အပိုင်း ၆၉
Viewers 10k

Chapter 69

မဒမ်ဝေ့ ရောက်ရှိလာခြင်း



ရှုနဉ် စိတ်ရှုပ်ထွေးနေရသည်။ သူက ယင်းမင်ကျန်း၏ ကံကြမ္မာကိုပြောင်းလဲပေးချင်သည့်အတွက်ကြောင့် ယင်းမင်ကျန်း၏ သတင်းအချက်အလက်များကို ဝေ့ရှန်ဟဲကိုပေးခဲ့သည်။ ဇာတ်လမ်းက ဤမျှအထိအားကောင်းလိမ့်မည်ဟု သူ မမျှော်မှန်းထားခဲ့ပေ။ သူ အားလုံးလုပ်ပေးခဲ့ပြီးသော်လည်း ဝတ္ထုထဲကအတိုင်းပင် ဝေ့မိသားစုက ယင်းမင်ကျန်း၏ အလယ်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။


သို့သော်လည်း သူ့ကလေးလေးက ဝတ္ထုထဲကနှင့် မတူပေ။ ဝတ္ထုထဲတွင် သူက ကျောင်းထွက်ပြီးနောက် အချိန်ပိုင်းအလုပ်များလုပ်ကာ ဆိုးရွားသောကုမ္ပဏီများလက်အောက်တွင်လုပ်ခဲ့သည်။ အခုတွင်မူ သူက အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်၏။


သူ့အနာဂတ်က စာအုပ်ထဲကနှင့် တူလိမ့်မည်မဟုတ်ကြောင်းကို ရှုနဉ်ယုံကြည်သည်။


စာသင်ချိန်လေးချိန်မြောက် စတင်လာသော်လည်း ယင်းမင်ကျန်းက ပြန်မရောက်သေးပေ။ နေ့လယ်ပိုင်းအချိန်အတန်းများပြီးသွားသည်လည်း ပြန်ရောက်မလာသေး။ နောက်ဆုံးတွင်ယင်းမင်ကျန်းပေါ်လာခဲ့ပြီး ရှုနဉ်ကိုပြောလာသည်။ “နေ့လယ်စာ သွားစားရအောင်...”


ရှုနဉ်လိုချင်သည့်အရာ ဘာမှမရှိတော့ပေ။ ယခုချိန်တွင် သူ့ကလေးလေး မည်သည့်အကြောင်းများတွေးနေသည်ကိုသာ သိချင်နေမိသည်။


ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန်တို့ကလည်း ပျော်ရွှင်စွာ စကားပြောဆိုကြရင်း သူတို့နောက်မှ လိုက်လာကြသည်။ သူတို့က ကန်တင်းကိုအတူတူသွားကြရန် စီစဉ်ထားကြသော်လည်း ယင်းမင်ကျန်းက လှည့်ကြည့်လာပြီး သူတို့သုံးယောက်ကို ပြောလာသည်။ 

“ငါနဲ့ ရှုနဉ်က အပြင်မှာ သွားစားကြမလို့ မင်းတို့ကတော့ ကြိုက်တာလုပ်ကြ...”


အတူတူရှိလာသည့်အချိန်က ကြာမြင့်နေသည့်အတွက်ကြောင့် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က ယင်းမင်ကျန်းကို မကြောက်ကြတော့ဘဲ မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။ 

“မင်းတို့က ဘာလို့ ငါတို့မပါပဲသွားမှာလဲ ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား...”


ယင်းမင်ကျန်းက မေးသည်။ 

“မင်းရော လာချင်လား...”


“ဟမ့် ဒါပေါ့ မင်းကျွေးမယ်ဆိုရင်တော့ လာချင်တာပေါ့ ငါစားနိုင်သလောက်စားမှာ...” 

ဝမ်ရှန်ရှန်က ရယ်မောလိုက်သည်။


“ကောင်းပြီလေ...” 

တွေးတောနေဟန်ရှိသည့်ပုံစံက ယင်းမင်ကျန်း၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသည်။ သူက ခေါင်းညိတ်ပြီး အားလုံးကို ကျောင်းပေါက်ဝဆီသို့ ခေါ်သွား၏။


အနက်ရောင်ကားက ကျောင်းပေါက်ဝတွင် ပါကင်ထိုးထားသည်။ ဝတ်စုံအပြည့်ဝတ်ကာ လည်သာဖိနပ်စီးထားသောယောက်ျားတစ်ယောက်က ကားနားတွင် ရပ်နေ၏။ ယင်းမင်ကျန်းကိုတွေ့သောအခါတွင် ရှေ့တိုးပြီး ရိုသေစွာ ပြောလာသည်။ 

“သခင်လေး...”


သခင်လေးတဲ့လား...


ထိုသို့ခေါ်ဝေါ်သုံးနှုန်းလိုက်မှုကြောင့် ယခုခေတ်လူငယ်များ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့အားလုံး ၁၉၉၀ ခုနှစ်များသို့ ပြန်ရောက်သွားကြသလိုပင် ခံစားလိုက်ရ၏။


ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန်တို့က အချင်းချင်းကြည့်လိုက်ကြသည်။ ရှုနဉ်ကမူ ကြိုတင်ပြင်ဆင်ခဲ့ပြီးသားဖြစ်သည့်အတွက်ကြောင့် မအံ့ဩတော့ပေ။


ကားတံခါးပွင့်လာခဲ့ပြီး အဖြူရောင်ဝတ်စုံဝတ်ထားသည့် မဒမ်ဝေ့က ကားပေါ်မှဆင်းလာပြီး ခေါ်လိုက်သည်။ 

“မင်ကျန်း...” 


ထို့နောက် သူမက ပြုံးလိုက်ပြီး ကောင်လေးများကိုပြောသည်။ 

“မင်းတို့အားလုံးက မင်ကျန်းရဲ့ သူငယ်ချင်းတွေမလား ကားပေါ်တက်ကြလေ... နေ့လယ်စာ အတူတူသွားစားရအောင်...”


သူမက ဖိတ်ခေါ်သည့်ဟန်ပန်ဖြင့် လက်ဆန့်ပြသည်။ သူမ၏ ပုံစံက အလွန်နွေးထွေး၏။


ဝမ်ရှန်ရှန်က မဒမ်ဝေ့ကိုတွေ့သည်နှင့် မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားရပြီး သူ၏ ခပ်ဝဝခန္ဓာကိုယ်လေးက ချက်ချင်း တင်းမာသွားရ၏။ သူ့အဖေတွင် သူငယ်ချင်းမြောက်များစွာရှိ၍ မဒမ်ဝေ့ သို့မဟုတ် စုမုလီက မည်သည့်ပုံစံဖြစ်သည်ကို အနည်းနှင့်အများ သိထားသည့်အတွက် ပထမတစ်ချက်နှင့်ပင် သူမကို မှတ်မိသွားသည်။


လုံချောင်နှင့် စုန့်နျန်တို့၏ မိသားစုနောက်ခံက သာမာန်ပင်ဖြစ်၍ သူတို့က စုမုလီကို မမှတ်မိကြဘဲ စိတ်ရှုပ်နေပုံရ၏။


“ဒီကားက ထိုင်ခုံ သိပ်မလောက်ဘူး…” 

စုမုလီက ပြဿနာကို ချက်ချင်းနားလည်သွားသည်။ ခစဉ်းစားပြီးနောက်တွင် သူမ၏လက်ထောက်ကို ပြောလိုက်သည်။ 

“နောက်ကားတစ်စီးလွှတ်ဖို့ မြန်မြန်ပြောလိုက်...”


ဝမ်ရှန်ရှန်က အသိပြန်ဝင်လာပြီး သူ့လက်ကို ထပ်ခါထပ်ခါ ယမ်းခါသည်။ 

“မဟုတ်တာ မဟုတ်တာ မဟုတ်တာ ကျွန်တော်တို့က ဒီတိုင်းကြုံလို့ပါ...”


သူက ဘာမှန်းမသိသေးသည့် စုန့်နျန်နှင့် လုံချောင်တို့ကို ဆွဲကာ ပြောသည်။ 

“ကျွန်တော်တို့က ဟိုဘက်က အကင်ဆိုင်အသစ်ကိုသွားစားချင်လို့ပါ အဲဒါကြောင့် မနှောင့်ယှက်တော့ပါဘူး...”


ဝမ်ရှန်ရှန်က သူ့အဖေနောက်ကို အချိန်တော်တော်ကြာ လိုက်ခဲ့ပြီးဖြစ်၍ အခြားသူများ၏ မျက်နှာအနေအထားကိုတွက်ချက်ရာတွင် ပိုတော်သည်။ မဒမ်ဝေ့ကဲ့သို့ ဂုဏ်သရေရှိပြီး မြင့်မြတ်သည့် အမျိုးသမီးကြီးအနေဖြင့် ကျောင်းပေါက်ဝသို့လာပြီး ယင်းမင်ကျန်းကို နေ့လယ်စာစားရန်ဖိတ်ခေါ်ခြင်းက ကိစ္စတစ်ခုခုရှိသောကြောင့်ဖြစ်ပေမည်။ သူတို့နှင့်အတူတွဲပြီးလိုက်သွားရန်က အလွန်အရှက်ရရာဖြစ်ပေလိမ့်မည်။


လုံချောင်နှင့် စုန့်နျန်တို့ကလည်း ထိုထူးဆန်းသောအမျိုးသမီးက ရောက်နေကြောင်းသိပြီး ယင်းမင်ကျန်းနှင့် ရှုနဉ်တို့က သူတို့နှင့် တမင်ခွဲထွက်ခြင်းမဟုတ်ကြောင်းကို သိလိုက်လေသည်။ သူတို့က ဝမ်ရှန်ရှန်ပြောသည့်အတိုင်း လိုက်ပြောကြသည်။ 

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ အကင်သွားစားကြမလို့ မလိုက်တော့ပါဘူး...”


“ရပါတယ် မင်းတို့အားလုံးက မင်ကျန်းရဲ့ သူငယ်ချင်းတွေပဲကို အတူတူစားကြတာပေါ့...” 

မဒမ်ဝေ့က စိတ်အားထက်သန်စွာဖြင့်ပြောသည်။ 

“မင်းတို့တွေက အကင်စားချင်ကြတာလား ဒီနားမှာ အကင်ဆိုင်ကောင်းကောင်းရှိတယ်လေ အဲဒီကို သွားလို့ရ…”


“ရပါတယ် ကျေးဇူးပါ...” 

သူတို့သုံးယောက်က ချက်ချင်းငြင်းဆန်ပြီး ထွက်သွားကြသည်။


ယင်းမင်ကျန်းက သူတို့ လိုက်လာလာမလာလာ ဂရုမစိုက်ပေ။ 

“သူတို့ကို စိတ်ပူမနေပါနဲ့...”


ထိုအခါမှသာ မဒမ်ဝေ့က သူတို့ကို ဆက်ပြီးမဖိတ်ခေါ်တော့ပေ။ ထို့နောက် သူမက ရှုနဉ်ကိုကြည့်၍ ပြုံးလိုက်သည်။ “သူက ရှုနဉ်ဖြစ်မယ်ထင်တယ် သူ့ပုံစံက လိမ္မာတဲ့ကလေးလေးလိုပဲ...”


ရှုနဉ်က အနည်းငယ်ရှက်သွားရသည်။ 

“မင်္ဂလာပါ မဒမ်ဝေ့...”


“အန်တီလို့ပဲခေါ်ပါ...” 

မဒမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။


မဒမ်ဝေ့၏ စိတ်အားထက်သန်နေသည့်ပုံကို တွေ့သောအခါ ရှုနဉ် အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဝတ္ထုထဲတွင် ဝေ့မိသားစုက ဗီလိန်လေးပြန်ရောက်လာသောအချိန်တွင် သူ့ကို ကြိုက်နှစ်သက်ခြင်းမရှိကြပေ။ သို့သော်လည်း ယနေ့ မဒမ်ဝေ့ကိုကြည့်ခြင်းအားဖြင့် သူမကို စိတ်ထားကောင်းပုံရကြောင်း အတပ်ပြောနိုင်သည်။


သူမ ယင်းမင်ကျန်းနှင့် မည်သို့ခက်ခဲစွာ ဆက်သွယ်ခဲ့ရကြောင်းကိုပင် ရှုနဉ်သိနိုင်သည်။


ဝတ္ထုထဲကနှင့် လုံးဝ မတူပေ။


ယင်းမင်ကျန်းကမူ စကားမပြောပေ။ မဒမ်ဝေ့ကြောင့် ကားပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် သူတို့က အနီးနားရှိစားသောက်ဆိုင်သို့ အတူသွားစားကြသည်။


စားနေစဉ်အတွင်းတွင် မဒမ်ဝေ့က ယင်းမင်ကျန်းပန်းကန်ထဲသို့ ဟင်းများထည့်ပေးပြီး သူ"ဘာစားရတာကြိုက်လဲ"ဟုမေးသည်။ ရှုနဉ်ကိုလည်း ယင်းမင်ကျန်းနှင့် ရင်းနှီးမှုကြောင့် ဂရုစိုက်သည်။


မဒမ်ဝေ့က ယင်းမင်ကျန်းကို လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မည်သို့နေထိုင်ခဲ့ကြောင်းကိုမေးသည်။ ယင်းမင်ကျန်းက မပြောလိုသော်လည်း ရှုနဉ်က ထိုသို့မဟုတ်ပေ။ သူက ကျိုးကျွမ်နှင့် ယင်ချန်းအကြောင်းကို ထိန်ချန်ခြင်းမရှိဘဲ အားလုံးပြောပြသည်။


မဒမ်ဝေ့ ထိတ်လန့်သွားပြီး သူမ၏ အနီရောင်နှုတ်ခမ်းက တုန်ယင်နေသည်။ သူမ စကားပြန်ပြောနိုင်ရန် အချိန်အတော်ယူလိုက်ရသည်။ 

“မင်ကျန်း သားအများကြီး ခံစားခဲ့ရတာပဲ...”


“ငါနဲ့လိုက်ခဲ့ ဟုတ်ပြီလား အခုကစပြီး မင်းကို ဘာမှမခံစားစေရတော့ဘူးလို့ ကတိပေးတယ်...”


နောက်ဆုံးတော့ မဒမ်ဝေ့က သူမ ရောက်လာရခြင်း၏ အကြောင်းပြချက်ကို ပြောပြလိုက်သည်။


ရှုနဉ်က စိတ်ထဲပြင်ဆင်ပြီးသားဖြစ်၍ မထိတ်လန့်တော့ပေ။ သူက ဗီလိန်လေးကို လှည့်ကြည့်လိုက်သည်။


ဗီလိန်လေးက စကားတစ်ခွန်းမှမပြောဘဲ ပန်းကန်ထဲက ငါးကိုသာ စားနေ၏။


-----

ဝေ့သခင်မ၏ မျက်လုံးထဲမှ အလင်းရောင်က တဖြည်းဖြည်း မှိန်သွားသည်။ သူမ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ထိုကဲ့သို့ နေရခက်သော အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာလိုက်သည်။ 

"လာ လာ..စားကြရအောင် ဒီစားသောက်ဆိုင်က ငါးက အရသာရှိတယ်…" 


ဝေ့သခင်မနှင့် နေ့လည်စာစားပြီးနောက် သူတို့နှစ်ယောက် ကျောင်းသို့ပြန်လာကြသည်။ ဗီလိန်လေးက တစ်ချိန်လုံးလိုလို စကားအများကြီး မပြောခဲ့ပေ။ 


သူနှင့် နှစ်အနည်းငယ်ကြာ အတူရှိနေခဲ့သော ရှုနဉ်ကသာ သူ့စိတ်ထဲတွင် အတွေးများစွာရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။ 


ထိုသို့ဖြစ်နေခြင်းက ပုံမှန်သာဖြစ်သည်။ မိဘအရင်းများနှင့် ရုတ်တရက်ပြန်ဆုံမိပါက မည်သူမဆို အနည်းငယ် စိတ်ရှုပ်ထွေးမှုကို ခံစားရလိမ့်မည်ဖြစ်သည်။ ယင်းမင်ကျန်းက အမှန်တရားကိုစုံစမ်းရန် ဝူရှန့်ဆေးရုံသို့သွားသည့်အချိန်က ခိုင်လုံသောသက်သေအထောက်အထား မရရှိခဲ့သော်လည်း သူက ဝေ့မိသားစုမှ ကလေးဖြစ်ကြောင်း အတည်ပြုရန်မူ လုံလောက်ခဲ့သည်။


ဗီလိန်လေးက သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။


သို့သော်လည်း မဒမ်ဝေ့နှင့် အမှန်တကယ်တွေ့ဆုံရခြင်းက လုံးဝ မတူညီသည့် ကိစ္စတစ်ခုဖြစ်သည်။ 


ထိုညတွင် သူတို့နှစ်ယောက်လုံး အိမ်ပြန်ရောက်သည်နှင့် ရှုနဉ်က သူ့လက်ထဲတွင် စောင်တစ်ထည်ကို သယ်ကာ ယင်းမင်ကျန်း၏အခန်းထဲသို့ ပြေးသွားသည်။ ဗီလာသို့ သူတို့ပြောင်းနေသည့်အချိန်ကတည်းက သူတို့နှစ်ယောက်လုံး သူတို့၏ ကိုယ်ပိုင်အိပ်ခန်းများထဲတွင်သာ နေခဲ့ကြသည်။ 


"မင်ကျန်း၊ ဒီည အတူတူအိပ်ရအောင်..." 

ရှုနဉ်က သူ့စောင်ကို ပျော့ပျောင်းသည့် အိပ်ရာပေါ် သို့ ပစ်ချလိုက်သည်။ ထို့နောက် သူက ခွင့်ပြုချက်ကိုပင် စောင့်မနေတော့ပဲ ခုတင်ပေါ်သို့ တက်သွားပြီး ပြုံးကာ လှဲချလိုက်သည်။ 


ယင်းမင်ကျန်း၏ အခန်းက တောက်ပကျယ်ဝန်းပြီး လသာဆောင်သို့ ဦးတည်နေသော မှန်တံခါးကြီးတစ်ခုရှိသည်။ လိုက်ကာများကို ဆွဲဖယ်လိုက်သည်နှင့် အခန်းထဲတွင် ကြယ်ရောင်များဖြင့် ပြည့်နေသည်။ ယင်းမင်ကျန်း၏ ဆန္ဒအတိုင်းပင် သူ့အခန်းထဲသို့ အခြားသူများ အဝတ်လာလှန်းမည်နှင့် သူ့အခန်းထဲသို့ အခြားသူများ ဝင်လိုက်ထွက်လိုက် လုပ်နေမည်တို့ကို စိတ်ပူနေစရာ မလိုတော့ပေ။


သူ့ကို အခြားလူများ လာနှောင့်ယှက်တတ်သည်ကို သူမုန်းသည်။ သူ့အခန်းထဲသို့ အခြားသူများ သဘောကျ ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကိုလည်း သူမုန်းသည်။ထိုအရာကို ချိုက်ချင်သာမက ရှုနဉ်နှင့် အိမ်တော်ထိန်းလည်း သိသည်။ အသက်တစ်နှစ်သာရှိသေးသည့် ရှုယန်ပင် သိသော်လည်း ရှုနဉ်ကမူ ချွင်းချက်ဖြစ်သည်။ သူက ခေါက်မထားသည့်စောင်တစ်ထည်ကို ယူလာပြီး သူ့အခန်းထဲသို့ ဝင်လာနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက ယင်းမင်ကျန်း၏ အိပ်ရာပေါ်တွင် အိပ်နိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။


ယင်းမင်ကျန်းက သူ့အိပ်ရာပေါ်တွင် လှဲနေသည့် ရှုနဉ်ကို တွေ့လိုက်သည်နှင့် လက်ပ်တော့ကို တိတ်တဆိတ် ဘေးသို့ ဖယ်လိုက်ပြီး ရှုနဉ်ဘေးသို့ ဝင်လှဲလိုက်သည်။


မီးများ ပိတ်လိုက်သည်နှင့် အခန်းက မှောင်မဲသွားသည်။


“မင်ကျန်း ၊ မင်းဘယ်လိုထင်လဲ…” 

ရှုနဉ်က မေးလိုက်သည်။


ရှုနဉ်က မည်သည့်အကြောင်းမေးချင်သည်ကို ယင်းမင်ကျန်း သိသောကြောင့် ခဏတာခန့် တိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်သည်။


“သူ့ကို မတွေ့ရသေးခင်တုန်းက ငါတကယ်ကြီး ပြန်မသွားချင်ဘူး…”


ရှုနဉ်က သူ့စကားလုံးများ၏ အဓိပ္ပါယ်ကို သိလိုက်သည်။

“ဒါဆို အခုမင်းက ပြန်သွားချင်တာလား…”


ယင်းမင်ကျန်းက ထပ်မံ တိတ်ဆိတ်သွားပြန်ပြီးနောက် ပြောလိုက်သည်။


“သူက တကယ်ကြီး ဘာမှမသိခဲ့ဘူး...ပြီးတော့သူက ငါ့အပေါ် လည်း တကယ်ကောင်းတယ်…” 


ရှုနဉ်က သူပြောသည်ကို နားထောင်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယင်းမင်းကျန်းက တစ်ယောက်ယောက်ကို နှစ်သက်ရန် လွယ်ကူသူမဟုတ်ပေ။ ယခင်က ရှုနဉ် သူနှင့် နီးစပ်ရန် ကြိုးစားခဲ့စဉ်ကပင် ဗီလိန်လေးက အေးစက်လွန်းသည်။ ဝေ့သခင်မက သူနှင့် တစ်ကြိမ်သာတွေ့ခဲ့ပြီး တစ်ကြိမ်သာ ထမင်းအတူတူစားကာ ဗီလိန်လေးကို စကားအနည်းငယ်သာ ပြောခဲ့သော်လည်း ဗီလိန်လေးက သူ့အပေါ် “တကယ်ကောင်းတယ်” ဟု ပြောလာသည်။


ယင်းမင်ကျန်းက သူ၏ မိဘအရင်းများနှင့် တွေ့ဆုံရန် အမှန်တကယ် စိတ်အားထက်သန်နေကြောင်း ဖော်ပြနေခြင်းသာ ဖြစ်နိုင်သည်။ သူက မိသားစု၏ ချစ်ခင်မှုကို အမှန်တကယ်လိုချင်သည်။ သူ ဂရုမစိုက်သလို ပြုမူနေသော်လည်း သူ့ ခံစားချက်ကို မပြောင်းလဲနိုင်ပေ။


ပြီးတော့ ... ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီလိုအရာကို ဘယ်သူကရော မတောင့်တပဲနေပါ့မလဲ...


အထူးသဖြင့် မွေးစကတည်းက တမင်ကလေးချင်းလဲခံရကြောင်းသိလိုက်ရပြီး သူ့မိဘအရင်းများကလည်း လုံးဝအပြစ်ကင်းသည်။ သူ့မိဘအရင်းများက မည်သို့‌သော လူမျိုးဖြစ်သည်ကို သူသိချင်နေခဲ့မည်ဖြစ်သည်။ ယင်းချန်းနှင့် ကျိုးကျွမ်တို့၏ အနိုင်ကျင့်မှုကို ခံခဲ့ရပြီးနောက် ဗီလိန်လေးက သူသာ သူ့မိဘအရင်းများနှင့်အတူ ကြီးပြင်းလာရမည်ဆိုပါက မည်သို့ဖြစ်လာလောက်သည်ကို သေချာစွာ တွေးတောမိလိမ့်မည်ဖြစ်သည်။ 


သူ့မိဘအရင်းများက သူ့ကို စွန့်ပစ်ခဲ့သည်ဟုဆိုလျှင် ယင်းမင်ကျန်းက သူတို့ကို တစ်စက္ကန့်ပင် လှည့်ကြည့်မည်မဟုတ်ကြောင်း သေချာသည်။ သို့သော်လည်း ယခု လတ်တလော အခြေအနေကမူ သူ့မိဘအရင်းများက သတိမပြုမိခဲ့ခြင်းသာဖြစ်သည်။


သူတို့ကို ငြင်းပယ်ရန် ခက်ခဲလှသည်။


ပြီးတော့ ဘာလို့များ သူတို့ကို ငြင်းပယ်ရမှာလဲ...


ရှုနဉ်က ပြောလိုက်သည်။

“မင်းတွေဝေနေတာ ငါသိတယ်...မင်းလဲ ပြန်သွားချင်နေတာပဲကို ဘာလို့ တွေဝေနေရသေးတာလဲ…”


ဗီလိန်ငယ်လေးက ယခုအချိန်တွင် အလွန်ထူးချွန်သူတစ်ဦးဖြစ်နေပြီဖြစ်သည်။ ဝေ့သခင်မကလည်း သူ့ကို အလွန်သဘောကျသည်။ ဝေ့မိသားစုသို့ ပြန်သွားလျှင် သေချာပေါက် ကောင်းမွန်စွာ ဆက်ဆံခံရမည်ဟု ရှုနဉ် ယုံကြည်သည်။ 


ယင်းမင်ကျန်းက အမှောင်ထဲတွင် သူ့ခေါင်းကို လှည့်လိုက်သည်။ ရှုနဉ်က အလင်းရောင်မှိန်မှိန်မှိန်မှိန်အောက်တွင် သူ့ကောက်ကြောင်းကို ခပ်ရေးရေး ပုံဖော်နိုင်သည်။ 


"ရှုနဉ်..." 

ယင်းမင်ကျန်းက သူ့နာမည်ကို ခေါ်လိုက်သည်။


ရှုနဉ်က သူဘာဆက်ပြောမည်ကို စောင့်နေလိုက်သည်။


ခဏအကြာတွင် ယင်းမင်ကျန်းက ပြောလာသည်။

“မင်း ငါနဲ့အတူတူ လိုက်ခဲ့နိုင်မလား...”


ရှုနဉ် "...ဟမ်" 

ဒါက ဘယ်လိုထူးဆန်းတာမျိုးလဲ...


ယင်းမင်ကျန်းက ပြောသည်။

 " ဝေ့မိသားစုဆီ ပြန်သွားရင် မင်း ငါနဲ့ လိုက်ခဲ့လို့ရမလား ငါ မင်းနဲ့ မခွဲချင်ဘူး…" 


ရိုးရိုးသားသားပြောရမည်ဆိုလျှင် ရှုနဉ် အမှန်တကယ်ကို ရင်ထဲ ထိသွားသည်။ 


ယင်းမင်ကျန်းက သူ့ကိုပါ ခေါ်သွားချင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 

ဒါပေမဲ့လည်း သူနဲ့အတူ ဝေမိသားစုထဲ ဘယ်လိုလုပ် လိုက်သွားနိုင်ပါ့မလဲ...


ထိုအရာက အလွန် ရှက်စရာကောင်းပေလိမ့်မည်။ 


"မင်းငါနဲ့မလိုက်ရင် ငါ မသွားဘူး... “

ရှုနဉ် သူ့အတွေးများကို ပြန်မစုစည်းနိုင်သေးခင်မီမှာပင် ဗီလိန်လေးပြောသည်ကို သူကြားလိုက်ရ၍ ပိုရှက်သွားသည်။


သေစမ်း…တကယ်လို့ ငါသာ သဘောမတူဘူးဆိုရင် ဗီလိန်လေးက ဝေ့မိသားစုဆီကို ပြန်သွားမှာ မဟုတ်လောက်ဘူး….


သူချက်ချင်းပင် အပြစ်ရှိသလို ခံစားလိုက်ရ၍ အမြန် ပြောလိုက်သည်။

“ငါက ကိစ္စမရှိပါဘူး ဒါပေမဲ့ ချိုက်ချိုက်နဲ့ ပါးပါးက သဘောမတူမှာပဲ စိုးရိမ်တာ...”


“သူတို့ သဘောတူလိမ့်မယ်...”

ယင်းမင်ကျန်းက ပြောလိုက်သည်။


ရှုနဉ်လည်း သူ့ပါပါးနှင့် ချိုက်ချိုက်တို့က မကြာသေးမီက ဗီလိန်လေး၏ စကားကို နားထောင်ပုံရသည်ကို ရုတ်တရက် သတိရမိသွားသည်။ ယင်းမင်ကျန်းက သူ့မိဘများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။


ဒါဆို ငါက ဝေ့မိသားစုဆီကို ဗီလိန်လေးနဲ့အတူတူ တကယ်လိုက်သွားရမှာလား….ငါနဲ့ ဘာပတ်သတ်မှုမှမရှိတဲ့ ဝေ့မိသားစုနဲ့ အတူတူနေရမှာလား…


ရှုနဉ် စိတ်ကူးယဉ်ကြည့်လိုက်သည့်အချိန်တိုင်း မယုံကြည်နိုင်လောက်အောင် ရှက်ရွံ့သွားသည်။


ဗီလိန်လေးက ရှုနဉ်ဘက်ကို တိုးလာပြီး သူ့ခါးကို ဖက်လိုက်သည်။ 


"ရှုနဉ် တစ်ယောက်တည်း ပြန်လာရတာ နည်းနည်း ကြောက်စရာကောင်းတယ်လေ..." ဟု တိုးတိုးလေးပြောလာသည်။ 


ရှုနဉ် မျက်လုံးလှန်ပြလိုက်သည်။ 

သူ့လို ပင်ကိုယ်စရိုက်နဲ့ လူက ဘာကိုကြောက်နေတာလဲ…အရူးပဲ ယုံလိမ့်မယ်…


"ရှုနဉ်..." 

သူက တိုးညှင်းသောအသံလေးနှင့် ညည်းညူနေပြန်သည်။ သူ့ပုံစံက ဝံပုလွေပေါက်လေးနှင့်တူပြီး ရှုနဥ်၏ရင်ခွင်ထဲကို တိုးဝှေ့နေသည်။ 


“ကောင်းပြီ၊ ကောင်

းပြီ၊ ကောင်းပြီ... ငါ မင်းနဲ့အတူ လိုက်မယ်...ကလေးဆိုးကြီးလို လုပ်မနေနဲ့..." 



ဘာသာပြန်သူမှာပြောစရာရှိတယ်


စာရေးသူက မဒမ်ဝေ့ရဲ့ နာမည်ကိုပြောင်းလိုက်ပါတယ်။ အခု သူ့ရဲ့နာမည်က စုမုလီပါ။ အရင်အပိုင်းတွေကိုလည်း ပြင်ထားပါတယ်။