Chapter 82
သူ ရုံးခန်းကထွက်လာသောအခါ ယွီချန်းချန်းနှင့် အခြားမိန်းကလေးနှစ်ယောက်ကို စင်္ကြန်လမ်းတွင် တွေ့လိုက်ရသည်။ ရှုနဉ်က ယွီချန်းချန်းနှင့် အခြားမိန်းကလေးများနှင့် ငြင်းခုံရန် မလိုလားသောကြောင့် လှေကားဆီသို့ လျှောက်သွားကာ တက်လာခဲ့သည်။ သူက ယွီချန်းချန်းနှင့် အခြားလူများ ဖြတ်သွားသည်ကို စောင့်ဆိုင်းရန် ရည်ရွယ်ပြီး ပြန်ဆင်းလာခဲ့သည်။
ပထမနှစ်အလွှာ၏ အထက်က ဒုတိယနှစ်များအလွှာ ဖြစ်သည်။ ရှုနဉ်က လှေကားထစ်အလယ်တွင် စောင့်နေပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်သွားရန် စီစဉ်ထားသည်။သူ ထွက်သွားခါနီးတွင် ကောင်လေး တော်တော်များများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။ သူတို့က သူ့အပေါ်နားတွင် စကားပြောနေကြသည်။
"ယွီချန်းချန်းပြောတာတော့ ဝေ့မင်ကျန်းက ဖိတ်စာကို ဖြဲပစ်လိုက်တယ်တဲ့…သူမှာ ပွဲတက်ရောက်ဖို့ အစီအစဉ် မရှိဘူး…ငါတို့ ဘာလုပ်သင့်လဲ…”
"သူတို့နှစ်ယောက် လာဖို့စီစဉ်နေတယ်လို့ ငါကြားထားတာ ဒါပေမယ့် အဲ့ဒီငတုံး ယွီချန်းချန်းက သွားဆွလိုက်တယ်…သူက ငါတို့ရဲ့ အစီအစဥ်ကို လုံးဝ ပျက်စီးအောင်လုပ်လိုက်တာပဲ…”
ရှုနဉ် အံ့ဩသွားသည်။
ဒါက မဟုတ်သေးပါဘူး….
"အစီအစဥ်" လို့ သူတို့ပြောနေတာက ဘာလဲ ….
မင်ကျန်းကို ဘာလုပ်ဖို့ စီစဉ်ထားကြတာလဲ….
ဒုတိယနှစ်အထပ်တွင် ရှိသည့် ကောင်လေးများ အများစုက ဒုတိယနှစ်ကျောင်းသားများသာ ဖြစ်ရမည်။ ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ကလည်း ဒုတိယနှစ်ကျောင်းသားများ ဖြစ်သည်။
" ဝေ့မင်ကျန်း မလာရင် ငါတို့ မဲဖောက်ပေးရဦးမှာလား…"
"ဒါနဲ့ ပတ်သက်ပြီး ငါတို့ ဥက္ကဌကို မေးရမှာပေါ့…”
ကောင်လေးများက စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားသည်။ ရှုနဉ် ဒေါသအပြည့်ဖြင့် အောက်ထပ်ကို တိတ်တဆိတ်ဆင်းသွားလိုက်သည်။
" ဝေ့ရှီမင်းက ဗီလိန်လေးကို ကပွဲဘာကြောင့် ဖိတ်ရတာလဲ" ဟူသည့်အကြောင်း သူတစ်ချိန်လုံး တွေးနေခဲ့သည်။ သူ့ထံတွင် ဗီလိန်အတွက် "အစီအစဥ်" ဟူသည်က ရှိနေ သေးသည်ကို ရှုနဉ် ယနေ့မှသိလိုက်ရသည်။
“အစီအစဥ်” တွင် မည်သည့်အရာများ ပါဝင်ကြောင်း သူမသိသေးသော်လည်း ၎င်းက ကောင်းမွန်သည့်တစ်စုံတစ်ရာဖြစ်လိမ့်မည်မဟုတ်ကြောင်း သူ သေချာသိနိုင်သည်။
ဝေ့ရှီမင်းက ပထမဆုံးပြန်ရောက်သည့်နေ့ကပင် ဗီလိန်လေးကို ပြဿနာဖြစ်စေခဲ့သည်။ ဟူမေ့၏သစ္စာဖောက်မှုကြောင့်သာ မဟုတ်ပါက သူတို့နှစ်ဦး ထိုအကြောင်းကို သတိထားမိမည်မဟုတ်ပေ။
ကျန့်ယောင်နှင့် အဖြစ်အပျက်က ပို၍ပင် ပြောင်ပြောင်တင်းတင်းနိုင်သည်။ သူက သူတို့ကြားတွင် သွေးထိုးရန် ကြိုးစားခဲ့သည်။ သူ့နေရာတွင် အစားဝင်လာမည့် ဗီလိန်လေး၏ ဖြစ်နိုင်ခြေမှန်သမျှကို ဖယ်ရှားပစ်ချင်ခဲ့သည်။ ရှုနဉ်က စာသင်ခန်းသို့ အမြန်ပြန်ပြေးပြီး သူကြားသမျှကို ဗီလိန်လေးအား ပြောပြလိုက်သည်။
"ကံကောင်းတာက ငါတို့ ကပွဲကို သွားဖို့ မလိုတော့ဘူး… မဟုတ်ရင် ငါတို့က သူတို့ထောင်ချောက်ထဲကို ကျိန်းသေပေါက် ရောက်သွားလိမ့်မယ်…သူတို့က ငါတို့နဲ့ လာရှုပ်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်…”
ဝေ့မင်ကျန်းက စဉ်းစားလိုက်သည်။
"မဲနှိုက်တာတဲ့လား…”
ရှုနဉ် ခေါင်းညိတ်လိုက်သည်။ ဝေ့မင်ကျန်းက ခဏလောက်စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြုံးလိုက်သည်။
ရှုနဉ်က သူ့အပြုံးကို ကြည့်ပြီး အလွန်အံ့သြသွားသည် ။ ထိုနေ့မွန်းလွဲပိုင်းတွင် ဒုတိယနှစ် ကျောင်းသားများက သူတို့ စာသင်ခန်းသို့ ကိုယ်တိုင်လာပြီး ဖိတ်စာများကို ဝေ့မင်ကျန်းနှင့် ရှုနဉ်ထံ ပေးခဲ့ခြင်းဖြစ်သည်။
ဝေ့မင်ကျန်းက ပထမအကြိမ်ဖိတ်ကြားချက်ကို ဖျက်စီးပြီးနောက် ဒုတိယနှစ်ကျောင်းသားများက ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ထံသို့ လူကိုယ်တိုင်လာကာ ဒုတိယမြောက် ဖိတ်စာတစ်စောင်ကို ပေးပို့ခဲ့သည်။
လုံးဝ မယုံနိုင်စရာပင်။
အခန်း ၁ မှ ကျောင်းသားအားလုံး အံ့သြသွားကြသည်။ သူ့ကို အားလုံးက ကြည့်နေကြသော်လည်း ရှုနဉ်က အေးစက်စက်တုံ့ပြန်လိုက်သည်။
"ငါတို့ မသွားဘူး…”
ဒုတိယနှစ်ကျောင်းသားများ အံ့သြသွားပုံရသည်။
"ဘာလို့လဲ…”
ရှုနဉ်က ထိုလူများကို သဘောမကျပေ။ သူက ထိုလူများကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
"ငါ မသွားချင်လို့ မသွားတာပေါ့..ဘာလို့ ရှင်းပြနေရမှာလဲ…”
ကောင်လေးက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ပုံမှန်ဆိုလျှင် လူတိုင်းက ထိုကိစ္စကို ပစ်ထားခဲ့လိုက်နိုင်သော်လည်း ကောင်လေးကို ဆွဲဆောင်ရန် သူတို့က ဝိုင်းရံလိုက်သည်။
"ဒီကပွဲကို အဖိတ်ခံရဖို့က အရမ်းခက်တယ်နော်... မင်းတို့ နှစ်ယောက်က အခုမှ ဆိုက်ယောင်ကို ပြောင်းလာတာလေ… ကပွဲကိုတက်တာ အကောင်းဆုံးပဲ…”
သူတို့က အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရသော်လည်း လာရောက်ရန် ဖိတ်ခေါ်နေဆဲဖြစ်သည်။ ထိုအရာကြောင့်ပင် ရှုနဉ်က သူတို့ထံ၌ တခြားအစီအစဉ်များ ရှိနေသည်ဟူသော သံသယများကို အတည်ပြုနိုင်ခဲ့သည်။ ရှုနဉ်က ဗီလိန်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာက မည်းမှောင်လာသည်။
"ငါတို့သွားမှာမဟုတ်ဘူး…”
ရှုနဉ်က စိတ်လျှော့မည်မဟုတ်ကြောင်း ကောင်လေးက သဘောပေါက်သွားသည်။ သူက ခဏ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“ယွီချန်းချန်း က မဟုတ်တဲ့ စကားတွေပြောလို့ မင်းက ဖိတ်စာကို ဖြဲပစ်ပြီး ပွဲတက်ဖို့ ငြင်းခဲ့တယ်ဆိုတာ ငါတို့ကြားပြီးပြီ…”
ခေါင်းစဉ်က ယွီချန်းချန်းဆီသို့ ရုတ်တရက်ပြောင်းသွားသည့်အခါ ဆူညံနေသော စာသင်ခန်းကရုတ်တရက် တိတ်ဆိတ်သွားသည်။
ယွီချန်းချန်းလည်း အံသြသွားကာ မတ်တပ်ထပြီး မေးလိုက်သည်။
"လျန်ဖုန့် ငါ ဘယ်အချိန်က မဟုတ်တာတွေပြောလို့လဲ…”
သူမက တစ်တန်းလုံးရှေ့တွင် အဓိပ္ပါယ်မရှိသည်များ ပြောဆိုသည်ဟု စွပ်စွဲခံနေရ၍ သူမ မျက်နှာကို ဖြတ်ရိုက်ခံရသည်နှင့် အတူတူပင်ဖြစ်သည်။ ယွီချန်းချန်းက ကျိန်းသေပေါက် ဝန်ခံမည် မဟုတ်ပေ။
လျန်ဖုန့်ဟု အမည်ရသည့် ဒုတိယနှစ် ကျောင်းသားက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီးမေးလိုက်သည်။
"ဝေ့မင်ကျန်းနဲ့ ရှုနဉ်ကို ဖိတ်တဲ့သူက ဥက္ကဋ္ဌမဟုတ်ဘဲ ကျောင်းသား ကောင်စီပဲ... ဥက္ကဌက အစအဆုံး ဘာမှ မသိခဲ့ဘူး…မင်းက ကျောင်းသားကောင်စီဥက္ကဋ္ဌက သူ့အာဏာကို ကိုယ်ပိုင်အကျိုးအတွက် အသုံးချတယ်လို့ဥက္ကဌကို စွပ်စွဲဖို့ကြိုးစားနေတာလား…”
ယွီချန်းချန်း အံ့အားသင့်သွားသည်။
"မဟုတ်ဘူး... ငါ မလုပ်ပါဘူး..."
သူမ ထိုကိစ္စကို ကျောင်းသားကောင်စီဝင်များထံမှ ကြားခဲ့ရသည်မှာ သေချာသည်။ ကျောင်းသားကောင်စီက ဝေ့မင်ကျန်းနှင့် ဝေ့ရှီမင်းတို့ကြားရှိ မကောင်းသည့်ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး ဝေ့မင်ကျန်းကို ဖိတ်ကြားမည့် ကိုယ်စားလှယ်လောင်းနေရာမှ ဖယ်ထုတ်ခဲ့ကြသည်။ နောက်ပိုင်းတွင်မူ ဝေ့ရှီမင်းက သူတို့နှစ်ဦးကို ဖိတ်ကြားရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။
ဘာလို့ အခုမှ ပြောင်းလဲသွားရတာလဲ…
ရှုနဉ်က သူတို့နှစ်ယောက်၏ စကားဝိုင်းကို နားထောင်ပြီးနောက် မျက်ခုံးပင့်ပြသည်။
"ဒါဆို အမှန်တရားက ဘာလဲ…”
လျန်ဖုန့်က ပြောလာသည်။
"ငါက ကျောင်းသားကောင်စီရဲ့ ကိုယ်စားလှယ်ပါ… အဖြစ်အပျက် တစ်ခုလုံးကို ကြားပြီးတာနဲ့ ငါကိုယ်တိုင်ကိုယ်ကျ ဖိတ်စာပို့ဖို့ ဆုံးဖြတ်လိုက်တာ…ဒါပေါ့ ငါပြောတာကပဲ အမှန်…”
ရှုနဉ်က သူ့၌ ကောင်းမွန်သည့် ရည်ရွယ်ချက် မရှိသည်ကို သိနေသည်။ သို့သော်လည်း ထိုကိစ္စက ယွီချန်းချန်းအား သင်ခန်းစာပေးရန် အခွင့်အရေးတစ်ခုဖြစ်သောကြောင့် ရှုနဉ်က သူနှင့်အတူ လိုက်ပါ ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူက အံ့ဩ ဟန်ဆောင်လိုက်သည်။
"ဒါပေမယ့် ယွီချန်းချန်းက လိမ်နေပုံမပေါ်ဘူး..."
"သူက ကျောင်းသားကောင်စီအဖွဲ့ဝင်မဟုတ်ဘူးလေ… သူ ဘယ်လိုလုပ် သိနိုင်မှာလဲ…”
လျန်ဖုန့်က ယွီချန်းချန်းကို တစ်ချက်ကြည့်လိုက်သည်။
ရှုနဉ်က သူ့နားလည်သွားပြီးဖြစ်ကြောင်း ကို ထုတ်ဖော်ပြခဲ့သည်။
“မင်းပြောချင်တဲ့သဘောက သူက အမှန်တရားကို မသိဘဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချပြီး ဝင်ပါတယ်လို့ ပြောချင်တာ မဟုတ်လား…သူက တခြားသူတွေရဲ့ နာမည်ကို အပုပ်ချပြီး ကျောင်းသားကောင်စီဥက္ကဋ္ဌကို သူ့အာဏာကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲသေးတယ်လို့ပြောချင်တာ မဟုတ်လား…”
အတန်းထဲရှိ လူတိုင်းက ယွီချန်းချန်းကို လှည့်ကြည့်လိုက်သည်။
ယွီချန်းချန်းက ကျောင်းစတက်ချိန်ကပင် ဝေ့မင်ကျန်းနှင့် ပတ်သက်ပြီး ဆိုးရွားသည့်ကောလာဟလများစွာ ဖြန့်ခဲ့သည်။ ဝေ့မင်ကျန်းက ဝေ့မိသားစုတွင် ဝေ့ရှီမင်းကို ပယ်ထားခဲ့ပြီး စိတ်သဘောထားကျဉ်းမြောင်းသည်ဟု သူမက ပြောဆိုခဲ့သည်။ သူမက အကြိမ်ပေါင်းများစွာ ပြောပြီးနောက်တွင် လူတိုင်းက ဖြည်းဖြည်းချင်း ယုံကြည်လာခဲ့ကြသော်လည်း ယခုတွင်မူ သူမ၏စကားများကို ယုံကြည်စိတ်ချနိုင်ချေ များစွာ ဆုံးရှုံးသွားခဲ့သည်။
ယွီချန်းချန်းက စိုးရိမ်သွားသည်။ သူမ၏မျက်လုံးများနီရဲလာသည်။
"ငါမလုပ်ပါဘူး…မဟုတ်ဘူး…”
ရှုနဉ်က မျက်ခုံးပင့်ပြီး လျန်ဖုန့်ကို ညွှန်ပြလိုက်သည်။
"နင်က သူလိမ်တာနေတယ်လို့ ပြောချင်တာလား…”
လျန်ဖုန့်က ယွီချန်းချန်းကို စိုက်ကြည့်နေသည်။
ယွီချန်းချန်းလည်း တုန်လှုပ်သွားသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း သူ့ကို ချေပရန် မည်သည့်အရာကိုမှ မပြောနိုင်ခဲ့ပေ။
ဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ…ကျောင်းသားကောင်စီက ဘာလို့ ရုတ်တရက်ကြီး လေသံပြောင်းသွားရတာလဲ…ဒါမှမဟုတ် ငါ တကယ်ပဲမှားခဲ့တာလား…
ယွီချန်းချန်းက သူမကိုယ်တိုင်ပင်မသိဘဲ နှုတ်ဆိတ်နေရုံသာ တတ်နိုင်သည်။
ရှုနဉ်က ပြောလိုက်သည်။
"မင်းအခုနောက်ပိုင်း မင်ကျန်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေ အမျိုးမျိုးဖြန့်နေတာ…မင်းက ဝေ့မိသားစုအိမ်မှာနေနေလို့လား…ဒါမှမဟုတ် တစ်ခုခုလား…မင်းစိတ်မရှိရင် ငါမေးပါရစေ…မင်းက ဒါတွေကို မင်းမျက်လုံးနဲ့ကိုယ်တိုင် မင်း တကယ်တွေ့ခဲ့ရလို့လား မင်း ကိုယ်တိုင်နားနဲ့ရောကြားလိုက်တာလား…“
ယွီချန်းချန်းက သူ့လက်ကိုမြှောက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ငါ... ငါပြောခဲ့တာတွေက အမှန်တွေချည်းပဲ…”
ရှုနဉ်က သူမ လုံးဝနောင်တမရသည်ကို မြင်လိုက်ရသောကြောင့် သူလည်း နောက်မဆုတ်ပေ။
"ဒါဆို မင်းကိုယ်တိုင် မျက်စိနဲ့ မြင်ပြီး မင်းနားနဲ့ ကြားခဲ့တာလား…”
ယွီချန်းချန်း၏ မျက်နှာကနီရဲလာပြီး သူ့လက်သီးများကို တင်းတင်းဆုပ်ထားသည်။
"မင်းက မင်ကျန်းအကြောင်း မကောင်းတာတွေ အများကြီးပြောခဲ့တယ်…ဒါပေမဲ့ မင်ကျန်းက သဘောထားကြီးတဲ့လူဖြစ်တာကြောင့် ဒါကို လျစ်လျူရှုဖို့ပဲ ဆုံးဖြတ်ခဲ့တယ်ဒါပေမယ့် အခု မင်းက ကျောင်းသားကောင်စီဥက္ကဌကိုတောင် အတင်းအဖျင်းပြောနေပြီပဲ…”
ရှုနဉ်က ကဲ့ရဲ့လိုက်သည်။
"မင်း စကားပြောတဲ့အခါ ဘာလို့များ ဂရုမစိုက်နိုင်ရတာလဲ…”
“ဟားဟား…”
အတန်းထဲရှိ တစ်ယောက်က မနေနိုင်ပဲ ရယ်လိုက်သည်။
ယွီချန်းချန်း၌ မိသားစုနောက်ခံကောင်း ရှိသည်။ သူမက အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို နှစ်သက်ပြီး ဝေ့ရှီမင်းကို ကြိုက်နှစ်သက်သူတိုင်းအား သူမကဲ့သို့ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သူမကို မကြိုက်သည့်သူအနည်းစု ရှိခဲ့သော်လည်း သူတို့က သူမကို မျက်နှာချင်းဆိုင်ပြီး မဖော်ပြခဲ့ကြပေ။ ထိုလူများက သူမနှင့် ထိုက်တန်သည့်အရာကို ရသွားသည်ကို မြင်လိုက်ရသောကြောင့် အလွန်ကျေနပ်နေကြသည်။
အခြားသူများက ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံးစောင့်ကြည့်နေပြီး ယွီချန်းချန်းကို အထင်သေးဟန်ဖြင့် ကြည့်နေကြသည်။ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က အဆင်ပြေနေကြသော်လည်း ယွီချန်းချန်းက ပြဿနာရှာသောကြောင့် ဝေ့မင်ကျန်းက ဖိတ်စာများကို ဖြဲလိုက်သည်။ ရလဒ်အနေဖြင့် ကျောင်းသားကောင်စီက သူမကို မျက်နှာဖြတ်ရိုက်ရန် ရှေ့ထွက်လာခဲ့သည်။
ပြောရမည်ဆိုပါက ယွီချန်းချန်းက ဝေ့မင်ကျန်းအကြောင်း မကောင်းပြောနေသော်လည်း ဝေ့မင်ကျန်းက သူမကို ဂရုမစိုက်ခဲ့ပေ။ နှိုင်းယှဉ်ကြည့်ပါက ယွီချန်းချန်းက အမှန်ပင် မိုက်မဲပြီး ယုတ်မာပုံပေါ်သည်။
ယွီချန်းချန်း သူမကိုယ်တိုင်အတွက် ရှင်းပြရန် အခွင့်အရေးမရခဲ့ပေ။ သူ့ကို လူတိုင်းကမယုံကြည်ကြသည်ကို တွေ့လိုက်ရသောအခါ သူမက မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ငိုပြီး စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။
လျန်ဖုန့်က ယွီချန်းချန်းကို လုံးဝ ဂရုမစိုက်ပေ။ သူက ရှုနဉ် နှင့်ဝေ့မင်ကျန်းတို့အား ဖိတ်စာနှစ်စောင်ကို ပေးခဲ့ပြီး ရိုးသားဟန်ဆောင်ကာ ပြောလာသည်။
"အခု နားလည်မှုလွဲသွားတာတွေလည်း ပြေလည်သွားပြီဆိုတော့...ကျေးဇူးပြုပြီး သဘက်ခါမှာ ကပွဲကို သေချာပေါက် လာခဲ့ပါ…”
ရှုနဉ်က ငြင်းချင်သော်လည်း ဝေ့မင်ကျန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျောင်းသားကောင်စီက ငါတို့ကို ဖိတ်တယ်ဆိုမှတော့ ငါတို့က ကပွဲမှာရှိနေရမှာပေါ့လေ…”
ရှုနဉ်လည်း ခဏလောက် ထိတ်လန့်သွားပြီး ခေါင်းကို လှည့်ကာ ဗီလိန်လေးကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ ရှုနဉ်က သူအဘယ့်ကြောင့် ရုတ်တရတ် စိတ်ပြောင်းသွားသည်ကို နားမလည်နိုင်ပေ။
လျန်ဖုန့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"အဲ့ဒါဆို ငါ..."
ဝေ့မင်ကျန်းက သူ့ထိုင်ခုံမှ ထရပ်ပြီး လျန်ဖုန့်ကို ပြောလိုက်သည်။
"မင်း ငါနဲ့သူငယ်ချင်းဖြစ်ချင်လား…”
သူက အရပ်ရှည်၊ချောမောပြီး သာလွန်သည့် အသွင်အပြင်ရှိသည်။ သူသာ ထိုသို့ တောင်းဆိုပါက ငြင်းဆန်ရန် ခက်ခဲသည်။
လျန်ဖုန့် အနည်းငယ် လန့်သွားသည်။ သူက မသိစိတ်က အလိုအလျောက် တုန့်ပြန်လိုက်မိသွားသည်။
"ကောင်းပြီပါ…”
လူများအားလုံး၏ အရှေ့တွင် သူငြင်း၍ မရပေ။ ဝေ့မင်ကျန်းက သူ့လက်ကို ဆန့်တန်းပြီး ပြုံးလိုက်သည်။
"မင်းရဲ့ဖုန်း ငါ့ကိုပေးလို့ရမလား…”
လျန်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။
ဝေ့မင်ကျန်းကပြောလာသည်။
"ငါ မင်းကို ငါ့ဖုန်းနံပါတ်၊ Wechatနဲ့ QQ ပေးမယ်…”
လျန်ဖုန့်က မျက်ခုံးများကို ပြန်ဖြေလျှော့လိုက်သည်။ ဝေ့မင်ကျန်းက သူ့ဖုန်းကို တောင်းသည်မှာ အနည်းငယ် ထူးဆန်းသော်လည်း ကျိုးကြောင်းဆီလျော်မှုမရှိသည်မဟုတ်ပေ။
သူ့ဖုန်းကိုလော့ဖွင့်ပြီး ဝေမင်ကျန်းအား ပေးလိုက်သည်။ ဝေ့မင်ကျန်းက ရှုနဉ်ကိုကြည့်ပြီး ပြောလိုက်သည်။
“ကပွဲက ဘယ်လိုမျိုးဆိုတာ သူ့ကိုမေးကြည့်လိုက်ဦးလေ…”
ဗီလိန်လေးက ကပွဲတက်ရန် သဘောတူခဲ့သည်က ထူးဆန်းနေသည့်အပြင် အခု လျန်ဖုန့်ကိုပင် သူ၏ အဆက်အသွယ်အချက်အလက်များကို ပေးနေပြီဖြစ်သည်။
ရှုနဉ်က ထိုကိစ္စနှင့်ပတ်သက်ပြီး ထူးဆန်းသောခံစားချက်တစ်ခုရှိခဲ့သည်။ ဝေ့မင်ကျန်း၏ ညွှန်ကြားချက်ကို ကြားလိုက်သည်နှင့် ဝေ့မင်ကျန်း လုပ်နေသည်ကို ရုတ်တရက် သဘောပေါက်သွား၍ ပြုံးပြီး လျန်ဖုန့်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"လျန်ဖုန့်ကော ၊ ငါတို့ကို ပြောပြပါဦး ၊ကပွဲက ဘာလိုမျိုးလဲ၊ ငါတို့နှစ်ယောက် အရင်က ကပွဲတွေမတက်ဖူးဘူး…မင်းအဲ့ဒီအကြောင်းနည်းနည်းလောက် ပြောပြလို့ရမလား…”
လျန်ဖုန့်လည်း သူတို့ ယခင်က ကပွဲကို မတက်ဖူးကြောင်းကြားသောအခါ ကဲ့ရဲ့ရှုံ့ချလိုမှုများ သူ့နှလုံးသားထဲတွင် ပေါ်လာသည်။ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရသည့်အတွက် သူ အလွန်ဒေါသထွက်နေခဲ့ပြီဖြစ်သည်။ သူ့ကို ပေးထားသည့်တာဝန်ကို ပြီးမြောက်စေရန်သာ မဟုတ်ပါက ထိုကဲ့သို့ ရိုင်းစိုင်းသောလူများကို သူ စိတ်ထဲတွင် ထည့်မည်မဟုတ်ပေ။
သို့သော်လည်း သူတို့နှစ်ဦး ကပွဲတက်ရန် သူတို့ သိချင်သမျှကို သူက စိတ်ရှည်လက်ရှည် ရှင်းပြပေးရသည်။
"ဆိုက်ယောင်ရဲ့ ကပွဲက အထက်တန်းလွှာ ကပွဲတွေနဲ့ အတူတူပါပဲ…မင်းရဲ့ ကိုယ်ပိုင်၀တ်စုံကိုပဲ ပြင်ဆင်လာရမယ်၊ ကျန်တာ အကုန်လုံးက ပွဲမှာ ပါပြီးသားပဲ.."
"ဒါက ကပွဲတစ်ခုဆိုတော့ မင်း ကတတ်ရမယ်..."
အရာအားလုံးကိုရှင်းပြပြီးနောက် လျန်ဖုန့်က ဝေ့မင်ကျန်းကို မေးလိုက်သည်။
"မင်းဖုန်းနံပါတ်ထည့်ပြီးပြီလား…”
ဝေ့မင်ကျန်းက ခေါင်းညိတ်ပြသည်။
"ပြီးပြီ…”
လျန်ဖုန့်က သူ့ဖုန်းကို အမြန်ပြန်ယူလိုက်သည်။
"ကျွန်တော်ရဲ့ Wechatနဲ့QQကို မအပ်ရသေးဘူး…”
ဝေ့မင်ကျန်းက ခပ်တိုးတိုး ပြောလိုက်သော်လည်း သူ့မျက်လုံးများက အေးစက်နေသည်။
လျန်ဖုန့်က ငြင်းချင်သော်လည်း သူ ဝေ့မင်ကျန်းကို စော်ကားရန် မတတ်နိုင်ခဲ့ပေ။
“ငါ မင်းကို စကင်န်ဖတ်လိုက်မယ်…”
သူ့ ဖုန်းကို ထပ်မပေးချင်ပေ။
ဝေ့မင်ကျန်းက QR ကုဒ်ကို ဆွဲထုတ်ပေးလိုက်ပြီး လျန်ဖုန့်က စကင်န်ဖတ်လိုက်သည်။ ဝေ့မင်ကျန်းက သူ့အား စကင်န်ဖတ်ရန် နောက်ထပ် QR ကုဒ်ကို ဖွင့်လိုက်သည်။ လျန်ဖုန့် အနည်းငယ် စိတ်မရှည်သော်လည်း ၎င်းကို စကင်န်ဖတ်ပြီး ထပ်ထည့်လိုက်သေးသည်။
"ကျေးဇူးပြုပြီး ကပွဲကို သေချာတက်ပါ…”
လျန်ဖုန့်က နောက်ထပ်တစ်ကြိမ် တိုက်တွန်းခဲ့သည်။ ဝေ့မင်ကျန်း၏ နှုတ်ခမ်းများက ပြုံးလိုက်သောကြောင့် ကွေးညွတ်သွားသည်။
"ဟုတ်ကဲ့ပါ…”
လျန်ဖုန့်ထွက်သွားသည်နှင့် ရှုနဉ်က ဝေ့မင်ကျန်းကို တိတ်တဆိတ် မေးလိုက်သည်။
"မင်း အခု ဘာလုပ်လိုက်တာလဲ…”
ဝေ့မင်ကျန်းက ပြုံးပြီးပြောလိုက်သည်။
"မင်း ခန့်မှန်းမိပြီးသားမဟုတ်ဘူးလား…”
ရှုနဉ် အံ့သြသွားသည်။ သူက အသံကို လျှော့ပြီး မေးလိုက်သည်။
"မင်း သူ့ကို တကယ် ဗိုင်းရပ်စ်ထည့်ပေးလိုက်တာလား…”
ဝေ့မင်ကျန်းက သူ့ဖုန်းကိုဖွင့်ပြီး အင်တာဖေ့စ်ကို ဖွင့်လိုက်သည်။
"မင်းက ဉာဏ်ကောင်းသားပဲ…”
ရှုနဉ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ကျောင်းသားကောင်စီက အရှုံးမပေးဘဲ သူ့ကို ထပ်ဖိတ်ဖို့ ကြိုးစားမယ်ဆိုတာကို ဗီလိန်လေးက သိနေပြီးသားလား….အချိန်တိုတိုအတွင်းမှာ အဆက်အသွယ်အချက်အလက်တွေ ဖလှယ်ဖို့ ဟန်ဆောင်ပြီး လျန်ဖုန့်ရဲ့ ဖုန်းထဲကို ဗိုင်းရပ်စ်တစ်ခုကို ဒေါင်းလုဒ်လုပ်ခဲ့တာလား….