အပိုင်း ၆၅
Viewers 10k

Chapter 65

ငါဝယ်ပေးထားတဲ့ အဝတ်အစားတွေကို တခြားမိန်းကလေးတွေနဲ့တွေ့ဖို့ မဝတ်နဲ့



မိဘဆရာတွေ့ဆုံပွဲမတိုင်မီနေ့တွင် ရှုနဉ်က ချိုက်ချင်ကို ဗီလိန်လေး၏ သင်ကြားမှုအခြေအနေကို ပြောပြလိုက်သည်။ သူပြင်ဆင်လာခဲ့သည့် စာမေးပွဲစာရွက်ကို ချိုက်ချင်ကို ပြလိုက်ပြီး သူတို့ကို ကူညီပေးရန် ပါပါးရှုကိုပါ ခေါ်လာခဲ့သေး၏။


ပါပါးရှုက ဗီလိန်လေးရောက်လာစဥ်တည်းက အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ယခုတွင် သူက ဗီလိန်လုပ်ချင်သည့်အရာများအားလုံးကို ပံ့ပိုးပေးရန် ပျော်ရွှင်သည်ထက်ပင် ပိုနေခဲ့၏။ ပါပါးရှုက အသက်ပိုကြီးနေခြင်းကြောင့်သာမဟုတ်လျှင် ယင်းမင်ကျန်းက အလယ်တန်းကျောင်းသားသာဖြစ် သော်လည်း သူ့အဖေက ယင်းမင်ကျန်း၏ အောက်ဆွဲဖြစ်နေသည်ဟု သံသယဝင်လာလိမ့်မည်ဖြစ်သည်။


အဖက်ဖက်မှကြည့်လျှင် ချိုက်ချင်က လိုက်လျောပေးရုံသာ တတ်နိုင်၍ သူမက မနက်ဖြန် မိဘဆရာတွေ့ဆုံပွဲတွင် အိမ်စာအကြောင်းကို ပြောမည်ဟု သဘောတူခဲ့သည်။


သို့သော်လည်း မိဘဆရာတွေ့ဆုံပွဲတွင် သူတို့ ပြဿနာတက်ကြသည်။ ယင်းမင်ကျန်း၏ မိဘက ချိုက်ချင်မဟုတ်ပဲ ကျိုးကျွမ်သာဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာမထံသို့ ချိုက်ချင်၏တောင်းဆိုခြင်းက အရာမရောက်ပေ။


သူတို့လေးယောက်က အချိန်ခဏကြာမျှသာ အတူတူနေခဲ့ကြခြင်းဖြစ်သည်။ သူတို့အားလုံး နေသားကျနေကြသည့်အတွက်ကြောင့် အသေးစိတ်အကြောင်းအရာများကို ထည့်တွက်ရန် မေ့လျော့ခဲ့ကြ၍ မိဘဆရာတွေ့ဆုံပွဲတွင် ယင်းမင်ကျန်းအတွက် ချိုက်ချင်က အရေးပါသည်ဟု ယူဆခဲ့ကြမိသည်။ ရလဒ်အနေဖြင့်တော့ အရာမရောက်ခဲ့ခြင်းဖြစ်၏။


ထိုအကြောင်းကြားပြီးနောက်တွင် ယင်းမင်ကျန်းက ရုံးခန်းသို့သွား၍ အတန်းပိုင်ဆရာမကိုပြောလိုက်သည်။ 

“ကျွန်တော်နဲ့ ကျိုးကျွမ်က အဆက်အသွယ်ပြတ်သွားပြီ သူက ကျွန်တော့်ကို ဂရုစိုက်တော့တာမဟုတ်ဘူး...”


“ကျွန်တော့်ရဲ့ တကယ့်အုပ်ထိန်းသူတွေက ရှုနဉ်ရဲ့ မိဘတွေဖြစ်တဲ့ အန်တီချိုက်ချင်နဲ့ ဦးလေးရှုကျွင်းတို့ပါ...”


အတန်းပိုင်ဆရာမ၏ သနားကြင်နာမှုက ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သူမ၏ ကိုယ်နေဟန်ထားက ပျော့ပျောင်းသွားခဲ့သည်။ 

“ဟူး မင်းအိမ်စာမလုပ်ချင်ဘူးဆိုရင်လည်း မလုပ်ပါနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦး... အနားယူဖို့လည်း အချိန်ပေးနော် မင်းက အခုထိ ငယ်သေးတယ် မင်းမကျော်လွှားနိုင်တာ ဘာမှမရှိပါဘူး...” 


အတန်းပိုင်ဆရာမက မိခင်စိတ်များဖြင့် ဖုံးလွှမ်းနေမိသည်။ မည့်သည့်အဟန့်အတားများရှိသည်ဖြစ်စေ ယင်းမင်ကျန်း၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။


ယင်းမင်ကျန်းက သူ့မိဘများကို ဆုံးရှုံးခဲ့ရပြီး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသည်။ သူက တည်ငြိမ်ပြီး ဣနြေရှိပုံရသော်လည်း အတွင်းစိတ်ထဲတွင် အလွန်နူးညံ့၍ အထိမခံဖြစ်နေခဲ့ခြင်းဖြစ်၍ သူ့ကို ထပ်ပြီး စိတ်မကောင်းမဖြစ်စေလိုတော့ပေ။ သူ့အဆင့်များကောင်းနေသရွေ့ အိမ်စာက အရေးမကြီးတော့ပြီဖြစ်သည်။ သူ့ကို အလွန်ဖိအားပေးလိုက်မိပါက ခက်ခဲကျပ်တည်းသွားနိုင်ပြီး သူ့ကိုယ်သူသတ်သေသည့်လုပ်ရပ်မျိုးတစ်ခုခုကို လုပ်လိမ့်မည်ဖြစ်သည်။


ယင်းမင်ကျန်းက အတန်းပိုင်ဆရာမ၏မျက်နှာကို ကြည့်နေသည်။ သူမ၏ မျက်နှာထားက ရုတ်တရက် နားလည်ရခက်သည့် သနားကြင်နာမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူလိုချင်တာရပြီဖြစ်သည့်အတွက်ကြောင့် သူမဘာတွေးနေသည်က သူ့အတွက်အရေးမပါတော့ပေ။ သူ ခေါင်းညိတ်ပြပြီး ရုံးခန်းထဲမှ ထွက်လာခဲ့၏။


သူထွက်သွားသည်နှင့် အတန်းပိုင်ဆရာမက ကျောင်းအုပ်ကြီးကို လျင်မြန်စွာ တင်ပြချက်ပို့တော့သည်။


ခဏကြာသောအခါ ယင်းမင်ကျန်းက ကျောင်းတွင် အိမ်စာမလုပ်ခွင့်ကို ခွင့်ပြုခံထားရသည့် ပထမဆုံးသောကျောင်းသားဖြစ်ကြောင်းကို အလယ်တန်းတစ်ကျောင်းလုံး သိသွားကြသည်။


ကျောင်းသားများအားလုံး ထိတ်လန့်သွားကြ၏။


ထိုသို့ပြုမူဆက်ဆံမှုက ဝမ်ရှန်ရှန်၊ လုံချောင်နှင့် တခြားဆိုးသွမ်းသောကျောင်းသားများအားလုံးကို မနာလိုဖြစ်စေသည်။


သို့သော်လည်း ထိုသတင်းကိုကြားရသည့် ယင်းမင်ကျန်းကမူ ပျော်ရွှင်ခြင်းမရှိဘဲ စိတ်မချမ်းမမြေ့ဖြစ်နေရသည်။


အဘယ့်ကြောင့်ဆိုသော် ရှုနဉ်က ရည်းစားစာတစ်စောင်ရရှိပြီး ကောင်မလေးနှင့် တွေ့ရန်ပင် ဆုံးဖြတ်လိုက်သေး၍ ဖြစ်သည်။


ယင်းမင်ကျန်း လုံးဝ သစ္စာဖောက်ခံလ်ိုက်ရသလို ခံစားလိုက်ရသည်။


*****


ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က စာသင်ခန်းထဲသို့ စကားေပြာရင်း လျှောက်လာကြသည်။ ရှုနဉ်က ကျောင်းလွယ်အိတ်ကိုချွတ်၍ စားပွဲခုံအောက်သို့ ထိုးထည့်လိုက်သည်။


 သူ့ကျောင်းလွယ်အိတ်ကို စားပွဲခုံအောက်သို့ ထိုးကြိတ်ထည့်နေစဉ် တစ်ခုခုမူမမှန်သည်ကို ခံစားမိ၍ အောက်ကို ငုံ့ကြည့်လိုက်သောအခါ တစ်စုံတစ်ခုကိုတွေ့၍ ဆွဲထုတ်လိုက်သည်။


ပန်းရောင်ကိုအသားပေးထားသည့် ရောင်စုံစာရွက်လေးတစ်စောင်ဖြစ်သည်။


သူက ဗီလိန်လေးကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည့်အခါ သူလည်း စားပွဲခုံထဲမှ တစ်ခုခုကိုထုတ်နေ၏။ ခဏကြာသောအခါတွင် ရည်းစားစာများကို လက်တစ်ဆုပ်စာ ဆွဲထုတ်လာ၏။


ရှုနဉ်က တိတ်တဆိတ် ရေတွက်လိုက်သည်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ခြောက်စောင်ဖြစ်သည်။ 


မနက်ဖြန်တွင် ရည်းစားစာက ပို၍ပေါများလာလိမ့်မည်ဖြစ်သည်။


ရှုနဉ်က စိတ်လှုပ်ရှားစွာဖြင့် သူ့ဘာသာတွေးလိုက်မိသည်။


မည်သူမဆို တစ်ဖက်လူကိုဆွဲဆောင်ရာတွင် အနိုင်ယူချင်သည့်ဆန္ဒက ရှင်းမပြနိုင်လောက်အောင် ဖြစ်ပေါ်တတ်လေ့ရှိသည်။ ယင်းမင်ကျန်းက သူနှင့်အတူနေခဲ့ပြီး တစ်ခုတင်တည်းအတူလည်း အိပ်ခဲ့သည်။ သူတို့၏ဆက်ဆံရေးက အလွန်ကောင်းမွန်သော်လည်း ပြိုင်ဆိုင်သည့်နေရာတွင်မူ ရှုနဉ်ကို တားဆီး၍မရပေ။


ဥပမာဆိုလျှင် သူတို့၏ အရပ်နှင့် သူတို့ရရှိခဲ့သည့် ရည်းစားစာများဖြစ်သည်။


ယင်းမင်ကျန်းက သူ၏ ထက်မြက်သောသင်ကြားနိုင်မှုကို ဖော်ပြပြီးချိန်တည်းက ရည်စားစာများ အထပ်ထပ်ရရှိလာခဲ့သည်။ အလယ်တန်းကျောင်းတွင် သူက အခြားယောက်ျားလေးများထက် ပိုပြီး ရည်းစားစာရလေ့ရှိသည်။ ခဏကြာသောအခါတွင် ယင်းမင်ကျန်းနှင့် ရှုနဉ်တို့က ဘတ်စကတ်ဘောကစားရန်အတွက် ဘတ်စကတ်ဘောကွင်းသို့သွားကြပြီး ဒုတိယနှစ်ကျောင်းသားများနှင့် ပြိုင်ဆော့ကြသည်။ ယင်းမင်ကျန်းက ချက်ချင်း နာမည်ကြီးလာခဲ့၏။ ဒုတိယနှစ်နှင့် တတိယနှစ်ကျောင်းသူများကပင် ယင်းမင်ကျန်းကို ရည်းစားစာပေးကြသည်။


ဘတ်စကတ်ဘောကွင်းထဲတွင် ရှုနဉ်၏ ရဲစွမ်းသတ္တိရှိမှုကလည်း မိန်းကလေးအများစုကို ဆွဲဆောင်နိုင်ခဲ့၍ သူရရှိသည့်ရည်းစားစာများကလည်း ပိုများလာခဲ့၏။


“ပျင်းလိုက်တာ...”


ယင်းမင်ကျန်းက သူ့လက်ထဲမှ ရည်းစားစာများကိုပင် မကြည့်ဘဲ ဘေးနားတွင်ရှိသည့် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။


ရှုနဉ်က အကြိမ်ရေမီလီယံပေါင်းများစွာ ပြောပြီးသည့်စကားကို ထပ်ပြောသည်။ 

“မိန်းကလေးတွေကို အဲလိုမဆက်ဆံပါနဲ့ သူတို့ မင်းကို မုန်းသွားကြလိမ့်မယ်...”


ဗီလိန်လေးက စိတ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် ပြောသည်။ “ဘာပဲဖြစ်ဖြစ် ငါသူတို့ကို ငြင်းမှာပဲလေ ဘာလို့ ပွင့်ပွင့်လင်းလင်းမရှိရမှာလဲ...”


ရှုနဉ်က သူပြောသည့်စကားများကလည်း ကျိုးကြောင်းဆီလျော်ကြောင်းကို ခံစားမိသော်လည်း ပြောလိုက်သေးသည်။ 

“မင်းမိန်းကလေးတွေကို ညင်ညင်သာသာ ဆက်ဆံသင့်တယ်...”


ထို့နောက် သူက စာအိတ်ကိုဖွင့်ကြည့်လိုက်သည်။


နာမည်တပ်ပြီး ဝန်ခံကြောင်းရေးထားသည့် စာခြစ်လျှင်တော့ “တောင်းပန်ပါတယ် ကျွန်တော်က အခုထိငယ်သေးလို့ ရည်းစားမထားချင်သေးဘူး” ဟု စာရွက်အနောက်တွင် ရေးလိုက်သင့်သည်။ ထို့နောက် ပြန်ပို့ပေးသင့်၏။


နာမည် သို့မဟုတ် မည်သည့်သတင်းအချက်အလက်မှမပါလျှင်မူ ဤအတိုင်းလွှင့်ပစ်လိုက်သည်က ပိုကောင်းသည်။


စာထဲတွင်ရေးထားသည်က ကျောင်းဆင်းရင်တွေ့ကြရန် ဆိုပါလျှင် အခြားမည်သည့်ကိစ္စမှမရှိလျှင် သွားတွေ့သင့်သည်။ ရှုနဉ် ဖြစ်ပါက သူတို့ကို ဤသို့ပြောလိမ့်မည်ဖြစ်သည်။ 

“ငါတို့မိဘတွေနဲ့ ဆရာမတွေက စောစောစီးစီး ရည်းစားမထားဖို့ပြောထားတယ် ငါတို့ အခု စာကိုပဲ အာရုံစိုက် လုပ်သင့်တယ်...”


အချိန်ကြာလာသည်နှင့်အမျှ မိန်းကလေးတွေကြားတွင်ရှိသည့် သူ၏ ဂုဏ်သတင်းက ယင်းမင်ကျန်းထက် ပိုကောင်းလာခဲ့သည်။


လက်ဆောင်များကို ယင်းမင်ကျန်းက လျစ်လျူရှုကာ ငြင်းလေ့ရှိသည်။ ရှုနဉ်ကမူ တတ်နိုင်သမျှ ညင်ညင်သာသာငြင်းဆန်ပြီး ရွေးချယ်စရာမရှိလျှင် လက်ခံရတတ်သည်။


သူ့စားပွဲအောက်တွင် လက်ဆောင်များ လာထိုးထည့်လာလျှင် ဝမ်ရှန်ရှန်တို့နှစ်ယောက်နှင့် အခြားယောက်ျားလေးများနှင့်အတူ မျှဝေသုံးလေ့ရှိသည်။


ကံကောင်းသည်က အလယ်တန်းကျောင်းသူများပေးကြသည့် လက်ဆောင်များက ချောကလက်၊ ဘီစကစ်နှင့် တခြားသောမုန့်များဖြစ်ပြီး ဈေးကြီးသည့်လက်ဆောင်ပစ္စည်းများ မဟုတ်ပေ။


ရည်းစားစာများ တောက်လျှောက်ရပြီးနောက်တွင် ရှုနဉ်က တစ်စုံတစ်ခုကို ရုတ်တရက် နားလည်လိုက်မိသည်။ 

ဘာလို့ သူတို့ကို ငြင်းဖို့ လိုရမှာလဲ...


ရှုနဉ်ကတော့ သူတို့ကို ညင်သာသည့်နည်းလမ်းဖြင့် အေးအေးဆေးဆေး ငြင်းဆန်သော်လည်း ယင်းမင်ကျန်းကတော့ တိုက်ရိုက်ငြင်းဆန်ခြင်းဖြစ်သည်။ သို့သော်လည်း သူယခုတွေးကြည့်သောအခါမှ သူတို့ကို ငြင်းဆန်ရန် မလိုကြောင်း သိလိုက်သည်။ သူ့မိသားစုကလည်း အခြေအနေကောင်းမွန်ပြီး သူ့စာကိစ္စများကလည်း ပေါ့ပါးနေသည်။ 

ငါ ဘာလို့များ ရည်းစားမထားနိုင်ရမှာလဲ...


သူ့ ယခင်ဘဝတွင် ဘဝအစမှ အဆုံးထိ တစ်ကိုယ်တည်းနေခဲ့ရခြင်းဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရ၏။ သူ့ပညာရေးနှင့် အလုပ်ကြောင့် အချစ်ရေးတွင် အခွင့်အရေးပင် မရခဲ့။ အရာအားလုံး အသစ်ကနေပြန်စရန် အခွင့်အရေးရပြီဆိုသည်နှင့် သူ့နောင်တများအတွက် 

 အခွင့်အရေးကို ဖမ်းဆုပ်ရမည်သာ။


အချစ်ရေးဆိုသည်က အချိန်ယူပြီး တည်ဆောက်ရသောအရာဖြစ်၍ ကောင်မလေးများနှင့် အချိန်ခဏ ကုန်ဆုံးသင့်၏။ သူတို့ လက်တွဲညီမည်ဆိုလျှင် ဆက်ဆံရေးတစ်ခုကို တည်ဆောက်၍ရနိုင်သည်။ မတူညီလျှင်မူ မတွဲမီ အဆက်အသွယ်ဖြတ်၍ရသည်။ အလွန်အကဲမလုပ်သရွေ့မည်သည့်ပြဿနာမှရှိမည်မဟုတ်ချေ။


ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရခြင်းက လူတစ်ယောက်အနေနှင့် တိုးတက်စေကြောင်း အားလုံးက ပြောကြသည်။ ရှုနဉ်က အချစ်ကို မည်သို့ခံစားရမည်ကို သင်ယူချင်မိသည်။


ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က အမြဲတမ်း မိန်းကလေးများအကြောင်းကိုပြောနေကြသည်။ ရှုနဉ်က သူစိတ်ဝင်စားသည့် မိန်းကလေးတစ်ယောက်မှမရှိသေးသော်လည်း ချစ်ကြည့်ချင်စိတ်တော့ ဖြစ်မိသည်။


သူ ယခင်က မည်သူ့ကိုမှ သဘောမကျခဲ့ဖူး၍ ကြိုးစားကြည့်ချင်မိ၏။


ထိုအတွေးနှင့် ရှုနဉ်က လှုပ်ရှားရန် အလွန်စိတ်အားထက်သန်နေမိသည်။ တစ်နေ့တွင် ဒုတိယနှစ်ကျောင်းသူလေးက သူ့ကိုဝန်ခံရန် သီးသန့်စကားပြောဆိုလာခဲ့သည်။ သူမက လှပပြီး ယုံကြည်ချက်ရှိကာ ဖော်ဖော်ရွေရွေရှိပြီး နှစ်လိုဖွယ်ကောင်းသည်။


ချောလှသော မိန်းကလေးများက အမြင်တင့်တယ်စေသည်။ သူငယ်ချင်းများ၏အားပေးမှုကြောင့် ရှုနဉ်က သူမ၏ ဝန်ခံမှုကို လက်ခံလိုက်လေသည်။


သူတို့နှစ်ယောက်က ပိတ်ရက်တွက် ဒိတ်လုပ်ရန် ချိန်းဆိုခဲ့ကြသည်။


တခြားကောင်လေးများကတော့ စနောက်ပြီး အော်ဟစ်ကြသော်လည်း ယင်းမင်ကျန်းကသာ မှုန်မှိုင်းနေခြင်းဖြစ်သည်။


ဒိတ်လုပ်သည့်နေ့တွင် ရှုနဉ်က ဗီရိုထဲတွင် လှန်လှောမွှေနှောက်ရှာတော့သည်။ ယင်းမင်ကျန်းခေါက်ထားသော အဝတ်အစားများကို ဖွလိုက်ပြီး နှစ်စုံကို ထုတ်လိုက်ကာ ယင်းမင်ကျန်းကို ကြည့်ခိုင်းသည်။


“မင်ကျန်း.. မင်ကျန်း အနက်ရောင်ကောင်းလား ဒါမှမဟုတ် မီးခိုးရောင်က ပိုကြည့်ကောင်းလား...”


ဗီလိန်လေးက သူ့လက်ပ်တော့ကိုသာ ကြည့်နေသည်။ ရှုနဉ်က အကြံပေးရန်မေးသောအခါတွင် လှည့်ကာ မော့ကြည့်လိုက်ပြီး နှစ်စုံလုံးကိုယူလိုက်သည်။ 

“နှစ်ခုလုံး မကောင်းဘူး...”


“အာ” 

ရှုနဉ်က စိတ်ပျက်သွားမိသည်။ 

“ဒီနှစ်စုံကို ကောင်းမယ်လို့ထင်နေတာ အဲဒါက ပိုပြီး ရင့်ကျက်တဲ့ပုံပေါ်စေတယ်လေ...”


ကောင်မလေးက သူ့ထက် အသက်ကြီးသည်။ သူမ၏ စတိုင်လ်က လူကြီးဆန်သည့်အတွက်ကြောင့် သူလည်း ရင့်ကျက်သည့်ပုံပေါ်ချင်မိသည်။


နှစ်စုံလုံးက တည်ငြိမ်ပြီး ရင့်ကျက်၍ ဒိတ်လုပ်မည်ဆိုလျှင် လိုက်ဖက်လောက်မည်ဖြစ်၏။


သူက လက်မလျှော့ပေ။ 

“ဒါဆို ဘယ်တစ်စုံက ငါနဲ့ ပိုပြီးကြည့်ကောင်းမယ်လို့ထင်လဲ...”


ဗီလိန်လေးက မျက်ခုံးပင့်လိုက်သည်။ 

“ကျောင်းဝတ်စုံ...”


ရှုနဉ်: “...”


ဗီလိန်လေးက သူ့အတွက် အဝတ်အစားမရွေးပေးချင်သည့်ပုံပေါ်သည်။


မှန်ရှေ့တွင် ခဏခန့် ပို့စ်ပေးပြီးသည့်နောက်တွင် ရှုနဉ်က မီးခိုးရောင်ဝတ်စုံကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက ရင့်ကျက်သည့်ပုံပေါ်သော်လည်း ငြီးငွေ့သည့်ပုံစံ‌ မပေါက်ပေ။


မီးခိုးရောင်ဆွယ်တာနှင့် ဂျင်းဘောင်းဘီဝတ်ပြီးနောက် ရှုနဉ်က သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်သည်။ သူက နေရောင်သကဲ့သို့ တောက်ပပြီး ချောမောကာ သန့်ရှင်းစင်ကြယ်နေကာ ကြည့်ကောင်းနေ၏။


ထို့နောက် ဖုန်းနှင့် ပိုက်ဆံအိတ်ကို ယူလိုက်ကာ ယင်းမင်ကျန်းကို “ဘိုင်း” ဟုနှုတ်ဆက်ပြီး အခန်းထဲမှ ထွက်သွားသည်။


သူထွက်သွားသည်နှင့် ယင်းမင်ကျန်း၏မျက်နှာက မှောင်မည်းသွား၏။ ရှုပ်ထွေးနေသော ဝက်ဆိုက်များကိုလည်း သူပိတ်လိုက်သည်။


သူ အမှန်တကယ် စိတ်ဆိုးနေခြင်းဖြစ်သည်။


အကြောင်းပြချက်တစ်ချို့ကြောင့်လည်း စိတ်တိုနေမိခြင်းဖြစ်၏။


သူထိုအကြောင်းကိုတွေးလိုက်သောအခါတွင် သူ့အတွက် စိတ်ဆိုးရမည့် အကြောင်းပြချက်လည်း ထွေထွေထူးထူးမရှိပေ။


ထိုသို့တွေးရင်းဖြင့် သူပိုပြီး စိတ်ဆိုးလာမိသည်။


သူက မတတ်နိုင်ပဲ တွေးမိသည်။ 

အဲဒီကောင်မလေးက ဘာများကောင်းနေလို့လဲ အပေါစားဆန်ပြီး ရုပ်ချောတာထက် ဘာမှလည်းကောင်းတာမဟုတ်ဘူး…


ယင်းမင်ကျန်းက ခဏလတွေးနေမိသည်။ ထို့နောက် ထိုင်ခုံပေါ်မှထ၍ ဟူဒီလဲဝတ်ကာ ရှုနဉ်နောက်သို့ တိတ်တဆိတ် လိုက်သွားလိုက်သည်။


သူက ရပ်ကွက်ဝင်ပေါက်သို့ ထွက်လာစဥ် ရှုနဉ်ကလည်း ဝင်ပေါက်မှ ထွက်သွားပြီဖြစ်၏။


ယင်းမင်ကျန်းက သူ့နောက်ကို ရှောင်လိုက်တိမ်းလိုက်နှင့်‌ လိုက်နေစဥ် ရှုနဉ်က တောင်ပိုင်းလမ်းအတိုင်းသွားသည်ကိုတွေ့ပြီး မီးပွိုင့်ကို ဖြတ်ကူး၍ မြေအောက်ရထားဘူတာရုံကို ရောက်သွားတာတွေ့ရသည်။ ယင်းမင်ကျန်းက ဟူဒီကို ခေါင်းပေါ်သို့ ခြုံ၍ မြေအောက်ရထားဘူတာရုံအတိုင်း ရှုနဉ်နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။


မြေအောက်ရထားဘူတာရုံတွင် လူများစွာရှိသည့်အတွက်ကြောင့် ရှုနဉ်က သူ့ကို သတိမထားမိချေ။ ဘူတာရုံကိုရောက်သည်နှင့် သူက ဖုန်းကြည့်တော့သည်။


ယင်းမင်ကျန်းကလည်း ဘူတာရုံအတိုင်း သူ့နောက်ကိုလိုက်သွားသည်။ သူက ဘေးတွင်ရှိသောလက်ကိုင်ကို ကိုင်၍ ရှုနဉ်ကို တိတ်တဆိတ် ကြည့်နေမိသည်။


တစ်နာရီခွဲခန့်ကြာသောအခါတွင် ချင်းချိုးဘူတာရုံသို့ ရောက်ရှိလာကြသည်။ ရှုနဉ်က ဘူတာရုံမှထွက်ပြီး ယင်းမင်ကျန်းကလည်း ဆင်းလိုက်သည်။ ထွက်ပေါက် ၂ အတိုင်း ထွက်လာကြပြီး ဆူညံပျာယာခတ်နေသော စီးပွားရေးနယ်မြေထဲသို့ ရောက်ရှိလာကြသည်။


ရှုနဉ်က လမ်းအလယ်တွင်ရှိသည့် ဆိတ်ရုပ်ထုနေရာသို့ လျှောက်လာပြီးစောင့်နေသည်။ ထိုအချိန်တွင် ယင်းမင်ကျန်းက ခရီးသွားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေသည်။


တစ်နာရီခန့်ကြာသောအခါတွင် ဒုတိယနှစ်ကျောင်းသူလေးက ရောက်ရှိလာခဲ့သည်။


ယင်းမင်ကျန်းက အလွန်စိတ်တိုနေသည်။ 

သူက တစ်နာရီကြီးများတောင် နောက်ကျတာပဲ...သူ့ပုံစံက လူကောင်းနဲ့လည်း မတူဘူး...


သူက ချက်ချင်း ရုပ်ရှင်အက်ပလီကေးရှင်းကိုဖွင့်လိုက်ကာ လက်ရှိပြသနေသောရုပ်ရှင်များကို ကြည့်လိုက်သည်။ လက်ရှိပြသနေသောရုပ်ရှင်များက ငါးခုရှိကြောင်း တွေ့ရသည်။


နှစ်ကားက နိုင်ငံခြားကားဖြစ်ပြီး တစ်ကားက အက်ရှင်ကားဖြစ်ကာ နောက်တစ်ကားက သည်းထိတ်ရင်ဖိုဖြစ်၍ တစ်ကားကမူ အချစ်ဇာတ်လမ်းဖြစ်သည်။


လူနှစ်ယောက်က ပထမဆုံးဒိတ်လုပ်မည်ဆိုလျှင် သည်းထိတ်ရင်ဖို့ သို့မဟုတ် ကလေးရုပ်ရှင်ကို ကြည့်လိမ့်မည်မဟုတ်ပေ။ ထိုသဘောက နိုင်ငံခြားကား သို့မဟုတ် အချစ်ဇာတ်လမ်းကြည့်ကြမည်ဆိုသည့် သဘောပင်ဖြစ်သည်။


အာ မေ့လိုက်ပါတော့… ဘာပဲဖြစ်ဖြစ် သူလက်မှတ်အားလုံးကို ဝယ်မှာပဲ…


ယင်းမင်ကျန်းက လိုရမယ်ရအနေဖြင့် ရုပ်ရှင်ငါးခုလုံးအတွက် လက်မှတ်ဝယ်လိုက်ကာ ဧည့်သည်စောင့်ခန်းထဲတွင် နေရာရှာလိုက်သည်။ ခပ်လှမ်းလှမ်းမှ ရှုနဉ်နှင့် ကောင်မလေးက စကားပြောကာ ရယ်မောနေကြသည်ကို တွေ့နေရသည်။


သေစမ်း ကောင်မလေးက သူ့နားကို ပိုပိုပြီး ကပ်လာတယ်…


ပထမဆုံးဒိတ်မှာ အဲဒီလောက်ထိ လွန်လွန်ကဲကဲ တက်ကြွနေစရာလိုလို့လား…


ယင်းမင်ကျန်းက သူ့လက်ထဲမှ ရုပ်ရှင်လက်မှတ်ကို ချေမွပစ်လိုက်သည်။


ဆယ်မိနစ်ကြာသောအခါတွင် ရုပ်ရှင်ရုံတစ်ရုံက ပွင့်လာခဲ့သည်။ ရှုနဉ်နှင့် ကောင်မလေးက လက်မှတ်စစ်သူနားကို သွားလိုက်ကြသည်။ ယင်းမင်ကျန်းက ဟူဒီကို ဆွဲတင်လိုက်ပြီး သူတို့နှစ်ယောက် ဦးစွာဝင်သည်ကို စောင့်နေလိုက်၏။ ထို့နောက် သူက လက်မှတ်ငါးစောင်လုံးကို ထုတ်လိုက်သည်။ လက်မှတ်စစ်သူ၏ အံ့ဩတုန်လှုပ်နေသောအကြည့်အောက်တွင် သူက ခပ်တည်တည်ဖြင့် ဝင်သွားလိုက်၏။