အပိုင်း ၇၁
Viewers 11k

Chapter 71

ဝေ့ရှီမင်း မနာလိုဖြစ်ခြင်း



အချိန်များ ကုန်သွားသည်နှင့်အလယ်တန်းပြီးဆုံးကြောင်းလက်မှတ်ရချိန်၌ မည်သူမျှ အံ့ဩစရာမလိုလောက်အောင်ပင် ယင်းမင်ကျန်းက ပထမနေရာရပြီး ရှုနဉ်က က ဒုတိယနေရာကို ရရှိခဲ့သည်။ ယခု အလယ်တန်းကျောင်းက သူယခင်ကတက်ခဲ့သည့် အလယ်တန်းကျောင်းနှင့် အလွန်ကွာခြားသည်ဟု သူခံစားမိသည်။ သူသာ မကြိုးစားလျှင် အမှတ်ကောင်းကောင်းရနိုင်မည်မဟုတ်ပေ။


စာမေးပွဲပြီးသည်နှင့် မဒမ်ဝေ့က "ဘယ်အချိန်လာမှာလဲ"ဟု ဖုန်းဆက်မေးသည်။


ယင်းမင်ကျန်းက သူ့ကို ပြန်ဖြေရန် အလျင်မလိုဘဲ အတန်းဖော်များကို နှုတ်ဆက်နေဆဲ ဖြစ်သည်။ ထို့နောက် သူက ရှုနဉ်၊ဝမ်ရှန်ရှန်နှင့် လုံချောင်တို့ကို အလယ်တန်းကျောင်းဆင်းအထိန်းအမှတ်အဖြစ် တရုတ်ပြည်အနှံ့ခေါ်ဆောင်ကာ ခရီးသွားခဲ့သည်။


ထိုခရီးမှပြန်ရောက်သည်နှင့် ဘေးမှ အပိုမီးသီးနှစ်ယောက်ကိုပစ်ချခဲ့ပြီး ရှုနဉ်ကိုခေါ်ကာ ဥရောပသို့ ခရီးထွက်ခဲ့သည်။ နွေရာသီအားလပ်ရက် ကုန်ခါနီးတွင် ဘေဂျင်းသို့လာရန် သူသဘောတူလိုက်သည်။



မဒမ်ဝေ့က သူ့ကို အကြိမ်ပေါင်း ထောင်ချီနီးပါး စိတ်အားထက်သန်စွာ ဖုန်းခေါ်ခဲ့သော်လည်း ယင်းမင်ကျန်းကထူးထူးဆန်းဆန်းတည်ငြိမ်နေပြီး ပြန်သွားရန် သူ စိတ်ပူမနေပေ။


ဝတ္ထုထဲတွင် ဗီလိန်လေးအား မည်သို့ ဖော်ပြခဲ့သည်ကိုပင် ရှုနဉ် သတိရသွားသည်။ 


ထိုဝတ္ထုထဲတွင် ဗီလိန်လေးက ဝေ့မိသားစုသို့ပြန်ရန် စိတ်အားထက်သန်နေပြီး ဝေ့သခင်မကလည်း သူ့ကို လာမခေါ်ခဲ့ပေ။ သူ့အစား ဗီလိန်လေးကိုခေါ်ရန် သူ့လက်ထောက်ကိုသာ စေလွှတ်ခဲ့သည်။ ဗီလိန်တစ်ယောက်အဖြစ်ဖော်ပြရန် ထိုစာအုပ်ထဲတွင် ယင်းမင်ကျန်း က ပြန်လာရန်မည်မျှ စိတ်မရှည်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။ ထိုဝတ္ထုထဲတွင် သူက သူ၏ကြင်နာတတ်သည့် မွေးစားမိဘများကို စွန့်လွှတ်ရန် မစောင့်နိုင်ကြောင်းနှင့် သူ့ကိုယ်သူ ချမ်းသာသည့်မိသားစုထဲသို့ ပစ်ဝင်ရန် တွေဝေမနေကြောင်း ပြောထားသည်။


ယခု ဗီလိန်လေးက အလျင်မလိုသော်လည်း ဝေ့သခင်မကမူ အလျင်လိုနေသည်။ သူမက တစ်လခန့်တောင်းဆိုခဲ့ပြီး မရေမတွက်နိုင်သည့် ဖုန်းကောလ်များပင် ခေါ်ခဲ့သည်။ထပ်ခါထပ်ခါသူ့ကိုတောင်းဆိုပြီးနောက် သူက အိမ်ပြန်လာရန် သူ(မ)ကို သဘောတူခဲ့သည်။


ဒီတစ်ကြိမ်မှာရော ယင်းမင်ကျန်း ဘယ်လို ဆက်ဆံခံရနိုင်လောက်မလဲ….

ထိုအဖြေကိုသိရန် ရှုနဉ် စဉ်းစားကြည့်ဖို့ပင် မလိုအပ်ပေ။


ဗီလိန်လေးက ငယ်သေးသော်လည်း အလွန်ထက်မြက်သည်။


ဗီလိန်လေးက ထိုနေရာတွင် ဒုက္ခခံရမည်ဟု ရှုနဉ် မထင်သလို သူသေချာပေါက် ကြောက်ရွံ့နေမည်လည်း မဟုတ်ပေ။သို့သော်လည်းသူက “ကြောက်တယ်”ဟုဟန်ဆောင်ပြီး ရှုနဉ်ကို ခေါ်ဆောင်သွားရန် အခိုင်အမာ ပြောနေခဲ့၍ ရှုနဉ်က သူဟန်ဆောင်နေသည်ဟုသာ ခံစားမိသည်။


ယခု ဝေ့သခင်မက ယင်းမင်ကျန်းကို သေချာပေါက် ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ သူပြန်လာရန် သဘောတူသည်ဟု သူမ ကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို လှုပ်ရှားတော့သည်။ ပထမဆုံး သူမ၏အခန်းအနီးရှိ တောက်ပပြီး ကျယ်ဝန်းသော အိပ်ခန်းနှစ်ခန်းကို အစေခံများအား သန့်ရှင်းရေးလုပ်ရန် ခိုင်းစေခဲ့သည်။ ထို့နောက် အနီးရှိ အခန်းတစ်ခန်းကို သန့်ရှင်းရေးလုပ်ကာ စာကျက်ခန်းအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအခန်းထဲတွင် စာအုပ်များနှင့် လက်ပ်တော့များ အများအပြား စီစဉ်ပေးထားသည်။ သူမက ထိုအခန်းထဲတွင် ဂိမ်းစက်တစ်ခုကိုပင် အထူးတပ်ဆင်ပေးထားသည်။ 


ထို့နောက် သူမက အစေခံများအားလုံးစုစည်းစေပြီး ယင်းမင်ကျန်း နှင့် ရှုနဉ်တို့၏ ဓာတ်ပုံများကို ပြသကာ သခင်လေးအစစ်ကို သူတို့အားလုံး သေချာမှတ်မိစေခဲ့သည်။ သူတို့ အသေအချာပင် သူ့ကို လစ်လျူရှု၍ မရနိုင်ပေ။


ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်ရပ်များကို ဝေ့ရှီမင်း လျစ်လျူရှု မနေနိုင်ပေ။ မူလက "သူ ဂရုမစိုက်ဘူး"ဟု ဟန်ဆောင်ချင်ခဲ့သော်လည်း အခု သူ့အမူအရာက မည်းမှောင်နေပြီး တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်မိသည်။


ဝေ့သခင်မက ယင်းမင်ကျန်း၏ အဘိုးအဘွားများကိုပင် လာရောက်ရန်ဖိတ်ခေါ်ခဲ့သည်။ ယင်းမင်ကျန်း၏ အဘိုးအဘွားများဖြစ်သည့် ဝေ့ရှန်ဟယ့် နှင့် လီယုံးနာ့တို့ရှေ့တွင် ယင်းမင်ကျန်း၏ ကောင်းသတင်းများစွာကို ဝေ့သခင်မက ပြောပြခဲ့သော်လည်း ဝေ့ရှန်ဟယ့် နှင့် လီယုံးနာ့၏ အမူအရာများက စိတ်အားထက်သန်မှု များများစားစားမရှိပေ။ ဝေ့မိသားစုတွင် မြေးအများကြီးရှိနေပြီးဖြစ်၍ နောက်တစ်ယောက်ရှိလာလျှင်ပင် အထူးတလည် အရေးမကြီးပေ။ မိသားစု၏ဒုတိယအိမ်တော်ခွဲ နှင့် တတိယအိမ်တော်ခွဲတစ်ခုချင်းစီတွင်ပင် သားသမီးသုံးဦးရှိသည်။ တရားမဝင် ကလေး အရေအတွက်ကိုမူ မသိရသေးပေ။ ဝေ့ရှန်ဟယ့်နှင့် လီယုံးနာတို့တွင် အိမ်အပြင်၌ ကြီးပြင်းလာသည့်မြေးများ ချို့တဲ့မနေပေ။


ယင်းမင်ကျန်း၏ဖခင် ဝေ့ယွမ်နင်းတွင် သေဆုံးသွားသော ဇနီးဟောင်းနှင့် သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ သူ့တွင် တရားမ၀င်ကလေးနှစ်ယောက်လည်း ရှိသည်။ သူ့ကလေး အလဲခံလိုက်ရသည်ကို သိသောအခါ သူရွံရှာသွားခဲ့ပြီး ထိ ရွံရှာမှုအပြင် ထိုအရာက အနှောင့်အယှက်ကြီးကြီးမားမားတစ်ခုဟု သူခံစားခဲ့ရသည်။ယင်းမင်ကျန်းနှင့် ပတ်သက်သည့် သူ၏ ခံစားချက်ဆိုလျှင် တကယ်ကို ဘာမှ ပြောစရာမရှိပေ။ 


ဝေ့သခင်မ တစ်ဖြစ်လဲ စုမုလီကသာ သူမ၏သားပြန်လာခြင်းကို အမှန်တကယ်မျှော်လင့်နေသည့် တစ်ဦးတည်းသောသူဖြစ်၏။ အခြားလူများကမူ ထိုသို့မဟုတ်ကြပေ။


ဝေ့ရှီမင်းက ကျန်မိသားစုဝင်များ ဂရုမစိုက်ကြောင်း မြင်သောအခါ စိတ်သက်သာရာရသွားခဲ့ပြီး တွေးလိုက်သည်။

ချမ်းသာတဲ့ မိသားစုတွေက မင်းတို့တွေးထားသလောက်မရိုးရှင်းဘူး..အိမ်မက်သာ ဆက်မက်နေလိုက်ကြ…


ရက်အနည်းငယ်ကြာသောအခါ ရှုနဉ်နှင့် ယင်းမင်ကျန်းတို့က လေယာဉ်စိုက်သည်နှင့် သူတို့ခရီးဆောင်အိတ်များကို သယ်ကာ လူကိုယ်တိုင် လာရောက်ကြိုဆိုသည့် မဒမ်ဝေ့နှင့် တွေ့သွားကြသည်။ထို့နောက် မြို့ထဲရှိ ဝေ့မိသားစုအိမ်သို့ ပြန်လာခဲ့ကြသည်။


ဝေ့မိသားစုဝင်အားလုံးက ဗီလာတစ်ခုထဲတွင်သာ နေကြသော်လည်း အဓိကအဆောက်အဦးက ဝေ့ရှန်ဟယ့်နှင့်လီယုံးနာတို့နှင့်သာ သက်ဆိုင်သည်။ အခြား မိသားစုခွဲသုံးခုက အခြားအဆောက်အဦးများတွင် နေကြသည်။ သူတို့က နေ့တိုင်း အတူတူ မစားသောက်ဖြစ်ကြဘဲ သူတို့က ပိတ်ရက်များ၊အားလပ်ရက်များနှင့် ဝေ့ရှန်ဟယ့်ခေါ်သည့်အကြိမ်တိုင်းတွင်သာ စုဝေးတတ်ကြသည်။ ထိုသို့မဟုတ်ပါက သူတို့က သူတို့၏ ကိုယ်ပိုင်အိမ်ကြီးထဲတွင်သာ နေလေ့ရှိသည်။


ဝေ့သခင်မက ဝေ့ရှန်ဟယ့်ကို ကြိုတင်သတင်းပို့ထားသည်။သူက ကြိုဆိုသည့်ဧည့်ခံပွဲကို အထူးပြင်ဆင်ထားပြီး အခြားအိမ်တော်ခွဲနှစ်ခုကို ပင်မအဆောက်အဦးသို့ ညစာစားရန် ဖိတ်ကြားခဲ့သည်။ သူက သူတို့အား ယင်းမင်ကျန်းနှင့်တွေ့ဆုံပြီး သခင်လေးအစစ်က မည်သူဖြစ်သည်ကို သိစေချင်ခဲ့သည်။ သူမလည်း နည်းနည်းလောက် ကြွားဝါချင်သေးသည်။


ဝေ့ရှန်ဟယ့်ကလည်း သဘောတူခဲ့သည်။


ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ဗီလာသို့ရောက်သောအခါအိမ်တော်ထိန်းက အစေခံတစ်ဦးကို သူတို့နှစ်ယောက်အတွက် တာဝန်ပေးခဲ့သည်။ သူက ဝေ့မိသားစုအတွက် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။ သူနှင့်စုမုလီတို့က ဆွေမျိုးနီးစပ်တော်သောကြောင့် သူက အစေခံများအကြားတွင် အတော်လေး အဆင့်အတန်းမြင့်သည်။


 "မင်္ဂလာပါ သခင်လေး ၊ကျွန်မ နံမည်က ဟူမေ့ပါ...ကျွန်မ ဒီမှာ အလုပ်လုပ်နေတာ နှစ်အတော်ကြာပါပြီ...သခင်လေးတို့ရဲ့ လေယာဉ်ခရီးစဉ်က နောက်ကျနေတာကြောင့် ကျွန်မတို့ အချိန်တိုလေးပဲရတာမို့ သခင်လေးတို့နှစ်ယောက်လုံးရဲ့ အခမ်းအနားအစီအစဉ်တွေက်ို ကျွန်မစီစဉ်လိုက်ပါ့မယ်...”


အစေခံက ပြောသည်။


“သခင်လေးတို့နှစ်ယောက် အခန်းမှာ နာရီဝက်လောက် အနားယူလို့ရပါတယ်..လေးနာရီမှာတော့ ကျွန်မ ဗီလာတစ်ဝိုက် လိုက်ပြပေးပါ့မယ်…ဝေ့မိသားစုရဲ့ ရာဇဝင်နဲ့ ဝေ့မိသားစုဝင်တွေအကြောင်း ပြောပြပြီး အခြေခံကျင့်ဝတ်အချို့ကို သင်ပေးပါ့မယ်…ညနေငါးနာရီမှာ စတိုင်လစ်တစ်ယောက်ရောက်လာပြီး သခင်လေးတို့နှစ်ယောက်လုံးကိုအဆင်သင့်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်…တစ်နာရီလောက်ကြာပါမယ်…ပြင်ဆင်ပြီးတဲ့နောက်မှာတော့ ကျေးဇူးပြု၍ သခင်လေးတို့ရဲ့ အခန်းထဲမှာပဲနေပြီး ဘယ်နေရာကိုမှ လျှောက်မသွားပါနဲ့…ဒါက ဖြစ်လာနိုင်တဲ့ အမှားအယွင်းတွေကို တားဆီးဖို့ပါ…ခုနစ်နာရီမှာတော့ ကျွန်မ သခင်လေးတို့နှစ်ယောက် ဧည့်ခံပွဲအတွက် ပင်မခန်းမကို လိုက်ပို့ပေးပါ့မယ်..." 


ရှုနဉ် လုံးဝ အံသြသွားသည်။ 

သေစမ်း အရမ်းစည်းကမ်းတင်းကျပ်တဲ့ ကုမ္ပဏီကိုရောက်သွားသလိုမျိုး ခံစားနေရတယ်…


ဒါက ချမ်းသာတဲ့ မိသားစုတွေရဲ့ ပုံစံလား…ဘယ်ကိုသွားမလဲ၊ ဘာစားမလဲ၊ ဘာလုပ်ရမယ်ဆိုတာကိုပါ စီစဉ်ထားရတာလား….


ယင်းမင်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 


ဗီလိန်လေး မပျော်ရွှင်သည်ကို ရှုနဉ်သတိထားမိလိုက်သည်။ ရှုနဉ်က သူ့လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး မေးလိုက်သည်။


" ကျွန်တော်တို့အတွက် နေ့တိုင်း ဒီလို အစီအစဉ် ရှိနေမှာလား…”

နေ့တိုင်းဒီလိုသာဖြစ်နေရင်တော့ တကယ့်ကို သည်းမခံနိုင်စရာပဲ…


ထိုသို့သောဘဝမျိုးက အသက်ရှင်ရကျိုးနပ်မည်မဟုတ်ပေ။ 


ဟူမေ့က ခေါင်းခါပြလိုက်သည်။ 

"သခင်လေးတို့ နှစ်ယောက်လုံး စိတ်ရှုပ်နေဖို့ မလိုပါဘူး... များသောအားဖြင့်တော့ ဒီလိုမျိုး မဟုတ်ဘူး…သခင်လေးတို့နှစ်ယောက်က အခုမှ စရောက်တာဆိုတော့ ဒီနေ့ညမှာ လူတိုင်းနဲ့ တရားဝင် မိတ်ဆက်ဖို့ လိုလို့ပါ…ဒါ့ကြောင့်ပဲ သခင်မက ဒီလိုမျိုး စီစဉ်ပေးတာပါ…”


ယင်းမင်ကျန်းက ပြုံးလိုက်သည်။ 

"ငါတို့က အရှက်ရအောင်လုပ်မိမှာ ကြောက်လို့လား...”


ဟူမေ့ ခဏခန့် အံ့အားသင့်သွားပြီးနောက် အနည်းငယ် ဦးညွတ်လိုက်သည်။ 

"မဟုတ်ပါဘူး သခင်လေး မင်ကျန်း၊ မဒမ်က သခင်လေးကို အရမ်းသဘောကျပါတယ်..တခြားသူတွေလည်း သဘောကျလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်…”


ရှုနဉ်က ယင်းမင်ကျန်း၏ ပခုံးကို ပုတ်လိုက်သည်။ 

"ရောမရောက်ရင် ရောမလိုကျင့်…”


ယင်းမင်ကျန်းက ရှုနဉ်ကို ခဏလောက် လှည့်ကြည့်လိုက်ပြီးနောက် ဟူမေ့ကို ပြောလိုက်သည်။

 "ငါတို့ တစ်နာရီလောက် အနားယူမယ်…”


ဟူမေ့က မျက်မှောင်ကြုတ်လိုက်သည်။ 

"ဒါပေမယ့်... ကျွန်မက သခင်လေးတို့ကို လေးနာရီလောက်မှာ လှည့်ပတ်ပြရမယ့်..."


 "မလိုပါဘူး ပြီးတော့ …" 

ယင်းမင်ကျန်းက သူမကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ နက်မှောင်လာသည်။ 


"ညစာစားပွဲက ခုနစ်နာရီမှ အခုက သုံးနာရီခွဲပဲရှိသေးတယ်...ငါတို့ အချိန်တွေ အများကြီးကျန်သေးတယ် မဟုတ်ဘူးလား…" 


မူလက ဟူမေ့က သူတို့နှစ်ဦးအား သူ၏အစီအစဉ်များအတိုင်းလိုက်လုပ်ရန် တွန်းအားပေးချင်ခဲ့သော်လည်း ယင်းမင်ကျန်း၏စူးရှသော အကြည့်ကို တွေ့လိုက်သောအခါ သူ၏နှလုံးသားက ရုတ်တရက် အေးစက်သွားသည်။ တချို့သောအကြောင်းပြချက်များကြောင့် သူ့ကို ငြင်းဆိုရန် မဝံ့ရဲခဲ့ပေ။


“ကောင်းပါပြီ သခင်လေးတို့နှစ်ယောက် အဆင်ပြေသလို လုပ်ကြပါ…”

ဟူမေ့က နောက်ဆုတ်ပေးလိုက်သည်။


ယင်းမင်ကျန်းက ဆက်ပြောသည်။

“နောက်တစ်နာရီအတွင်း ငါတို့ကို ဘယ်သူမှ လာမနှောင့်ယှက်ပါစေနဲ့…”


ဟူမေ့က ခဏမျှ ထိတ်လန့်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့…”


ရှုနဉ်နှင့်ယင်းမင်ကျန်းတို့ကို အခန်းအသစ်သို့ ပို့ဆောင်ပေးပြီးနောက် ဟူမေ့လှည့်၍ ထွက်သွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သခင်လေးယင်းမင်ကျန်းက သေချာပေါက် ဘဝင်မြင့်နေတာပဲ…


သခင်လေးအသစ်၏ ငြင်းဆန်မှုကိုခံရပြီးနောက် ဟူမေ့ စိတ်ပျက်သွားသည်။


ဝေ့မိသားစုတွင် သားသမီးများနှင့် မြေးများ အများအပြား ရှိသည်။


သူက တကယ်ကြီး သူ့ကိုယ်သူ ရွှေဖီးနစ်လို့များ ထင်နေတာလား….


သူ့မျက်နှာတွင် ရုပ်ဆိုးသောအမူအရာဖြင့် အောက်ထပ်သို့ ဆင်းလာသောအခါ ပြန်ရောက်လာသည့် ဝေ့ရှီမင်းကို တွေ့လိုက်ရသည်။ 


သူက ကမန်းကတန်းခေါင်းငုံ့ကာ သူ့ကိုနှုတ်ဆက်သည်။

“သခင်လေး”


 "အန်တီမေ့" 

ဝေ့ရှီမင်းက လက်ကိုမြှောက်ကာ နှုတ်ဆက်သည်။ 


ဟူမေ့လည်း ချက်ချင်းပင် ပျော်ရွှင်သွားသည် ။ သူက ဝေ့ရှီမင်းကို အချိန်အတော်ကြာ စောင့်ရှောက်ပေးခဲ့ပြီး ဝေ့ရှီမင်းကလည်း သူ့အပေါ် အလွန်ယဉ်ကျေးသည်။ သူ၏ နှလုံးသားက ဝေ့ရှီမင်းဘက်တွင်သာ ရှိသည်မှာ သဘာဝကျပေသည်။


မည်သူကမှ ထုတ်မပြောသော်လည်း ယင်းမင်ကျန်းပြန်လာသည့် ကိစ္စအတွက် အနာကျင်ရဆုံးသောသူမှာ ဝေ့ရှီမင်းသာဖြစ်ကြောင်း လူတိုင်း၏ နှလုံးသားထဲတွင် သိနေပြီးဖြစ်သည်။


ယင်းမင်ကျန်းက ယခုမှ ပြန်ရောက်လာခြင်းဖြစ်သော်လည်း သူမကို မနာခံပေ။ ထို့အပြင် သူမက ဝေ့သခင်မ ညွှန်ကြားသည့်အတိုင်း လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ယောက်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဝေ့ရှီမင်းက ပိုပြီး သနားစရာ ချစ်စရာ ကောင်းနေသည်။


“ကျွန်တော့်အစ်ကို ပြန်ရောက်နေပြီကြားလို့ ကျွန်တော် သူ့ကိုတွေ့ဖို့လာတာ….”

ဝေ့ရှီမင်းက ပြောလိုက်သည်။


“ဟုတ်ပါတယ်…သခင်လေးမင်ကျန်း ပြန်ရောက်နေပါပြီ…သူနဲ့အတူတူ ရှုနဉ်လို့ခေါ်တဲ့ သခင်လေးတစ်ယောက်ကိုလဲ ခေါ်လာပါသေးတယ်…”

ဝေ့ရှီမင်း အံ့အားသင့်သွားသည်။


“သူနဲ့အတူတူ တစ်ယောက်ယောက်ကိုပါ ခေါ်လာသေးတာလား…”

ဟူမေ့က ခေါင်းညိတ်ပြလိုက်သည်။ အသစ်ရောက်လာသည့် သခင်လေးက သူမ ပြောသည်ကို မနာခံသည့်အပြင် လူတစ်ယောက်ကိုပါ ခေါ်လာသေးသည်။


ဒါက တကယ်တော့ နည်းနည်း …


ဟမ့်….သူ့အဘိုးအဖွားတွေက ဒီဟာကို သေချာပေါက် သဘောမကျလောက်ဘူး…


“ဟုတ်ကဲ့...”


“ကျွန်တော် အစ်ကို့ဆီကို အလည်သွားဦးမယ်…”

ဟူမေ့က ယင်းမင်ကျန်းမှာထားသည်ကို သတိရသွားပြီး ပြောလိုက်သည်။


“သခင်လေး မင်ကျန်းက သူ့ကို ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ပြောထားတယ်…”

ဝေ့ရှီမင်းက ပြုံးပြီးပြောလိုက်သည်။


“ကျွန်တော်သာဆိုရင် ဘာပြသနာမှ ရှိမှာမဟုတ်ပါဘူး…”

ထို့နောက် သူက လှေကားပေါ်သို့ ဆက် တက်သွားသည်။


အခန်းထဲတွင် စိတ်ရှုပ်ထွေးနေသည့် ရှုနဉ်က ယင်းမင်ကျန်းကို မေးလိုက်သည်။

“မင်းဘာလို့ ငါတို့တစ်နာရီအနားယူဖို့လိုတယ်လို့ ပြောလိုက်တာလဲ…”


ယင်းမင်ကျန်းက ဖြေလိုက်သည်။

“မင်းမနေ့ညကလဲ ကောင်းကောင်းမအိပ်ရဘူး..ဒီနေ့လည်း အဝေးကြီး ခရီးသွားရသေးတယ်…ခဏလောက်တော့ အနားယူရမယ်လေ…”


အကြောင်းပြချက်က သူဖြစ်နေမည်ဟု ရှုနဉ် မမျှော်လင့်ခဲ့မိ၍ အမြန်ခေါင်းခါပြီး ပြောလိုက်သည်။

“မလိုပါဘူး ငါ မပင်ပန်းဘူး…”


ယင်းမင်ကျန်းက ခုတင်ဘက်သို့ လျှောက်သွားလိုက်ပြီး စောင်ကို မလိုက်သည်။ သူက အိပ်ရာပေါ်မှ ခေါင်းညိတ်ခေါ်လိုက်သည်။


“အိပ်ကြရအောင်….”

ယင်းမင်ကျန်းက ဆုံးဖြတ်ချက်ချပြီးသည်နှင့် ငြင်းဆိုခြင်းကို လက်မခံတတ်ပေ။


သူ၏ ခိုင်မာသည့် သဘောထားကို ကြည့်ရသည်က ရှုနဉ်စကားအများကြီးပြောလျှင်ပင် အသုံးမဝင်လောက်သည်ကို သိပြီးနောက် သူလည်း အိပ်ရာဆီသို့ သွားလိုက်ရသည်။ သူ့ဖိနပ်ကိုချွတ်ပြီးနောက် အိပ်ယာပေါ်သို့တက်လိုက်ကာ ခဏခန့် တွေဝေပြီး ပြောလိုက်သည်။

“ငါတို့က အခုမှဒီကိုရောက်တာဆိုတော့ ဘယ်သူ့ကိုမှ မဆန့်ကျင်တာကောင်းမယ်ထင်တယ်..ခုနက အစေခံကိုကြည့်ရတာ အရမ်းပျော်နေပုံမရဘူး…”


“သူက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ...”

ယင်းမင်ကျန်းက သူ့ကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


“အမေက ငါတို့နှစ်ယောက်စလုံးကို လေးစားပါ့မယ်လို့ ကတိပေးထားတယ်လေ…”

ရှုနဉ်က သူ့ကို ဘာပြန်ပြောရမည်ဆိုမည် မသိတော့ပေ။ ဗီလိန်လေးက အမြဲတမ်း ထိုသို့သာ ဖြစ်သောကြောင့် သူဘာမှ ဆက်မပြောတော့ပေ။


ရှုနဉ် အနည်းငယ် အိပ်ငိုက်လာသည်။ သူချူကျိုးမှထွက်လာပြီး ဝေ့မိသားစုတွင်နေရမည့်အကြောင်းကို တွေးမိတိုင်း စိတ်ရှုပ်လာသောကြောင့် ယမန်နေ့ညက အိပ်မပျော်ခဲ့ခြင်းဖြစ်သည်။


သူ့မျက်လုံးများကိုမှိတ်လိုက်သည်နှင့် တံခါးခေါက်သံကြားလိုက်ရသည်။


ယင်းမင်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ရှုနဉ်က အလျင်စလို အိပ်ယာပေါ်မှထရန် လုပ်လိုက်သော်လည်း ယင်းမင်ကျန်းက သူ့ကို ဆွဲလှဲလိုက်သည်။ ထို့နောက် သူက တံခါးစီသို့လျှောက်သွားပြီး အေးစက်စွာမေးလိုက်သည်။

“ဘယ်သူလဲ…”


တံခါးတစ်ဖက်ခြမ်းမှ ကောင်လေး၏ အသံ ထွက်လာသည်။

“ကျွန်တော် ဝေ့ရှီမင်းပါ၊ ကျွန်တော်နှုတ်ဆက်ဖို့လာတာပါ…”


ဝေ့ရှီမင်းလား…


“အရေးပါသောပုဂ္ဂိုလ်ရဲ့ အချစ်ဦး : လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့ အရူးအမူးချစ်ခြင်း...” ဟူသည့် ဝတ္ထုမှ အမျိုးသားဇာတ်ဆောင်..