Chapter 75
ဝေ့ရှီမင်း၏မျက်နှာက ပထမတွင် နီရဲလာကာ ထို့နောက် စိမ်းသွားသည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့၍ မကောင်းမှု နှစ်ခုထဲမှ အပြစ်လျော့သည့်အရာကိုသာ ရွေးရမည်ဖြစ်သည်။ ကျိုးကျွမ်က ကလေးများကို တမင် လဲခဲ့ကြောင်း ဝန်ခံရမည့်အစား သူတို့က ကြောက်စရာကောင်းသော လူများဖြစ်ကြောင်း ဝန်ခံလိုက်သည်က ပိုကောင်းသည်။
သူ့နှလုံးသားထဲတွင် မည်သည်က အရေးကြီးဆုံးဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်းသိနေခဲ့သည်။
ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ ငြင်းခုံနေကြသည့်အကြောင်းအရာကြောင့် အခြားလူအားလုံးက ရှုပ်ထွေးသွားကြသည်။ ရှုနဉ်က ယခုလေးတင် အလွန်ရှက်တတ်ပြီး စိတ်ရှည်တတ်သူဖြစ်ကြောင်း သိသာနေခဲ့သော်လည်း ထိုမျှလောက် တိုက်ခိုက်ပြောဆိုနိုင်မည်ဟု သူတို့ မမျှော်လင့်ခဲ့မိပေ။
ဝေ့မိသားစု၏ မိသားစု စုဝေးပွဲဖြစ်သည်မှာ သိသာသော်လည်း သူက သူတို့၏ထင်ပေါ်မှုကို လုံးဝဖုံးလွှမ်းသွားခဲ့သည်။ သို့သော်လည်း သူက ဧည့်သည်ဖြစ်နေသောကြောင့် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေလျှင်ပင် သူ့ကို အပြစ်မပေးနိုင်ကြပေ။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ အဖြစ်အပျက်များက ရှုပ်ထွေးမှုများဖြစ်လာခဲ့ပြီး မည်သည့်အရာက အမှန်၊ မည်သည့်အရာက အမှားဖြစ်ကြောင်း မည်သူကမှ မပြောနိုင်တော့ပေ။
မိသားစု၏ ဒုတိယနှင့် တတိယအိမ်တော်ခွဲများက ဝင်မပါကြဘဲ ရိုးရိုးလေးပင် ဘေးမှထိုင်ကာ ပွဲကြည့်နေကြသည်။ မည်သည့်ကိစ္စဖြစ်စေ သူတို့နှင့်ဘာမှမဆိုင်ပေ။ ပင်မ မိသားစုက သူတို့ကိုယ်သူတို့ အရူးလုပ်ခဲ့မည်ဆိုလျှင် ထိုအရာမှ သူတို့အတွက် အကျိုးကျေးဇူးများပင် ရနိုင်သေးသည်။
လီယုံးနာ့က မျက်မှောင်ကြုတ်လိုက်သည်။ ရှုနဉ်ပြောသည်ကို ကြားပြီးနောက် မဒမ်ဝေ့က တုံ့ဆိုင်းသွားသည်။
ကျိုးကျွမ်ကသာ သူ့ကလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ တကယ်လဲခဲ့သည်ဆိုရင် သူက ဘယ်လောက်တောင် စက်ဆုပ်ရွံရှာစရာကောင်းလိုက်တဲ့လူမျိုးလဲ...
ငါ့ဆီမှာမှ ဘာလို့ ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ…
ရည်ရွယ်ချက်ရှိရှိလဲလိုက်သည်ဟု တွေးလိုက်ပါက အားလုံး အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။
ဝေ့ရှီမင်းက အလွန်တော်သည်။ သို့သော်လည်း ကလေးများကို တမင်လဲလိုက်ခြင်းသာဖြစ်ခဲ့ပါက…….
ဝေ့သခင်မ၏ ဝေ့ရှီမင်းကိုကြည့်သည့် အကြည့်များက အလွန်ရှုပ်ထွေးလာသည်။
ဗီလိန်လေးက ရှုနဉ်ကို တိတ်တဆိတ် စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာ၏။
လီယုံးနာ့က ပြောလိုက်သည်။
"တော်လောက်ပြီ…အရင်မျိုးဆက်တွေရဲ့ အပြစ်အတွက်နဲ့ နောင်လာနောက်သားတွေကို ဒုက္ခမပေးသင့်ဘူး…ဘယ်လိုပဲဖြစ်ဖြစ် ဝေ့ရှီမင်းက ငါ့အသက်ကို ကယ်ခဲ့တဲ့သူပဲ….သူက ဘာအမှားမှ မလုပ်ခဲ့ဘူး... သူက အပြစ်ကင်းတယ်…”
သူ ဆိုလိုသည်ကို လူတိုင်းကြားနိုင်သည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လီယုံးနာ့က ဝေ့ရှီမင်းကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
ဝေ့ရှီမင်းသက်ပြင်းချလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး နီရဲနေသည့် မျက်လုံးဖြင့် လီယုံးနာ့အား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖွား..."
ရှုနဉ် ဒေါသထွက်ပြီး သေလုမတတ် ဖြစ်သွားသည်။
ဘာစကားမှ ဝင်မပြောသည့် ဝေယွမ်နင်းက ယင်းမင်ကျန်းအားမေးလိုက်သည်။
"မင်ကျန်း၊ မင်းဘယ်လိုထင်လဲ...”
ယင်းမင်ကျန်း၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီးပြောလိုက်သည်။
“အမှန်တိုင်းပြောရမယ်ဆိုရင် ဝေ့ရှီမင်း ဆက်နေဝာာဖြစ်ဖြစ်၊ထွက်သွားတာဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး…”
ဂရုမစိုက်ဘူးတဲ့လား…..
ထိုအရာက မဖြစ်နိုင်ဟု လူတိုင်းတွေးလိုက်သည်။ ယင်းမင်ကျန်းက ဝေ့ယွမ်နင်းအား ပြန်မေးလိုက်သည်။
"ပါးရော ဘယ်လိုထင်လဲ…”
ဝေ့ယွမ်နင်း အံ့အားသင့်သွားသည့်အခါ ယင်းမင်ကျန်းက ထပ်မေးလိုက်သည်။
"ပါးနဲ့မား က ကျွန်တော့်ကို သဘောကျရဲ့လား…ဒါက ကျွန်တော်ဂရုစိုက်တဲ့ တစ်ခုတည်းသောအရာပဲ... ကျန်တဲ့ဟာတွေက အရေးမကြီးဘူး"
ဝေ့ယွမ်နင်း၏ မျက်ခုံးများ ပြေလျော့သွားကာသူ့မျက်လုံးများကလည်း နူးညံ့လာသည်။
"ဒါ့ပေါ့ ပါးက မင်းကိုသဘောကျတယ်လေ…”
"ဒါဆိုရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ...ကျွန်တော် တခြားဘာကိုမှ ဂရုမစိုက်ဘူး… ဂရုစိုက်နေဖို့လည်း မလိုဘူး…”
ယင်းမင်ကျန်း၏ အသံသည် ယခင်က ကဲ့သို့ပင် တည်ငြိမ်နေသည်။
ဝေ့သခင်မ မျက်ရည်ကျလုမတတ်ဖြစ်သွား၏။ ဝေ့ရှီမင်းကို ကာကွယ်ရန် တိတ်တဆိတ် ကြိုးစားနေပုံက သူ၏သားကို နာကျင်စေနိုင်မှန်း သူသိလိုက်ရသည်။
ကလေးအလဲခံလိုက်ရသည်ကို သူမအလွန် စိတ်ဆင်းရဲခဲ့ရသည်။ ယခုလိုအဖြစ်မျိုးက အဘယ့်ကြောင့် သူ့ထံတွင်ဖြစ်လာရသည်ကို နားမလည်နိုင်ခဲ့ပေ။ ယခု ရှုနဉ်က နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကို ပြောလာသောအခါ ထိုအရာက အမှန်ဖြစ်နိုင်သည်ဟု သူမ ခံစားမိလာသည်။ ပြင်းထန်သည့် ရွံရှာမှုလှိုင်းလုံးကြီးက သူ့ကို ရိုက်ခတ်သွားပြီး ဝေ့ရှီမင်းအပေါ်ထားသည့် ချစ်ခြင်းမေတ္တာအချို့ကို ၎င်းနှင့်အတူ သယ်ဆောင်ယူသွားသည်။
သို့သော်လည်း ဝေ့ရှီမင်းက ဘာအမှားမှ မလုပ်ခဲ့ပေ။ တကယ်တမ်းတွင် သူက သူမကိုပင် ဂုဏ်တက်စေခဲ့သည်။ သူက လီယုံးနာ့ကို ကယ်တင်နိုင်ခဲ့သည့်အတွက် ဝေ့မိသားစုအတွင်း သူမ၏ အနေအထားလည်း တိုးတက်လာခဲ့သည်။ ကျန့်မိသားစုနှင့်လည်း လက်ထပ်ထိမ်းမြားရန် သဘောတူညီမှုရရှိခဲ့သည်။ ကျန့်မိသားစု၏ သမီးအကြီးဆုံးကလဲ သူကို အလွန်သဘောကျပြီး ကျန့်မိသားစုနှင့် ဝေ့မိသားစု နှစ်ခုကြားရှိ
ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးခဲ့သည်။
မဒမ်ဝေ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ဟုတ်သားပဲ….လက်ထပ်ဖို့ သဘောတူညီချက်…
ကျန့်မိသားစုနှင့် ဝေ့မိသားစုကြားရှိ လက်ထပ်စာချုပ်က သူမသားအရင်းအတွက် ဖြစ်သင့်သည်။ သို့သော် မစ္စတာကျန့်၏ ချစ်လှစွာသော မြေးမလေးကျန့်ယောင်က ဝေ့ရှီမင်းကို အလွန်သဘောကျသည်။
သူ စိတ်ရှုပ်သွားပြီး စားပွဲထိပ်တွင်ထိုင်နေသော ဝေရှန်ဟယ့် နှင့် လီယုံးနာ့တို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက ဝေ့ယွမ်နင်း၊ ဝေ့ရှီမင်းနှင့် ယင်းမင်ကျန်းတို့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအရာက သူမကို ခေါင်းကိုက်စေသည်။ နောက်ဆုံးတွင် သူမ ထိုကိစ္စကို ယခုအခိုက်အတန့်တွင် မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
ဝေ့ရှီမင်း၏ အိမ်ထောင်ရေး သဘောတူညီချက်ကို သူမ အစပိုင်းတွင် မစဉ်းစားမိခဲ့ပေ။ သို့သော်လည်း ကလေးများကို ရည်ရွယ်ချက်ရှိရှိ လဲလိုက်ခြင်းဖြစ်နိုင်သည်ကို သိရှိပြီးနောက်တွင် သူမ နောက်တမျိုးတွေးမိသွားသည်။
အကယ်၍ ကျိုးကျွမ်က ကလေးများကို အမှန်တကယ် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခဲ့ပါက၊ ထိုအရာများကမတူညီတော့ပေ။
ကလေးတွေ လဲလိုက်သည့် သူ့ရည်မှန်းချက်က ဘာများဖြစ်နိုင်မလဲ…ဟုတ်တာပေါ့…သူ့ကလေးက ဝေ့မိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ ချစ်ခင်မှုတွေကို အမွေဆက်ခံနိုင်စေဖို့ကတော့ သေချာတယ် …
လက်ထပ်ရန် သဘောတူညီချက်က အကြီးမားဆုံးသော ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ သူမ ယခုအချိန်တွင် အမှန်တရားကို ရှင်းရှင်းလင်းလင်း မသိသေးသော်လည်း ဝေ့မင်ကျန်းက သူမ၏သားအရင်းဖြစ်သည်။ လက်ထပ်ရန် သဘောတူညီမှုကို သူ့အတွက် ပြန်လည်ရယူရန် ကူညီပေးခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူ့သွေးသားရင်းချာကို ဒုက္ခလုံးဝ မပေးနိုင်ပေ။ အကယ်၍ သူသာ အရာအားလုံးကို ယခုအတိုင်းထားလိုက်လျှင် ရန်သူကို သူတို့လိုချင်သည့်အရာကို ရယူခွင့်ပေးလိုက်ခြင်းမျိုး ဖြစ်သွားနိုင်သည်။
ထိုအရာက ရိုးရှင်းသောတွက်ချက်မှုတစ်ခုသာဖြစ်ပြီး ဘယ်သူမဆို လုပ်နိုင်သည်။
ယနေ့တွင် ရှုနဉ်၏ စကားများကြောင့် ဝေ့မိသားစု၊အထူးသဖြင့် ဝေ့ရှန်ဟယ့် နှင့် ဝေ့ယွမ်နင်းတို့ကို သတိထားမိသွားစေခဲ့သည်။ သူတို့ မပျော်ရွှင်တော့ပေ။
ချမ်းသာသည့် သူများက ဘာမှမလုပ်ဘဲ ထိုင်နေရုံနှင့် ချမ်းသာလာခြင်းမဟုတ်ပေ။ သူတို့က ငတုံးမဟုတ်ကြ၍ စာအုပ်ထဲရှိ လှည့်ကွက်တိုင်းကို မြင်ဖူးပြီးသားဖြစ်သည်။
သူတို့ရဲ့ ကလေးတွေကို ဒီတိုင်းလေး လဲလိုက်တာဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…
ကလေးတွေကို ဒီလောက် လွယ်လွယ်ကူကူ လဲလိုက်နိုင်ရင် ဘာလို့များ ထီဝယ်မထိုးရတာလဲ…
ထို့အပြင်၊ ရှုနဉ်၏ စကားများအရ ယင်းချန်းနှင့်ကျိုးကျွမ်တို့က ဝေ့မင်ကျန်းအား အနိုင်ကျင့်ခဲ့သည်ကို သက်သေပြခဲ့သည်။ အနည်းငယ်မျှလောက်သော ဆေးရုံစရိတ်အတွက်နှင့် သူတို့က ကလေးကို စွန့်ပစ်ခဲ့ကြသည်။
မိဘက သူတို့သားသမီးအရင်းအပေါ်မှာ ဘယ်လိုကြောင့် အခုလိုလုပ်နိုင်ရတာလဲ...
အထူးသဖြင့် သူက သူတို့၏ တစ်ဦးတည်းသောသားပင်။မိသားစုချစ်ခင်စုံမက်မှုကို လျစ်လျူရှုထားလျှင်ပင် ထိုသို့လုပ်ဆောင်ရန်မှာ သူတို့ အကျိုးအတွက် အကောင်းဆုံးမဟုတ်ပေ။ နောက်ဆုံး သူတို့ အသက်ကြီးလာလျှင် သူတို့ကို ပြုစုစောင့်ရှောက်ရန် တစ်စုံတစ်ယောက်ကို လိုအပ်လာလိမ့်မည်။ သူတို့၍ တစ်ဦးတည်းသောသားကို သတ်လိုက်လျှင် ဆုံးရှုံးမှုက အကျိုးအမြတ်ထက် ပိုနေသည်။ ထိုသို့ ပြုလုပ်ခြင်းက သူတို့အတွက် မထိုက်တန်ပေ။
သို့သော်လည်း သူတို့တွင် သူတို့ကို ကူညီစောင့်ရှောက်ပေးနိုင်မည့် အခြားကလေးတစ်ဦးရှိနေသည်မှာ သေချာပါက ၎င်းက မတူညီသော ဇာတ်လမ်းတစ်ခုဖြစ်သွားပြီဖြစ်သည်။
လူတိုင်းက ရှုနဉ်၏ ဇာတ်ကြောင်းကို စတင် ယုံကြည်နေကြပြီဖြစ်သည်။
သို့သော်လည်း ထိုအရာက သူတို့နှင့် ဘာမှမဆိုင်ပေ။ သူတို့၏အကျိုးစီးပွားအတွက်၊ ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က ဝေ့ရှီမင်း ဆက်လက်နေထိုင်နိုင်ပြီး ပင်မအိမ်တော်ကို ဆက်လက်ဒုက္ခပေးနိုင်ရန် မျှော်လင့်ခဲ့ကြသည်။ ထိုနည်းအားဖြင့် ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားအတွက် ထိုအခြေအနေမှ အခွင့်ကောင်းယူနိုင်မည်ဖြစ်သည်။
ဝေ့ရှီမင်းက ဝေ့မိသားစုထဲသို့ ကျိုးကျွမ်မှ တမင်တကာ ထည့်သွင်းထားခြင်းဖြစ်ကြောင်း ယနေ့တွင် ပေါ်ပေါက်လာပြီးဖြစ်သည်။ ဝေ့ရှန်ဟယ့်၏မျက်လုံးထဲတွင် သူက အမွေဆက်ခံပိုင်ခွင့်မရှိတော့ပေ။ ထို့ကြောင့် သူက ဒုတိယနှင့် တတိယအိမ်တော်ခွဲများကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။ သူတို့က ပင်မအိမ်တော်ခွဲအတွက် ပို၍ဒုက္ခဖြစ်စေရန် သူ့ကို ဆက်နေနိုင်ရန် ထိန်းထားရမည်ဖြစ်သည်။ ထို့နောက် သူတို့က သူတို့(ပင်မအိမ်တော်)ထံမှ စီမံခန့်ခွဲပိုင်ခွင့်အချို့ကို ရယူနိုင်မည်ဖြစ်သည်။
ဝေ့ရှီမင်းက ဝေ့မင်ကျန်းကို ဖိနှိပ်ထားနိုင်လျှင် သူတို့ပို၍ပင် သဘောကျသေးသည်။ ဝေ့မင်ကျန်းက အရည်အချင်းမပြည့်မီဟု သတ်မှတ်ခံရပါက စီမံခန့်ခွဲပိုင်ခွင့် တစ်စုံတစ်ရာ ပေးအပ်မည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဝေရှီမင်းကလည်း သူမည်မျှထူးချွန်သည်ဖြစ်စေ မည်သည့်အရာကိုမျှ အမွေဆက်ခံနိုင်မည်မဟုတ်ပေ။ ထိုအရာက ရိုးရိုးရှင်းရှင်းနှင့်ပင် ပြီးပြည့်စုံသည့် ပွဲတစ်ခုဖြစ်သည်။
ထို့အပြင် ပင်မအိမ်တော်ခွဲတွင် ဇနီးဟောင်းထံမှ သားတစ်ဦးနှင့် သမီးတစ်ဦး ရှိသေးသည်။ သူတို့က နိုင်ငံခြားသို့ သွားနေကြသော်လည်း သူတို့နှစ်ဦးက ကိတ်မုန့်(အမွေ)၏ တစိတ်တစ်ပိုင်းအတွက် ပြန်လာကြမည်မှာ သံသယရှိရန်ပင် မလိုအပ်ပေ။ ထိုသို့ဖြစ်လာသည်နှင့် ပင်မအိမ်တော်ခွဲက ဖရိုဖရဲဖြစ်သွားပြီး ၎င်းမှ အကျိုးအမြတ်များရမည့်သူက ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့သာ ဖြစ်လိမ့်မည်။
" အမေပြောတာ မှန်ပါတယ်…အခုမှစပြီး ကျွန်တော်တို့အားလုံးက မိသားစုတွေပဲလေ …"
ယင်းမင်ကျန်း၏ ဒုတိယဦးလေး ဝေ့ယွမ်အန်းက ချစ်မြတ်နိုးစွာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး ရှီမင်းနဲ့ မင်ကျန်းတို့က ငါတို့ ဝေ့မိသားစုဝင်တွေပဲ…”
သူက ဝေ့ရှီမင်းအား အထူးတလည်ခေါ်ပြောလိုက်သည်။ "ရှီမင်း ငါ့စိတ်ထဲမှာတော့ မင်းကဝေ့မိသားစုရဲ့တစိတ်တပိုင်းပါပဲ…”
ဝေ့ရှီမင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလွန်အံ့ဩသွားသည်။
“ဦးလေး…”
သူကျေးဇူးတင်ပြီး ခေါ်လိုက်ကာ အလွန်အံ့ဩသွားသည်။
ယင်းမင်ကျန်း၏ တတိယဦးလေး ဝေ့ယွမ်ကျစ်ကလည်း ပြုံးပြီးပြောလိုက်သည်။
"ရှီမင်း၊ငါလည်း ဒီလိုပဲ တွေးထားတာပါ…”
ဝေ့ရှီမင်းက ထိုသို့ဖြစ်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ဖူးပေ။ သူ့အဖွားက သူ့ကို ထောက်ပံ့ရန် ထွက်လာပေးရုံသာမက ဒုတိယဦးလေးနှင့် တတိယဦးလေးလည်း ပါဝင်လာ၍ သူ့မျက်လုံးများက ခံစားချက်ကြောင့် နီရဲလာသည်။
ရှုနဉ်က ဝေ့မိသားစု၏ အတွင်းစိတ်အကြံအစည်များကို မသိခဲ့၍ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူအံ့ဩသွားခဲ့သည်။ ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က ဝေရှီမင်းကို အမှန်တကယ် ထောက်ခံပေးခဲ့ပြီး ဗီလိန်လေးကို လူသိရှင်ကြား အရှက်ရစေခဲ့၍ ရှုနဉ် ဒေါသထွက်သွားသည်။
ထို့နောက် ဝေ့ယွမ်အန်း နှင့် ဝေ့ယွမ်ကျစ်တို့က ဗီလိန်လေးဆီသို့ လှည့်ပြီး ပြောလိုက်သည်။
"အခုချိန်ကစပြီး ငါတို့က မင်းဦးလေးတွေ ၊ မင်းက ငါတို့ရဲ့ တူလေးပဲ၊ လာသောက်ရအောင်…”
စကားပြောပြီးနောက် သူတို့က စားပွဲပေါ်ရှိ ဝိုင်နီကို ကောက်ကိုင်လိုက်သည်။
ယင်းမင်ကျန်း အာ…မဟုတ်ဘူး… ဝေ့မင်ကျန်းဟု ခေါ်ရမည်ပင်။ ဝေ့မင်ကျန်းက အစမှအဆုံးအထိ မသိချင်ယောင် ဆောင်နေခဲ့ပြီး သူ့ဖန်ခွက်ကိုမြှောက်ကာ မတ်တပ်ရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ဦးလေးတို့…”
သူတို့ သုံးယောက်လုံး ဝိုင်သောက်လိုက်ကြသည်။
မဒမ်ဝေ့က အနည်းငယ် စိတ်ပူသွားသည်။ သူမက ဝေ့မင်ကျန်းကို ဝေ့ရှန်ဟယ့်နှင့် အခြားသူများကို အရင်ဦးဆုံး ခွက်တိုက်ရန် သတိပေးချင်နေသော်လည်း သူမ ဘာမှ မပြောရသေးခင်မှာပင် ဝေ့မင်ကျန်းက ဝိုင်ကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပြီးနောက် ဝေရှန်ဟယ့်နှင့် လီယုံးနာ့တို့ကို တို့စ် လုပ်လိုက်သည်။
ထို့နောက် ဝေ့ယွမ်နင်းနှင့် မဒမ်ဝေ့တို့အား တိုက်သည်။
နောက်ဆုံးတွင် သူက ဝေ့ရှီမင်းကို ခွက်ချင်းတိုက်ခဲ့သည်။
"ရှီမင်း မင်းငါ့ကိုကောလို့ တချိန်လုံး ခေါ်နေတာပဲ၊ ငါတို့က အခုမှစပြီး မိသားစုဖြစ်မှာဆိုတော့ အဆင်ပြေပြေနေကြရအောင်…”
ဝေ့ရှီမင်းက အမြန်ထရပ်လိုက်ပြီး သူ့ဖန်ခွက်ကို နှိမ့်ကာပြောလိုက်သည်။
"ကောက ယဉ်ကျေးလွန်းနေပါပြီ…ကျွန်တော်ကသာ ကောကို ငှဲ့ပေးတဲ့သူ ဖြစ်သင့်တာပါ…”
"ငါ မင်းကို မောင်းထုတ်ဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး….” ဝေ့မင်ကျန်း၏ မျက်လုံးများမှ အေးစက်သော အကြည့်တစ်ချက် ထွက်ပေါ်လာသည်။
"ဘာလို့လဲဆိုတော့ ငါမင်းကို လုံးဝဂရုမစိုက်ဘူးလေ…”
စကားကောင်းပြောတော့မည့် ဝေ့ရှီမင်းတစ်ယောက် နင်သွားသည်။
"..."
ဝေ့မိသားစုလည်း အံ့ဩသွားပြီး ရှုနဉ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပင်မအဆောက်အဦးထဲသို့ ဝင်လာစဉ် ဗီလိန်လေးက အထူးယဉ်ကျေးပြီး ဖော်ရွေသည့်ပုံပေါက်၍ ရှုနဉ်ပင် သူ၏ ပင်ကိုယ်စရိုက် ပြောင်းလဲသွားခြင်း သို့မဟုတ် တစ်ခုခုဖြစ်နေသည်ဟု ထင်မှတ်လုနီးပါးဖြစ်နေခဲ့သည်။
သို့သော်လည်း သူ၏ မဆင်မခြင်လုပ်တတ်သည့် စရိုက်က မပြောင်းလဲခဲ့ပုံပင်။
ဝေ့ရှန်ဟယ့်၏မျက်လုံးထဲတွင် အံ့ဩသွားသလိုအကြည့်က ဖြတ်ခနဲ ပေါ်လာသည်။
ဝေ့ရှီမင်း၏ မျက်နှာက ဒေါသကြောင့် စိမ်းသွားပြီး သူဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
ယခုလိုအခြေအနေမျိုးတွင် ဝေမင်ကျန်းကသာ ရိုင်းစိုင်းစွာပြောပိုင်ခွင့်ရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။ မည်မျှပင် ရိုင်းရိုင်းစိုင်းစိုင်း ပြောစေကာမူ သူ့ဘက်က သည်းခံရမည်သာဖြစ်သည်။ ဝေ့မင်ကျန်းကို ပြသနာလုပ်မိလျှင် သူက ဥာဏ်မဲ့သူဖြစ်သွားလိမ့်မည်။
“ ကော မင်းဘာလို့ခုလို ပြောရတာလဲ..”
ဝေ့ရှီမင်းက သူအနိုင်ကျင့်ခံလိုက်ရသကဲ့သို့ သနားစရာကောင်းသည့် မျက်နှာပေး လုပ်လိုက်သည်။
ထိုအရာက သူ၏ မာနထောင်လွှားတတ်သည့် ကိုယ်ရည်ကိုယ်သွေးနှင့် လုံးဝကိုက်ညီမှုမရှိသော်လည်း လီယုံးနာ့အား လုံးဝ ဆွဲဆောင်သွားနိုင်ခဲ့၍ မျက်မှောင်ကြုတ်လိုက်သည်။
"ဝေ့မိသားစုဝင်တွေက အချင်းချင်း စည်းလုံးပြီး မေတ္တာထားရမယ်…တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သည်းခံပြီး စေတနာထားရမယ်…”
သူက ဝေ့မင်ကျန်းကို ပြောလိုက်သည်။
"မင်းက ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာဆိုတော့ အနာဂတ်မှာ ကျင့်ဝတ်နဲ့ အမူအကျင့်တွေကို လေ့လာမယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်..”
သူမက သူ့ကို လက်ညှိုးထိုးပြီးကြိမ်းမောင်းခြင်းလည်း ဖြစ်နိုင်သည်။
လီယုံးနာ့က သူ့မြေးအသစ်ကို သဘောမကျ၍ မပျော်တော့ပေ။
အခြားသူများ၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအယာများ ပေါ်ပေါက်လာသည်။ ဝေ့မင်ကျန်းက သူတို့ကို စိတ်မပျက်စေရပေ။ သူပြန်လာသည်နှင့်တစ်ပြိုင်နက် ဝေ့ရှီမင်းကို စတင်တိုက်ခိုက်ခဲ့သည်။
ဝေ့မင်ကျန်းက သူ့အဖွား၏ ဆူပူသည့် အသံကို မကြားလိုက်ရသကဲ့သို့ ပြောလိုက်သည်။
“အဖွားပြောတာမှန်ပါတယ်…”
သူက ဆန့်ကျင်ပြောဆိုခြင်း မရှိပေ။
ဝေ့မင်ကျန်းကို ကြိုဆိုသည့် ဧည့်ခံပွဲက တဖြည်းဖြည်းနှင့် ပြီးသွားသည်။ လူတိုင်း စိတ်ထဲတွင် မတူညီသည့် အတွေးများ ကျန်ခဲ့သည်။
ညစာစားပြီးနောက် ဝေ့ရှန်ဟယ့်က သူနှင့် စကားပြောချင်မည်ဟု ရှုနဉ်ထင်ခဲ့သော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။
ရှုနဉ်က တွေးလိုက်သည်။
“သူငါ့ကိုမရှာဘူးဆိုတော့ ငါလည်း လုပ်စရာရှိတာကိုလုပ်ပြီး အနားယူရမယ်..."