အပိုင်း ၇၈
Viewers 11k

Chapter 78



အပြစ်ပေးခံရပြီးနောက် ဟူမေ့က ဝေ့မင်ကျန်းကိုရှောင်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ့ထံသို့ ပြေးဝင်မိသွားသည်။ သူမ၏အမူအရာက အဆင်မပြေဖြစ်လာပြီး ထွက်သွားရန်ကလွဲ၍ ကျန်သည့်အရာ ဘာကိုမှ မလိုချင်တော့ပေ။


ဝေ့မင်ကျန်း မျက်ခုံးပင့်လိုက်သည်။ 

" ခင်ဗျား ဒီမှာရှိနေသေးတာလား..." 


သူ့စကားကြောင့် ဟူမေ့၏နှလုံးသား တုန်လှုပ်သွားသည်။ 


ယမန်နေ့ကနှင့် ယနေ့အဖြစ်အပျက်များ အပြီးတွင် သူမက မိသားစုအတွင်းရှိ ဝေ့မင်ကျန်း၏ အနေအထားကို ရှင်းရှင်းလင်းလင်း သိလာခဲ့ပြီးဖြစ်သည်။ သူမ၏နှလုံးက ဒရမ်တစ်ခုသဖွယ် ခုန်နေသည်။ ဝေ့မင်ကျန်း၏ မှတ်ချက်ကို သူမ ကြားလိုက်သည်နှင့် "အိုး မင်း အလုပ်ထုတ်မခံရသေးဘူးပဲ”ဟု ဆိုလိုသည့် အဓိပ္ပါယ်ကို သူမ နားလည်သွားသည်။


သူမ ချက်ချင်းပင် စိတ်ရှုပ်လာသည်။ 


သူမကို အလုပ်ထုတ်မခံချင်ခဲ့ပေ။


"သခင်လေးမင်ကျန်း..." 

သူမ အံတင်းတင်းကြိတ်လိုက်သည်။

 "မနေ့က သခင်လေးကို အရှက်ရအောင်လုပ်ဖို့က သခင်လေးရှီမင်းရဲ့ အကြံအစည်ပါ…ကျွန် ကျွန်မကအမိန့်အတိုင်း လုပ်ရတာပါ…”


ယခုတွင်မူ သခင်လေးမင်ကျန်းနှင့် သခင်လေးရှီမင်းတို့က ကြိုဆိုပွဲ၌ ထိပ်တိုက်တွေ့ကြသည်ကို အစေခံများအားလုံး သိရှိပြီးဖြစ်သည်။ သခင်လေးရှီမင်းက ဝေ့မိသားစုထဲတွင် ဆက်ရှိနေဦးမည်ဖြစ်သော်လည်း မဒမ်ဝေ့က သခင်လေး မင်ကျန်းအပေါ် အနည်းငယ်ပို၍ သဘောထားကြီးကြောင်း ထင်ရှားသည်။ 


အကြောင်းအရင်းမှာ အလွန်သိသာသည်။ မည်သူမဆို ကိုယ့်သားအရင်းအပေါ် သဘောထားကြီးမည်ဖြစ်သည်။သားအတုကို သူ့သားအရင်းရဲ့ နေရာမှာ ဘယ်လိုများ ထားနိုင်ပါ့မလဲ…


သခင်လေးရှီမင်း၏ဘဝက ပြီးသွားပြီ ဖြစ်နိုင်သည်။ ထို့အပြင် သူမ ယမန်နေ့က အပြစ်ပေးခံခဲ့ရသော်လည်း သခင်လေးရှီမင်းက သူမအတွက် လုံးဝစိုးရိမ်ပုံမပေါ်ခဲ့ပေ။ ဟူမေ့၏စိတ်ထဲတွင် အနည်းငယ် နာကျည်းသွားသလို ခံစားလိုက်ရသည်။ သခင်လေးမင်ကျန်းက ပို၍ပို၍ အားကောင်းလာပြီး သခင်လေးရှီမင်းက တဖြည်းဖြည်း အာနည်းလာသည်။ ထို့အပြင် ဝေ့မင်ကျန်းက သူ့အား သင်ခန်းစာပေးထားပြီးဖြစ်၍ သူ့ကို ထပ်ရန်စရန် မတတ်နိုင်တော့သည်ကို သူမ သိသောကြောင့် တစ်ဖက်ကို ရွေးရမည်က သဘာဝကျပေသည်။ သူမသာ တုံးအလျှင် အမှန်တကယ် ကန်ထုတ်ခံလိုက်ရနိုင်သည်။


"အိုး..." 

ဝေ့မင်ကျန်းက မထင်မှတ်ထားသော ဆုလာဘ်တစ်ခု ရလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အခန်းဘက်သို့ ခေါင်းညိတ်ပြပြီး "ဝင်လာခဲ့" ဟု ပြောလိုက်သည်။ ဟူမေ့က သက်ပြင်းတစ်ချက်ချကာ အခန်းထဲသို့ အမြန်ဝင်လိုက်သည်။


ရှုနဉ်က သူတို့ နှစ်ယောက်၏ စကားပြောသံကိ ကြားနေရ၍ ရေခွက်ကို အမြန်ဖယ်ပြီး ဟူမေ့ကိုမေးလိုက်သည်။

"ဝေ့ရှီမင်းက ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိ အဓိပ္ပါယ်မရှိတာတွေအများကြီး ပြောပြဖို့ ညွှန်ကြားခဲ့တာလား…”


ဟူမေ့က ခေါင်းညိတ်လိုက်သည်။

 "ကျွန်မက သခင်လေးမင်ကျန်းနဲ့ ဘာမကျေနပ်ချက်မှ မရှိဘူးလေ…ကျွန်မက သခင်လေးကို သေချာပေါက် ထိခိုက်အောင် မလုပ်ပါဘူး…သခင်လေးရှီမင်းက ကျွန်မကို အမိန့်ပေးလို့ လုပ်ခဲ့တာပါ…ကျွန်မကအစေခံပဲ ဆိုတော့သခင်ရဲ့ အမိန့်ကိုနာခံရတာ သဘာဝပါပဲ…”


ဝေ့မင်ကျန်းက ကျန့်ယောင်နှင့်ဝေ့မင်ရှီးတို့ ယနေ့ မည်သည့်အရာများဖြစ်ခဲ့သည်ကို မေးမြန်းရန်အတွက် အစေခံတစ်ဦးကို ရှာဖွေခဲ့ခြင်းသာဖြစ်သည်။ အမှန်တရားကို ထိုမျှအလွယ်တကူ သူ့ဆီလာပို့ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထား၍ ပြုံးလိုက်မိသည်။

“အဲ့ဒါဆို အခုဘယ်သူက ခင်ဗျားရဲ့သခင်လဲ…”


ဟူမေ့က ရေတက်ရာနောက်သို့ လိုက်ပါနိုင်သူ(ရေလိုက်ငါးလိုက်ပြောတတ်သူ)ဖြစ်၍ အမြန်ပင်ပြောလိုက်သည် ။

 "ဒါပေါ့ သခင်လေးမင်ကျန်းက ကျွန်မရဲ့သခင်ပါ…”


ရှုနဉ်လည်း ထိုမိန်းမက သစ္စာမဲ့ပြီး ယုံနိုင်စရာမရှိ ဖြစ်လွန်းသည်ဟု ခံစားလိုက်ရသည်။ ဝေ့မင်ကျန်းက ဟူမေ့အကြောင်းကို အနည်းငယ် စိတ်ဝင်စားလာပုံရသည်။ 


“မင်းက ကျုပ်အမေရဲ့ ဝမ်းကွဲမိသားစုက လာတာလို့ ကြားဖူးတယ်…ကျုပ်က ခင်ဗျားရဲ့သခင်မဟုတ်ဘူး ဆွေမျိုးပါပဲ…”


ဟူမေ့ အလွန် ထိတ်လန့်သွားပြီး အနည်းငယ်အံ့သြသွားသည်။ 


"မိသားစုဆွေမျိုး ဆက်ဆံရေးအရပဲဖြစ်ဖြစ် အလုပ်သဘောအရ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ခင်ဗျားက ကျုပ်ဘက်မှာပဲရှိသင့်တယ် နားလည်ပြီလား…”

ဝေ့မင်ကျန်းက တိုးတိုးလေးပြောလိုက်သည်။ 


ဟူမေ့ အမြန်ပြန်ဖြေလိုက်သည်။

 "နားလည်ပါပြီ၊ ကျွန်မ နားလည်ပါတယ်…”


 "ကျန့်ယောင်က ဒီနေ့ ဝေ့ရှီမင်းကိုလာတွေ့တာ…ဟုတ်လား…"

ဝေ့မင်ကျန်းက မေးလိုက်သည်။


 ဟူမေ့က "ဟုတ်ပါတယ်"ဟုပြန်ဖြေသည်။


မေးစရာပင်မလိုဘဲ ကျန့်ယောင် ဝေ့မိသားစု ဗီလာသို့ ရောက်လာပြီးနောက် သူတို့နှစ်ယောက် လုပ်သည့်ကိစ္စကို ပြောပြလာသည်။


ကျန့်ယောင်က ဗီလာထဲသို့ ဝင်လာပြီးနောက် "ဝေ့ရှီမင်း ဘယ်မှာလဲ"ဟု စိုးရိမ်တကြီး မေးသည်။ ဝေ့ရှီမင်း သူ့အခန်းထဲတွင် ရှိနေကြောင်း သူမသိသွားသည်နှင့် သူ့ထံသို့ အလျင်စလိုပြေးသွားသည်။ ထို့နောက် နှစ်ယောက်သား အခန်းထဲမှ ထွက်လာကြပြီး ဧည့်ခန်းထဲတွင် အချင်းချင်း စကားစမြည်ပြောနေကြသည်။


ထိုသို့ပြောနေကြသည်မှာ မဒမ်ဝေ့က ဝေ့မင်ကျန်း၊ရှုနဉ်တို့နှင့်အတူ ပြန်ရောက်ချိန်အထိဖြစ်ပြီး နောက်ဆုံးတွင် ကျန့်ယောင်က ဧည့်ခန်းထဲမှ ထွက်လာခဲ့သည်။ သူက စင်္ကြန်ဆီသို့ လျှောက်သွားပြီးလက်ထပ်ရန် သဘောတူညီမှုကို မပြောင်းချင်ကြောင်း ကြေညာခဲ့သည်။ 


ဟူမေ့၏ပြောဆိုချက်အရ ကျန့်ယောင်ကို ထိုသို့ပြုလုပ်ရန် လှုံ့ဆော်သူမှာ ဝေ့ရှီမင်းဖြစ်ကြောင်း သူတို့နှစ်ဦးအခိုင်အမာ အတည်ပြုနိုင်ခဲ့သည်။ 


ထို့အပြင် ဝေ့ရှီမင်းက ယမန်နေ့ကပင် သူတို့ကို ဒုက္ခပေးနေပြီဖြစ်သည်။ 


ဝေ့မင်ကျန်း၏မျက်လုံးများက ကျဉ်းမြောင်းလာသည်။

"ငါ သူ့ကို ဂရုမစိုက်ဘူးလို့ ပြောထားပြီးသားပေမယ့် သူက ငါ့ကို အရမ်းဂရုစိုက်နေပုံရတယ်…”


ရှုနဉ် ဒေါသတကြီးဖြစ်သွားသည်။

"အဲ့လိုလူစားမျိုးက တော်တော် ရွံစရာကောင်းတာပဲ…” 


ယမန်နေ့တွင် ဝေ့ရှီမင်းက ဟူမေ့အား သူတို့ကို အချက်အလက်အမှားများ ပြောပြခိုင်းပြီး ဗီလိန်လေးကို တစ်မိသားစုလုံးရှေ့တွင် အရှက်ရစေရန် လုပ်ခဲ့သည်။ ယနေ့တွင် ဝေ့ရှီမင်းက ကျန့်ယောင်ကို ဗီလိန်လေးနှင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ဆက်ဆံရေးကို ဖြတ်တောက်ရန် သွေးထိုးလှုံ့ဆော်ခဲ့သည်။


ဝတ္ထုကို သူဖတ်ခဲ့စဥ်အချိန်က အမျိုးသားဇာတ်လိုက်က မရိုးဖြောင့်ကြောင်း ရှုနဉ် အမြဲတမ်း ခံစားခဲ့ရသည်။ သူက အဖြစ်ဆိုးတစ်ခုလုံးမှ အများဆုံးအကျိုးခံစားခွင့်ရခဲ့သည်မှာ ထင်ရှားသော်လည်း သူ့ကိုယ်သူ သားကောင်အဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ထိုအချိန်တွင်၊ သူက အမျိုးသားဇာတ်လိုက်ဖြစ်သောကြောင့်၊ သူ့စိတ်ထားက ဤမျှလောက်မဆိုးနိုင်ဟု ရှုနဉ်ထင်ခဲ့မိသည်။ ယခုတွင်မူ ဝေ့ရှီမင်းက အခြေအနေများမှ အကျိုးအမြတ်များ ရအောင်ယူနိုင်ရုံတင်မကဘဲ အခြားသူများကို ထောင်ချောက်ဆင်ရန် တက်ကြွစွာနေတတ်သူလည်း ဖြစ်ကြောင်း သူ စတင်သိရှိလာခဲ့သည်။ သူက အမှန်ပင် ရက်စက်ပြီး ကျိုးကျွမ်နှင့်တူသော လူမျိုးဖြစ်သည်။ 


ဝေ့မင်ကျန်း က လုံးဝ စိတ်ဆိုးပုံမပေါ်ပေ။ သူက စိတ်ကျေနပ်နေပုံရသည့် ဟူမေ့နှင့်ဆက်လက်ပြောဆိုခဲ့သည်။ 

"ဝေ့မိသားစုအကြောင်း ကျွန်တော်မသိသေးတာတွေ အများကြီးရှိတယ်…နောင်မှာ အန်တီမေ့ကို အားကိုးရတော့မှာပဲ…”


ဟူမေ့က သူ့၏အပြစ်ပေးခြင်းကို တစ်ကြိမ်ခံရပြီးနောက် ဘဝင်မြင့်ရန် သတ္တိမရှိသောကြောင့် အမြန်ပြောလိုက်သည်။

 "သခင်လေးမင်ကျန်းက ယဉ်ကျေးလွန်းနေပါပြီ... ကျွန်မသိသမျှအကုန်လုံး သေချာပေါက် သခင်လေးကို ပြောပြပါ့မယ်…”


ဝေ့မင်ကျန်းက သူ့ဘေးက ထိုင်ခုံကို ညွှန်ပြလိုက်သည်။

“အန်တီမေ့၊ထိုင်ပါဦး…”


ဟူမေ့ သတိထားပြီး ထိုင်လိုက်သည်။ ဝေ့မင်ကျန်းကလည်း ရှုနဉ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ 

"အန်တီ့ကို မေးချင်တာတစ်ခုရှိတယ်…လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက အဖွား အင်ဆူလင်ဆေးကို မတော်တဆမှားထိုးမိလို့ ဝေ့ရှီမင်းက သူ့ကို ကယ်လိုက်တာလား…”


ဟူမေ့က ပြောလိုက်သည်။

"ဟုတ်တယ်၊အဲ့လိုမျိုး ဖြစ်ခဲ့တာ…အဲဒီကတည်းက သူက သခင်လေးရှိီမင်းနဲ့ ပတ်သက်ပြီးအရမ်း အလိုလိုက်ခဲ့တာ...”


"အဲ့ဒီတုန်းက သူဘာလို့ ဆေးမှားသောက်မိတာလဲ…”


ဟူမေ့ ထိတ်လန့်သွားပြီး ခေါင်းခါလိုက်သည်။ 

"ကျွန်မလည်း ဘာလို့လဲ လုံးဝသေချာမသိဘူး…” 


ဝေ့မင်ကျန်းက ဆက်ပြောသည်။

“အဲဒီတုန်းက ဝေ့ရှီမင်းက အဖွားနားမှာ သူတစ်ယောက်ထဲ ရှိနေတာလား…”


ဟူမေ့ခေါင်းညိတ်လိုက်သည်။

 "ဟုတ်ကဲ့…”


ဝေ့မင်ကျန်းပြောနေသည်များကို ရှုနဉ် ပိုနားထောင်မိသည်နှင့် တစ်ခုခုမှားနေသည်ကို သူ ပိုသဘောပေါက်လာသည်။ ကြောက်မက်ဖွယ် ဖြစ်နိုင်ခြေတစ်ခုက သူ့ခေါင်းထဲသို့ ဝင်လာပြီး သူ မနေနိုင်ဘဲ ဝေ့မင်ကျန်းကို လှမ်းကြည့်လိုက်သည်။


ဝေ့မင်ကျန်းက ဟူမေ့ကို ဆက်မေးသည်။

 "အဖွားက သူ့အင်ဆူလင်ကို သူ့ဘာသာသူ ထိုးတတ်တာလား…”


ဟူမေ့ လည်း တစ်ခုခုမှားနေကြောင်း သိသွား၍ ခေါင်းယမ်းပြီးပြောလိုက်သည်။


"မဟုတ်ဘူး၊ ပင်မအဆောက်အဦးမှာ ကိုယ်ပိုင် ဆရာဝန်တွေနဲ့ သူနာပြုတွေရှိတယ်…ဆရာဝန်တွေက ည အိပ်မနေကြဘူး… ပြဿနာတစ်ခုပေါ်လာရင် သူနာပြုကပဲ အမြဲလာတယ်…မတော်တဆမှုဖြစ်တဲ့နေ့မှာ သူနာပြုက ဆေးကို ပြင်ဆင်ထားပေမဲ့ သူက ဆေးကိုမှားပြင်မိပြီး ထပ်မစစ်လိုက်မိဘူး...သူက တာဝန်ပျက်ကွက်ပြီး အပြင်ထွက်သွားလို့ သခင်မကြီးက ကိုယ်တိုင်ပဲ အင်ဆူလင် ထိုးလိုက်တာ…”


"သခင်မကြီးသုံးတတ်တဲ့ အင်ဆူလင်က အာနိသင်ပြတာကြာပြီး ပျော့ပေမယ့် သူနာပြုက အာနိသင်ပြတာမြန်တဲ့အင်ဆူလင်ကို ပြင်ဆင်ပြီး ဆေးကိုတိုးပေးထားတယ်…ရလဒ်ကတော့ သခင်မကြီးလည်း သေလုနီးပါး ဖြစ်သွားတယ်…အဲ့လိုဖြစ်နေတုန်းမှာပဲ သခင်လေးရှီမင်းက သခင်မကြီးဆီကို အလည်ရောက်လာတာ...သူ့အခန်းထဲ ဝင်သွားတော့ သခင်မကြီးက မြေကြီးပေါ်မှာ လဲနေတာကို တွေ့တော့ သကြားရေကို အမြန်ယူပေးရင်း အသက်ကို ကယ်လိုက်တာ…”


"သခင်လေးရှီမင်းက အရေးပေါ် ဝန်ဆောင်မှုတွေကို ဖုန်းဆက်ပြီး သခင်မကြီးကို ဆေးရုံ အမြန်ပို့လိုက်တယ်… သူနာပြုကတော့ အလုပ်ထုတ်ခံရပြီး ထောင်ကျလုနီးပါး ဖြစ်သွားတယ်…”


ဝေ့မင်ကျန်းက ခေါင်းညိတ်ပြသည်။ 

"သိပြီ…”


ဟူမေ့က ဂရုတစိုက်မေးလိုက်သည်။

 "သခင်လေးမင်ကျန်း၊အဲ့ဒါက ပြဿနာတစ်ခုခုရှိလို့လား…”


ဝေ့မင်ကျန်းက ပြောလိုက်သည်။

 "လောလောဆယ်တော့ ဘာပြဿနာမှမရှိပါဘူး၊ ကျွန်တော့်ကို ခဏနေရင် သူနာပြုရဲ့ အချက်အလက်တွေပေးပါ…”


သူ့ဖုန်းကို ထုတ်လိုက်ပြီး ဟူမေ့နှင့် ဖုန်းနံပါတ်များ ဝီချက်အကောင့်များ ဖလှယ်လိုက်သည်။ 


ဟူမေ့က မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။


ဝေ့မင်ကျန်း က နောက်ထပ် မေးခွန်းနှစ်ခု မေးလိုက်သေးသည်။ ဟူမေ့ ထွက်သွားပြီးနောက် ရှုနဉ်က မေးလိုက်သည်။

"မင်ကျန်း…မင်း အင်ဆူလင်နဲ့ ပက်သက်တဲ့ အဖြစ်အပျက်ကို သံသယရှိနေတာလား…အဲ့ဒီကိစ္စက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား…”


ဝေ့မင်ကျန်းက ပြောသည်။

"ဒါက ခန့်မှန်းချက်သက်သက်ပါပဲ…”


ရှုနဉ်က ဘာမှမသိသော်လည်း အချိန်ကာလအရ ဖြစ်ပျက်သွားသည်များက ရှင်းလွန်းနေသည်။ လွန်ခဲ့သည့်နှစ်နှစ်က သူ ကျိုးကျွမ်အား ပေကျင်းသို့သွားကာ ဝေ့ရှီမင်းကိုရှာရန်မှလွဲ၍ ရွေးချယ်စရာမရှိသော အနေအထားတစ်ခုသို့ တွန်းပို့ခဲ့သည်။ ထိုအခြေအနေမျိုးတွင် ကျိုးကျွမ်၌ လွတ်မြောက်ရန် လမ်းတစ်ခုသာ ရှိသည်။ သူ့သားအရင်းကို ပိုက်ဆံတောင်းရန် လိုအပ်သည်။


ဝေ့ရှီမင်းက သူ၏ အစစ်အမှန် ကိုယ်ရေးရာဇဝင်ကို ထိုအချိန်က သိသွားလောက်ပြီး မကြာမီတွင် လီယုံးနာ့က အင်ဆူလင်ဆေးကို မှားယွင်းအသုံးပြုပြီးနောက် သေဆုံးသွားလုနီးပါးဖြစ်သည်ကို ဝေ့ရှီမင်းက ကယ်တင်နိုင်ခဲ့သည်။ သူ့အသက်ကို ကယ်တင်ခဲ့သောကြောင့် လီယုံးနာ့က သူ့ကို ကြိုဆိုပွဲအတွင်း နှလုံးသားနှင့်ရင်းပြီးအကြွင်းမဲ့ ကာကွယ်ပေးခဲ့သည်။ ကလေးများကို တမင်လဲခဲ့လျှင်ပင် ဝေ့ရှီမင်းကို ဆက်နေခိုင်းရန် အခိုင်အမာ ပြောနေဆဲဖြစ်သည်။


ထိုအဖြစ်အပျက်နှစ်ခုက အချိန် အလွန် နီးကပ်စွာ ဖြစ်ပွားခဲ့သည်။ 


သူတို့ကြားမှာ တကယ်ပဲ ဘာဆက်စပ်မှု မှ မရှိခဲ့ဘူးလား….


ယခု ဝေ့မင်ကျန်း၏ အာရုံက အလွန် ထက်မြက်နေပြီး အသေးငယ်ဆုံးသော သဲလွန်စမှ ပြဿနာများစွာကို သူရွေးချယ် သိနိုင်သည်။ 


"ဝေ့ရှီမင်းကို ဂရုမစိုက်ဘူး"ဟု သူ ယခင်ကပြောခဲ့ဖူးပြီး ထိုအရာက အမှန်ပင်ဖြစ်သည်။ သူက သူ့မိဘများ၏ ချစ်ခြင်းမေတ္တာကိုသာ ရယူချင်ခဲ့ပြီး ထိုအရာကသာ သူ အလိုအပ်ဆုံးအရာဖြစ်သည်။ ထိုအရာကို သူ ခုခံရန် အလွန်ခက်ခဲသည်။


ဝေ့ရှီမင်းကို ဘယ်သူက ဂရုစိုက်နေလို့လဲ…


ဝေ့ရှီမင်းကို သူ လုံးဝ စိတ်ထဲ ထည့်မထားခဲ့ပေ။


သို့သော်လည်း ဝေ့ရှီမင်းက သူ့ကို စော်ကားမည်ဆိုပါက ထိုအရာက လုံးဝကို နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။


မကြာခင်မှာပဲ ဟူမေ့က သူနာပြုဆရာမ၏ အချက်အလက်ကို ရှာတွေ့ပြီး ဝေ့မင်ကျန်းအား လွှဲပြောင်းပေးခဲ့သည်။


သူနာပြုဆရာမက အထူးလေ့ကျင့်မှုသင်တန်းများ တက်ခဲ့သူဖြစ်သည်။ သူမက အလွန် စည်းကမ်းတင်းကြပ်ပြီး ထို စည်းကမ်းတင်းကျပ်မှုနှင့် အာရုံစူးစိုက်မှုတို့ကြောင့် ဝေ့မိသားစု၏ သီးသန့်သူနာပြုတစ်ဦးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။ ယခင်က သူမ အမှားမလုပ်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ဝေ့မိသားစုမှ နှင်ထုတ်ခံခဲ့ရသည်။


ဝေ့မင်ကျန်းက သူနာပြု၏ ကိုယ်ရေးရာဇ၀င်ကို ဖတ်သည်။ ဆက်သွယ်ရန်အချက်အလက်က ဝန်ဆောင်မှုပြင်ပတွင်ရှိသည့် ဖုန်းနံပါတ်တစ်ခုသို့သာ ရောက်သွားခဲ့သည်။ သူနာပြုက ဝေ့မိသားစုမှ ထွက်သွားပြီးနောက် သူမ၏ တည်နေရာကို မသိရပေ။ 


လီယုံးနာ့က ရည်ရွယ်ချက်ရှိရှိ ဆေးမှားပေးခြင်းခံရကြောင်း အတည်မပြုနိုင်သော်လည်း ဝေ့မင်ကျန်း အနည်းငယ် သံသယဖြစ်နေမိသည်။ စစ်ဆေးရာတွင် အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန်အတွက် သူ ပေကျင်းရှိ စုံထောက်အေဂျင်စီကို ဆက်သွယ်ခဲ့သည်။ သူက ထိုအေဂျင်စီကို သူနာပြုဆရာမ၏ အချက်အလက်ကို ပေးပို့ပြီး သူ့အား စုံစမ်းစစ်ဆေးရန် ပြောခဲ့သည်။


ဝေ့ရှီမင်းက လှုပ်ရှားနေပြီဆိုလျှင် သူလည်း ထိုင်မနေနိုင်တော့ပေ။


ထိုနေရာတွင် ကျိုးကျွမ်ကို အသုံးချ၍ ရနိုင်သည်။ 


သူ အခုဘယ်မှာရှိနေနိုင်လောက်လဲ…


*


သာမန်တိုက်ခန်းတစ်ခုအတွင်းတွင် ပန်းရောင်ဝတ်စုံနှင့် မိတ်ကပ်များစွာလိမ်းထားသည့် အမျိုးသမီးတစ်ဦးက အနည်းငယ်ဆွဲဆောင်မှုရှိသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် လမ်းလျှောက်နေသည်။ ထိုအမျိုးသား၏လက်ကို ဆုပ်ကိုင်ထားသည့်လက်က လက်သန်းတစ်ချောင်း ပျောက်နေသည်။ 


"မင်းဒီမှာနေတာလား…”

ထိုလူကမေးလိုက်သည်။

“ဒါက တကယ်ကြီးမင်းရဲ့ တိုက်ခန်းလား…” 


"ဟုတ်ပါတယ်လေ ၊ဒါက ကျွန်မတိုက်ခန်းပဲ…”

ကျိုးကျွမ်က ခပ်မြန်မြန် ပြောလိုက်သည်။ 


ထိုလူက ပြောသည်။

 "အရင်ဦးဆုံး တက်သွားကြည့်ရအောင်…” 


ကျိုးကျွမ်က ထိုလူနှင့်အတူ ဓာတ်လှေကားထဲသို့ အမြန်ပြေးသွားပြီး ဆယ့်ခုနစ်ထပ်ကို တက်ရန် ခလုတ်ကို နှိပ်လိုက်သည်။ 


သူမ၏ ခက်ခဲသည့်အချိန်များက နောက်ဆုံးတွင် ပြီးသွားခဲ့ပြီဖြစ်သည်။


လွန်ခဲ့သော နှစ်နှစ်က သူမအတွက် အသက်ရှင်နေသည့်ငရဲဖြစ်ခဲ့သည်။


ငွေတိုးချေးသူများက သူတို့ကို ပိုက်ဆံပေးရန် သူမကို ဖိအားပေးခဲ့၍ ပေကျင်းကိုလာပြီး ဝေ့ရှီမင်းကိုရှာရန်ကလွဲ၍ သူမတွင် ရွေးချယ်စရာမရှိပေ။ ဝေ့ရှီမင်းက အစပိုင်းတွင် သူမအား အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ ပြင်ဆင်လာသော ယင်းချန်း၏ ဓာတ်ပုံကို ပြသခဲ့သည်။ 


ဝေ့ရှီမင်းက ဝန်ခံရန် တွန့်ဆုတ်နေသောကြောင့် သူမက ဝေ့ရှီမင်း၏ဆံပင်ကို DNA စစ်ဆေးရန် တိတ်တဆိတ် အသုံးပြုခဲ့သည်။ ထို့နောက် သက်သေများကို သူ့ရှေ့သို့ ပစ်ချပေးလိုက်သည်။ ဝေ့ရှီမင်းလည်း အဖြစ်မှန်ကို ရင်ဆိုင်ရုံမှတပါး မတတ်နိုင်တော့ပေ။


ကမောက်ကမ ဖြစ်သော်လည်း ငွေတိုးချေးသူများ၏ အကူအညီမပါလျှင် ဝေ့ရှီမင်း၏လက်ခံမှုကိုရရန် သူမ မည်သို့မျှ မတတ်နိုင်ပေ။ ငွေတိုးချေးသူများက ဝေ့ရှီမင်း၏ကျောင်းနှင့်လိပ်စာကို ရှာဖွေပေးသည်။ ငွေတိုးချေးသူများကြောင့်သာ မဟုတ်လျှင် ဝေ့ရှီမင်းကို သူမ အစအနလေးပင် ဖမ်းမိနိုင်မည်မဟုတ်ပေ။ ဝေ့ရှီမင်းကသူမကို ရှောင်နေပြီး DNA စစ်ဆေးရန် အခွင့်အရေးပင် မပေးခဲ့ပေ။


အချိန်အတန်ကြာ ရုန်းကန်ပြီးနောက်ဆုံးတွင် သူမ ဆံပင်နမူနာကို ရရှိခဲ့သည်။ ငွေတိုးချေးသူများက သူမအား DNA စစ်ဆေးမှုကို ပြီးမြောက်အောင် ကူညီပေးခဲ့သည်။ နောက်ဆုံးတွင် သူတို့က ဝေရှီမင်းကို နောက်ထပ်တစ်ကြိမ်တွေ့ရန် သူမကို ခေါ်သွားပြီး အဖြစ်မှန်ကို လက်ခံရန် ဖိအားပေးခဲ့သည်။ 


ဖြစ်စဉ်တစ်ခုလုံးက တစ်လကြာသွားခဲ့သည်။ အစပိုင်းတွင် သူမက ငွေတိုးချေးသူများကို မယုံနိုင်လောက်အောင် ကြောက်ခဲ့သည်။ သူတို့က သူမ၏ လက်ချောင်းများကို ဖြတ်တောက်ခဲ့သောကြောင့် သူတို့ကို မုန်းတီးခဲ့သည်။ သို့သော် အဆုံးတွင် သူမက သူတို့အား အလွန်ကျေးဇူးတင်မိသည်။ 


ဝေ့ရှီမင်းက သူမကို ရွံရှာရုံမှတပါး အခြားခံစားချက်မရှိသောကြောင့် သူ့ထံမှ ချစ်ခင်တွယ်တာမှုကို မရရှိခဲ့ပေ။သူက သူမကို ချူကျိုးသို့ ပြန်ပို့ရန် မစောင့်နိုင်ဘဲ သူမကိုလည်း ထပ်မတွေ့ချင်တော့ပေ။


ကျိုးကျွမ်က ထိုအရာကို လက်မခံနိုင်ခဲ့ပေ။ ဝေ့ရှီ

မင်းအတွက် သူမ အလွန် အနစ်နာခံခဲ့ရသော်လည်း သူက လုံးဝ ကျေးဇူးမသိတတ်ပေ။ 

ငွေတိုးချေးသူများကြောင့်သာ မဟုတ်ရင် ဝေ့ရှီမင်း….ဒီ ရက်စက်တဲ့ ခွေးကောင်က သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်နဲ့ ငါ့ကိုမောင်းထုတ်လိမ့်မယ်…