိုက်သည်။ 

“တက်ကြည့်လိုက်တော့...”


ပြောရင်းနှင့် ရှုနဉ်က တိုင်းတာသည့်စက်ပေါ်မှ ခုန်ဆင်းလိုက်သည်။ 

သေစမ်း ငါ အရင်တစ်ခေါက်က ပေါင် ၁၂၀ ပဲရှိတာ… နှစ်သစ်ကူးပြီးတော့ ၁၀ ပေါင်တောင် တက်လာတာပဲ…


ရှုနဉ်က သူ၏ ဝဝတုတ်တုတ်ဗိုက်လေးကို ဆွဲဆိတ်လိုက်သည်။


ယင်းမင်ကျန်းက တိုင်းတာသည့်စက်ပေါ်မှဆင်း၍ အံ့ဩချင်ယောင်ဆောင်လိုက်သည်။ 

“တိုက်ဆိုင်လိုက်တာ ငါတို့က ကိုယ်အလေးချိန် အတူတူပဲ...”


ထို့နောက် သူက ရှုနဉ်၏ခေါင်းကို ပုတ်လိုက်သည်။ 

“ဒါပေမယ့် ငါက မင်းထက် ၆ စင်တီမီတာရှည်တယ်...”


ရှုနဉ်က သူ့လက်ကို ပုတ်ထုတ်၍ အံကြိတ်ကာ ပြောလိုက်သည်။ 

“ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေစမ်းပါနဲ့ ငါ့အဖေဆို ၁၈၅ စင်တီမီတာတောင်ရှိတယ်... ငါလည်း သေချာပေါက် ၁၈၅ စင်တီမီတာဖြစ်လာမှာပဲ...”


ဗီလိန်လေးက ခေါင်းညိတ်သည်။ 

“အင်း မင်းနောက်ကျရင်တော့ ၁၈၅ စင်တီမီတာဖြစ်မှာပါ...”


ရပ်နားပြီးနောက် သူက ဝမ်းနည်းစွာဖြင့်ပြောသည်။ 

“အဲဒီအချိန်ကျရင် ငါက ၁၉၀ စင်တီမီတာတောင် ကျော်နေလောက်ပြီ အရမ်းကြီးတော့ အရပ်ရှည်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား...”


ရှုနဉ် လှည့်ထွက်သွားသည်။


ဗီလိန်လေးက သူ့နောက်မှ လိုက်လာသည်။ 

“မင်း စိတ်ဆိုးသွားတာလား...”


ရှုနဉ်က ပို၍မြန်မြန်လျှောက်နေသည်။


ယင်းမင်ကျန်းက သူ့နောက်ကို ပြုံး၍ လိုက်နေဆဲဖြစ်ပြီး သူ့ကို ခဏလောက်စောင့်ကြည့်ပြီးနောက်တွင် ပြောလာသည်။ 

“ငါတို့နှစ်ယောက်ကြားမှာ ဘာကွာလဲဆိုတာကို သိပြီ...”


ရှုနဉ်က သိချင်စိတ်ဖြင့် လှည့်ကြည့်လာသည်။ 

“ဘာလဲ...”


ယင်းမင်ကျန်းက ပြောသည်။ 

“မင်းလမ်းလျှောက်တာ အရမ်းမြန်တာပဲ ဒါပေမယ့် ငါမင်းနောက်ကို ခြေလှမ်းနည်းနည်းနဲ့လျှောက်ပြီး လိုက်လာနိုင်တယ် အဲဒီတော့ ငါတို့ကြားက ကွာခြားမှုက ငါတို့ခြေထောက်တွေပဲ မင်းစားတာတွေက မင်းဗိုက်ကိုရောက်သွားတာ ငါစားတာတွေက ငါ့ခြေထောက်ကိုရောက်တာ…”


ရှုနဉ်က သူ့ကို ကျောင်းလွယ်အိတ်ဖြင့် ရိုက်နှက်လာတော့သည်။


ယင်းမင်ကျန်းက ပြုံး၍ စပြေးလေသည်။ သူ့ခြေတံက အလွန်ရှည်သဖြင့် အပြေးလည်းမြန်သည်။ ရှုနဉ်က သူ့နောက်ကို လိုက်မမီချေ။


သူတို့နှစ်ယောက်အိမ်ပြန်ရောက်သောအခါတွင် ရှုနဉ်က သုန်မှုန်နေပြီး ယင်းမင်ကျန်းက ပြုံးရယ်နေကြောင်းကို သတိထားမိသွားကြသည်

။ ထိုပုံစံက အလွန်ထူးဆန်းနေသည်။


“ဘာဖြစ်လာကြတာလဲ...” 

ချိုက်ချင်က သူမသားကို မေးလိုက်သည်။


များသောအားဖြင့် ရှုနဉ်က ပြုံးရယ်ကာ စိတ်ကျေနပ်နေတတ်သည်။ ယင်းမင်ကျန်းကသာ အေးတိအေးစက်ဖြင့် ခပ်တန်းတန်းနေတတ်သောသူဖြစ်သည်။ သို့သော်လည်း ယနေ့တွင် ပြောင်းပြန်ဖြစ်နေခဲ့သည်။


ရှုနဉ်က မဖြေပေ။