Chapter 66
ငါဝယ်ပေးထားတဲ့ အဝတ်အစားတွေကို တခြားမိန်းကလေးတွေနဲ့တွေ့ဖို့ မဝတ်နဲ့
ယင်းမင်ကျန်းက ရုံနံပါတ် ၅ သို့ဝင်ကာ နောက်ဆုံးတန်းမှရေလျှင် သုံးတန်းမြောက်၌ ထိုင်လိုက်သည်။
ရှုနဉ်နှင့် ကောင်မလေးက အရှေ့တွင်ဖြစ်၍ သူ့နေရာနှင့် အလွန့်အလွန်ဝေးနေ၏။
ရုပ်ရှင်ရုံအလင်းက မှိန်လာပြီး မှန်သားပြင်ပေါ်တွင် ရုပ်ရှင်က စတင်ပြသနေသည်။ ယင်းမင်ကျန်းက ပိန်းပိတ်အောင်မှောင်နေသောမှန်သားပြင်ပေါ်မှ ပြသနေသည်ကို မမြင်ရပေ။ သူက ထိုနေရာတွင် ထိုင်နေပြီး သူ့ဘာသာတွေးနေမိသည်။
ငါ ဒီမှာဘာလုပ်နေမိတာလဲ…
ယင်းမင်ကျန်းက ရူးကြောင်ကြောင်နိုင်သည့်ရုပ်ရှင်ကို တစ်နာရီခန့်ကြည့်ခဲ့သည်။ ရုပ်ရှင်ပြီးသည်နှင့် အပြင်ကို ပထမဆုံးထွက်သည်က သူဖြစ်သည်။ သူက ဘူတာရုံမှတစ်ဆင့် အိမ်ပြန်ရန် ပြင်ဆင်နေသည်။
သို့သော်လည်း ရုပ်ရှင်ရုံဝင်ပေါက်ကို ရောက်သည်နှင့် တွေးလိုက်မိသည်။
ငါ ဒီအထိတောင် ရောက်လာခဲ့ပြီးပြီပဲ…
မျက်ဝန်းထောင့်စွန်းမှကြည့်လိုက်လျှင် ဘာဂါရောင်းသည့်နေရာကိုတွေ့ရ၍ သူ့ကိုယ်သူပြောလိုက်သည်။
ငါ ဟန်ဘာဂါဝယ်ပြီး အိမ်ပြန်မယ်…
သူ ဟန်ဘာဂါဝယ်ပြီးသည်နှင့် ရုပ်ရှင်ရုံဝင်ပေါက်ကို ငေးကြည့်လျက် ငြီးငွေ့ဖွယ်ပုံစံဖြင့် ဝါးစားနေသည်။ ခဏကြာသောအခါတွင် ရှုနဉ်နှင့်ကောင်မလေးတို့ ထွက်လာကြသည်ကိုတွေ့ရသည်။ သူတို့က တစ်ဖက်လမ်းတွင်ရှိသည့် ရှော့ပင်းစင်တာဆီသို့ ဦးတည်သွားနေကြသည်။
ယင်းမင်ကျန်းက ဟန်ဘာဂါကို အကြီးကြီး တစ်ကိုက်ကိုက်လိုက်သည်။
သူ့ခြေထောက်က ထိန်းချုပ်မှုကင်းမဲ့သွားသကဲ့သို့ သူတို့နောက်ကိုလိုက်နေမိသည်။ သူတို့က ဖိနပ်၊ အဝတ်အစားနှင့် အခြားအရာများကိုဝယ်နေသည်အား နောက်က လိုက်ကြည့်နေမိပြီး ကျောက်မျက်ရတနာရောင်းချသည့် နေရာသို့ရောက်သည်အထိ အနောက်ကနေ လိုက်ကြည့်နေမိသည်။
သူတို့၏ဦးခေါင်းများက ကျောက်မျက်ရတနာများကို ရွေးနေကြရင်း အချင်းချင်းမှီထားကြသည်။ ခဏကြာသောအခါတွင် တစ်ခုကိုရွေးယူ၍ ရှုနဉ်က ပိုက်ဆံသွားရှင်းသည်။
ကောင်မလေးက ဆိုင်တံခါးဝတွင်ရပ်နေပြီး အလွန်ကျေနပ်နေသည့်ပုံပေါ်သည်။
ယင်းမင်ကျန်းက သူ့ဘာသာတွေးလိုက်မိပြန်သည်။
ငါ ဒီမှာ ဘာလုပ်နေတာလဲ…
သူပြန်ထွက်တော့မည့်အချိန်တွင် ကောင်မလေး၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ သူမက မျက်နှာပေါ်တွင် ချိုသာသောအပြုံးလေးနှင့် ဖုန်းကိုင်လိုက်သည်။
“ဟေး ကောင်မလေးတို့ ငါရှော့ပင်းမောလ်ကို ရောက်နေတာ ငါတစ်ခုခုကိုလုပ်ဖို့ဆုံးဖြတ်ပြီးတာနဲ့ ရအောင်လုပ်နိုင်တာပဲလေ ယောက်ျားလေးအားလုံးက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေကိုပဲ ကြိုက်ကြတာ ရှုနဉ်လည်း အတူတူပဲ...”
“ချင်းချင်းကိုပြောလိုက် ငါသူ့အတွက် လက်စားချေပေးမယ်လို့ သူ့ကို စိတ်ကြိုက်ကစားပြီးရင် ထားခဲ့လိုက်တော့မယ်... ဟ ချင်းချင်းကိုငြင်းဖို့ ဘယ်သူက သူ့ကို သတ္တိတွေပေးခဲ့လဲမသိဘူး သူ့ကိုယ်သူ မှန်ထဲမှာပြန်ကြည့်သင့်တယ်...”
ယင်းမင်ကျန်း၏ အကြားအာရုံက အလွန်ကောင်းမွန်၍ သူမပြောသောစကားလုံးတိုင်းကို ကြည်လင်ပြတ်သားစွာ ကြားနေရ၏။
ကောင်မလေးက ရှုနဉ်နှင့် ဒိတ်ချင်စိတ် လုံးဝမရှိပေ။ ယနေ့ဒိတ်ကိုလာခဲ့သည့် အကြောင်းပြချက်က သူမ၏သူငယ်ချင်းအတွက် ကလဲ့စားချေရန် ဖြစ်သည်။ သို့သော်လည်း ငတုံးလေးရှုနဉ်ကမူ လုံးဝ အရူးလုပ်ခံလိုက်ရပြီဖြစ်သည်။
ယင်းမင်ကျန်း ဒေါသထွက်သွားသည်။
“… ချင်းချင်းကိုပြောလိုက် ယောက်ျားတွေအားလုံးက အတူတူပဲလို့ ရှုနဉ်လိုယောက်ျားမျိုးကြောင့် ငိုနေဖို့ မထိုက်တန်ဘူး အာ..”
ကောင်မလေးက ရုတ်တရက် ထိတွေ့မှုကြောင့် ထိတ်လန့်သွားခဲ့သည်။
သူမလှည့်ကြည့်လိုက်သောအခါတွင် ချောမောသောမျက်နှာတစ်စုံအားတွေ့လိုက်ရ၍ ရုတ်တရက် ကြောင်သွားရ၏။
“ယင်းမင်ကျန်း…”
ယင်းမင်ကျန်း၏မျက်နှာက ခက်ထန်နေပြီး သူမ၏လက်ကိုဆွဲ၍ သန့်စင်ခန်းရှိရာသို့ ခေါ်သွားလိုက်သည်။
“ငါ့ကိုလွှတ်...”
ကောင်မလေးက သူ့ဖုန်းကိုကိုင်၍ စတင်ရုန်းကန်တော့သည်။ ကံမကောင်းစွာဖြင့် သူမက ယင်းမင်ကျန်းကဲ့သို့ မသန်မာပေ။ သူမက သန့်စင်ခန်းခန်းဘေးမှ ဝေးကွာသည့်နေရာသို့ လျင်မြန်စွာ ဆွဲခေါ်ခံလိုက်ရသည်။
“ပြောစမ်း မင်းရှုနဉ်ကို ဘာလုပ်ချင်တာလဲ...”
ယင်းမင်ကျန်းက ကောင်မလေးကို ကြမ်းတမ်းစွာဖြင့် မေးလိုက်သည်။
ကောင်မလေးက ကြောက်လန့်သွား၍ အော်ဟစ်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူမက ‘ဒုန်း’ ဟူသောအသံကြားလိုက်ပြီး ယင်းမင်ကျန်း၏လက်သီးဆုပ်က သူမ၏ဘေးမှ နံရံပေါ်သို့ ကျရောက်သွားသည်။
ကောင်မလေးက အလွန်အမင်းကြောက်စိတ်များ မွှန်ထူသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်ပြီး ယင်းမင်ကျန်းကို ကြောက်ရွံ့သောအကြည့်များဖြင့် ကြည့်လိုက်ပြိး တံတွေးမျိုချကာ ပြောလိုက်သည်။
“ငါ-ငါမသိဘူး နင်ဘာတွေပြောနေတာလဲ...”
ယင်းမင်ကျန်းက အေးစက်သောအကြည့်ဖြင့် နီးနီးကပ်ကပ်ကြည့်လိုက်သည်။
နီးကပ်သောအကွာအဝေးမှတစ်ဆင့်ကြည့်လျှင် သူ့မျက်နှာက ပိုပြီးကြည့်ကောင်းနေ၍ ပြင်းထန်သော အာရုံခံစားမှုကို ရရှိစေသည်။
ကောင်မလေးက အသက်ရှုနှုန်းရပ်လုနီးပါးပင်ဖြစ်သွားရသည်။
“မင်း အခုလေးတင် ပြောလိုက်တာတွေအားလုံးကို ငါကြားတယ် မင်းက ရှုနဉ်ရဲ့ခံစားချက်တွေကို ဆော့ကစားချင်နေတာလား...”
ယင်းမင်ကျန်းက အေးစက်စွာမေးသည်။
ကောင်မလေးက လျင်မြန်စွာဖြင့် ငြင်းဆန်သည်။
“နင်ဘာတွေပြောနေလဲဆိုတာ ငါမသိဘူး...”
“ချင်းချင်းက ဘယ်သူလဲ...”
ကောင်မလေးက ဆက်ငြင်းနေသည်။
ယင်းမင်ကျန်းက သူ့လက်သီးဆုပ်ကို သူမထံသို့ ပစ်သွင်းလိုက်ပြန်သည်။
“အား...”
ကောင်မလေးက အော်သည်။
“ငါ့သူငယ်ချင်းပါ ငါ့သူငယ်ချင်း...”
“သူက ရှုနဉ်ကို မုန်းနေတာလား...”
တုန်ယင်နေသောကောင်မလေးက ပြောသည်။
“သူ-သူက ရှုနဉ်ကို ဝန်ခံခဲ့တာကို ဟိုက ငြင်းလိုက်တော့…”
“ငြင်းလိုက်တော့ ဘာဖြစ်လဲ...”
“ငြင်းလိုက်တော့ ချင်းချင်းက အရမ်းစိတ်မကောင်းဖြစ်ပြီး တစ်လလောက်အထိ ငိုပဲငိုနေခဲ့တာ...”
ယင်းမင်ကျန်းက မျက်ခုံးပင့်လိုက်သည်။
“ဒါဆို မင်းကရော ဘာလို့ ရှုနဉ်ကို လိမ်ခဲ့တာလဲ...”
ကောင်မလေးက သူ့ကိုယ်သူ ကာကွယ်ပြောဆိုသည်။ “ချင်းချင်းက သူ့ကြောင့်နဲ့ အချိန်အကြာကြီး ငိုခဲ့ရပေမယ့် သူကတော့ လုံးဝ ဂရုစိုက်ပုံမပေါ်ဘူးလေ သူ့ကိုယ်သူ အထင်ကြီးနေတာကို ငါတို့ ဆက်ပြီးကြည့်မနေနိုင်တော့လို့ အဲ-အဲဒီတော့ သူငါ့ကိုကြိုက်လာအောင်လုပ်ပြီးမှ ငါသူ့ကိုထားခဲ့မလို့...”
ယင်းမင်ကျန်းက လှောင်ပြောင်သရော်လိုက်သည်။ “ကလေးဆန်လိုက်တာ မင်းသူ့ကို ဝန်ခံလိုက်တာနဲ့ သူက မင်းကိုတွဲမယ်ထင်နေတာလား... ငါသာ အခုမင်းကိုကြိုက်တယ်လို့ ဝန်ခံလိုက်ရင် မင်းကရော ငါနဲ့တွဲမှာလား...”
ကောင်မလေးက အံ့ဩပြီး ကျေနပ်အားရသွားမိသည်။ “တကယ်လား...”
ယင်းမင်ကျန်းက သူ့နှုတ်ခမ်းကို လှောင်ပြောင်သရော်သည့်ပုံစံဖြင့် ကွေးညွတ်ကာ ပြုံးလိုက်သည်။ သူက အရှေ့သို့တိုးလိုက်ပြီး သူ့မျက်ဝန်းများကလည်း အေးစက်ကာ အကြင်နာကင်းမဲ့နေသည်။
“မင်းက ငါနဲ့ တွဲချင်လို့လား...”
သူ့မျက်ဝန်းများက သားရဲတစ်ကောင်နှင့်တူနေပြီး သူ့နားပတ်ပတ်လည်တွင် အန္တရာယ်ရှိသောလေထုများဖြင့် ဝန်းရံနေသည်။ ကောင်မလေး၏ ဆံပင်များကိုပင် ထောင်မတ်သွားစေသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး...”
ယင်းမင်ကျန်းက သူမဖုန်းကို ယူလိုက်သည်။
ကောင်မလေးက စိုးရိမ်နေ၏။
“ငါ့ဖုန်းကို ပြန်ပေး။။။”
“အခုချက်ချင်း သူ့ကို တောင်းပန်လိုက် ပြီးရင် သူ့ကို ဖြတ်လိုက်တော့...”
ယင်းမင်ကျန်းက ဖုန်းကို သူ့လက်ထဲတွင် ဝေ့ယမ်းနေသည်။
“မဟုတ်ရင်တော့…”
ကောင်မလေးက နှုတ်ခမ်းကိုကိုက်ထားသည်။
“ငါသူ့ကို ဖြတ်လိုက်ရင်… ငါ့ဖုန်းကို ပြန်ပေးမှာလား...”
“သွားတောင်းပန်...”
ယင်းမင်ကျန်းက ရှုနဉ်ရှိရာသို့ မေးငေါ့ပြလိုက်သည်။
ကောင်မလေးတွင် ရွေးချယ်စရာမရှိဘဲ ကျောက်မျက်ရတနာအရောင်းဆိုင်ဆီသို့ ပြန်သွားရတော့သည်။ ရှုနဉ်က ကျောက်မျက်ရတနာများကို လက်ထဲတွင်ကိုင်၍ စောင့်နေသည်။ သူက ကောင််မလေးပျောက်သွားသည့်အတွက်ကြောင့် နားမလည်ဖြစ်နေပုံရသည်။ လက်ထဲတွင်လည်း ဖုန်းကိုကိုင်ထားပြီး သူမကို ဖုန်းခေါ်ရန်ပြင်နေသည်။
ယင်းမင်ကျန်းက ကောင်မလေးဖုန်းက တုန်ခါနေကြောင်းကို ခံစားမိသည်။ သူ ငုံ့ကြည့်လိုက်သောအခါတွင် ခေါ်ဆိုသူက ရှုနဉ်ဖြစ်နေကြောင်းကို တွေ့ရ၍ ရက်စက်စွာဖြင့် ဖုန်းကို ပိတ်ချလိုက်သည်။
ရှုနဉ်က စိတ်ရှုပ်ထွေးသွားရပြီး သူ့ဖုန်းကို ကြည့်နေမိသည်။
ကောင်မလေးက သူ့ဆီကို လာနေပြီဖြစ်ပြီး သတ္တိမွေး၍ ပြောလိုက်သည်။
“ရှုနဉ်...”
သူမကိုတွေ့သောအခါတွင် ရှုနဉ်က ပြုံးလိုက်သည်။
“ဟေး ငါမင်းကို အခုပဲ ဖုန်းခေါ်နေ…”
“ငါတို့ ဆက်ဒိတ်ဖို့ မသင့်တော်ဘူး...”
ကောင်မလေးက ကြားဖြတ်ပြောလိုက်သည်။
ရှုနဉ်၏မျက်နှာက အေးခဲသွားရသည်။
ဟမ်…
ငါ တစ်ခုခုအမှားလုပ်မိလို့လား...
ကောင်မလေးက ဆက်ပြောသည်။
“တကယ်တော့ ငါဒီနေ့ လာခဲ့တာက ကလဲ့စားချေဖို့ပဲ...”
ရှုနဉ်: " ဟမ်...”
ကောင်မလေးက ဆက်ပြောသည်။ “နင် ချင်းချင်းကို ငြင်းလိုက်တုန်းက သူက တကယ်စိတ်မကောင်းဖြစ်နေခဲ့တာ... ငါတို့က နင့်ကို သင်ခန်းစာပေးချင်ရုံပဲ နင့်ကို စိတ်ကြိုက်ဆော့ကစားပြီးရင် ထားခဲ့တော့မှာ...”
ရှုနဉ်: “...”
သူမ ပြောချင်သည်များပြောပြီးနောက် ထွက်ပြေးသွားကာ သန့်စင်ခန်းရှိရာသို့ ထွက်သွားသည်။ ယင်းမင်ကျန်းကိုတွေ့သောအခါတွင် နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောသည်။
“ငါပြောပြီးပြီ...”
ယင်းမင်ကျန်းက သူမ၏ဖုန်းကို ပြန်ပေး၍ ပြန်နိုင်ပြီဖြစ်ကြောင်း အချက်ပြပြောဆိုလိုက်သည်။
ကောင်မလေးက သူမဖုန်းကိုယူပြီး ထွက်ပြေးသွားလေသည်။
ယင်းမင်ကျန်းက ရှုနဉ်ကိုကြည့်လိုက်သောအခါတွင် ကျောက်မျက်ရတနာဆိုင်တွင် ကြောင်တောင်တောင်လေး ရပ်နေကြောင်းကို တွေ့ရသည်။ သူ့လက်ထဲတွင်လည်း သိမ်မွေ့လှပသည့် ကျောက်မျက်ရတနာအိတ်လေးကို ကိုင်ထားသည်။
ခဏကြာသောအခါတွင် ရှော့ပင်းမောလ်ထဲမှ စိတ်ဓာတ်ကျစွာဖြင့်ထွက်သွားပြီး အနီးနားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။
ယင်းမင်ကျန်းက သူ စိတ်ဓာတ်ကျနေကြောင်းကို တွေ့ပြီး သူ့နောက်ကို တိတ်တဆိတ် လိုက်သွားသည်။ သူက ပြည်ကြီးငါးကင်တစ်ချို့ကို ဝယ်ယူပြီး စက်ရုပ်တစ်ရုပ်လို စားသုံးနေကြောင်းကို တွေ့ရသည်။
သူ့မျက်နှာပေါ်က အူတူတူဖြစ်နေတဲ့ အမူအရာလေးက... တကယ် ချစ်ဖို့ကောင်းတာပဲ...
ယင်းမင်ကျန်းက ခဏခန့် တုံ့ဆိုင်းနေပြီးနောက် သူက လျှောက်သွားပြီး ပြောလိုက်သည်။
“ဟမ် ရှုနဉ်လား ဘာလို့ ဒီရောက်နေတာလဲ...”
ရှုနဉ်မော့ကြည့်လိုက်သည့်အခါ သူ့ကိုတွေ့သဖြင့် အနည်းငယ် အံ့ဩသွားသည်။
“မင်ကျန်း မင်းက ဘာလို့ ဒီရောက်နေတာလဲ...”
ယင်းမင်ကျန်းက အရှေ့မှ စာအုပ်ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး စာအုပ်ဝယ်ဖို့အတွက်လာတာ မင်းကရော ဒိတ်လုပ်နေတာမဟုတ်ဘူးလား...”
ရှုနဉ်က သူ့လက်ထဲမှ တုတ်ထိုးကိုပစ်လိုက်ကာ နေရခက်စွာဖြင့်ပြောသည်။
“မဒိတ်ပါဘူး ဘာဒိတ်မှမရှိဘူး...”
ယင်းမင်ကျန်းက သိချင်စိတ်ဖြင့်မေးလိုက်သည်။
“မဒိတ်ဘူးလား...”
ရှုနဉ်က ယင်းမင်ကျန်းရှေ့တွင် အရှက်မကွဲချင်သည့်အတွက်ကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။
“တကယ်တော့ ချိုက်ချိုက်အတွက် ငါ့ဘာသာလက်ဆောင်ဝယ်ပေးချင်လို့ ဒိတ်လုပ်မယ်လို့ ပြောလိုက်တာ...”
အားးး ပထမဆုံးဒိတ်မှာ အပစ်ခံခဲ့ရတာကို သူသိလို့မဖြစ်ဘူး…
သူပြောသည်ကမှန်ကန်ကြောင် သက်သေပြရန်အတွက် လက်ထဲမှ ကျောက်မျက်ရတနာအိတ်လေးကို ပင့်တင်ပြလိုက်သည်။
ယင်းမင်ကျန်းက ခေါင်းညိတ်ပြသည်။
“အတူတူ ဈေးဝယ်ထွက်ချင်လား...”
ရှုနဉ်က ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ ဤနေရာကို ရောက်နေပြီဖြစ်ပြီး အချိန်ကလည်း နေ့လယ်ပိုင်းသာ ရှိသေး၍ အချိန်
အများကြီးကျန်သေးသည်။ သူတို့အတူ ဈေးဝယ်ထွက်၍ရသေးသည်။
သူတို့နှစ်ယောက်က စာအုပ်ဆိုင်သို့ ဦးစွာသွားကြသည်။ နောက်ဆုံးတွင် ယင်းမင်ကျန်းက သူလိုချင်သည့်စာအုပ်မရှိဟုပြောသည့်အတွက်ကြောင့် ရုပ်ရှင်ရုံဆီသို့ ပြန်သွားကြသည်။
“ရုပ်ရှင်ကြည့်ရအောင် ငါဒီရုပ်ရှင်ကို ကြည့်ချင်နေတာကြာပြီ...”
ယင်းမင်ကျန်းက ရုပ်ရှင်ရုံ၏ မှန်သားပြင်ပေါ်တွင် ပြသနေသော ကြော်ငြာဗီဒီယိုကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
ရှုနဉ်က မော့ကြည့်သည်။
ချီးပဲ ဒါက အခုလေးတင် ကြည့်ခဲ့တဲ့ Alien Invasion ဆိုတဲ့ရုပ်ရှင်မဟုတ်ဘူးလား…
“မင်းပဲကြည့်ချင်တယ်လို့ ပြောတာမလား...”
ယင်းမင်ကျန်းက မေးလိုက်သည်။
ဗီလိန်လေးက အမှန်တကယ် ကြည့်ချင်နေပုံရသောကြောင့် ရှုနဉ်က ဆုံးဖြတ်လိုက်ပြီး ပြောသည်။
“ဒါဆိုလည်း ကြည့်ကြတာပေါ့...”
နှစ်ယောက်သား Alien Invasion ကိုကြည့်ရန် ရုပ်ရှင်လက်မှတ်ဝယ်လိုက်ကြသည်။
ရုပ်ရှင်ကြည့်ပြီးသောအခါတွင် နှစ်ယောက်လုံး ရုပ်ရှင်ရုံထဲမှ ပြန်ထွက်လာကြပြီး ယင်းမင်ကျန်းက သူ့ကို ရှော့ပင်းမောလ်ထဲသို့ ခေါ်သွားသည်။
ရှုနဉ်က ကြည့်လိုက်သည်။
ချီးပဲ ဒါ အခုလေးတင် သွားခဲ့တဲ့ ရှော့ပင်းမောလ်မဟုတ်ဘူးလား…
အနည်းငယ်တုံ့ဆိုင်းနေသော ရှုနဉ်ကို ယင်းမင်ကျန်းက ဆွဲခေါ်လိုက်ပြီး ယောက်ျားလေးအဝတ်အစားများ ထားရှိသောနေရာသို့ သူတို့က ဦးတည်သွားလိုက်ကြသည်။ ထို့နောက် ယင်းမင်ကျန်းက ရှုနဉ်အတွက် အဝတ်အစားနှစ်စုံရွေးလိုက်၏။
“ဝတ်ကြည့်လိုက်...”
ရှုနဉ်က ကြောင်တောင်တောင်ဖြင့် အဝတ်စားများကို ကိုင်ကာ အဝတ်လဲခန်းသို့ လျှောက်သွားသည်။
အဝတ်များလဲပြီးနောက် ပြန်ထွက်လာလေ၏။
ပထမတစ်စုံက အဖြူရောင်ဆွယ်တာဖြစ်သည်။ ဒီဇိုင်းက အလွန်ရိုးရှင်းပြီး သူ့ကို ပို၍လန်းဆန်းစေသည်။
ယင်းမင်ကျန်းက မေးသည်။
“အဲဲဲဒါက ဘာအရောင်လဲ...”
သူက အရောင်များကို မမြင်တွေ့နိုင်ကြောင်းအား ရှုနဉ်သတိရမိသွား၍ ပြန်ပြောလိုက်၏။
“အဖြူရောင်...”
ယင်းမင်ကျန်းက ခေါင်းညိတ်ပြသည်။
ဒုတိယတစ်စုံက ကျောင်းသားဂျာကင်ဖြစ်သည်။ အရောင်က အလွန်တောက်ပသည့် အပြာရောင်ဖြစ်ပြီး ထိုပုံစံက သူ့ကို တက်ကြွရွှင်မြူးစေသည်။
ယင်းမင်ကျန်းက မေးသည်။
“ဒါရော ဘာအရောင်လဲ...”
ရှုနဉ်က ပြောလိုက်သည်။
“အပြာရောင်...”
ယင်းမင်ကျန်းက လက်ဖျောက်တီး၍ ခေါင်းညိတ်လိုက်သည်။
“ဒီနှစ်ခုပဲ...”
ရှုနဉ်က အဝတ်ပြန်လဲတော့မည့်အချိန်တွင် ယင်းမင်ကျန်းက ပြောလိုက်သည်။
“မလဲနဲ့...”
ရှုနဉ်က အံ့ဩသွား၍ လှည့်ကြည့်လာသည့်အခါ ယင်းမင်ကျန်းက ပြောလိုက်သည်။
“အရောင်တောက်တာလေးတွေ ဝတ်သင့်တယ်...”
ထို့နောက် သူက အရောင်းဝန်ထမ်းကို ဘောင်းဘီတချို့ပြခိုင်းကာ ရှုနဉ်ကို ဝတ်ခိုင်းလိုက်သည်။
ရှုနဉ်တွင် ရွေးချယ်စရာမရှိဘဲ သူခိုင်းသည့်အတိုင်းလုပ်ရုံသာတတ်နိုင်သည်။ သူလဲဝတ်ခဲ့သည့် ဆွယ်တာကို ပြန်ယူမည့်အချိန်တွင် ယင်းမင်ကျန်းက သူ့ကို တားလိုက်သည်။ “အဲဲဲဒါကို မယူနဲ့...”
ရှုနဉ်: “ဟမ်”
“ကြည့်ရဆိုးတယ်...”
ယင်းမင်ကျန်းက သူ့ကို ဆိုင်ထဲမှ ဆွဲခေါ်ထုတ်လာသည်။
“ငါတို့ ဘယ်ကိုသွားနေတာလဲ...”
ရှုနဉ် လုံးဝ မသိတော့ချေ။
“လက်ဝတ်ရတနာအသစ် ဝယ််မလို့...”
“ဘာလို့လဲ...”
“အဲဲဒါက ကြည့်ရဆိုးလို့...“
ရှုနဉ်က အိတ်ကိုဖွင့်ကြည့်၍ လက်ဝတ်ရတနာအသစ်ကို ကြည့်လိုက်သည်။ ကောင်မလေးက အသေးစိတ်ကြည့်၍ ရွေးချယ်ထားခြင်းဖြစ်ပြီး အတော်လေး နူးညံ့သည့်ပုံပေါ်သည်။
ဗီလိန်လေးက ကြည့်ရဆိုးတယ်ဆိုတော့လည်း ကြည့်ရဆိုးတယ်ပေါ့...
သူတို့နှစ်ယောက်က ကျောက်မျက်ရတနာဆိုင်သို့သွားပြီး အခြားတစ်ခုနှင့် လဲလှယ်လိုက်ကြလေသည်။ အရောင်းဝန်ထမ်း၏ပုံစံက အလွန်ရွှင်မြူးနေပြီး ဈေးနှုန်းတူသည့် လက်ဝတ်ရတနာတစ်စုံကို ပြပေးလာသည်။
နောက်ဆုံး ရှုနဉ်က ချိုက်ချင်အတွက် ခရမ်းရောင်ဆံထိုးလေးကို ရွေးလိုက်ပြီး ဗီလိန်လေးကို ပျော်ရွှင်စွာ ပြလိုက်သည်။
ရှုနဉ်က ဈေးဝယ်ထွက်လေ့မရှိပေ။ သူတို့နှစ်ယောက်က ဈေးရုံတန်းထဲတွင် အချိန်အတော်ကြာ လျှောက်ပတ်ကြည့်နေခဲ့ပြီးနောက် အွန်လိုင်းပေါ်တွင် အလွန်နာမည်ကြီးနေသည့် စားသောက်ဆိုင်သို့သွားကြသည်။ တစ်နေ့လုံးလျှောက်ပတ်ပြီးသည့်နောက်တွင် အိမ်ပြန်သွားကြတော့သည်။
ရှုနဉ်မှာ ထမဆုံးဒိတ်တွင် အပစ်ခံခဲ့ရ၍ ကူကယ်ရာမဲ့ပြီး အရှက်ရနေမိသော်လည်း ယင်းမင်ကျန်းက သူ့ကိုခေါ်၍ တစ်နေ့လုံးလည်ပတ်ကြည့်ရှုပြီးသည့်နောက်တွင်တော့ ထိုမပျော်ရွှင်မှုများက လေထုထဲတွင် မီးခိုးသဖွယ် ပျောက်ကွယ်သွားရသည်။
ကောင်မလေးနှင့် အတူရှိနေစဉ်က သူ လုံးဝ မပျော်ရွှင်ခဲ့ရဘဲ အလွန် မသက်မသာဖြစ်ကာ နေရခက်ခဲ့၏။
အပစ်ခံလိုက်ရခြင်းက ဆိုးရွားသည့်အရာလည်း မဟုတ်ချေ။
အနည်းငယ်အရှက်ရမိခြင်းကလွဲလျှင် အခြားဘာကိုမှ မခံစားခဲ့ရပေ။
သူတို့အိမ်ပြန်ရောက်ကြသောအခါတွင် ဆံထိုးလေးအား ချိုက်ချင်ကို ချက်ချင်းပေးလိုက်ကြသည်။
ချိုက်ချင်က ရှုနဉ်ဆီမှ လက်ဆောင်ရ၍ အလွန်အမင်း ပျော်ရွှင်နေပြ သူမ၏သားဖြစ်သူကိုလည်း ထပ်ခါထပ်ခါ ချီးကျူးနေမိသည်။
ရှုနဉ်က ညဘက်အိပ်ရာပေါ်တွင် လှဲနေရင်း ဂနာမငြိမ်ကာ အိပ်မပျော်နိုင်ဖြစ်နေ၏၊ သူက ယင်းမင်ကျန်းကိုပြောလိုက်သည်။
“နောက်တစ်ခါလည်း ဒီလိုပဲ လျှောက်လည်ရအောင်...”
ယင်းမင်ကျန်းက သူ့ဘေးတွင် မျက်လုံးမှိတ်၍ လှဲနေပြီး ညင်သာစွာဖြင့် ပြန်ဖြေလိုက်သည်။
တနင်္လာနေ့အတန်းတက်သောအခါတွင် ရှုနဉ်က စားပွဲခုံထဲမှ ရည်းစားစာကို ဆွဲထုတ်မိသည်။ သူက စာကိုဖွင့်၍ ပြန်ရေးရန်လုပ်သော်လည်း ယင်းမင်ကျန်းက ဆွဲယူပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။
ရှုနဉ်: “…”
ယင်းမင်ကျန်းက သူ့စားပွဲအောက်မှစာများကိုလည်း ပစ်လိုက်ပြီး မျက်ခုံးပင့်၍ ပြောလိုက်၏။
“ဒီတိုင်း တည့်တိုးပဲငြင်းလိုက်စမ်းပါ ဘာမျှော်လင့်ချက်မှပေးမနေနဲ့ အဲဒါမှ ပြဿနာတွေလည်း ကင်းမှာ...”
ရှုနဉ်က သူ့အရှိန်အဟုန်ကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ ထိုနေ့က ကောင်မလေးထံမှ အပစ်ခံခဲ့ရစဉ်တွင် သူပြောသည့်စကားများကို ပြန်တွေးမိသောအခါတွင် ယင်းမင်ကျန်းပြောသည်ကမှန်ကန်ကြောင်း ခံစားမိလိုက်သည်။
ပထမတစ်ချိန်ပြီးသောအခါတွင် ရုတ်တရက် သူနားလည်လိုက်ရသည်။
ရည်းစားစာတွေအားလုံးကို လွှင့်ပစ်လိုက်ရင် ဘယ်လိုလုပ် ရည်းစားထားလို့ရတော့မှာလဲ...
နောက်ဆုံးတစ်ခေါက်ဒိတ်ခဲ့တုန်းက သူ့ကို အကြောင်းတစ်စုံတစ်ရာအား ဝိုးတဝါး သတိထားမိသွားစေသည်။ သူက ကောင်မလေးများကို စိတ်ဝင်စားသည့်ပုံမပေါ်ပေ။
သို့သော်လည်း ကောင်မလေးတိုင်းကို လုံးဝ စိတ်မဝင်စားတာလား၊ ထိုကောင်မလေးတစ်ယောက်တည်းကိုပဲ စိတ်မဝင်စားတာလားဆိုသည်ကို သေချာမသိချေ။ ကောင်မလေးတစ်ယောက်ကိုတွေ့လျှင် လိုချင်သည့်စိတ်ဆန္ဒဖြစ်ပေါ်မိကြောင်းကို ဝမ်ရှန်ရှန်နှင့် လုံချောင်က အမြဲပြောသည်။ ရှုနဉ်ကမူ ထိုဆန္ဒမျိုးကို တစ်ကြိမ်မှမခံစားဖူးပေ။
သူထပ်ပြီး ကြိုးစားကြည့်ချင်မိ
သည်။
သို့သော်လည်း ယင်းမင်ကျန်းက သူ့တွင် ရည်းစားစာရသည်ကိုတွေ့သောအခါတိုင်း ချက်ချင်းလွှင့်ပစ်လေ့ရှိပြီး သူ့ကို သတိပေးလေ့ရှိသည်။
“အသက်ငယ်တုန်းမှာ ရည်းစားမထားသင့်သေးဘူး....”
ရှုနဉ်က ရွေးချယ်စရာမရှိဘဲ သူပြောသည့်စကားများကို နားထောင်ရသည်။ သူက အသက် ၁၄ နှစ်သာရှိသေးသည့်အတွက်ကြောင့် ရည်းစားထားရန်အတွက် အနည်းငယ်စောနေသေးသည်။