အပိုင်း ၇၀
Viewers 11k

Chapter 70



ဗီလိန်လေး ထိုသို့ ချွဲသည့်အချိန်တိုင်း ရှုနဉ် မခံနိုင်ပေ။ များသောအားဖြင့် ကျောင်းတွင် သူက အေးစက်ပြီး ခပ်ခွာခွာနေတတ်သော်လည်း အမှန်တွင်မူ နူးညံ့ပြီး ပွေ့ဖက်ချင်စရာလေး ဖြစ်နေသည်။


ဘယ်သူကများ သူ့ကို ဆန့်ကျင်နိုင်ပါ့မလဲ...


သူနှင့်အတူ လိုက်သွားခြင်းက ကြီးကြီးမားမား ကိစ္စကြီးတစ်ခုတော့ မဟုတ်ပေ။ သူသာ ဂရုမစိုက်လျှင် ထူးဆန်းသည်ဟု ခံစားရမည့်သူက အခြားသူများသာ ဖြစ်လိမ့်မည်။


"သခင်မဝေ့ကရော သဘောတူပါ့မလား..." 

ရှုနဉ်က မေးလိုက်သည်။ 


ဗီလိန်လေးက သူ့အား လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

 "သူ သဘောတူလိမ့်မယ်..."


 "ကောင်းပြီ၊ ဝေ့သခင်မ သဘောတူရင် ငါမင်းနဲ့ လိုက်ခဲ့မယ်..." 

ရှုနဉ် ပြောလိုက်သည်။ 


ရိုးရိုးသားသားပြောရလျှင် သူက ဗီလိန်လေးကို တစ်ယောက်တည်း ပြန်သွားခိုင်းရမည်ကို အနည်းငယ် စိတ်ပူနေမိသည်။ 


ဗီလိန်လေး မနက်ဖြန်မှ သူ(မ)နှင့် ဆွေးနွေးမည်ဟု ရှုနဉ် ထင်ခဲ့သည်။ သို့သော် ဗီလိန်လေးက ထိုအကြောင်းကို လုံးဝ မပြောခဲ့သောကြောင့် ရှုနဉ် အံ့အားသင့်သွားသည်။ အမှန်တွင် ဗီလိန်လေးက သူမနှင့် တူတူပြန်လိုက်ရန်ကိုပါ သဘောမတူညီရသေးပေ။


ဝေ့သခင်မက စိတ်ပျက်သွားသော်လည်း လက်မလျှော့ခဲ့ပေ။ သူ ချူကျိုးတွင်နေရန်ဆုံးဖြတ်ပြီး အနီးနားရှိ ဟိုတယ်တွင် တစ်လတည်းခိုရန် ဘွတ်ကင်ယူလိုက်ကာ အချိန်ဆွဲ၍ ကစားရန် ဆုံးဖြတ်လိုက်သည်။


တစ်လတာနေထိုင်နေစဉ်အတွင်း ဝေ့သခင်မက နေ့တိုင်းလိုလို နေ့လည်စာစားပြီး စကားစမြည်ပြောရန် သူတို့ကို ကျောင်းမှ လာခေါ်တတ်သည်။ ပိတ်ရက်များတွင်လည်း သူတို့ကို ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များသို့ ကစားရန် ခေါ်သွားလေ့ရှိသည်။ ထိုအချိန်များအတွင်း ဝေ့သခင်မက ချိုက်ချင်နှင့် ရှုယန်တို့ဆီသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့သည်။ သူက လက်ဆောင်များ ယူဆောင်လာပြီး ကျေးဇူးတင်ကြောင်း ဖော်ပြကာ သူတို့အား အမှန်တကယ်ပင် စိတ်ကျေနပ် စေခဲ့သည်။ 


သူတို့နှစ်ယောက်တည်းရှိချိန်တွင် ရှုနဉ်ကယင်းမင်ကျန်းကို တိုးတိုးတိတ်တိတ် မေးလိုက်သည်။

 "မင်ကျန်း ဝေ့သခင်မနဲ့ ပြန်လိုက်ဖို့ မင်းဘာလို့သဘောမတူရသေးတာလဲ..."


ယင်းမင်ကျန်းက ပြုံးလိုက်သည်။

 "ပထမတစ်ချက်က သူဘယ်လောက် စိတ်ပိုင်းဖြတ်ထားလဲဆိုတာ ကြည့်ချင်လို့... ဒုတိယအချက်ကတော့ လူတွေက လွယ်လွယ်ရနိုင်တဲ့ အရာတွေကို တန်ဖိုးမထားကြဘူး..." 


ရှုနဉ် ထိတ်လန့်သွား၍ ယင်းမင်ကျန်းက သူ့ကို သတိပေးလိုက်သည်။


 "သူ့ အိမ်မှာ သားတစ်ယောက်ရှိနေသေးတဲ့အပြင် သူတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံရေးက အရမ်းကောင်းတယ်ဆိုတာလဲ မမေ့နဲ့ဦး...”


ယင်းမင်ကျန်းသာ သတိမပေးလျှင် ဝေ့ရှီမင်းရှိနေသေးသည်ကို ရှုနဉ် မေ့သွားတော့မည်ဖြစ်သည်။


ရှုနဉ် ခဏစဉ်းစားပြီးနောက် ယင်းမင်ကျန်းကို နှစ်သိမ့်လိုက်သည်။

”သူက တစ်လလုံး ဒီမှာပဲ နေနေတာလေ... သူ့ရဲ့ သဘောထားကို ကြည့်မယ်ဆိုရင် သူက ဘက်လိုက်တတ်တဲ့ပုံ မပေါ်ပါဘူး…”


ပြောရမည်ဆိုလျှင် မည့်သည့် ကောင်လေးမဆို ကောင်မလေးတစ်ယောက်ကို ထိုမျှကြာအောင် လိုက်နိုင်မည်မဟုတ်ပေ။ ဝေ့သခင်မက တစ်သက်လုံး မင်းမျိုးမင်းနွယ်ကဲ့သို့ ဆက်ဆံခံခဲ့ရသူဖြစ်သည်။ သူ့အတွက် တစ်လခန့်ကြာသည်အထိ ထိုသို့ပြုမူနေခြင်းကပင်တော်တော်လေး ကောင်းနေပြီဖြစ်သည်။


မိန်းကလေးနောက်ကို လိုက်ခြင်းနှင့် သားနောက်ကို လိုက်ခြင်းက မည်သို့မှ နှိုင်းယှဉ်၍မတူနိုင်ပေ။


ယင်းမင်ကျန်းက မျက်ခုံးပင့်လိုက်ပြီး မျက်ခုံးအောက်ရှိ မျက်ဝန်းတစ်စုံက နက်ရှိုင်းလှသည်။ 

"တကယ်လား…”


ရှုနဉ်က မသေချာသောကြောင့် ဘာပြန်ပြောရမည်မသိ ဖြစ်သွားသည်။

 "ငါက ဘာမှ အသုံးမဝင်တဲ့သူဆိုရင် သူ ချူကျိုးမှာ တစ်လလောက်နေမယ်လို့ မင်းထင်နေတာလား…" 


ယင်းမင်ကျန်းက ပြုံးလိုက်ပြီး သူ့မျက်လုံးများက ကြည်လင်နေသည်။


ရှုနဉ် တစ်ကိုယ်တည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။၎င်းက သူ အစကတည်းက သိထားသည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ဗီလိန်လေးအား သူ့ကိုယ်တိုင် တိုးတက်လာစေရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ဝေမိသားစု၏ခွင့်ပြုချက်ကို သူရနိုင်မည်ဖြစ်သည်။ 


သို့သော်လည်း သူက ဗီလိန်လေး မည်မျှဉာဏ်ကောင်းသည်ကို သူ မေ့သွားခဲ့သည်။ သူကိုယ်တိုင် သိသွားနိုင်သည့် ကိစ္စ အများကြီးရှိသည်။


တစ်ခါတစ်ရံတွင် သိသည့်အရာ များလွန်းပါက အလွယ်တကူ စိတ်ပျက်လာစေနိုင်သည်။


ရှုနဉ်က ထိုသို့ဖြစ်မည်ကို မလိုလား၍။ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။

 "မင်ကျန်း၊ သူ့ခံစားချက်တွေက စစ်မှန်တယ်လို့ မင်းမယုံကြည်တာနဲ့ပဲ ငါတို့ သူ့ကို မဝေဖန်သင့်ဘူးလေ…အာဃာတ တရားကို ဆုပ်ကိုင်ထားရတာ မတန်ပါဘူး…”


"လူတစ်ယောက်က မင်းရဲ့ ကောင်းတဲ့ အချက်တွေကြောင့် မင်းကို ကြိုက်တာ သဘာဝပဲ၊ မင်းရဲ့ မကောင်းတဲ့ အချက်တွေကြောင့် မင်းကို မကြိုက်တာလဲ သဘာဝကျတယ်….မင်းရဲ့ ကြမ်းတမ်း ရိုင်းစိုင်းတဲ့ အပြင်ပိုင်းပုံစံနဲ့ ကြင်နာပြီး လှပတဲ့ အတွင်းစိတ်ကို မြင်အောင် ကြည့်ဖို့ လူတွေကို မင်းတောင်းဆိုလို့ မရဘူး….."


“ကိုယ့်ကိုယ်ကို အကောင်းဆုံး ကြိုးစားပြီးရှေ့ဆက်သွားဖို့က ကိုယ့်မှာပဲ တာဝန်ရှိတယ်လို့ ငါအမြဲတမ်းယုံကြည်တယ်….အချိန်ဆိုတာက တန်ဖိုးရှိတယ်၊ မင်းရဲ့ အတွင်းစိတ်အလှကို တူးဖော်ဖို့ အဲဒီအချိန်ကို ပေးဖို့ ဘယ်သူမှာမှ တာဝန်မရှိဘူး…."


“လူတစ်ယောက်က ပျင်းတယ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိပဲ တက်ကြွမှုလဲ နည်းတယ်ဆိုပါစို့…လူတွေက သူ့ကိုကြည့်ပြီး ဒီလူက အတွင်းစိတ်တော့ တကယ်ကို ကြင်နာတက်ပြီး လှပတဲ့ လူတစ်ယောက်ပါလို့ပြောတယ်ပဲထားဦး….ရိုးရိုးသားသားပြောရရင် ဒါက မယုံနိုင်စရာပဲ..." 


“လူတွေကို သူတို့ရဲ့ တချို့ အကျင့်ဆိုးလေးတွေကြောင့် ပုတ်ခတ်ဝေဖန်တာက မမှန်တာကတော့ ဟုတ်ပါတယ်….”


"ငါတကယ်ပြောချင်တာက မင်းကိုစောင့်ပေးနေတာက သူ့ကို သိက္ခာမဲ့စေတာမဟုတ်ဘူး...မင်းရဲ့ကောင်းတဲ့အချက်တွေကို သူမြင်နေတာကြောင့်လဲ သူက ကြောင်သူတော်ဖြစ်နေတယ်လို့ မဆိုလိုပါဘူး…မင်း သူဘာဖြစ်မလဲဆိုတာကို တွေးနေစရာမလိုဘူး…. "


“တကယ်လို့ မင်းသာ ဘာမှမကောင်းတဲ့သူတစ်ယောက်ဆိုရင် မင်းအမေအပါအဝင် လူအများစုဟာ တစ်လလောက်ကြာအောင် စောင့်နေနိုင်မှာမဟုတ်ဘူး…လူတွေရဲ့ သဘာဝကိုက အဲ့လိုပဲလေ….သူက မင်းအမေဖြစ်နေတာနဲ့ပဲ မင်းသူ့ဆီက အများကြီးသွားတောင်းဆိုလို့ မရဘူး…သူက သူတော်စင်လည်းမဟုတ်ဘူး…သူတို့ စည်းမကျော်သရွေ့ တခြားသူတွေရဲ့ ချို့ယွင်းချက်တွေကို ငါတို့ ခွင့်လွှတ်ပေးဖို့ ကြိုးစားသင့်တယ်…ဘယ်သူကမှ ပြီးပြည့်စုံမှာ မဟုတ်ဘူး…" 


ယင်းမင်ကျန်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

 "ငါ နားလည်ပါတယ်…"


“ဒါဆို ဘာတွေများ စဉ်းစားနေသေးတာလဲ…ဒါက မင်းကိုစိတ်မချမ်းသာ ဖြစ်စေတာပဲလေ…"


ရှုနဉ်က ဘဝသင်ခန်းစာများကို ဟောပြောသလို ဖြစ်နေသော်လည်း အမှန်တွင်မူ ယင်းမင်ကျန်းကို ကြိုတင်ပြောပြနေခြင်းသာဖြစ်သည်။


ဝေ့မိသားစုက ဝေ့ရှီမင်းကို ပိုသဘောကျနေရင် ဘယ်လိုလုပ်မလဲ….ဗီလိန်လေးက မနာလိုစိတ်နဲ့လမ်းမှားရောက်သွားနိုင်လောက်လား…


ဝေ့မိသားစုက အလွန်ဘက်လိုက်လျှင်ပင် ဗီလိန်လေးက အမှီအခိုကင်းရန် လိုအပ်နေသေးသည်။ သူတို့ကို အားကိုးနေရန် မလိုအပ်ပေ။ မနာလိုစိတ်ဖြစ်ပေါ်လာရန် မလိုအပ်သလို ထိုအရာများ မည်ကဲ့သို့ဖြစ်နိုင်သည်များကို တွေးတောနေရန်လည်း မလိုအပ်ပေ။ 


ရှုနဉ်က ဗီလိန်လေး ထိုကဲ့သို့သောအရာများကို တွေးတောနေမည်ကို စိတ်ပူနေခဲ့သည်။


“မင်းမှန်ပါတယ်…" 

ယင်းမင်ကျန်းက ခေါင်းညိတ်လိုက်သည်။

 "ငါ အဲ့လိုကိစ္စတွေကို တွေးမနေသင့်ဘူး….” 


ရှုနဉ်က သူ့အမူအရာကို စိုက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။


ဝေ့မိသားစုက ဗီလိန်လေးကို သဘောကျလျှင် အကောင်းဆုံးဖြစ်သည်။ ရှုနဉ်က ဝေ့မိသားစု သူ့အကြောင်းကို မည်သို့တွေးတွေး ဗီလိန်လေး အဆင်ပြေပြေ နေနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ခဲ့သည်။


တစ်လကြာပြီးနောက် ဗီလိန်လေးက ဝေ့သခင်မနှင့် အိမ်ပြန်ရန် သဘောတူလိုက်ပြီဖြစ်သည်။


ဝေ့သခင်မက ပျော်လွန်း၍ မျက်ရည်ကျလုမတက်ဖြစ်သွားသည်။

“တကယ်လား…အရမ်းကောင်းတာပဲ…တကယ့်ကို ကောင်းတယ်…”


ယင်းမင်ကျန်းက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။

“ဒါပေမဲ့ အခြေအနေ နှစ်ခုတော့ ရှိတယ်…”


ဝေ့သခင်မက သူ့မျက်ရည်များကိုသုတ်ပြီး ပြောလိုက်သည်။

“မင်ကျန်း ဘာမှ စိတ်မပူပါနဲ့ …မား တတ်နိုင်စွမ်းနဲ့သာဆိုရင် မင်းလိုချင်တာအားလုံးဖြစ်စေရမယ်…”


ယင်းမင်ကျန်းက လွန်ခဲ့သည့် ဆယ်နှစ်အတွက် လျော်ကြေးလိုချင်သည်ဟု သူထင်နေခဲ့သည်။ မင်ကျန်းက အများကြီး ခံစားခဲ့ရ၍ သူ့ကို လျော်ကြေးပေးရန် ထိုက်တန်ပေသည်။


ယင်းမင်ကျန်းက ဝေ့ရှီမင်းကို ဝေ့မိသားစုမှ ထုတ်ပယ်ခိုင်းလိုက်မည်လားဟု ရှုနဉ် စဉ်းစားနေမိသည်။ သူ တောင်းဆိုသည်ကို လက်ခံလိုက်ပါက ကိစ္စမရှိသော်လည်း ဝေ့သခင်မက ငြင်းပယ်လိုက်လျှင် ရှက်စရာကောင်းသွားပေလိမ့်မည်။


ဗီလိန်လေးက သူ့ကို မုန်းနေလျှင်ပင် ရှုနဉ် နားလည်ပေးနိုင်သည်။ အခြားသူများဆိုလျှင်လည်း သူတို့၏ ပထမဆုံးတောင်းဆိုချက်က ဝေ့ရှီမင်းကို စွန့်ပစ်လိုက်ရန် ဖြစ်နိုင်သည်။ သို့သော်လည်း ဝေ့သခင်မ တွေဝေနေမည်ကို သူနားလည်နိုင်သည်။


ဝေ့သခင်မက ယင်းမင်ကျန်း ခံစားခဲ့ရသည့် ဒုက္ခများကို သူကိုယ်တိုင် မကြုံတွေ့ခဲ့ရဘူးပေ။ သူ ကြုံတွေ့သည့်အရာအားလုံးက သူ(မ)အတွက် စကားလုံးများသာ ဖြစ်သော်လည်း ဝေ့ရှီမင်းက သူ ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ပေးခဲ့ရသည့် သားတစ်ယောက်ဖြစ်သည်။


ထိုကြောင့် မူရင်းဝတ္ထုထဲတွင် ဝေ့မိသားစုက အလွန် ဝေခွဲမရ ဖြစ်နေရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူတို့က ဝေ့ရှီမင်း ဘက်မှ ရပ်တည်ပေးခဲ့ကြသည်။


သူ့အတွေးများ ပြေးလွှားနေစဉ်မှာပင် ယင်းမင်ကျန်း ပြောသည်ကို ကြားလိုက်ရသည်။

“ပထမတစ်ချက်က ရှုနဉ်လည်း ကျွန်တော်နဲ့အတူတူ လိုက်လာရမယ်...”


မဒမ်ဝေ့ ခဏမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြသည်။

 "ပြဿနာမရှိပါဘူး..." 


ရှုနဉ် လန့်သွားသည်။ သူက ဗီလိန်လေးကို ငေးကြည့်ရင်း နောက်ထပ်ပြောမည့် စကားကို စောင့်နေလိုက်သည်။


ယင်းမင်ကျန်းက ထပ်ပြောလာသည်။

“ဒုတိယတစ်ချက်က….”


ဝေ့သခင်မနှင့် ရှုနဉ်တို့သူတို့ပင် မသိလိုက်ပဲ ခါးဆန့်မိသွားသည်။(ကလေး ဘာပြောမလဲ သိချင်လို့ ခါးမတ်သွားကြတာပါ။)


ယင်းမင်ကျန်းက ပြောလိုက်သည်။

"လူတိုင်းက ကျွန်တော် နဲ့ ရှုနဉ်ကို လေးစားဖို့ မျှော်လင့်ပါတယ်…" 


ဒါပဲလား...

ဝေ့သခင်မနှင့် ရှုနဉ်တို့အံ့အားသင့်သွားကြသည်။ 


လျော်ကြေးတောင်းခြင်းလည်း မဟုတ် ဝေ့ရှီမင်းကို နှင်ထုတ်ခြင်းလည်း မဟုတ်ဘဲ ရိုးရှင်းသည့် တောင်းဆိုမှု နှစ်ခုသာ ရှိနေခြင်းပင်။


မဒမ်ဝေ့လည်း အသိစိတ်ပြန်ကပ်သွားပြီး မြန်မြန် ခေါင်းညိတ်လိုက်သည်။

 "ပြဿနာမရှိပါဘူး...လုံးဝပြဿနာမရှိပါဘူး..." 


ရှုနဉ် အံ့သြသွားသည်။ သူက ဗီလိန်လေး၏မျက်နှာကို စိုက်ကြည့်လိုက်သောအခါ ပုံမှန် အေးဆေးတည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ သူ့တွင် အခြားဆန္ဒများ တောင်းဆိုမှုများ ရှိနေပုံမရပေ။


သူ ဝေ့ရှီမင်းကို တကယ်ကြီး ဂရုမစိုက်တာများ ဖြစ်နိုင်လောက်လား…


ရှုနဉ်က သူ့နေရာမှဝင်၍ တွေးကြည့်လိုက်မိသည်။ သူသာဆိုလျှင် ဝေ့ရှီမင်းကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။သို့သော်လည်း ဗီလိန်လေးက အမှန်တကယ် တည်တည်ငြိမ်ငြိမ်နှင့် စိတ်ထိန်းထားနိုင်ခဲ့သည်။ အရေးပါသည့် ဇာတ်ပို့က မျှော်လင့်ထားသလိုပင် ဖြစ်သည်။(ဗီလိန်ဆိုတဲ့အတိုင်း စိတ်ထိန်းနိုင်တယ်လို့ ပြောချင်တာပါ။)


ဟိုတယ်မှထွက်လာပြီးနောက် ရှူနဉ် ထိုအကြောင်းကိုစဉ်းစားပြီး ပြောလိုက်သည်။ 

"မင်း ဝေ့ရှီမင်းကို ထွက်သွားဖို့ တောင်းဆိုလိမ့်မယ်လို့ ငါထင်ခဲ့တာ…" 


ဗီလိန်လေး၏ ချောမောသော မျက်နှာက အံ့ဩသလို ဖြစ်သွားပြီး ခေါင်းခါလိုက်သည်။ 

"ငါ သူ့ကို ဂရုမစိုက်ဘူး…" 


ခေတ္တနားပြီးနောက် သူကပြောလိုက်သည်။ 

“သူ ငါ့ကို မပေးနိုင်တဲ့အရာတွေကို ငါတောင်းဆိုမှာ မဟုတ်ဘူး…”


ရှုနဉ် အံ့သြသွားသည်။ 

ဗီလိန်လေးက ဝေ့သခင်မ ဝေ့ရှီမင်းကို မစွန့်ပစ်နိုင်ဘူးဆိုတာကို သိနေပြီးသားလား…


ဝေ့သခင်မက တစ်လကြာရင် ထွက်သွားမယ်ဆိုတာကိုသူသိနေပြီလား…


ဝေ့သခင်မက ယင်းမင်ကျန်းကို ဘေဂျင်းမြို့သို့ ချက်ချင်းပြန်ခေါ်သွားချင်သော်လည်း ယင်းမင်ကျန်းက နောက်တစ်ကြိမ် ထပ်ငြင်းလိုက်ပြီး သူက အလယ်တန်း တတိယနှစ် စာသင်နှစ်အလယ်တွင်သာ ရှိသေးသည်ဟု ပြောလိုက်သည်။ သူ့စာမေးပွဲပြီးသည့်အချိန်မှသာ သူနှင့် ပြန်လိုက်နိုင်မည်ဖြစ်သည်။


ဝေ့သခင်မကလည်း သူလုံးဝ အာမခံထားပြီးဖြစ်သောကြောင့် သဘောတူရန်သာ တတ်နိုင်တော့၍ ချူကျိုးမှ ဦးစွာပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ 


လွန်ခဲ့သောလတွင် ဝေ့သခင်မက ရဟတ်ယာဉ်ကဲ့သို့ ယင်းမင်ကျန်း၏ အနီးတစ်ဝိုက်တွင် ပျံဝဲနေခဲ့၍ ယခုအချိန်တွင် လူအတော်များများက အမှန်တရားကို သိနေကြပြီး သူတို့ကိုယ်သူတို့ ကြိုးစားချုပ်တည်းနေကြရသည်။


"ငါသိတယ်... သူကိုကြည့်လိုက်တာနဲ့ သူက ကြက်လှောင်အိမ်ထဲ ပြုတ်ကျလာတဲ့ ဖီးနစ်တစ်ကောင် နဲ့တူတယ်…ယင်းမင်ကျန်းက ယင်းချန်းနဲ့ရော ကျိုးကျွမ်နဲ့ပါ မတူဘူး…သူက ဝေ့မိသားစုရဲ့ ကလေးပဲ ဖြစ်ရမယ်…"


"ဆိုရိုးစကားရှိတယ်လေ မင်းသိလား…ပန်းသီးက အပင်နဲ့ဝေးဝေးကို ကြွေမကျဘူးတဲ့…အရင်ကတော့ ငါမယုံဘူး၊ အခုတော့ ယုံသွားပြီ…”


"သေချာတာက တချို့လူတွေရဲ့ ဗီဇက မတူဘူးပဲ …ယင်းမင်ကျန်းက ယင်းချန်းနဲ့ ကျိုးကျွမ်တို့ရဲ့ ကလေးဟုတ်ပုံမရဘူးလို့ ငါအမြဲတွေးခဲ့ဖူးတယ်… ငါထင်တာ မှန်နေခဲ့တာပဲ….”


ထိုအရာက လူအားလုံးပြောနေကြသည့်အကြောင်းအရာများ ဖြစ်သည်။ ထိုကဲ့သို့ အတင်းအဖျင်းပြောသူများကြောင့် ရပ်ကွက်အတွင်းရှိ လူတိုင်း သိသွားကြသည်။


ယင်းမင်ကျန်းက ရုပ်ရည်ချောမောပြီး ကျိုးကျွမ်နှင့် ယင်းချန်းတို့က ပုံမှန် ရုပ်ရည်သာ ရှိသောလူများ ဖြစ်သည်။ လူတိုင်းက သူ့ကို ကိုယ်ချင်းစာပြီး သနားကြသည်။ ယခုအခါတွင် ယင်းမင်ကျန်းကချမ်းသာသောမိသားစု၏သားဖြစ်လာကြောင်း ပေါ်ပေါက်လာခဲ့၍ လူတိုင်းက ထိုကဲ့သို့သော အရည်ရွှန်းသည့် အတင်းအဖျင်းကို အပြေးအလွှား ပြောဆိုနေကြသည်။


ထိုကိစ္စထက်ပိုပြီး ထူးဆန်းသည့် လှည့်စားထားသည့် ကိစ္စမျိုး မရှိတော့ပေ။ ယင်းမင်ကျန်းက မြင့်မြတ်သည့်ငါးကြင်းနှင့်တူသည်။ သူက ကောင်းကင်ပေါ်သို့ တည့်တည့်ခုန်တက်သွားပြီး နဂါးတစ်ကောင်ဖြစ်လာသည်။ 


ဒါက ဝေ့မိသားစုလေ… နာမည်ကြီးဝေ့မိသားစုပဲ…

၎င်းက သူတို့ အိမ်မက်ထဲတွင်သာရောက်နိုင်သည့် ကမ္ဘာဖြစ်သည်။


လူတိုင်း၏ ပစ်ပယ်ခြင်းကိုခံရသည့် ဆင်းရဲသားလေးက တစ်နေ့တွင် ချမ်းသာသည့် ဝေ့မိသားစု၏ သားဖြစ်လာမည်ဟု မည်သူမှ မတွေးမိကြပေ။ 


ကမ္ဘာကြီးက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် လှည့်ပတ်နေခဲ့သည်။ 


သူတို့က ထိုအကြောင်းကို တစ်သက်လုံးပင် အတင်းပြောနိုင်သည်။ 


ရပ်ကွက်တွင်း၌ပင် ဆွေးနွေးမှုများ အများအပြား ရှိခဲ့ရာ ကျောင်းသားများဆိုလျှင် ပြောစရာပင် မလိုပေ။ ယင်းမင်ကျန်းက ကျောင်းတွင် ရေပန်းအစားဆုံး ကောင်လေးဖြစ်နေခဲ့ပြီးဖြစ်သော်လည်း ယခုအခါတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သူတို့အတွက်၊ ယခင်ယင်းမင်ကျန်းနှင့် ယခုယင်းမင်ကျန်းအကြား ကွာခြားချက်မှာ ယခင် ယင်းမင်ကျန်းက မြင်နိုင်၊ ထိနိုင်သည့်သူ ဖြစ်သည်။သို့သော်လည်း ယခုယင်းမင်ကျန်းက အဝေးသို့ ပျံသန်းသွားတော့မည်ဖြစ်ကာ နောက်ထပ်မတွေ့နိုင်တော့ပေ။ 


ထိုအချိန်တွင် ယင်းမင်းကျန်းက သူ့တစ်ကိုယ်လုံးနစ်မြုပ်သွားနိုင်လောက်သည့် ရည်းစားစာများကို ရရှိခဲ့သည်။ တစ်ချို့လူများက သူတို့၏ အခွင့်အရေးကို အရယူလိုက်ချင်ကြသည်။ သို့သော်လည်း လူအများကြီးက သူ ထွက်ခွာမသွားမီ သူတို့၏ခံစားချက်များကို အမြန်ဖော်ပြလိုကြသည်။ထိုနည်းဖြင့် ယင်းမင်ကျန်းက သူတို့ငယ်ဘဝ၏ ထာဝရ အမှတ်ရစရာ ဖြစ်လာသည်။ 


ရှုနဉ်ပင် ရည်းစားစာ အများကြီးရခဲ့သည်။ ထိုစာများအားလုံးက ယင်းမင်ကျန်းအတွက်ဖြစ်သည်။ 


ရှုနဉ်”……”


ငါက ယင်းမင်ကျန်းရဲ့နောက်လိုက်လေးလို့ မင်းတို့ တကယ်ကြီးထင်နေတာလား…


ဟုတ်ပြီလေ၊ငါက နောက်လိုက်လေးပဲ…


သူတို့ အလယ်တန်း တတိယနှစ် ရောက်နေပြီဖြစ်သောကြောင့် စ

ာမေးပွဲအတွက် ပြန်လှန်လေ့ကျင့်ခန်းများလုပ်ရင်း အလုပ်ရှုပ်နေကြသည်။ ရလဒ်အနေဖြင့် ယင်းမင်ကျန်းကို လူအများစုက နှောင့်ယှက်ရန် မကြိုးစားခဲ့ကြပေ။ လူတိုင်းလိုလို အထက်တန်း စာမေးပွဲအတွက် ပြင်ဆင်နေခဲ့ကြသည်။