အပိုင်း ၈၁
Viewers 11k

Chapter 81

ကပွဲဖိတ်စာ



သူက ရှုနဉ်၏ လက်ကိုဆွဲပြီး စာသင်ခန်းထဲသို့ ၀င်သွားသည်။ ပထမနှစ် ကျောင်းသားအချို့က အထက်တန်းကျောင်း၏ အလယ်တန်းကျောင်းခွဲမှဖြစ်ပြီး အချို့ကမူ အခြားကျောင်းများမှ ပြောင်းရွှေ့လာသူများဖြစ်ကြသည်။ ဝေ့မင်ကျန်းနှင့် ပတ်သက်သည့် ကောလဟာလများက ဒုတိယနှစ် သို့မဟုတ် တတိယနှစ်များကဲ့သို့ တစ်ဖက်သတ်မဟုတ်ပေ။ ထို့အပြင် ပထမနှစ်ကျောင်းသားအများအပြားကShwe Sin Oo:

ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့ကို မသိပေ။


"ဝိုး အရမ်းချောတာပဲ…”


သူတို့ နှစ်ယောက် စာသင်ခန်းထဲသို့ ဝင်သွားသည်နှင့် ကောင်မလေးများက တိုးတိုးလေး ပြောနေကြသည်။


 "ဆိုက်ယောင်က ကျောင်းသားတွေ ဆွဲဆောင်မှုရှိတယ်လို့ အမြဲကြားဖူးနေတယ်…ဒါပေမယ့် ဒါကတော့ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာဘဲ…”


"ညာဘက်ကတစ်ယောက်ကို ကြည့်လိုက်…သူက အရပ်ရှည်ပြီး ပိန်တယ်၊သူ့ကိုကြည့်ရတာ အေးစက်စက်နဲ့ အကွာအဝေးထားတတ်တဲ့ ပုံစံနဲ့ တူတယ်…သူက အရမ်းချောတာပဲ…ဘုရားရေ ငါ သွားရေတောင်ကျတော့မယ်…”


"ဘယ်ဘက်က တစ်ယောက်ကလည်း အရမ်းချောတာပဲ သူပြုံးလိုက်ရင် အရမ်းချစ်စရာကောင်းတယ်... အိုး... သူ့မှာ ပါးချိုင့်တွေတောင် ရှိတယ်..ငါတော့ သွားပြီ..သူက ငါ့အကြိုက်ပဲ…ငါ ဘာလုပ်ရမလဲ…နှစ်ယောက်စလုံးက အရမ်းချောတယ်…ငါ သူနှစ်ယောက်လုံးကို လိုချင်တယ်..”


 "-ျီးပဲ ၊ သူတို့ကိုလိုချင်တာနဲ့ပဲ ရနိုင်မှာမဟုတ်ဘူး…”


မိန်းကလေးများက ပျော်ရွှင်စွာ စကားစမြည်ပြောနေကြစဉ် သူတို့ဘေးတွင် ထိုင်နေသော ကျောင်း၀တ်စုံဝတ်ထားသော မိန်းကလေးက မကျေမနပ်ဖြစ်နေသည်။


“နင်တို့ပြောနေတဲ့ လူချောက အရက်သမား မိသားစုက လာတာ…ပြီးတော့ သူက သူခိုးတစ်ယောက်ပဲ…နင်တို့မသိဘူးလား…”


"အာ တကယ်လား...သူက အဲ့လိုလူနဲ့လဲ မတူပါဘူး…”

မိန်းကလေးများ အံ့ဩသွားကြသည်။ 


"တကယ်ပေါ့...သူက ဝေ့မိသားစုကို ပြန်ရောက်လာတဲ့ သခင်လေးပဲ…”

ကောင်မလေးက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး ဓာတ်ပုံတစ်ပုံကိုပြလိုက်သည်။ 


“ဆိုက်ယောင်မှာ ချောတဲ့ကောင်လေးတွေ အများကြီးရှိတယ်… ဥပမာဆို ရှီမင်းကောကောပေါ့ သူက ထက်မြက်ပြီး ရုပ်လည်းချောတယ်…သူက ကျောင်းမှာ အချောဆုံးပဲ…”


 "တကယ်လား…”

အခြားမိန်းကလေးများက ဓါတ်ပုံကို လှမ်းကြည့်လိုက်သည်။ 


"သူက အရမ်းချောတာပဲ…”

ဝတ်ကောင်းစားလှနှင့် ကောင်မလေး၏ စိတ်အခြေအနေက ချက်ခြင်း တိုးတက်လာသည်။ သူက ဆိုက်ယောင်အလယ်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး ဝေ့ရှီမင်း၏ ပရိသတ်တစ်ဦးဖြစ်သည်။ အခြားမိန်းကလေးများက သူမ၏ idolကို ချီးမွမ်းသည်ကို ကြားလိုက်သောအခါ သူမ ဝမ်းသာသွားသည်။ ထို့နောက် သူမက ဓာတ်ပုံများစွာကို လူတိုင်းမြင်အောင် ဆွဲထုတ်ခဲ့သည်။


သူမက ဝေ့ရှီမင်းကို ချီးကျူးရန် ဝေ့မင်ကျန်းကို ချနင်းခဲ့သည်။ 


အားလုံးက ဓာတ်ပုံများကို ချီးကျူးနေကြသော်လည်း သူတို့ တစ်ဦးနှင့်တစ်ဦးတိတ်တဆိတ် ကြည့်လိုက်ကြသည်။


ဝေ့ရှီမင်းက ချောမောသည်မှာ မှန်သော်လည်း ကျောင်းပြောင်းကျောင်းသားအသစ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ချို့တဲ့ပုံပေါ်သည်။ 


ကောင်းပြီလေ... အလှတရားက ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာပဲရှိတယ်... 


အတန်းဖော်အသစ်နှင့် ရန်မဖြစ်ချင်ကြသောကြောင့် သူတို့ စကားလမ်းကြောင်းပြောင်းခဲ့ကြသည်။ 

"ဝေမင်ကျန်းရဲ့ဘေးက တောက်ပတဲ့ကောင်လေးကလည်း အရမ်းချောတာပဲ…”


ရှုနဉ်က ဝေ့ရှီမင်းနှင့် သဘောထားကွဲလွဲခြင်းမရှိထားသောကြောင့် ဝတ်ကောင်းစားလှမိန်းကလေးက ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့အားလုံး သဘောတူညီမှု ရသွားပုံပေါ်သည်။


 "ဟုတ်တယ် သူက အရမ်းချောတယ်…”

အထက်တန်းကျောင်း၏ ပထမနေ့က အနည်းငယ်ရှုပ်ထွေးသည်။ ဒုတိယနေ့ရောက်သောအခါ ကျောင်းသားအားလုံး ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းအကြောင်းကို သိသွားသည်။အခြားကျောင်းမှ ပြောင်းလာသည့် ကျောင်းသားများပင် သူတို့အကြောင်းကို သိသွားသည်။။ 


ထိုအခြေအနေကို ကြားသိရပြီးနောက် လူတိုင်း၏စိတ်ထဲတွင် တစ်ခုသာရှိသည်။ 

"ဝေ့ရှီမင်း အခုကစပြီး ဘာလုပ်မှာလဲ..”


သူက ဝေမိသားစုရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူး မဟုတ်လား...

ဝေ့ရှီမင်း၏အနီးပတ်ဝန်းကျင်ရှိ လူအများအပြားက သူ့မိသားစုကို ကုတ်သွေးစုပ် အမြတ်ထုတ်နိုင်အတွက် ရောက်ရှိနေခြင်းဖြစ်သည်။ သူသာ ဝေ့မိသားစု၏ သခင်လေးမဟုတ်ပါက၊ သူနှင့် ဆက်ပြီး ကပ်နေရန် လိုအပ်တော့မည်မဟုတ်ပေ။ 


ကျန့်မိသားစုရဲ့ မင်းသမီးလေးနဲ့ သူလက်ထပ်ဖို့ သဘောတူညီချက်က သက်တမ်းရှိတုန်းပဲလား…


အားလုံးက မှန်းဆနေစဉ်မှာပင် ဆိုက်ယောင်၏မင်းသမီးလေး ကျန့်ယောင်က စကားစလာသည်။ ဝေ့ရှီမင်းနှင့် သူမ၏ လက်ထပ်ရန်သဘောတူညီမှုစာချုပ်က ပြောင်းလဲခြင်းမရှိကြောင်းနှင့် သူတို့နှစ်ဦးက ယရင်ထက်ပင် ပို၍ချစ်နေသေးကြောင်း အတိအလင်းကြေညာခဲ့သည်။


ကြေညာာချက်ထုတ်ပြီးသည်နှင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ 


ကျန့်ယောင် စကားပြောပြီးနောက် ဝေ့ရော့ယန်ကလည်း နောက်ကလိုက်ပြောလာသည်။ ဝေ့ရှီမင်းက သူတို့အဖွား၏အသက်ကို ကယ်တင်ခဲ့ကြောင်း သူက ကြေညာခဲ့သည်။ ထို့ကြောင့် သူတို့၏အဖွားက ဝေ့ရှီမင်းကို သူတို့၏သွေးသားတော်စပ်မှုကို မခွဲခြားဘဲ ဝေ့မိသားစုအဖွဲ့ဝင်အဖြစ် ကြေညာခဲ့သည်။ 


ဝေ့ရော့ယန်က ဝေ့မိသားစု၏ ဒုတိယအိမ်တော်ခွဲမှသားဖြစ်သောကြောင့် သူ့စကားက အလွန်အမင်း လေးနက်သည်။ 


သူတို့၏ ကြေညာချက်များက ဝေ့ရှီမင်းနှင့် ပတ်သက်သည့် လူတိုင်း၏ အတွေးအမြင်ကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။။ 


ဝေ့မိသားစုမှဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဝေ့ရှီမင်းက ရိုးရိုးရှင်းရှင်း အောင်နိုင်သူဖြစ်သည်။ သူက ကျန့်မိသားစု၏ မင်းသမီးလေးကို ကမ္ဘာပေါ်တွင် သူ့အပေါ် သစ္စာစောင့်သိကြောင်း ကြေညာစေနိုင်ခဲ့ပြီး မည်သည့်သွေးသားတော်စပ်မှုမှမရှိဘဲ ဝေ့မိသားစုတွင် နေနိုင်ခဲ့သည်။ 


သူက ဘယ်လိုတောင် အံ့ဩစရာကောင်းတာလဲ…


ဆန့်ကျင်ဘက်အားဖြင့် သခင်လေးအစစ်ဖြစ်သည့် ဝေ့မင်ကျန်းကမူ ဝေ့မိသားစုကလည်း သူ့ကို မကြိုက်သကဲ့သို့ ကျန့်မိသားစုနှင့် လက်ထပ်ရန် သဘောတူညီမှုလည်း မရှိသေးပေ။ သူ့တွင် ချောမောသည့် မျက်နှာလေးသာ ရှိပြီး အခြားကဏ္ဍအားလုံးတွင် ဝေ့ရှီမင်း၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို ခဲ့ရသည်။ 


ကျောင်းသားများကြားတွင် ဆွေးနွေးမှုအများကြီးရှိခဲ့သည်။ ကျောင်းဖိုရမ်၌ပင် သူတို့နှစ်ယောက်အကြောင်း ပို့စ်များအပြည့်ဖြစ်သည်။ ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းမှ ကျောင်းသား ဆယ်ဦးတွင် ကိုးဦးက ဩဇာရှိသူများ၏ သားသမီးများဖြစ်ပြိီး အများစုက နိုင်ငံခြားသို့ သွားရန် စီစဉ်ထားကြသည်။ ဆိုက်ယောင်တွင် အရင်းအမြစ်များစွာရှိပြီး နိုင်ငံခြားတွင် ပညာသင်ကြားရန် အခွင့်အလမ်းများစွာလည်း ရှိသည်။ ထို့ကြောင့် လူအများစုက သူတို့၏ လေ့လာမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိခဲ့ကြပေ။ သူတို့က အတင်းအဖျင်းများကိုသာ ပိုစိုးရိမ်တတ်ကြသည်။


အကယ်၍ ထိုကျောင်းကသာ အခြားကျောင်းတစ်ကျောင်းဖြစ်ခဲ့လျှင် ထိုမျှကြီးမားသည့် ရုန်းရင်းဆန်ခတ်မှုမျိုးဖြစ်နိုင်မည်မဟုတ်သော်လည်း ယခုတော့ ဆိုက်ယောင် ဖြစ်နေသည်။ ထို့အပြင် ၎င်း၏ ဇာတ်ဆောင်များအားလုံးကလည်း ဝေ့မိသားစုနှင့် ကျန့်မိသားစုတို့ဖြစ်နေသည်။ 


ဝေ့ရှီမင်းက ဖိုရမ်ရှိ ဆွေးနွေးမှုများကို မြင်ပြီးနောက် အသက်ကို ဖြေးဖြေးချင်း ရှူထုတ်လိုက်သည်။ 


အိမ်တွင် သူက ဝေ့မင်ကျန်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း ကျောင်းတွင် သူ ဝေမင်ကျန်းကို အရှုံးမပေးချင်ပေ။ သူက ဝေ့မိသားစုနှင့် မသက်ဆိုင်သော်လည်း အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်နေဆဲဖြစ်သည်ကို လူတိုင်းသိစေရန်အတွက် ကျန့်ယောင်နှင့် ဝေ့ရော့ယန်တို့ကို သူ့ကိုယ်စား ထုတ်ပြောစေခဲ့သည်။ 


သူ၏ဇာစ်မြစ်ကို သိရှိပြီးနောက် ဝေ့ရှီမင်းက ကြောက်ရွံ့ခြင်းနှင့် ရှက်ခြင်းအမျိုးမျိုးကို ခံစားခဲ့ရသည်။ သူ့သွေးသားနှင့် သူ့ကံကြမ္မာကို သူမုန်းသည်။ သူ တစ်သက်လုံးနေထိုင်ခဲ့သည့် ပလ္လင်ပေါ်မှ မဆင်းချင်ခဲ့ပေ။ 


ငယ်စဉ်ကပင် အခြားသူများထက် သာလွန်နေခဲ့သော လူတစ်ယောက်အနေဖြင့် သာမန်လူတစ်ယောက်၏ ဘဝသို့ တန်းပြီးဆင်းသွားရခြင်းထက် သေခြင်းက များစွာ သာလွန်နေသေးသည်။


ဝေ့ရှီမင်း၏စိတ်က ယခုအချိန်တွင် အလွန်ဝေခွဲမရဖြစ်နေသည်။ တစ်ဖက်တွင် သူ့ဇစ်မြစ်ကို မုန်းတီးပြီးတစ်ဖက်တွင်မူ ဝေ့မင်ကျန်းကို မနာလိုဖြစ်ခဲ့သည်။ တစ်ဖက်တွင်မူ သူက စိတ်ရှည်ရန် လိုအပ်ကြောင်းသိပြီး တစ်ဖက်တွင်မူ နည်းနည်းလေးမှ ရှက်နေစရာပင် မလိုတော့ပေ။


သူက ဝေ့မိသားစုအတွင်း ခြေကုပ်ယူရန် စီစဉ်နိုင်ခဲ့သည်။ ထုံးစံအတိုင်း သူက ကျောင်းတွင်လည်း ဝေမင်ကျန်းအား ဖိနှိပ်ထားနိုင်ရန် ဖန်တီးချင်နေသည်။ 


သူက ဝေ့မင်ကျန်းထက် အဆတစ်ရာ ပိုကောင်းသည်ကို လူတိုင်းအား သိစေချင်သည်။


ဝေ့မင်ကျန်းအား မည်သူမျှ စကားမပြောကြသည်ကို သူမြင်သောအခါ ကျေနပ်မှုများစွာ ခံစားခဲ့ရသည်။ ဝေ့မင်ကျန်းကို အနိုင်ယူလိုက်နိုင်ပြီဖြစ်ကြောင်း သူခံစားမိလိုက်သည်။


ကျောင်းသားများက သူတို့အကြောင်း များစွာပြောနေကြသော်လည်း ဝေ့မင်ကျန်းနှင့် ရှုနဉ်က လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူတို့ က ရိုးရိုးလေးပင် လုံးဝ ဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ ဝေ့မင်ကျန်းကလည်း ငယ်စဉ်ကတည်းက အမြဲတမ်း အမှီအခို ကင်းမဲ့သူဖြစ်၍ ထိုကိစ္စများကို လုံးလုံးလျားလျားပင် ဂရုမစိုက်ချေ။ ရှုနဉ်က အနည်းငယ်စိုးရိမ်သော်လည်း သူ ဗီလိန်လေး၏စွမ်းရည်ကို ယုံကြည်သည်။ အချိန်ကသာ အရာအားလုံးကို သက်သေပြလိမ့်မည်ဖြစ်ပြီး အလျင်စလို ထုတ်ပြရန် မလိုအပ်ပေ။ မဟုတ်ပါက သူတို့ကို ပျော့ညံ့သည့် မသန်မစွမ်းပုံပေါက်သွားစေလိမ့်မည်။ 


သူ့ကလေးလေးက မကြာခင်မှာ လူတိုင်းကို အံ့ဩသွားစေလိမ့်မယ်…


ကျောင်းဖွင့်ပွဲအခမ်းအနားအပြီးတွင် ကျောင်းသားကောင်စီမှ ကပွဲများကို စတင်ကျင်းပသည်။ 


ရှုနဉ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ CEO ဝတ္ထုများတွင် စာဖတ်ရန် သို့မဟုတ် လေ့လာရန် မလိုအပ်ပေ။ ထို့အစား လူတိုင်းက သူတို့၏နေ့ရက်များကို အတင်းအဖျင်းပြောခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညစာစားပွဲများစီစဉ်ခြင်းနှင့် ကျောင်းပွဲများကို တက်ရောက်ခြင်းများသာ ပြုလုပ်လေ့ရှိကြသည်။ ရှုနဉ်က သူတို့ကို အပြစ်ရှာ၍ပင် မရပေ။


နောက်ဆုံးတွင် သူတို့ကချမ်းသာကြွယ်ဝသူများ၏ သားသမီးများဖြစ်သည်။ သူတို့ဘဝက ပုံသေသတ်မှတ်ထားပြီးဖြစ်သည်။ ငွေကြေး သို့မဟုတ် လေ့လာမှုတို့အတွက် စိတ်ပူစရာမလိုအပ်ပေ။ သူတို့က ပါတီပွဲကျင်းပခြင်းနှင့် ချစ်မိခြင်းတို့မှတစ်ပါး မည်သည့်ကိစ္စမှလုပ်ရန် မလိုပေ။ 


ဝေ့မင်ကျန်းက ထိုအရာများကို လုံးဝစိတ်ဝင်စားခြင်းမရှိပေ။ ရှုနဉ်ကမူ မည်သည့်အကမျိုးဖြစ်မည်ကို အနည်းငယ် သိချင်နေခဲ့သည်။ ကျောင်းသားများက ဖိတ်ကြားချက်ရှိမှသာ ကပွဲသို့ တက်ရောက်နိုင်ပြီး ဖိတ်ကြားထားသူအားလုံးကို ကျောင်းသားကောင်စီက ဂရုတစိုက်ရွေးချယ်ထားသည်။ 


ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက်မူ ဖိတ်စာ လက်ခံရရှိခြင်းက ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ 


တက်ရောက်နိုင်သူများအတွက် ကျောင်းသားကောင်စီ၏ စံနှုန်းများက တစ်နှစ်နှင့်တစ်နှစ် ကွဲပြားသည်။ ဤကိစ္စက ကျောင်းသား ကောင်စီဝင်များ အပေါ်တွင် များစွာမူတည်သည်။ အချို့က မဲဖြင့်ဆုံးဖြတ်သည်ဟု ဆိုကြပြီး အချို့က သတ်မှတ်ထားသော စံနှုန်းတစ်ခုရှိသည်ဟု ဆိုကြကာ အချို့က ထိုနှစ်ခုစလုံးကို ပေါင်းစပ်ထားသည်ဟု ဆိုကြသည်။ 


ကပွဲကို စုစုပေါင်း လူနှစ်ရာသာ တက်ရောက်နိုင်သည်။ 


ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က ဖိတ်စာတစ်စောင်စီ လက်ခံရရှိခဲ့သည်။ 


ရှုနဉ် စတင်စိတ်ဝင်စားလာသည်။ 

"ကောင်းလိုက်တာ မင်ကျန်း ငါတို့သွားကြည့်ရအောင်..”


အရေးပါသောပုဂ္ဂိုလ်အချစ်ဦးဝတ္ထု၏ ပထမပိုင်းတစ်ဝက်ခန့်က ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ ဒုတိယပိုင်းက ဘွဲ့ရပြီးနောက်ပိုင်း ဖြစ်သည်။ ဇာတ်လမ်းက ရူးသွပ်ပြီး စိတ်ကူးယဉ်ဆန်လွန်းကာ စာရေးသူက လက်တွေ့မဆန်လွန်းမည်ကိုလည်း မကြောက်ပေ။


ဝေ့မင်ကျန်းက ဂရုမစိုက်ပေ။ သူ စိတ်မဝင်စားသော်လည်း ရှုနဉ်က သွားချင်သောကြောင့် ကပွဲကို လိုက်ရန် ဆုံးဖြတ်လိုက်သည်။


 "သခင်လေးရှီမင်းက အရမ်း သဘောကောင်းလွန်းတယ်...သူက နင်တို့နှစ်ယောက်ကို ကပွဲကို ဖိတ်ခေါ်ဖို့တောင် လုပ်ပေးသေးတယ်..." 

ဝတ်ကောင်းစားလှဝတ်ထားသည့် မိန်းကလေးက အနက်ရောင် ဖိတ်စာတစ်စောင်ကို ကိုင်ဆောင်ထားသည့် ရှုနဉ် ကိုတွေ့သောအခါ မနေနိုင်ဘဲ စကားအနည်းငယ်ပြောလိုက်သည်။


အံ့အားသင့်သွားသည့် ရှုနဉ်က ခေါင်းကိုလှည့်ပြီး ကြည့်လိုက်သောအခါ စကားပြောနေသူက ဝေ့ရှီမင်း၏ ဖန်လေး ယွီချန်းချန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစတက်သည့်နေ့တွင် သူမက ဗီလိန်လေးကို ချီးမွမ်းသူတိုင်းအား သတိထားခဲ့ပြီး ဝေ့မင်ကျန်းနှင့် ဝေ့ရှီမင်းတို့ကြား ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းထုတ်ပြောခဲ့သည်။ သူက ဝေ့ရှီမင်းကို သနားသူများအား စုဆောင်းပြီး ဝေ့မင်ကျန်းနှင့် ထိုသူများ ကင်းကွာရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ 


ရှုနဉ်က သူ့ကို မနှစ်သက်ပေ။ သို့သော် သူမက မိန်းကလေးတစ်ဦးဖြစ်သောကြောင့် သူမနှင့် စကားများရန်မဖြစ်ချင်၍ သူမကို လွှတ်ထားလိုက်သည်။


ဝေ့မင်ကျန်းက ယွီချန်းချန်းကို အလေးအနက်မထားခဲ့ပေ။


ယွီချန်းချန်းက ပြောလာသည်။


 "နင်တို့နှစ်ယောက်က သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ငါကြားတယ်…ဝေ့ရှီမင်းက အထူးတောင်းဆိုချက်လုပ်ပေးထားလို့ နင်တို့နှစ်ယောက်ကို ဖိတ်လိုက်ရတာ…”


ရှုနဉ်က ထို အကြောင်းကို မသိခဲ့ပေ။ 

"တကယ်လား…”


"ဟုတ်တယ်…”

ယွီချန်းချန်း ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။


"ဝေ့ရှီမင်းက ကျောင်းသားကောင်စီ ဥက္ကဌလေ…သူက လူတွေကို ကောင်းကောင်း ဆက်ဆံတယ်...ဒါကြောင့် နင်တို့ကလဲ သူ့ကို ရိုးရိုးသားသား ဆက်ဆံသင့်တယ်..သူ့ကို ပစ်မှတ်ထားမနေသင့်ဘူး ဟုတ်ပြီလား…”


ရှုနဉ် :”... “

ဒီယွီချန်းချန်းက ဘာတွေလာပြောနေတာလဲ…


ရှုနဉ်က စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။

 "ငါတို့ သူ့ကို ပစ်မှတ်မထားပါဘူး….”


ယွီချန်းချန်းက သူ၏ ကိုယ်ပိုင်စိတ်ကူးယဉ်မှုထဲတွင် အလွန်နှစ်မြှုပ်နေခဲ့ပြီး တခြားဘယ်သူ့စကားမှ နားမထောင်နိုင်ခဲ့ပေ။


"နင်တို့ ဖိတ်စာ ရပြီးကတည်းက ဝေ့ရှီမင်းအပေါ် ပိုကောင်းသင့်တယ်…ဝေ့ဘွားဘွားက သူ့ကို ဝေ့မိသားစုမှာ ဆက်နေဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ နင်သူ့ကို ညီအစ်ကိုလို ဆက်ဆံသင့်တယ်…နင်တို့က မိသားစုတွေပဲလေ…တစ်ယောက်နဲ့တစ်ယောက် ချစ်တတ်အောင် သင်ယူသင့်တယ်…”


ဝေ့ရှီမင်းက သူတို့ကို တိတ်တဆိတ် မျက်နှာသာပေးခဲ့သော်လည်း ဝေ့မင်ကျန်းက သူ့ကို ပစ်မှတ်ထားရန် ကြိုးစားနေသည်။ 

သူက တကယ်ကို ကျေးဇူးကန်းလိုက်တာ…ဝေ့ရှီမင်းက အရမ်းကြင်နာပြီး တော်တယ်…ဘာလို့များ သူ့ဆီမှာမှ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ရတာလဲ…


ယွီချန်းချန်း၏ ထူးဆန်းသော စကားတို့ကို နားထောင်ပြီးနောက် ရှုနဉ်က ကပွဲကို ချက်ခြင်းပင် စိတ်ဝင်စားမှု မရှိတော့ပေ။ သူက အေးစက်စွာပြောလိုက်သည်။


 "အိုး တကယ်လား ငါသွားတောင်မသွားချင်တော့ဘူး…” 


ယွီချန်းချန်း အံ့အားသင့်သွား၍ သူမနှုတ်ခမ်းကို ကိုက်ပြီးပြောလိုက်သည်။

 "အခုလိုမျိုး ဝေ့ရှီမင်းရဲ့ ကြင်နာတဲ့စိတ်ထားလေးကို နင်က ဘယ်လိုတောင် ဖြုန်းတီးနိုင်ရတာလဲ …”


ရှုနဉ် ပြောစရာ စကားမဲ့သွားသည်။ 

"ငါတို့ရဲ့ အထင်အမြင်ကို မတောင်းဘဲ သူက ဖိတ်စာပို့တာလေ….ငါတို့က ဘာလို့သွားရမှာလဲ….ဘယ်ဥပဒေ အရ သွားရမှာလဲ…”


ယွီချန်းချန်း ဒေါသထွက်သွားသည်။ 

"သွားချင်ပေမယ့် မသွားနိုင်တဲ့သူတွေမှ အများကြီးပဲ… ဝေ့ရှီမင်းက နင့်တို့ကို သွားဖို့ ဖိတ်ပေမယ့် နင်က မသွားဘူးလား…”


တစ်ချိန်လုံး စကားမပြောသည့် ဝေ့မင်ကျန်းက ရှုနင်း၏လက်ထဲရှိ ဖိတ်စာကိုယူကာ ဆုတ်ဖြဲလိုက်သည်။ ထို့နောက် ၎င်းကို ဘောလုံးတစ်လုံးအဖြစ် လုံးသည်။


သူ စကားတစ်ခွန်းမှမပြောသော်လည်း သူ့လုပ်ရပ်က ရှင်းသည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ရှိနေသည်။ သူ့မျက်လုံးများက အေးစက်နေပြီး ဂရုမစိုက်ဟန်ဖြစ်ကာ ဒေါသအရိပ်အယောင်ကို သယ်ဆောင်ထားသည်။ 


ယွီချန်းချန်း အံ့အားသင့်သွားသည်။

 "ဖိတ်စာကို ဘာလို့ဖြဲလိုက်တာလဲ၊ နင်က ကျောင်းသားကောင်စီနဲ့ ရန်ဖြစ်ချင်နေတာလား…”


ဆိုက်ယောင်၏ ကျောင်းသားကောင်စီက အာဏာများစွာရှိသည်။ ဗီလိန်လေး၏ လုပ်ရပ်က အတန်းထဲရှိ လူတိုင်းကို အံ့ဩသွားစေခဲ့ပြီး ရှုနဉ်ပင် သူ မမျှော်လင့်ထားသည့်အရာကို တွေ့ခဲ့ရသည်။ 


သူ ပြန်တွေးကြည့်သောအခါ မမျှော်လင့်ထားသည်ကို တွေ့လိုက်ရသည့် အကြောင်းပြချက်ထက် မပိုပေ။ 


ဗီလိန်လေး၏ ပင်ကိုယ်စရိုက်က အမြဲတမ်း မာနကြီးသည်။ 


"ဘုရားရေ၊ သူက ဖိတ်စာကို တကယ်ကြီး ဖြဲလိုက်တယ်…”


"ကျောင်းသားကောင်စီက သူ့ကို အပြစ်ပေးတော့မှာလား…”


"ဒါပေမယ့် သူက ဝေ့မိသားစုရဲ့ သခင်လေးပဲလေ… သူတို့ လုပ်မှာ မဟုတ်ဘူး…ပြီးတော့ ဝေ့ရှီမင်းက ကျောင်းသားကောင်စီ ဥက္ကဋ္ဌဆိုတော့ သေချာပေါက် လျှောချသွားလိမ့်မယ်…”


သူတို့ အတန်းဖော်များ၏ ပြောဆိုသံကို ကြားသောအခါ၊ ရှုနဉ်က ‘အရေးပါသောပုဂ္ဂိုလ်၏ အချစ်ဦး’ရှိ ကျောင်းသားကောင်စီကို သတိရသွားသည်။ သူ ချက်ချင်းပင် အနည်းငယ် ကြောက်လန့်သွားသည်။ ကျောင်းသားကောင်စီ၏ အာဏာက ဆရာများထက် သာလွန်သည်။ ကျောင်းသားများကို အပြစ်ပေးခြင်း၊ ဆုပေးခြင်းများလုပ်ဆောင်ခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် သူတို့က Chunni (သူတို့ကိုယ်သူတို့ စူပါပါဝါရှိသည်ဟုထင်သူ)များဖြစ်သည်။


ရှုနဉ် ဝတ္ထုကိုဖတ်ချိန်၌ သူတို့ကို အလွန်အမင်း မြှောက်ပင့်ထားလွန်းသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ထိုဝတ္ထုက ကလေးများအတွက် မိုက်မဲသော အချစ်ဝတ္ထုသာ ဖြစ်သောကြောင့် ၎င်းကို တုံ့ဆိုင်းစွာ လက်ခံခဲ့သည်။ ယခုတွင်မူ ထိုအရာများက အမှန်တကယ်ဖြစ်လာသည့် အခါတွင် ရှုနဉ်က အမှန်တကယ်ပင် အထက်စီးဆန်လွန်းတယ်ဟု ခံစားလိုက်ရသည်။


"ငါတို့မသွားဘူး..." 

ဝေ့မင်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။ 


ယွီချန်းချန်း အရှက်ရသလို ခံစားလိုက်ရပြီး သူမ idol ၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လုံးဝ စော်ကားခံလိုက်ရသည်ဟု ခံစားခဲ့ရသည်။ သူမက မတ်တပ်ထရပ်ပြီး ဒေါသတကြီးပြောလိုက်သည်။


 "နင်တို့ တော်တော်လေးကို စိတ်သဘောထားသေးသိမ်တာပဲ …”


ထို့နောက် သူမက ရင်ဖွင့်နိုင်သည့်သူကို ရှာရန် စာသင်ခန်းထဲမှ ပြေးထွက်သွားသည်။ ဝေ့ရှီမင်းက မိသားစု၏ပင်မအိမ်တော်ခွဲမှ နှင်ထုတ်ခံရပြီး သူ့အဖွားနှင့် အတူနေသည်ကို တစ်ကျောင်းလုံးရှိ လူတိုင်းနီးပါး သိကြသည်။ ဝေ့မင်ကျန်းက သည်းခံနိုင်စွမ်းမရှိကာ စိတ်သဘောထားကျဉ်းမြောင်းသူ ပြောနေကြသည်။ ယနေ့ အဖြစ်အပျက်ပြီးသည့်နောက်တွင် သူတို့က သူ့ကို " စိတ်သဘောထားသေးသိမ်သူ" ဟု ခေါ်ကြလိမ့်မည်။ 


နေ့ခင်းဘက်တွင် ရှုနဉ်ကို အတန်းပိုင်ဆရာက ရုံးခန်းထဲသို့ ခေါ်သွားသည်။ ဝေ့မင်ကျန်းနှင့် ဝေ့ရှီမင်းတို့ ကြားရှိ ပဋိပက္ခအကြောင်း သူမေးချင်နေမိသည်။ ရှုနဉ်က သူ့နဖူးကို လက်နှင့်ဖိလိုက်သည်။ ဆရာက ထိုပုဂ္ဂိုလ်ကြီးနှစ်ယောက်အား ထိပါးမိမည်ကို ကြောက်သောကြောင့် သူတို့အကြောင်းကိုမေးရန် ရှုနဉ်ကို အတန်းထဲမှ ဆွဲထုတ်လာခဲ့

ခြင်းဖြစ်သည်။


ရှုနဉ်က ဗီလိန်လေး ဘက်မှ ရပ်တည်ပေးပြီး ယွီချန်းချန်း ယနေ့ ပြောခဲ့သမျှအားလုံးကို သူ ထပ်ပြောလိုက်သည် ။ အတန်းပိုင်ဆရာက ဘာမှပြန်မပြောဘဲ ခေါင်းတညိတ်ညိတ်နှင့် သူ့ကို ထွက်သွားခွင့်ပေးလိုက်သည်။