Chapter 68
မဒမ်ဝေ့ ရောက်ရှိလာခြင်း
ဒီလိုအသွင်အပြင် ဒီလိုပုံစံကို သူတို့ စိတ်မလှုပ်ရှားဘူးဆိုရင်မှ ထူးဆန်းနေမှာ... ငါတောင် သွေးဆောင်ခံလိုက်ရသတာလေ...
လူငယ်လေးက စုန့်နျန်နှင့် လုံချောင်တို့ရှေ့တွင် မတ်တပ်ရပ်နေသည်။ သူ့၏ခြေထောက်များက ရှည်လျားပြီး သူ့သွင်ပြင်သည် လှပသည်။ သူ့တွင်အေးစက်သော အကျင့်စရိုက်ရှိပြီး မျက်လုံးများကလည်း ဓားသွားသဖွယ် စူးရှနေသည်။
သေစေနိုင်လောက်သည့် အရှန်အဝါသည် သူတို့အပေါ် ပိကျလာသည်။
လုံချောင်နှင့် စုန့်နျန် သူတို့ခေါင်းများကို ပြင်းပြင်းထန်ထန် ယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး၊ ငါတို့မလုပ်ရဲပါဘူး...”
ရှုနဥ်က သူတို့အဖြေကို မကျေနပ်ပေ။
“မင်းတို့မလုပ်ရဲတာလား မလုပ်ချင်တာလား...”
သူ ဗီလိန်လေး၏ တင်ပါးကိုတစ်ချက်ရိုက်လိုက်သည်။ “လူတွေကို ခြိမ်းခြောက်နေတာ ရပ်လိုက်တော့...”
ဗီလိန်လေးက သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
သူ၏မျက်လုံးများက နက်မှောင်နေသည်။ ထိုကြောက်စရာမျက်လုံးများက ရှုနဥ်၏အမြင်တွင်မူ အနည်းငယ်မှ ခြိမ်းခြောက်မှုမဖြစ်ပေ။ သူ မျက်ခုံးမွေးကို တွန့်လိုက်သည်။
“ဘာလဲ... မင်းဘာလုပ်မလို့လဲ...”
ထို့နောက် သူက လုံချောင်နှင့် စုန့်နျန်ကို ပြောလိုက်သည်။
“မင်းတို့ သူ့ကို ကြောက်ဖို့မလိုဘူး။ သူ့အရှိန်အဝါကို လျစ်လျူရှုထားလိုက်... အသွင်အပြင်ကိုပဲကြည့် မင်းတို့ သူနဲ့ ဒိတ်နိုင်လား...”
လုံချောင်နှင့် စုန့်နျန်တို့ တစ်ခဏ တုန့်ဆိုင်းသွားသည်။ “တကယ်လို့ ဒိတ်ရမယ်ဆိုရင် မင်ကျန်းကောကော ကအရမ်းကို cool ဖြစ်တယ် …ဆိုတော့ ဒါပေါ့ ငါတို့ အဆင်ပြေတယ် ဟားဟားဟား...”
ချဥ်စူးနေသည့် ဗီလိန်လေးမှလွဲ၍ သူတို့အကုန်လုံး ဝါးခနဲ ရယ်လိုက်ကြသည်။
ည၌ သူတို့ အိမ်ရောက်သည့်အခါ ယင်းမင်ကျန်းက ရှုနဥ်ကို ခေါင်းအုံးများဖြင့် ရိုက်လေသည်။
“အာ့ အဲ့ဒါက စနေတာပဲကို...”
ရှုနဥ်အော်ပြီး ပြောလိုက်သည်။
သူ့ကို အကြိမ်အနည်းငယ် ရိုက်ပြီးသည့်အခါတွင် ယင်းမင်ကျန်း လွှတ်လိုက်ကာ သူ့အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့ တင်ပါးက တောင်းဆိုနေတာပဲ...”
ရှုနဥ် စိတ်ဆိုးစွာ ပြောလိုက်သည်။
“ဟေး ဗီလိန်လေး၊ လွန်မလာနဲ့နော်...”
ပျော်ရွှင်ဖွယ်နေ့ရက်များက ဤသို့ဖြင့် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ သူတို့ မကြာမီ တတိယနှစ်ကျောင်းသားများ ဖြစ်လာကြတော့မည်။ ဤအချိန်အတောအတွင်း ချိုက်ချင်က ရှုယန်ဟု ခေါ်သော ကလေးလေးတစ်ယောက် မွေးဖွားခဲ့သည်။
ကလေးတစ်ယောက် မွေးဖွားပြီးနောက် အိမ်ကရုတ်တရက် လူပိုများလာ၍ ယင်းမင်ကျန်း၏ အကြံပြုချက်အရ တစ်မိသားစုလုံး ဗီလာသို့ ပြောင်းရွှေ့လာခဲ့ကြသည်။
ယင်းမင်ကျန်း ဗီလာကိုဝယ်ခဲ့စဥ်အချိန်က အလှဆင်ပေးရန် တစ်စုံတစ်ယောက်ကို ချက်ချင်းရှာခဲ့သည်။ အိမ်တွင်းအလှဆင်ဒီဇိုင်နာသည် ဥရောပဒီဇိုင်းပုံစံမျိုး အကြံပြုခဲ့လေသည်။ ယင်းမင်ကျန်းကမူ ဒီဇိုင်း အလွန်ရှုပ်ပွပြီး တောက်ပနေခြင်းမရှိလျှင် ပြဿနာမရှိဟု သဘောထားလိုက်သည်။
အလှဆင်နေချိန်အတွင်း သူက ကလေးအတွက်လည်း ထည့်စဥ်းစားခဲ့၍ သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ပစ္စည်းများကိုသာ တတ်နိုင်သမျှ ယူလာခဲ့ကြသည်။ ထိုနည်းအားဖြင့် သူတို့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့နှင့် အခြားအန္တရာယ်ရှိသော အရာဝတ္ထုများကို လျော့ချနိုင်မည်ဖြစ်သည်။
(formaldehyde-ဖော်မလင်ရရှိရန် ရေဖြင့်ရောစပ်ရသော အရောင်မဲ့ ဓာတ်ငွေ့)
အလှဆင်ပြီး တစ်နှစ်ခန့်ကြာသောအခါတွင် မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြသည်။
ရှုနဥ်ထူးဆန်းသလို ခံစားရ၏။ ဗီလိန်လေးက သူနှင့် နေတိုင်း ရှိနေသော်လည်း ပိုက်ဆံရှာရန်တစ်ခုခုလုပ်နေသည်လည်း မမြင်ပေ။
ဒါဆို ဘယ်လိုလုပ်ပြီး တစ်နေ့ထက်တစ်နေ့ သူပိုပိုပြီး ချမ်းသာလာတယ်လို့ ထင်ရပါလိမ့်...
“ရှင်းပါတယ် ငါ အခု ရေရှည်ရင်းနှီးမြုပ်နှံမှု လုပ်နေတာ...”
ဗီလိန်လေးက ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူက စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး သူ့မျက်လုံးများကလည်း တည်ငြိမ်နေသည်။
“တစ်ချို့ ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေမှာ ငါ ရှယ်ယာတစ်ချို့ပိုင်တယ်... ငါ့ကိုလတိုင်း အမြတ်ပေးနေတဲ့ ကုမ္ပဏီ သုံးခုရှိတယ်... အသက်ပြည့်သွားတဲ့အခါကျရင်တော့ တရားဝင်ပါဝင်လို့ ရသွားပြီ...”
ရှုနဥ် သတိထား၍ မေးလိုက်သည်
“အခု မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ...”
ဗီလိန်လေး ခဏစဥ်းစားလိုက်ပြီးနောက် လက်တစ်ချောင်း ထောင်ပြလိုက်သည်။
ရှုနဥ် ခန့်မှန်းလိုက်သည်။
“တစ်သန်းလား...”
ဗီလိန်လေးက ဗီလာဝယ်ရန်နှင့် အလှဆင်ရန် ပိုက်ဆံများစွာ သုံးခဲ့ရလောက်၍ သူ့ထံတွင် ငွေအများကြီး မရှိသင့်ပေ။ ဗီလိန်လေးက ခေါင်းယမ်းပြသည်။
ရှုနဥ်အံ့သြသွားသည်။
“ဆယ်သန်းလား”
မဖြစ်နိုင်ပါဘူး...သူက ပိုက်ဆံအများကြီး သုံးပြီးသွားပြီလေ... သူတကယ်ပဲ ဒီအချိန်အတွင်း ဆယ်သန်းရှာဖို့ ဖြစ်နိုင်ပါ့မလား...
ရှုနဥ် သူ့ကို လေးစားစွာဖြင့် ဦးညွတ်ရုံသာ တတ်နိုင်သည်။ ဗီလိန်လေးက အမှန်တကယ်ကို တစ်ခြားအဆင့်တွင် ဖြစ်သည်။
ဗီလိန်လေးက ခေါင်း ဆက်ယမ်းနေသည်။
ရှုနဥ် အသက်ရှုရပ်သွားလေသည်။
“သန်း တစ်-တစ်ရာလား”
မဖြစ်နိုင်တာပဲ... သူဘယ်တုန်းက ယွမ်သန်းတစ်ရာ ပိုင်သွားတာလဲ...
ဗီလိန်လေးက စာအုပ်ကိုပိတ်ပြီး ခေါင်းညိတ်လိုက်သည်။
ရှုနဥ် သူ့ရင်ဘက်ကို လက်ဖြင့်ဖိလိုက်သည်။ သူ သွေးများအန်ပြီး ဆိုဖာပေါ်သို့ လဲကျတော့မည်ဟု ခံစားရသည်။
ဤဝတ္ထုက လူများ ယွမ်သန်းတစ်ရာကို အကျိုးအကြောင်းတို့ဖြင့် ရရှိနိုင်သည့် CEO ဝတ္ထုတစ်ပုဒ်ဖြစ်သည်
သူယခု နားလည်သွားပြီဖြစ်၏။ သူ့ကိုမူ သာမန်လူတစ်ယောက်၏ ဇာတ်ညွန်းကိုသာ ပေးခဲ့လေပြီး ထိုအချိန်တွင်တော့ ဗီလိန်ကို ခံစားရကောင်းစေသည့် ဇာတ်ညွန်းပေးထားခဲ့လေသည်။ သူ့အတွက် လုံးဝ မပြည့်စုံပေ။
ဒီလို အဖိုးတန်အရည်အချင်းတွေနဲ့ ဗီလိန်လေးက ချမ်းသာတဲ့မိသားစုဆီကို ပြန်သွားဖို့ လိုပါတော့မလား...
သန်းတစ်ရာတဲ့... ဗီလိန်လေးကိုယ်တိုင်ကပဲ ချမ်းသာတဲ့လူ ဖြစ်နေပြီလေ...
သူ ဝေ့မိသားစုကို မလိုအပ်တော့ရုံသာမက သူတို့၏ သဘောကျမှုများကိုလည် မလိုပြီဖြစ်သည်။
ယခု သူလိုအပ်သည်က အချိန်အနည်းငယ်သာဖြစ်သည်။ သူ့အသက်ပြည့်ပြီးသည်နှင့် ကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားနိုင်တော့မည်ဖြစ်သည်။
ရှုနဥ် ယင်းမင်ကျန်း၏ အနာဂတ်ကိုပင် မြင်နိုင်နေပြီဖြစ်သည်။
သူ ထိုအကြောင်းစဉ်းစားလိုက်သည့်အခါ ယင်းမင်ကျန်း၏အချက်အလက်များကို ဝေ့မိသားစုထံသို့ ခုနစ်တန်းတည်းက ပေးခဲ့သည်ကို အမှတ်ရသွားသည်။
ဘာလို့များ ဝေ့မိသားစုက သူ့ကို အခုထိ လာမခေါ်သေးပါလိမ့်...ဘာတွေများဖြစ်နေရတာလဲ...
ရှုနဥ် အနည်းငယ်စိတ်ပျက်သလို ခံစားလိုက်ရ၏။
ယခုတစ်လော ရှုနဥ် ယင်းမင်ကျန်းကို ပိုပိုပြီး အထင်ကြီးလာ၍ ဝေ့မိသားစုမှ သူ့ကို လာမခေါ်လည်း ရသည်ဟုပင် စတင်ခံစားလာရသည်။ သူ ယင်းမင်ကျန်းနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်လာသည်။
သို့သော်လည်း သူ၏တစ်ကိုယ်ကောင်းဆန်သော အကြောင်းပြချက်များကြောင့် ယင်းမင်ကျန်းကို ထိန်းထားသည်မှာ အတော်ပင် မသင့်လျော်သလို ဖြစ်သည်။ ဗီလိန်လေးက အခုတွင် ထက်မြက်လွန်းနေပြီဖြစ်၍ မိသားစု ချစ်ခြင်းမေတ္တာတို့ကို တောင့်တနေသည်လည်း ဖြစ်နိုင်သည်။
ယင်းမင်ကျန်းက ရှုနဥ်ကိုကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ စာဆက်ဖတ်နေသည်။
ယင်းမင်ကျန်းက အခုအခါတွင် အွန်လိုင်းနှင့် ကမ္ဘာ့ ဘဏ္ဍာရေးလောကတွင်ပါ လူသိများနေပြီ ဖြစ်သည်။
ပါပါးရှုက ရင်းနှီးမြုပ်နှံမှုအတွက် သူ့ကို အကူအညီ တောင်းလိုက်၍ ယင်းမင်ကျန်းက ပါပါးရှုနှင့် ချိုက်ချင်တို့၏ အကောင့်များကို ပိုကြီးမားပြီး သန်မာအောင် အသုံးပြုပေးလိုက်သည်။ သူတက်ရောက်ရန်လိုသည့် အခမ်းအနားများတွင်လည်း ပါပါးရှုကို သူ့ကို
ယ်စား တက်ရောက်စေသည်။
ပါပါးရှုကို ယခုအခါတွင် ရင်းနှီးမြုပ်နှံမှု နတ်ဘုရားဟု မှတ်ယူနိုင်ကြပေသည်။
ပါပါးရှုသည်လည် ယခုချိန်၌ ယင်းမင်ကျန်း၏ ဒိုင်းသဖွယ် ပြုမူရသည်ကို ပို၍ ပျော်ရွှင်နေပေပြီး ရင်းနှီးမြုပ်နှံမှု နတ်ဘုရားအဖြစ် ပြေးလွှားနေရသည်ကို ရွှင်ပြနေလေသည်။ သူ အမျိုးမျိုးသော ဘဏ္ဍာရေးဆိုင်ရာပွဲများကို တတ်ရောက်ပြီး မရေမတွက်နိုင်သော လူတို့မှလည်း သူ့ကိုရှာဖွေခဲ့ကြသည်။
သို့သော်လည်း ပါပါးရှုက သူ၏လုပ်နိုင်စွမ်းကို နားလည်၍ ထိုပွဲများအနက်မှ အနည်းငယ်သာလျှင် တက်ရောက်သည်။ သူက ယင်းမင်ကျန်း၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြုလုပ်နေသော်လည်း သူ့၏မိန်းမနှင့် ကလေးများကို ဆုံဆည်းရန် အပြေးပြန်လာခဲ့ပေသည်။
သူ့ကို ယင်းမင်ကျန်း၏ လက်အောက်ငယ်သားဟုပင် ပြောနိုင်သည်။
သို့ရာတွင် သူနှစ်ပေါင်းများစွာ လုပ်ခဲ့သည် ပရိဘောဂလုပ်ငန်းကိုလည်း နှစ်သက်နေဆဲ ဖြစ်သည်။ ချမ်းသာလာပြီးနောက် ပါပါးရှုက ယင်းမင်ကျန်းနှင့် ပူးတွဲရင်းနှီးမြုပ်နှံမှု တစ်ခု ပြုလုပ်ခဲ့သည်။ သူတို့နှစ်ယောက်က စီးပွားရေးဇုန်အတွင်းရှိ အဆောက်အအုံများကို ဝယ်ယူ၍ အရည်အသွေးမြင့်မားသော ပရိဘောဂလုပ်ငန်းကို စတင်ခဲ့လေသည်။
ပါပါးရှု၏ ဂုဏ်သတင်းနှင့် လွန်ခဲ့သည့် ဆယ်နှစ်မှ အဆက်အသွယ်များကြောင့် ပရိဘောဂလုပ်ငန်းက မထင်မှတ်ထားစွာပင် အလွန်တိုးတက်ကောင်းမွန်နေလေသည်။
သူ၏ ပရိဘောဂလုပ်ငန်းကို အရည်အသွေးမြင့်စျေးဝယ်သူ များစွာထံမှ ကြိုဆိုခံရလေသည်။
သူနှင့် အလုပ်လုပ်ခဲ့သော ထုတ်လုပ်သူများမှာလည်း ဆယ်နှစ်ကျော်သည်အထိ လက်တွဲခဲ့သည်ဖြစ်ရာ သူတို့ ထောက်ပံ့သော ကုန်ပစ္စည်းများသည်လည်း အလွန်ယုံကြည်ရသည်။ နည်းပညာသည်လည်း တိုးတက်လာသည်ဖြစ်ရာ ရောင်းအားမှာလည်း အထူးကောင်းမွန်၏။
ယင်းမင်ကျန်းကလည်း သူ့အတွက် အွန်လိုင်းစျေးဆိုင် စတင်၍ ရင်းနှီးမြုပ်နှံထားလေသည်။ လုပ်ငန်းက အွန်လိုင်းတွင်သာမက အပြင်တွင်ပါ တိုးတက်ကောင်းမွန်နေသည်။
သူတို့ ဤနှစ်တွင် ပိုက်ဆံအများကြီး ရှာနိုင်ခဲ့၍ ယင်းမင်ကျန်း၏ အမြတ်သည်လည်း ထပ်တိုးသွားပြန်သည်။
ယင်းမင်ကျန်းက အိမ်ဝယ်ရန် စိတ်မဝင်စားသော်လည်း ချိုက်ချင်က သူ့အတွက် အတင်းဝယ်ပေးရန်လုပ်နေပြီး လက်မလျှော့သည့်အတွက်ကြောင့် သူလည်း လက်ခံလိုက်ရသည်။ သို့သော်လည်း သူ ဝယ်ခဲ့သည့်အိမ်များအားလုံးက ရှုနဉ်၍၏နာမည်ဖြင့်သာဖြစ်သည်။ သူ၏ရင်းနှီးမြုပ်နှံမှုများကလည်း ချ်ိုက်ချင်နှင့် ပါပါးရှု၏နာမည်ဖြင့်သာဖြစ်၏။
ရှုနဉ်နှင့် သူ့မိသားစုတွင် မကောင်းသည့်အကြံအစည်သာရှိလျှင် မီလီယံယွမ်သန်းတစ်ရာကိုယူပြီး ထွက်ပြေးသွားလောက်ပြီဖြစ်၏။ ယင်းမင်ကျန်းက ဆုံးရှုံးသွားရုံမှလွဲ၍ ဘာမှလုပ်နိုင်မည်မဟုတ်ချေ။
သို့သော်လည်း ရှုမိသားစုက တစ်ကြိမ်မှ ဤအရာမျိုးကိုလုပ်ရန် မတွေးတောခဲ့ဖူးပေ။
ပထမဆုံးအနေဖြင့် သူတို့က ထိုအရာများကိုယူရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဒုတိယအနေဖြင့် ယင်းမင်ကျန်း၏လုပ်နိုင်စွမ်းက အမှန်တကယ်ကို ထူးခြားအံ့ဩဖွယ်ကောင်းလွန်းသည်။ တစ်ဘီလီယံခန့် ဆုံးရှုံးသွားလျှင်ပင် ပြန်ရအောင်လုပ်နိုင်စွမ်းရှိသည်။ တတိယအနေဖြင့် ယင်းမင်ကျန်း၏ အရည်အချင်းက တစ်နေ့တစ်ခြား တိုးတက်လာ၍ သူ့ကိုယှဉ်ပြိုင်ပြီး အနိုင်ယူရန် မဖြစ်နိုင်ချေ။
ရှုနဉ်နှင့် ယင်းမင်ကျန်း၏ပိုင်ဆိုင်မှုများကို သူတို့အတွက် မယူချင်ပေ။ တစ်ခါတစ်ရံတွင် ယင်းမင်ကျန်းကို သူတို့က ကလေးလိုသာ ဆက်ဆံတတ်သည်။ ပါပါးရှုက ထိုကိစ္စများကို ယခင်တည်းက တွေးတောပြီးဖြစ်၏။ သူတို့လုပ်ခဲ့သည့်လုပ်ရပ်များတွင် သူ ပါဝင်ခဲ့ပြီး ယင်းမင်ကျန်းက သူတို့ကို မည်မျှအထိ ကြောက်လန့်သွားစေခဲ့သည်ကိုလည်း သူသိထားသည်။
ယင်းမင်ကျန်း၏အောင်မြင်မှုများက သူထင်ထားသည့် ကန့်သတ်ချက်များထက်ပင် ကျော်လွန်နေသည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းတွင် တတိယနှစ်ဝက်ကိုပင် ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် ယင်းမင်ကျန်းက အရပ် ၁၈၀ စင်တီမီတာခန့်ရှိနေပြီဖြစ်သည်။ သူက ကလန်ကလားပုံစံဖြစ်လာပြီး မယုံကြည်နိုင်လောက်အောင် ချောမောသည်။ ပတ်ဝန်းကျင်က လူများက သူ့အကြောင်းကို ကြားသိကြပြီး သူချောမောသည်ကို သိရှိကြသည်။ သူက အားလုံး၏အိပ်မက်ထဲတွင်ပါဝင်သော ကောင်လေးတစ်ယောက်ဖြစ်လာ၏။
ရှုနဉ်၏အရပ်ကလည်း ၁၇၆ စင်တီမီတာအထိဖြစ်လာခဲ့၍ နောက်ဆုံးတွင် သူစိတ်သက်သာရာရသွားပြီဖြစ်၏။
သူတို့နှစ်ယောက်က အချိန်ကြာမြင့်စွာ ဘတ်စ်ကတ်ဘောကစားခဲ့ကြ၍ နှစ်ယောက်လုံးက အရပ်ရှည်လာသည်။ သူတို့နှစ်ယောက်ပေါ်လာတိုင်း ကောင်မလေးများက အော်ဟစ်ပြီး အားပေးကြသည်။
Little Sun နှင့် Big Moon ဟူသည်က ကောင်မလေးများ ခေါ်တတ်ကြသောနာမည်များဖြစ်သည်။ အတွင်းရေးအနေဖြင့်တော့ ယင်းမင်ကျန်းက ရှုနဉ်ကို ဖင်ကြီးဟုခေါ်ပြီး ရှုနဉ်ကတော့ ယင်းမင်ကျန်းကို ဗီလိန်လေးဟုခေါ်သည်။ နှစ်ယောက်သားက အချင်းချင်း ဤသို့ပြိုင်ဆိုင်ကြ၏။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရှုနဉ်က အခြားကောင်မလေးများနှင့် မဒိတ်ခဲ့ပေ။
သူက ကောင်မလေးများကို စိတ်မဝင်စားသည့် အာရုံတစ်ခုကို ဝေဝါးစွာရနေမိသည်။
လုံချောင်က ချိန်ရှောင်ယွီနှင့် ဒိတ်နေပြီဖြစ်၍ ရှုနဉ်ရှေ့တွင် သူမနှင့်ဆက်ဆံရေးအကြောင်းကို အမြဲပြောလေ့ရှိသည်။ ကောင်လေးများက အရွယ်ရောက်လာသည်နှင့် သူတို့၏စကားများက ပိုပြီးဆိုးသွမ်းလာခဲ့သည်။ အဖော်အချွတ်ပုံများကိုပင် ကြည့်တတ်လာကြ၏။
ကောင်မလေးများ အဖော်အချွတ်ပုံများကို ကြည့်သည့်အခါ အခြားယောက်ျားလေးများက စိတ်လှုပ်ရှားကြသော်လည်း ရှုနဉ်ကမူ အနည်းငယ်ခန့်မှ စိတ်အတက်အကျမဖြစ်ချေ။
သူ ဤသို့ဖြစ်တိုင်း ပျာယာခတ်တတ်သည်။
ကံကောင်းစွာဖြင့် ယင်းမင်ကျန်းကလည်း စိတ်ဝင်စားပုံမရချေ။ သူ့ရှေ့တွင် မိန်းကလေးများအကြောင်း တစ်ခါမှမပြောဖူးသည့်အတွက် ရှုနဉ်လည်း နည်းနည်းစိတ်သက်သာရာရသည်။
ရှုနဉ်က သူ့ကိုယ်သူ ဂေးဖြစ်မည်ဟု သံသယဝင်မိသော်လည်း သူသဘောကျသည့်ကောင်လေးကို မတွေ့သည့်အတွက်ကြောင့် သေချာမသိချေ။ ယောက်ျားလေးများနှင့် မျက်နှာချင်းဆိုင်လျှင်လည်း ထွေထွေထူးထူး မည်သည်ကိုမှ မခံစားရပေ။
ယင်းမင်ကျန်းနှင့် တစ်ခုတင်တည်းတွင် နေ့တိုင်း အတူအိပ်သည့် အခြေအနေမျိုးတွင်ပင် ရင်ခုန်သည့်ခံစားချက်မျိုး မရှိဖူးပေ။
စုန့်နျန်၊ ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ကလည်း အရပ်များ ရှည်လာကြသည်။ ကံမကောင်းသည်က ဝမ်ရှန်ရှန်မှာ ခန္ဓာကိုယ်ပါ ဝလာ၏။ အခြားသူများနည်းတူ ဘတ်စကတ်ဘောအတူကစားသော်လည်း သူက အနည်းငယ် ဝကစ်ကစ်လေးဖြစ်နေ၏။ လုံချောင်ကမူ မျက်နှာပေါ်တွင် ဝက်ခြံများပြည့်လာ၍ နေ့တိုင်း သူ့ကိုယ်သူမှန်ထဲကြည့်၍ စိတ်မကောင်းဖြစ်နေသည်။ စုန့်နျန်ကသာ ရုပ်ချောချောနှင့် ကြီးပြင်းလာသည့် တစ်ယောက်တည်းသောသူဖြစ်သည်။ ကံဆိုးစွာဖြင့် little Sun နှင့် big moon ကြောင့် သူ၏ဖြစ်တည်မှုက မှေးမှိန်နေရပြီး ယခုထိလည်း ကောင်မလေးမတွေ့သေးချေ။
အရာအားလုံးက ငြိမ်းချမ်းနေကြောင်း ရှုနဉ်ခံစားနေမိစဉ် လုံပန်ရှန်းအလယ်တန်းကျောင်းသို့ အနက်ရောင်ကားတစ်စီး ဆိုက်ရောက်လာခဲ့သည်။
တံခါးပွင့်လာပြီး အဝတ်စားကောင်းကောင်းမွန်မွန်ဝတ်ထားသော မိန်းမတစ်ယောက်က ကားပေါ်မှ ဆင်းလာခဲ့သည်။
သူမက ပိတ်ထားသည့် ကျောင်းတံခါးပေါက်ကိုကြည့်၍ နေကာမျက်မှန်ကိုချွတ်လိုက်သည်။ သူမတွင် စိတ်လှုပ်ရှားမှုအနည်းငယ်လည်း ရှိနေသည်။
“ငါ့ရဲ့ သားအရင်းက ဒီမှာလား...”
တတိယအတန်းချိန်အတွင်းတွင် ဓာတုဗေဒဆရာက တည်ကြည်သောမျက်နှာထားဖြင့် ကျောက်သင်ပုန်းပေါ်တွင် ရေးခြစ်နေသည်။ ရုတ်တရက်ဆိုသလိုပင် အတန်းပိုင်ဆရာမက တံခါးနားသို့ရောက်လာပြီး သူ့ကို လက်ပြလာသည်။
ဓာတုဗေဒဆရာက အတန်းပိုင်ဆရာမကိုတွေ့သောအခါ အနည်းငယ်လန့်သွားသည်။ သူက မြေဖြူကိုချပြီး အတန်းထဲမှ ထွက်သွားပြီး သူတို့နှစ်ယောက် ခဏစကားပြောလိုက်ကြသည်။ ထို့နောက် ဓာတုဗေဒဆရာက ထိတ်လန့်သောမျက်နှာဖြင့် အတန်းထဲသို့ ပြန်ဝင်လာသည်။ အတန်းပိုင်ဆရာမက သူ့နောက်က လိုက်လာပြီး နောက်ဆုံးတန်းတွင်ရှိသော ယင်းမင်ကျန်းကိုခေါ်လိုက်သည်။
“မင်ကျန်း ငါနဲ့လိုက်ခဲ့ဦး...”
အားလုံးက ယင်းမင်ကျန်းကို လှည့်ကြည့်ကြသည်။
နှစ်နှစ်အတွင်းနှင့် ကောင်လေးက အရပ်အတော်အတန်ရှည်လာခဲ့၏။ သူက နူးညံ့သည့်ပုံစံဖြင့် ကြီးပြင်းလာခဲ့ပြီး နှိုင်းယှဉ်မရအောင် လှပပေသည်။ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်ဝန်းနှင့် ဂရုမစိုက်ဟန်ရှိသည့်မျက်နှာထားတို့ကို ပိုင်ဆိုင်ထားကာ တည်ငြိမ်ပြီး ခပ်တန်းတန်းနေတတ်သည့် ပင်ကိုစရိုက်လည်းရှိ၍ လုံပန်ရှန်းအလယ်တန်းကျောင်းရှိမိန်းကလေးများအားလုံးကို ဆွဲဆောင်နိုင်သည်။
စိတ်ရှုပ်ထွေးသွားရသည့် ရှုနဉ်က သူ့ကို မေးလိုက်သည်။ “ဘာလို့ အတန်းပိုင်ဆရာမက မင်းကို လာရှာတာလဲ...”
တတိယနှစ်ကိုရောက်ကြသည်နှင့် ဆရာ၊ ဆရာမများက အရေးကြီးကိစ္စမဟုတ်လျှင် စာသင်နေစဉ်အတွင်း ကြားမဖြတ်တတ်ပေ။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဗီလိန်လေးက ဆရာမများအားလုံး၏ အသည်းစွဲဖြစ်ခဲ့သည်။ သူ့ကို ချစ်ခင်နှစ်သက်ကြပြီး ရံဖန်ရံခါတွင် ရုံးခန်းထဲသို့ ခေါ်တတ်ကြသည်။
“ငါလည်း မသိဘူးလေ...”
ယင်းမင်ကျန်းက စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါလိုက်သည်။
ရှုနဉ်က ပြောသည်။
“အတန်းပိုင်ဆရာမကိုကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ မြန်မြန်သွားတော့...”
ယင်းမင်ကျန်းက ပြုံးလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာဖြင့် အတန်းထဲမှထွက်သွားပြီး အတန်းပိုင်ဆရာမနှင့်အတူလိုက်သွားသည်။
အတန်းပြီးသည်အထိ ယင်းမင်ကျန်း ပြန်မလာသေးချေ။ သို့သော်လည်း သတင်းရတတ်သည့် ဝမ်ရှန်ရှန်က အတန်းထဲကိုပြေးဝင်လာပြီး ရှုနဉ်ဘေးကိုလာထိုင်သည်။
“ရှုကော ရုံးခန်းထဲမှာ ငါဘယ်သူ့ကိုတွေ့ခဲ့လဲ ခန့်မှန်းကြည့်စမ်း...”
ရှုနဉ်က စာအုပ်များကို တောင်လိုပုံနေချိန်ဖြစ်သည်။ သူက မေးလိုက်သည်။
“ဘယ်သူ့ကို တွေ့ခဲ့တာလဲ...”
“စုမုလီ...”
ဝမ်ရှန်ရှန်က ဟန်ပါပါဖြင့် သူ့လက်ဖြင့် အမူအရာလုပ်ပြသည်။
“သူက တကယ့် နာမည်ကြီးဖြစ်ခဲ့တာလေ သူကမှ တကယ့်လူပဲ ဝေ့ယွမ်နဉ်းနဲ့ လက်ထပ်ထားတဲ့ နာမည်ကြီးလေ...”
ရှုနဉ်က ချက်ချင်း မှင်တက်သွားရသည်။
စုမုလီဆိုပဲ...
မဒမ်ဝေ့ပဲ...
ထိုအချိန် သူ့စိတ်ထဲတွင် စကားအသုံးအနှုန်းတစ်ခု
ပေါ်လာရသည်။ ဇာတ်လမ်းဇာတ်ကွက်က စတင်လာခဲ့၏။ ကံကြမ္မာလှည်းဘီးက စတင်လည်ပတ်နေပြီဖြစ်သည်။
နောက်ခံတီးလုံးအနည်းငယ်သာရှိလျှင် Detective Conan ၏ နောက်ဆက်တွဲဖြစ်ပေလိမ့်မည်။
ဟုတ်ပြီ အခုချိန်က ဒီအကြောင်းတွေးရမယ့်အချိန်မဟုတ်သေးဘူး…