အပိုင်း ၆၄
Viewers 10k

Chapter 64

သူရည်းစားစာရတယ်




ညစာစားပြီးနောက်တွင် နှစ်ယောက်သားက သူတို့အခန်းဆီသို့ ပြန်သွားကြသည်။


ယင်းမင်ကျန်းက မေးစေ့ကိုပွတ်၍ ရှုနဉ်ကို ကြည့်လိုက်သည်။ ရှုနဉ်က ကုတင်အောက်မှ ဗူးကိုထုတ်ရန် ကုန်းနေစဉ် သူ့အကြည့်ကို သတိထားမိသောအခါတွင် မျက်ခုံးပင့်ကြည့်လိုက်သည်။ 

“မင်းဘာကိုကြည့်နေတာလဲ...”


ယင်းမင်ကျန်းက မေးစေ့အောက်မှ လက်ကိုဖယ်လိုက်သည်။ 

“ငါစဉ်းစားနေတာ မင်းက တကယ်ပိန်တာလေ အဲဒါကို ဘာလို့ ဒီလောက်လေးနေရတာလဲ...”


ရှုနဉ်က စိတ်တိုသွားပြီး ကိုယ်ကိုပြန်မတ်လိုက်သည်။ 

“မင်းပြောလို့ပြီးပြီလား...”


ဒီအရူးဗီလိန်လေးက အရမ်းစိတ်တိုစရာကောင်းတာပဲ…


ယင်းမင်ကျန်းက ရုတ်တရက်လျှောက်လာပြီး သူ့ခါးကို ဆွဲဆိတ်လိုက်သည်။


ရှုနဉ်က ထိတ်လန့်သွားရသည်။ 

“ဘာလဲ...”


“မင်း ဒီနေရာက တော်တော်ပိန်တယ်...” 

ထို့နောက် ယင်းမင်ကျန်းက ရှုနဉ်၏ ဝမ်းဗိုက်ကို ထိလိုက်သည်။ 

“ဒီမှာလည်း ဘာမှမရှိဘူး...”


ရှုနဉ်က အော်လိုက်သည်။ 

“မင်းဘာလုပ်တာလဲ...”


ယင်းမင်ကျန်းက သူ့ပေါင်ကိုလည်း ဆွဲဆိတ်သည်။ 

“မင်းပေါင်မှာလည်း အသား အဲဒီလောက်မရှိဘူး...”


“ခွေးကောင်လေး” 

ရှုနဉ်က ဒေါသဖြင့် ပေါက်ကွဲနေသော်လည်း ယင်းမင်ကျန်းက သူ့ကို လွယ်ကူစွာဖြင့် အိပ်ရာပေါ်သို့ တွန်းလိုက်သည်။


ယင်းမင်ကျန်းက သူ့ကိုလွှတ်၍ နောက်ဆုတ်လိုက်ပြီး မေးစေ့ကိုပွတ်၍ ရှုနဉ်ကိုကြည့်နေသည်။ ခဏကြာသောအခါတွင် သူက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလာသည်။

 “အိုး ငါသိပြီ မင်းအရိုးထဲက အသားတွေအားလုံးက ဖင်ကိုရောက်သွားတာ... အဲဒီီနေရာက တကယ် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေတာ မင်းကြီးတယ်လို့ပြောတုန်းက တကယ်မှန်တာပဲ...”


ရှုနဉ်က အသိစိတ်ကင်းမဲ့လုနီးပါးဖြစ်သွားပြီး အိပ်ရာပေါ်မှ ခေါင်းအုံးကိုဆွဲယူကာ ယင်းမင်ကျန်းကို အသေအလဲ ရိုက်နှက်တော့သည်။


ယင်းမင်ကျန်းက တဟားဟားအော်ရယ်တော့သည်။


ရှုနဉ်က သူ၏ကြည်လင်ရှင်းလင်းသော ရယ်သံကြောင့် ကြက်သေသေသွားရသည်။


ယင်းမင်ကျန်းက သူ့ကို အေးခဲသွားသလိုမြင်လိုက်ပြီး မေးလိုက်သည်။ 

“ဘာလဲ...”


ရှုနဉ်က သူ့ကိုငေးကြည့်သည်။ 

“မင်းရယ်လိုက်တာပဲ...”


ယင်းမင်ကျန်းလည်း သူ့ကိုယ်သူ နားလည်သွား၍ ရယ်မောခြင်းကိုရပ်လိုက်ပြီး မျက်တောင်ခတ်လိုက်၏။


သူတို့နှစ်ယောက်က အချင်းချင်းငေးကြည့်လိုက်ကြသည်။


ရှုနဉ်: ဗီလိန်လေးက ဒီလိုမျိုး အသံအကျယ်ကြီးနဲ့ရယ်တာကို ပထမဆုံးမြင်ဖူးတာပဲ..


ယင်းမင်ကျန်း: ငါအခုထိ ရယ်နိုင်သေးတာလား...


ရှုနဉ်၏အိပ်ရာအောက်ရှိ ဗူးကြီးထဲတွင် ဘတ်စ်ကတ်ဘော၊ ဝိတ်မသည့် အလေးများ၊ ကြိုးခုန်သည့်ကြိုး၊ ကြက်တောင်အိတ်နှင့် ပင်းပေါင်ဆော့သည့်ပစ္စည်းများဖြင့် ပြည့်နေသည်။


ရှုနဉ်က သူ့တွင် ကိုယ်အလေးချိန်တက်လာသော်လည်း အရပ်မရှည်လာကြောင်းကို သိရှိသွားခဲ့သည်။ ထို့ကြောင့် သူက ဗီလိန်လေးကို လေ့ကျင့်ခန်းအနည်းငယ်လုပ်ရန် ဆွဲခေါ်ခဲ့သည်။


သူတို့၏ စားသောက်နေထိုင်မှုအတွက်က နို့တစ်ဘူးက မဖြစ်မ‌နေသောက်ရပြီး ညတိုင်းလည်း ကယ်ဆီယမ်ဆေးပြားကို သောက်ကြရ၏။ သူတို့စားသောက်သည့်အစားအစာများအားလုံးကလည်း အာဟာရပြည့်ဝရန် လိုအပ်သည်။


ရှုနဉ်က ကျောင်းသွားသောအခါတွင် သူနှင့်အတူ ဘတ်စကတ်ဘောကို ယူဆောင်သွား၏။ ကျောင်းဆင်းသောအခါတွင် သူက ဝမ်ရှန်ရှန်၊ လုံချောင်နှင့် ယင်းမင်ကျန်းတို့ကို ဘတ်စ်ကတ်ဘောကစားသည့်ကွင်းထဲသို့ ခေါ်သွားသည်။


လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က Battle Elites ကစားရန် အင်တာနက်ဆိုင်သို့ သွားချင်နေကြသည်။ ရှုနဉ်က သူတို့၏ ထွားကျိုင်းမှုနှင့်ပက်သက်ပြီး လှောင်ပြောင်သရော်ပြီးနောက်တွင် သူတို့လည်း ရှုနဉ်နှင့်အတူ ဘတ်စ်ကတ်ဘောကစားရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ကစားရန် လူငါးယောက်လိုသည့်အတွက်ကြောင့် လုံချောင်၏သူငယ်ချင်းဖြစ်သူ စုန့်နျန်ကို ခေါ်လိုက်ကြသည်။


ဆယ်ကျော်သက်ကလေးများ ၅ ယောက်က စည်းကမ်းချက်များကို သိရှိရန် ဗီဒီယိုကိုကြည့်နေကြသည်။ ရှုနဉ်၏ ညွှန်ကြားချက်အတိုင်း သူတို့၏ ကိုယ်နေဟန်ထားများကို အရှေ့၊ အနောက်နှင့် အလယ်နေရာတွင် ခွဲဝေသတ်မှတ်လိုက်ကြသည်။


ဗီလိန်လေးက အားကစားလုပ်ရခြင်းကို မကြိုက်ကြောင်းအား ရှုနဉ်သိရှိသွားခဲ့သည်။ အခွင့်အရေးရတိုင်း သူက အရှိန်လျှော့ချတတ်ပြီး လက်ထဲတွင် ဘတ်စကတ်ဘောကိုကိုင်ထား၍ ပျင်းရိစွာ ထိုင်နေတတ်သည်။


ထိုသို့ဖြစ်တိုင်း ရှုနဉ်က သူ့ဆီသွား၍ အင်္ကျီကော်လံမှဆွဲကာ အားကစားကွင်းထဲသို့ ပြန်ဆွဲ၍ ခေါ်လာမြဲပင်။ 


ယင်းမင်ကျန်းက သူနှင့်ဆန့်ကျင်ပြီး ကူကယ်ရာမဲ့နေသော်လည်း ဘာမှမတတ်နိုင်ဘဲ အခြားသူများနှင့်အတူလိုက်ပါရန်သာ တတ်နိုင်တော့သည်။


ယောက်ျားလေးများအကြားက သူငယ်ချင်းဆက်ဆံရေးက ထိုသို့ဖြစ်သည်။ ခဏခန့် အချင်းချင်းလေ့ကျင့်ကြပြီးနောက်တွင် သူတို့ငါးယောက်ကြားက ဆက်ဆံရေးက ပို၍ခိုင်မာလာခဲ့သည်။ ဗီလိန်လေးကလည်း မျက်နှာကြောတင်းပြီး သုန်မှုန်ခြင်းမရှိတော့ပေ။ သူက အဖွဲ့ထဲသို့ ဖြည်းဖြည်းချင်း ပူးပေါင်းပါဝင်လာခဲ့သည်။


ရက်အနည်းငယ်ကြာသောအခါတွင် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က အခြားအဖွဲ့နှင့် ပြိုင်ဆိုင်ရန် တရွရွဖြစ်လာကြသည်။ သူတို့၏ အကြံပြုချက်က ရှုနဉ်နှင့် စုန့်နျန်ကြောင့် ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ အထူးအဆန်းများနှင့် ကြုံပြီးသည့်နောက်တွင် သူတို့ငါးယောက်တည်း ဆော့ကစားရခြင်းက အလွန်စိတ်ဝင်စားစရာမကောင်းကြောင်းကို သိရှိသွားခဲ့ကြ၍ သူတို့၏ အရည်အချင်းကို စမ်းသပ်ရန်အတွက် တခြားအဖွဲ့များလည်း လိုအပ်သည်။


ဂရုမစိုက်သည့်တစ်ယောက်တည်းသောလူက ဗီလိန်လေးသာဖြစ်ပြီး သူက ယခုထိ ပျင်းရိနေဆဲဖြစ်သည်။ သူက ဘတ်စကတ်ဘောကို ပြီးမြောက်ရန်လိုအပ်သည့်တာဝန်တစ်ခုလိုသာ လုပ်နေသည်။ သူက ရှုနဉ်နှင့် အဖော်ပြုရန်လာခြင်းဖြစ်၍ အပျင်းရိဆုံးပုံပေါ်နေသော်လည်း အရည်အချင်းက အားလုံးထဲတွင် အတော်ဆုံးဖြစ်သည်။ နေရာယူသည့်အခါတွင်လည်း တော်သည့်အပြင် အားလုံးထဲတွင် အရပ်အရှည်ဆုံးလည်းဖြစ်၏။ အမှတ်ရရှိသည့်နှုန်းထားက သူ့ကြောင့်သာဖြစ်သည်။


ရှုနဉ်နှင့် အခြားသူများက သူတို့၏အရည်အချင်းကို စမ်းသပ်ရန်အတွက် တစ်စုံတစ်ယောက်ကို ရှာချင်နေကြသည်။ သူတို့ကို မကောင်းမြင်သည့် ဒုတိယနှစ်ကျောင်းသားတချို့ရှိပြီး သူတို့က ရှုနဉ်၏ အဖွဲ့ကို စိန်ခေါ်ချင်ကြသည်။


ရှုနဉ်နှင့် အခြားသူများ ဘတ်စကတ်ဘော မကစားမီတွင် ဒုတိယနှစ်ကျောင်းသားများက ဘတ်စကတ်ဘောကွင်းကို အသုံးပြု၍ ဆော့ကစားနေကြခြင်းဖြစ်သည်။ ဘတ်စကတ်ဘောကွင်းရှိစည်းကမ်းက ဦးစွာရောက်သူက ဦးစွာအနိုင်ရခြင်းဖြစ်သည်။ တတိယနှစ်ကျောင်းသားများအားလုံးက ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြခြင်းဖြစ်၍ သူတို့တွင် ဘတ်စကတ်ဘောကစားရန်အချိန်မရှိသောကြောင့် ပုံမှန်အားဖြင့် ဒုတိယကျောင်းသားများကသာ ဘတ်စကတ်ဘောကွင်းကို အသုံးပြုကြသည်။


ဒုတိယနှစ်ကျောင်းသားများက ပထမနှစ်ကျောင်းသားများ၏ အပေါ်ထပ်တွင်ရှိသည်။ အတန်းပြီး၍ ဘဲလ်တီးတိုင်း ပထမနှစ်ကျောင်းသားများက ဒုတိယနှစ်ကျောင်းသားများထက် ကွင်းကို ပို၍စောစောရောက်ကြသည်။ ရှုနဉ်နှင့် သူ့သူငယ်ချင်းများက ဘတ်စကတ်ဘော စတင်ကစားချိန်တွင် ဒုတိယနှစ်ကျောင်းသားများက နောက်ထပ်ဘတ်စ်ကတ်ဘောကွင်းကို သွားကြရသည်။ မည့်သည့်အဖွဲ့က ဦးစွာရောက်နိုင်မည်က အမြဲလိုလို ပြိုင်ပွဲဖြစ်နေသည်။


ဘတ်စကတ်ဘောကွင်းကို ရက်ပေါင်းများစွာ ရောက်မလာနိုင်သည့် အဖွဲ့တစ်ဖွဲ့ရှိသည်။ သူတို့က ရှုနဉ်နှင့် သူငယ်ချင်းများကို အတော်လေး အမြင်ကတ်နေကြသည်။ 


ဘတ်စဘတ်ဘောတူတူကစားရန် အခြားအဖွဲ့ကို မည်သို့ရှာရမည်ဟု ရှုနဉ်နှင့် အခြားသူများက ယခုထိ ဆွေးနွေးနေကြဆဲဖြစ်သည်။


ရှုနဉ်ဘေးတွင်ရပ်နေသော ယင်းမင်ကျန်းက ချက်ချင်းတုံ့ပြန်လာသည်။ သူ ရောက်လာပြီး ဘတ်စကတ်ဘောကိုဖမ်းကာ သူတို့နားကိုချဉ်းကပ်လာသော ဒုတိယနှစ်ကျောင်းသားများကို အေးစက်စွာ ကြည့်နေသည်။ 


ဒုတိယနှစ်ကျောင်းသားများက ပထမနှစ်ကျောင်းသားများထက် တစ်နှစ်ကြီးသည်။ ဘတ်စ်ကတ်ဘောကစားသည့် ယောက်ျားလေးများက အလွန်အရပ်ရှည်ကြ၏။ ဒုတိယနှစ်ကျောင်းသားများ၏ ပျမ်းမျှအရပ်က ၁၇၂ စင်တီမီတာဖြစ်ပေသည်။


“ရို့ ပထမနှစ်ကျောင်းသားလေးတွေ...” 

ကောင်လေးတစ်ယောက်က လျှောက်လာပြီး သူ့ကို ရန်စသည်။ 

“ပြိုင်ပွဲစလိုက်ရအောင် အနိုင်ရတဲ့အဖွဲ့က ဘတ်စကတ်ဘောကွင်းကို ရနိုင်မယ်...”


ရှုနဉ်က သူတို့အားလုံး မည်မျှအရပ်ရှည်သည်ကိုတွေ့ပြီး အလွန်အားကျနေမိ၍ စိတ်လှုပ်ရှားစွာနှင့် ပြောသည်။ 

“ငါတို့အားလုံး အတူတူကစားလို့ရတယ် ဘယ်သူနိုင်တယ် ရှုံးတယ်ဆိုတာ အရေးမကြီးပါဘူး...”


ဦးဆောင်သည့်ကလေးတစ်ယေက်က မထီမဲ့မြင်ပြောလာသည်။ 

“ငါတို့က ကလေးတွေနဲ့ မကစားဘူး ရှုံးမှာကြောက်နေရင်‌ ထွက်သွားလိုက်တော့...”


ရှုနဉ် စိတ်ပျက်သွားမိသည်။


ယင်းမင်ကျန်းကသာ အရပ်အမောင်းအားဖြင့်ယှဉ်လျှင် သူတို့နှင့် ပြိုင်ဆိုင်နိုင်သူဖြစ်သည်။ သူက ရှေ့တိုးလာပြီး ပြောသည်။ 

“ဘတ်စကတ်ဘောကွင်းက မင်းတို့ပိုင်တာမဟုတ်ဘူး အဲဒီတော့ ငါတို့က ဘာလို့ထွက်သွားရမှာလဲ တကယ် ထွက်သွားရမှာက မင်းတို့လေ...”


ဗီလိန်လေး၏ စတိုင်က ထိုကဲ့သို့ဖြစ်သည်။ သူက ကိစ္စတိုင်းကို ဦးဆောင်ဖြေရှင်းချင်၏။


ကောင်လေးတစ်ယောက်က မျက်ခုံးပင့်ကာ ပြောသည်။

 “မင်းက ဘယ်သူလဲ...”


“ငါသူ့ကို သိတယ် သူက ယင်းမင်ကျန်းလေ အမြဲတမ်းရန်ဖြစ်တဲ့ ပြစ်မှုကျူးလွန်နေကျ တစ်ယောက်ပေါ့...”

 အခြားကောင်လေးများက ယင်းမင်ကျန်းကို မှတ်မိပြီး ပြောသည်။


ပြစ်မှုကျူးလွန်နေကျတဲ့လား...


ရှုနဉ် ရယ်လိုက်မိသည်။ ယင်းမင်ကျန်း အဆင့်တစ်များရလာသည့်နောက်ပိုင်းတွင် ဆရာမများက သူ့ကို ရတနာတစ်ခုသဖွယ် တန်ဖိုးထားကြပြီး မည်သူမှ ပြစ်မှုကျူးလွန်သူဟု မတွေးတော့ပေ။


ကောင်လေးက သူ့မေးစေ့ကို ပင့်တင်ကာ ကြည့်လိုက်သည်။ 

“လာစမ်းပါ ပြိုင်ပွဲစလိုက်ရအောင်...”


ယင်းမင်ကျန်းက ခေါင်းကိုတိမ်းညွတ်လိုက်သည်။ 

“တစ်ယောက်ချင်းစီလား...”


သူ၏ မထီမဲ့မြင်မျက်နှာထားက ဦးဆောင်နေသောကောင်လေးကို အလွန်စိတ်တိုစေသည်။ 

“တစ်ယောက်ချင်းစီလား မင်းရှုံးရင် ဘတ်စကတ်ဘောကွင်းကိုပေးရမှာနော်...”


ယင်းမင်ကျန်းက ပြောသည်။ 

“ရတယ်လေ မင်းရှုံးရင် ငါတို့နဲ့ စိတ်ကြိုက် ကစားပေးရမှာနော်...”


ရှုနဉ်က အနည်းငယ် စိုးရိမ်နေသည်။ သူ တစ်ခုခုပြောချင်သော်လည်း ယင်းမင်ကျန်းက သူ့ကို စိတ်ချလက်ချနေရန် အကြည့်နှင့် ပြောကြားလိုက်သည်။ 


“ကိစ္စမရှိဘူး...” 

ဒုတိယနှစ်ကျောင်းသားကောင်လေးက သရော်လိုက်သည်။


အားလုံးက အဖြူရောင်မျဉ်းပေါ်မှ ထွက်လိုက်ပြီး ယင်းမင်ကျန်းနှင့် ဒုတိယနှစ်ကျောင်းသားကောင်လေးကို ထားခဲ့လိုက်ကြသည်။


စုန့်နျန်က စိတ်ပူစွာဖြင့်မေးလာသည်။ 

“သူရှုံးတော့မှာများလား...”


ဝမ်ရှန်ရှန်က သူ့ပခုံးပေါ်ကိုပုတ်လိုက်သည်။ 

“စိတ်မပူပါနဲ့ ကောကောမင်ကျန်းက သေချာပေါက် ရှုံးမှာမဟုတ်ပါဘူး...”


စုန့်နျန်က ပြောသည်။ 

“နောက်တစ်ယောက်က ဘတ်စကတ်ဘောအဖွဲ့က ကပ္ပတိန်လေ...”


လုံချောင်က ပြန်ပြောသည်။ 

“စိတ်မပူပါနဲ့...”


ရှုနဉ်က သူတို့၏ ယုံကြည်ချက်ကြောင့် အံ့အားသင့်သွားရသည်။ 

“မင်းက ဘာလို့ ဒီလောက်သေချာနေရတာလဲ...”


“ကောကောမင်ကျန်းက သေချာပေါက် အနိုင်ရမှာ...”

 သူတို့နှစ်ယောက်လုံးက ပြောလာသည်။


ရှုနဉ်: “...”


သူတို့ ကောကောမင်ကျန်းဟု ပြောသည်ကိုကြားတိုင်း အန်ချင်လာသလိုပင်ခံစားရ၏။


သို့သော် သူ အံ့ဩနေမိ၏။ 

ယင်းမင်ကျန်းက ဒီနှစ်ယောက်ကို ဘယ်တုန်းကများ ထိန်းချုပ်နိုင်သွားတာလဲ...


“သူ့ကို ပိတ်လိုက် သူ့ကို ပိတ်လိုက်...” 

ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်များကို ဝေ့ယမ်းနေကြသည်။


ရှုနဉ်က လှည့်ကြည့်လိုက်သည့်အခါ ယင်းမင်ကျန်းက ခုန်လိုက်ပြီး ဘတ်စ်ကတ်ဘောခြင်းထဲသို့ ဘောလုံးကို ပစ်ထည့်လိုက်သည်အား တွေ့လိုက်ရသည်။


“အိုး...” 

ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က အားပေးကြသည်။


ဒုတိယနှစ်ကျောင်းသားများက အော်ဟစ်ကြတော့၏။ “ကပ္ပတိန် လုပ်စမ်းပါ...”


ကောင်လေးနှစ်ယောက်က ကွင်းကို ကာရံထားသည်။ ကြောင်နှင့်ကြွက် ကစားသကဲ့သို့ဖြစ်ပြီး ကိုယ့်ကိုလိုက်ပါက ကိုယ်ကပြန်လိုက်သလို ဖြစ်နေသည်။


တစ်ယောက်ပြီးတစ်ယောက် ခြင်းထဲသို့ ဘောလုံးများ ပစ်ထည့်နေကြခြင်းဖြစ်သည်။


အားလုံးကငေးကြည့်ပြီး ကြက်သေသေသွားကာ ယင်းမင်ကျန်းက ဆက်တိုက် ပစ်ထည့်နေခြင်းဖြစ်သည်။


အားလုံးက ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး မည်သူမှ ဘာမှမပြောနိုင်ကြဘဲ ကြည့်နေကြရသည်။


မည်သည့်အချိန်ကစပြီး ပွဲကကြည့်ကောင်းလာမှန်း ရှုနဉ်မသိသော်လည်း တဖြည်းဖြည်းချင်းနှင့် လူများက ကွင်းပြင်ပတ်ပတ်လည်တွင် စတင်စုရုံးလာကြသည်။


သူတို့အားလုံးက ယောက်ျားလေးနှင့် မိန်းကလေးများဖြစ်ကြသည်။ ယောက်ျားလေးများက ဘတ်စကတ်ဘောကြည့်ဖို့လာကြခြင်းဖြစ်ပြီး မိန်းကလေးများကမူ ယောက်ျားလေးများကို ကြည့်ရန် လာကြခြင်းဖြစ်သည်။


“အိုးမိုင်ဂေါ့ အားလုံးဝင်သွားပြီ...”


“သူက တကယ် ဘတ်စကတ်ဘောမှာ တော်တာပဲ...”


“အရမ်းချောတာပဲ...”


“မိုက်လိုက်တာ...”


သူတို့၏ လေးစားဂုဏ်ပြုသောစကားများကို ကြားသောအခါတွင် ရှုနဉ်ကလည်း ထပ်တူ ဂုဏ်ယူဝင့်ကြွားမိသည်။ 

ဟီးဟီး ဒါမှ ငါ့ကလေးလေးပေါ့…


ယင်းမင်ကျန်းက နောက်ထပ် ပစ်ချက်ကို သေသပ်စွာ ထိုးသွင်းလိုက်ပြန်သည်။ သူ အနိုင်ရသည်နှင့် ပြိုင်ဘက်ကောင်လေးကို ခပ်မိုက်မိုက်ပုံစံဖြင့် ကြည့်ကာ မေးလိုက်သည်။ 

“မင်းဆက်လုပ်ချင်သေးလား...”


ဒုတိယနှစ်ကျောင်းသားများအားလုံးက ချွေးများထွက်နေကြပြီး နွားများသကဲ့သို့ ဟောဟဲလိုက်နေကြသည်။ သူက လက်ကို ဒူးပေါ်တင်ထားပြီး ခဏကြာသောအခါတွင်ပြောသည်။ 

“မင်းက တကယ်တော်တာပဲ ငါတို့ရဲ့ ဘတ်စကတ်ဘောအဖွဲ့မှာ ပါချင်လား...”


“စိတ်မဝင်စားဘူး...” 

ယင်းမင်ကျန်းက လက်ညှိုးပေါ်တွင် ဘတ်စကတ်ဘော ဘောလုံးကို လှည့်နေ၏။ သူက ရှုနဉ်ဆီသို့သွားလိုက်ပြီး ဘတ်စကတ်ဘောကို သူ့ထံသို့ ပစ်ပေးလိုက်သည်။


ရှုနဉ်က ဖမ်းလိုက်၏။ ထို့နောက် သူက ကွင်းပြင်အလယ်ကိုလျှောက်သွားလိုက်ကာ ဒုတိယနှစ်ကျောင်းသားကောင်လေးများကို ပြုံးပြလိုက်သည်။ 

“မင်းတို့ရှုံးသွားပြီဆိုတော့ ငါတို့နဲ့ ကစားပေးရတော့မယ်...”


ဒုတိယနှစ် ကျောင်းသားကောင်လေးများအဖွဲ့က အချင်းချင်းကြည့်နေကြသည်။ ထို့နောက် သူတို့က အချင်းချင်းဆွေးနွေးရန် ပူးကပ်သွားကြသည်။


အခြားသူများ အာရုံမရှိကြစဉ်တွင် ရှုနဉ်က ယင်းမင်ကျန်းကို တိတ်တဆိတ်မေးလိုက်သည်။ 

“မင်းဘယ်လိုလုပ်လိုက်တာလဲ မင်းပစ်ချက်တွေ အားလုံး ဘယ်လိုများ အကုန်ဝင်ရတာလဲ...”


ယင်းမင်ကျန်းက သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။ “ငါဒါကို သုံးခဲ့တာလေ...”


ရှုနဉ်က မျက်တောင်ခတ်လိုက်သည်။


ယင်းမင်ကျန်းက ရှင်းပြသည်။ 

“ငါအသုံးပြုဖို့လိုတဲ့ အားအင်ပမာဏကို တွက်ချက်ခဲ့တာ ခြင်းကနေပြီး အခုရပ်နေတဲ့ အကွာအဝေး ဘောလုံးလာတဲ့ လမ်းကြောင်း ပြီးတော့ ဘမ်းဆိုပြီး ဝင်သွားတာပဲလေ...”


ရှုနဉ်: “...”


ရှုနဉ်က အတွေးလွန်သွားရသည်။


ယင်းမင်ကျန်းက သူ့ဆံပင်ကို ဖွလိုက်သည်။ 

“ထားလိုက်ပါတော့ မင်းလုပ်နိုင်မှာမဟုတ်ဘူး...”


ရှုနဉ်က သူ့ကို တစ်ချက်ကန်လိုက်သည်။


နောက်ဆုံးတွင် ဒုတိယနှစ်ကျောင်းသားများက ဆုံးဖြတ်ချက်ချနိုင်ခဲ့၍ သူတို့ဆီသို့ လျှောက်လာပြီး ပြောသည်။ 

“ကောင်းပြီလေ အဲဒီလိုပဲ လုပ်ကြတာပေါ့...”


“‌ယေး...” 

လုံချောင်က အော်ဟစ်ပြီး ရောက်လာသည်။


သူတို့ဆယ်ယောက် ဘတ်စကတ်ဘောကွင်းတွင် စတင်ဆော့ကစားကြတော့သည်။


ရှုနဉ်က အခြားအဖွဲ့နှင့် အတူကစားကြည့်မှသာ ဘတ်စကတ်ဘောကစားရခြင်းက မည်မျှမောပန်းကြောင်းကို သိနားလည်လာခဲ့သည်။ သို့သော်လည်း သူအလွန်လည်း စိတ်လှုပ်ရှားနေမိ၏။ သူ့ခန္ဓာကိုယ်ထဲမှ အင်အားများအားလုံးကို အသုံးပြုလိုက်ပြီး ကျောကုန်းမှတစ်ဆင့် ချွေးများစီးကျလာခဲ့သည်မှာ အလွန်ပျော်စရာလည်း ကောင်း၏။


ရှုနဉ် ဘောလုံးကိုကိုင်လိုက်သည်နှင့် ယင်းမင်ကျန်းပြောခဲ့သောစကားများကို အလိုအလျောက် တွေးမိသွားသည်။ အကွာအဝေး၊ အင်အားနဲ့ အမြင့်ပမာဏ… သေစမ်း… ဘယ်လိုလူက ဒါတွေအားလုံးကို တွက်ချက်နိုင်ရတာလဲ…


ထိုသို့အချိန်မျိုးတွင် အားထား၍ရသည့် တစ်ခုတည်းသောအရာက အလိုလိုသိစိတ်ပင်ဖြစ်သည်။


ဆံပင်ရွှေရောင်နှင့်ကောင်လေးက ကောင်းကင်ပေါ်သို့ ငါးလေးတစ်ကောင်သဖွယ် ခုန်ပေါက်သွားခဲ့သည်။ သူက လေထုထဲတွင် ရောက်လာပြီး လက်နှစ်ဖက်ဖြင့် ဘတ်စ်ကတ်ဘောကို ပင့်တင်ထားကာ ပစ်ထည့်လိုက်သည်။


ဝုန်း...


အမှတ်သုံးမှတ်မြောက်မှ ပစ်ခြင်းဖြစ်သည်။


ရှုနဉ်၏ခြေထောက်က မြေပြင်ပေါ်သို့ ပြန်ကျလာကာ ဒူးခေါင်းက အကျိုးသက်ရောက်မှုကြောင့် အနည်းငယ်ကွေးသွားရသည်။


“အား ချောလိုက်တာ...”


“ရှုနဉ် ချစ်တယ်...”


“ချစ်တယ် နေလုံးလေး...”


ကောင်မလေးများ၏အော်သံက ရှုနဉ်ကို လှည့်ကြည့်လာစေသည်။ သူက ကောင်မလေးများကို လက်ယမ်းပြကာ ပြုံးလိုက်သည်။


ကောင်မလေးများက ရှုနဉ်၏အပြုအမူများကို ကျေနပ်ကာ ပို၍ကျယ်လောင်စွာ အော်ဟစ်တော့သည်။


ခပ်လှမ်းလှမ်းမှ ယင်းမင်ကျန်းက အော်သံများကိုကြားသောအခါတွင် မျက်မှောင်ကြုတ်လိုက်မိသည်။


အသင်းနှစ်သင်းက တစ်နာရီခန့် ဆော့ကစားခဲ့ကြသည်။ သူတို့အင်အားများအားလုံးကို အသုံးပြုပြီးသည့်နောက်တွင်တော့ ယနေ့အတွက် ရပ်နားလိုက်ကြရန် ဆုံးဖြတ်လိုက်သည်။


ထို့နောက်တွင် ဒုတိယနှစ်ကျောင်းသားများနှင့် မကြာခဏ ကစားဖြစ်ကြသေးသည်။ သူတို့ ပို၍ကစားလေလေ ပို၍စိတ်ပါလေလေ ဖြစ်လာကြသည်။ ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က Battle Elites ကစားခြင်းကို ဖြည်းဖြည်း

ချင်းရပ်လိုက်ကြသည်။ အင်တာနက်ဆိုင်သို့သွားချင်ကြောင်းကို ထပ်ပြီး မညည်းတွားတော့ပေ။


ထိုအချိန်အတွင်းတွင် နောက်ထပ် စာမေးပွဲနှစ်ခုလည်း ထပ်ရှိခဲ့သေးသည်။ ဗီလိန်လေးက ထုံးစံအတိုင်း အမှတ်ပြည့်ရခံ့သည်။ ဒုတိယမြောက်စာမေးပွဲပြီးသည့်အခါတွင် မိဘဆရာတွေ့ဆုံပွဲကို ရောက်ရှိလို့လာခဲ့လေပြီ။