အပိုင်း ၇၂
Viewers 10k

Chapter 72

ဝေ့မိသားစု



“အရေးပါသောပုဂ္ဂိုလ်ရဲ့ အချစ်ဦး : လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့ အရူးအမူးချစ်ခြင်း...” ဟူသည့် ဝတ္ထုမှ အမျိုးသားဇာတ်ဆောင်..


ကျိုးကျွမ်နဲ့ ယင်းချန်းတို့ရဲ့သားအရင်း၊သခင်လေးအတုလား…


ရှုနဉ်က ချက်ချင်းထထိုင်ကာ အိပ်ယာမှ ထလိုက်သည်။ သူက ဇာတ်လိုက်ကို သူ့မျက်လုံးများဖြင့် တွေ့ချင်သည်။ 


"ငါတို့အိပ်တော့မလို့ မင်းသွားလို့ရပြီ…”


ယင်းမင်ကျန်းက တံခါးကို ဖွင့်မပေးဘဲ ပြောလိုက်သည် ။သူက ရိုးရိုးလေးပင် အိပ်ရာဆီသို့ပြန်သွားပြီး ဖိနပ်ကိုချွတ်ကာ ရှုနဉ်ကြောင့် နွေးနွေးထွေးထွေးဖြစ်နေသည့် ကုတင်ပေါ်သို့ တက်လိုက်သည်။ 


ရှုနဉ် "..." 


သူ မနေနိုင်ဘဲ တံခါးကို တစ်ချက်ကြည့်လိုက်သည်။ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။ 


ဒါက ….. 


ဒါက ဝေ့ရှီမင်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာလို့ ယူဆနိုင်လောက်လား…


ဗီလိန်လေး၏ လူများကို ဆန့်ကျင်နိုင်သည့်စွမ်းရည်က တစ်နေ့ထပ်တစ်နေ့ ပိုကောင်းလာသည်။ 


ရှုနဉ် သက်ပြင်းချလိုက်သည်။


သို့သော်လည်း ကျိုးကျွမ်နှင့် ယင်းချန်းတို့၏လက်တွင် ဗီလိန်လေး မည်သို့နေထိုင်ခဲ့ရသည်ကို တွေးမိသောအခါ သူ ဝေ့ရှီမင်းကို သဘောမကျခြင်းက ပုံမှန်သာဖြစ်သည်။ထိုကဲ့သို့ ပြုမူလိုက်ခြင်းက အံ့ဩစရာမရှိပေ။


အိုး ကောင်းပြီလေ မင်း ဆန့်ကျင်ချင်တယ်ဆိုရင်လဲ လုပ်သာလုပ်လိုက်တော့….


ရှုနဉ်က အိပ်ရာပေါ်သို့ လှဲလိုက်ပြီး ယင်းမင်ကျန်းနှင့် အတူ အိပ်လိုက်သည်။


အခန်းအပြင်ဘက်တွင် ရပ်နေသည့် ဝေ့ရှီမင်း၏ မျက်နှာအမူအရာက သုန်မှုန်မှောင်မိုက်နေသည်။


သူက စိတ်ဆန္ဒကောင်းကို ဖော်ပြချင်ခဲ့သော်လည်း သူတို့ကတော့ တံခါးပင် ဖွင့်မပေးခဲ့ပေ။


ဘဝတစ်လျှောက်လုံး ဖူးဖူးမှုတ်အလိုလိုက်ခံထားရသည့်သူက နှိုင်းစရာမရှိလောက်အောင် ဒေါသထွက်လာသည်။ယခင်က သူ ယင်းမင်ကျန်းနှင့် ဆက်ဆံရေးကောင်းရန် စိတ်ကူးထားခဲ့သည်။ ယင်းမင်ကျန်းက သူ့ထံမှအရာအားလုံးကို ယူဆောင်သွားမည့်သူဖြစ်မည်ကို သူသိသော်လည်း သူက ထိုနှစ်များတွင် ယင်းမင်ကျန်း၏နေရာကို ယူထားခဲ့မိခြင်းအတွက် အပြစ်ရှိသလို ခံစားနေရသည်။ထို့ကြောင့် ယင်းမင်ကျန်းနှင့် အဆင်ပြေပြေနေရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းမင်ကျန်း ပြန်ရောက်လာသည်နှင့် နှုတ်ဆက်ရန် လာခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ယင်းမင်ကျန်းက သူ့ကို အမှန်တကယ်ပင် တံခါးဖွင့်မပေးခဲ့ပေ။


၎င်းက ဒေါသထွက်စရာကိစ္စဖြစ်သည်။


သူက စစ်ကြော်ညာချင်နေတာလား…


ထိုအရာက သူ့သဘောထားဖြစ်ပါက သူတို့နှစ်ယောက် သင့်မြတ်ရန် မဖြစ်နိုင်တော့သည်မှာ ပြောစရာမလိုချေ။ 


ဝေ့ရှီမင်း၏ မျက်ဝန်းများထဲတွင် မှောင်မိုက်သည့် အလင်းရောင်တစ်ခု လက်သွားသည်။ သင့်မြတ်ရန်မဖြစ်နိုင်တော့သောကြောင့် ဝေ့ရှီမင်းက ထိုနေရာတွင် တွယ်ကပ်မနေတော့ဘဲ သူလှည့်ထွက်လာခဲ့သည်။ 


မြေညီထပ်သို့ရောက်သည်နှင့် ဟူမေ့စောင့်နေသည်ကိုတွေ့လိုက်ရသည်။ 


ဟူမေ့က မေးလိုက်သည်။ 

"မင်္ဂလာပါလို့ ပြောခဲ့တာလား…”


ဝေ့ရှီမင်း ခေါင်းယမ်းလိုက်သည်။

"သူက တံခါးမဖွင့်ပေးဘူး…”


ထိုသို့ ကြားလိုက်သည်နှင့် ဟူမေ့ အနည်းငယ် ဒေါသထွက်သွားသည်။ 

"သခင်လေးမင်ကျန်းက အရမ်းရိုင်းတာပဲ…”


သူက သူမအပေါ် ရိုင်းစိုင်းရုံသာမက သခင်လေးကိုလည်း ရိုင်းစိုင်း၍ အမှန်တကယ် လွန်လွန်းလှသည်။


“မင်ကျန်းက အခုမှပြန်ရောက်လာတာဆိုတော့ သူ နားမလည်တဲ့ကိစ္စတွေ အများကြီးရှိနေသေးတယ်…အန်တီမေ့ သူ့ကို ဝေ့မိသားစုအကြောင်း အကုန်လုံး ပြောပြသင့်တယ်၊ဒါမှ သူ ညစာစားပွဲတက်တဲ့အချိန်မှာ အမှားတွေ မလုပ်မိမှာလေ…”

ဝေ့ရှီမင်းကပြောလိုက်သည်။


ဟူမေ့လည်း ခဏမျှ အံဩသွားပြီးနောက် သူဘာကိုဆိုလိုသည်ကို နားလည်သွားပြီး ပြန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး…”


တစ်နာရီခန့် အနားယူလိုက်ရသည်က လုံလောက်သည်ထက်ပင် ပိုနေသေး၍ ရှုနဉ် လန်းဆန်းတက်ကြွစွာနိုးလာသည်။


ဟူမေ့က သူတို့ဆီသို့ အချိန်မှန်ရောက်လာပြီး သူတို့ကို ဗီလာတလျှောက် ဦးဆောင်ခေါ်သွားပေးသည်။ သူတို့ ဟိုဟိုသည်သည် အကြိမ်များစွာ လှည့်ပတ်ကြည့်ရှုကြပြီး ရှုနဉ် မူးဝေလာသည်။


အချိန်ကျသည်နှင့် ဟူမေ့က သူတို့ကို ဝေ့မိသားစုရာဇဝင်နှင့် အလေ့အထများကို သင်ကြားပေးသည်။ ရှုနဉ် ဂရုတစိုက်နားထောင်နေသော်လည်း ဖြည်းဖြည်းချင်း တစ်ခုခုမှားနေသည်ကို သူသဘောပေါက်လာသည်။


ဟူမေ့က အလွန်တရာ ဝတ်ကျေတန်းကျေနိုင်ပြီးစကားပြောသည်ကလည်း အလွန်မြန်သည်။ သူက ဝေ့မိသားစုဝင်များ၊ တည်နေရာများ၊ ကုမ္ပဏီများ၊ အားလပ်ရက်များ၊ တားမြစ်ချက်များ အစရှိသည်တို့ကို အဆက်မပြတ် ပြောနေသည်။ သူက အခြားသူများကို ဂရုမစိုက်ဘဲ တရစပ်ပြောနေ၏။ 


ရှုနဉ်က မူရင်းဝတ္ထုကိုဖတ်ပြီး ဝေ့မိသားစုအကြောင်းကို ကြိုလေ့လာထားခဲ့သော်လည်း အခက်တွေ့နေရဆဲဖြစ်ကြောင်း သူသိသွားသည်။ သူ ပြောခဲ့သည့် စကားအချို့ကို မှတ်မိနိုင်သော်လည်း အခြားအရာများစွာကိုမူ သူမေ့သွားသည်။


တစ်ခါတစ်ရံ စကားအလွန်အကျွံပြောခြင်းက ဘာမှမပြောသည်နှင့် အတူတူပင်။ 


ရှုနဉ်က ငတုံးမဟုတ်ပေ။

 “အန်တီမေ့ ကျွန်တော်တို့က ဒီကို ရောက်နေတာပဲ၊ အဲဒါတွေ အားလုံးကို အလွတ်ကျက်ဖို့ လိုလို့လား...မလိုလောက်ဘူးလား…” 


အသစ်ရောက်လာသည့် သခင်လေးအတွက် အရေးကြီးဆုံးက အရေးကြီးသည့်လူများနှင့် ရင်းနှီးရန် ဖြစ်သည်။ အခြားသော အထွေထွေအကြောင်းအရာများအားလုံးကို သိရှိရန်က စောင့်ဆိုင်းနိုင်သည်။ အလွန်အကျွံပြောခြင်းက အရေးကြီးသော အချက်အလက်များကိုသိရှိရန် နှောင့်ယှက်ရာ ရောက်နေသည်။ ဝေ့သခင်မက သူတို့ကို တမင်တကာ ဒုက္ခပေးရန်ကြိုးစားမည်ဟု ရှုနဉ် မထင်မိပေ။ ဟူမေ့ကသာ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် သူကိုယ်တိုင် လုပ်ခြင်းဖြစ်လိမ့်မည်။


ယင်းမင်ကျန်းနှင့် ထိုနေရာသို့ လိုက်လာခဲ့သည့်အချိန်မှစ၍ ရှုနဉ်က သူ့နောက်လိုက်လေးနေရာမှ သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ယင်းမင်ကျန်း ထုတ်မပြောနိုင်သည့် အရာအားလုံးကို ရှုနဉ်က သူ့ကိုယ်စား ပြောပေးမည်ဖြစ်သည်။


အခြားသူများကို စော်ကားရမည့်အလုပ်ကိုလည်း ရှုနဉ်က တာဝန်ယူပေးမည် ဖြစ်သည်။


ရှုနဉ်ပြောလိုက်သည်ကို ကြားသည်နှင့် ဟူမေ့က အကူအညီမဲ့သလို ပြောလာသည်။


 "သခင်လေး ဒါက မဒမ်ရဲ့ အမိန့်ပါ…မဒမ်က ဝေ့မိသားစုအကြောင်း သခင်လေးတို့ကို သင်ပေးခိုင်းတာဆိုတော့ ကျွန်မက တတ်နိုင်သလောက်အကောင်းဆုံး လုပ်ပေးတာပါ…ကျေးဇူးပြုပြီး ကျွန်မပြောခဲ့သမျှအားလုံးကို မှတ်မိအောင် အလွတ်မှတ်ပေးပါ…" 

သူမ ခဏရပ်လိုက်သည်။


 "ဝေ့မိသားစုရဲ့ သခင်လေးတွေ အားလုံးက အရမ်းထက်မြက်ကြတယ်….သူတို့က တစ်ကြိမ်ကြားလိုက်ရုံနဲ့ အကုန်လုံးကို မှတ်မိနိုင်ကြတယ်...”


ရှုနဉ်က ဒေါသတကြီး ထရယ်လုနီးပါးပင်။ 

အကုန်လုံးကို အလွတ်မမှတ်နိုင်ရင် သူက "မထက်မြက်ဘူး”ပေါ့….


သူက ဟမ့်ဟု ဖြေလိုက်သည်။

 "ကျွန်တော်က ဝေ့မိသားစုရဲ့ သခင်လေးမဟုတ်ဘူးလေ…ပြီးတော့ ကျွန်တော်က လုံးဝဉာဏ်မကောင်းဘူး…ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ရှင်းရှင်းလင်းလင်းပြောပြပါဦး…”


ဟူမေ့၏အမူအရာက ပြောင်းလဲခြင်းမရှိပေ။ 

"သခင်လေးတို့ ကြိုက်သလောက် အကြိမ်ပေါင်းများစွာ ထပ်ပြောပြလို့ရပါတယ်…ဒါပေမယ့် ဒါက သခင်လေးတို့ရဲ့ ပြင်ဆင်မှုကို နှောင့်နှေးစေမယ်ဆိုရင်တော့ မကောင်းဘူးပေါ့…သခင်လေးကရော ဆက်ပြောစေချင်သေးလို့လား…”


ရှုနဉ် သုန်မှုန်သွားသည်။

သေစမ်း သူက ဒီကဒ်ကို ထုတ်သုံးလိုက်တာပဲ...


ယင်းမင်ကျန်းက လက်ခုပ်တီးပြီး ဟူမေ့ကိုပြောလိုက်သည်။

 "ငါ အကုန်မှတ်မိတယ်…ခင်ဗျားမှာပြောစရာရှိသေးလား…မရှိရင် စတိုင်လစ်ကို လာခိုင်းလိုက်ပါ…”


ဟူမေ့က မယုံကြည်ခဲ့ပေ။ 

"သခင်လေးမင်ကျန်းက အဲဒါကို အကုန်မှတ်မိတာလား…”


ယင်းမင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။ 


ရှုနဉ်က သက်ပြင်းချလိုက်ပြီးနောက် ပြုံးပြီးပြောလိုက်သည်။

"ယင်းမင်ကျန်းက တစ်ကြိမ်ကြားလိုက်ရုံနဲ့တင် ဘာမဆို မှတ်မိနိုင်တယ်လေ…သူ့ရဲ့မှတ်ဉာဏ်က အရမ်းအံ့ဩစရာကောင်းတယ်…”


ဟူမေ့က မယုံသေးပေ။

 "ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ…ကျေးဇူးပြုပြီး ပွဲအတွင်းမှာ အမှားအယွင်းတွေ မလုပ်မိပါစေနဲ့…”


သူက ထိုနေရာမှ ထွက်သွားရန် မစောင့်နိုင်တော့ပေ။အပေါ်ထပ်ရှိ စတိုင်လစ်ကိုခေါ်ပြီး ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ကို အဆင်သင့်ပြင်ပေးရန် ပြောခဲ့သည်။


သူ ထွက်သွားတော့မည့်ပုံပင်။ 


“အိုး ဟုတ်သားပဲ…”

ယင်းမင်ကျန်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမကို ရပ်ခိုင်းလိုက်သည်။ 

"ဟူမေ့ ခဏနေပါဦး…”


ဟူမေ့က အံ့သြစွာ ပြန်ကြည့်လာသည်။ 


ယင်းမင်ကျန်းက ဟူမေ့ကိုပြောလိုက်သည်။

 "အမေက ဝေ့မိသားစုအကြောင်း ခင်ဗျားကိုသင်ပေးခိုင်းတာပေါ့ ဟုတ်တယ်မဟုတ်လား…”


ဟူမေ့က ခေါင်းညိတ်လိုက်သည်။ 


ယင်းမင်ကျန်းကကောင်တာနောက်ရှိ နေရာကို ညွှန်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


"ရှုနဉ်က အခု ပြောခဲ့တာတွေကို မမှတ်မိတော့ဘူး… အဲဒီမှာ ရပ်ပြီး သူ့အတွက် ထပ်ပြီးပြောပြပေးလိုက်ပါလား…သူ မှတ်မိပြီဆိုတာနဲ့ သွားလို့ရပါပြီ…”


ယင်းမင်ကျန်းက ကုလားထိုင်တွင် ထိုင်လိုက်ပြီး စတိုင်လစ်က ယင်းမင်ကျန်း၏ ဆံပင်ကို အသွင်အပြင် တစ်ချက်မှ မပြောင်းစေဘဲ(မညှပ်ဘဲ) ပြင်ဆင်ပေးနေပြိီး ဘာမှ မကြားသလို ပြုမူနေသည်။ သူ ပြောသည်ကို ကြားသည်နှင့် ရှုနဉ်က တခြားထိုင်ခုံတွင် ဝမ်းသာအားရ ဝင်ထိုင်လိုက်သည်။ ရှုနဉ်က ရိုင်းစိုင်းသည့် မြေခွေးကလေးနှင့်ပင်တူပြီး ဟူမေ့ကို အောင်ပွဲခံသလိုပြောလိုက်သည်။


 "ထပ်ပြောပြပါ ထပ်ပြောပြပါ ကျွန်တော်က တကယ် တုံးလို့ နောက်ထပ်အကြိမ်ကြိမ်အခါခါ ထပ်ပြောပြသင့်တယ်…”


ဟူမေ့၏မျက်နှာက ဖြည်းဖြည်းချင်း စိမ်းလာသော်လည်း အမိန့်က အမိန့်သာဖြစ်သည်။ သူမ ထောင့်တွင် တုံ့ဆိုင်းစွာဖြင့် ရပ်လိုက်ပြီး ဝေ့မိသားစုဝင်များအကြောင်းနှင့် အခြားအကြောင်းအရာများစွာကို ရွတ်ဆိုပြနေသည်။ တဖြည်းဖြည်းနှင့် သူမ ပိုပိုပြီး ဒေါသထွက်လာသည်။


ယင်းမင်ကျန်းက ယခုမှ ပြန်လာသော်လည်း သူမကို မလေးမစားပြုပြီး သခင်လေး ဝေ့ရှီမင်းကိုပင် မလေးစားခဲ့ပေ။


အခု ငါ့ကို ခက်ခဲအောင် တမင်တကာ လုပ်ဖို့ ကြိုးစားနေတာလား…


ငါ့ကို ထပ်ပြောပြစေချင်တာလား...ကောင်းပြီလေ ငါ သေသေချာချာလေး ‌ ပြောပြပေးလိုက်မယ်…


ဟူမေ့က သူ့နှလုံးသားထဲတွင် ဒေါသထွက်လာသကဲ့သို့ ခံစားရသောကြောင့် အဓိပ္ပါယ်မရှိသည့်အရာများကို အဆက်မပြတ် ရွတ်ပြလိုက်သည်။ သူမက မမှန်ကန်သည့် အချက်အလက်များစွာကို တမင်တကာ ပြောပြခဲ့သည်။ ပွဲကျင်းပနေစဉ်အတွင်း သူတို့နှစ်ယောက် ငတုံးကဲ့သို့ ပြုမူမိမည်ကို သူ မစောင့်နိုင်တော့ပေ။


 "ရပ်လိုက်ပါ..." 

ယင်းမင်ကျန်းက ရုတ်တရက် သူမကို နှောင့်ယှက်လိုက်သည်။ 


ဟူမေ့က မျက်ခုံးပင့်လိုက်သည်။

 "သခင်လေးမင်ကျန်း…"


“ဒုတိယအိမ်တော်ခွဲမှာ သားသမီးသုံးယောက်ရှိတယ်ဆိုတာ ငါ မှတ်မိတယ်…အကြီးဆုံးသားက ဝေ့ရော့ဖန်လို့ခေါ်ပြီး ဒုတိယသားက ဝေ့ရော့ယန် လို့ခေါ်တယ်…. ခင်ဗျားသူတို့နာမည်တွေကိုရောပလိုက်တာ မယုံနိုင်စရာပဲ…ဝေ့မိသားစုမှာရော ဆက်နေချင်သေးရဲ့လား…”

ဟူမေ့ အံ့ဩသွားသည်။


ယခု သူက အမှားတစ်ဝက် အမှန်တစ်ဝက်အများကြီး ပြောခဲ့သည်။ သူမက ယင်းမင်ကျန်းနှင့် ရှုနဉ်ကို ရောထွေးစေရန် ကြိုးစားခဲ့သော်လည်း ယင်းမင်ကျန်းက သူမ၏အမှားများကို ထောက်ပြမည်ဟု မမျှော်လင့်ခဲ့ပေ။ 

“ပြီးတော့ ဒုတိယအိမ်တော်ခွဲနဲ့ တတိယအိမ်တော်ခွဲတို့ တည်ရှိမှုကိုတောင် ရောပြီးပြောဖို့ စီစဉ်ခဲ့သေးတယ်... ဘယ်လိုလုပ်ပြီး ဒီမှာ အစေခံဖြစ်လာတာလဲ…”


"အဘိုးက နံနံပင်ကို အမုန်းဆုံးပဲ၊ ဒါပေမယ့် အကြိုက်ဆုံးလို့ ခင်ဗျားပြောလိုက်တယ်… ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ…”


ယင်းမင်ကျန်း၏ အသံက တည်ငြိမ်ပြီး ဦးတည်ချက်ရှိသည်။ သူက သူတို့အတွက် ဟူမေ့ချထားသော ထောင်ချောက်တိုင်းကို သေသေချာချာ ထောက်ပြသည်။ ဟူမေ့ ၏နဖူးတွင် ချွေးစေးများ ထွက်လာသည်။


အစောပိုင်းတွင် ယင်းမင်ကျန်းက တစ်ကြိမ်တည်းနှင့် ဘာကိုမဆို မှတ်မိနိုင်သည်ဟု ရှုနဉ်က ပြောခဲ့သည်။ သူက ထိုအရာကို အလိမ်အညာဟုသာ ရိုးရိုးရှင်းရှင်း တွေးလိုက်မိပြီး အမှန်တကယ်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။


ထိုကဲ့သို့သော အမှန်တစ်ဝက်ပြောဆိုခြင်းမျိုးက ထောက်လှမ်းမိနိုင်ရန် ခက်ခဲသည်။ သို့သော်လည်း ယင်းမင်ကျန်းက ဖော်ထုတ်နိုင်ခဲ့သည်။


ယင်းမင်ကျန်းပြောသည်ကို ကြားလိုက်သည်နှင့် ရှုနဉ် ထိတ်လန့်သွားသည်။

သေစမ်း…ဟူမေ့က တကယ့်ကိုယုတ်မာတာပဲ…


သူတို့သာ ဟူမေ့ပြောသကဲ့သို့ အကုန်လုံးမှတ်ထားလိုက်မည်ဆိုပါက လူအများကို ဒေါသထွက်စေပြီး ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်နေပေလိမ့်မည်။


ထိုအရာက အမှန်ပင် ရယ်စရာကောင်းလွန်းလှသည်။


ယင်းမင်ကျန်းက ယခုမှ ပြန်ရောက်လာခြင်းဖြစ်ပြီး သူလုပ်ခဲ့သမျှက အချိန်ပိုနားရန် မေးခဲ့ခြင်းတစ်ခုသာ ဖြစ်သည်။


ဒီအမျိုးသမီးက သူတို့ကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ…


စိတ်ပျက်စရာပဲ…


ရှုနဉ်၏ အမူအရာက တဖြည်းဖြည်း ရုပ်ဆိုးလာသည်။


“ရှုနဉ်...မင်းအကုန်လုံးကိုမှတ်မိပြီလား…”

ယင်းမင်ကျန်းက မေးလိုက်သည်။


ရှုနဉ်က အမှန်တကယ်စိတ်ဆိုးနေသောကြောင့် အသံကျယ်ကျယ်နှင့်ပြောလိုက်သည်။

“မရဘူး...ငါ မမှတ်မိသေးဘူး…”


ယင်းမင်ကျန်း၏နှုတ်ခမ်းက ယောင်ယောင်လေး ကွေးတက်သွားသည်။

“ကောင်းပြီလေ သူ့ကို နောက်တစ်ခေါက်ထပ်ရွတ်ခိုင်းလိုက်ပေါ့...မင်းမှတ်မိတဲ့အချိန်မှပဲ သူရပ်လိမ့်မယ်…”


ရှုနဉ်က ယင်းမင်ကျန်း၏ဒေါသကိုဖြေဖျောက်ရန် ကူညီချင်သောကြောင့် "မမှတ်မိသေးဘူး"ဟု တမင်တကာဖြေလိုက်ခြင်းဖြစ်သည်။ သူက ဟူမေ့ကို ထပ်ခါ ထပ်ခါ ရွတ်ပြခိုင်းလိုက်သည်။ ဟူမေ့၏ပါးစပ်က ခြောက်လာသော်လည်း သူ့ကို ရေတစ်စက်မျှ သောက်ခွင့်မပြုခဲ့ပေ။


သူတို့ပြင်ဆင်ပြီးသောအခါ ဟူမေ့၏ ပါးစပ်က သဲစက္ကူကဲ့သို့ ခြောက်သွေ့နေပြီဖြစ်သည်။ သူမက ခွင့်လွှတ်ရန် တောင်းဆိုချင်နေသည်။

“ရှုသခင်လေး မှတ်မိပြီလား …”


သူ၏ တောင်းပန်နေသည့် မျက်လုံးများကိုတွေ့လိုက်ရသောအခါ ရှုနဉ် ထိုနေရာမှာပင် ရပ်သင့်ပြီဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူ အနည်းငယ်ခန့် စတင် စိတ်ပျော့လာသည်။

“အမ် ကျွန်တော်…”


“မရသေးဘူး သူ မမှတ်မိသေးဘူး…”

ယင်းမင်ကျန်းက သူ့ကို အေးစက်စက် ဝင်ပြောလိုက်သည်။


“ဆက်ရွတ်ပြပါ… ပွဲစဖို့ အချိန်တစ်နာရီတောင်လိုသေးတယ်…ငါတို့ ပွဲမစခင်အချိန်ထိ ဆက်လုပ်လို့ ရသေးတယ်…ရှုနဉ်က အဲ့ဒီအချိန်ထိ မမှတ်မိနိုင်သေးဘူးဆိုရင်တော့ ခင်ဗျားနဲ့ပတ်သတ်ပြီးတစ်ခုခု မှားနေလို့ပဲဖြစ်ရမယ်... ခင်ဗျားအလုပ်ကို ကောင်းကောင်းမလုပ်ဘူးပဲ…”


ဟူမေ့ သွေးအန်ချင်သွားလေသည်။