အပိုင်း ၇၄
Viewers 10k

Chapter 74



ဝေ့မိသားစုရှိလူများက ပြုံးပြကြသည်။ 



"ရှုနဉ်ဆိုတာသူလား...ဒီမှာ ဧည့်သည်ရှိတာ ရှားတယ် ထိုင် ထိုင်…”


ယင်းမင်ကျန်းက ရှုနဉ်ကို အဖြူရောင် သားရေဆိုဖာပေါ် တွင် ထိုင်ခိုင်းလိုက်သည်။ 


ရှုနဉ် သက်ပြင်းတစ်ချက်ချလိုက်သည်။ မည်သို့ပင် တွေးစေကာမူ သူတို့အားလုံးက အနည်းဆုံး အပေါ်ယံတွင် အေးချမ်းနေသကဲ့သို့ ပြုမူနေကြသည်။ 


သူ့သားက လူတိုင်းကို အလွယ်တကူ နှုတ်ဆက်နိုင်သည့်အတွက် မဒမ်ဝေ့ အလွန်ဂုဏ်ယူနေမိသည်။ သူက လူတိုင်းနှင့် စကားပြောရန် ရှေ့သို့ သွားခဲ့သည်။


ခဏခန့် စကားစမြည်ပြောပြီးသည့်အခါ ဝေ့ရှန်ဟယ့်၊လီယုံးနာ့နှင့် ယင်းမင်ကျန်း၏ အဖေရင်းဖြစ်သူ ဝေ့ယွမ်နင်းတို့က ဒုတိယထပ်ရှိ ခရုပတ်လှေကားမှ ဆင်းလာခဲ့ကြသည်။ မြေညီထပ်ရှိ လူတိုင်းက မတ်တပ်ရပ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ရိုသေစွာ နှုတ်ဆက်ကြသည်။ 


"အဖေ၊ အမေ၊ ယွမ်နင်း ဒါက ယင်းမင်ကျန်းလေ …”


စုမုလီက သူ၏သားကို ဝေ့မိသားစုခေါင်းဆောင်နှင့် အမြန်မိတ်ဆက်ပေးလိုက်သည်။ သူက ရှုနဉ်ကိုလည်း ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးသည်။ 


"ဒါက မင်ကျန်းမွေးစားမိဘတွေရဲ့သား ရှုနဉ်ပါ…”

ဝေ့ရှန်ဟယ့်က ယင်းမင်ကျန်းကို အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက နောက်ဆုံးတွင် ရှုနဉ်ဆီသို့ ရောက်သွားပြီးနောက် သူ အနည်းငယ် ထိတ်လန့်သွားသည်။


ယခင်က ရှုနဉ်က သူ့ကို ယင်းမင်ကျန်း၏ အချက်အလက်များ ပေးခဲ့ဖူးသည်။ သူတို့ တစ်ကြိမ်တွေ့ဖူးပြီး သူ့အပေါ် ထင်မြင်ချက်အချို့ ရှိနေသေးသည် ။ ထိုအချိန်က ဝေ့ရှန်ဟယ့် ဂရုမစိုက်ခဲ့ဘဲ သူ့ကားကိုရပ်စေရန် ကျောင်းသားတစ်ယောက်ကိုငှားခဲ့သည့် တရားမဝင်ကလေးတစ်ယောက် ဖြစ်မည်ဟု သူထင်ခဲ့သည်။ သိပ်မကြာမီမှာပင် ထိုကိစ္စကို သူမေ့သွားခဲ့ပြီး အဖြစ်မှန်ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။


သူ့မျက်လုံးများက ယင်းမင်ကျန်းနှင့် ရှုနဉ်တို့ ကြားအနောက်သို့ ကြည့်နေသည်။ 


ရှုနဉ်က သူတွေးနေသည့်အရာ ကို သိနေသည်။ လွန်ခဲ့သည့် နှစ်နှစ်က သူ ဝေရှန်ဟယ့်အား ယင်းမင်ကျန်းကို မွေးသည့်အချိန်က ကလေးအလဲခံထားရကြောင်း ပြောပြခဲ့ဖူးသည်။ ယခု ယင်းမင်ကျန်းပြန်ရောက်လာပြီဖြစ်၍ သူ့ကို သံသယအချို့ဝင်လာမည်ကို ရှောင်နိုင်မည်မဟုတ်ပေ။ 


သို့သော်လည်း ရှုနဉ်က လုံးဝမစိုးရိမ်မိပေ။ ဝေ့ရှန်ဟယ့်ကသာ သူ့ကို ထိုအကြောင်းမေးလာခဲ့လျှင် တစ်ယောက်ယောက်က သူ့ကို အချက်အလက်များ လွှဲပြောင်းပေးရန် ငှားရမ်းခြင်းဖြစ်သည်ဟု ပြန်ပြောလိုက်မည်ဖြစ်သည်။ အကယ်၍ ဝေ့ရှန်ဟယ့်က ယင်းမင်ကျန်းကို ထိုအကြောင်း ပြောပြပြီး သူ့ကို ယင်းမင်ကျန်းက ထိပ်တိုက်ရင်ဆိုင် မေးမြန်းလာလျှင် သူအမှန်တရားကို သိနေသည်ကကြာပြီဖြစ်ကြောင်း ပြောပြလိုက်ရုံပင် ဖြစ်သည်။


ကူးပြောင်းလာသည့်ကိစ္စနှင့် ပတ်သက်၍ မယုံနိုင်စရာ ဖြစ်သောကြောင့် ဤကိစ္စနှင့်ပတ်သက်ပြီးဘာမှ မပြောရန်လည်း ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ထုတ်ဖော်ပြောဆိုရန်လည်း အနည်းငယ်တားမြစ်ထားသည်ဟု သူ ခံစားရသည်။ ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းခြင်းကထူးထူးဆန်းဆန်းဖြစ်နေသည့်အပြင် ရှုနဥ်ကလည်း သဘာဝလွန်အရာများကို ကြောက်တတ်သူဖြစ်သည်။ သူ ထုတ်ဖော်ပြောမိလျှင် ကမ္ဘာကြီး၊ ဗီလိန်လေးနှင့် သူ့ကံကြမ္မာ အစရှိသည်များကို ထိခိုက်မိမည်ကို သူကြောက်သည်။


ရှုနဉ်က ယင်းမင်ကျန်းကို ကူညီရန် ရွေးချယ်သည့် အကြောင်းအရင်းမှာ ယင်းမင်းကျန်း၏ ကံကြမ္မာကို ပြောင်းလဲရန်အတွက် သူ ကူးပြောင်းလာခဲ့သည်ဟု သူယုံကြည်သောကြောင့်ဖြစ်သည်။


မဟုတ်ရင် သူ “အရေးပါသောပုဂ္ဂိုလ်ရဲ့ အချစ်ဦး : လွမ်းမိုးချုပ် ကိုင်နိုင်တဲ့ ဥက္ကဌကြီးရဲ့ အရူးအမူးချစ်ခြင်း...” ကိုဖတ်ပြီး ဘာလို့ ရုတ်တရက်ကူးပြောင်းလာရမှာလဲ…


ဗီလိန်လေး၏အဆုံးသတ်ကြောင့် သူမည်မျှအထိ ဒေါသထွက်ခဲ့သည်ကို မှတ်မိနေသေးသည်။ သူက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အလွန်စက်ဆုပ်မှုကို ခံစားခဲ့ရသည်။ ထို့အပြင် သူကလည်း ဗီလိန်လေး၏ အိမ်နီးချင်းနှင့် အတန်းဖော်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး ဗီလိန်လေး အသက်အလွန်ငယ်သေးသည့်အချိန်တွင် ကူးပြောင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။


ဒါကသာ ကံတရားမဟုတ်ရင် ဘာများဖြစ်နိုင်ပါ့မလဲ….


သူက ပြန်ပေးဆပ်မှုကိုရရန် သို့မဟုတ် ထိုကဲ့သို့သောအရာများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ဗီလိန်လေးနှင့် သူ၏ဆက်ဆံရေးက ယခင်ကထက် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထိုခံစားချက်ကမိဘတစ်ယောက်၏ သားသမီးများအပေါ်ထားသည့် ခံစားချက်နှင့်ပင် တူနေသေးသည်။ ဗီလိန်လေး ကောင်းကောင်းမွန်မွန်နေရသည်ကိုသာ မြင်ချင်ပြီး သူ့ကိုကျေးဇူးပြန်ဆပ်ရန်ကိုလည်း မမျှော်လင့်ထားခဲ့ပေ။


“သားရဲ့ အဘိုးအဘွားတွေနဲ့ အဖေ့ကို မြန်မြန်နှုတ်ဆက်လိုက်ဦးလေ…”

ဝေ့သခင်မက အရေးကြီးဆုံးလူသုံးယောက်ကို ယင်းမင်ကျန်းနှင့် အမြန်မိတ်ဆက်ပေးလိုက်သည်။


ဗီလိန်လေးက ရှေ့သို့ တိုးလာသည်။ သူ့အသံက အတုအယောင်မဆန်သကဲ့သို့ တုန်လှုပ်နေခြင်းမျိုးလည်း မရှိပေ။

 "မင်္ဂလာပါ အဘိုး... မင်္ဂလာပါ အဖွား…”


ဝေ့ရှန်ဟယ့်က ခေါင်းညိတ်ပြသည်။ လီယုံးနာ့က သူ့ကို ဆန်းစစ်သလို ကြည့်နေသည်။


ထို့နောက် ယင်းမင်ကျန်းက ဝေ့ယွမ်နင်းဆီသို့ လျှောက်သွားပြီး အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။ 

"အဖေ..." 


ထို့ကြောင့်ဝေ့ယွမ်နင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။


"မင်းပြန်လာတာကောင်းတယ်…”

ဝေ့ရှန်ဟယ့်က ပြောလိုက်သည်။ 


"အချိန်ရောက်ပြီ အားလုံးလည်း ဗိုက်ဆာနေကြမှာပဲ... ညစာစားကြရအောင်…”


မိသားစုတစ်ခုလုံး ကျယ်ဝန်းသည့် ထမင်းစားခန်းထဲသို့ ဝင်သွားကာ ထိုင်လိုက်ကြသည်။ 


ယခုက ဝေ့ယွမ်နင်းသည် ယင်းမင်ကျန်းကို တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်၍ သူ့ကို ခေါင်းအစ ခြေအဆုံး ခဏလောက် ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကျေနပ်အားရသည့် အကြည့်တစ်ချက် ပေါ်လာသည်။


ဝေ့ယွမ်နင်းက ပြောလိုက်သည်။

"ယင်းမင်ကျန်းဆိုတဲ့ နာမည်ကို ထပ်မသုံးနဲ့တော့၊ မင်း ကိုယ့်ကိုကိုယ် ဝေ့မင်ကျန်းလို့ခေါ်သင့်တယ်…”


ဝေ့ယွမ်နင်း ယင်းမင်ကျန်းကို ပထမဆုံးပြောခဲ့သည်က မျိုးရိုးအမည်ကို ပြောင်းပေးရန်ဖြစ်၍ သူ မည်မျှအထိကျေနပ်နေသည်ကို လူတိုင်းမြင်တွေ့နိုင်သည်။ 


လူတိုင်း၏ နှလုံးသားထဲတွင် ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြသည်။


မဒမ်ဝေ့က ပထမတွင် အနည်းငယ် စိတ်ပူနေသော်လည်း ဝေ့ယွမ်နင်းပြောသည်ကို ကြားလိုက်ရသည်နှင့် ဝမ်းသာပြီး အံ့သြသွားသည်။ သူမက ယင်းမင်ကျန်း၏လက်မောင်းကို ညင်သာစွာ ပုတ်ပြီး ပြောလိုက်သည်။


 "မင်းပါပါးကို ကျေးဇူးတင်ပါတယ်လို့ မြန်မြန်ပြောလိုက်လေ…”


ယင်းမင်ကျန်းက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံပေါ်သော်လည်း သူက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ပါပါး…”


ရှုနဉ်က ဗီလိန်လေးကိုကောင်းကောင်းသိသည်။ သူ့အတွေးထဲတွင် “ဒါ သူလုပ်သင့်တာ မဟုတ်ဘူးလား...ဘာလို့ ကျေးဇူးတင်ရမှာလဲ…”ဟု တွေးနေလိမ့်မည်။


ရှုနဉ်လည်း နားမလည်နိုင်ပေ။


မိဘအရင်းနဲ့ ပြန်ဆုံပြီးတော့ သူ့မျိုးရိုးနာမည်ကိုပြောင်းရတာ သဘာဝပဲ မဟုတ်ဘူးလား…. ဘာလို့ကျေးဇူးတင်စကားပြောဖို့ လိုရတာလဲ… နာမည်ပြောင်းတာက ကြီးကြီးမားမား မျက်နှာသာပေးတာမျိုးလည်း မဟုတ်ဘဲနဲ့….


ရှုနဉ်က ထိုအရာကို ဝေ့မိသားစု၏ ထူးဆန်းသော စည်းမျဉ်းတစ်ခုအဖြစ် သဘောထားကာ မေ့လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး သူ့စိတ်ထဲရှိ အံ့အားသင့်သွားမှုကို လျစ်လျူရှုရန် အကောင်းဆုံးကြိုးစားခဲ့သည်။


သူ့မျက်လုံးထောင့်မှတဆင့် ဝေ့ရှီမင်းကို တစ်ချက်လှမ်းကြည့်လိုက်စဉ် ဝေ့ရှီမင်း၏ အမူအရာက အလွန်နက်မှောင်သွားသည်ကို တွေ့လိုက်ရသည်။ ရှုနဉ် ပို၍ပင် အံ့ဩသွားသည်။

ဗီလိန်လေးက သူ့မျိုးရိုးကို ပြောင်းလိုက်တာက ကိစ္စကြီးတစ်ခုများလား…


ကောင်းပြီလေ…ဝေ့ရှီမင်းရဲ့ ရုပ်ဆိုးတဲ့အမူအရာကို မြင်လိုက်ရပြီဆိုမှတော့ ဒီထူးဆန်းတဲ့ စည်းမျဉ်းကို လျှော်ပေးလိုက်ပါမယ်လေ ဟီးဟီး…


မိသားစုဝင်များထိုင်လိုက်သည်နှင့် အစေခံများက ဟင်းလျာများကို စနစ်တကျ ခင်းကျင်းလာကြသည်။

"မင်ကျန်း မင်းဘဝက အရင်တုန်းက အရမ်းခက်ခဲခဲ့တယ်လို့ ငါကြားတယ်... အမှန်ပဲလား…”


တတိယအိမ်တော်ခွဲ၏ ဒုတိယသမီး ဝေ့ဇီလန်က သိချင်သွားပြီး မေးလိုက်သည်။ ယင်းမင်ကျန်းက သူ့ကို တချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ 


“ယင်းမိသားစုနဲ့ နေရတုန်းက ကျွန်တော် အရမ်းခက်ခဲတဲ့အချိန်တွေရှိခဲ့ဖူးတယ်... ကျွန်တော့်မွေးစားမိဘတွေ နဲ့အတူတူနေပြီးနောက်မှာတော့ အခြေအနေတွေက အရင်ထက် အများကြီးပိုကောင်းလာပါတယ်….”


သူ့ဘေးနားရှိ ရှုနဉ်ကို လှည့်ကြည့်လိုက်သည်။ 

"ကျွန်တော် ၊ရှုနဉ်နဲ့ သူ့မိသားစုကို တကယ်ကို ကျေးဇူးတင်ပါတယ်…”


ဝေ့ဇီလန်က ပို၍ပင် သိချင်လာသည်။ 

"ဒါဆို မင်းမှာ မိသားစုနှစ်ခုရှိတာပေါ့…”


ယင်းမင်ကျန်းကပြောလိုက်သည်။

“မဟုတ်ပါဘူး၊ ယင်းချန်းနဲ့ ကျိုးကျွမ်က ကျွန်တော့်ကို အနိုင်ကျင့်ခဲ့တာ…ယင်းချန်းက ကျွန်တော့်ကို နေ့တိုင်းရိုက်တယ် တစ်ခါကဆို သူ ကျွန်တော့်ကို ရိုက်လိုက်တာ သေလုနီးပါးပဲ… ပြီးတော့ ကျွန်တော့်ရဲ့ ဆေးရုံစရိတ်က အရမ်းများလို့ဆိုပြီး သူတို့က စွန့်ပစ်ခဲ့လိုက်တယ်…ကျွန်တော် ဆေးရုံက ဆင်းတာနဲ့ သူတို့နဲ့ အဆက်အသွယ်ဖြတ်ပြီး မွေးစားမိဘတွေနဲ့ အတူနေခဲ့တာပါ…”


"ကျွန်တော် ယင်းချန်းနဲ့ကျိုးကျွမ်ကို မိသားစုလို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး…”


ဝေ့ဇီလန်က သူနားလည်ကြောင်း ဖော်ပြလိုက်သည်။

“ငါသိပြီ...မင်းကတကယ့်ကို သနားစရာကောင်းတာပဲ…”


“ဒါဆို မင်းနဲ့ မတော်တဆ ကလေးချင်းမှားသွားတဲ့ မိသားစုက ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာပဲ…”

တတိယအိမ်တော်ခွဲမှ မဒမ်က မေးသည်။ 


ဝေ့ရှီမင်း၏အမူအရာက မပြောင်းသော်လည်း စားပွဲအောက်မှ လက်သီးများကို တိတ်တဆိတ် ဆုပ်ထားသည်။ 


ယင်းမင်ကျန်းက ထိုမိသားစုဝင်များကို ဆက်လက် ရှုံ့ချခဲ့ပြိီး ကျိုးကျွမ်နှင့်ယင်းချန်းက သူ့ကို အကြမ်းဖက်ခဲ့ကြောင်း ဆက်ပြောခဲ့သည်။ 


ဘာတွေ လာကစားနေတာလဲ…ငါ့ကို ဖိနှိပ်ဖို့ ကြိုးစားနေတာလား…


"ဒါဟာ မတော်တဆ မဟုတ်ဘူး…ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါ…”

ယင်းမင်ကျန်းက သူ့စကားအမှားကို ပြုပြင်ပေးခဲ့ပြီး အမူအရာက တည်ငြိမ်နေမှာ သူ လွှတ်ချလိုက်သည့် ဗုံးအမျိုးအစားကို သူ သတိမထားလိုက်မိသကဲ့သို့ပင်။ 


ဝေ့ရှီမင်း သူ့တစ်ကိုယ်လုံးတုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ တည်ငြိမ်သော အမူအရာမှာ အက်ကွဲလုမတတ် ဖြစ်နေသည်။ ယင်းမင်ကျန်းက သူ့ကို ထောင့်နေရာသို့ တွန်းပို့ရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။ 


သူတို့နှစ်ယောက်မွေးစဉ်က ရည်ရွယ်ချက်ရှိရှိ လဲခဲ့သည်ဟု ထုတ်ပြောလာသည်။

သူက ဝေ့မိသားစုထဲကနေ ငါ့ကို ထုတ်ပစ်ဖို့ ကြိုးစားနေတာလား…


အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။


ဝေ့ယွမ်နင်းနှင့် မဒမ်ဝေ့တို့က တစ်ပြိုင်တည်း အတူတူမေးလိုက်ကြသည်။

“တကယ်ပဲလား..." 


ဝေ့ရှီမင်း ငြိမ်မနေနိုင်တော့ပေ။ မူလက သူဘာမှမပြောလိုခဲ့ပေ။ အဖြစ်အပျက်များဖြစ်လာပြီးသည့်နောက်တွင် သူ့မိသားစုနှင့်ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲနေစေချင်သည်။ သို့သော်လည်း ယင်းမင်ကျန်းက ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့ပြီး ချက်ချင်းပင် သူ့ကို ပစ်မှတ်ထားနေသည်။ ဝေ့ရှီမင်း သူ့ကို ဆက်ပြောခွင့် ပေးလိုက်ပါက လှည့်ထွက်ရန် မြူမှုန်လောက်ပင် အခွင့်အရေးရှိလာမည် မဟုတ်ပေ။ 


"တကယ်လား..." 

ဝေ့ရှီမင်းက အံ့ဩတကြီးမေးလိုက်သည်။


“မင်ကျန်းကော မင်းပြောတာ အမှန်ဆိုတာသေချာလား…မင်းမှာ သက်သေရှိလို့လား…”


ယင်းမင်ကျန်းက နောက်ဆုံးတွင် သူ့ဘက်ကို ကြည့်ကာ ပြုံးလိုက်သည်။ 

"ငါ့မှာ ဘာအထောက်အထားမှ မရှိဘူး…”


ဝေ့ရှီမင်း သက်ပြင်းချလိုက်ပြီး ဝမ်းနည်းသည့် အမူအရာနှင့် ပြောလိုက်သည်။

 "သက်သေမရှိဘဲနဲ့ ဘာလို့ဒီလိုပြောရတာလဲ… ကောကကျွန်တော့် မိဘအရင်းတွေကို ဆဲဆိုနေပြီး ကျွန်တော့်ကိုမောင်းထုတ်ဖို့ ကြိုးစားနေတာလား…”


ယင်းမင်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့မှာ အဲ့လိုမျိုးရည်ရွယ်ချက်မရှိဘူး…ငါက အမှန်အတိုင်းပဲ ပြောနေတာ…”


“မင်းမှာ သက်သေအထောက်အထားမရှိပဲနဲ့ အဲဒါကို အမှန်လို့ ပြောလို့ရပါ့မလား…”

ဝေ့ရှီမင်းက ဝမ်းနည်းနေသကဲ့သို့ ပြောသည်။


 "မင်ကျန်းကောက ငါ့ကို သဘောမကျဘူးဆိုတာ သိပါတယ်..စိတ်မပူပါနဲ့…ငါ မနက်ဖြန် ဝေ့မိသားစုကနေထွက်သွားပေးပါ့မယ်…မင်းနေရာမှာ ငါဆက်မနေတော့ပါဘူး…”


 လီယုံးနာ့က မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်းဘာတွေပြောနေတာလဲ...ရှီမင်းက အရင်တုန်းကလည်း ငါ့မြေး...အခုထိလည်း သူက ငါ့မြေးဖြစ်နေတုန်းပဲ... ငါတို့ ဝေ့မိသားစုက သူ့ကို ပျိုးထောင်ပေးဖို့ မတတ်နိုင်တာ မဟုတ်ဘူး…”


ထို့နောက် သူက ယင်မင်ကျန်းအား မကျေနပ်သော အကြည့်ဖြင့်ကြည့်လိုက်သည်။ 


စစချင်းတွင် အနည်းငယ် ကြောက်ရွံ့နေပုံရသည့် မဒမ်ဝေ့က ယင်းမင်ကျန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူက လီယုံးနာ့ဘက်လိုက်ကာ ပြောလာသည်။

 "ဟုတ်တယ်လေ ရှီမင်း…ဒါမျိုးတွေ မပြောပါနဲ့…မင်းအဖွား ဝမ်းနည်းနေလိမ့်မယ်…”


လီယုံးနာ့က ဝေ့ရှီမင်းဝမ်းနည်းနေသည်ကို တွေ့ပြီးနောက် ယင်းမင်ကျန်းအားဆုံးမလိုက်သည်။


 "ဝေ့မိသားစုက ငါတို့ရဲ့ဆက်ဆံရေးကို အရမ်းအလေးထားတယ်…ရှီမင်းက ငါ့ရဲ့အသက်ကို ကယ်ခဲ့ဖူးတယ်။သူက ငါ့ရဲ့ သွေးသားရင်းမဟုတ်ဘူးဆိုရင်တောင် သူက ဝေ့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတုန်းပဲ" 


လွန်ခဲ့သောတစ်နှစ်က လီယုံးနာ့က အင်ဆူလင်ဆေးကို မှားယွင်းသုံးစွဲမိပြီး သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဝေ့ရှီမင်းက အချိန်မီတွေ့ရှိခဲ့ပြီး သူ့အသက်ကို ကယ်နိုင်ခဲ့သည်။


ထိုအချိန်မှစ၍ လီယုံးနာ့က သူ၏ထိုမြေးကို အထူးမျက်နှာသာပေးခဲ့သည်။ 


မဒမ်ဝေ့ကလည်း ဝေ့ရှီမင်းကို ထွက်မသွားစေချင်ခဲ့ပေ။ ဝေ့ရှီမင်းက သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည့်သားဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူက ယခင်ကထက် ပိုမို၍ ကြင်နာသနားတတ်လာသည်။ အကယ်၍ သူသာ တကယ်ထွက်သွားလျှင် သူ အလွန်စိတ်မကောင်းဖြစ်ရလိမ့်မည်ဖြစ်သည်။


“မိဘတွေရဲ့လုပ်ရပ်က ကလေးနဲ့မဆိုင်ဘူး… ယင်းမိသားစုက ဝေ့မိသားစုရဲ့ ကလေးတစ်ယောက်ကို နှိပ်စက်မယ်ဆိုရင် ငါတို့က သဘာဝကျကျပဲ သူတို့နဲ့ စာရင်းရှင်းရမယ်ဆိုပေမဲ့ ငါတို့အားလုံးက ကျိုးကြောင်းဆီလျော်တဲ့ လူတွေပါပဲ…အပြစ်မဲ့တဲ့သူအပေါ်ကို ဒေါသပုံချလို့ မရဘူး…” 

လီယုံးနာက ပြောလိုက်သည်။


ဝေ့ရှန်ဟယ့်က ဘာမှမပြောပေ။ လီယုံးနာ့၏ ပြောစကားကို သူ သဘောတူသည် ဟု ယူဆနိုင်သည်။ 


ရှုနဉ် ဒေါသတကြီး ဖြစ်သွားသည်။ ထိုလူများက ဗီလိန်လေး မည်သည့်အရာများ တွေ့ကြုံခဲ့ရသည်ကို မသိကြဘဲ အားလုံးက ဝေရှီမင်းဘက်တွင် ရှိနေကြသည်။ ထိုအရာက သူ့ကို အမှန်တကယ် စိတ်ပျက်သွားစေသည်။


သို့သော်လည်း ကလေးများကို ရည်ရွယ်ချက်ရှိရှိ လဲလိုက်သည်ဟူသော သက်သေအထောက်အထားများက မရှိပေ။ ဗီလိန်လေးက စုံစမ်းရန် ဝူရှန့်ဆေးရုံသို့ပင် သွားခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။ သို့ဖြစ်၍ သူတို့ဘက်က ပြောနိုင်သည့်အရာ ဘာမှ မရှိတော့ပေ။ 


"အဖွားလီ…မင်ကျန်း အဲဒီတုန်းက အရမ်းခံစားခဲ့ရတာပါ…ကျိုးကျွမ်နဲ့ယင်းချန်းက သူ့ကို မူကြိုတောင် မပို့ခဲ့ဘူး… သူ့အတွက် အဝတ်အစားတောင်ဝယ်မပေးဘဲနဲ့ အဲဒီအစား အမှိုက်ပုံးထဲက အဝတ်အစားတွေကို ကောက်ပြီး ဝတ်ခိုင်းတယ်…ယင်းချန်းကလဲ သူ့ကို ခေါင်းပြုတ်မတတ် ရိုက်နှက်ခဲ့တာ...ဘယ်မိဘက ကိုယ့်သားသမီးအရင်းကို ဒီလို အကြမ်းဖက်နိုင်မှာလဲ…”


"လွန်ခဲ့တဲ့နှစ်ပ်ိုင်းလောက်က ယင်းချန်းနဲ့ကျိုးကျွမ်က မင်ကျန်းကို သူတို့ရဲ့သားအရင်းမဟုတ်ဘူးဆိုပြီး ဝန်ခံခဲ့တယ်…သူတို့က မင်ကျန်းကို ကောက်လာတာလို့တောင် ပြောခဲ့သေးတယ်… အဲ့တုန်းကဆို ယင်းချန်းက မင်ကျန်းကို ဆေးရုံမှာ ထိုးကြိတ်ခဲ့လို့ သေလုမျောပါးဖြစ်ခဲ့ရသေးတယ်… သူ့ဆေးရုံစရိတ်တွေပေးရမှာဆိုးလို့ မင်ကျန်းကို သူတို့ရဲ့ သားအရင်းမဟုတ်ဘူးဆိုတာ လူတိုင်းကို ပြောပြီး ကူညီဖို့ ငြင်းခဲ့တာ… ကျွန်တော်တို့အသိုင်းအဝိုင်းက လူတိုင်းက ဒီကိစ္စကို သိကြပါတယ်…” 


"သူတို့က သူ့ကို ဘယ်က ကောက်လာတာများလဲ... ဝေ့မိသားစုရဲ့ ကလေးကို လမ်းဘေးကနေ ကောက်လာတယ်လို့ တကယ်ကြီးထင်နေတာလား…”


"သက်သေပြဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ သက်သေမရှိပါဘူး၊ ဒါပေမယ့် ဒါက အမှန်တရားပဲ…”


ရှုနဉ် က မုန်တိုင်းတိုက်သကဲ့သို့ တရကြမ်းပြောလိုက်ပြီး သူ့စကားများက ကျည်ဆန်မိုးရွာချသကဲ့သို့ ဖြစ်နေသည်။သူတို့အားလုံး သူ့ကို ချေပရန်အခွင့်အရေး လုံးဝမပေးခဲ့ပေ။


သူပြောသည်ကိုကြားလိုက်သည်နှင့် လူတိုင်း အံ့ဩသွားသည်။


ဝေ့ရှီမင်းက သည်းမခံနိုင်ဘဲ ပြောလိုက်သည်။

 "ဒါကတော့ ဆေးရုံကအမှားလုပ်မိလိုက်တာလဲ ဖြစ်နိုင်တာပဲလေ.. ဆေးရုံက ကလေးချင်းလဲလိုက်တာလဲ ဖြစ်နိုင်တာပဲ…”


ရှုနဉ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ 

"မင်းဘာသာမင်းလဲ ပြန်ကြည့်လိုက်ဦး…တကယ်လို့ အဲ့လိုမျိုးဖြစ်ခဲ့တာသာဆိုရင် မင်းကို မေးခွန်းတစ်ခုလောက် မေးပါရစေ… ဆေးရုံက ကလေးတွေကို လဲလိုက်တာဆိုရင် ကျိုးကျွမ်နဲ့ယင်းချန်းက ဘာလို့ သူတို့ကလေးကို လမ်းကနေကောက်လာတာလို့ ပြောရတာလဲ…” 


"သူတို့ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားလို့ တခြားကလေးကို ပြုစုပျိုးထောင်ဖို့ကောက်လာခဲ့တယ်လို့ သူတို့ကိုယ်တိုင်ပြောခဲ့တာ…ငါပြောတာမဟုတ်ဘူး….မင်း မယုံဘူးဆိုရင် ချူကျိုးကလူတွေကို သွားမေးလို့ရတယ်…ပတ်ဝန်းကျင်ကလူတိုင်း ဒါကို သိကြတယ်…မင်း ဘယ်သူ့ကိုပဲဖြစ်ဖြစ် သွားမေးကြည့်လိုက်ရင် ငါပြောတာ အမှန်တွေလားဆိုတာ မင်းသိလာလိမ့်မယ်…”


“ဝေ့သခင်လေး…မင်း ရှင်းရှင်းလင်းလင်း နားထောင်တာ ပိုကောင်းလိမ့်မယ်… သူ့ကလေး သေသွားပြီလို့ ကျိုးကျွမ်ကပြောပြီး ယင်းမင်ကျန်းကို မွေးစားခဲ့တယ်လို့ ကျိုးကျွမ်ကပဲ ပြောခဲ့တာ… သူ့ကလေး သေသွားတာဆိုရင် မင်းက ဒီမှာ ဘယ်လို အသက်ရှင်နေသေးတာလဲ…ယင်းမင်ကျန်းကို မွေးစားခဲ့တာဆိုရင်လည်း သူက သူ့ကို ဘယ်ကနေကောက်ပြီးမွေးစားခဲ့တာလဲ…”


ဝေ့ရှီမင်း၏ မျက်နှာက ဖြူဖျော့လာပြီး သူ့ကို ချေပရန် စကားလုံးများ ရှာမတွေ့တော့ပေ။


ဗီလိန်လေးဆီသို့ သံသယများရောက်လာသည်နှင့် ရှုနဉ်က သူ့ကို အလွန်အမင်းပင် ကာကွယ်ပေးမည်ဖြစ်သည်။ သူက ရိုင်းစိုင်းသွားမိမည်ကို မကြောက်သကဲ့သို့ လူများအား စော်ကားမိမည်ကိုလည်း မကြောက်ပေ။


 “ဒီမှာရှိနေတဲ့ ဘယ်သူကမှ ငတုံးမဟုတ်ဘူး…မင်း အခု ဖြစ်ပျက်ခဲ့တာကို အားလုံး နားလည်သင့်ပြီမဟုတ်လား…”


"အမှန်တော့ ကျိုးကျွမ်မှာ အစကတည်းက မကောင်းတဲ့ရည်ရွယ်ချက်ရှိနေပြီးသား…မဒမ်ဝေ့ အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး ကလေးတွေကို တိတ်တိတ်လေးလဲလိုက်တာ သူ့သားကို တခြားသူရဲ့နေရာကို ယူစေချင်တာ…”


"သူတို့နဲ့ သွေးသားမတော်စပ်တဲ့ ကလေးတစ်ယောက်ကို ဂရုမစိုက်ဘူးဆိုတာ သိသာတယ်…ယင်းမင်ကျန်းကို ဆေးရုံတင်ဖို့လိုတော့ သူတို့က ချက်ချင်းပဲ သူ့ကိုစွန့်ပစ်လိုက်တယ်လေ…သူတို့ရဲ့သားအရင်းမဟုတ်ဘဲ သူတို့မွေးစားထားတဲ့ သားပါဆိုပြီး လူတိုင်းကို လိုက်ပြောပြခဲ့တာ…”


"ဒါက ယုတ္တိရှိတဲ့ ရှင်းပြချက်သက်သက်ပါပဲ…”


"ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာ သက်သေမရှိဘူး...ဒါပေမယ့် အဲဒါတွေက အဖြစ်မှန်တွေပဲ...အဲဒါကို မင်းအခု နားလည်ပြီလား…”


ဝေ့ရှီမင်းက ထပ်ပြောပြန်သည်။

 "ဒါတော့ ကျိုးကျွမ်နဲ့ယင်းချန်းက ယင်းမင်ကျန်းကို သဘောမကျလို့လည်း ဖြစ်နိုင်တာပဲ… သူ့ဆေးရုံစရိတ်မပေးရအောင်လို့ ယင်းမင်ကျန်းကို မွေးစားထားတာလို့ လိမ်ပြောကြတာနေမှာပေါ့…သူတို့ အဲ့လိုပြောတာ ဆေးဖိုးကြောင့်လည်း ဖြစ်နိုင်တယ်…”


ရှုနဉ် အနည်းငယ် အံ့သြသွားသည်။ သူ ဝေ့ရှီမင်းကို လျှော့တွက်ခဲ့သည်ပင်။ ထိုလူက အမှန်တကယ်ကို မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်သည်။


သူပြောသည်က အမှန်ပင်ဖြစ်သည်။ အကယ်၍ ကိစ္စများကို ထိုကဲ့သို့ ရှင်းပြပါက ကျိုးကျွမ်နှင့် ယင်းချန်းတို့က "ကလေးများကို တမင်လဲလိုက်ခြင်း"ဟူသည့် တာဝန်မှ လွတ်ကင်းသွားနိုင်သည်။


သက်သေအထောက်အထားမရှိသည့် အရာများက ဒုက္ခများလွန်းသည်။ 


ရှုနဉ် စိတ်ဆိုးသွားသည်။

 "အိုး... အဲ့တော့ မိဘက သူတို့ရဲ့ သားအရင်းကို တမင်တကာ အနိုင်ကျင့်မယ်လို့ မင်းက ပြောနေတာလား…မိဘတစ်ယောက်က ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ သူတို့သားအရင်းကို မွေးစားထားတယ်လို့ လိမ်ပြောမယ်လို့ မင်းပြောလိုက်တာလား…”


ဝေ့ရှီမင်းက ပြောလိုက်သည်။

 "ဒီလိုမိဘမျိုးက ရှားပေမယ့် ရှိနေတတ်တာပဲလေ…”



 ရှုနဉ်က နောက်ပြန်ဆုတ်ပြီးပြောလိုက်သည်။


 "ဝေ့သခင်လေး မင်းပြောလိုက်တဲ့ ရှားပါးတဲ့ မိဘမျိုးတွေဆိုတဲ့လူတွေက မင်းရဲ့ မိဘအရင်းတွေနော်… မင်း သူတို့အကြောင်း အခုလို ပြောတာကို သူတို့ကြားရင် သူတို့ စိတ်မကောင်းဖြစ်သွားမယ်လို့ မထင်ဘူးလား…”