အပိုင်း ၇၃
Viewers 11k

Chapter 73

ဝေ့မိသားစု



ယခင်က သူမ ယင်းမင်ကျန်းကို ပညာပြချင်သော်လည်း ယင်းမင်ကျန်းက သူမကို ပြန်ပညာပြခြင်းဖြင့် အဆုံးသတ်သွားသည်။ ထိုသခင်ငယ်လေးက သွေးအေးလွန်းသည်။ ရှုနဉ်က သူ့ကို လွှတ်ပေးတော့မည်ဆိုသည်မှာ သေချာသော်လည်း ယင်းမင်ကျန်းက ထိုသို့ ပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။


ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းပြီး လက်စားချေတတ်တဲ့ လူစားမျိုးလဲ…


ဟူမေ့ ယခု အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ သူ ယင်းမင်ကျန်းကိုလျှော့မတွက်ရဲတော့ပေ။ ယခုကဲ့သို့သော အသေးအဖွဲကိစ္စများကိုပင် အပြစ်ပေးခြင်းခံရပါက သူသာ ယခုထက်ကြီးသည့် ပြသနာမျိုးလုပ်မိလျှင် ရလဒ်က ပို၍ပင် ဆိုးရွားသွားနိုင်သည်။


မည်သို့ပင်ဆိုစေကာမူ ယင်းမင်ကျန်းက သူတို့၏ သခင်လေးဖြစ်ပြီး သူက အစေခံဖြစ်သည်။ ယင်းမင်ကျန်းကို ဆန့်ကျင်မိပါက နာကျင်ရမည့်သူက သူပင် ဖြစ်သည်။


“မင်းမှတ်မိပြီလား...” 

ယင်းမင်ကျန်းက ရှုနဉ်ကို မေးလိုက်သည်။


ဖုန်းနှင့် ကစားနေသည့် ရှုနဉ်က သူ့ကို ကြည့်လိုက်သည်။

“အာာ အာာ ငါမှတ်မိပြီ…ငါမှတ်မိသွားပြီ…”


ပွဲက စနေပြီဖြစ်သည်။


ယင်းမင်ကျန်းက ခေါင်းညိတ်ပြီး အေးစက်စက်ပြောလိုက်သည်။

“မဆိုးပါဘူး…နောက် ငါတို့မှာဧည့်သည်ရှိရင် မင်းဒီနေ့လုပ်သလိုမျိုး ရှင်းပြပေးရမယ်…”


ဟူမေ့၏ နှလုံးသား အေးခဲသွားသလို ခံစားရသည်။

နောက်တစ်ခေါက်ရှိလာဦးမှာလား…


ယင်းမင်ကျန်း၏ အေးစက်စူးရှသည့် အကြည့်များနှင့် ရင်ဆိုင်ရသည့်အခါ ဟူမေ့ နောက်ထပ် ဘဝင်မမြင့်ရဲတော့ပေ။


သူက ခေါင်းငုံ့ပြီးပြောလာသည်။

 "တောင်းပန်ပါတယ် သခင်လေး...နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး…”


"ဘာကိုဆိုလိုတာလဲ…. ခင်ဗျား ဒီနေ့အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်…အနာဂတ်မှာ ခုလိုပဲဆက်လုပ်ဖို့ ငါမျှော်လင့်ပါတယ်…”


ယင်းမင်ကျန်းက ပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ရှုနဉ်နှင့်အတူ အခန်းထဲက ထွက်လာလိုက်သည်။


မြေညီထပ်သို့ ရောက်သည်နှင့် အစေခံများအား ညွှန်ကြားရန် အလုပ်ရှုပ်နေသည့် မဒမ်ဝေ့ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကို မော့ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများထဲတွင် အံ့သြမှုအနည်းငယ် ပေါ်လာသည်။

 "မင်ကျန်း ရှုနဉ် မားက သားတို့ကိုဖုန်းဆက်ဖို့လုပ်နေတာ…” 


သူမက ညစာစားပွဲပြင်ဆင်မှုများကိုသာ လုပ်ကိုင်နေရသောကြောင့် သူတို့ ပြင်ဆင်၍ပြီးသည်ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။ သူ့သားက ဝတ်စုံပြည့် ၀တ်ဆင်ထားသည်ကို မြင်သောအခါ သူ့နှလုံးသားက ရွှင်မြူးလာသည်။


ယင်းမင်ကျန်းက အလွန်ခန့်ညားနေပြီးသားဖြစ်သော်လည်း ယခုအခါတွင် သူက နတ်သားတစ်ပါးသဖွယ် ချောမောလွန်းနေသည်။


သူက လူတိုင်းကို တအံ့တဩဖြစ်စေလိမ့်မည်မှာ ကျိန်းသေပေါက်ပင်။


ဝေ့သခင်မက သင့်တော်သည့် ညနေခင်းဝတ်စုံကို လဲထားပြီးပြီဖြစ်သည်။ ၎င်းက ကောင်းမွန်စွာ ချုပ်ထားသည့် အနက်ရောင် ၀တ်စုံလေးဖြစ်ပြီး သူမ၏ သွယ်လျသောလည်ပင်းနှင့် ချောမောလှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ထင်ရှားစေသည်။ 


ဝေ့ရှီမင်းလည်း ခန်းမထဲတွင် စောင့်နေသည်။ သူတို့ နှစ်ယောက် ဆင်းလာတာကိုမြင်သည်နှင့် သူက ပြုံးပြပြီးအော်ခေါ်လိုက်သည်။

“ကော…”


ယင်းမင်ကျန်းက သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။ 


ရှုနဉ်က ဝေ့ရှီမင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။


ဝေ့ရှီမင်းက မည်သို့သော ပုံစံဆိုသည်ကို သူ မသိသော်လည်း သူ့ကို တွေ့လိုက်ရသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ဝတ္ထု၏ ဇာတ်လိုက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူ့အသွင်အပြင်က ယင်းချန်းနှင့် အမှန်တကယ်တူနေသောကြောင့် သူ့ပုံစံက မှတ်မိလွယ်သည်။


ဝေ့ရှီမင်းက အလွန်ချောပြီး ထက်မြက်၍ သူရဲကောင်းဆန်သည့် ပုံစံမျိုးရှိသည်။ တီဗီစီးရီးတစ်ခုတွင် အဓိကဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ရလျှင်ပင် ထူးဆန်းမည်မဟုတ်ပေ။ သူက ဇာတ်လိုက်ဟူသည့်ဂုဏ်ပုဒ်နှင့် အမှန်တကယ်ထိုက်တန်သူဖြစ်သည်။


သို့သော်လည်း ထိုလူက ဗီလိန်လေးနှင့် လုံးဝ မယှဉ်နိုင်ဟု ခံစားမိလိုက်သည်။ ဗီလိန်လေးက သူ့ထက် အဆတစ်ရာ ပိုချောမောသည်။


ဟုတ်တာပေါ့…


အလှတရားက ကြည့်ရှုသူ၏မျက်လုံးထဲတွင် ရှိသည်ဟု ဆိုသော်လည်း ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင်ပင် ဗီလိန်လေး၏ မျက်နှာက ဝေ့ရှီမင်းထက် ပိုချောသည်။ ဝေ့ရှီမင်း၏နှုတ်ခမ်းများက အနည်းငယ်ထူပြီး၊ သူ့နှာခေါင်းကလည်း အနည်းငယ်ကြီးကာ မျက်နှာက ဗီလိန်လေးကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိပေ။ သူတို့မျက်နှာချင်းယှဉ်ကြည့်လျှင် ဗီလိန်လေးက သူ့ထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေသကဲ့သို့ ဖြစ်နေသည်။ သူတို့၏ ကိုယ်လုံး ပုံပန်းသွင်ပြင်ကမူ အတူတူနီပါးလောက်ပင်။


ဝေ့ရှီမင်းက ဗီလိန်လေးထက် အနည်းငယ်ပို၍ ကြံ့ခိုင်သော်လည်း ဗီလိန်လေး၏ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အလွန်ကောင်းသည်ဟု ရှုနဥ် သူ့ဘဝကိုပင် တိုင်တည်ကျိန်ဆိုရဲသည်။ သူ့တွင် ဗိုက်ကြွက်သား၆ခုပင် ရှိပြီး အဝတ်အစားများကို ချွတ်လိုက်သောအခါ သူကတကယ်ပင် ကြည့်ကောင်းသည်။


စိတ်နေစိတ်ထားအရပြောရမည်ဆိုလျှင် ဝေ့ရှီမင်းက ချမ်းသာမြင့်မြတ်သည့်အမျိုးအစားဖြစ်ပြီး ဗီလိန်လေးက အေးစက်ပြီး ခပ်ခွာခွာနေတတ်သည့်အမျိုးအစားဖြစ်သည်။ မည်သူက မည်သူ့ထက် ပိုကောင်းတယ်ဆိုသည်ကို ပြောရခက်သည်။ ရှုနဉ်ကမူ ဗီလိန်လေးကိုသာ ပိုသဘောကျသည်။


ရှုနဉ်က ဝေ့ရှီမင်းကို ခေါင်းအစ ခြေအဆုံးစိုက်ကြည့်ပြီး သူ့ကို ဗီလိန်လေးနှင့် နှိုင်းယှဉ်နေမိသည်။


နောက်ဆုံးတွင် ရှုနဉ် အဖြေရှာတွေ့သွားသည်။ ထိုလူက ဝတ္ထု၏ ဇာတ်လိုက်ဖြစ်နေလျှင်ပင် သူ့ကလေးလေးနှင့် ယှဉ်၍ မရနိုင်ပေ။


ရုတ်တရက် တစ်ယောက်ယောက်က သူ့မေးကိုကိုင်ကာခေါင်းကို ဘေးသို့ဆွဲလှည့်လိုက်သည်။ သူက မှုန်မှိုင်းနေသည့် ဗီလိန်လေး၏မျက်နှာက်ို တွေ့လိုက်ရသည်။

“မင်းဘာတွေကြည့်နေတာလဲ...သူက ကြည့်ကောင်းနေလို့လား…”


ရှုနဉ်က ခေါင်းခါလိုက်ပြီး ဗီလိန်လေးကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“ငါ သူ့ကို မင်းနဲ့ နှိုင်းယှဉ်ကြည့်နေတာ…”


 "အိုး" ဗီလိန်လေးက မျက်ခုံးပင့်လိုက်သည်။ 


ရှုနဉ်ကပြောလိုက်သည်။

 "နောက်ဆုံးတော့ သူက မင်းလောက်လည် မချောဘူး…”


ဗီလိန်လေး၏အမူအရာက အနည်းငယ် ကောင်းလာသည်။


ယင်းမင်ကျန်းနှင့်ရှုနဉ်တို့ ခန်းမထဲသို့ ၀င်သွားသောအခါ ဝေ့သခင်မက အစေခံများကို သေတ္တာနှစ်လုံး ယူလာပေးရန် တောင်းဆိုခဲ့သည်။ ထိုသေတ္တာများအထဲတွင် Omega Seam နာရီနှစ်လုံး ထည့်ထားသည်။


ရှုနဉ်က ထိုနာရီကို ချက်ခြင်းပင် သိလိုက်ပြီး ၎င်း၏စျေးနှုန်းကိုပင် သိ၍ အသက်အောင့်ထားလိုက်မိသည်။


ဝေ့သခင်မက သူတို့နှစ်ယောက်က်ို ပြောင်လက်တောက်ပသည့် နာရီများကို ဝတ်ပေးလိုက်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်။

 "ဒါပဲလေ ပြီးပြည့်စုံသွားပြီ…”


ရှုနဉ်က သူ့လက်ကို ရွှေ့ဖို့ပင် လန့်နေမိပြီး တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

"မဒမ် ဒီလောက်ဈေးကြီးတဲ့ နာရီကို ကျွန်တော် လက်မခံနိုင်ပါဘူး…”


ဝေ့သခင်မ၏ မျက်နှာတွင် အဆင်မပြေသည့် အမူအရာ ပေါ်လာသည်။ ဝေ့ရှီမင်း၏ မျက်လုံးများထဲတွင် လှောင်ပြောင်သော အလင်းရောင်တစ်ခု ကခုန်နေသည်။


သူက ပြောလိုက်သည်။

 “ဒီနာရီနှစ်လုံးက သိမ်းထားတဲ့အခန်းထဲကပါ... ပွဲပြီးတာနဲ့ ပြန်ပေးရမှာ...” 


ယခင်က ဟူမေ့ ထိုအကြောင်းကို တစ်ခုခုပြောခဲ့ပုံရသည်ကို ရှုနဉ် ရုတ်တရက် သတိရသွားသည်။ ဝေ့မိသားစု သိုလှောင်ခန်းတွင် လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများ အများအပြားရှိသည်။ အသုံးပြုပြီးနောက် ၎င်းတို့အားလုံးကို ပြန်ပေးရမည်ဖြစ်သည်။ 


ရှုနဉ် ချက်ချင်းပင် ရှက်သွားသည်။


ယင်းမင်ကျန်းက နာရီကိုချွတ်ပြီး ဝေ့သခင်မကို ပြန်ပေးလိုက်သည်။

“ကျွန်တော်တို့ ဒါကို မလိုဘူး...”


ရှုနဉ်ကလည်း ထိုနာရီကို မဝတ်ချင်ပေ။ ထိုကဲ့သို့ မီလီယန်နှင့်ချီပြီးတန်သည့် ပစ္စည်းမျိုးက သူနှင့် မသက်ဆိုင်ပေ။


မတော်လို့ သူ့ကြောင့် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…သူပြန်ပြီး လျော်ပေးရမှာ မဟုတ်ဘူးလား…


ဒါက သေလောက်အောင် စိတ်ဖိစီးစရာကြီးလေ…


ချမ်းသာသည့်မိသားစုနှင့် လက်ထပ်ပြီးနောက် ကွာရှင်းလိုက်သည့် အမျိုးသမီးတစ်ဦးကို ရှုနဉ် သတိရသွားသည်။သူက စျေးကြီးသည့် လက်ဝတ်လက်စားများကို ညစာစားပွဲများ၊ ပါတီများ၊ ပွဲများတွင် ဝတ်ဆင်ခဲ့ရ၍ လူတိုင်းက သူ့ကို မနာလိုဖြစ်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် အမှန်တရားပေါ်ပေါက်လာခဲ့သည်။ ထိုလက်ဝတ်လက်စားများက မိသားစုအပိုင်သာဖြစ်ပြီး သူ့ပစ္စည်းများမဟုတ်ပေ။ ထိုလက်ဝတ်လက်စားများကို ခဏမျှ ဝတ်ဆင်ရန်အတွက် ထုတ်ယူရပြီး ဝတ်ပြီးသည်နှင့် မီးခံသေတ္တာထဲသို့ ပြန်ထည့်ရသည်။


ချမ်းသာသောမိသားစု၏ သခင်မဖြစ်ရခြင်းက မလွယ်ကူသောကြောင့် သူက ကွာရှင်းလိုက်သည်။


ယခု ရှုနဉ်က စတင်နားလည်လာပြီဖြစ်သည်။


“မင်ကျန်း…”

ဝေ့သခင်မက စိုးရိမ်သွားသည်။


ယင်းမင်ကျန်းကပြောလိုက်သည်။

“အမေ သူတို့က ကျွန်တော့်ကို လူကိုပဲကြည့်မှာပါ...နာရီကို ကြည့်မှာမှ မဟုတ်တာ…”


ဝေ့သခင်မ ခဏ ရပ်တန့်သွားပြီးနောက် ဆက်လက် မတိုက်တွန်းတော့ပေ။


ထိုကိစ္စဖြေရှင်းပြီးကြောင်း ရှုနဉ်တွေ့သည်နှင့် သူ့လက်မှ နာရီကို အမြန်ချွတ်ပြီး သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။

“ကောင်းပါပြီ အချိန်ကျတော့မယ် သွားကြရအောင်…”


ဝေ့သခင်မက ယင်းမင်ကျန်းကို အလွန်အလိုလိုက်နေသည်။


သူတို့အားလုံး ခန်းမထဲမှ ထွက်လာပြီး ပင်မအဆောက်အဦးဆီသို့ ဦးတည်သွားကြသည်။ 


လမ်းတွင် ယင်းမင်ကျန်းက ရှုနဉ်ကိုမေးလာသည်။

"မင်း အဲ့နာရီကို ကြိုက်လား မင်းကြိုက်ရင် ငါဝယ်ပေးမယ်…”


ရှုနဉ် အံ့သြသွားသည်။ 

"ဟင်…”


"နာရီလေ…”


ရှုနဉ် ချက်ချင်းပင် ရှက်သွားပြီး ငြင်းဆန်ရန် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ 

"ငါက အဲ့နာရီကို ဘာလို့ လိုမှာလဲ…ခွဲလိုက်မိမှာကိုတောင် အရမ်းကြောက်နေတာ…နောက်ပြီး ငါ အချိန်ကိုကြည့်ဖို့နာရီကို ဘယ်တုန်းကသုံးဖူးလို့လဲ…ဖုန်းကိုပဲ အမြဲသုံးနေတာလေ…”


ယင်းမင်ကျန်းက ခဏ စဉ်းစားပြီးနောက် သူပြောလိုက်သည်။

“မင်းဝတ်ထားတာ ကြည့်ကောင်းတယ်…ငါမင်းအတွက် တစ်လုံးလောက် ဝယ်လိုက်မယ်လေ…”


“မဝယ်နဲ့…”

ရှုနဉ်က ခေါင်းခါလိုက်သည်။

“ငါ့လက်မှာ အဲ့လိုဟာတွေဝတ်ရတာ မကြိုက်ဘူး…”


သူတို့စကားဝိုင်းကို နားထောင်နေသည့် ဝေ့ရှီမင်း မနေနိုင်တော့ပဲ မျက်မှောင်ကြုတ်လိုက်သည်။ 

ယင်းမင်ကျန်းက ဘယ်လိုတောင် ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ပြောနိုင်ရတာလဲ….


ထိုနာရီက ယွမ် ၁ ဒသမ ၇ သန်းခန့် ကုန်ကျသည်။ 

အမေက သူ့ကို ပိုက်ဆံအများကြီးပေးထားတာရောဖြစ်နိုင်လောက်လား….ဒါပဲဖြစ်နိုင်တယ်…


မဒမ်ဝေ့က ချူကျိုးတွင် တစ်လခန့်နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူက ယင်းမင်ကျန်းကို အရာများစွာ ပေးခဲ့ပေလိမ့်မည်။ 


ဝေ့ရှီမင်း၏ အမူအရာက တဖြည်းဖြည်း မှုန်မှိုင်းလာသည်။


ဝေ့သခင်မက ရှေ့မှ လျှောက်နေပြီး သူမလည်း အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။ ယင်းမင်ကျန်းသည် ထိုနာရီက သူ့အတွက် အမှန်တကယ်မဟုတ်သောကြောင့် မပျော်မရွှင် ဖြစ်နေသည်လားဟု သူမ တွေးနေမိသည်။ 

မဟုတ်ရင် ဘာလို့ ဝတ်ဖို့ ငြင်းတာလဲ…


သူ စိတ်ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်တွင် ယင်းမင်ကျန်းကိုခေါ်ပြီး နာရီသွားဝယ်ပေးရပေမည်။


ပြောရမည်ဆိုလျှင် သူမ၏ သား ပြန်လာသည့်အထိန်းအမှတ် လက်ဆောင်ကို မပြင်ဆင်ရသေး၍ နာရီ ဝယ်ပေးသင့်သည်။


မတူညီသည့် စိတ်ကူး၊မတူညီသည့် ခံစားချက်များဖြင့်လူလေးယောက်က ပင်မအဆောက်အဦးထဲသို့ အတူတူလျှောက်လာကြသည်။ သူတို့က ဥရောပစတိုင် စကြင်္န်လမ်းကို ဖြတ်လျှောက်လာပြီး တလက်လက်တောက်ပနေသည့် ပင်မအဆောက်အဦးထဲသို့ ဝင်လိုက်ကြသည်။ ခမ်းနားပြီးဩဇာအာဏာရှိသည်ဟု အခေါ်ခံရခြင်းက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။


သာမာန်လူများက”ခမ်းနားခြင်း” သို့မဟုတ် "ပြိုးပြိုးပြက်ပြက်" ဟူသော စကားလုံးများကို ကြားလိုက်သည်နှင့် တောဆန်သည့် ခပ်ရိုင်းရိုင်းပုံစံများကို တွေးတောမိပေလိမ့်မည်။ သို့သော် ရှုနဉ်မြင်လိုက်ရသော ပင်မအဆောက်အဦးကမူ တောဆန်ပြီး ခပ်ရိုင်းရိုင်းဖြစ်နေသည့် အဆောက်အဦးမဟုတ်ပေ။ 


အခန်း၏ ပြင်ဆင်ထားပုံက လုံလောက်အောင် သန့်စင်ပြီး ခမ်းနားထည်ဝါသည့် အခန်းအလှဆင်ပစ္စည်းများနှင့် ပြည့်နှက်ကာ အကြီးအကျယ် အံ့ဩမှင်သက်သွားစေနိုင်သည်။နန်းတော်ထဲသို့ ရောက်သွားသကဲ့သို့ပင်။ သက်ကြီးရွယ်အိုများက ဥရောပစတိုင်ဒီဇိုင်းများကို နှစ်သက်ကြပြီး ဝေ့ရှန်ဟယ့်ကလည်း ခြွင်းချက်မဟုတ်ပေ။ ဗီလာက ဥရောပရဲတိုက်ကြီးနှင့်တူနေသည်။ 


ဧည့်ခန်းထဲတွင် ဝတ်ကောင်းစားလှဝတ်ထားသည့် လူ အများအပြားက ခေါင်းကို လှည့်ကာ ရှုနဉ်နှင့်ယင်းမင်ကျန်းတို့ကို စိုက်ကြည့်ပြီး အံ့အားသင့်သော အမူအရာများ ပေါ်လာသည်။ ထိုလူအားလုံးက သတင်းများတွင် မကြာခဏ ပေါ်လာတတ်သည့်သူများဖြစ်သည်။ သူတို့က ရာထူးကြီးမြင့်ပြီး တစ်သက်လုံး မင်းမျိုးမင်းနွယ်များကဲ့သို့ ဆက်ဆံခံရသူများဖြစ်သည်။ သူတို့တစ်ဦးချင်းစီက ပြင်းထန်သည့် ဩဇာအာဏာများရှိကြပြီး သူတို့ကိုကြည့်သည့် ထိုလူများ၏အကြည့်များက လေးလံနေသည်ဟု ခံစားရသည်။ 


သာမာန်လူတစ်ယောက် ထိုအခန်းထဲသို့ ၀င်လိုက်မည်ဆိုပါက ထိုလူမှာက သေချာပေါက် စိတ်လှုပ်ရှားပြီး ကြောက်လန့်နေမည်ဖြစ်သည်။ ရှုနဉ်၏ဘဝတစ်လျှောက်လုံး ယခင်ဘဝနှင့် ယခုဘဝတွင် သာမန်နောက်ခံသာရှိခဲ့၍ သူ မတတ်နိုင်ပဲအနည်းငယ် စိတ်ရှုပ်လာသည်။


ရှုနဉ်၏ မသိစိတ်မှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအချို့ကို ရှာချင်မိသောကြောင့် ဗီလိန်လေးကို အလိုလို လှည့်ကြည့်လိုက်သောအခါ ဗီလိန်လေးက မယုံနိုင်လောက်အောင် တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ 


သူ့မျက်နှာက ခါတိုင်းအချိန်နှင့်ဘာမှ မကွဲပြားပဲ သူတို့၏ စူးစူးဝါးဝါး အကြည့်များကြောင့် လုံး၀ မှေးမှိန်မသွားခဲ့ပေ။ရှုနဉ်က သူ့ကို တိတ်တဆိတ်လေးစားရုံအပြင် အခြားဘာမှ မတတ်နိုင်ပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ 


ဗီလိန်လေးကို သူ အရှက်မခွဲနိုင်ပေ။ 


ထို့ကြောင့် သူ့ကိုယ်သူ အားပေးလိုက်သည်။ ဗီလိန်လေးက ယနေ့ညစာစားပွဲ၏ ဇာတ်လိုက်ဖြစ်ပြီး သူမဟုတ်၍ ဗီလိန်လေးကို ဆွဲချရန် မဖြစ်ပေ။


 "ဒါက အသစ်ပြန်လာတဲ့ သခင်လေးမဟုတ်လား…”

လှပသော အမျိုးသမီးတစ်ဦးက ပထမဆုံး မတ်တတ်ရပ်လာပြီး ယင်းမင်ကျန်းကို ပြုံးပြ၍ပြောလိုက်သည်။

 "သူက အရမ်းချောတာပဲ…”


ရှုနဉ်လည်း ထိုသူက ဒုတိယအိမ်တော်ခွဲ၏သခင်မဖြစ်ကြောင်း သတိပြုမိသွားသည်။


ယင်းမင်ကျန်းက လျှောက်သွားပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဒုတိယအန်တီ…”


ထို့နောက် သူက တခြားသူများဆီသို့လျှောက်သွားကာ တစ်ယောက်ချင်းဆီကို နာမည်ခေါ်၍ နှုတ်ဆက်လိုက်သည်။


မိသားစုခွဲသုံးခုလုံး ထိုနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။ လူဆယ်ယောက်ကျော်ခန့် ရှိနေသော်လည်း ဗီလိန်လေးက ထိုလူများကို တစ်ဦးချင်းစီ နာမည်မှန်အောင် ခေါ်ပြီး နှုတ်ဆက်နိုင်ခဲ့သည်။ မဒမ်ဝေ့က သူတို့နှင့် တစ်ယောက်ချင်း မိတ်ဆက်ပေးမည်ဟု စီစဉ်ထားခဲ့သော်လည်း ထိုအရာက မလိုအပ်တော့ပေ။ သူ့မျက်နှာပေါ်တွင်ချက်ချင်းဆိုသလို အပြုံးပန်းပွင့်လာသည်။


ရှုနဉ် တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်သည်။ ဗီလိန်လေးက ထိုလူများကို လျစ်လျူရှုထားမည်ကို သူစိတ်ပူနေခဲ့ပြီး သူ့ဘက်က စတင်၍ နှုတ်ဆက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့အကျင့်စရိုက်ပုံစံက အနည်းငယ်ခန့် တိုးတက်လာခြင်း ဖြစ်ပုံရသည်။


ဝေ့ရှီမင်းလည်း ယင်းမင်ကျန်းက လူတိုင်း၏နာမည်များကို ခေါ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူ့မျက်နှာက အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။ 


ယင်းမင်ကျန်းက လူတိုင်းကို နှုတ်ဆက်ပြီးနောက် ရှုနဉ်ကို အခန်းအလယ်သို့ခေါ်သွားပြီး ပြောလိုက်သည်။


"သူက ရှုနဉ်ပါ…သက်တောင့်သက်သာရှိတယ်ဆိုတဲ့ ရှု နဲ့ အေးချမ်းတယ်ဆိုတဲ့ နဉ် ၊ သူက ကျွန်တော့်မွေးစားမိဘတွေရဲ့သားဖြစ်ပြီး ကျွန်တော်နဲ့လည်း ဆက်ဆံရေးကောင်းတဲ့သူပါ…”


ယင်းမင်ကျန်းကသူ့ကို ဝေ့မိသားစုနှင့် တရားဝင်မိတ်ဆက်ပေးမည်ဟု ရှုနဉ် မမျှော်လင့်ထားခဲ့ပေ။ သူက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး " ဦးလေးတို့ အဒေါ်တို့ အားလုံး မင်္ဂလာပါ…” ဟု ရှက်ရွံ့စွာ ပြောလိုက်သည်။


သူက ယင်းမင်ကျန်းနှင့် မတူပေ။ ထိုကဲ့သို့ များပြားသည့် လူအုပ်ကြီးနှင့် ရင်ဆိုင်ရသောအခါ သူ့မျက်လုံးများပင် မှိတ်တုတ် မှိတ်တုတ်(ပေကလက်") ဖြစ်လာသောကြောင့် သူတို့အားလုံးကို တစ်ခါတည်း နှုတ်ဆက်လိုက်သည်။