ဤနေ့ရက်များတွင် လူအများသည် လုံလုံလောက်လောက် မစားနိုင်ကြပေ။ သူတို့ အန်ထုတ်ချင်လျှင်ပင် ဘာမှထွက်လာလိမ့်မည် မဟုတ်သော်ငြား မူလပိုင်ရှင်ကတော့ ကွဲပြားသည်။
ကမ္ဘာ့အဆုံးသတ် ရောက်လာကတည်းက ဆာလောင်မှု အများအပြားကို ခံစားခဲ့ရသော မူလပိုင်ရှင်တွင် ယခုအခါ စားသောက်ခြင်းအတွက် ကြီးမားသော ချစ်ခင်မှု ရှိလာသည်။ သူသည် ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ရမည်ဖြစ်ပြီး အစားအစာများကို မသယ်နိုင်သဖြင့် သူက ထွက်မလာခင် အများကြီးစားခဲ့သည်။
အစောက ကားစီးရသည်မှာ အလွန်တိုက်မိဆောင့်မိပြီး မူလပိုင်ရှင်က အလွန်မသက်မသာဖြစ်နေပြီဖြစ်သည်။ ကူးပြောင်းလာပြီးနောက် ယန်ကျင်းဇီက အော့အန်ချင်သည်ဟု ခံစားရလေသည်။ နောက်ပိုင်းတွင် သူသည် ရွံစရာ ဇွန်ဘီများကို တွေ့ရပြီး မှတ်ဉာဏ်ကို လက်ခံရရှိလိုက်ရသောအခါ သူက ပို၍ပင် မူးဝေလာသည်...
ထို့ကြောင့် ယန်ကျင်းဇီ အန်ချင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
ယခု သူက လွတ်လွတ်လပ်လပ် အန်ချနေလေသည်။
လမ်းကြမ်းမောင်းယာဉ်ပေါ်မှ ယန်ကျင်းဇီကို ဆွဲထုတ်သော ချွီဝမ်ဝမ်သည် သူ(မ)အပေါ် ယန်ကျင်းဇီ အန်ချခြင်းကို ခံလိုက်ရသည်။
ချွီဝမ်ဝမ်သည် အမျိုးသမီးဖြစ်သည့်အပြင် အဆုံးသတ်နေ့ရက်များတွင် ဆံပင်ဆေးဆိုးပြီး မိတ်ကပ်ခြယ်သသေးသော သိမ်မွေ့သော အမျိုးသမီးမျိုး ဖြစ်သည်။ သူ(မ)က အော်ဟစ်ပြီးနောက် ယန်ကျင်းဇီကို လွှတ်လိုက်ပြီး နောက်ဆုတ်သွားသည်။ သူ(မ)ကိုယ်ပေါ်မှ အညစ်အကြေးများကို ဖယ်ရှားရန် လျင်လျင်မြန်မြန်ဖြင့် ရေစနစ်စွမ်းရည်ကို အသုံးပြုလိုက်သည်။
မိန်းကလေး၏ ကောက်ကြောင်းများမှာ အရိုးထိတောင် ရေစိုစိုရွှဲနေသောကြောင့် ပေါ်လွင်နေသော်လည်း ယန်ကျင်းဇီတွင် အာရုံစူးစိုက်ရန် အချိန်မရှိပေ။
သူက ကားတံခါး၏ တစ်ဖက်ခြမ်းကို ဖွင့်ပြီးပြီဖြစ်ကာ ပြေးထွက်လိုက်သည် : " ဝမ်ရှိူ့ ကူညီပါ! "
ဒီလိုအချိန်မှာ အသက်ရှင်အောင် ပြေးဖို့ အရေးကြီးတယ်!
ပြန်ပေးဆွဲခံရတဲ့သူအနေနဲ့ သူက သူ့ရဲ့ရွှေသခင်စီ အခွင့်အရေးတိုင်းမှာ ထွက်ပြေးရမယ်!
ဟုတ်တယ်၊ သူက ပြန်ပေးဆွဲခံရတာ။ ခိုးရာလိုက်ပြေးတယ် ဆိုတဲ့ ကိစ္စမျိုး လုံးဝ မရှိဘူး!
လုံခြုံရေးအတွက်မူ... ကျိုးဝမ်ရှိူ့က အရမ်းသန်မာသည်။ မူလဇာတ်ကြောင်း၌ သူ့တွင် ကောင်းကင်နဂါး အခြေစိုက်စခန်း၏ လူဝိုင်းခံရမှုမှ လွတ်မြောက်ရန် မူလပိုင်ရှင်ကို တစ်ကိုယ်တည်းနှင့်ပင် ခေါ်ဆောင်နိုင်စွမ်းရှိခဲ့သည်။
သူ့ခြေထောက်ကို ဆွဲချမယ့်လူ မရှိဘူးဆိုရင် သူက ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေနဲ့ ထိပ်တိုက် တိုက်ခိုက်နိုင်မှာ သေချာတယ်။ ဒီလိုဆိုရင် ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ သူ့ကို သတ်ပြီး ကျိုးဝမ်ရှိူ့ကို ဒေါသထွက်စေရဲပါ့ဦးမလား?
သေချာပေါက် မလုပ်ရဲဘူးပေါ့!
သူက ကျိုးဝမ်ရှိူ့ရဲ့ အသည်းညှာလေးလေ!
" ဝမ်ရှိူ့... " ယန်ကျင်းဇီ၏ ချိုသာသော အသံမှာ လေထဲတွင် ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်မှ ဇွန်ဘီများအား မိုက်မဲစွာ လှုပ်ရှားစေသည်။
ယန်ကျင်းဇီကိုယ်တိုင်လည်း ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် စိတ်ရှုပ်သွားသည်။
SUV ကို ထရပ်ကားနှစ်စီးက နောက်မှလိုက်ပြီး ဤအချိန်တွင် ဤထရပ်ကားများ၏ အကန့်များထဲရှိ လူများသည် ဘာမှမပြောဘဲ သူ့အား လက်နက်များဖြင့် ချိန်ရွယ်ထားကြသည်။ သူက ထိုနေရာတွင် မတ်တပ်ရပ်နေသည်...
ရှေ့တွင် မြေကြီးပေါ်၌ ဇွန်ဘီများ ရှိနေပြီး လှည့်ပတ်သွားလာနေသော ဇွန်ဘီများလည်း ရှိနေသည်။ အရမ်းရွံ့စရာကောင်းတယ်!
ယန်ကျင်းဇီ ထပ်မံအန်ချင်လာပြန်သည်။
သူ့တွင် ယခင်က မှတ်ဉာဏ်များ မရှိဘဲ မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိသည်။ မူလပိုင်ရှင်က အိမ်ထဲတွင် တစ်နှစ်တာ ပိတ်မိနေခဲ့သည်။ သူက အိမ်ထဲတွင် ရေမသိုလှောင်ထားသဖြင့် ရေမချိုးနိုင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါ ညစ်ပတ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ အချိန်အများစု၌ သူသည် သန့်ရှင်းခြောက်သွေ့နေခဲ့သည်။
ပိုဆိုးတာက သူ့ရှေ့က ဟာတွေက ညစ်ပတ်ရုံတင် မဟုတ်တော့ဘူး။ ပုပ်ပွနေတဲ့ သွေးသားတွေပဲ!
မူလပိုင်ရှင်က အမှန်တကယ် ကံကောင်းသည်။ သူက ဤသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ တိုက်ရိုက်မတွေ့မြင်ဖူးခဲ့သောကြောင့် ယန်ကျင်းဇီ အနည်းငယ် စိတ်ညစ်သွားသည်။
အနောက်မှာက ချွီဝမ်ဝမ်၊ ရှေ့မှာက ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ၊ ဘေးမှာက ဇွန်ဘီတွေ...
ယန်ကျင်းဇီသည် ပြေးထွက်၍ ကျိုးဝမ်ရှိူ့ကို ပွေ့ဖက်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ ယခုမူ သူသည် စဉ်းစားရုံသာ တတ်နိုင်သည်။
ယန်ကျင်းဇီသည် မတ်တပ်ရပ်နေဆဲဖြစ်ပြီး ဟောဟဲလိုက်နေသည်။
မူလပိုင်ရှင်က ဘာလို့ အရမ်းအသုံးမကျတာလဲ?
သူက လုံခြုံရေးအခြေစိုက်စခန်းကို ရောက်နေတာ အချိန်တချို့ကြာနေပြီ။ သူ နည်းနည်းတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်ဆိုတာ သူ မသိဘူးလား?
ယောက်ျားကြီးတစ်ယောက်က လမ်းကြမ်းမှာ ကားစီးပြီးတော့ သတိလစ်မတတ် ဖြစ်နေတဲ့အပြင် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်မှာလည်း အသက်မရှူနိုင်တော့ဘူး... နေ့ရက်တွေက တကယ် မလွယ်ကူဘူးပဲ!
လူတစ်ကိုယ်လုံး အံ့အားသင့်နေပြီး ဤအချိန်တွင် ချွီဝမ်ဝမ်သည် လက်မြှောက်ကာ ရေလုံးကြီးတစ်လုံးကို ယန်ကျင်းဇီစီသို့ လောင်းချလိုက်သည်...
ယန်ကျင်းဇီက ယခုအခါတွင် သူတို့နှင့် ပူးပေါင်း၍ သရုပ်ဆောင်နေသည်ဖြစ်စေ၊ အမှန်တကယ် ကျိုးဝမ်ရှိူ့ထံသို့ လွတ်မြောက်ချင်သည်ဖြစ်စေ ချွီဝမ်ဝမ် ဂရုမစိုက်ပေ။ သူ(မ) ယန်ကျင်းဇီကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ခြင်းမှာ ကျိုးဝမ်ရှိူ့လက်ထဲရှိ ဥက္ကာခဲကို လိုချင်သောကြောင့်ဖြစ်သည်။
သူ(မ) ဥက္ကာခဲကို လိုချင်လျှင် ကျိုးဝမ်ရှိူ့ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြိုးပမ်းရမည်။
ယနေ့တွင် ကျိုးဝမ်ရှိူ့၏ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း စွမ်းအားရှင်များမှာ ပတ်ဝန်းကျင်မှ ဇွန်ဘီများကို သွားရောက်ရှင်းလင်းသည်။ သူတို့က ယန်ကျင်းဇီကို ခေါ်ဆောင်လာပြီး ကျိုးဝမ်ရှိူ့က သိသွားကာ လိုက်မီရန်အတွက် မည်သည့်နည်းနှင့်မျှ လူများစွာကို အတူခေါ်မလာနိုင်ပေ။ ထို့အပြင် ယန်ကျင်းဇီကလည်း သူတို့လက်ထဲတွင် ရှိနေသည်... သူတို့ရဲ့ အခွင့်အရေး ရောက်လာပြီ!
ချွီဝမ်ဝမ်သည် ယန်ကျင်းဇီနှင့်ပတ်သက်၍ သိပ်မစဉ်းစားပေ။ ကျိုးဝမ်ရှိူ့သာ ဤလူကို မကြိုက်လျှင် သူ(မ) သူ့ကို ချော့မော့ရန် အလုပ်ရှုပ်ခံမည်မဟုတ်ချေ။
အစောက ယန်ကျင်းဇီ သူ(မ)အပေါ် အန်ချလိုက်ရာ သူ(မ) စိတ်ဆိုးလွန်းသဖြင့် ယန်ကျင်းဇီက ဆက်မပြေးတော့သော်လည်း သူ(မ)က ရေဘောလုံးကြီးတစ်လုံးကို လှမ်းပစ်လိုက်ဆဲဖြစ်သည်။
ချွီဝမ်ဝမ်၏ ရေမှာ ယန်ကျင်းဇီ၏ခေါင်းပေါ် ကျရောက်သွားပြီး ယန်ကျင်းဇီက ၎င်းကို မရှောင်လိုက်ပေ။
ခေါင်းပေါ်သို့ ရေလောင်းချခံရသည်မှာ သူ့အတွက် အနည်းငယ်တော့ အဆင်မပြေဖြစ်သော်လည်း အသိဝင်လာပြီး ဉာဏ်အလင်းပွင့်လာသည်ဟုလည်း ခံစားလိုက်ရသည်။
တကယ်တော့ ကူးပြောင်းလာခါစ ပတ်ဝန်းကျင်ကို စူးစမ်းနေချိန်တွင် ယန်ကျင်းဇီသည် တစ်ခုခုမှားနေမှန်း တွေ့ရှိထားသည်။
သူသည် SUV ၏ ကားခေါင်မိုးကို မမြင်နိုင်သည်မှာ သေချာသော်လည်း ၎င်း၏အပေါ်တွင် လူရှိမှန်း ခံစားနိုင်သည်။
သူသည် အဝေးတွင် ရောက်နေသော ကျိုးဝမ်ရှိူ့၏ အသွင်အပြင်ကို မမြင်ရနိုင်သင့်သော်လည်း မြင်နိုင်နေဆဲဖြစ်သည်။
ဤအချိန်တွင် ချွီဝမ်ဝမ်က သူ့အပေါ် စွမ်းရည်အသုံးပြုသောအခါ သူသည် ရေရောက်လာချိန်ကိုပင် ခံစားမိသော်လည်း ၎င်းကို ရှောင်ရန် အလွန်နောက်ကျသွားပြီဖြစ်သည်။
သို့ရာတွင် သူသည် ၎င်းကို မရှောင်နိုင်သော်ငြား ရေကို ထိန်းချုပ်နိုင်သည်။
သူ့အပေါ် ရေမကျခင် ဘယ်သူကမှ စက္ကန့်ဝက်ခန့် လေထဲတွင် ရေလုံးကြီး တန်းလန်းရပ်သွားမှန်း သတိမပြုမိကြချေ။
ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လျှပ်တစ်ပြက်အတွင်း မူလပိုင်ရှင်၏ စွမ်းအားရှင်များနှင့် ပတ်သက်သော မှတ်ဉာဏ်များ သူ့ထံသို့ လျှောခနဲ ဝင်ရောက်လာကြသည်။
ဤကမ္ဘာမှ စွမ်းအားရှင်များသည် သတ္တု၊ မြေကြီး၊ မီး၊ ရေ၊ လေ အစရှိသော ဒြပ်စင်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။ အခြားသူများသည် လျှပ်စီးနှင့် အပင်များကို ခြယ်လှယ်နိုင်သည် သို့မဟုတ် နေရာလွတ် ရှိကြသည်။
သဘာဝလွန်စွမ်းရည်များ၏ အတည်ပြုခြင်းမှာ ကံအပေါ် မူတည်သည်။ စွမ်းရည်နိုးထပြီးနောက် သဘာဝလွန်စွမ်းအားက လုံလုံလောက်လောက် သန်မာခြင်း ရှိ၊မရှိမှာ ပါရမီနှင့်များစွာသက်ဆိုင်သည်။
အချို့သည် မီးလုံးငယ်တစ်လုံးကိုသာ အလွန်ဆုံး ထုတ်နိုင်သော်လည်း မီးပင်လယ်ကို လှိုက်ခတ်စေနိုင်သော လူများလည်း ရှိသည်။
သို့သော် တစ်ခါတစ်ရံတွင်တော့ သဘာဝလွန်စွမ်းရည် ပိုမိုသန်မာခြင်း မဟုတ်ဘဲ စွမ်းအားရှင်က ပိုမိုသန်မာခြင်း ဖြစ်သည်။
လူတစ်ယောက်က လုံလုံလောက်လောက် သန်မာခြင်း ရှိ၊မရှိမှာ သူ၏ သဘာဝလွန်စွမ်းအားများအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်း သက်ဆိုင်သည်... တက္ကသိုလ်မြို့တော်၏ လူများသည် ဤထိန်းချုပ်မှုကို 'စိတ်ဝိညာဉ်စွမ်းအား' ဟု ခေါ်ကြသည်။
သန်မာသော စိတ်ဝိညာဉ်စွမ်းအား ရှိသူများသည် သူတို့၏ သဘာဝလွန်စွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက်သောအခါ သဘာဝလွန်စွမ်းအားများကို လုံးဝ မဖြုန်းတီးဘဲ ပစ်မှတ်ကိုလည်း အတိအကျ ထိမှန်စေနိုင်သည်။ သို့သော် အားနည်းသော စိတ်ဝိညာဉ်စွမ်းအား ရှိသူများကမူ သူတို့သည် ဇွန်ဘီ၏ခေါင်းပေါ်သို့ မီးလုံးတစ်လုံးကို ပစ်ချင်သည်ဆိုလျှင် ဇွန်ဘီ၏ ဝမ်းဗိုက်ပေါ်သို့သာ ကျရောက်သွားနိုင်သည်။
သေချာတာပေါ့၊ စိတ်ဝိညာဉ်စွမ်းအားသည်လျှင် သဘာဝလွန်စွမ်းအားကဲ့သို့ပင် အကြိမ်ရေပိုသုံးလေ တိုးတက်လာလေ ဖြစ်သည်။
ပြီးတော့ သူရဲ့ လက်ရှိအခြေအနေ... တကယ်တော့ သူ့မှာ အရမ်းအားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအား ရှိတာလား?
ဤသည်ကို သဘောပေါက်ပြီးနောက် ယန်ကျင်းဇီသည် တစ်လောကလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ့ခန္ဓာကိုယ်အနားမှ အရာအားလုံးမှာ ကြည်လင်သွားသည်ဟု ခံစားလိုက်ရသည်။
မူလပိုင်ရှင်က ဘာမှမကောင်းတဲ့ အမှိုက် ဖြစ်ပေမယ့် သူက မတူဘူး!
သူက ဉာဏ်ကြီးရှင်ပဲ!
ရေလောင်းချခံလိုက်ရသော ယန်ကျင်းဇီဟာ စိတ်လှုပ်ရှားနေသည်။
သူသာ အမှတ်မမှားဘူးဆိုလျှင် သူ့မှာ တခြားသူများ လက်လှမ်းမမှီနိုင်သော စိတ်ဝိညာဉ်စွမ်းအား အမှန်တကယ် ရှိနေသည်။ ဒါဆို အနည်းဆုံးတော့ အဲ့ဒါက အသုံးဝင်တယ်မလား?
သို့သော် ဤစိတ်ဝိညာဉ်စွမ်းအားကို မည်သို့အသုံးပြုရမည်ကို သူ မသိပေ... စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် သူသည် ပို၍ပင် ရွံစရာကောင်းသော ဇွန်ဘီများကို တွေ့လိုက်ရသည့်အပြင် ရေဖြင့် တိုက်ခိုက်ခံထားရခြင်းက သူ့ခေါင်းကို ပိုမိုမူးဝေစေသည်...
" ဝေါ့... " ယန်ကျင်းဇီ အန်ချလိုက်ပြန်သည်။
အသက်နှစ်ဆယ်ကျော်ခါစ ခပ်ဖျော့ဖျော့ အသားအရည်နှင့် လူငယ်ချောတစ်ဦးသည် စွန့်ပစ်ခံမြို့ကြီး၏ အလယ်ခေါင်တွင် မတ်တပ်ရပ်နေပြီး အကြွင်းအကျန် ဇွန်ဘီများ၊ ညစ်ပေနေသော စက်ယာဉ်များနှင့် အဆုံးသတ်နေ့ရက်များတွင် အလွန်အမင်း အခြေအနေဆိုးသော ကောင်းကင်နဂါး အခြေစိုက်စခန်း၌ တစ်နှစ်ကျော် ဖြတ်သန်းခဲ့ရသူများတို့ဖြင့် ဝန်းရံခံထားရသည်။ ဤအရာရာတိုင်းက သူ့အား ပိုပိုပြီး တစ်မူထူးခြားစေသည်။
အထူးသဖြင့် သူကလည်း ရေစိုစိုရွှဲနေလေသည်။
သူ့ဆံပင်မှတစ်ဆင့် သူ့မျက်နှာပေါ်သို့ ရေများ တစက်စက် စီးကျနေကာ ရေစက်များက သူ၏ ချောမွေ့သော အသားအရည်တစ်လျှောက် စီးဆင်းသွားပြီး သူ၏ ပုံစံတကျရှိသော ဝတ်စုံထဲသို့ စိမ့်ဝင်သွားသည်...
အန်ထားသောကြောင့် သူ့မျက်လုံးများမှာ အနည်းငယ် နီနေပြီး ရံဖန်ရံခါ မျက်လုံးပင့်ကြည့်လိုက်လျှင် ပိုမိုသနားစဖွယ်ကောင်းသည်ဟု လူအများအား ခံစားရစေသည်။
ဤပုံရိပ်မှာ ပြောမပြတတ်လောက်အောင် ဆွဲဆောင်အားကောင်းလှသည်။
ကျိုးဝမ်ရှိူ့၏ နှလုံးခုန်သံမှာ ပြင်းပြင်းထန်ထန် အရှိန်မြန်ဆန်လာသည်။ သူ ယန်ကျင်းဇီကို ပထမဆုံးအကြိမ် တွေ့မြင်စဉ်က ထွက်ပေါ်လာသော ခံစားချက်မျိုးစုံမှာ ထပ်မံပေါ်ပေါက်လာပြန်ပြီး ထိုအချိန်ကထက်ပင် ပိုမိုသိသာခိုင်မာကာ သူ ချစ်မိသွားပြန်သည်ဟု သူသည် ထပ်မံခံစားလိုက်ရသည်။
သေချာတာပေါ့၊ ယင်းကား ထပ်မံချစ်မိခြင်း မဟုတ်ချေ။ သူသည် အမြဲတမ်း ယန်ကျင်းဇီကိုသာ ကြိုက်သည်။
ဤသည်မှာ... ယန်ကျင်းဇီသည် သူ စစချင်း တွေးခဲ့သည်ထက် ပိုမိုကြည့်ကောင်းနေသဖြင့် သူ ထပ်မံ စိတ်လှုပ်ရှားလာခြင်း ဖြစ်သည်။
ကျိုးဝမ်ရှိူ့ သူ့ကိုယ်သူ အနည်းငယ် အထင်သေးသွားသည်။
သူသည် ယန်ကျင်းဇီကို မတွေ့မီ သူ့အကြိုက်များကို ဘယ်တော့မှ မသိခဲ့ဖူးပေ။ သူက ဤပုံစံမျိုးကို သဘောကျပုံပေါ်လေသည်။
သူက သန်မာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူများအား သဘောကျသည်ဟု သူ အမြဲတွေးခဲ့သည်။ တစ်ခါတစ်ရံ ညသန်းခေါင်၌ သူ့အား အားကောင်းသော အမျိုးသားတစ်ဦးက အုပ်စိုးနေသည်ဟုပင် အိပ်မက်မက်တတ်သည်...
သူက သန်မာပြီး သူ့ထက် ပိုမိုသန်မာသော လူများသာ သူ့အာရုံစူးစိုက်မှုကို ရရှိနိုင်သည်ဟု သူ ခိုင်မြဲစွာ ယုံကြည်ထားခဲ့သည်။ ရလဒ်မှာတော့...
ထောက်ပံ့ပစ္စည်းများကို ရှာဖွေရန် သူ အသင်းတစ်သင်းကို ဦးစီးလာသည့်တစ်ခါ၌ သူ့လက်အောက်မှ လူများသည် အကူအညီတောင်းသံကို ကြားခဲ့ကြပြီး လူနေအဆောက်အဦးတစ်ခုမှ ပိန်ပါးပြီး ညစ်ပေနေသော လူငယ်တစ်ယောက်ကို ကယ်ဆယ်ခဲ့ကြသည်။ သူသည် အမှန်တကယ်ပင်... ရှက်ဖွယ်ကောင်းစွာ ဆွဲဆောင်ခံလိုက်ရသည်...
ကျိုးဝမ်ရှိူ့သည် သူ့ကိုယ်သူပင် ဘာဖြစ်နေမှန်း မသိခဲ့ပေ။
သူသည် အစပိုင်း၌ ဝန်မခံချင်ခဲ့သော်ငြား ဘာမှမလုပ်ခဲ့ချေ။ အခြေစိုက်စခန်းကို ရောက်ပြီးနောက် ဤလူငယ်က တကယ်ပင် သူ့ကို လူသိရှင်ကြား ဝန်ခံခဲ့သည်။
ကျိုးဝမ်ရှိူ့၏ ဆင်ခြင်တုံတရားမှာ ချက်ချင်း ပျောက်ဆုံးသွားသည်။
တကယ်တော့ သန်မာတဲ့ ယောက်ျားတစ်ယောက်ကို ရှာရတာက သူ့အတွက် တကယ်အလုပ်မဖြစ်လောက်ဘူး ဟုတ်တယ်မလား?
သူသည် ကလေးအရွယ်ကတည်းက အလွန်ခေါင်းမာပြီး အခြားသူများ သူနှင့် သဘောထားကွဲလွဲသည်ကို မကြိုက်ဘဲ အာဏာကြိုက်သည်။
သူ့ထက် သန်မာသူကို ရှာသည်ထက် သူ့အပေါ်သာ မှီခိုရမည့်သူကို ပျိုးထောင်ထားသည်က ပိုကောင်းသည်။
ယန်ကျင်းဇီက အလွန်အားနည်းပြီး သူ မရှိဘဲ မနေနိုင်သည့်အပြင် သူ့ကို မထားခဲ့နိုင်ချေ။ ဘယ်လောက် ကောင်းလိုက်သလဲ?
သူသည် ယန်ကျင်းဇီကို အိမ်တန်းခေါ်သွားခဲ့သည်။
ထို့နောက် သူ၏ ဘဝနေထိုင်မှု အရည်အသွေးက တဟုန်ထိုးတက်သွားလေသည်။
အပြင်ဘက်တွင် မည်မျှပင်ပန်းခက်ခဲပါစေ သူ အိမ်ပြန်ပြီး ယန်ကျင်းဇီကို မြင်ရကာ ယန်ကျင်းဇီ၏ လက်ဖက်ရည်ကို သောက်လိုက်လျှင် သူ့ဘဝက အကျိုးရှိသည်ဟု ခံစားရသည်။ သူသည် ချမ်းသာသူများစွာက လှပသစ်လွင်သော ငယ်ရွယ်သူများကို ပျိုးထောင်ကြသည့်အကြောင်းကို နားလည်စပြုလာသည်။
ဤသည်မှာ စိတ်ကျေနပ်စရာကောင်းလှသည်။
တစ်ခါတစ်ရံမှသာ တစ်ခုခုလိုနေသည်ဟု သူ ခံစားရသည်... ဖြစ်နိုင်တာ လိင်မှုကိစ္စလား?
ယန်ကျင်းဇီ သူ့အိမ်သို့ ပထမဆုံး ရောက်သောအခါ ယန်ကျင်းဇီက ပိန်ပါးလွန်းနေလေရာ သူ့တွင် တခြားအတွေးများ မရှိခဲ့ပေ။ နောက်ပိုင်း ယန်ကျင်းဇိ ဝိတ်တက်လာသော်လည်း... ယန်ကျင်းဇီက စိတ်ဝင်စားမှု မပြသဘဲ သူလည်း မစမ်းကြည့်ချင်ခဲ့ချေ။
ထိုအချိန်တွင် သူသည် လူကိုမြင်ရသရွေ့ စိတ်ကျေနပ်ခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင်မူ ကျိုးဝမ်ရှိူ့သည် ဆွဲဆောင်ခံရသည်ဟု ရုတ်တရက် ထပ်မံခံစားရပြန်သည်။
ကံမကောင်းစွာဖြင့် ယင်းမှာ အချိန်မှန်မဟုတ်ဘဲ ယန်ကျင်းဇီက အခြားသူများ၏လက်ထဲတွင် ရှိနေသည်။
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများက ယန်ကျင်းဇီကို ခေါ်ဆောင်သွားသည်ဟု သိလိုက်ရပြီးနောက် ကျိုးဝမ်ရှိူ့သည် ချက်ချင်း သူ့နောက်လိုက်သွားသည်။
ယန်ကျင်းဇီက အလွန်အားနည်းသည်။ ကောင်းကင်နဂါး အခြေစိုက်စခန်းက သူ့ကို ထိခိုက်ဒဏ်ရာရစေရင် ဘယ်လိုလုပ်မလဲ?
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ယန်ကျင်းဇီကို ပြန်ပေးဆွဲကြသည်မှာ သူ့ကြောင့်သာ သေချာပေါက် ဖြစ်ရမည်။ သူသည် သူ၏ အနှစ်သက်ရဆုံးလူကို သူ့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း လုံးဝ မဖြစ်စေချင်ပေ။
SUV ပေါ်မှ ပြေးဆင်းလာသော ယန်ကျင်းဇီကို ထိခိုက်ဒဏ်ရာမရှိဘဲ တွေ့မြင်ရသောအခါ ကျိုးဝမ်ရှိူ့ စိတ်သက်သာရာရသွားသည်။ နောက်ပိုင်း ယန်ကျင်းဇီ ရေစိုစိုရွှဲသွားသည်ကို သူ တွေ့လိုက်ရပြီးနောက် စတင်စိတ်ပူလာသည်။
" မင်းတို့ ဒါဘာလုပ်တာလဲ? " ကျိုးဝမ်ရှိူ့သည် သူ့ရှေ့မှ လူများကို အေးစက်သော မျက်နှာထားဖြင့် မေးသည်။
အခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့က အလွန်ရုပ်ချောသည်ဟု တွေးနေသည်။ သူ့ရုပ်ရည်မှာ ထိပ်တန်းဖြစ်သည်ဟု အမှန်တကယ် မသတ်မှတ်နိုင်သော်လည်း သူ၏ ပင်ကိုစရိုက်မှာ အလွန်ကောင်းမွန်သည်။
ကျိုးဝမ်ရှိူ့ကဲ့သို့ ထိပ်ဆုံးအဆင့်တွင် အချိန်အတော်ကြာ ရှိနေသော တစ်စုံတစ်ယောက်အတွက် အားနည်းသော စိတ်ရင်းစိတ်ခံ ရှိခြင်းမှာ မဖြစ်နိုင်ချေ။
သူ့တွင် ကြီးမားသော အင်အား ရှိနေသော အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင်... ကောင်းကင်နဂါး အခြေစိုက်စခန်း၏ အဖွဲ့ဝင်အားလုံး အရမ်းသတိထားကြသည်။
သို့သော် ယန်ကျင်းဇီ ရှိနေသရွေ့ သူတို့တွင် အမြဲတမ်း အာမခံရှိနေလေသည်။
ချွီဝမ်ဝမ်သည် ခြေလှမ်းအနည်းငယ် ရှေ့သို့တိုးလျက် ယန်ကျင်းဇီ၏ လည်ပင်းပေါ်သို့ ဓားတင်လိုက်သည်။ " ကျိုးဝမ်ရှိူ့၊ ရှင့်လက်ထဲက ဥက္ကာခဲကို ပေးလိုက် မဟုတ်ရင် သူ့ကို သတ်လိုက်မယ်။ "
ထိုသို့ပြောပြီးနောက် ချွီဝမ်ဝမ်၏ ဓားမကိုင်ထားသော လက်က ယန်ကျင်းဇီကို နောက်မှ အားပေးစွာ ခပ်ဖွဖွ ပုတ်လိုက်၏။ ယခုလေးတင် ယန်ကျင်းဇီက အန်ထားပြီး ထွက်ပြေး၍ မတော်တဆများစွာကို ဖြစ်ထားစေလေရာ... သူ(မ) နောက်တစ်ကြိမ် ဤသို့ထပ်မဖြစ်စေချင်တော့ပေ။
သူ(မ) လက်လှုပ်လိုက်သည်နှင့်တပြိုင်နက် ယန်ကျင်းဇီ ခံစားမိလိုက်သည်။ ခံစားလိုက်ရသောအခါ... ယန်ကျင်းဇီသည် ဓားကိုလျစ်လျူရှုပြီး သူ(မ)လက်ကို ရိုက်ထုတ်လိုက်သည် : " ဘာလုပ်ချင်တာလဲ?! ငါ့ကို အသားမယူနဲ့! "
ချွီဝမ်ဝမ် : " ... " ချီးပဲ! တစ်ချိန်လုံး အမြဲတမ်း အသားယူချင်နေတာ နင် မဟုတ်ဘူးလား?
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ : " ... " အသာလေး ပုတ်လိုက်တာက အသားယူတာလား?
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများအားလုံး ယန်ကျင်းဇီက စိတ်မမှန်တော့ဟု ခံစားရပြီး တစ်ခုခုမှားနေပြီဟု ဝိုးတိုးဝါးတား ခံစားလိုက်ကြရသည်။
ကျိုးဝမ်ရှိူ့နှင့်တော့ မတူချေ။
ကျိုးဝမ်ရှိူ့က ချွီဝမ်ဝမ်ကို ကြည့်လိုက်သည်။ သူ့အကြည့်များမှာ မီးတောက်နေသည် – ဒီမိန်းမက ယန်ကျင်းဇီကို အသားယူနေတာလား?
သူ(မ)က ဘယ်လိုအသားယူလိုက်တာလဲ!
" ဝမ်ရှိူ့၊ သူတို့ ငါ့ကို သတ်ရင် မင်း သူတို့အကုန်လုံးကို သတ်ပြီး ကောင်းကင်နဂါး အခြေစိုက်စခန်းကို အပေါက်ဖြစ်အောင် လုပ်ပြီး လက်စားချေပေးပါ! " ယန်ကျင်းဇီ အော်ပြောလိုက်ပြီး အညံ့ခံမည့်အစား သေပဲသေလိုက်မည် ဟူသော အကြည့်နှင့် ချွီဝမ်ဝမ်ကို ကြည့်လိုက်ပြန်သည်။ " သတ္တိရှိရင် ငါ့ကို သတ်ပစ်လိုက်! "
ဒီယန်ကျင်းဇီ ရူးနေပြီလား ဒါမှမဟုတ် သူ(မ)က သူ့ကို ရေလုံးနဲ့ ပစ်လိုက်လို့ စိတ်ဆိုးနေတာလား?
သောက်ကျိုးနည်း သူက ဘာလုပ်ချင်နေတာလဲ? ချွီဝမ်ဝမ်က ယန်ကျင်းဇီကို ဖြတ်ရာတစ်ချက် ပေးချင်လာသည်။
သူတို့သည် ဥက္ကာခဲကို လိုချင်ပြီး ကျိုးဝမ်ရှိူ့၏ အသက်ကိုပင် လိုချင်သည်။ သို့သော် ယခုအခါ၌ ကျိုးဝမ်ရှိူ့က အကောင်းပတိ ရှိနေသေးသဖြင့် သူတို့ ယန်ကျင်းဇီကို ထိခိုက်စေမည့်အပြုအမူကို မလုပ်ရဲပေ။
ယန်ကျင်းဇီ တစ်ခုခုဖြစ်ပြီး ကျိုးဝမ်ရှိူ့ ရူးသွားရင် သူတို့ မကိုင်တွယ်နိုင်တော့ဘူး!
ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက စကားပြောနေဆဲဖြစ်သည် : " ဝမ်ရှိူ့၊ မင်း ငါ့ကို တစ်ယောက်တည်း ထားခဲ့။ သူတို့ ငါ့ကို မထိရဲဘူး! သူတို့ ငါ့ကို တစ်ခုခုလုပ်ရင် မင်း သူတို့အကုန်လုံးကို သတ်ပစ်လိုက်! သူတို့အကုန်လုံးကို သတ်ပစ်ဖို့ သေချာပါစေ! "
" မင်း စကားများလွန်းတယ်! " SUV ၏ ကားခေါင်မိုးပေါ်မှ မီးစွမ်းအားရှင်က ခုန်ဆင်းလာပြီး မီးလုံးတစ်လုံးကို ယန်ကျင်းဇီထံသို့ ပစ်လိုက်သည်။
မီးလုံးက ရှေ့သို့ပျံသန်းလာပြီး ရွေ့လျားမှု၏ လမ်းကြောင်းအားလုံးကို ယန်ကျင်းဇီက ထိန်းချုပ်ထားနိုင်သည်...
ယန်ကျင်းဇီသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အမြဲတစေ အသုံးပြုချင်ခဲ့သော်လည်း အစောက သူ မလုပ်နိုင်ခဲ့ပေ။ သို့သော် ယခု သူသည် အသုံးပြုနည်းကို ရုတ်တရက် သင်ယူပြီးသွားပြီဖြစ်သည် – သူသည် မီးလုံးကို ထိန်းချုပ်ပြီး ချွီဝမ်ဝမ်၏ မျက်နှာထံသို့ လမ်းကြောင်းတည့်ပေးလိုက်သည်။
ချွီဝမ်ဝမ်သည် မူလပိုင်ရှင်အား ကျိုးဝမ်ရှိူ့ကို စွန့်ပစ်စေနိုင်ခဲ့သည်မှာ သူ(မ)၏ အင်အားမှာ မဆိုးရွားသောကြောင့်ဖြစ်သည်။ သူ(မ)က အရမ်းအစွမ်းထက်သော ရေစွမ်းအားရှင်တစ်ဦး ဖြစ်၏။
သူ(မ)သည် အစပိုင်း၌ ရှိုးကြည့်ရန် စိတ်ဝင်စားပြီး ယန်ကျင်းဇီ သင်ခန်းစာရသည်ကို တွေ့မြင်ခဲ့ချင်သော်လည်း သူ(မ)ထံသို့ မီးလုံး ရောက်လာမည်အား သူ(မ) မမျှော်လင့်ထားမိ... သူ(မ)သည် မီးလုံးကို ပိတ်ဆို့ရန် သူ(မ)မျက်နှာရှေ့တွင် ရေနံရံကို အလျင်အမြန် စုစည်းလိုက်သော်ငြား သူ(မ)၏ဆံပင်မှာတော့ အနည်းငယ် မီးကျွမ်းသွားသေးသည်။ သူ(မ) မီးစွမ်းအားရှင်ကို အော်လိုက်သည် : " ချန်ချီ၊ နင် ရူးနေပြီပဲ! "
" ငါ မင်းစီ မပစ်လိုက်ဘူး! " ချန်ချီ အလျင်စလို ရှင်းပြလိုက်သည်။ ဤအချိန်တွင် ကျိုးဝမ်ရှိူ့ လှုပ်ရှားလာသည်။
ကောင်းကင်နဂါး အခြေစိုက်စခန်း၏ လူများစီသို့ အင်အားကြီးမားသော မီးလုံးတစ်ဒါဇင်ကျော်က အတူတကွ ရောက်ရှိလာကြသည်။
အားကောင်းလိုက်တဲ့ သဘာဝလွန်စွမ်းအား! အစွမ်းထက်လိုက်တဲ့ ထိန်းချုပ်မှု!
ကောင်းကင်နဂါး အခြေစိုက်စခန်း၏ လူများက ၎င်းကို အလျင်စလို ဟန့်တားနေကြစဉ် ယန်ကျင်းဇီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဤသဘာဝလွန်စွမ်းအားနှင့်အတူ အထူးရင်းနှီးနေသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက ရောနှောပါဝင်လာပြီး သူ့အား ခုန်အုပ်ကာ ၎င်းနှင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းစေချင်လာသည်...
ယန်ကျင်းဇီသည် ကိစ္စတစ်ခုကိုတော့ ပိုပိုသေချာလာ၏ – ကျိုးဝမ်ရှိူ့က သူ့ရဲ့ ဖူးစာရှင်ပဲ ဖြစ်ရမယ်!
ကြည့်၊ သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အချင်းချင်း လိုက်လျောညီထွေ ဖြစ်နေကြတယ်!
ယန်ကျင်းဇီ၏ စိတ်ဝိညာဉ်စွမ်းအားများ အားလုံးသည် ထွက်ပေါ်လာပြီး ကျိုးဝမ်ရှိူ့ကို စတင်ကူညီတော့သည်။
ထို့ကြောင့် ကောင်းကင်နဂါး အခြေစိုက်စခန်းဘက်၌ လူတစ်ဦး၏ မီးလုံးကို ပိတ်ဆို့ရန် သုံးသော ရေနံရံတွင် အပေါက်များ ပေါ်လာပြီး အခြားသူတစ်ဦး၏ စုစည်းထားခါစ မြေနံရံမှာ ရုတ်တရက် ပြိုကျလာကာ နောက်တစ်ဦး၏ ကျိုးဝမ်ရှိူ့ကို တိုက်ခိုက်လိုက်သော မီးလုံးမှာ သူ့လူများစီသို့ ပျံသန်းသွားလေသည်။
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ဒုက္ခရောက်နေကြတော့သည်။
ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူ၍ ယန်ကျင်းဇီအနားသို့ မော်တော်ဆိုင်ကယ် မောင်းနှင်လာသော ကျိုးဝမ်ရှိူ့လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ အရမ်းအားနည်းကြတာလား?
သူ့တွင် တိုက်ခိုက်နည်းများစွာ ကျန်သေးသည်...
သို့သော် ယခု အရေးကြီးဆုံးမှာ ယန်ကျင်းဇီကို ခေါ်ဆောင်သွားရန် ဖြစ်သည်။
ကျိုးဝမ်ရှိူ့သည် မော်တော်ဆိုင်ကယ်ကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ပြီး ယန်ကျင်းဇီကို နောက်လက်တစ်ဖက်ဖြင့် ဆွဲခေါ်လိုက်သည်။
ဤအချိန်တွင် ချွီဝမ်ဝမ်ကလည်း ယန်ကျင်းဇီကို ဖမ်းချင်သည်။
ယန်ကျင်းဇီသည် အလျင်စလိုဖြင့် သူ့ကို ဆွဲဖမ်းရန် ကြိုးစားသော ချွီဝမ်ဝမ်အား စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုနှင့် ရိုက်နှက်လိုက်ပြီး ကျိုးဝမ်ရှိူ့ထံသို့ ဆတ်ခနဲ ရှေ့တိုးလိုက်သည်။
သူသည် ကျိုးဝမ်ရှိူ့၏လက်ဖြင့် ဆွဲယူခံလိုက်ရပြီး မော်တော်ဆိုင်ကယ်ပေါ်သို့ ရောက်သွားလေသည်။
နောက်ဆုံးတော့ ကယ်တင်ခံရပြီ! ယန်ကျင်းဇီသည် မြင်မြင်ချင်း ချစ်မိသွားသူကို ဖက်တော့မည့်ဆဲဆဲတွင် သူ့ခေါင်းထဲ၌ ပြောမထွက်နိုင်အောင် ဆိုးရွားသည့် နာကျင်မှု ဖြစ်လာသည်...
သူသည် မဆိုင်းမတွ သတိလစ်သွားခဲ့သည်။
ချွီဝမ်ဝမ်လည်း သူ့ကဲ့သို့ မူးဝေနေသည်။
" ကျင်းဇီ? " ကျိုးဝမ်ရှိူ့သည် စိုးရိမ်တကြီး အော်ခေါ်လိုက်ပြီး သဘာဝလွန်စွမ်းအားကို ထပ်မံအသုံးပြုကာ ရန်သူကို တိုက်ခိုက်လိုက်ပြန်သည်။
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ : " ... " ဒီပြောင်းလဲတိုးတက်မှုက သူတို့ တွေးထားသလိုမျိုး လုံးဝ မဟုတ်ဘူး!
" ကျိုးဝမ်ရှိူ့၊ မင်း ပျိုးထောင်ထားတဲ့ မျက်နှာဖြူလေးဘက်က အရင်ဆုံး ငါတို့နဲ့ လိုက်လာချင်ခဲ့တာ! " ချန်ချီဟု အမည်ရသော မီးစွမ်းအားရှင်က သတိလစ်နေသော ချွီဝမ်ဝမ်ကို လက်တစ်ဖက်တွင် ဖက်ထားသည်။
သို့သော် သူ ပြောပြီးပြီးချင်း ကျိုးဝမ်ရှိူ့က သူ့ကို မီးလုံးဖြင့် ပစ်ပေါက်လိုက်လေသည်။
ယန်ကျင်းဇီသာ ဒီလူတွေနဲ့ ထွက်သွားဖို့ လက်ဦးမှုရယူခဲ့ရင် ဘယ်လိုလုပ် ခုနက သူ့ကို တွေ့တော့ အရမ်းပျော်သွားနိုင်မှာလဲ?
ဒီလူတွေက သံသယမျိုးစေ့စိုက်ချင်ရင်တောင် အမှားတွေကို မပြောနိုင်သင့်ဘူးလေ!
မူလက ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ကယ်တင်ပြီးနောက် ထွက်သွားရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင်
ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများစွာက ထိခိုက်ဒဏ်ရာရထားပြီး အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်... မထွက်သွားခင် လျော်ကြေးအချို့ ရသင့်သည်ဟု သူ ခံစားရသည်။
သူ့မိသားစုဝင် ကျင်းဇီက နေမကောင်းလေရာ သူ့အတွက် ပြင်ဆင်ပေးရန် နောက်ထပ်ပစ္စည်းကောင်းများကို ရရှိရပေမည်။
____
Thanks for reading 💙
____