Chapter 80
မဒမ်ဝေ့ ဒေါသထွက်သွားသည်ပြီး ထိုသားအပေါ် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့မှုအားလုံးက အလကားဖြစ်သွားသကဲ့သို့ ခံစားခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ ဝေ့ရှီမင်းကလည်း သူမက ခွဲခြားဆက်ဆံလွန်းသည်ဟု ခံစားနေရသည်။
ဝေ့မင်ကျန်းက မဒမ်ဝေ့ကို နှစ်သိမ့်စကား ပြောလိုက်သည်။
"ဒီလိုလုပ်တာက ပိုကောင်းတယ် မဟုတ်ဘူးလား...အနည်းဆုံးတော့ လူတိုင်း ပျော်နေကြတယ်လေ…”
မဒမ်ဝေ့က ခဏလောက် စဉ်းစားကြည့်လိုက်သည်။
ပြီးတာက ပြီးသွားပြီပဲ…သူ့ကို နောက်ထပ်နေဖို့ ပြောလဲ အသုံးမဝင်တော့တာမို့ လွှတ်ပေးလိုက်တာပဲ ကောင်းပါတယ်…
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းစဖွင့်ချိန်ရောက်လာသည်။ ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့က အသက်အရွယ် အတူတူဖြစ်သည်။ ဝေ့ရှီမင်းက လက်ရှိတွင် အထက်တန်း ဒုတိယနှစ်ဖြစ်သည်။ သို့သော်လည်း ဝေ့မင်ကျန်းက ကျိုးကျွမ်နှင့်ယင်းချန်းတို့ကြောင့် ကျောင်းတက် နောက်ကျခဲ့သောကြောင့် ရှုနဉ်နှင့်အတူတူ အထက်တန်းပထမနှစ်တွင် စတင်တက်ခဲ့ရသည်။
ဝေ့ရှီမင်းက ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းတွင် တက်ရောက်နေခဲ့သည်။ ထိုအထက်တန်းကျောင်း၏ ဝင်ခွင့်က အလွန်ခက်ခဲသည်။ သူတို့ကျောင်းရှိ ကျောင်းသားများက ထူးချွန်သော ကျောင်းသားများ သို့မဟုတ် သြဇာကြီးသူများ၏ ကလေးများ ဖြစ်ကြသည်။ဝေ့ရှီမင်းက မိသားစုအဆက်အသွယ်ဖြင့် ကျောင်းသို့ ၀င်ရောက်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ ထူးချွန်သော အဆင့်များကြောင့် ဝင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
သူက ကျောင်းတွင် နာမည်ဂုဏ်သတင်း ကောင်းမွန်သည်။ ဝေ့မိသားစု၏ ကလေးတစ်ယောက်ဖြစ်နေခြင်းက သူ့အဆင့်အတန်းကို ပေါ်လွင်စေရန် လုံလောက်နေပြီးဖြစ်သည်။ သို့သော် ၎င်းက သူ့အတွက်အရာအားလုံးမဟုတ်ပဲ သူ့အဆင့်များကောင်းမွန်ပြီး သူ့ရုပ်ရည်ကလည်း ချောမောသောကြောင့်ပင်။ သူက လူတိုင်း၏ စိတ်ကူးထဲမှ ချမ်းသာပြီး ချောမောသည့် မင်းသားလေး အသက်ဝင်လာသကဲ့သို့ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် မဒမ်ဝေ့က ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ ဆိုက်ယောင် အထက်တန်းကျောင်းသို့ဝင်နိုင်ရန် သူ့အဆက်အသွယ်များကို အသုံးပြုခဲ့သည်။ ချူကျိုးရှိ အလယ်တန်းကျောင်းများမှ ပညာရေးက ပေကျင်းရှိ ကျောင်းများနှင့် ကွာခြားလွန်းသည်ဟု သူမ ခံစားမိသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မည်သည့်ဝင်ခွင့်စာမေးပွဲအမှတ်မှ မရှိခဲ့ပေ။ ထို့အပြင် ဝင်ခွင့်စာမေးပွဲကလည်း ပြီးသွားပြီဖြစ်၍ သူတို့ ဘာမှလုပ်စရာ မလိုခဲ့ပေ။
သူ့သားဖြစ်သူ ကျောင်းတက်၍ ရနေသမျှ ကာလပတ်လုံး အဆင်ပြေသည်။
ဝေ့မင်ကျန်းက ထိုကိစ္စကိုဂရုမစိုက်သလို ရှုနဉ်က သူ့ကိုယ်သူ ဗီလိန်လေး၏ အပေါင်းတစ်အဖြစ် သတ်မှတ်ထားသောကြောင့် သူကလည်း ဂရုမစိုက်ခဲ့ပေ။ မဒမ်ဝေ့၏ ကျေးဇူးကြောင့် သူတို့နှစ်ယောက် စိတ်ပူစရာမလိုဘဲ ဆိုက်ယောင်တွင် စာရင်းသွင်းနိုင်ခဲ့သည်။
သူတို့ သုံးယောက် ကျောင်းတံခါးသို့ ရောက်သည်နှင့် နောက်ကားတစ်စီး ပေါ်လာပြီး လူနှစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ ဝေ့ရော့ယန်နှင့် ဝေ့ရှီမင်းတို့ဖြစ်သည်။
မဒမ်ဝေ့၏ မျက်နှာက အလွန်နက်မှောင်လာသည်။ ကျောင်းမတက်ခင်က မဒမ်ဝေ့သည် ဝေ့ရှီမင်းကို သူ့ကို ကျောင်းပို့ပေးစေချင်လားဟု မေးခဲ့သော်လည်း ဝေ့ရှီမင်းက ငြင်းဆိုခဲ့သည်။ သို့သော် ထိုနေရာတွင် သူက ဒုတိယအိမ်တော်ခွဲမှ ရော့ယန်နှင့်အတူ ကျောင်းသို့ ရောက်လာခဲ့သည်။ ထိုအရာက သူမမျက်နှာကို ဖြတ်ရိုက်လိုက်သည်ပင်ဖြစ်သည်။
ထိုအကြောင်းအရာကို တခြားသူများက မြင်ခဲ့လျှင်၊ သူမက ကလေးတစ်ယောက်ကို တခြားတစ်ယောက်ထက် ပိုသဘောကျနေသည်ဟု သူတို့ ယူဆကြလိမ့်မည်။
ဝေ့ရှီမင်း သူ့အဖွားဆီကို ပြောင်းရွေ့သွားစဉ်ကပင် ကောလဟာလများ ပျံ့နေပြီဖြစ်သည်။ "ဝေ့ရှီမင်းကို သူက ဂရုမစိုက်တော့ဘူး"ဟု လူအများက ပြောနေကြသည်။
မဒမ်ဝေ့က ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်အနှောင့်အယှက်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ယခု ဝေ့ရှီမင်းက ကျောင်းတွင် ထိုကဲ့သို့ ပြုမူနေသောကြောင့် မည်သည့်ကောလဟာလများ တက်လာမည်ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော် သူက မည်သည့်အမှားမှ မလုပ်ခဲ့ပေ။
ဝေ့ရှီမင်းက သူမကို ယခုတင် လှမ်းမြင်လိုက်ပုံရ၍ ပြုံးပြီးလျှောက်လာသည်။
“မား…”
မဒမ်ဝေ့က အားတင်းပြုံးရင်း မေးလိုက်သည်။
"ရှီမင်း သားလည်းရောက်လာပြီလား…”
ဝေ့ရှီမင်းက ခေါင်းညိတ်ပြီး ဝေ့မင်ကျန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက မဒမ်ဝေ့ကို “မားကို ဒီရက်ပိုင်း အရမ်းလွမ်းတာပဲ…”ဟုပြောလိုက်သည်။
မဒမ်ဝေ့ ထိတ်လန့်သွားသည်။
ဝေ့ရှီမင်းက လူတိုင်းရှေ့တွင် ရုတ်တရက် သူမကို ပွေ့ဖက်လိုက်ပြီး အသံတိုးလေးနှင့်ပြောလိုက်သည်။
“အရမ်းလွမ်းတယ် မား”
မဒမ်ဝေ့၏ နှလုံးသားက ပျော့ပြောင်းသွားသည်။ သူမ သက်ပြင်းချလိုက်ပြီး သူ့နောက်ကျောကို ပုတ်လိုက်သည်။ "လူဆိုးလေး မားလည်း သားကိုလွမ်းတယ်…”
သူမ ရုတ်တရက် စဉ်းစားမိလာသည်။ ဝေ့ရှီမင်းက ရုတ်တရက် ပြောင်းရွေ့သွားခြင်းဖြစ်၍ သူက သူမ၏ အာရုံစိုက်မှုကိုရရန် ကြိုးစားနေခဲ့ခြင်း ဖြစ်နိုင်သည်။
ငါတကယ်ပဲ သူ့ကို လျစ်လျူရှုခဲ့မိတာလား….
"မင်းအဖွားကို နှောင့်ယှက်နေတာ အဆင်မပြေဘူး…ဘယ်တော့ပြန်လာမှာလဲ…”
မဒမ်ဝေ့က မေးလိုက်သည်။
ဝေ့ရှီမင်း ခေါင်းခါပြလိုက်သည်။
"အဖွားဆီမှာ နေရတာ ကောင်းပါတယ်..”
စကားပြောပြီးသည်နှင့် သူက ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ကို လက် ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ ကျောင်းတံခါးဆီသို့ ကျက်သရေရှိရှိ လျှောက်သွားသည်။
ဝေ့ရော့ယန်က ထိုအရာကိုမြင်ပြီး သူ့အဒေါ်ကို နှုတ်ဆက်ကာ ဝေ့မင်ကျန်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူက ဝေ့ရှီမင်းအနောက်မှလိုက်ကာ ကျောင်းထဲဝင်သွားသည်။
အရွယ်ရောက်ပြီးသူတို့၏ အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်းကလေးများက သူတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြမိလိမ့်မည် ဖြစ်သည်။ အနည်းငယ် ပိုရင့်ကျက်သည့်လူတစ်ယောက်က တစ်ခုခုကို သတိပြုမိနိုင်သော်လည်း ဝေ့ရောယန်ကဲ့သို့ ငယ်ရွယ်သူက ဝေ့ရှီမင်းနှင့် ဆက်ဆံရေးကောင်းပြီး သူနှင့် လေးနက်သည့် ဆက်ဆံရေးလည်းရှိသည်။
ဝေ့ရှီမင်းက ဝေ့မိသားစု၏ကလေး မဟုတ်သော်လည်း သူတို့က အတူတကွ ကြီးပြင်းလာခဲ့သည်။ ဝေ့ရော့ယန်အတွက်မူ ယခုမှပေါ်ထွက်လာပြီး တစ်ခါသာ တွေ့ဖူးသည့် ဝေ့မင်ကျန်းက ဝေ့ရှီမင်းနှင့် မယှဉ်နိုင်ပေ။
ပုံမှန်အတိုင်းသာဆိုလျှင် အဆင်ပြေနိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများကဲ့သို့ သဘောထားပြီးဆက်ဆံနိုင်သေးသည်။ သို့သော်လည်း ဝေ့မင်ကျန်းက ဝေ့ရှီမင်းကို မည်သည့် လေးစားမှုမျှ မပြဘဲ ကြိုဆိုပွဲအတွင်း လူတိုင်းရှေ့တွင် ဝေ့ရှီမင်းကို အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် ဝေ့မင်ကျန်းက ဝေ့ရှီမင်းကို သူ့အိမ်မှ နှင်ထုတ်သည်။ သူ့အဒေါ်က ဘက်လိုက်လွန်းသည်။
ဆယ်နှစ်ကြာ ဆက်ဆံရေးကို သူ ဘယ်လိုတောင် စွန့်လွှတ်နိုင်ရတာလဲ…
ကျောင်းက ယခုမှစဖွင့်ခြင်းဖြစ်သည်။ သူ့အဒေါ်က ဝေ့မင်ကျန်း၏နောက်လိုက် ရှုနဉ်ကိုပါ ခေါ်လာပေးခဲ့သော်လည်း ဝေ့ရှီမင်းကိုမူ ခေါ်မလာခဲ့ပေ။ ဝေ့မင်ကျန်းအပေါ် ဝေ့ရော့ယန်၏ အထင်အမြင်များက ချက်ချင်းပင် ဆိုးရွားလာခဲ့သည်။
ဝေ့ရှီမင်းက ဆိုက်ယောင်တွင် အလွန်နာမည်ကြီးပြီး သူ့၏ လှုပ်ရှားမှုတိုင်းက အာရုံစူးစိုက်မှုအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျောင်းတံခါးနားမှ အဖြစ်အပျက်က ကျောင်းသားများအားလုံးထံသို့ သဘာဝကျကျပင် သတင်းပျံ့သွားသည်။
သတင်းကြားထားသည့် လူအချို့က မြေးပြောင်းလဲသွားသည့် သတင်းကို ကြားပြီးဖြစ်သည်။ ဝေ့မိသားစုက ထိုကိစ္စအား တမင် ဖုံးကွယ်ထားရန် မကြိုးစားခဲ့ပေ။ ဝေ့သခင်မက သူ့သားကို အခြားသူများ လက်ခံပေးစေချင်သောကြောင့် အခြားအမျိုးသမီးများနှင့် တွေ့ဆုံသည့်ပွဲများတွင် ထိုအကြောင်းကို ပြောပြခဲ့ဖူးသည်။
"မဒမ်ဝေ့ဘေးက ကောင်လေးနှစ်ယောက်က ဘယ်သူတွေလဲ... သူတို့က တကယ်ချောတာပဲ…”
"သူတို့ ရုပ်ချောတော့ရော ဘာဖြစ်လဲ...နင်က ချောတာကိုပဲ ဂရုစိုက်နေတယ်…သူက ဝေ့မိသားစုကို ပြန်ရောက်လာတဲ့ သခင်လေးတဲ့…သူ့ကြောင့်ပဲ ဝေ့ရှီမင်းက ပြန်စရာ နေရာမရှိတော့တာ…”
"ဘုရားရေ အဲ့ဒါသူလား…”
"ငါလည်း အစစ်အမှန်နဲ့ အတုအယောင် သခင်လေးတွေအကြောင်း နည်းနည်းကြားမိပေမယ့် အမှန်ဖြစ်မယ်လို့တော့ ငါမမျှော်လင့်ထားဘူး…ဒါက ရူးချင်စရာကြီးပဲ…”
"ဒါဆို ဝေ့ရှီမင်းက ဝေ့ရော့ယန်နဲ့ ကားအတူတူစီးလာတာ မဒမ်ဝေ့က သူ့ကိုမခေါ်လို့လား…သနားစရာကောင်းလိုက်တာ…”
“ငါ ဘယ်လိုပြောရမလဲ မသိတော့ဘူးး…ဝေ့ရှီမင်းက သူတို့ရဲ့ ကလေးမဟုတ်ပေမယ့် အဲ့ဒါက ဝေ့ရှီမင်းရဲ့ အပြစ်လည်း မဟုတ်ဘူးလေ….ဝေ့ရှီမင်းကလည်း ထူးချွန်တဲ့သူတစ်ယောက်ပဲ…နောက်ပြီး သူတို့က သူ့ကို ဆယ်နှစ်ကျော်လောက် ပြုစုပျိုးထောင်ခဲ့တာပဲ မဟုတ်ဘူးလား…ဝေ့မိသားစုက သူ့ကို ဆက်ပြီး ပြုစုပျိုးထောင်ဖို့ မတတ်နိုင်တာလဲ မဟုတ်ပဲနဲ့…ဘာလို့ သူ့ကို ဒီလို ဖယ်ထုတ်ရမှာလဲ…”
"မဒမ်ဝေ့ကတော့ မင်းပြောသလို သဘောတူနိုင်ပေမယ့် သူ့သားအရင်းကတော့ အဲ့လိုမဟုတ်ဘူးလေ…မဒမ်ဝေ့လည်း ဘာမှမတတ်နိုင်လောက်ဘူး…”
"သူ့နာမည်က ဝေ့မင်ကျန်းမဟုတ်လား…သူ ဘာလို့ဒီလောက်တောင် စိတ်သဘောထားကျဉ်းမြောင်းရတာလဲ…”
“သူက အရက်သမားမိသားစုမှာ ကြီးပြင်းလာတယ်လို့ ကြားတယ်…သူ့ အဆင့်တွေကလည်းဆိုးတယ် ပြီးတော့ အရင်က တစ်ခုခု ခိုးခဲ့ဖူးသေးတယ်…နောက်တော့ သူက ဘာမှ ခိုးတာ မဟုတ်ဘူးလို့ ပြန်ရှင်းထားတယ်…ဟူးးး…ဝေ့မိသားစုက ဝင်စွက်ဖက်ပေးနေသရွေ့ ဘာမဆို ဖုံးကွယ်ထားလို့ရတာပဲလေ…”
"အရက်သမား မိသားစုကလား ခိုးဖူးတာလား…ကျစ် ကျစ်...အဲဒီလို ပတ်ဝန်းကျင်မျိုးကလာတဲ့သူက ဘယ်လိုလူမျိုးဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ…”
"ကျစ်...သူက ဝေ့ရှီမင်း နဲ့ အသက်အတူတူပဲ ဒါပေမယ့် အခုမှ အထက်တန်း ပထမနှစ်ပဲ ရှိသေးတယ်...မင်းတို့စဉ်းစားကြည့်လိုက်လေ..."
ဝေ့ရှီမင်းက ကျောင်းတံခါးကို ဖြတ်လျှောက်လာရုံသာရှိသေးသော်လည်း သူ့အကြောင်း မရေမတွက်နိုင်သော ကောလာဟလများက ထွက်ပေါ်နေပြီဖြစ်သည်။ သူက ချက်ချင်းဆိုသလိုပင် ဆိုက်ယောင် နိုင်ငံတကာအထက်တန်းကျောင်း၏ ပြောစရာတစ်ခုဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သွားသည့်အရှိန်က ရိုးရှင်းစွာပင် မကြုံစဖူး လျင်မြန်လှသည်။
ဗီလိန်လေးနှင့် ရှုနဉ်တို့က ထိုအချက်ကို မသိရှိခဲ့ကြပေ။ သူတို့က ဝေ့ရှီမင်း၏ ဖျော်ဖြေမှုကိုပင် အနည်းငယ်မျှဂရုမစိုက်ခဲ့ကြဘဲ ထိုအစား သူတို့၏ကျောင်းသစ်ကို စူးစမ်းလေ့လာနေခဲ့သည်။
ဆိုက်ယောင် နိုင်ငံတကာအထက်တန်းကျောင်းနှင့် လုံပန်ရှန်းအလယ်တန်းကျောင်းတို့က နေ့နှင့်ညကဲ့သို့ပင်။ ကျောင်းကြီးက ကြီးမားပြီး အားကစားကွင်းကလည်း မယုံနိုင်လောက်အောင် ကျယ်ဝန်းသည်။ ထင်ရှားလှသည့် သင်ကြားရေးအဆောက်အအုံကို ကျော်ကြားသည့်ဗိသုကာပညာရှင်တစ်ဦးက ဒီဇိုင်းဆွဲခဲ့သည်။ ထိုအဆောက်အဦးက စတိုင်ကျပြီး ဂန္တဝင်ဆန်သည်။ ကျောင်း၏ သင်ထောက်ကူ ကိရိယာများက မျက်လုံးကျိန်းသွားစေသည်။ ကျောင်းဝင်းအတွင်း ဒရာမာတစ်ခုကိုပင် ဤနေရာ၌ ဖန်တီးနိုင်ပေသည်။
အမှန်တွင် ဆိုက်ယောင်၌ ရိုက်ကူးခဲ့သည့် ကျောင်းတွင်းဒရာမာတစ်ခုအမှန်ပင် ရှိခဲ့ပြီး ထိုဇာတ်ကားက မယုံနိုင်လောက်အောင် နာမည်ကြီးခဲ့သည်။
မဒမ်ဝေ့က လူကိုယ်တိုင်လာရောက်ခဲ့သောကြောင့် ပထမနှစ်ဒါရိုက်တာကိုယ်တိုင် သူတို့ကိုလက်ခံခဲ့ပြီး ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့ကို အထက်တန်းပထမနှစ် အခန်းတစ်သို့စေလွှတ်ခဲ့သည်။
အခန်းတစ်က ပညာရေးစွမ်းဆောင်ရည် အကောင်းဆုံးအတန်းဖြစ်သည်။ မဒမ်ဝေ့က သူ့သားအတွက် အကောင်းဆုံးကိုသာ လိုချင်သောကြောင့် သဘာဝကျကျပင် အတန်းများအားလုံးထဲတွင် အကောင်းဆုံးဆရာ၊ အကောင်းဆုံးအရင်းအမြစ်များရှိသည့် အတန်းကိုသာ ရွေးချယ်ခဲ့သည်။
ပထမနှစ် ဒါရိုက်တာက မဒမ်ဝေ့ကို အတန်းပိုင်ဆရာနှင့် မိတ်ဆက်ပေးလိုက်သည်။ အတန်းပိုင်ဆရာက ချမ်းသာပြီး သြဇာကြီးသူများ အမျိုးမျိုးကို မြင်ဖူးသည်။ထို့ကြောင့် သူက နှိမ့်ချမည်လည်းမဟုတ်၊ မောက်မာမည်လည်းမဟုတ်ပေ။ မဒမ်ဝေ့က သူနှင့် စကားအနည်းငယ် ယဉ်ကျေးစွာပြောဆိုလိုက်ပြီး ကလေးနှစ်ယောက်ကို ကောင်းကောင်း ဂရုစိုက်ရန် သူက တောင်းဆိုခဲ့သည်။
အတန်းပိုင်ဆရာက ဖြောင့်မတ်ပြီး ပညာရှိသည်။ သူက အသက်လေးဆယ်ခန့် ရှိပြီဖြစ်ကာ သူ့မျက်မှန်ကို ပင့်တင်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော်က ကျွန်တော့်ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို အရမ်းဂရုစိုက်ပေးပါတယ်..."
“ဒါပေမယ့် ကျွန်တော် တစ်ခုပြောပါ့မယ်... ဒီအတန်းက သူတို့ရဲ့ မိသားစု နောက်ခံကို မဟုတ်ဘဲ ကျောင်းသားရဲ့ အဆင့်ကိုပဲ ယူတာပါ... သူတို့ရဲ့ အဆင့်တွေက စံမမီရင် အောက်ခြေအဆင့်အတန်းကို ပြောင်းရလိမ့်မယ်..."
မဒမ်ဝေ့၏ မျက်နှာက အေးခဲသွားသည်။
ပထမနှစ် ဒါရိုက်တာက ပြောလိုက်သည်။
"ဒါကို နောက်မှပြောရအောင်... သခင်လေးဝေ့က ပြဿနာရှိမယ့်ပုံမပေါ်ပါဘူး... သူ့အစ်ကိုလိုပဲ အဆင့်ကောင်းတွေ ရမှာ သေချာတယ်"
( ယင်းမင်ကျန်းနဲ့ ဝေ့ရှီမင်းက ရွယ်တူဆိုပေမယ့် ဝေ့ရှီမင်းက တစ်တန်းကြီးနေတာမို့ အစ်ကိုလို့ သုံးနှုန်းလိုက်တဲ့ သဘောပါ )
မဒမ်ဝေ့က ပြုံးလိုက်သည်။ ဂုဏ်ယူဝင့်ကြွားသည့်အမူအရာက သူမ၏အသွင်အပြင်ကို ထင်ရှားစေသည်။
"ကျွန်မရဲ့မင်ကျန်းက သူ့အရင် အလယ်တန်းကျောင်းမှာ အဆင့်တစ်ရပြီး ရှုနဉ်က အဆင့်နှစ်လေ…”
အတန်းပိုင်ဆရာနှင့် ပထမနှစ်ဒါရိုက်တာတို့က သူတို့မျက်နှာပေါ်တွင် မဖော်ပြသော်လည်း ထိုကဲ့သို့ အောင်မြင်မှု အသေးစားလေးကို အထင်သေးနေကြသည်။ ချူကျိုးရှိ သာမန်အလယ်တန်းကျောင်း၏ သာလွန်ကောင်းမွန်သော အောင်မြင်မှုနေရာက ပေကျင်းရှိကျောင်းများ၌ ပျမ်းမျှအဆင့်ခန့်သာရှိသည်။
သို့သော် သူတို့နှစ်ယောက်က မဒမ်ဝေ့ကို စိတ်ဓာတ်ကျသွားစေမည် မဟုတ်ပေ။
ပထမနှစ် ဒါရိုက်တာက သူ့ကို ချီးကျူးလိုက်သေးသည်။
"ဒါက အံ့သြစရာပဲ... သူက တကယ်ကို ဉာဏ်ကောင်းတာပေါ့..."
အတန်းပိုင်ဆရာက ပထမနှစ် ဒါရိုက်တာကဲ့သို့ မြှောက်ပင့်ပေးမနေဘဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။
ရှုနဉ်က ဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။ သူက နောက်လိုက်တစ်ယောက်အနေနှင့် သူ၏ အခန်းကဏ္ဍကို အကောင်အထည်ဖော်ရန်သာ စိတ်ပိုင်းဖြတ်ထားသည်။သူက မည်သည့်စကားမှ မပြောဘဲ ပြသနာမဖြစ်စေရန်သာ ကြိုးစားနေသည်။ တစ်စုံတစ်ယောက်က ဗီလိန်လေးကို အနိုင်ကျင့်ရန် ကြိုးစားပါက သူ့အင်္ကျီလက်များကို လှန်ပြီး တိုက်ခိုက်ရလိမ့်မည်။
ထိုအရာကသာ သူ ပေကျင်းကို လာရသည့် အကြောင်းရင်းဖြစ်သည်။
ထိုအရာကသာ "နောက်လိုက်တစ်ယောက်က ဘယ်လိုမျိုးလဲ" ဟူ၍ဖြစ်သည်။
ယခင်က ဗီလိန်လေး သူ့ကို ဝေ့မိသားစုဆီ ခေါ်ဆောင်လာသည့် အကြောင်းရင်းကို သူနားမလည်ခဲ့ပေ။ သို့သော်လည်း ယခုတွင်မူ ဗီလိန်လေးက သူ့ကို နားလည်ပေးနိုင်မည့် နောက်လိုက်ကိုလိုအပ်ကြောင်း သူသဘောပေါက်သွားသည်။
သခင်လေးတစ်ယောက်အနေနှင့် သူ့ကိုယ်တိုင် ရန်ပွဲစတင်ရန် နည်းလမ်းမရှိပေ။ ထိုအရာက သခင်လေးများ ပြုလုပ်လေ့ရှိသည့် အရာမျိုးမဟုတ်ဘဲ သခင်လေး၏ နောက်လိုက်များအတွက် အလုပ်သာ ဖြစ်သည်။
ဗီလိန်လေးက ထိုကိစ္စကို ယခင်ကတည်းက တွေးခဲ့မိခြင်း ဖြစ်ပြီး ပြောရမည်ကို ရှက်နေခြင်းဖြစ်မည်။
ရှုနဉ်က သူ့အတွေးထဲတွင် ကောက်ချက်ချပြီးနောက် သူ၏ အထောက်အထားအသစ်ကို အမြန်ပင် လက်ခံလိုက်သည်။
မဒမ်ဝေ့က ပထမနှစ်ဒါရိုက်တာ၊ အတန်းပိုင်ဆရာတို့နှင့် စကားစမြည်ပြောပြီးသည်နှင့် တုံ့ဆိုင်းစွာ ပြန်သွားခဲ့သည်။ သူမ ထွက်မသွားမီအချိန်တွင် သူတို့ ကိုယ့်ကိုကိုယ် အမြဲဂရုစိုက်နေရန် သတိပေးခဲ့သေးသည်။ သူမက ထွက်ခွာသွားစဉ် သူတို့ကို အကြိမ်ကြိမ် ပြန်ကြည့်နေသေးပြိး နောက်ဆုံးတွင်မှ ဆိုက်ယောင် နိုင်ငံတကာ အထက်တန်းကျောင်းမှ ထွက်ခွာသွားခဲ့သည်။
ရှုနဉ် သက်ပြင်းချလိုက်ပြီး ဗီလိန်လေးကို ပြောလိုက်သည်။
“အန်တီစုက မင်းကို တကယ်ချစ်တာ…”
ဤတစ်ကြိမ်တွင်မူ ဝေ့မင်ကျန်းက မငြင်းဆန်ခဲ့ပေ။ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားပြီး တိုးတိုးလေး “အွန်း”ဟု ပြောလိုက်သည်။
ယင်းချန်းနှင့်ကျိုးကျွမ်တို့ကြောင့် နာကျင်ခဲ့ရပြီးနောက်တွင် သူက မိသားစုချစ်ခင်မှုကို အလွန်သတိထားနေခဲ့သည်။ သူက အငြိုးအတေးမှန်သမျှကို အထိမခံတတ်သူလည်းဖြစ်သည်။ ရှုနဉ်၏အကြံပေးချက်ကြောင့်သာ မဟုတ်လျှင် သူက မဒမ်ဝေ့ကို ပထမဆုံးစတွေ့သည့် အချိန်ကပင် သံယောဇဥ်ဖြတ်သွားလိမ့်မည်သာဖြစ်သည်။
သို့သော်လည်း ရှုနဉ်က ပြောလာသည်။
"သူက မင်းအမေဖြစ်နေလို့ဆိုပြီးတော့ မင်းသူ့ကို အများကြီးတောင်းဆိုလို့မရဘူးလေ..သူက သူတော်စင်လည်း မဟုတ်ဘူး…”
ထို့ကြောင့် ဝေ့မင်ကျန်းက မဒမ်ဝေ့၏အားနည်းချက်များကို လက်ခံပေးရန် တွန့်ဆုတ်စွာ ဆုံးဖြတ်လိုက်သည်။ သူမက ဝေ့ရှီမင်းနှင့် သူ့ကြားတွင် မည်သူ့ဘက်၌ နေရမည်ကို တုံ့ဆိုင်းနေစဉ်က သူမကို အချိန်ပေးပြီး ကိုယ်တိုင် စဉ်းစားမိစေရန် သူဆုံးဖြတ်လိုက်သည်။
ရှုနဉ်ပြောသည်မှာ အမှန်ဖြစ်သည်ကို သက်သေပြခဲ့ပြီး မဒမ်ဝေ့က သူ့အပေါ် ပိုမိုသဘောထားကြီးလာပြီး သူ၏ ခိုင်မာသော မိခင်မေတ္တာသည်လည်း သူ့ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာသည်။
သူ ဝေ့မိသားစုဆီသို့ ပြန်လာရသည့် အကြောင်းအရင်းက မိသားစုချစ်ခင်မှုကြောင့်သာဖြစ်ပြီး အခြား မည်သည့်အရာကမှ အရေးမပါပေ။
သူ့ကို ချစ်သည့်သူနှင့် သူချစ်သည့်သူများကိုသာ လိုအပ်ပြီး ကျန်သည့် မည်သည့်အရာကမှ အရေးမပါပေ။
ယခင်ကတည်းက ဝေ့မင်ကျန်းက မည်သူ့ကိုမှ မျက်စိထဲမထည့်ထားခဲ့ပေ။
"သွားကြရအောင်…”