" ကျိုးဝမ်ရှိူ့က တကယ် ရောက်လာတာပဲ! " ယန်ကျင်းဇီဘေးမှ မိန်းမလှလေးက စိတ်လှုပ်ရှားစွာ ပြောပြီး ယန်ကျင်းဇီကို ကြည့်လာသည် : " ကျင်းဇီ၊ ခဏနေကျရင် ပူးပေါင်းသရုပ်ဆောင်ပေးဖို့ ငါတို့ အကူအညီတောင်းမယ်နော်။ "
သရုပ်ဆောင်တာ? ဘာဇာတ်လမ်းအမျိုးအစားလဲ? သူ့စိတ်ထဲတွင် ဤမေးခွန်း ပေါ်လာရာ သူ့ခေါင်းမှာ မူးဝေသွားကာ မှတ်ဥာဏ်အချို့က သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာလေသည်။
ယင်းမှာ မူလပိုင်ရှင်၏ မှတ်ဥာဏ်များ ဖြစ်ကြသည်။
မူလပိုင်ရှင်က... လူယုတ်မာပဲ!
သူက တကယ်ကြီး ဆန်ကုန်မြေလေးတစ်ယောက်အဖြစ် ကူးပြောင်းလာတယ်!
ဤလူ၏ နာမည်မှာလည်း ယန်ကျင်းဇီ ဖြစ်ပြီး H မြို့ကြီး၏ ဒေသခံ ဖြစ်သည်။
သူ့မိသားစုက ချမ်းသာသည်။ သူက မိသားစုတွင် တစ်ဦးတည်းသော ကလေး ဖြစ်သည်။ သူ ငယ်ငယ်ကတည်းက သူ့ကို သူ့မိဘများ၊ ဖခင်ဘက်မှ အဘိုးအဘွားများနှင့် မိခင်ဘက်မှ အဘိုးအဘွားများက ဝိုင်းချစ်ခင်ခဲ့ကြပြီး သူ အလိုရှိသမျှကို ရရှိခဲ့သည်။
သို့သော် သူသည် အာဏာရှင်ငယ်လေး အဖြစ် ပျိုးထောင်ခြင်းမခံရဘဲ သူက... ပန်းပွင့်ငယ်လေး ဖြစ်လာသည်။
မူလပိုင်ရှင်သည် ငယ်စဉ်က လမ်းလျှောက်ရသည်ကို မနှစ်သက်သဖြင့် မိသားစုက သူ့ကို သယ်ပေးသွားကြသည်။သူ့ဘာသူ မစားချင်လျှင် မိသားစုက ခွံ့ကျွေးလိမ့်မည်။ သူက အဝတ်အစားများနှင့် ဖိနပ်များကို မဝတ်ချင်လျှင်လည်း မိသားစုက ကူညီပေးကြလိမ့်မည်ပင်။
သူ စာသင်သည့်အချိန်တွင်တောင်မှ မိသားစု၏ အလိုလိုက်အကြိုက်ဆောင်မှုကြောင့် ကျောင်းတွင် မနေခဲ့ပေ။ သူ ကောလိပ်တက်နေစဉ်၌ပင် သူသည် အမြတမ်း ဂရုစိုက်ခံရသည်။ သူက အိမ်နဲ့နီးသော ကျောင်းမှာ တက်ပြီး သူ့အဖေက သူ့ကို နေ့တိုင်း ကျောင်းလာကြိုတယ်!
ပိုကောင်းတာက သူက ရုပ်ချောနေတာပဲ!
လူအများသည် ရုပ်ရည်ကြည့်ကောင်းသူများကို ဦးစားပေးဂရုစိုက်မှုများ အမြဲတစေ ပေးလေ့ရှိကြသည်။ သူ ငယ်ရွယ်စဉ်က သူသည် အဖြူရောင်ကျောက်စိမ်းရုပ်လေးနှင့် တူသည်။ သူ့ဆရာများနှင့် အတန်းဖော်များက သူ့ကို သဘောကျသည်။ သူ အရွယ်ရောက်လာသောအခါ သူက ရုပ်ပိုချောပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာလေရာ သူသည် ဘာမှမသိခဲ့ချေ။ သူ မတ်တပ်ရပ်နေရုံဖြင့် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကူညီပေးပြီး ပစ္စည်းများ လာရောက်ပေးမည့် မရေမတွက်နိုင်သော မိန်းကလေးများ ရှိနေပေလိမ့်မည်။
အတိုချုပ်ရလျှင် သူ့မိသားစု၏ ကောင်းမွန်သော နှစ်သက်မှုနှင့် မျက်နှာလှလှတို့ကြောင့် သူ၏ နှစ်ဆယ့်တစ်နှစ်လုံးလုံး ချောမွေ့စွာ ခရီးဆက်နေခဲ့ပြီး လာမည့်နှစ်များတွင်လည်း... အဆုံးသတ်အချိန်များ ရောက်မလာခဲ့လျှင် အလွန်ဆိုးရွားမည်မဟုတ်ချေ။
သူသည် စာသေချာမလေ့လာခဲ့ပေ။ သူသည် H မြို့ကြီးမှ အဆင့်နိမ့် ဘွဲ့ကြိုလက်မှတ်ကိုသာ ရခဲ့သော်လည်း ရုပ်ရည်ကြည့်ကောင်းပြီး ချိုသာသည်။ တစ်ချိန်တည်းမှာပင် အလွန်ပျင်းရိလွန်းသောကြောင့် သူသည် ဘွဲ့ရပြီးနောက် အလုပ်သွားမလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် သူသည် ပထမနှစ်မှစ၍ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။
သူသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူများနှင့် စကားပြောဆိုပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသော မိန်းကလေးများကို ချော့မော့၍ နေ့စဉ်နေ့တိုင်း ဆုလာဘ်များစွာကို ရရှိလေသည်။ ထို့နောက် သူသည် beauty blogger အဖြစ် စတင်ခဲ့ပြီး သူ၏ ပရိသတ်များမှာ ပိုပိုများလာသည်။
သူသည် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ပြီး ဇိမ်ခံပစ္စည်းမျိုးစုံကို ဝယ်ရသည်အား နှစ်သက်သော်လည်း သူ့ဝင်ငွေနှင့် သူ့မိသားစုမှ ထောက်ပံ့ငွေတို့မှာ သုံးစွဲရန် လုံလောက်သည်။
သူသည် ပိုက်ဆံချမ်းသာသော မိန်းမလှလေးတစ်ဦးကိုပင် ဖမ်းမိခဲ့ပြီး အနာဂတ်တွင် သူ(မ)ကို လက်ထပ်ကာ သူ့ကို ပျိုးထောင်ခိုင်းရန် စီစဉ်နေခဲ့သည်။
မူလပိုင်ရှင်သည် သူ့အစီအစဉ်ကို ကောင်းမွန်စွာ အစီအစဉ်ချထားခဲ့ပြီး လွယ်ကူသော တစ်သက်တာကို ဖြတ်သန်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်ငြား ကံမကောင်းစွာဖြင့်... ကမ္ဘာပျက်ကပ်က ရောက်လာသည်။
မူလပိုင်ရှင်သည် ကောလိပ်တက်နေသော်လည်း ညတိုင်း အိမ်ပြန်သည်။ ကမ္ဘာပျက်ကပ် ကျရောက်လာသောအခါ သူနှင့် မိဘဘိုးဘွားများက အိမ်တွင် ရှိနေကြသည်။
သူတို့မိသားစု၏ မိသားစုဝင်ငါးဦးထဲမှ မည်သူမျှ ဇွန်ဘီအဖြစ် မပြောင်းလဲသွားကြသော အချက်မှာ ကျေးဇူးတင်ထိုက်သော တစ်စုံတစ်ရာ ဖြစ်သော်လည်း အသက်ရှင်နေထိုင်ရန်မှာ မလွယ်ကူချေ။
အထူးသဖြင့် မူလပိုင်ရှင်သည် ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရပြီး အဆုံးသတ်ချိန်များ ကျရောက်လာပြီးနောက် သူသည် စားသောက်ရန်သာ သိပြီး အလုပ်မလုပ်ချင်ပေ။
သူသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးပြီး ရိုးရှင်းစွာပင် မဝံ့ရဲဘဲ အပြင်ထွက်ရန် ငြင်းဆိုသည်။ အမြဲတမ်း အပြင်ထွက်၍ စားစရာရှာဖွေသူမှာ အသက်ငါးဆယ်ကျော် မူလပိုင်ရှင်၏ ဖခင် ဖြစ်သည်။
အစပိုင်း၌ ဇွန်ဘီများစွာ မရှိသေးဘဲ ရောဂါဖြစ်ပွားမှုက ညဘက်ဖြစ်သဖြင့် ဇွန်ဘီများသည် အိမ်တွင် ပိတ်လှောင်ခံထားကြရသည်။ မူလပိုင်ရှင်၏ ဖခင်သည် စားစရာများစွာကို ရှာဖွေရယူနိုင်ခဲ့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ ဈေးမှ စားစရာများသည် ပျက်စီးလာပြီး ဇွန်ဘီများကလည်း ပိုပိုများလာသည်...
တစ်နေ့မှာတော့ မူလပိုင်ရှင်၏ ဖခင်မှာ စားစရာရှာရန် အပြင်ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပေ။
မူလပိုင်ရှင်က အပြင်မထွက်သေး။
မူလပိုင်ရှင်၏ မိခင်သည် အိမ်တွင် စားစရာပြတ်လပ်မည်ကို စိုးရိမ်ပြီး စားစရာရှာဖွေရန် စတင်အပြင်ထွက်တော့သည်... သူ(မ)သည် စစချင်း စားစရာအချို့ကို ပြန်ယူလာနိုင်သော်လည်း ထို့နောက်... သူ(မ)သည်လည်း အပြင်ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပေ။
ထိုနေ့က မူလပိုင်ရှင်သည် အောက်ထပ်မှ တက်လာသော မိခင်ဖြစ်သူ၏ အော်ငိုသံကို အမှန်တကယ် ကြားခဲ့သော်လည်း သူက ပုန်းနေပြီး ကြည့်ရန်ပင် မဝံ့ရဲခဲ့ချေ။
အိမ်တွင် စားစရာသိပ်မကျန်တော့။
အသက်ခုနစ်ဆယ်ကျော် မူလပိုင်ရှင်၏ အဘိုးအဘွားများသည် ကမ္ဘာပျက်ချိန်တွင် နည်းနည်းသာ စားပြီး အစားအစာကို ချွေတာစုဆောင်းခဲ့သည်။ သူတို့သည် အရိုးပေါ်အရေတင် ပိန်ကပ်နေသည်မှာ ကြာပြီဖြစ်ကာ အသက်ယဲ့ယဲ့သာ ကျန်သည်။ ရှင်းလင်းစွာပင် သူတို့သည် အစာထွက်မရှာနိုင်ဘဲ ထိုအစား ဇွန်ဘီများအတွက် အစာဖြစ်လာနိုင်ချေက ပိုများသည်...
အစားအစာကို မဖြုန်းတီးရန်နှင့် မြေးဖြစ်သူကို ဒုက္ခမဖြစ်စေရန်အတွက် သက်ကြီးရွယ်အိုစုံတွဲသည် သူတို့၏ ချွေးမဖြစ်သူ မပြန်လာနိုင်တော့သည့်နောက် အဆောက်အဦးပေါ်မှ ခုန်ချလိုက်ကြတော့သည်။
မူလပိုင်ရှင်က... အပြင်မထွက်သေး။
မူလပိုင်ရှင်သည် အိမ်တွင် စားစရာလုံလောက်နေစဉ်၌ အမှန်တကယ်ပင် စားစရာအချို့ကို တိတ်တဆိတ် ဖွက်ထားခဲ့သည်။ အိမ်တွင် ကျန်သော စားစရာများနှင့် ပေါင်းလိုက်သောအခါ မူလပိုင်ရှင်သည် အံ့အားသင့်စရာကောင်းစွာ နောက်ထပ်တစ်လကြာ နေနိုင်ခဲ့လေသည်။
ဤအချိန်တွင် အဆုံးသတ်အချိန်များ ကျရောက်လာသည်မှာ တစ်နှစ်ပြည့်သွားပြီဖြစ်သည်။
မူလပိုင်ရှင်သည် ကံကောင်းလှသဖြင့် အစာငတ်မသေခင် ထောက်ပံ့ပစ္စည်းများကို ရှာဖွေရန် ရောက်ရှိလာသော ကျိုးဝမ်ရှိူ့ ဦးဆောင်သည့် အသင်းနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ ခေါ်သွားခံရကာ သူသည် အသက်ပြည့်သဖြင့် အလုပ်တစ်ခုလည်း ရရှိခဲ့သည်။
မူလပိုင်ရှင်က... အလုပ်မလုပ်နိုင်ပေ။
ကမ္ဘာမပျက်ခင်က မူလပိုင်ရှင်သည် အလုပ်မလုပ်သော အလိုလိုက်ခံ ဖြစ်ခဲ့သည်။ ဤနှစ်တွင် သူသည် အိမ်မှာသာ ပုန်းနေပြီး တစ်ခါမှ အပြင်မထွက်လေရာ ကြွက်သားများက ကျုံ့သွားပြီဖြစ်သည်။ သူ ဘယ်အလုပ် လုပ်နိုင်မှာလဲ?
အလုပ်လုပ်သည်မှာ နာရီဝက်ပင် မကြာသေးသော်ငြား မူလပိုင်ရှင်သည် ကြမ်းပြင်ပေါ်တွင် လဲကျသွားပြီဖြစ်သည်။
ဤဘဝမျိုးမှာ မူလပိုင်ရှင်အတွက် စိတ်ညစ်စရာကောင်းလွန်းလှသည်။ သူသည် ရွှေသခင်တစ်ယောက် ရှာရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သို့သော် ဤသည်မှာ အဆုံးသတ်နေ့ရက်များ ဖြစ်လေရာ သန်မာသူလျှင်ပင် လူ့အမှိုက်တစ်ဦးကို ပျိုးထောင်ရန် ဆန္ဒမရှိချေ။
မူလပိုင်ရှင်၏ ဘဝလိုအပ်ချက်များမှာ မနိမ့်ကျသည်ကို ထည့်မတွက်နှင့်ဦး။
ရွှေသခင် မရှာနိုင်သော မူလပိုင်ရှင်သည် သူ့ခန္ဓာကိုယ်ကို ရောင်းချင်ခဲ့ပြီး ဤအချိန်တွင် သူသည် လူတစ်စု ဝန်းရံခံနေရသော ကျိုးဝမ်ရှိူ့ကို တွေ့ခဲ့သည်။
ကျိုးဝမ်ရှိူ့က အလွန်အင်အားကြီးသည်ကို သဘောပေါက်သွားပြီးနောက် မူလပိုင်ရှင်သည် လမ်းမှထွက်ပြီး ကျိုးဝမ်ရှိူ့စီသို့ သွားရောက်၍ သူသည် ကျိုးဝမ်ရှိူ့ကို အလွန်သဘောကျကာ ဘာမဆိုလုပ်ပေးရန် ဆန္ဒရှိကြောင်း ဝန်ခံလိုက်သည်။
မူလပိုင်ရှင်သည် ကြိုးစားကြည့်ရုံသာ ဖြစ်သော်လည်း ဖြစ်ချင်တော့ ကျိုးဝမ်ရှိူ့က အမှန်တကယ် လက်ခံပြီး သူ့ကို အိမ်ခေါ်သွားခဲ့လေသည်။
မူလပိုင်ရှင် ကျိုးဝမ်ရှိူ့၏အိမ်၌ နေနေသည်မှာ ယခုဆိုလျှင် လေးလကြာသွားပြီဖြစ်သည်။
ကျိုးဝမ်ရှိူ့သည် အလွန်အလုပ်များပြီး အိမ်ကို သိပ်ပြန်လာလေ့မရှိသော်လည်း သူက မူလပိုင်ရှင်အပေါ် တကယ်ကောင်းသည်။ မူလပိုင်ရှင်သည် အလုပ်လုပ်စရာမလိုတော့ဘဲ စားစရာလည်း ရှိသည်။
ကျိုးဝမ်ရှိူ့သည် မူလပိုင်ရှင်၏ ပေါင်မုန့်နှင့် ထောပတ် (ထမင်းအိုး) ဖြစ်သည်။ မူလပိုင်ရှင်ကို ကျိုးဝမ်ရှိူ့က အမြဲထောက်ပံ့ပေးခဲ့ပြီး မူလပိုင်ရှင်သည် နောက်ထပ်ရွှေသခင်တစ်ယောက်ကို ရှာတွေ့သွားလေသည်။
လွန်ခဲ့သော လဝက်ခန့်က H မြို့ကြီး၏ တခြားဖက်ခြမ်းရှိ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူတစ်စုသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ ရောက်လာခဲ့ပြီး ဤလူစုတွင် အမျိုးသမီးရေစွမ်းအားရှင်တစ်ယောက် ပါလာကာ ထိုအမျိုးသမီးသည် မူလပိုင်ရှင်၏ အထက်တန်းကျောင်းမှ အတန်းဖော်ဟောင်း ဖြစ်သည်။
ထိုအချိန်တွင် ဤမိန်းကလေးကလည်း မူလပိုင်ရှင်ကို အချိန်အကြာကြီး လိုက်လံပိုးပန်းခဲ့သည်။
ထိုအချိန်က မူလပိုင်ရှင်သည် အခြားသူများထံမှ လက်ဆောင်များစွာကို ရရှိခဲ့သော်ငြား သူက သူတို့ကို အထင်သေးခဲ့ပြီး တွဲရန် သဘောမတူခဲ့ပေ။ ဒါပေမယ့် ဒီတစ်ခါတော့ ကွဲပြားသွားပြီ!
မူလပိုင်ရှင်သည် ယောက်ျားများကို မကြိုက်ဘဲ မိန်းမများကိုသာ ကြိုက်သည်။ အမှန်တကယ်တော့ သူသည် ကျိုးဝမ်ရှိူ့ကို မနှစ်သက်ပေ။
သူသည် ကျိုးဝမ်ရှိူ့က အသွင်အပြင်ကို မည်သို့ဂရုစိုက်ရမည်အား မသိဘဲ ရုပ်ဆိုးလွန်းသည်ဟု ခံစားရသည်။ သူသည် ကျိုးဝမ်ရှိူ့တွင် ဘဝ၏ ပျော်ရွှင်မှုအနှစ်သာရ မရှိဟုလည်း ခံစားရပြီး သူက ကျိုးဝမ်ရှိူ့နှင့် အတူအိပ်ရနိုင်သည် ဟူသော အချက်ကို လက်ခံရန်မှာ သူ့အတွက် ပို၍ပင် ခက်ခဲသည်။
အကျဉ်းချုပ်ရသော် မူလပိုင်ရှင်၏ရှေ့တွင် တန်းတူရည်တူ အမျိုးသမီးတစ်ဦး ရှိခဲ့လျှင် မူလပိုင်ရှင်သည် ထိုအမျိုးသမီး သို့မဟုတ် ကျိုးဝမ်ရှိူ့ထက် နိမ့်ကျသော အခြေအနေများ ရှိသည့် အမျိုးသမီးတစ်ဦးကို ရွေးချယ်လိုက်မည်မှာ သေချာသည်။
အခု အမျိုးသမီးတစ်ယောက်က မူလပိုင်ရှင်ရဲ့ရှေ့ကို ရောက်လာပြီ!
မူလပိုင်ရှင်၏ ဤအတန်းဖော်ဟောင်းမှာ ချွီဝမ်ဝမ်ဟု အမည်တွင်သည်။ သူ(မ)သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် မူလပိုင်ရှင်ကို တွေ့ကတည်းက သူ(မ)သည် မူလပိုင်ရှင်ကို တိတ်တဆိတ် စတင်ဆက်သွယ်ခဲ့ပြီး မူလပိုင်ရှင်အပေါ် ခံစားချက်ကောင်းများကို ဖော်ပြခဲ့ကာ မူလပိုင်ရှင်အား ကောင်းကင်နဂါး အခြေစိုက်စခန်းသို့ ခေါ်ဆောင်သွား၍ လက်ထပ်ရန်ပင် ဆန္ဒရှိကြောင်းကိုပါ ထုတ်ဖော်ပြသခဲ့လေသည်။
မူလပိုင်ရှင်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
မူလပိုင်ရှင်သည် ချွီဝမ်ဝမ်ကို ကျိုးဝမ်ရှိူ့နှင့်ပတ်သက်သော အကြောင်းအရာများ အပါအဝင် သူ သိထားသမျှအားလုံး ပြောပြပြီး ချွီဝမ်ဝမ်နှင့်အတူ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ ထွက်ခွာရန် သဘောတူခဲ့သည်။
သူတို့အားလုံးကို သတ်ချင်မည့် ကျိုးဝမ်ရှိူ့၏ ဒေါသကို ရှောင်ရှားရန်အတွက် သူ့ကို ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခိုင်းပြီး ထိုအခါမှသာ သူတို့သည် ကျိုးဝမ်ရှိူ့ နောက်ဆုတ်သွားအောင် သူ့ကို အသုံးပြု၍ ကျိုးဝမ်ရှိူ့ကို ခြိမ်းခြောက်မည်ဟုလည်း ချွီဝမ်ဝမ်က သူ့ကို ပြောခဲ့သည်... ဤသည်မှာလည်း မူလပိုင်ရှင် သဘောတူခဲ့သော တစ်စုံတစ်ရာ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ ထွက်ခွာသည့်နေ့တွင် မူလပိုင်ရှင်သည် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် ပူးပေါင်းပြီး ပြန်ပေးဆွဲခံရခြင်း ဇာတ်ကွက်ကို ချန်ရစ်ခဲ့ပြီးနောက် ပျော်ရွှင်စွာ ထွက်လာခဲ့သည်။
သူတို့ထွက်ခွာပြီးနောက် မကြာမီ ကျိုးဝမ်ရှိူ့က သူတို့ကို လိုက်မီလာသည်။
ထိုအချိန်တွင် မူလပိုင်ရှင်သည် ကားကြောင့် အထက်အောက် မူးဝေနေပြီဖြစ်ကာ ကျိုးဝမ်ရှိူ့ ရောက်လာပြီးနောက် သူ့ကို ချွီဝမ်ဝမ်က ဖမ်းဆွဲပြီး ကျိုးဝမ်ရှိူ့ကို ခြိမ်းခြောက်ရန် အသုံးချခံလိုက်ရသည်။
ကျိုးဝမ်ရှိူ့သည် တိုက်ခိုက်ရမည်ကို စိုးရိမ်သွားပြီး ဤအချိန်တွင် ချွီဝမ်ဝမ်သည် ကျိုးဝမ်ရှိူ့ကို မူလပိုင်ရှင်နှင့် လဲလှယ်ရန် 'ဥက္ကာခဲ' ကို ထုတ်ပေးခိုင်းကာ ကျိုးဝမ်ရှိူ့ သဘောမတူလျှင် မူလပိုင်ရှင်ကို သတ်ပစ်လိုက်မည်ဟု ပြောဆိုလေသည်။
မူလပိုင်ရှင်သည် တစ်ခုခုမှားနေပြီမှန်း ဤအချိန်တွင် သဘောပေါက်သွားသော်လည်း ချွီဝမ်ဝမ်နှင့်အတူ လိုက်ပါသရုပ်ဆောင်နေသေးပြီး ငိုကြွေးလျက် ကျိုးဝမ်ရှိူ့အား သူက ချစ်ကြောင်းနှင့် သူ့ကို တစ်ယောက်တည်း ထားခဲ့သင့်ကြောင်း မှာတမ်းခြွေနေသည်။
သူ ဤသို့ပြောလေလေ ကျိုးဝမ်ရှိူ့က သူ့ကို မထားနိုင်ခဲ့လေလေ ဖြစ်သည်။
နောက်ဆုံးတွင် ကျိုးဝမ်ရှိူ့သည် မူလပိုင်ရှင်နှင့် လဲလှယ်ရန် 'ဥက္ကာခဲ' ကို အသုံးပြုရန် ဟူသော ချွီဝမ်ဝမ်နှင့် အခြားသူများ၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
ရလဒ်မှာတော့ ဥက္ကာခဲက ချွီဝမ်ဝမ်စီ ရောက်သွားသောအခါ ချွီဝမ်ဝမ်က အံ့အားသင့်စရာကောင်းစွာ ပြောလာသည်။ " ကျိုးဝမ်ရှိူ့၊ ယန်ကျင်းဇီက ငါတို့နဲ့ လိုက်လာဖို့ အရင်ပြောခဲ့တာ... ဟုတ်တယ်မလား ယန်ကျင်းဇီ? "
မူလပိုင်ရှင်သည် သူက ချွီဝမ်ဝမ်နှင့် ထွက်သွားတော့မည်ဟု ခံစားရသည့်အပြင် ချွီဝမ်ဝမ်က သူ့တစ်ကိုယ်လုံးကို ထိန်းချုပ်ထားဆဲ ဖြစ်သဖြင့် အမှန်ဖြစ်ကြောင်း အပြုံးဖြင့် ပြန်ဖြေခဲ့သည်။ ထို့နောက် သူ့ကို ချွီဝမ်ဝမ်ဘေးမှ လူက ကောက်ချီပြီး ကျိုးဝမ်ရှိူ့ထံသို့ ပစ်ပေးလိုက်သည်...
ဤသည်တောင် မလုံလောက်သေးဘဲ ချွီဝမ်ဝမ်ဘေးမှ လူများက ကျိုးဝမ်ရှိူ့၏ အံ့အားသင့်နေသော အခြေအနေကိုပင် အခွင့်ကောင်းယူပြီး သူ့ကို ဝိုင်းတိုက်ခိုက်ကြသည်။
ကျိုးဝမ်ရှိူ့သည် မူလပိုင်ရှင်ကို သယ်ထားရာ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများကို ရှောင်ရှား၍ အခြေစိုက်စခန်းသို့ ပြန်လည်ထွက်ပြေးရန် အတော်အားထုတ်ခဲ့ရသည်။ သို့သော် ထိုအချိန်တွင် ကျိုးဝမ်ရှိူ့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီဖြစ်သည်။
သူသည် မူလပိုင်ရှင်ကို မသတ်သော်လည်း အိမ်မှမောင်းထုတ်ပြီး သူ့ကိုယ်သူ ပြန်လည်အားဖြည့်နေခဲ့သည်။
ထိုအချိန်မှစ၍ မူလပိုင်ရှင်သည် ကြီးမားသော ဆင်းရဲဒုက္ခဘဝတွင် နေထိုင်ခဲ့ရပြီး သူ ကျိုးဝမ်ရှိူ့ကို ထပ်တွေ့ချိန်တွင်တော့ တစ်လကျော်ကြာမြင့်သွားပြီဖြစ်သည်။
တစ်လကြာပြီးနောက် ဇွန်ဘီများသည် တက္ကသိုလ်မြို့တော် လုံခြုံရေးအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်။ အပြည့်အဝ မသက်သာသေးသော ကျိုးဝမ်ရှိူ့သည် အပြင်ဘက်မှ ဇွန်ဘီများကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ဇွန်ဘီများကြောင့် သေဆုံးသွားလေသည်။
ကျိုးဝမ်ရှိူ့ သေပြီးနောက် ဘေးအန္တရာယ်ကင်းမဲ့သော အခြေစိုက်စခန်းကို ဇွန်ဘီများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မူလပိုင်ရှင်လည်း ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ပေ။ သူလည်း ဇွန်ဘီများ၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။
ယန်ကျင်းဇီ နောက်ထပ်မှတ်ဉာဏ်များကို လက်ခံရလေလေ မူလပိုင်ရှင်က မိုက်မဲပြီး အဆိပ်ပြင်းသည်ဟု သူ ခံစားရလေလေ ဖြစ်သည်။
မူလပိုင်ရှင်က သူ့မိဘများနှင့် အဘိုးအဘွားများ သေဆုံးသွားသည်ကို ထိုင်ကြည့်နေခဲ့သည်။ ကျိုးဝမ်ရှိူ့က သူ့ကို ကယ်တင်ပြီး နောက်ပိုင်းတွင် ပျိုးထောင်ပေးထားခဲ့သူ ဖြစ်သည်။ ဒါပေမယ့် ရလဒ်ကတော့ သူက ကျိုးဝမ်ရှိူ့ကို ဘာကျေးဇူးမှမတင်တဲ့အပြင် သစ္စာဖောက်ပြီး လူကို ရောင်းစားပစ်လိုက်တယ်!
အဲ့လိုလူမျိုးစီ သူက ကူးပြောင်းလာတယ်တဲ့!
အဲ့လိုလူစားမျိုးအဖြစ် ကူးပြောင်းလာပြီး ကူးပြောင်းလာတဲ့ အချိန်ကလည်း... ခိုးရာလိုက်ပြေးဖို့ ထွက်ပြေးနေတဲ့ အချိန်ကြီး!
နေဦး၊ သူ ကယ်နိုင်သေးတယ်။ အခု ကျိုးဝမ်ရှိူ့က သူ ခိုးရာလိုက်ပြေးမှန်း မသိသေးဘဲ သူက ပြန်ပေးဆွဲခံရတယ်လို့ ထင်ပြီး သူ့ကို လာကယ်နေတာ!
သူ သေသေချာချာ ကယ်တင်ခံရမယ်!
စကားမစပ် မူလပိုင်ရှင်ရဲ့ အကြိုက်က ဘာကြီးလဲ? သူက တကယ်ကြီး ချွီဝမ်ဝမ်က ကြည့်ကောင်းပြီး ကျိုးဝမ်ရှိူ့က ကြည့်မကောင်းဘူးလို့ ထင်တယ်... သေချာပေါက် ကျိုးဝမ်ရှိူ့က အချောဆုံးပဲ!
ကျိုးဝမ်ရှိူ့၏ မော်တော်ဆိုင်ကယ်သည် အလွန်လိုက်လျောညီထွေရှိပြီး လျင်မြန်စွာ ရှေ့ဆက်နေကာ ယခုဆိုလျှင် ၎င်းသည် ယာဉ်တန်းနှင့် နီးကပ်လာရာ ယာဉ်တန်းက ရပ်တန့်သွားရသည်။
ဤသည်ကိုမြင်သော် ချွီဝမ်ဝမ်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး သူ(မ)က ယန်ကျင်းဇီ၏ အင်္ကျီကော်လံကို ကိုင်ဆွဲပြီးသည်နှင့်တပြိုင်နက် သူ့ကို ကားထဲမှ ဆွဲထုတ်လိုက်သည်။
ယန်ကျင်းဇီသည် အစကတည်းက အဆင်မပြေဖြစ်နေလေရာ ယခု ဤသို့ဆွဲခေါ်ခံရခြင်းက သူ့ကို အန်စေချင်လာသည်...
သူကလည်း မအောင့်ထားပေ။ ထိုအစား သူသည် သူ့လျှာကို ကွေးလိုက်ပြီး သူ့လည်ချောင်းစီသို့ ထိုးချလိုက်သည်...
" ဝေါ့! " ယန်ကျင်းဇီသည် ချွီဝမ်ဝမ်ဘက်သို့ လှည့်ပြီး အန်ချလိုက်တော့သည်။
____
ဒီတစ်ခါ မူလပိုင်ရှင်ရဲ့ အမှိုက်လယ်ဗယ်က ရှယ်မြင့်နော် 😬
Thanks for reading 💙
____