Chapter 67
ငါဝယ်ပေးထားတဲ့ အဝတ်အစားတွေကို တခြားမိန်းကလေးတွေနဲ့တွေ့ဖို့ မဝတ်နဲ့
စာသင်နှစ်တစ်ဖြတ် ပြီးဆုံးခါနီးရောက်သောအခါတွင် ရှုနဉ်က ကောင်မလေးတစ်ယောက်၏ ဖွင့်ပြောခြင်းကို ခံရပြန်သည်။ ထိုကောင်မလေးက သူ့ကို သဘောကျကြောင်း ဝန်ခံလာသည်။ သူမက အလွန်ချစ်စရာကောင်း၏။ သူမတွင် နူးညံ့ပြီး ကြည်လင်သောမျက်ဝန်းများရှိကာ ညင်သာပြီး ကြင်နာတတ်သည့်ပုံလည်းပေါ်သည်။
ရှုနဉ်က ထိုကောင်မလေးပုံစံမျိုးကို သူသဘောကျလိမ့်မည်ဟု ခံစားမိ၍ အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။
ကောင်မလေးက သူ့ကို ဝန်ခံပြီးသည့်နောက်တွင် စိတ်အားထက်သန်စွာဖြင့် ငေးကြည့်နေ၏။
“ရှုနဉ် နင်ဘယ်လိုထင်လဲ...”
ရှုနဉ်က ခေါင်းကုတ်လိုက်သည်။
“ဒါဆို… ငါတို့ အဆင်ပြေနိုင်မလားဆိုတာကိုသိဖို့ အရင်ဆုံး ဒိတ်ကြည့်ကြမလား...”
ကောင်မလေးက ရယ်မောပြီး သူ့လက်ကိုဆွဲလိုက်သည်။ “ကောင်းပြီလေ...”
“ဝိုးးး~” ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က စတင်အော်ဟစ်တော့သည်။
ရှုနဉ်က နေရခက်စွာဖြင့် ကောင််မလေးကိုလွှတ်လိုက်ကာ နောက်ဆုတ်လိုက်သည်။
ကောင်မလေးက ရှက်သွား၏။
သူမ၏ ရှက်သွားသောအပြုအမူလေးက ရှုနဉ်ကို သူမအား ဒိတ်ကြည့်ချင်စိတ်များဖြစ်ပေါ်စေမိသည်။ သူက ဒိတ်လုပ်ရမည့် အချက်အလက်များကို ရှာဖတ်တော့သည်။ ထိုပိတ်ရက်တွင် ဗီလိန်လေးက သူ့အတွက်ဝယ်ပေးထားသည့် အဖြူရောင်ဆွယ်တာလေးကို ဝတ်လိုက်သည်။သူ အပြင်ထွက်ရန်ပြင်နေစဉ် ဗီလိန်လေးက သူ့ကို အိမ်ရှေ့တံခါးဝတွင် လာတားသည်။
“ ဟမ်..”
ရှုနဉ် မော့ကြည့်လိုက်သည်။
အချိန်တိုအတွင်းနှင့် ယင်းမင်ကျန်းက ထပ်မံ၍ အရပ်ရှည်လာပြန်သည်။ ယခုတွင်မူ ရှုနဉ်က သူ့ကိုကြည့်ရန် ခေါင်းမော့နေရတော့သည်။
သူတို့၏အရပ်ကို တိုင်းတာရန် ဗီလိန်လေးကို ထပ်မံဆွဲခေါ်မသွားတော့ချေ။ တိုင်းကြည့်မိလျှင် အရှက်ရသလိုသာ ဖြစ်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဗီလိန်လေးက သူတို့အတန်းထဲတွင် အရပ်အရှည်ဆုံးဖြစ်သည်။ တစ်ဖက်တွင်မူ ရှုနဉ်က အရပ်ရှည်လာသည့်ပုံမပေါ်ပေ။
“အဝတ်အစားသွားလဲ...”
ယင်းမင်ကျန်းက အေးစက်စွာ ပြောလိုက်သည်။
ရှုနဉ်က နားမလည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလို့လဲ...”
“လဲလိုက်လို့...”
ဗီလိန်လေး၏ အမူအရာက တင်းမာနေသည်။ ရှုနဉ်က သူနှင့် မငြင်းဆန်ချင်တော့သည့်အတွက်ကြောင့် ပခုံးတွန့်၍ ဗီရိုကိုပြန်သွားကာ အဝတ်စားလဲလိုက်သည်။ အဖြူရောင်ဆွယ်တာလေးက ကြည့်ကောင်းပြီး သက်သောင့်သက်သာဖြစ်မည်ဟု ထင်မိသောကြောင့် ဒိတ်လုပ်ရန်အတွက် သင့်တော်မည်ဟုထင်ပြီး ဝတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဗီလိန်လေးက အလွန်အမင်း ငြင်းဆန်နေသည့်အတွက်ကြောင့် လဲလိုက်ခြင်းသာဖြစ်သည်။
သူက အပြာရောင်တောက်တောက်ရှိသည့် ကျောင်းဂျာကင်ဝတ်စုံကိုသာရွေးလိုက်သည်။
“မရဘူး...”
ယင်းမင်ကျန်းက ပြောသည်။
ရှုနဉ်က လှည့်ကြည့်သည်။
“ဘာလို့လဲ...”
“ငါမကြိုက်ဘူး...”
ဗီလိန်က ပြောသည်။
ရှုနဉ်: “…”
ရှုနဉ်က “ရုပ်ဆိုးတယ်” “မလိုက်ဘူး” ဟုပြောမည်ထင်ခဲ့သော်လည်း “ငါမကြိုက်ဘူး” ဟူသည့်စကားကို ကြားရလိမ့်မည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။
အမှန်တကယ် မမျှော်မှန်းထားခြင်းဖြစ်သည်။
ဗီလိန်လေး၏မျက်နှာက အေးစက်ပြီး တင်းမာနေသည်။ ရှုနဉ်က သူမည်သည််အင်္ကျီဝတ်ဝတ် အရေးမကြီးကြောင်းကို သိလိုက်သည့်အတွက် အညိုရောင်ဂျာကင်ကိုသာ ဝတ်ဆင်လိုက်သည်။
“နောက်တစ်ခါကျရင် ငါမင်းကို ဝယ်ပေးထားတဲ့ အဝတ်အစားတွေကို တခြားမိန်းကလေးတွေနဲ့တွေ့ဖို့ မဝတ်နဲ့...”
အေးစက်သည့်အသံက သူ့အနောက်မှ ထွက်ပေါ်လာခဲ့သည်။
ရှုနဉ်က လှည့်ကြည့်လိုက်သည့်အခါ ယင်းမင်ကျန်းက စာရေးစားပွဲခုံသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ သူက လက်ပ်တော့ကိုဖွင့်ပြီး ဒေတာများကို စိစစ်ရန် ဆက်လုပ်နေသည်။
အသက်ကြီးလာသည်နှင့်အမျှ ဗီလိန်လေး၏မျက်နှာက ပို၍ရင့်ကျက်လာခဲ့ပြီး သူ့ပါးပြင်ပေါ်မှ ကလေးသဖွယ် ချစ်စရာကောင်းသည့် ပါးဖောင်းဖောင်းလေးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူ့ပုံစံတစ်ခုလုံးက ကလေးအရွယ်နှင့် အရွယ်ရောက်လာသည့်စပ်ကြားတွင် ရှိနေသည်။ သူက ငယ်ရွယ်သည့်ပုံစံလည်းပေါ်ပြီး ကြော့ရှင်းပြီး အရွယ်ရောက်သည့်ပုံလည်းပေါ်သည်။
သူ့ဆံပင်များကလည်း ထူထဲကာ ပိတုန်းရောင်ဖြစ်သည်။
ပြေပြစ်ပြီး ဆွဲဆောင်မှုရှိသည့်ဦးခေါင်းလည်းရှိသည်။ ၎င်းက အမှန်တကယ်ကြည့်ကောင်းသည့် ဦးခေါင်းပုံစံမျိုးဖြစ်ပြီး သူ့မျက်နှာအစိတ်အပိုင်းများကို ပြီးပြည့်စုံစေသည်။ သူမော်ဒယ်မလုပ်သည်မှာ နှမြောစရာပင်ကောင်း၏။
သူ့ဆံပင်က အလွန်ထူသည့်ပုံပေါ်ပြီး ကြွေရောင်ထနေသည်။ ဆံပင်ထူအောင် တမင်ပြုလုပ်ထားသည့် နာမည်ကြီးတစ်ယောက်နှင့်ပင် တူနေသည်။
ဦးခေါင်းထိပ်က အလွန်လုံးဝန်းပြီး မပြားသောကြောင့် သူ့မျက်နှာကို ပိုသေးစေကာ နဖူးကို ပိုပြည့်မောက်စေသည်။
သူ့မျက်နှာအစိတ်အပိုင်းများက အမြဲတမ်းနူးညံ့ခဲ့သော်လည်း အခုတွင်မူ ဖွံဖြိုးရင့်ကျက်နေပြီဖြစ်သည်။ သူ့မျက်ခုံးက ရှည်လျားပြီး ထူထဲ၏။
သူ့မျက်ဝန်းအိမ်က နက်ရှိုင်းပြီး ရောင်ဝါလက္ခဏာက ပြင်းထန်သည်။
မြင်သူတိုင်းကို ‘ဝိုး’ ဟု ငေးကြည့်ကာ အံ့အားသင့်စေမည့် မျက်နှာပုံစံမျိုးဖြစ်သည်။ သူ့ကို ပထမဆုံးတွေ့လျှင် ချောမောပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ပုံစံနှစ်မျိုးလုံးရသည်။
ရှုနဉ်က သူပြောသည့်စကားများကိုကြားသောအခါတွင် ထိုစကားများ၏ အဓိပ္ပာယ်ကို ချင့်ချိန်မိသည်။
သူဝယ်ပေးထားတဲ့ အဝတ်အစားတွေကို တခြားမိန်းကလေးတွေနဲ့ တွေ့ဖို့ မဝတ်နဲ့တဲ့လား...
အဲဒီအဓိပ္ပာယ်က ဘာလဲ...
ရှုနဉ်က အဓိပ္ပာယ်ကိုမသိသည့်အတွက်ကြောင့် ပခုံးတွန့်၍ ဖုန်းကိုယူကာ ထွက်သွားသည်။
ထားလိုက်ပါတော့လေ… သူ မဝတ်စေချင်ရင်လည်း မဝတ်ဘူးပေါ့… ကြီးကြီးမားမားကိစ္စလည်း မဟုတ်ပါဘူး…
ရှုနဉ်ရောက်ရှိလာပြီးနောက် သူတို့နှစ်ယောက်ဒိတ်ကို စတင်ခဲ့ကြသည်။ ကောင်မလေးက အလွန် သဘောကောင်းပြီး နူးညံ့ကာ ချစ်စဖွယ်ကောင်းသော်လည်း သူ သက်တောင့်သက်သာမရှိသလို ခံစားနေရသည်။
ကောင်မလေးလုပ်ချင်သည့် အရာတစ်ခုကိုမှ သူ မကြိုက်ပေ။
ဥပမာအားဖြင့် အချစ်ဇာတ်လမ်းများ၊ အရုပ်များ၊ စျေးဝယ်ထွက်ခြင်း၊ မပြီးဆုံးနိုင်သော ဓာတ်ပုံရိုက်ခြင်းတို့ ဖြစ်သည်။
သူ့ကိုယ်သူ ခံစားချက်ကင်းမဲ့သည့် Humanoid Camera တစ်လုံးလိုခံစားရသည်။
နောက်ဆုံးတွင် ကောင်မလေးက ရှုနဥ်မပျော်ရွှင်ကြောင်းကို စတင်သဘောပေါက်လာသည်။ သူမက သူ့ကို " ဒီလိုကိစ္စတွေ စိတ်မဝင်စားဘူးလား" ဟု နူးညံ့စွာမေးလိုက်သည်။ ရှုနဥ်ခဏခန့်စဥ်းစားလိုက်ပြီးနောက်ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကောင်မလေး အလွန်စိတ်ပျက်သွားလေသည်။
ရှုနဥ်က သူမကို လျင်မြန်စွာ နှစ်သိမ့်ပေးလိုက်ပြီးနောက် နှစ်ယောက်အတူတူ ပန်းခြံသို့ ခဏတာသွားကြသည်။
ကောင်မလေးက စကားစရန် လမ်းစရှာနေသည်ကို သူပြောနိင်သည်။ သူသည်လည်း တစ်ခုခုပြောရန် ပြင်းပြင်းထန်ထန် အကြောင်းရှာနေသည်ဖြစ်သော်လည်း သူတို့ ဤစကားဝိုင်းကိုဆက်နိုင်ရန် မမြင်ပေ။
ဒိတ်ပြီးသွားသည့်အခါ ရှုနဥ် အင်အားများကုန်ခမ်းသွားသကဲ့သို့ ပင်ပန်းသွားသည်ကို ခံစားလိုက်ရသည်။ သူက သူမကို အိမ်လိုက်ပို့လိုက်သည်။ သူ၏တစ်ခုတည်းသော အတွေးမှာ “အာ နောက်ဆုံးတော့ပြီးသွားပြီ” ဟူ၍သာ ဖြစ်သည်။ ထိုအတွေးကြောင့် သူ စိတ်ရှုပ်ထွေးသွားပြီး အပြစ်မကင်းသလိုပါ ခံစားလိုက်ရသည်။ သူ အိမ်ပြန်ရောက်လာသောအခါ ယင်းမင်ကျန်းက ပေါ့ပါးစွာ မေးလာသည်
“ဒိတ်က ဘယ်လိုနေလဲ...”
ရှုနဥ်က သူ၏အရင်းအနှီးဆုံး သူငယ်ချင်းထံ မည်သည့်အရာကိုမှ မဖုံးကွယ်ထားပေ။
“မကောင်းဘူး...”
“အိုး...”
ယင်းမင်ကျန်း သူ၏ကုလားထိုင်မှ လှည့်လာပြီး မျက်ခုံးတွန့်လိုက်သည်။
“ဘာလို့လဲ...”
ရှုနဥ် ခဏစဥ်းစားလိုက်သည်။
“အဲ့ဒါက ပျော်စရာမကောင်းဘူး...”
“ပျော်စရာမကောင်းဘူးတဲ့လား...”
ရှုနဥ် သူ၏သော့များနှင့် ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင်တင်လိုက်သည်။
“သူက အရုပ်တွေ အဝတ်အစားတွေ စျေးဝယ်ထွက်တာတွေနဲ့ အချစ်ဇာတ်လမ်းတွေကိုပဲ စိတ်ဝင်စားတယ်... ငါက စိတ်မဝင်စားဘူး...”
ယင်းမင်ကျန်းက အတွေးနက်နဲနေပုံရသည်။
“မိန်းကလေးတွေ တော်တော်များများ အဲ့ဒါတွေကိုကြိုက်ကြတာပဲ...”
ရှုနဥ် အိပ်ရာပေါ်သို့ ပစ်ဝင်လိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“တကယ်လို့ ဒိတ်တွေတိုင်းသာ ဒီလိုဆိုရင်တော့ ငါ မင်းနဲ့ပဲ အပြင်ထွက်တော့မယ်...”
ယင်းမင်ကျန်း တစ်ခဏတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
“မင်း မနက်ဖြန် အားလား...”
ရှုနဥ် သူ့ခေါင်းကိုလှည့်လိုက်သည်။
“ဟမ်...”
ယင်းမင်ကျန်းပြောလိုက်သည်။
“ဒီအပန်းဖြေဥယျာဥ်က ပွဲတစ်ခုရှိတယ်.. တူတူသွားရအောင်...”
“ကောင်းပြီလေ...”
ရှုနဥ်စိတ်ဝင်စားလာသည်။
“ဘယ်မှာလဲ...”
ယင်းမင်ကျန်း သူ့ဖုန်းကို ဆွဲယူပြီးပြလိုက်သည်။
“ဒီတစ်ခု သူတို့ရဲ့ မှတ်ချက်တွေက အရမ်းကောင်းတယ်...”
ရှုနဥ် မှီချလိုက်ပြီး အပန်းဖြေဥယျာဥ်၏ အချက်အလက်အတိုလေးများကို ဖတ်ပြီးနောက်ပြောလိုက်သည်။
“အိုး အဲဒီမှာ အရမ်းပျော်စရာကောင်းတယ်လို့ လုံချောင်ပြောတာ ကြားဖူးတယ်...”
“ဒါဆို ငါတို့သွားမလား...”
“ကောင်းပြီလေ...”
ယင်းမင်ကျန်း သူ့ဖုန်းကို လက်မှတ်ဝယ်ရန် ကြည့်လိုက်လေသည်။
ရှုနဥ် သူ့ဖုန်းကို ကိုင်လိုက်သည်။
“ဟေး လုံချောင် မင်း မနက်ဖြန် Simba Paradise ကိုသွားချင်လား...ဝမ်ရှန်ရှန်ကို မေးလိုက်….စုန့်နျန်လား...ကောင်းပြီလေ စုန့်နျန်ကိုလည်း သူလာချင်လားလို့ မေးလိုက်လေ။”
သူဖုန်းချပြီးနောက် ယင်းမင်ကျန်း၏ အေးခဲနေသော အမူအရာကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ...”
ယင်းမင်ကျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။
“ဘာမှမဖြစ်ပါဘူး...”
သူလက်မှတ်သုံးစောင် ထပ်ဝယ်လိုက်သည်။
ရှုနဥ် စိတ်လှုပ်ရှားဖွယ်ကောင်းသော တနင်္ဂနွေကို အပန်းဖြေဥယျာဥ်၌ ကုန်ဆုံးခဲ့သည်။ ယင်းမင်ကျန်းမှ လွှဲ၍ ကောင်လေးအားလုံးအချိန်ကောင်းလေးများ ပိုင်ဆိုင်ခဲ့ကြသည်။ သူကမူ အေးစက်နေသော မျက်နှာထားဖြင့်သာ ရှိနေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက် သူ့ထံတွင် အကြွေးတင်နေသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သူ့ပုံစံက အမြဲထိုအတိုင်းသာ ဖြစ်သောကြောင့် မည်သူ့မျှ သူ့ကို စိတ်မရှိကြဘဲ သူတို့ကိုယ်ပိုင်ပျော်စရာများကို ဆက်လုပ်နေကြသည်။
နောက်နေ့တွင် ထုံးစံအတိုင်း မိန်းကလေးများက ဘတ်စကတ်ဘောကွင်း၌ သူတို့ကို အားပေးနေကြသည်။
သူတို့၏သူငယ်ချင်းများက အားပေးသံများကို ကြားသောအခါ ရှုနဥ်ကို သူတို့၏ ပုခုံးများဖြင့် တိုက်ကြလေသည်။
“ဝိုး မင်းနဲ့ ယင်းမင်ကျန်းက အရမ်းကို လူကြိုက်များတာပဲ...ငါတော့ မနာလိုနေပြီ...”
ရှုနဥ်ပြုံးလိုက်ပြီး မိန်းကလေးများကို လက်ရမ်းပြလိုက်သည်။
ယင်းမင်ကျန်း သူ့ကို ရေတစ်ဘူး လက်လှမ်းပေးလာသည့်အခါ ရှုနဥ်ယူ၍ နှစ်ငုံလောက်သောက်ပြီး ယင်းမင်ကျန်းကို ပြန်ပေးလိုက်သည်။
ယင်းမင်ကျန်းက ကျန်သည့်ရေကို သောက်လိုက်သည်။
သူတို့အားလုံး ထိုသို့သာ နေသောကြောင့် မည်သူကမျှ ထူးဆန်းသည်ဟု မထင်ပေ။
ဝမ်ရှန်ရှန်က ရှုနဥ်ကို မျက်စိမှိတ်ပြပြီးမေးလိုက်သည်။
“ဆိုတော့ ဒိတ်က ဘယ်လိုနေလဲ...”
ရှုနဥ် ဒိတ်အကြောင်း မပြောလိုသောကြောင့် မရေမရာသာ ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ်...”
“အပြည့်အစုံကရော...”
လုံချောင်မေးလိုက်သည်။
ရှုနဥ်က ပြန်မေးသည်။
“ဘာအပြည့်အစုံလဲ...”
“ဒိတ်အကြောင်းပေါ့...”
“အဲ့ဒါက စျေးဝယ်ထွက်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ ဓာတ်ပုံတွေအကြောင်းပြောတယ်…အဲ့လိုမျိုးတွေပါပဲ...”
လုံချောင်က ဆက်ပြီးနားပူနေသည်။
“ဘာမှမရှိတော့ဘူးလား...”
ရှုနဥ်ခေါင်းခါလိုက်သည်။
“ငါ့ကိုမေးတာရပ်တော့၊ ဘာမှမရှိတော့ဘူး...”
လုံချောင်နှင့် ဝမ်ရှန်ရှန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။
ဝမ်ရှန်ရှန်က ရှုနဥ်ကိုမေးလိုက်သည်။
“မင်းသူ့ကို မကြိုက်ဘူးလား...”
ရှုနဥ်ခဏလ စဥ်းစားလိုက်ပြီးနောက် ဘတ်စကတ်ဘောလုံးကို ပုတ်ပြီးပြောလိုက်သည်။
“အဲ့ဒါက ငါထင်ထားတာနဲ့ နည်းနည်းကွာတယ်...”
“ဘာကွာတာလဲ...”
ရှုနဥ်သူ့အတွေးများကို ရှင်းလိုက်ပြီး ဖြည်းဖြည်းလေး ပြောလာလေသည်။
“ငါက ငါနဲ့အတူဂိမ်းကစားနိုင်ပြီး ဘတ်စကတ်ဘောအတူကစားနိုင်မဲ့ မိန်းကလေး၊ ငါနဲ့အတူ ကိစ္စတွေကို ပြောနိုင်မဲ့ မိန်းကလေးမျိုးကိုပဲ ရှာချင်တယ်...”
ယင်းမင်ကျန်း သူ့ခေါင်းကို လှည့်လိုက်သည်။
ရှုနဥ် တိတ်ဆိတ်သွားလေသည်။
“…သူတို့က တကယ်ပဲ ရှာဖို့ ခက်တာလား...”
“မင်းဘာတွေ စဥ်းစားနေတာလဲ...”
လုံချောင်က သူ့ကိုမေးလိုက်သည်။
“မင်း စိတ်တူကိုယ်တူအဖော် ရှာနေတာဆိုရင်တော့ ယောက်ျားလေးတစ်ယောက် ရှာတာပိုကောင်းမယ်...”
ဝမ်ရှန်ရှန်က ရှုနဥ်၏ပခုံးကို ဖြတ်တိုက်၍ လှောင်ပြုံးပြုံးပြလိုက်သည်။
ရှုနဥ် ငြင်းလိုက်သည်။
“နောက်နေတာရပ်စမ်းပါ...”
“နောက်နေတာ မဟုတ်ဘူး...ငါအတည်ပြောနေတာ...”
ဝမ်ရှန်ရှန်ပြောလိုက်သည်။
“မိန်းကလေးတွေမှာ ယောက်ျားလေးတွေနဲ့ မတူတဲ့ ဝါသနာတွေရှိတယ် ပြီးတော့ သူတို့ တွေးခေါ်ပုံကလည်း ယောက်ျားလေးတွေနဲ့ ကွဲတယ်... တကယ်လို့ မင်းနဲ့ဝါသနာတူပြီး စိတ်ဝင်စားတဲ့ အကြောင်းတွေပြောဖို့ တစ်ယောက်ယောက် လိုချင်တယ်ဆိုရင် မင်းနဲ့လိင်တူတဲ့သူကို ရှာတာပိုမကောင်းဘူးလား...”
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
“အဓိပ္ပာယ်ရှိတယ်...”
“ငါတို့ရဲ့ ဝါသနာတွေ တူရင်တောင် အဲ့ဒါက ကောင်လေး ဖြစ်နေတုန်းပဲလေ...”
စုန့်နျန်က ရုတ်တရက်ဝင်ပြောလာသည်။
“ဝမ်ရှန်ရှန်လို ကောင်လေးတစ်ယောက်ကို ဖက်လိုက်တယ်လို့ စဥ်းစားလိုက်တိုင်း ငါအန်မိတော့မလိုပဲ... ကောင်လေးတစ်ယောက်ကတော့ အလွယ်တကူ မကွေးနိုင်ပါဘူး ငါသာရွေးရမယ်ဆိုရင် မတူညီတဲ့ ဝါသနာရှိတဲ့ မိန်းကလေးတစ်ယောက်ကိုပဲ ရွေးမယ်...”
ဝမ်ရှန်ရှန် စိတ်ဆိုးစွာပြောလိုက်သည်။
“ငါက လုံးဝကို အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပါနော် မင်းငါ့ကို အထင်သေးနေတာလား...”
လုံချောင်နှင့် စုန့်နျန်တို့ ပြိုင်တူပြောလိုက်ကြသည်။ “ဒါပေါ့...”
ဝမ်ရှန်ရှန်က ရှုနဥ်ကို သူတို့ရှေ့ ဆွဲထုတ်လိုက်သည်။ “ဟုတ်ပြီလေ၊ အဲဒါဆိုသူ့ကို စိတ်ကူးကြည့်... မင်းတို့ ရှုနဥ်ကို ဖက်နေတယ် ဆိုရင်ရော...”
လုံချောင်နှင့် စုန့်နျန် “…”
တစ်ခဏတာမျှ တုန့်ဆိုင်းပြီးနောက် သူတို့နှစ်ယောက်လုံး ခေါင်းများကို ယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး...”
ရှုနဥ်သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော် တစ်ချိန်တည်းမှာတင် သူ အနည်းငယ် မပျော်ရွှင်သလို ခံစားလိုက်ရသည်။
ရှုနဥ် ဗီလိန်လေးကို ဆွဲလိုက်ပြီး သူ့ကို လုံချောင်နှင့် စုန့်နျန်တို့ ရှေ့သို့ တွန်းပို့လိုက်သည်။
“သူဆိုရော ဘယ်လိုလဲ... မင်းတို့တွေ စိတ်ဝင်စားမှာလား...”