အပိုင်း ၇၆
Viewers 11k

Chapter 76

အမျိုးသမီးဇာတ်လိုက် ပေါ်လာပြီ။



နောက်တစ်နေ့တွင် မဒမ်ဝေ့က ဝေ့မင်ကျန်း၊ရှုနဉ်တို့နှင့်အတူ ခမ်းနားသည့်ဖက်ရှင်ဖြင့် အပြင်ထွက်ခဲ့သည်။ သူတို့က ဇိမ်ခံစတိုးဆိုင်ပေါင်းများစွာကို သွားကာ ဈေးဝယ်ထွက်ခဲ့ကြပြီး ဝေ့မင်ကျန်းအတွက် လှပသော Omega Seamaster နာရီကိုပင် ဝယ်ခဲ့သေးသည်။ 


ဝေ့မင်ကျန်းကလည်း ရှုနဉ်အတွက် နာရီနောက်တစ်လုံး ထပ်ဝယ်ပေးချင်နေသောကြောင့် ရှုနဉ် အမြန်ငြင်းလိုက်သည်။ 


ဝေ့သခင်မလည်း ယင်းမင်ကျန်းက သူမကို ရှုနဉ် အတွက် နာရီတစ်လုံးဝယ်ပေးရန် ရည်ရွယ်သည်ဟု တွေးမိလိုက်သောကြောင့် သူမထိုနာရီအတွက် အမြန်ပဲ ငွေပေးချေလိုက်သည်။ ဝေ့မင်ကျန်းက ထိုအချက်ကို ခဏတာ တွေးကြည့်ပြီး နောက်ဆုံးတွင် ငြင်းဆန်လိုက်ကာ မဒမ်ဝေ့ကို ငွေချေခွင့် မပြုခဲ့ပေ။


ရှုနဉ် “……”သူ အလကား ယူချင်နေသကဲ့သို့ ခံစားရလိုက်ရသည်။ သူ လက်မခံချင်သော်လည်း သားအမိနှစ်ယောက်လုံးက သူ့ကို ထိုနာရီယူရန် တိုက်တွန်းနေကြသည်။ ရှုနဉ် လက်ခံလိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူက ထိုနာရီကို လုံခြုံသောနေရာတွင် သိမ်းထားရန် စီစဉ်ခဲ့သည်။ 


ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူက နာရီဝတ်ရသည်ကို မနှစ်သက်ပေ။ ထိုမျှလောက်စျေးကြီးသည့် တစ်ခုခုကို ဝတ်ရခြင်းက သူ့အတွက် သက်တောင့်သက်သာမရှိဖြစ်စေပြီး ဖျက်ဆီးမိသွားမည်ကို အမြဲကြောက်နေရလိမ့်မည်။


ကြွားဝါပြသရန်မှလွဲ၍ အခြားမည်သည့်အတွက်မှ အမှန်တကယ် အသုံးမဝင်ပေ။


သို့သော်လည်း အထက်တန်းစား လူ့အဖွဲ့အစည်းတွင် ကြွားဝါခြင်းက နေ့စဉ်ဘဝ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူ ဗီလိန်လေးကို အရှက်ကွဲအောင် မလုပ်နိုင်ပေ။ 


ထိုနာရီနှစ်လုံးအပြင် မဒမ်ဝေ့က သူတို့ကို အဝတ်အစားများဝယ်ပေးရန် ကုန်တိုက်သို့ ခေါ်သွားခဲ့သည်။ ဗီလိန်လေးတွင် ပိုက်ဆံများစွာရှိသော်လည်း သူက ဈေးဝယ်ရသည်ကို မကြိုက်သကဲ့သို့ ဇိမ်ခံပစ္စည်းများကိုလည်း မကြိုက်၍ သာမာန်ကျောင်းသားတစ်ယောက်နှင့် ကွာခြားမှုမရှိပေ။ ရှုနဉ်က သူ့ထံတွင် သူဌေးတစ်ယောက် ဟူသည့် လက္ခဏာမျိုး တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပေ။ ဗီလိန်လေး၏ဘဏ်အကောင့်ထဲရှိ နံပါတ်များကြောင့်သာ သူက သူဌေးတစ်ဦးဖြစ်သည်ကို သူသိနေခြင်းဖြစ်သည်။


ယခုနောက်ဆုံးတွင်မူ သူက သူဌေးတစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုကို ခံစားနေရသည်။ 


"ဒါကို မလိုချင်ဘူး၊ ဒီဟာ...ဒါနဲ့ တခြားဟာတွေ အကုန်လုံးကို ယူမယ်…”


ဇိမ်ခံစတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သောအခါ ဈေးနှုန်းအမှတ်အသားများကို မကြည့်သည့်လူများရှိသည် ဆိုတာ အမှန်ပင်ဖြစ်သည်။


ဖိနပ်ဝယ်သည့်အခါ အလုပ်သမားက အမှန်တကယ်ပင် ဒူးထောက်ပြီး အကူအညီပေးရသည်ဆိုတာများကလည်း အမှန်ပင်ဖြစ်သည်။ 


ထို ဇာတ်လမ်းတွဲများက အမှန်တကယ်ကို အစစ်အမှန်များဖြစ်သည်။


မဒမ်ဝေ့က ထိုသည်ကိုပင် မကျေနပ်သေးပေ။ 

"ငါတို့ အာဘာရဲ့ဒီဇိုင်နာတွေထဲက တစ်ယောက်ယောက်ကို မင်းရဲ့ကိုယ်တိုင်း တိုင်းဖို့ အိမ်ကို ခေါ်လိုက်သင့်တယ်….ပြီးရင် စိတ်ကြိုက် အဝတ်အစားတွေ ရနိုင်ပြီလေ…”


ရှုနဉ်က ခက်ခက်ခဲခဲ ပြောလိုက်သည်။

 "အန်တီ…အဲ့ဒါကို မင်ကျန်းအတွက်ပဲ လုပ်ပေးလိုက်ပါ…ကျွန်တော့်အတွက် မလိုအပ်ပါဘူး..." 


ဝေ့မိသားစုက သူ့ကို ပိုက်ဆံပြန်ပေးရန် တောင်းဆိုခဲ့လျှင် သူ သေချာပေါက် ပြန်ဆပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် မဒမ်ဝေ့သည် ဗီလိန်လေးက သူ၏သားဖြစ်သောကြောင့် ချစ်ခင်ပေးနေခြင်းဖြစ်သည်။ သို့သော် ရှုနဉ်က သူမနှင့် တော်စပ်မှုမရှိချေ။


သူက နောက်လိုက်လေးသာဖြစ်ရာ တူညီစွာ ဆက်ဆံခြင်းမျိုးကို သူ မခံစားနိုင်ပေ။


ဝေ့သခင်မက ရှုနဉ်ကို အစောပိုင်းတည်းက အမြင်ကောင်းရှိနှင့်ပြီးသားဖြစ်သည်။ ယခုတွင်မူ ကြိုဆိုပွဲ၌ သူပြောခဲ့သည့်စကားများကြောင့် သူမက သူ့ကို ပို၍ပင် အထင်ကြီးသွားသည်။ ရှုနဉ်က ယင်းမင်ကျန်းကို မည်မျှအထိအကာအကွယ်ပေးသည်ကို သူမ မြင်နိုင်ပြီး သူမက သူ့ကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြောနိုင်သည်။ 


အကယ်၍ သူသာ ဝေ့ရှီမင်းအပေါ် အနည်းငယ် တွယ်တာနေသေးလျှင် ရှုနဉ်၏ သဘောထားက သူကို စိတ်မသက်မသာ ဖြစ်စေလိမ့်မည်။ သို့သော်လည်း သူ၏နှလုံးသားက ယခုအခါ ဝေ့မင်ကျန်းဘက်သို့ တိမ်းညွတ်နေပြီဖြစ်သောကြောင့် ရှုနဥ်၏ အကာအကွယ်ပေးတတ်မှုက မှန်ကန်နေသည်။ 


ယခင်ကမူ ရှုနဉ်က ဝေ့မင်ကျန်း၏မွေးစားမိဘများ၏ သားဖြစ်သောကြောင့် ရှုနဉ်ကို ဂရုစိုက်ခဲ့ခြင်းဖြစ်သည်။ သူက ရှုနဉ်ကို ကောင်းမွန်စွာ ဆက်ဆံနိုင်သော်လည်း သူ့သားအရင်းထက် ပိုကောင်းအောင် မည်သို့သောအခါမှ ဆက်ဆံပေးနိုင်မည် မဟုတ်ပေ။ 


မမျှော်လင့်ဘဲ ဝေ့မင်ကျန်းက ရှုနဉ်အတွက် အလားတူနာရီတစ်လုံး ဝယ်လိုကြောင်း အတိအလင်းပြောလာခဲ့၍ မဒမ်ဝေ့ အံ့သြသွားသည်။ ရှုနဉ်က ဝေ့မင်ကျန်း၏ သာမန်သူငယ်ချင်းတစ်ဦး မဟုတ်ကြောင်း သူမ ချက်ချင်းနားလည်သွားခဲ့သည်။


ထိုအခြေအနေများကြောင့် သူမက သူတို့နှစ်ဦးကို တန်းတူဆက်ဆံပေးခဲ့သည်။ ဝေ့မင်ကျန်း ရသည့်အရာတိုင်းကို ရှုနဉ်လည်း ရပေလိမ့်မည်။


သူတို့နှစ်ယောက် အဝတ်အစားနှင့်ဖိနပ်များဝယ်နေသည်ကို သူမ တိတ်တဆိတ် စောင့်ကြည့်ခဲ့သည်။ ရှုနဉ်က ယင်းမင်ကျန်းအတွက် မည်မျှအရေးကြီးသည်ကို သူမ ထပ်မံအတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် သူမက ကြိုတင်မှာယူမှုအားလုံးကို ဖျက်သိမ်းလိုက်ပြီး ရှုနဉ်ကို အကောင်းဆုံး ဆက်ဆံခဲ့သည်။


ရှုနဉ်က မဒမ်ဝေ့ တွေးနေသည်ကို နားမလည်ပေ။ သူမ ထံမှ တစ်ခုခုကို လက်ခံရရှိသည့်အကြိမ်တိုင်း သူ လုံးဝဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။ 


မဒမ်ဝေ့က သူတို့ နှစ်ယောက်ကို ဈေးဝယ်ခေါ်သွားခဲ့ပြီးနောက် နေ့ခင်းဘက်တွင် သူမသည် သူတို့အား ဘေဂျင်းမြို့ကို လှည့်ပတ်ကြည့်ရှုရန် သူမကိုယ်တိုင် မောင်းနှင်ပြသပေးခဲ့သည်။ 


အိမ်တွင် စောင့်နေသည့် ဝေ့ရှီမင်းက သူ့အတွက် မဒမ်ဝေ့ ဝယ်ပေးသည့် ယွမ်သောင်းနှင့်ချီပြီးတန်သော အင်္ကျီတစ်ထည်ကို လက်ခံရရှိခဲ့သော်လည်း သူ့နှလုံးသားတစ်ခုလုံး ခါးသီးမှုမျိုးစုံဖြင့် ပြည့်လျှံနေသည်။


ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ သယ်လာသည့် ပစ္စည်းများကို တွေ့လိုက်ရသောအခါ ဝေ့ရှီမင်း၏မျက်လုံးများ နီရဲလာသည်။ထိုအရာများက သန်းပေါင်းများစွာတန်ဖိုးရှိကြောင်း တစ်ချက်လောက်ကြည့်လိုက်ရုံနှင့်ပင် သူ ပြောနိုင်သည်။ သူ ယခုမှ ပြန်ရောက်လာသည်ကိုပင် သူမက ထိုပစ္စည်းများအားလုံးကို သူ့အား ပေးနေသည်။နောင်အနာဂတ်တွင် သူမက သူ့ကို အခြားအရာများ ဘယ်လောက်တောင်ပေးမည်ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ သူမ ချူကျိုးတွင် ရှိနေစဉ်ကလည်း သူ့ကို လက်ဆောင်များစွာ ပေးဖူးသည်ပင် ဖြစ်ရမည်။


ထိုအရာ အားလုံးက သူ့ပစ္စည်းများသာ ဖြစ်သင့်သည်။ ယခုတွင်မူ သူက ယွမ်တစ်သောင်းတန်သည့် အင်္ကျီတစ်ထည်ကိုသာ ရခဲ့သည်။


သူ့အင်္ကျီက ရှုနဉ် ရထားသည့် ပစ္စည်းလောက်ပင် မကောင်းပေ။ ဝေ့ရှီမင်းက ထိုအရာများ အတွက် သူ့ကိုယ်သူ ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားခဲ့သည်။ သူက သခင်လေးအတုသာဖြစ်သောကြောင့် ယခုမှစပြီး သူ့ဘဝက ခက်ခဲလာတော့မည်ဖြစ်၍ ထိုအရာများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရန် သူသင်ယူရတော့မည်။ သို့သော်လည်း ဝေ့မင်ကျန်းကို ချစ်ခင်ပေးနေသည်ကို မြင်ရသည့်အချိန်တိုင်း သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ အဆိပ်ပြင်းသည့် မြွေတစ်ကောင်က သူ့ရင်ဘတ်ထဲတွင် ဝင်မွှေနေသကဲ့သို့ သူ မနာလိုဖြစ်နေမိသည်။


ဝေ့သခင်မက အလွန်ရက်စက်သည်။ သူမက သူ့ကို ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ခဲ့သော်လည်း သားအရင်းပြန်လာသည်နှင့် ချက်ချင်းပင် သူ့အသံပြောင်းသွားသည်။ သူက သွေးအေးလွန်းသည်။ 


ဝေ့ရှီမင်းက သူ့လက်ကောက်ဝတ်ရှိ ယွမ်ငါးသန်း တန် Patek Phillipe နာရီကို ထိလိုက်သည်။ သူ့အတွက် မဒမ်ဝေ့ဝယ်ပေးသည့် ရှပ်အင်္ကျီကို ဆွဲယူပြီး မဒမ်ဝေ့ သူ့ကိုကူပြီး အလှဆင်ပေးခဲ့သည့် ဇိမ်ခံအိပ်ခန်းထဲသို့ ၀င်သွားခဲ့ပြီးနောက် သူက ၁၉၈၂ခုနှစ် ထုတ် Château Lafite ဝိုင်ပုလင်းကိုဖွင့်ကာ စသောက်လိုက်သည်။ 


သူ့ရင်ထဲတွင် ခံစားခဲ့ရသည့် ဝမ်းနည်းမှုများကို သူ မဖယ်ရှားနိုင်ခဲ့ပေ။ သူနှင့် စကားပြောပေးနိုင်မည့်သူ တစ်ယောက်ယောက်ကို ရှာချင်မိလာသည်။


ဝေ့ရှီမင်းက သူ့ဖုန်းကိုဖွင့်လိုက်ပြီး ရင်းနှီးနေသည့် နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ 


ခဏအကြာတွင် ဖုန်းဝင်သွားပြီး ချိုသာသည့် စကားသံလေးက စပီကာမှ ထွက်ပေါ်လာသည်။ 

"ရှီမင်းလား...”


ဝေ့ရှီမင်းက သူ့ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးလေးနှင့် ခေါ်လိုက်သည်။

"ယောင်ယောင်..." 


သူ့အသံက ဝမ်းနည်းသည့်ပုံ ဖြစ်နေသည်။ 


ချိုမြိန်သာယာသည့် အသံလေးက ထပ်မံထွက်ပေါ်ပြီး မေးလာသည်။

"ဘာကိစ္စရှိလို့လဲ ရှီမင်း…”


ဝေ့ရှီမင်းက ပျော့ပျောင်းသည့် ဇိမ်ခံကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့မျက်လုံးလှလှလေးများက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ မည်သည့်စကားပြောရမည်ကို တွေးနေမိသော်လည်း မည်သည့်နေရာက စပြောရမည်ကို မသိပေ။ နောက်ဆုံးတွင် သူမေးလိုက်သည်။

 "ယောင်ယောင်၊မင်းကိုယ့်ကိုထားခဲ့မှာလား…”


ဖုန်းတစ်ဖက်ရှိ မိန်းကလေးက သူ၏အနာဂတ်ဇနီးလောင်း၊လက်ရှိချစ်သူ ဖြစ်သည့် ကျန့်ယောင် ဖြစ်သည်။ သူမကမေးလိုက်သည်။

 "ဒါပေါ့ မထားခဲ့ပါဘူး…ရှီမင်း ရှင်ဘာလို့ရုတ်တရက်ကြီး ဒီလိုမျိုး လာမေးနေတာလဲ…ဘာဖြစ်လို့လဲ…”


သူမ၏ တိကျသောအဖြေကိုကြားလိုက်ရသည့်အခါတွင် ဝေရှီမင်း အနည်းငယ် သက်သာသွားသည်။

 "တခြားလူတွေက ကိုယ့်ကို ထားသွားကြပြီ…ယောင်ယောင် ကိုယ့်မှာ မင်းပဲရှိတယ်…”


သူ့အသံက တိုးလျပြီး အက်ကွဲနေသည်။ ကျန့်ယောင်၏စိတ်ထဲ ချစ်ခြင်း၊သနားခြင်းတို့ဖြင့် သူမ နှလုံးသားက ချက်ခြင်းပျော့ပြောင်းသွားသည်။

 "ရှီမင်း ဘာဖြစ်နေတာလဲ…”


 ဝေ့ရှီမင်းက ဘာကိုမှ ရှင်းမပြခဲ့ပေ။ 

"ကိုယ့်မှာ မင်းရှိနေသ၍ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ဘာမဆို ကိုယ် သည်းခံနိုင်တယ်…”


သူ ထိုသို့ ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။ 


ခဏအကြာတွင် ကျန့်ယောင်က သူ့ကို အမြန်ဖုန်းပြန်ခေါ်သော်လည်း ဝေ့ရှီမင်းက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မကိုင်ခဲ့ပေ။ သူ စိတ်အခြေအနေ မကောင်းသောကြောင့် စကားမပြောချင်ခဲ့ပေ။ 


ဝေ့မင်ကျန်း၊ရှုနဉ်နှင့် မဒမ်ဝေ့တို့က ညနေခင်းတွင် ဗီလာသို့ပြန်မလာခင် တစ်နေ့ခင်းလုံး လျှောက်သွားနေခဲ့ကြသည်။ သူတို့ သုံးယောက်က ချူကျိုးတွင်လည်း မကြာခဏ အတူတူ အလည်အပတ်ထွက်လေ့ရှိသောကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေပြီးသားဖြစ်သည်။ ယခု သူတို့ မြို့တော်သို့ရောက်လာသည့် အချိန်တွင်လည်း သူတို့က တွင်းဟောင်းထဲသို့ မြန်မြန်ဆန်ဆန် ပြန်ကျလာပြီး (ရင်းနှီးလက်စရှိတော့ စိမ်းမနေဘူးလို့ ပြောချင်တာပါ။) ယခင်ကထက်ပင် ပို၍နီးကပ်လာကြသည်။


ခဏအကြာတွင် သူတို့ ဗီလာသို့ ပြန်ရောက်လာကြသည်။သူတို့ ကားပေါ်မှ ဆင်းလာသည်နှင့် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အိမ်တော်ထိန်းက သူ့တို့ကို နှုတ်ဆက်လာသည်။ သူက အရိုအသေပေးပြီးနောက် မဒမ်ဝေ့အားပြောသည်။

 "မဒမ်၊မမလေးကျန့်ရောက်နေပါတယ်..”


မဒမ်ဝေ့က မမလေးကျန့်ဟု ကြားလိုက်သည်နှင့် အံအားသင့်သည့် အမူအရာက သူ့ မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

 "ယောင်ယောင်လား...သူ ဘယ်အချိန်ကရောက်လာတာလဲ…”


အိမ်တော်ထိန်းက လေးလေးစားစား ဖြေလိုက်သည်။ 

"မမလေးက နေ့လည် ၃ နာရီဝန်းကျင်လောက်မှာ ရောက်လာတာပါ... သခင်လေး ဝေ့ရှီမင်းကို လာတွေ့တာလို့ ပြောပါတယ်…”


မဒမ်ဝေ့၏ အမူအရာက ပြောင်းသွားသည်။ 


သူမက မနေ့ကပင် လက်ထပ်စာချုပ်အကြောင်း ဝေ့ယွမ်နင်းနှင့် စကားပြောချင်ခဲ့သော်လည်း ထိုသို့ပြောရန် သူမအခွင့်အရေးမရသေးမီ ကျန့်ယောင်က ရောက်လာပေပြီ။


မဒမ်ဝေ့က ခဏစဉ်းစားလိုက်ပြီးနောက် သူက ဝေ့မင်ကျန်းနှင့် ရှုနဉ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"မား မင်းကိုပြောစရာရှိတယ်…”


ဝေ့မင်ကျန်းက ရှုနဉ်၏ ထောင်နေသည့်ဆံပင်များကို ကူဖိပေးနေသည်။ သူ့ စကားကိုကြားလိုက်သည်နှင့် မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက ကြည်လင်နေသည်။

 "မား…ဘာပြောမလို့လဲ" 


ကားက မောင်းထွက်သွားပြီဖြစ်သည်။ စင်္ကြန်တွင် ဝေ့မင်ကျန်၊ ရှုနဉ်၊ အိမ်တော်ထိန်းနှင့် မဒမ်ဝေ့တို့ လေးယောက်သာရှိသည်။ မဒမ်ဝေ့က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

"မစ္စကျန့်ဆိုတာ က ကျန့်ယောင်တဲ့၊ ကျန့်မိသားစုရဲ့ အဖိုးတန်မြေးမလေးပဲ...သူတို့မိသားစုက ဝေ့မိသားစုနဲ့ တော်တော်တူတယ်... မားတို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပြီးတော့ သူတို့ကိုမှီခိုဖို့ လိုအပ်တဲ့ အချို့နေရာတွေတောင် ရှိသေးတယ်… ကျန့်မိသားစုနဲ့ ဝေ့မိသားစုက အမြဲတမ်းဆက်ဆံရေးကောင်းကြတာမို့ မိသားစုနှစ်ခုက တရားဝင်လက်ထပ်ဖို့ သဘောတူစာချုပ်ချုပ်ခဲ့ကြတယ်…" 


"အဲဒီတုန်းက ဝေ့မိသားစုရဲ့ ပင်မအိမ်တော်ကသားနဲ့ ကျန့်မိသားစုရဲ့ ပင်မအိမ်တော်က အငယ်ဆုံးသမီး တို့ နှစ်ယောက်အတွက် ဖြစ်မယ်ထင်တယ်…”


မဒမ်ဝေ့က သူ၏ နားထင်များကို ပွတ်သပ်လိုက်သည်။ "အဲ့ဒါက ရှီမင်းနဲ့ ကျန့်ယောင်တို့ပဲ…သူတို့ နှစ်ယောက်က ကလေးဘဝကထဲက ချစ်သူတွေဖြစ်ကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းကြတယ်..."


ကျန့်ယောင်၏ နာမည်ကို ကြားလိုက်သည်နှင့် သူပြောမည်ကို ရှုနဉ် သိပြီးသားဖြစ်သည်။ ထိုအရာက သူ့အတွက် လုံးဝ အံ့သြစရာ မရှိပေ။ 


ထိုလက်ထပ်ရန် သဘောတူညီချက်အကြောင်းကို သူသိသည်မှာ ကြာပြီဖြစ်သည်။


သူ အခြားတစ်ခုကို စဉ်းစားနေမိသည်။ ဝတ္ထုတွင် ကျန့်ယောင်က ဝတ္ထု၏ အမျိုးသမီးဇာတ်လိုက်ဖြစ်သည်မှာ သေချာပြီး လူတိုင်းက သူ့ကို ချစ်ကြသည်။ အမျိုးသားဇာတ်လိုက် ဝေ့ရှီမင်းနှင့် ဗီလိန်ဝေ့မင်ကျန်းတို့က သူ့အတွက် သေသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ 


အမျိုးသမီးဇာတ်လိုက်ကို ရရန်အတွက် ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့က အချင်းချင်း တိတ်တဆိတ်သာမက ပွင့်ပွင့်လင်းလင်းပါ တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ဗီလိန်လေးက အထပ်မြင့် အဆောက်အအုံတစ်ခုမှ ပြုတ်ကျကာ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။ 


စာအုပ်အရ ဝေ့မင်ကျန်းက ကျန့်ယောင်ကို မြင်မြင်ချင်း ချစ်မိသွားသည်။ သူမက သူနှင့် စေ့စပ်ထားသူဖြစ်သင့်သည်ဟု သိလိုက်ရပြီးနောက် သူ့စိတ်ထဲတွင် ပြင်းပြသောဆန္ဒတစ်ခု ပေါ်လာသည်။ ကျန့်ယောင်က သူနှင့် သက်ဆိုင်သူသာ ဖြစ်သင့်သည်ဟုတွေးပြီး လက်လွှတ်မပေးလိုက်နိုင်ပေ။


အတိတ်တွင် ထိုကိစ္စကို တွေးမိတိုင်း ရှုနဉ်က ဗီလိန်လေး၏ အနာဂတ်ကို စိတ်ပူခဲ့သည်။ သို့သော်လည်း ယနေ့ ကျန့်ယောင်၏ နာမည်ကို ကြားလိုက်ရသောအခါ သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်ပေါ်လာပြီး ဗီလိန်လေးက ကျန့်ယောင်ကို ချစ်မိသွားတော့မည်ဟု မထင်မိတော့ပေ။


ယခင်ကဖြစ်ခဲ့လျှင် သူက သူတို့ကို စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးမည်ဖြစ်ပြီး အောင်သွယ်လုပ်ပေးရန် ဆန္ဒရှိသော်လည်း ယခု သူ မလုပ်ချင်တော့ပေ။


ဗီလိန်လေးက အမျိုးသမီးဇာတ်လိုက်ကို ချစ်ရန် အန္တရာယ်များလွန်းသောကြောင့် ဖြစ်နိုင်သည်။


ဝေ့မင်ကျန်းက မျက်တောင်ခတ်ပြီးပြောလိုက်သည်။ 

"ပြီးတော့ရော…”


ဝေ့သခင်မနှင့် ရှုနဉ်တို့ နှစ်ယောက် အံ့အားသင့်သွားကြသည်။

 "ပြီးတော့ရော ဆိုတာက ဘာကိုဆိုလိုတာလဲ…” 


ဝေ့သခင်မက မေးလိုက်သည်။

"ဝေ့မိသားစုနဲ့ ကျန့်မိသားစုမှာ လက်ထပ်ဖို့ သဘောတူညီမှု ရှိတယ်လို့ မားပဲပြောခဲ့တာလေ…ကျန့်ယောင်နဲ့ဝေ့ရှီမင်းက တွဲနေကြတယ်…ပြီးတော့ရော ဘာလဲ…ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ…”


ဝေ့မင်ကျန်းက စိတ်ဝင်တစား မေးလိုက်သည်။ 


ရှုနဉ် "..." 


ဝေ့သခင်မလည်း ခဏလောက် ပြောစရာစကားမရှိဖြစ်သွားပြီးနောက် သူက ပြောလိုက်သည်။

 "ကျန့်ယောင်က သားရဲ့ စေ့စပ်ထားသူဖြစ်ရမှာ…” 


ဝေ့မင်ကျန်းက နားလည်ကြောင်းဖော်ပြခဲ့သည်။ 

"ဒါက ဒီလိုပေါ့...မားက ကျွန်တော့်ကို ကျန့်ယောင်ရဲ့ ခင်ပွန်းလောင်း ဖြစ်စေချင်တာလား…”


ဝေ့သခင်မက ပြောလိုက်သည်။

"ဒါက မား ဖြစ်စေချင်တာ မဟုတ်ဘူး၊ သူ့ခင်ပွန်းလောင်းက မင်းပဲဖြစ်သင့်တာ…”


ဝေ့မင်ကျန်းက တစ်ခုခုပြောရန်ပြင်လိုက်သည့် အချိန်တွင် အသံတစ်ခု ထွက်လာသည်။

"တောင်းပန်ပါတယ် ကျွန်မ တခြားခင်ပွန်းလောင်းကို မလိုချင်ဘူး…”


မိန်းကလေးတစ်ယောက်၏ အသံကြောင့် သူတို့လှည့်ကြည့်လိုက်သောအခါ မနီးမဝေးနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် ရပ်နေသော လှပသည့်မိန်းကလေးတစ်ယောက် ကိုတွေ့လိုက်ရသည်။ သူမတွင် အနက်ရောင်ဆံပင်နှင့် အနက်ရောင် မျက်လုံးများရှိကာ အသားအရေက နှင်းများကဲ့သို့ဖြူစင်ပြီး နှုတ်ခမ်းများကလည်း ချယ်ရီပန်းပွင့်များကဲ့သို့ဖြစ်သည်။ 


သူက ချိုမြိန်ပြီး ချစ်စရာကောင်းကာ မျက်လုံးဝိုင်းဝိုင်းကြီးများနှင့်ဖြစ်သည်။


ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်၏ မျက်လုံးများကို ထိုသို့ ဖော်ပြထားသည်။ သူ့မျက်ဝန်းများက ကြည်လင်သန့်ရှင်းပြီး အသန့်စင်ဆုံးသောသမင်မျက်လုံးများနှင့် တူသည်။ ထိုမျက်ဝန်းများက ကာကွယ်ပေးလိုသည့်ဆန္ဒကို ရိုးရိုးရှင်းရှင်းပင် နှိုးဆော်နိုင်သည်။ တစ်ချက်တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏ ဖြူစင်သန့်ရှင်းသော နှလုံးသားကို မြင်နိုင်မည်ဖြစ်သည်။



ရှုနဉ်က ထိုကဲ့သို့သော မျက်လုံးမျိုးက မည်ကဲ့သို့ဖြစ်သည်ကို တစ်ခါမျှ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။ ယခု ထိုမျက်လုံးများကို အမှန်တကယ် တွေ့လိုက်ရသည့်အခါတွင် ရုတ်တရက် သဘောပေါက်သွားသည်။