Chapter 79
အမည်ပြောင်းလဲခြင်း
သူမမိဘများ၏ နှင်ထုတ်ခြင်းကို ခံရပြီးနောက် သူမထံတွင် မည်သည့်ပိုက်ဆံမှ မရှိခဲ့ပေ။ သူမက ငွေတိုးချေးသူများ၏ လိုက်ဖမ်းခြင်းကို ခံနေရပြီး လက်ချောင်းများကို အဖြတ်ခံလိုက်ရကာ သူမ၏မျှော်လင့်ချက်အားလုံးကို ပုံအောထားသည့် သားက ကျေးဇူးကန်းသူတစ်ယောက် ဖြစ်နေခဲ့၍ ကျိုးကျွမ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ယခု သူမက ပိုက်ဆံကိုသာ လိုချင်ကာ အချစ်ကို မေ့လိုက်ပြီဖြစ်သည်။
ဝေ့ရှီမင်းကို စကားနားထောင်ရန်အတွက် ဖိအားပေးရန် သူမက ငွေတိုးချေးသူများနှင့် ပူးပေါင်းခဲ့သည်။ ဝေ့ရှီမင်းကို ဖိအားပေးရန် သူတို့၏ ပါဝါနှင့် ချိတ်ဆက်မှုများကို အသုံးပြုခဲ့သည်။ ငွေတိုးချေးသူများက ဝေ့ရှီမင်းကို အသံသွင်းထားသည့်ဖိုင်အတွက် ယွမ်ဆယ်သန်းနှင့် လဲလှယ်ခိုင်းသည်။ ကျိုးကျွမ်ကလည်း သူတို့ထံမှ ယွမ်နှစ်သန်းရရှိမည်ဖြစ်သောကြောင့် သူတို့သဘောအတိုင်း လုပ်ခွင့်ပေးခဲ့သည်။
သူမက မိသားစု၏ ချစ်ခင်မှုကို စွန့်လွှတ်လိုက်သောကြောင့် အားလုံးကို စွန့်ပစ်လိုက်နိုင်သည်။ ဝေ့ရှီမင်းထံမှ အရာမျိုးစုံကို အရှက်မဲ့စွာ တောင်းဆိုခဲ့သည်။
အကယ်၍ အမှန်တရား ပေါ်ပေါက်လာလျှင် သို့မဟုတ် ဝေ့ရှီမင်း တစ်ခုခုကို ဖော်ထုတ်လိုက်လျှင် သူ့ထံမှ ပိုက်ဆံ ထပ်မရနိုင်မှန်း သူမ သေချာ သိသည်။ သူ လုပ်နိုင်စဉ်အချိန်အတွင်း ရနိုင်သလောက် ညှစ်ထုတ်ရန် လိုသည်။
သူမက ငယ်ရွယ်သေးကာ အသက်ငါးဆယ်အရွယ်တွင်ပင် ကလေးမွေးနိုင်သည့်သူများ ရှိသေးသည်။
သူမကရော ဘာလို့ မတတ်နိုင်ရမှာလဲ…
သူမ သေချာပေါက် ထိပ်ဆုံးကို ရောက်အောင်သွားရမယ်…
သူ့မှာ ပိုက်ဆံရှိနေသေးသရွေ့ သူ လူအသစ်ရှာပြီး သာယာသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။ သူမက နောက်ကလေးတစ်ယောက်မွေးပြီး ထိုကလေးကို သူမကိုယ်တ်ိုင် ပြုစုပျိုးထောင်မည်။ သူမ၏ကလေးက သူမအသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ပေးလိမ့်မည်။
ကျိုးကျွမ်က ရှုံးနိမ့်သူဖြစ်လာမည်မဟုတ်ကြောင်းကို သူမ၏ မွေးရပ်မြေကလူတိုင်းအား အသိပေးချင်ခဲ့သည်။သူမက အခြားသူများ၏အထက်တွင် ရပ်နေနိုင်တော့မည်ပင်။
သူမကို မောင်းထုတ်လိုက်သည်က သူတို့၏ အကြီးမားဆုံးအမှားဖြစ်ကြောင်း သူမမိဘများအား အသိပေးချင်သည်။
သူ့ညီမကိုလည်း သူမကသာ ပိုကောင်းသည့်သူဖြစ်ကြောင်း သိစေချင်သည်။
ဝေ့မိသားစုက ဝေ့ရှီမင်းကို အလွန်ချစ်သည်။ သူ ငယ်စဉ်အချိန်ကပင် RV တစ်လုံးနှင့်စတိုးဆိုင်တစ်ခုကို ပေးခဲ့ပြီး သူ၏ ဘဏ်အကောင့်ထဲတွင် စုဆောင်းငွေအများအပြား ရှိသည်။ ကျိုးကျွမ်နှင့်ငွေတိုးချေးသူများက သူ့ကို ငွေညှစ်ရန် အတူတကွ လုပ်ဆောင်ခဲ့ပြီး ပြေလည်သွားခဲ့သည်။
ဝေ့ရှီမင်းက သူ့အိမ်ခြံမြေများထဲမှ တစ်ခုကို ရောင်းချပြီး ငွေတိုးချေးသူများအား ယွမ်ဆယ်သန်း ပေးခဲ့သည်။ ထို့နောက် သူမအား နောက်ထပ်ငွေများပေးကာ ထွက်သွားရန် ပြောခဲ့သည်။
ကျိုးကျွမ် ပိုက်ဆံများကိုမြင်လိုက်ရသောအခါ မျက်လုံးများနီရဲသွားသည်။
ဝေ့မိသားစု၏ အသေးငယ်ဆုံးသော အကြွင်းအကျန်များကပင် သူ့ဘဝတစ်လျှောက်လုံး အသက်ရှင်နေထိုင်ရန် လုံလောက်သည်။ ဝေ့ရှီမင်းထံတွင် ထိုငွေများနှင့် အရာအားလုံးရှိနေသည်မှာ သိသာသော်လည်း သူမကို ပေးရန် ဆန္ဒမရှိခဲ့ပေ။ သူက ကျိုးကျွမ်ကိုတွေ့ရန်ပင် ဆန္ဒမရှိပေ။သူတို့ဆုံသည့်အချိန်တိုင်း သူ့မျက်လုံးများက ရွံရှာမှုများအပြည့်နှင့်ဖြစ်နေပြီး ကျိုးကျွမ်နှင့် ရင်းနှီးရမည်ကိုပင် ငြင်းဆန်သည်။
ထိုအချက်ကြောင့်ပင် ကျိုးကျွမ်က ဝေ့ရှီမင်းကို လုံးဝမုန်းတီးခဲ့သည်။
စိတ်ဓာတ်ကျသွားပြီးနောက် ကျိုးကျွမ်က အတိတ်မှ အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။
ထို့ကြောင့် သူမက ဝေ့ရှီမင်းကို စိတ်မဆိုးဘဲ ပိုက်ဆံသာတောင်းခဲ့သည်။ သူမ၏ အဆက်မပြတ်တောင်းဆိုမှုများက ဝေ့ရှီမင်းကို ခက်ခဲသောအခြေအနေသို့ တွန်းပို့ခဲ့သည်။ သူမ လက်ရှိနေထိုင်နေသော တိုက်ခန်းက ဝေ့ရှီမင်း၏ ပိုင်ဆိုင်မှုဖြစ်သည်။ ပေကျင်းတွင် နေထိုင်သူများက အိမ်မဝယ်မီ လူမှုဖူလုံရေးအာမခံ ငါးနှစ်ရှိရန် လိုအပ်သည်။ သူမ ပေကျင်းတွင်နေသည်က နှစ်နှစ်သာ ရှိသေးသည်။ ငါးနှစ်ပြည့်ပြီးသည်နှင့် ဝေရှီမင်းကို သူမအား အိမ်ဝယ်ပေးခိုင်းပြီးနောက် အချင်းချင်း အဆက်အသွယ် ဖြတ်တောက်လိုက်မည်ဖြစ်သည်။
ဤကိစ္စကို သူတို့နှစ်ယောက် ဆွေးနွေးပြီးပြီဖြစ်သည်။
"သွားကြစို့၊ သွားကြစို့…”
ကျိုးကျွမ်က အပြုံးမျက်နှာဖြင့် ထိုလူကို သူ့တိုက်ခန်းသို့ခေါ်သွားသည်။
တိုက်ခန်းက အပြင်ဘက်တွင် ရိုးရိုးရှင်းရှင်းသာ ဖြစ်သော်လည်း တစ်ရာ့နှစ်ဆယ် စတုရန်းမီတာ အပြည့်ရှိသည်။ ပေကျင်းကဲ့သို့နေရာမျိုးတွင် စတုရန်းမီတာတစ်ရာ့နှစ်ဆယ်ရှိသော တိုက်ခန်းက ဇိမ်ခံအိမ်ကြီးတစ်ခုကဲ့သို့ပင်။ ဟောင်းနွမ်းပြီး ဖုန်ထူနေလျှင်ပင် ထိုတိုက်ခန်းက ရွှေနှင့်တန်းတူ တန်ဖိုးရှိသည်။
ဝေ့မိသားစုက ဝေ့ရှီမင်းအပေါ် အလွန်ရက်ရောလှသည်။
"တိုက်ခန်းက မဆိုးပါဘူး…”
ထိုလူက ခေါင်းညိတ်သည်။
"မင်းသိလား ငါက ပေကျင်းမြို့ခံဖြစ်ပြီးတော့ အိမ်လည်းပိုင်တယ်… အိမ်ထောင်မပြုတဲ့ အကြောင်းရင်းက ငါနဲ့လိုက်ဖက်တဲ့ ဇနီးမယားကို ရှာချင်ခဲ့လို့ပဲ…ငါ မင်းကိုပဲကြိုက်တာ... မင်းအိမ်နဲ့ စုငွေကိုမဟုတ်ဘူး…ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဆိုတာက ခိုင်မာတဲ့အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားဖို့ လိုတယ်…ငါတို့နှစ်ယောက်က တူညီတဲ့နောက်ခံရှိမယ်ဆိုရင်တော့အကောင်းဆုံးပေါ့…မင်းက ပေကျင်းက မဟုတ်ဘဲ မသန်စွမ်းဖြစ်နေပေမယ့် ငါ့စိတ်ထဲမထားပါဘူး..”
ထိုသို့ ကြားလိုက်သည်နှင့် ကျိုးကျွမ်၏ မျက်လုံးများတောက်ပလာသည်။ ထိုကဲ့သို့သော လူမျိုး ရှိနေလိမ့်မည်ဟု သူမ မယုံနိုင်ဖြစ်ခဲ့သည်။ ထိုလူက ပေကျင်းမှဖြစ်ပြီး အိမ်တစ်လုံးပိုင်ဆိုင်သည်။ သို့သော်လည်း သူကသူမ၏အသက်အရွယ်၊ မသန်စွမ်းသောလက်၊ နေထိုင်မှုအခြေအနေတို့ကြောင့် သူမကို မထီမဲ့မြင်မပြုခဲ့ပေ။
ထိုသူက လူကောင်းတစ်ယောက်ဖြစ်သည်။
ထိုလူကိုသာ သူမ၏ မွေးရပ်မြေသို့ ပြန်ခေါ်သွားခဲ့လျှင် သူမအား အလွန်ပင် အမြင်ကောင်းစေလိမ့်မည်။
ကျိုးကျွမ်က လူတိုင်း၏မျက်လုံးထဲတွင် ငြူစူမှုနှင့် မနာလိုမှုများပြည့်နေမည်ကို စိတ်ကူးမကြည့်ဘဲ မနေနိုင်တော့ပေ။
“အချိန်ကောင်းကိုရွေးပြီး လက်ထပ်မှတ်ပုံတင်ကြရအောင်... မင်္ဂလာပွဲအတွက် ပိုက်ဆံက…"
ကျိုးကျွမ်က အမြန်ပြောလိုက်သည်။
"ငွေက ပြဿနာ မဟုတ်ဘူး၊ ကျွန်မသား ပေးလိမ့်မယ်…”
ထိုလူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အဲဒါကောင်းတယ်...မင်းသိထားသလိုပဲ ဒါက မင်းရဲ့ ဒုတိယအိမ်ထောင်ဆိုပေမဲ့ ငါ့ရဲ့ ပထမအိမ်ထောင်ပဲ... ငါကပဲ ရှုံးတဲ့သူဖြစ်နေတယ်…”
ကျိုးကျွမ် ခေါင်းညိတ်သဘောတူသည်။
"စိတ်မပူပါနဲ့... ရှင် ကျွန်မကိုလက်ထပ်ရင် ဘာမှဆုံးရှုံးမှာမဟုတ်ဘူး…”
အနည်းဆုံးအနေနှင့် သူမတွင် ငွေသားနွားတစ်ကောင်ရှိသည်။
*
ဝေ့မိသားစုတွင်
ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့က အချင်းချင်းဖုန်းပြောနေကြသည်။ သူတို့နှစ်ဦးကြားမှ လေထာအခြေအနေက ပျားရည်ကဲ့သို့ ချိုမြိန်နေကြသည်။
ကျန့်ယောင် မည်သို့ခံစားနေရသည်ကို သူ ရှင်းရှင်းလင်းလင်း သိသည်။ သူမက ဝေ့မင်ကျန်းကြောင့် အလွန်ဒေါသထွက်သွားပြီး ဝေ့မင်ကျန်းကိုလည်း လုံးဝသဘောမကျပေ။
ဝေ့ရှီမင်းက ထိုအရာကို ထပ်ခါထပ်ခါ အတည်ပြုခဲ့ပြီး အလွန်ကျေနပ်သွားသည်။ သူ့အဖွားကို စိတ်ချမ်းသာအောင်ထားပြီး ကျန့်ယောင်ကို သူ့လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားရန်သာ လိုသည်။ ဤနည်းဖြင့် သူက ဝေ့မိသားစုမှမဟုတ်လျှင်ပင် ထိပ်ဆုံးရောက်နေနိုင်သေးသည်။
ဝေ့မင်ကျန်းက သူ့အတွက် ထိုက်တန်သော ပြိုင်ဘက်ပင် မဟုတ်ပေ။
ဝေ့ရှီမင်းက သကြားများ ပျော်ဝင်နေသကဲ့သို့ ချိုမြိန်သော စကားများကို ပြောခဲ့ပြီး သူ့စကားများကို ကျန့်ယောင်က အလွန်သဘောကျနေသည်။ ခဏအကြာတွင် နှစ်ယောက်လုံး ဝမ်းသာအားရ ဖုန်းချလိုက်သည် ။
ဝေ့ရှီမင်းက စိတ်အားထက်သန်နေခဲ့သည်။ သူက ကျန့်ယောင်နှင့် လက်ထပ်ပြီးနောက် ကောင်းမွန်လာတော့မည့်သူ့ဘဝကို စိတ်ကူးယဉ်နေစဉ် ဖုန်းခေါ်ဆိုမှုတစ်ခုက သူ့စိတ်ကောင်းဝင်နေသည်ကို လာဖျက်ဆီးလိုက်သည်။
သူ့ဖုန်းစခရင်တွင် စာလုံးနှစ်လုံး ပေါ်လာသည်။
- "ကျိုးကျွမ်"
ဝေ့ရှီမင်းက ခေါ်ဆိုမှုကို ရွံရှာစွာ ငြင်းဆိုလိုက်သော်လည် ဖုန်းက ဆက်မြည်လာသည်။
ဝေ့ရှီမင်း ခဏစဉ်းစားပြီးနောက် ရယ်မောကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဒီတစ်ခါရော ဘာလိုချင်လို့လဲ…”
အခြားတစ်ဖက်မှ ကျိုးကျွမ်၏အသံ ထွက်ပေါ်လာသည်။
"သား၊ ငါလက်ထပ်တော့မယ်…မင်္ဂလာဆောင်စရိတ်အတွက် ယွမ်တစ်သန်းပေးပါ…”
"မင်္ဂလာဆောင်စရိတ်အတွက် ယွမ်တစ်သန်းလား…အိပ်မက်သာ ဆက်မက်နေလိုက်…”
ဝေ့ရှီမင်း အလွန်စက်ဆုပ်သွားပြီး အန်ချင်လာသည်။ထိုအမျိုးသမီးက သူ့ကို ထပ်ခါတလဲလဲ ငွေညှစ်ခဲ့သော်လည်း သူ့ကို သားဟု ခေါ်နိုင်သည့် သည်းခြေပင် ရှိနေသေးသည်။
သူမ၏ အရိုးများကို ချိုးပြီး ပင်လယ်ထဲ ပစ်ချချင်သည်မှတပါး သူ အခြားဘာမှမလိုချင်ပေ။ အကယ်၍ငွေတိုးချေးသူများသာ သူ့ဘေးတွင် ရှိမနေပါက ဝေ့ရှီမင်း သူ့ကို သတ်ရန် အမှန်တကယ်ကြိုးစားခဲ့လိမ့်မည်။
ကျိုးကျွမ်က လှောင်ပြောင်လိုက်သည်။
"မင်းက ငါ့ကို မပေးချင်ဘူးလား၊ မင်းကိုယ်မင်း သခင်လေးလို့ တကယ်ထင်နေတယ်လို့တော့ မပြောနဲ့နော် ... မင်းအစစ်က ဘယ်သူလဲဆိုတာ မေ့သွားပြီလား…”
ထပ်ခါတလဲလဲ ထိပ်တိုက်ရင်ဆိုင်မှုများအပြီးတွင် သူတို့၏စကားဝိုင်းရှိ မိခင်နှင့်သားကြားမှ ခင်မင်ရင်းနှီးမှုအားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ အမြတ်ထုတ်ခြင်း ၊ ငွေကြေးနှင့် လှောင်ပြောင်ခြင်းတို့သာ ကျန်တော့သည်။
ယခင်က ထိုစကားများက ဝှက်ဖဲတစ်ခုကဲ့သို့ပင်။
ဝေ့မိသားစုအတွင်း သူ၏လက်ရှိအခြေအနေကို ထိန်းသိမ်းရန်အတွက် ဝေ့ရှီမင်းက သူမ၏တောင်းဆိုမှုကို ဖြည့်ဆည်းရန် နောက်ပြန်ဆုတ်ပေးမည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် ဝေ့ရှီမင်းက မထီမဲ့မြင်ပြုခဲ့သည်။
“ကျိုးကျွမ်၊ ဒီတစ်ခါတော့ ခင်ဗျားကို ပိုက်ဆံပေးမှာမဟုတ်ဘူး ပြီးတော့ အနာဂတ်မှာလဲ ကျုပ် ခင်ဗျားကိုပိုက်ဆံထပ်မပေးတော့ဘူး ခင်ဗျား ကျုပ်တိုက်ခန်းကနေ ထွက်သွားပေးပါ…မဟုတ်ရင် တစ်ယောက်ယောက်ကိုခေါ်ပြီး လူကိုယ်တိုင် ကန်ထုတ်ခိုင်းရလိမ့်မယ်…”
အတိတ်တွင် ကျိုးကျွမ်က ငွေတိုးချေးသူများကို သူ့အိမ်တံခါးဆီသို့ တန်းတန်းမတ်မတ်ခေါ်ဆောင်လာပြီး အံ့အားသင့်နေသည့် သူ့ကိုဖမ်းဆီးခဲ့သည်။ သူ့မာနကို နင်းကာ အရှက်ရစေခဲ့သည်ကို သူ ဘယ်သောအခါမှ မေ့မည် မဟုတ်ပေ။ ဝေ့ရှီမင်း ရုတ်တရက်ကြီး ကျိုးကျွမ်၏ တံခါးဝသို့သွားပြီး သူမကို နှင်ထုတ်ရန် တိုက်တွန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ပေးရမည်။
ဝေ့ရှီမင်း၏ အသက်ရှူသံက ကြမ်းတမ်းလာသည်။ သူထိုအကြောင်းကို များများတွေးမိလာသည်နှင့် ထိုအရာက အကြံကောင်းတစ်ခုဟု သူ ပိုခံစားမိလာသည်။ ကျိုးကျွမ် အလွန်အံ့သြသွားသည်။
“ငါ ဝေ့မိသားစုရှေ့မှာ ပေါ်လာမှာကို မင်းမကြောက်ဘူးလား…”
သူ ဒေါသတကြီးပြောလိုက်သည်။
ဝေ့ရှီမင်းက အသက်ပြင်းပြင်းရှူပြီး ပြုံးကာ ပြောလိုက်သည်။
"ကျိုးကျွမ် ဒါကို ခင်ဗျားမသိလောက်ပေမယ့် ယင်းမင်ကျန်း မဟုတ်သေးပါဘူး၊ အခု သူ့နာမည်က ဝေ့မင်ကျန်း...သူ ဝေ့မိသားစုဆီ ပြန်ရောက်လာတာ ခင်ဗျားသိလား…”
"ဘာ..”
ကျိုးကျွမ်မသိခဲ့ပေ။ ထိုသို့ ကြားလိုက်ရသည်နှင့် သူမ အလွန်အံ့ဩသွားသည်။
ဝေ့ရှီမင်းက သူ့နှလုံးသားထဲတွင် ကြည်နူးမှုကို ခံစားလိုက်ရပြီး ဆက်ပြောလိုက်သည်။
"ဝေ့မိသားစုက ကလေးတွေမှားသွားတာကို သိပြီး ဝေ့မင်ကျန်းကိုတောင် ပြန်ခေါ်လာခဲ့ပြီးပြီ …”
“ဒါဆို မင်းဘာဆက်လုပ်မှာလဲ…”
ကျိုးကျွမ်က ခပ်တိုးတိုးပြောလိုက်သည်။ ယင်းမင်ကျန်းသာ ဝေ့မိသားစုသို့ ပြန်လာခဲ့လျှင် ဝေ့ရှီမင်းက ထုတ်ပယ်ခံရမည်ဖြစ်သည်။ သူမ၏ ငွေသားနွားသာ ပျောက်သွားလျှင် သူ့ထံမှ ပိုက်ဆံထပ်မရနိုင်တော့လောက်ပေ။
ဒါက ဆိုးတာပဲ…
ဝေ့ရှီမင်းက ဂုဏ်ယူဝံ့ကြွားစွာပြောသည်။
"ကျုပ်လား..အဖွားရဲ့အသက်ကို ကျုပ် ကယ်ခဲ့တာလေ…ကျုပ်က အတုအယောင်တစ်ယောက်ဖြစ်နေရင်တောင် အဖွားက သူ့မြေးအစစ်လို ဆက်ဆံပေးပြီး ဝေ့မိသားစုမှာ ဆက်နေခွင့်ပေးထားတယ်…ဒါ့ကြောင့် ခင်ဗျား ကျွန်တော် ဘယ်သူဆိုတဲ့ အထောက်အထားကိုသုံးပြီး ထပ်ခြိမ်းခြောက်ဖို့ကို မေ့လိုက်တော့..”
ဝေ့ရှီမင်း၏ မျက်နှာက မည်းမှောင်လာသည်။
" ကျုပ်အိမ်ကထွက်သွားပြီး ကျုပ်ရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့တော့ နားလည်လား…”
ဝေ့ရှီမင်းက သူမထံမှ နှစ်နှစ်ကြာ ငွေညှစ်ခံခဲ့ရသည်။ သူ ကျိုးကျွမ်နှင့်ထပ်ပြီး မပတ်သတ်ချင်တော့ပေ။ ထိုကိစ္စကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူစီစဉ်ခဲ့ခြင်းဖြစ်သည်။ သူ၏အကြံအစည်အားလုံးက ယနေ့ကဲ့သို့ ကျိုးကျွမ်ကို ခွာထုတ်နိုင်မည့်နေ့အတွက်ဖြစ်သည်။ ယခုဆိုလျှင် သူက သခင်လေးအတုဖြစ်နေလျှင်ပင် ဝေ့မိသားစုတွင် နေနိုင်တော့မည်ဖြစ်သည်။
"ဝေ့ရှီမင်း၊ငါက မင်းအမေပဲ… မင်းအတွက် ငါအများကြီးလုပ်ခဲ့တာ မင်း ငါ့ကို စွန့်ပစ်လို့မရဘူး…”
ကျိုးကျွမ်က စိုးရိမ်တကြီး အော်လိုက်သည်။ သူ့လက်ထဲမှာရှိသည့် တစ်ခုတည်းသောကတ်က အလုပ်မဖြစ်တော့ပေ။ ယခု သူမ ဘာလုပ်ရမည် မသိတော့ချေ။
ကျိုးကျွမ်နှင့်ဝေ့ရှီမင်းတို့၏ ဆက်ဆံရေးက လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း အေးစက်သွားခဲ့သည်။ ဝေ့ရှီမင်းက သူ အသက်ကြီးလာသောအခါတွင် သူ့ကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ပိုက်ဆံပေးရန်မှာ မဖြစ်နိုင်ပေ။
သို့သော် အိမ်ထောင်ပြုရန်၊ ကလေးယူရန်၊ သူ့ဘဝကို ပြန်စတင်ရန် ပိုက်ဆံလိုသည်။
သူ ဤအတိုင်း လွှတ်မပေးလိုက်နိုင်ပေ။
*
ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့က ဝေ့မိသားစုနှင့် ခဏတာ အတူရှိနေခဲ့သည်။ မဒမ်ဝေ့က ဝေ့မင်ကျန်းအား သူ၏အိမ်ထောင်စုစာရင်းကို ပေကျင်းသို့လွှဲပြောင်းရန် ချူကျိုးသို့ ခေါ်သွားခဲ့သည်။ ကျိုးကျွမ်ပျောက်ကွယ်သွားသောကြောင့် အပြောင်းအရွှေ့ဖြစ်စဉ်က အနည်းငယ် ပိုမိုရှုပ်ထွေးသွားခဲ့သည်။ သို့သော် ဝေ့မိသားစုတွင် တံခါးအမျိုးမျိုးဖွင့်ရန် ပါဝါနှင့်ငွေရှိသည်။ ထို့အပြင် ဝေ့မင်ကျန်း၏ အခြေအနေက ထိုဒေသတွင် လူသိများခဲ့၍ သူတို့က အာမခံချက်ရရန် သွေးသားရင်းစစ်ဆေးချက်ကို အသုံးပြုခဲ့သည်။ အထူးကိစ္စဖြစ်သောကြောင့် အထူးတလည်ဆက်ဆံမှု ရရှိခဲ့သည်။ အရာအားလုံးနေရာတကျ ဖြစ်သွားသည်။
ထိုအချိန်မှစ၍ ယင်းမင်ကျန်းက သူ၏အမည်ကို ဝေ့မင်ကျန်းဟု တရားဝင်ပြောင်းခဲ့သည်။ သူက သွေးသားတော်စပ်မှုအရသာမက တရားဝင်ပါ ဝေ့မိသားစု၏ သခင်လေးဖြစ်လာခဲ့သည်။
ဝေ့ရှီမင်းကို ဝေ့မိသားစု၏ အိမ်ထောင်စုစာရင်းအောက်တွင် စာရင်းသွင်းထားဆဲဖြစ်သည်။ သူက စာရင်းသွင်းထားသည့်အထဲမှ ဖယ်ထုတ်မခံခဲ့ရပေ။
ထိုသို့ဖြစ်ရသည့် ပထမဆုံးအချက်မှာ လီယုံးနာ့က ခွင့်မပြုသောကြောင့်ဖြစ်သည်။ ဒုတိယအချက်က မဒမ်ဝေ့နှင့် ဝေ့ယွမ်နင်းတို့ မဆုံးဖြတ်ရသေးသောကြောင့်ပင်။
သခင်လေးနှစ်ယောက်က ကောင်းကောင်းမွန်မွန်နှင့် အငြင်းမပွားကြသည်မှာကြာပြီဖြစ်သည်။ အပေါ်ယံတွင်မူ ဝေ့ရှီမင်းက ဝေ့မင်ကျန်းနှင့် ထိပ်တိုက်တွေ့ခဲပြီး ဝေ့မင်ကျန်းကလည်း သူ့ကို နှောက်ယှက်ရန် အလွန်ပျင်းရိနေပုံပေါ်သည်။သူတို့ မည်သည့်ကိစ္စများ တိတ်တဆိတ်လုပ်နေသည်ကို မည်သူမျှ မှန်းဆ၍ မရနိုင်ပေ။
အိမ်ထောင်စုဇယားပြောင်းပြီးသည့်နေ့တွင် ဝေ့ရှီမင်းက ပင်မအဆောက်အဦးသို့ ပြောင်းသွားသည်။ အဖွားကို ပြုစုစောင့်ရှောက်ပေးရန်သွားသည်ဟု သူပြောခဲ့သော်လည်း တကယ်တမ်းတွင်မူ အဘယ့်ကြောင့်ဆိုသည်ကို လူတိုင်းသိသည်။