အပိုင်း ၈၃
Viewers 10k

Chapter 83

ဝတ်စုံဆင်တူဝတ်ခြင်း



"ဒီခေတ်က ဆဲလ်ဖုန်းတွေကို ကောင်းကောင်းကာကွယ်ထားရမယ်… ဗိုင်းရပ်စ်ကို ကောင်းကောင်းဒေါင်းလုဒ်ဆွဲဖို့အတွက် သူ့ဖုန်းကို ငါ့ပေါ်လက်တင်ပြီး စနစ်ဆက်တင်တွေကို ဖွင့်ထားဖို့ပဲ လိုတယ်… ဒီလိုနည်းနဲ့ပဲ ဗိုင်းရပ်စ်ကို ဘယ်သူကမှ မသိဘဲ ထည့်လို့ရတယ်…”


ဝေ့မင်ကျန်းက ရှုနဉ်ကို မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိပေ။ ပထမအဆင့်မှာ လျန်ဖုန့်၏ဖုန်းကိုယူပြီး စနစ်ဆက်တင်များကိုဖွင့်ရန်ဖြစ်သည်။ ဒုတိယအဆင့်အနေနှင့် ဆော့ဖ်ဝဲလ်ကို ထည့်သွင်းရန် အတွက် သူ့ကို QR ကုဒ်ကို စကင်န်ဖတ်ခိုင်းလိုက်သည်။ 

" လျန်ဖုန့်ရဲ့ ဖုန်းကို ဘာလို့ ဗိုင်းရပ်စ်ထည့်လိုက်တာလဲ…”


ရှုနဉ် စိတ်ရှုပ်သွားသည်။ ဝေ့မင်ကျန်းက ပြုံးပြီးပြောသည်။

"ဒါက သူတို့ကို အံ့ဩအောင်လုပ်ဖို့လေ…”


 ရှုနဉ်က သူ၏ နက်နဲပြီး ကြည်လင်သည့် မျက်လုံးများကို ကြည့်လိုက်သည်။ 

"ဒါဟာ ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်..." 


သူက ယခုတွင် ကပွဲကို စောင့်မျှော်နေရန်သာ လိုသည်။ ဗီလိန်လေးက ရှုနဉ်ကို သူလုပ်ခဲ့သည့် အရာများအား ဖုံးကွယ်ထားခြင်းမရှိပေ။ ပထမ၊ သူက လျန်ဖုန့်၏ Wechat၊ QQနှင့် အခြားအရာအားလုံးကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ သူက စကားပြောမှတ်တမ်းထဲတွင် ကပွဲအတွက် အစီအစဉ်များကို တွေ့ခဲ့သည်။ ထို့နောက် ရှူနဉ်က မကောင်းတာ တစ်ခုခုလုပ်ရန် အတန်းလစ်သွားသည့် သူ့အတွက် အကာအကွယ်ပေးခဲ့သည်။ သူ မည်သည်များ လုပ်နေသည်ကို ဗီလိန်လေးက အတိအကျ မပြောပေ။


"တအံ့တဖြစ်သွားလိမ့်မယ်…” ဟုသာ လှို့ဝှက်ဆန်းကြယ်သလို ပြောခဲ့သည်။


 ရှုနဉ်:" ……..”


မင်းကဘာလို့ ငါ့ကိုပါ အံ့ဩသွားအောင် ကြိုးစားနေရတာလဲ…


လူတိုင်း၏ စိတ်အားထက်သန်သည့် မျှော်လင့်ချက်များကြားတွင် ကပွဲနေ့က နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ 


ကပွဲက ကြာသပတေးနေ့ ညနေခင်းတွင် ဖြစ်သည်။ ဖိတ်ကြားခံရသော ကျောင်းသားများက အမိုက်စားဝတ်စုံများနှင့် ဂါဝန်များကို ၀တ်ဆင်ထားကြသည်။ ထို့နောက် ဆိုက်ယောင်၏ ဧည့်ခန်းမဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။ 


ဧည့်ခန်းမက လုံးဝပြောင်းလဲသွားသည်။ ခန်းစီးလိုက်ကာများမှ ထိုင်ခုံများအထိ အရာအားလုံးက အလွန်တန်ဖိုးကြီးသည်။ စားပွဲရှည်များကို ပတ်ပတ်လည်တွင် ပိတ်စများဖြင့် ဖုံးအုပ်ထားပြိီး အစားအသောက်များနှင့် သစ်သီးဝိုင်များကလည်း အထက်တန်းလွှာ ကပွဲများမှ အစားအသောက်များကဲ့သို့ပင် ဖြစ်သည်။


ကျောင်းတွင် အရက်ကို ခွင့်မပြုသည့်အတွက် အရက်အစား သစ်သီးဝိုင်ကို သုံးထားသည်။ စားပွဲပေါ်တွင် သစ်သီးဝိုင် အမျိုးအစားများစွာ ရှိသည်။ 


သူတို့က ပွဲစီစဉ်ပေးသည့် ကုမ္ပဏီကို ငှါးလိုက်ခြင်းဖြစ်ပြီး အလှဆင်ရာတွင် ကျောင်းသားကျောင်းသူများလည်း ပါဝင်ခဲ့သည်။ ကျင်းပသည့်နေရာက အဆင့်မြင့် လူ့အဖွဲ့အစည်း၏ဧည့်ခန်းမဆောင်နှင့် ဆင်တူသည်။ 


ကျောင်းသားများ အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။


ကပွဲတိုင်းတွင် အထူးအသားပေးဖော်ပြချက်ရှိသည်။ တက်ရောက်လာသူတိုင်းက အဝင်ဝတွင် နှင်းဆီတစ်ပွင့် လက်ခံရရှိခဲ့သည်။ မိန်းကလေးများသည် နှင်းဆီအနီကို ရရှိကြပြီး ယောက်ျားလေးများသည် အပြာရောင်နှင်းဆီများ ရရှိကြသည်။ နှင်းဆီပန်းကို ရင်ထိုးနှင့်ချိတ်ထားသောကြောင့် ရင်ဘတ်တွင် တပ်၍ရသည်။ 


နှင်းဆီပန်းများတွင် အထူးရည်ရွယ်ချက်ရှိသည်။။ ကပွဲ အခန်းအနား ကျင်းပချိန် အလယ်တွင်၊ "ကပွဲဘုရင်" နှင့် "ကပွဲဘုရင်မ" ကိုရွေးချယ်ရန်ပွဲတစ်ခုရှိမည်ဖြစ်သည်။ တက်ရောက်လာသူတစ်ဦးက သူတို့သဘောကျသည့် ယောက်ျားလေး သို့မဟုတ် မိန်းကလေးကို တွေ့လျှင် သူတို့၏ နှင်းဆီပန်းကို ပေးနိုင်သည်။


တက်ရောက်လာသူများက သူတို့၏ကိုယ်ပိုင် နှင်းဆီပန်းများကိုသာ ပေးခွင့်ရှိသည်။ သူတို့ရရှိထားသည့် နှင်းဆီပန်းများကို လွှင့်ပစ်၍မရနိုင်သကဲ့သို့ ချွတ်ပစ်၍လည်းမရပေ။


နှင်းဆီအနီအများဆုံးရရှိသူကို "ကပွဲဘုရင်" ဟုအမည်ပေးမည်ဖြစ်ပြီး အပြာရောင်နှင်းဆီပန်းအများဆုံးရရှိသူကို "ကပွဲဘုရင်မ" ဟုအမည်ပေးမည်ဖြစ်သည်။ 


ဆိုက်ယောင်ရှိ ကျောင်းသားများအတွက် "ဘုရင်" နှင့် "ဘုရင်မ" တို့က အလွန်ဂုဏ်အသရေမြင့်မားသည်။ သူတို့၏ ကျက်သရေအတွက် အသိအမှတ်ပြုမှုတစ်ခုဖြစ်သည်။ ကျောင်းသားတော်တော်များများက ထိုခေါင်းစဉ်ကိုရရန် စိတ်ကူးယဉ်နေကြသည်။ မည်သူပင်အနိုင်ရစေကာမူ အခြေခံအားဖြင့် ကျောင်းတွင် အကျော်ကြားဆုံး ယောက်ျားလေး၊ မိန်းကလေး ဖြစ်လာလိမ့်မည် ဖြစ်သည်။ 


အနိုင်ရရန်အတွက် လူတိုင်းက ကိုးလောက်(အမြင့်ဆုံးအထိ) ၀တ်စားဆင်ယင် လာကြသည်။ ထို ခေါင်းစဉ်ကို ရရှိရန် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။ 


မဒမ်ဝေ့က သူတို့နှစ်ယောက် ကပွဲသွားမည်ဆိုသည်ကို ကြားသည်နှင့် ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့အတွက် အဝတ်အစားနှင့် စတိုင်လ်လစ်များကို ပြင်ဆင်ပေးခဲ့သည်။ သူမက သူ့သားကို ထိုနေရာတွင် အချောဆုံးကောင်လေးဖြစ်လာစေရမည်ဟု ဆုံးဖြတ်ခဲ့သည်။


ရှုနဉ်နှင့်ယင်းမင်ကျန်းတို့က ထိုဝတ်စားဆင်ယင်မှုက အနည်းငယ် ပိုလွန်းသည်ဟု ခံစားနေရသည်။ တစ်ယောက်က အနက်ရောင်ဝတ်စုံကို ၀တ်ထားပြီး ကျန်တစ်ယောက်က အဖြူရောင်ဝတ်စုံကို ၀တ်ထားသည်။ သူတို့ ဆံပင်ကိုလည်း ပြင်ဆင်ခဲ့ရပြီး မဒမ်ဝေ့က သူတို့အတွက် ဝယ်ထားသည့် နာရီများကို ဝတ်ခိုင်းခဲ့သည်။ သူတို့ဝတ်သည့် သားရေဖိနပ်များကလည်း မယုံနိုင်လောက်အောင် ဈေးကြီးသည်။


အလွန့်အလွန် ပိုလွန်းနေသည်။


သို့သော်လည်း သူတို့ ခန်းမထဲသို့ ရောက်သောအခါ အခြားလူများလည်း ထိုသို့ပင် ဝတ်စားဆင်ယင်ထားသည်ကို သိလိုက်ရသည်။ အမှန်တွင် သူနှင့် ဝေ့မင်ကျန်းတို့က ပုံမှန်ဖြစ်နေသေးသည်။ ကျောင်းသားများကနောက်ဆုံးပေါ် ဖက်ရှင်ရှိုးပွဲများမှ အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့၏ အသုံးအဆောင်ပစ္စည်းများက ပို၍ပင် ဈေးကြီးနေသည်။ 


အကယ်၍ သူသာ ကောင်းကောင်း မသိခဲ့ပါက၊ထို အရာသည် ကျောင်းကပွဲမဟုတ်ဘဲ အထက်တန်းလွှာ ကပွဲ တစ်ခုဖြစ်သည်ဟု သူယူဆမိပေလိမ့်မည်။ 


"ဝိုး ကျန့်ယောင်က အရမ်းလှတာပဲ…“


ရှုနဉ်နှင့် ယင်းမင်ကျန်းတို့ ခန်းမထဲသို့ ရောက်သည်နှင့် ကျောင်းသားများ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ရှုနဉ်က သူတို့၏ အသံနောက်ကို လိုက်ကြည့်လိုက်သောအခါ ကျန့်ယောင်ကို တွေ့လိုက်ရသည် ။ သူက အဖြူရောင်အလွှာများအထပ်ထပ်ပါသည့် ၀တ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဂါဝန်က ဝဲပြီးကားနေကာ ဂါဝန်ပေါ်တွင် ပုလဲများစွာဖြင့် အလှဆင် ရက်လုပ်ထားသည်။ သူမ၏ဆံပင်ကို ဂရုတစိုက် ပြင်ထားပြီး မရေမတွက်နိုင်သော ပုလဲများကို သူမ၏ နက်မှောင်သော ဆံပင်တွင် တပ်ဆင်ထားသည်။ 


သူမက အဖိုးမဖြတ်နိုင်လောက်သည့် စိန်လည်ဆွဲတစ်ခု ကို လည်ပင်းတွင် ဝတ်ဆင်ထားသည်။ သူမ ဝတ်ထားသော နားကပ်များက ရွှေလခြမ်းပုံစံများဖြစ်သည်။ 


လက်တွေ့မကျသော CEO ဝတ္ထု၏ အမျိုးသမီး ဇာတ်ဆောင်က ကပွဲတွင် အတောက်ပဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်မှာ သဘာဝပင် ဖြစ်သည်။ကျန့်ယောင်၏ ဇာတ်ကောင်စရိုက်မှာ ချမ်းသာပြီး မြင့်မြတ်သော မိန်းကလေးဖြစ်သည်။ သူမ၏ ၀တ်စုံသည် ထိုနေရာတွင် ဈေးအကြီးဆုံး ဖြစ်သည်။ 


သူမက အလွန်လှပသူ ဖြစ်သည့်အပြင် ၊ထိုကဲ့သို့ ၀တ်ဆင်လိုက်သောအခါ သူမက ဒဏ္ဍာရီလာနတ်သမီးပုံပြင်ထဲမှ မင်းသမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ 


"ဝေ့ရှီမင်းလည်း ဒီမှာပဲ…သူက အရမ်းချောတာပဲ…”


"သူတို့က . ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ စုံတွဲလိုပဲ…”


အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ဝေ့ရှီမင်းက ခန်းမထဲ သို့ ရောက်ရှိလာသည်။ သူက မျက်နှာပေါ်တွင် အပြုံးလေးဖြင့် ကျန့်ယောင်ဆီသို့ လျှောက်သွားသည်။ 


သူ့ဆံပင်က သပ်သပ်ရပ်ရပ် ပုံဖော်ထားသည်။ သူ့ဆံပင်ကို နောက်ပြန်ဖြီးထားပြီး သူ့ နဖူးက အပြည့်ပေါ်နေသည်။သူသည် အနက်ရောင်ဝတ်စုံနှင့် Patek Philippe နာရီကို ၀တ်ဆင်ထားကာ သူ့ရင်ဘတ်တွင် သိမ်မွေ့သော အတောင်ပံပါသည့် ရင်ထိုးတစ်ခုလည်း ရှိနေသည်။ 


အမျိုးသား ဇာတ်လိုက်တစ်ယောက်အနေနှင့် သူ့ရုပ်ရည်က အခြားလူများထက် သာလွန်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မည်သည့်ပစ္စည်းမဆို စျေးနှုန်းက အခြားလူများကို တုန်လှုပ်သွားစေခဲ့သည်။ 


အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ နောက်ဆုံးတွေ့ဆုံသွားကြသည်။ လူအုပ်ကြီးက သူတို့ နှစ်ယောက်အတွက် အလိုလို လမ်းဖွင့် ပေးမိသွားကြသည် ။ ထို အခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးက သူတို့ကို ဦးတည်ပြီး လှည့်ပတ်နေသကဲ့သို့ပင်။ 


အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့က ကမ္ဘာကြီး၏ အလယ်ဗဟိုချက်ဖြစ်သည်။ သူတို့က ချစ်ခင်မြတ်နိုးပြီး ကိုးကွယ် ရမည့် အရာများဖြစ်သည်။


ရှုနဉ်က ဝေ့ရှီမင်းကို ခဏမျှ ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ သူ ပိုကြည့်မိသည်နှင့် ပို၍အံ့ဩလာသည်။ထို့နောက် သူက ဘေးနားရှိ ဝေ့မင်ကျန်းကို လှည့်ကြည့်လိုက်သည်။ 


ဝေ့မင်ကျန်း၏ အဝတ်အစားများက ဝေ့ရှီမင်းနှင့် ဆင်တူဖြစ်နေသည်။ ထိုအဝတ်အစားများက WM ၏နောက်ဆုံးပေါ်ဒီဇိုင်းဖြစ်သည်။ သူတို့၏ ဆံပင်ပုံစံများကပင် တူနေသည်။ သို့သော်လည်း ဝေ့ရှီမင်း၏ နာရီက Patek Philippe ဖြစ်သည်။ သူ့နာရီက ဝေ့မင်ကျန်း၏နာရီထက် ပိုတန်ဖိုးရှိသည်။


ဝေ့မင်ကျန်းက အသုံးအဆောင်ပစ္စည်းများ မ၀တ်ထားသော်လည်း ဝေ့ရှီမင်းက တန်ဖိုးကြီးသည့် အတောင်ပံ ရင်ထိုးကို ၀တ်ဆင်ထားသည်။ 


သူတို့က တူညီသည့် ဝတ်စုံကို ၀တ်ဆင်ထားကြသော်လည်း ဝေ့ရှီမင်း၏ အသုံးအဆောင်များသည် ဝေ့မင်ကျန်းထက် ပိုတန်ဖိုးရှိသည်။ သို့သော် ဝေမင်ကျန်းက သခင်လေး အစစ်ဖြစ်ပြီး ဝေ့ရှီမင်းက အယောင်ဆောင် သခင်လေးသာ ဖြစ်သည်။ 


အယောင်ဆောင်သခင်လေးက သခင်လေးအစစ်ထက် ဝတ်စားဆင်ယင်မှု ပိုကောင်းနေသည်။ 


တခြားသူတွေရော ဘယ်လိုများထင်လောက်လဲ…


ဝေ့ရှီမင်းက ဝေ့မင်ကျန်းထက် ပို၍ မျက်နှာသာပေးခံရသည်ဟု သူတို့ အခိုင်အမာ ယူဆနိုင်မည်ဖြစ်သည်။ ဝေ့ရှီမင်းက ဝေ့မင်ကျန်းထက် ပိုတန်ဖိုးရှိသည်ဟု သူတို့ယူဆကြလိမ့်မည်။ 


ဗီလိန်လေးကို ဝေ့ရှီမင်းက ကပွဲ တက်ခိုင်းသည်မှာ အံ့ဩစရာမရှိပေ။ သူက ဗီလိန်လေးကို နှိမ်ကာ သူ့တန်ဖိုးကိုမြှင့်တင်ရန် ဗီလိန်လေးကို အသုံးချချင်ခဲ့သည်။


ရှုနဉ်က သွားရန် အနည်းငယ် ဝန်လေးနေသကဲ့သို့ ခံစားနေရသည်။ သူတို့ဝင်သွားပါက သူတို့က ဝေ့ရှီမင်းအတွက် သတ္တုပြားအဖြစ် ထမ်းဆောင်နေရပေလိမ့်မည်။ 

"မင်ကျန်း..." 


"သွားကြရအောင်…”

ဗီလိန်လေး၏ ဖြူဖွေးသည့် မျက်နှာက တည်ငြိမ်နေသည်။ သူက ရှုနဉ်၏ အင်္ကျီလက်များကိုဆွဲပြီး ခန်းမထဲသို့ဝင်ရန် လှုံ့ဆော်ပေးသည်။ 


ရှုနဉ်က ဝတ်စုံပြည့် ဝတ်ပြီးနောက် ပိုချောနေသည့် သူ့မျက်နှာကို ကြည့်လိုက်ပြီး တွေးလိုက်မိသည်။


ဟွန့် ဝတ်စုံဆင်တူဝတ်ရင်တောင် ဘယ်သူကဂရုစိုက်လို့လဲ…ဗီလိန်လေးက အကောင်းဆုံးဖြစ်နေတုန်းပဲ… 


ဝေ့ရှီမင်း က ဘယ်လောက်ပဲ ဈေးကြီးတဲ့ပုံပေါက်နေပါစေ သူက ဗီလိန်လေးလောက် ကြည့်မကောင်းဘူး… 


ဒီလိုမျက်နှာမျိုးနဲ့သာဆို ဘာမှ ကြောက်နေစရာ မလိုဘူး…


ထိုသို့တွေးလိုက်မိသည်နှင့် ရှုနဉ် သူ့ကိုယ်သူ ယုံကြည်မှုပြန်ရလာသည်။ ကျန့်ယောင်နှင့် ဝေ့ရှီမင်းတို့က ခန်းမအ၀င်ဝတွင် စကားစမြည်ပြောနေကြသည်။ အခြားကျောင်းသားများက လိမ္မာပါးနပ်စွာဖြင့် သူတို့ကို ရှောင်ထွက်သွားကြသည်။ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က အေးဆေးတည်ငြိမ်သောအမူအရာဖြင့် လျှောက်လာခဲ့ကြပြီး ဖိတ်စာတစ်စောင်ကို အစောင့်ဆီသို့ ပေးအပ်ပြီးနောက် ထို အစောင့်ထံမှ နှင်းဆီပန်းများကို လက်ခံခဲ့ကြသည်။


လူတိုင်း၏မျက်လုံးများက တစ်ယောက်က အဖြူ၊တစ်ယောက်က အမည်းဖြင့် အတူတူလျှောက်သွားကြသည့် အရပ်ရှည်ရှည် အသွင်အပြင်ဆီသို့ ကျရောက်သွားကြသည်။ မူလက ကျန့်ယောင်နှင့် ဝေ့ရှီမင်းအပေါ်ရောက်နေသည့် အာရုံအများစုက ရှုနဉ်နှင့် ဝေ့မင်ကျန်း ဆီသို့ တဖြည်းဖြည်းပြောင်းသွားသည်။ 


ရှုနဉ်က အမြဲ စေနွေးထွေးပြီး ချောမောသည်။ အဖြူရောင်ဝတ်စုက သူ၏နွေးထွေးပြီး အပြစ်ကင်းစင်သည့် လေထုကို သယ်ဆောင်လာပေးသည်။ သူ ရယ်လိုက်သည်နှင့် သူ့ပါးပြင်ပေါ်တွင် ပါးချိုင့်လေးတစ်ခု ပေါ်လာပြီး ထိုမြင်ကွင်းက မိန်းကလေးများ၏ နှလုံးသားကို အရည်ပျော်စေခဲ့သည်။


ဝေ့မင်ကျန်းက အနက်ရောင်ဝတ်စုံကို ၀တ်ထားသည်။ သူသည် တော်ဝင်ဆန်ပြီး ကျက်သရေရှိမှုကို သဘာဝကျကျ ပေါ့ပေါ့ပါးပါး သယ်ဆောင်လာသည်။ ဆံပင်ကို နောက်ပြန်ဖြီးပြီးနောက်၊ မယုံနိုင်လောက်အောင် ချောမောသော မျက်နှာ၏ သက်ရောက်မှုက ပို၍ပင် ပြင်းထန်လာသည်။ 


နှစ်ယောက်လုံးက အလွန်ပင် သရေကျချင်စရာ ဖြစ်နေသည်။


ခဏလေး……


အမြင်အာရုံစူးရှသည့် ကျောင်းသား အချို့က ဝေ့မင်ကျန်း၏ ၀တ်စားဆင်ယင်ပုံက ဝေ့ရှီမင်း၏ ၀တ်စားဆင်ယင်ပုံနှင့် အလွန်ဆင်တူကြောင်း ရုတ်တရက် သိသွားကြသည် ။


မဟုတ်သေးဘူး…သူတို့က ခပ်ဆင်ဆင်တူနေတာမဟုတ်ပဲ တစ်ပုံစံတည်းဖြစ်နေတာ…


သူတို့၏ ဆံပင်ပုံစံများပင် အတူတူ ဖြစ်နေသည်။ ကပွဲတက်ရန် ကြောက်စရာအကောင်းဆုံးအရာက ယခုဖြစ်နေသကဲ့သို့ ဝတ်စုံဆင်တူ ၀တ်မိခြင်းဖြစ်သည်။


ဆံပင်ပုံစံနှင့် အသုံးအဆောင်ပစ္စည်းများ ဆင်တူနေသည်။ ထိုအရာက အလွန်ရှက်စရာ ကောင်းသည်။


ဝေ့ရှီမင်းက ဝေ့မင်ကျန်းရောက်လာသည်ကို မြင်သည်နှင့် သူက ပြုံးပြပြီး လမ်းလျှောက်လာသည်။

"မင်ကျန်း ရောက်လာပြီလား…”


ဝေ့မင်ကျန်းကပြောလိုက်သည်။

 "ငါ့ကို ဖိတ်တယ်ဆိုကတည်းက သေချာပေါက် ပွဲတက်ရမှာပေါ့…”


သူတို့နှစ်ယောက် တစ်ယောက်ဘေးတွင် တစ်ယောက် ယှဉ်ရပ်လိုက်သည်နှင့် သူတို့ကြားမှ ကွဲပြားမှုကို လူတိုင်းသတိထားမိရန် ပိုလွယ်သွားသည်။ 


သူတို့၏ နာရီများက မတူကြပေ။ ဝေ့ရှီမင်းက ရင်ထိုး ဝတ်ထားသော်လည်း ဝေ့မင်ကျန်းက ဝတ်မထားပေ။


ဝေ့ရှီမင်းက ဝေ့မင်ကျန်းအနီးသို့ ကပ်လာခြင်းက လူတိုင်း သူတို့နှစ်ဦးကို နှိုင်းယှဉ်ရန် လွယ်ကူစေရန် ဖြစ်သည်။ သူက အတုအယောင် သခင်လေးဖြစ်သော်လည်း၊ သူ၏ အသုံးအဆောင်ပစ္စည်းများက ဝေ့မင်ကျန်းထက် ပို၍ အဖိုးတန်နေပြီး ဝေ့မင်ကျန်းထက် သူက ပို မျက်နှာသာအပေးခံရသေးကြောင်း လူတိုင်းအား သိစေချင်သည်။


သို့သော်လည်း သူက ဆွဲဆောင်မှု ကဲ့သို့သော အသေးစိတ်အချက်အလက်များကို သတိမမူမိခဲ့ပေ။ 


"နှစ်ယောက်လုံး အရမ်းချောတာပဲ…”


 "အိုးဘုရားရေ … ဝေ့မင်ကျန်းက အရမ်းချောတာပဲ၊ ငါ သူ့ကို ချစ်တယ်…" 


ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ တစ်ယောက်နှင့်တစ်ယောက် ယှဉ်တွဲရပ်နေသည်က အလွန်လိုက်ဖက်သည့် စုံတွဲ ဖြစ်ခဲ့သော်လည်း ယခု သူက ဝေ့မင်ကျန်းဆီသို့ လျှောက်သွားလိုက်သည့် အတွက် လူတိုင်းက သူတို့ နှစ်ယောက်ကို အလိုလို နှိုင်းယှဉ်လာကြသည်။


မိန်းကလေးများအတွက် ဈေးကြီးသည့် နာရီ သို့မဟုတ် အသုံးအဆောင်ပစ္စည်းများ ရှိသည်ထက် ရုပ်ရည်ချောမောသည်က ပိုအရေးကြီးသည်။


ဝေ့ရှီမင်းက ဝေ့မင်ကျန်းဆီသို့ လျှောက်သွားကာ ဖိအားပေးချင်ခဲ့သော်လည်း သူတို့က ဆင်တူ၀တ်ဆင်ထားသောကြောင့် နှိုင်းယှဉ်ကြည့်လျှင် သူ၏ရုပ်ရည်က အရောင်မှိန်သွားခဲ့သည်။ 


မူလက ကျန့်ယောင် အလွန်ပျော်ရွှင်နေခဲ့သည်။ သူမနှင့် ဝေ့ရှီမင်းတို့က ပြီးပြည့်စုံသော လိုက်ဖက်ညီသူများအဖြစ် အတန်းဖော်အားလုံး၏ ချီးကျူးခြင်းကို ခံရသည်။ သူက ကမ္ဘာပေါ်တွင် အပြည့်စုံဆုံး ချစ်သူကို ရှာတွေ့ထားသည်ဟု ခံစားမိသည်။ သို့သော် ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့ တစ်ဖက်စီတွင် ရပ်လိုက်သောအခါ ဆန့်ကျင်ဘက်များ သိသိသာသာ ထွက်ပေါ်လာခဲ့သည်။ သူမကိုယ်သူမ လိမ်ညာရန် အချက်များ ရှာမတွေ့နိုင်ခဲ့ပေ။ ဝေ့မင်ကျန်းက ဝေ့ရှီမင်းထက် အများကြီး ပိုပြည့်စုံသည်။


မင်းသမီးလေးကျန့်ယောင်က အရာရာတိုင်းတွင် အကောင်းဆုံးကိုသာ လိုချင်သူဖြစ်၍။သူမ ချက်ချင်း စိတ်ဓါတ်ကျသွားသည်။ 


ယောက်ျားလေးများ အာရုံစိုက်သည့် အရာနှင့် မိန်းကလေးများ အာရုံစိုက်သည့် အရာက မတူညီကြပေ။ ဝေ့ရှီမင်း၏ နာရီနှင့်ရင်ထိုးများက ဝေ့မင်ကျန်းထက် အများကြီး ပိုတန်ဖိုးရှိသည်ကို ကောင်လေးများက ချက်ချင်း သတိထားမိလိုက်သည်။ သူ မမျှော်လင့်ထားသောအရာက မိန်းကလေးများ၏ တုံ့ပြန်မှုသာဖြစ်သည်။ သူတို့က ထိုအရာများကို စိတ်မဝင်စားခဲ့ကြဘဲ အသွင်အပြင်ကိုသာ ယှဉ်ကြည့်နေကြသည်။ 


ကိစ္စများက သူမျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာခဲ့၍ ဝေ့ရှီမင်း၏မျက်နှာက အနည်းငယ် တင်းမာသွားသည်။ 


ထိုအနားရှိလေထုက အဆင်မပြေဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ဝေ့ရှီမင်းအနီးရှိ လူများက ရှေ့ကို အမြန်တစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။

"ရှီမင်း ၊မင်းရဲ့ နာရီက Patek Philippe မဟုတ်လား…”


ဝေ့ရှီမင်းက သက်ပြင်းချကာ "ဟုတ်တယ်" ဟုပြုံးပြီး ပြောလိုက်သည်။


"အဲ့ဒါတွေက အရမ်းဈေးကြီးတာပဲ …ငါ့အဖေကို တစ်လုံးလောက် တောင်းထားတာတောင် သူ ငါ့အတွက် ဝယ်မပေးဘူး…”

ကောင်လေးတစ်ယောက်က မနာလိုသလို ပြောလိုက်သည်။


မှတ်ချက်အနည်းငယ်ပေးပြီးနောက် လူတိုင်း၏အာရုံစူးစိုက်မှုက ဝေ့ရှီမင်း၏နာရီနှင့်ရင်ထိုးဆီသို့ လှည့်သွားသည်။ ဝေ့ရှီမင်းလည်း အရာအားလုံးက သူလိုချင်သည့် လမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားသည်ကို သိလိုက်သည်နှင့် သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


လူတိုင်းက သူ့နာရီနှင့် ရင်ထိုး၏ စျေးနှုန်းကြောင့် အံ့အားသင့်နေကြသည်။


“ဝေ့ရှီမင်းက တကယ့်ကို ဝေ့မိသားစုရဲ့ တန်ဖိုးအထားခံနေရတာဖြစ်မယ်..”


“ဒါပေါ့၊ရှီမင်းက အံ့ဩစရာပဲ၊ဝေ့မိသားစုက သူ့ကို တကယ် ချစ်လောက်တယ်…”


ဝေ့ရှီမင်း၏ဘေးရှိကောင်လေးက ဝေ့မင်ကျန်းဘက်သို့ လှည့်ပြီး စပ်စုသလို မေးလိုက်သည်။

“မင်းဝတ်ထားတဲ့ နာရီက Omega Seamaster မဟုတ်လား…မင်း ရင်ထိုးလည်း ဝတ်မထားဘူးနော်…”


ဝေ့မင်ကျန်းက ပြောလိုက်သည်။

“အင်း မဆိုးပါဘူး….”


လူတိုင်းက အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။


ယှဉ်ကြည့်မည်ဆိုလျှင် ဝေ့မင်ကျန်းက အရေးပေးခံရပုံမပေါ်ပေ။


ဝေ့မင်ကျန်း၏ မျက်လုံးထဲရှိ အကြည့်က အနည်းငယ် မှုန်မှိုင်းလာသည်။ 


ရှုနဉ် ချက်ချင်းပင် လန့်သွားသည်။ ထို့နောက် သူက အပြုံးလေးနှင့် ပြောလိုက်သည်။

 "မင်ကျန်းနဲ့ ငါက နာရီဆင်တူဝတ်ထားတာလေ" 


သူပြောပြီးသည်နှင့် လူတိုင်း၏မျက်လုံးများက သူ့လက်ကောက်ဝတ်ဆီသို့ ရောက်သွားကြသည်။ သူလည်း Omega Seamaster နာရီကို ဝတ်ဆင်ထားကြောင်း တွေ့ရှိသွားကြသည်။ 


“ဆင်တူနာရီ ဆိုတာက ဘာကိုဆိုလိုတာလဲ…အဲဒါက စုံတွဲနာရီပဲ မဟုတ်လား…”

ကောင်မလေးတစ်ယောက်က ထုတ်ပြောလိုက်သည်။ 


ရှုနဉ်က သူမကို တစ်ချက်ကြည့်လိုက်သည့်အခါ ကောင်မလေးက သူ့ကို အမြန်ပဲ လျှာထုတ်ပြလိုက်သည်။


ရှုနဉ်က သူ့လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။ "မင်ကျန်းက ဒီနာရီကို ကြိုက်တဲ့သူလေ…မဒမ်ဝေ့က မင်ကျန်းကို အရမ်းချစ်လို့ သူ့အတွက် ဒီနာရီကို ဝယ်ပေးခဲ့တယ်...ငါက မင်ကျန်းနဲ့ ဆက်ဆံရေးလည်း ကောင်းတယ်လေ...ဒါကြောင့်ပဲ မဒမ်ဝေ့က ငါ့ကိုလည်း ဒီနာရီ ဝယ်ပေးခဲ့တာ…”


သူဝတ်ထားသည့် အဝတ်အစားများကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။

"တွေ့လား..ငါတို့အဝတ်အစားတွေတောင် မဒမ်ဝေ့ကပြင်ဆင်ထားတာလေ…မဒမ်ဝေ့က မင်ကျန်းကို သူရဲ့သူငယ်ချင်းအတွက်တောင် ဒီလိုစျေးကြီးတဲ့အဝတ်အစားတွေဝယ်ပေးသေးတယ်ဆိုတော့ သူ့ကို အရမ်းချစ်တာ သိသာတယ်…”


လူတိုင်းက တွေးမိသွားသည်။

"အဲဒါက အဓိပ္ပါယ်ရှိတယ်…ဝေ့မင်ကျန်းကိုသာ မချစ်ရင် ရှုနဉ် အတွက် ဘာလို့လုပ်ပေးရမှာလဲ….ဝေ့ရှီမင်းက မျက်နှာသာပေးခံရတာ မှန်ပေမယ့် ဝေ့မင်ကျန်းကိုလည်း မျက်နှာသာမပေးတာ. မဟုတ်လောက်ဘူး…”