အပိုင်း ၇၆ ( Little White Face 4 )
Viewers 10k

ယန်ကျင်းဇီ နိုးလာသောအခါ သူသည် ရင်းနှီးသော SUV ၏ ကားနောက်ထိုင်ခုံတွင် လှဲလျောင်းနေကြောင်း သူ တွေ့လိုက်ရသည်။


ဤသည်ကို နားလည်သွားသောအခါ ယန်ကျင်းဇီ ထိတ်လန့်သွားသည်။


သူ သတိလစ်သွားသည်... ဒါက ကျိုးဝမ်ရှိူ့ သူ့ကို မခေါ်သွားနိုင်တာကြောင့်များလား? ကျိုးဝမ်ရှိူ့ အဆင်ပြေရဲ့လား?


သူသည် စိုးရိမ်သွားပြီး ရုတ်ခြည်း ထထိုင်လိုက်သော်လည်း သူ့ခေါင်းက ထပ်မံမူးဝေလာပြန်သည်...


" မင်း အဆင်ပြေရဲ့လား? " ကျိုးဝမ်ရှိူ့၏အသံ ထွက်ပေါ်လာသည်။


ယန်ကျင်းဇီသည် သူက SUV ထဲတွင် ရှိနေသေးသော်လည်း ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ မရှိတော့ဘဲ ကျိုးဝမ်ရှိူ့က ကားပြတင်းပေါက် အပြင်ဘက်တွင် မတ်တပ်ရပ်နေကြောင်း တွေ့ရှိသွားသည်။


" ဝမ်ရှိူ့ အဆင်ပြေရဲ့လား? " ယန်ကျင်းဇီသည် ကားပြတင်းပေါက်ကို ဆုပ်ကိုင်၍ သူ့ခေါင်းကိုထုတ်ပြီး စိုးရိမ်တကြီး မေးလာသည်။


မူလဇာတ်ကြောင်းတွင် ကျိုးဝမ်ရှိူ့သည် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် တိုက်ခိုက်ပြီးနောက် အပြင်းအထန် ဒဏ်ရာရခဲ့သည်...


" ငါ အဆင်ပြေတယ်။ မင်းကသာ ဒဏ်ရာရတဲ့သူ။ " ကျိုးဝမ်ရှိူ့သည် လက်ထုတ်ပြီး ယန်ကျင်းဇီ၏ခေါင်းကို ထိလိုက်သည်။


သူသည် ယန်ကျင်းဇီ၏ အခြေအနေကို စစ်ဆေးလိုက်ပြီး ယန်ကျင်းဇီ၏ ကိုယ်ခန္ဓာမှာ အင်အားကုန်ခမ်းလွန်းသွားသဖြင့် သတိလစ်သွားရခြင်းဖြစ်သည်။


ဤလူ၏ အခြေအနေမှာ အလွန်ဆိုးရွားသော်လည်း နိုးလာသောအခါ သူ့ကို အရင်ဂရုစိုက်နေဆဲဖြစ်သည်။ သူ အရမ်းပျော်ရွှင်သည်။


" ငါ တကယ် အဆင်ပြေတယ်... " အထိခံလိုက်ရသော ယန်ကျင်းဇီသည် အနည်းငယ် ကူရာမဲ့သွားသည်။


သူ သတိလစ်သွားခြင်းမှာ တစ်ဖက်တွင်မူ စိတ်ဝိညာဉ်စွမ်းအားနှင့် သူ မရင်းနှီးသေးသဖြင့် ၎င်းကို အသုံးပြုသောအခါ အနည်းငယ် အင်အားပိုမိုကုန်ခမ်းသွားသောကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းသဖြင့် အားအလွန်ကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို မတတ်နိုင်သောကြောင့် ဖြစ်သည်။


ယခု သူ့တစ်ကိုယ်လုံး မသက်မသာ ခံစားနေရပြီး သူ့ခေါင်းက အလွန်နာသည်။


ကျိုးဝမ်ရှိူ့သည် အဆင်ပြေသည်ဟု ပြောနေသေးသော ဖျော့တော့နေသည့် ယန်ကျင်းဇီကို ကြည့်မိသောအခါ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။


သူ ယန်ကျင်းဇီကို အိမ်ခေါ်လာသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။ ယန်ကျင်းဇီ၏ ခန္ဓာကိုယ် ပိုမိုဝလာသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ယန်ကျင်းဇီ၏ ခန္ဓာကိုယ်မှာ သက်သာသွားပြီဟု တွေးထင်ခဲ့သော်လည်း အားနည်းနေဦးမည်ဟုတော့ မမျှော်လင့်ထားမိပေ။


ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများက ယန်ကျင်းဇီကို မရိုက်နှက်ခဲ့ဘဲ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိချေ။ တရကြမ်း ကားမောင်းနှင်မှုကြောင့်အပြင် ယန်ကျင်းဇီကို ထိသော ရေလုံးကြောင့်သာ သူ့ကို မူးဝေစေခြင်း ဖြစ်နိုင်သည်...


" မင်း တစ်ခုခုစားမလား? " ကျိုးဝမ်ရှိူ့က မေးသည်။


" စားစရာ ရှိလား? " ယန်ကျင်းဇီ ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည်။ သူ တကယ် ဗိုက်ဆာနေပြီး စားချင်တယ်!


မူလပိုင်ရှင်၏ မှတ်ဉာဏ်များကြောင့် သူသည် ဆာလောင်မှုကို သည်းမခံနိုင်ပေ... ခပ်ဖျော့ဖျော့ ကောင်ငယ်လေး၏ မျက်ဝန်းများမှာ တောင့်တမှုများနှင့် ပြည့်နှက်နေပြီး ၎င်းကို တွေ့မြင်ရသည်မှာ စိတ်မကောင်းစရာပင်...


" ရှိတာပေါ့။ " ကျိုးဝမ်ရှိူ့သည် သူ့အနားမှ ထရပ်ကားတစ်စီးကို ညွှန်ပြသည်။ " ငါ မင်း စားဖို့ စားစရာတချို့ကို ရှာပေးမယ်။ "


ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် သူ၏ အခြေစိုက်စခန်းကို သတင်းအချက်အလက် လဲလှယ်ရန်၊ ထောက်ပံ့ပစ္စည်းများ လဲလှယ်ရန်နှင့် အကူအညီတောင်းရန် လာရောက်ကြသည်။


အမှန်တကယ်တော့ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသည် ကြီးမားသော အခြေစိုက်စခန်းတစ်ခု မဟုတ်သော်လည်း ၎င်း၌ အခြားသော အခြေစိုက်စခန်းများ မရှိသည့် အားသာချက်များ ရှိသည် — သူတို့မှာ ကဏ္ဍပေါင်းစုံက ပါရမီရှင်တွေ ရှိတယ်! ကျောင်းမှာ သုတေသနပစ္စည်းမျိုးစုံလည်း ရှိတယ်!


တကယ့်အမှန်မှာ ကောလိပ်ကျောင်းသား အများစုသည် အများကြီးမလုပ်နိုင်ကြပေ။ ဒါပေမယ့် တက္ကသိုလ်တွေမှာ ပရော်ဖက်ဆာတွေ၊ ဘွဲ့ရကျောင်းသားတွေနဲ့ ပါရဂူကျောင်းသားတွေ ရှိကြတယ်!


သူတို့၏ တက္ကသိုလ်မြို့တော်တွင် စိုက်ပျိုးရေးတက္ကသိုလ်ပင် ရှိသေးသည်။


ကမ္ဘာ့ပျက်ကပ် ရောက်လာသောအခါ သူတို့သည် အခြေစိုက်စခန်းမှ လူများ၏ ဘဝနေထိုင်မှုများကို မြှင့်တင်နေခဲ့သည်။ မြေယာဖော်ယူနိုင်သော မြေများအားလုံးနီးပါးကို မြေယာဖော်ယူပြီး ကောက်ပဲသီးနှံများကို စိုက်ပျိုးထားသည်။ ထို့ကြောင့် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ နေထိုင်ရေးအခြေအနေများမှာ တခြားအခြေစိုက်စခန်းများထက် ပိုမိုကောင်းမွန်နေခြင်း ဖြစ်သည်။


ကောင်းကင်နဂါး အခြေစိုက်စခန်းသည် အသုံးမလိုသော သို့မဟုတ် အသုံးမပြုနိုင်သော စက်ပစ္စည်းများကို ယူလာပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းနှင့် အစားအစာ လဲလှယ်သည်။ သူတို့ ထွက်ခွာသောအခါ ထရပ်ကားများတွင် အစားအစာများနှင့် အပြည့်ဖြစ်နေသည်။


အဆုံးသတ်နေ့ရက်များတွင် ပစ္စည်းများမှာ အလွန်အဖိုးတန်ပြီး လူတိုင်း၌ စစ်အတွင်း ပစ္စည်းများကို မဖျက်ဆီးရ ကဲ့သို့သော ထုံးတမ်းစည်းမျဉ်းတချို့ပင် ရှိသေးသည်။


သို့သော် ၎င်းကို လုယူနိုင်သည်။


အစောပိုင်း ယန်ကျင်းဇီ မေ့မျောသွားပြီးနောက် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများကို မောင်းထုတ်ရန် တိုက်ရိုက်စတင်ခဲ့ပြီး ကောင်းကင်နဂါး အခြေစိုက်စခန်းမှ ပစ္စည်းများကို လုယူလိုက်သည်။


သူ၏ အခြေစိုက်စခန်းနှင့် ကောင်းကင်နဂါး အခြေစိုက်စခန်းတို့သည် အမြဲတမ်း ဖော်ရွေပြီး အပြန်အလှန် ကူညီကြသည်။ သူသည် ထိုသို့သော ကိစ္စမျိုးကို မလုပ်သင့်သော်လည်း ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် သူ့လူကို ပြန်ပေးဆွဲပြီး သူ့ကို ခြိမ်းခြောက်သည်...


ဤထောက်ပံ့ပစ္စည်းများကို လုယူရန် သူ့အတွက် ခိုင်လုံသော အကြောင်းအရင်းများ ရှိသည်။


သူ လုယူနိုင်ခဲ့သော ကိစ္စအတွက်မူ... သေချာတာပေါ့၊ သူက လုံလုံလောက်လောက် သန်မာသောကြောင့်ဖြစ်သည်။


ကျိုးဝမ်ရှိူ့တွင် မူလက စွမ်းရည်တချို့ ရှိခဲ့သော်လည်း သူသည် ကျောင်းသားသမဂ္ဂ ဥက္ကဌတစ်ဦးသာ ဖြစ်သည်။ သူက လုံလောက်စွာ အစွမ်းထက်သည်ဟု မပြောနိုင်ပေ။ သူ၏ ခွန်အားကြောင့်သာ သူသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ စွမ်းစွမ်းတမံ ပုဂ္ဂိုလ်အဖြစ် လုံးဝ ဖြစ်လာသည် — သူ့တွင် စွန့်စားခန်းများ ရှိပြီး ဤသည်များကြောင့် သူ အားအင်များ ရရှိလာခဲ့သည်။


ကမ္ဘာ့အဆုံးသတ်၏ ညအချိန်တွင် လူငယ်များစွာက မအိပ်ကြဘဲ ဂြိုဟ်သိမ်ကြီး ပေါက်ကွဲသည်ကို ကြည့်ရှုရန် စောင့်ခဲ့ကြပြီး သူလည်း တစ်ဦးအပါအဝင် ဖြစ်သည်။


သူသည် မိသားစုကောင်းမှ လာပြီး အထူးတလည် ကားမောင်းကာ နက္ခတ္တဗေဒဆိုင်ရာ အဝေးကြည့်မှန်ပြောင်းတစ်လက်ဖြင့် အနီးအနားရှိ တောင်ပေါ်တွင် ညကောင်းကင်ကို လေ့လာကြည့်ရှုခဲ့သည်။


သူသည် လေထုထဲသို့ ကျရောက်လာသော ဂြိုဟ်သိမ်အပိုင်းအစများကြောင့် ဖြစ်ပေါ်လာသည့် ဥက္ကာခဲများစွာကို တွေ့ခဲ့ပြီး ဥက္ကာခဲတစ်ခုမှာ သူနှင့် မဝေးသော နေရာတွင်ပင် ကျလာသည်ကိုလည်း တွေ့ခဲ့၏။


သူသည် မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းကို ရှာဖွေခဲ့ပြီး နောက်ဆုံး၌ ဥတစ်လုံးအရွယ်အစားရှိ ရဲရဲ‌နီနေသော ဥက္ကာခဲကို တွေ့လိုက်ရသည်။


ယခင်က သူသည် ဥက္ကာခဲတစ်လုံးကို တွေ့ဖူးသည်။ ဤကျောက်တုံးသည် သာမန်ဥက္ကာခဲများနှင့် လုံးဝ ကွဲပြားပြီး သူ့ကို အလွန်ဆွဲဆောင်နိုင်သည်...


သူသည် ဤဥက္ကာခဲကို ကောက်ယူခဲ့ပြီး စစ်ဆေးရန်အတွက် ပြန်ယူသွားရန် စီစဉ်လိုက်သည်။ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုက စံနှုန်းကို ‌မကျော်လွန်လျှင် သူသည် ၎င်းကို လှူဒါန်းနိုင်သည် သို့မဟုတ် အခြေအနေအပေါ် မူတည်၍ သိမ်းထားနိုင်သည်။


ရလဒ်မှာတော့ သူ ဥက္ကာခဲနှင့်အတူ ပြန်ရောက်ရောက်ချင်း သူသည် အဆုံးသတ်ကာလများ ရောက်ရှိလာကြောင်း တွေ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ့တွင်လည်း မီစွမ်းရည်ကို ရရှိပိုင်ဆိုင်လာခဲ့သည်။


သူသည် ထိုဥက္ကာခဲကို သူနှင့်နီးကပ်စွာ သယ်ဆောင်ထားပြီး ၎င်းက တစ်ချိန်လုံး တောက်ပနေကာ သူ၏ သဘာဝလွန် စွမ်းအားများမှာလည်း တခြားသူများထက် ပိုမိုသန်မာသည်။


‌ဤနှစ်ခု ဆက်စပ်နေလိမ့်မည်ဟု သူ ထင်သည်။


အခြေစိုက်စခန်းကို တည်ထောင်ပြီးနောက် ကျိုးဝမ်ရှိူ့သည် တစ်ခါက သုတေသနလုပ်ရန် ဥက္ကာခဲကို ထုတ်ယူဖူး‌ခဲ့သော်လည်း သူ ဘာမှရှာမတွေ့ခဲ့ပေ။ ၎င်းက စွမ်းအားတိုးမြှင့်ပေးနိုင်ကြောင်းသာ သူ သိသည်။ နောက်ပိုင်းတွင် အခြေစိုက်စခန်း၏ သုတေသီများ ပေးသော အကြံဉာဏ်များအရ သူသည် ၎င်းကို သွားလေရာ သယ်ဖြစ်သည်။


အဟုတ်အမှန်ပင် သူ၏ စွမ်းရည်များမှာ ပိုပိုပြီး သန်မာလာသည်။ သူသည် ဥက္ကာခဲက စွမ်းရည်များကို တိုးမြှင့်ပေးရုံသာမက စွမ်းအားရှင်များ စွမ်းရည်ကို အသုံးပြုသောအခါ စွမ်းအားကုန်ဆုံးမှုကို လျော့နည်းစေပြီး အမြန်ပြန်လည်သက်သာလာစေကြောင်း တွေ့ရှိခဲ့ရသည်။


သူ့တွင် ဤဥက္ကာခဲ ရှိကြောင်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သင့်ပြီး ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ မည်သို့သိသွားကြကြောင်း သူ မသိပေ။


ကျိုးဝမ်ရှိူ့၏စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာကာ သူ ဘေးဖယ်ထားလိုက်ပြီးနောက် စည်သွတ်အသားဘူး တစ်ဘူး၊ ဖိသိပ်ဘီစကွတ်ခြောက်တစ်ဘူးနှင့် ရေတစ်ဘူးတို့ကို ယန်ကျင်းဇီအတွက် ယူပေးလိုက်သည်။


စည်သွတ်အသားဘူးများမှာ ဇိမ်ခံပစ္စည်း ဖြစ်ပြီး ကားထဲတွင် ဘူးများစွာ မရှိချေ။


အစားအစာများထဲမှ အများစုမှာ ဖိသိပ်ဘီစကွတ်ခြောက်များ ဖြစ်ကြပြီး သူတို့၏ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် ဤဖိသိပ်ဘီစကွတ်ခြောက်များကို အမျိုးမျိုးသော အညံ့စား အစေ့အဆန်များ ရောစပ်၍ ထုတ်လုပ်သည်။


ယန်ကျင်းဇီသည် သတိမလစ်ခင်က အကုန်အစင် အန်ထုတ်ခဲ့သော်လည်း ဤအစားအစာများကို မြင်သောအခါ... သူသည် စည်သွတ်အသားဘူးကို ကြိုက်သော်လည်း ဖိသိပ်ဘီစကွတ်များကိုမူ မကြိုက်ပေ။


ကမ္ဘာပျက်ပြီးနောက်မှာ ထုတ်လုပ်တဲ့ ဒီဖိသိပ်ဘီစကွတ်ခြောက်က တော်တော်လေး အရသာဆိုးတယ်!


ဆန့်ကျင်ဘက်အနေနဲ့ ကမ္ဘာမပျက်ခင်က စူပါးမားကတ်တွေမှာ ရောင်းတဲ့ ဖိသိပ်ဘီစကွတ်ခြောက်တွေကမှ ရိုးရိုးရှင်းရှင်း အရသာရှိသေးတယ်!


သူ လုံးဝ မစားချင်ပေ... အစားရွေးလွန်းသော မူလပိုင်ရှင်ကိုသာ အပြစ်တင်သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိသော သူသည်လည်း အနည်းငယ် အစားရွေးသည်။


ယန်ကျင်းဇီသည် မူလပိုင်ရှင်ကို ကဲ့ရဲ့ပြီးနောက် ဖိသိပ်ဘီစကွတ်ခြောက်များကို ဖွင့်ပြီး တစ်ကိုက်စားလိုက်သည်။


ဤအရသာဆိုးဆိုး၊ ဤလက်မခံနိုင်စရာအရသာ... သဲစားနေရသကဲ့သို့ သူ ခံစားရသည်။


မျိုချရန် ကြိုးစားနေစဉ် ကျိုးဝမ်ရှိူ့သည် ကားပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် လက်ထည့်ပြီး ယန်ကျင်းဇီ ဘေးချထားသော စည်သွတ်အသားဘူးကို ယူသွားသည်။


ယန်ကျင်းဇီ ခဏအံ့ဩသွားပြီးနောက် သူသည် ကျိုးဝမ်ရှိူ့က ဘူးကို ယူ၍ ဖွင့်ကာ သူ့ကို ပြန်ပေးသည်ကို တွေ့လိုက်ရသည် : " အသားလည်း စားဦး။ "


" မင်းလည်း စားလေ။ " ယန်ကျင်းဇီ ချက်ချင်း ပြန်ပြောလိုက်သည်။


" ဟင့်အင်း၊ ငါ စားပြီးပြီ။ " ကျိုးဝမ်ရှိူ့က ဆိုကာ ယန်ကျင်းဇီအတွက် ရေဘူးအဖုံးဖွင့်ပေးသည်။


ယန်ကျင်းဇီ : " ... " သူ့ကို အားနည်းသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ကျိုးဝမ်ရှိူ့က ဂရုစိုက်ကြောင်း သူ သေချာသည်။


ဟုတ်ပါတယ်၊ သူက တကယ်ပဲ အားနည်းတဲ့ ကြက်ကလေး ဖြစ်တယ်...


ထို့ကြောင့် ယန်ကျင်းဇီသည် အသားတစ်ကိုက်ကိုက်ပြီး ဖိသိပ်ဘီစကွတ်ခြောက် တစ်ကိုက်ကိုက်ကာ စိတ်ဓာတ်ကျသော အမူအရာဖြင့် စားလိုက်သည်။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ စားပုံကို တွေ့သောအခါ ယန်ကျင်းဇီက ဖိသိပ်ဘီစကွတ်ခြောက် စားရသည်ကို မကြိုက်ကြောင်း သူ သိလိုက်သည်။


သူသည် ရွံတတ်သူများ၊ အထူးသဖြင့် ရွံတတ်သော အမျိုးသားများကို အမြဲမုန်းခဲ့သည်။ ကမ္ဘာပျက်ကပ်က ရောက်လာပြီ။ ဒါလည်းမစားချင်၊ ဟိုဟာလည်း မစားချင်တာ စိတ်အနှောင့်အယှက်ဖြစ်စရာ မကောင်းဘူးလား?


သို့သော် ၎င်းက ယန်ကျင်းဇီ ဖြစ်လျှင် သူ ဒီအတိုင်း မမုန်းနိုင်တော့ဘဲ ယန်ကျင်းဇီအတွက် ဆင်ခြေများကို စတင်ရှာဖွေတော့သည်။ တကယ်တော့ ဤသည်မှာ ယန်ကျင်းဇီကို အပြစ်မတင်သင့်ပေ။ သူက နေမကောင်းဘဲ အနည်းငယ် အစားရွေးသည်မှာ ပုံမှန်ဖြစ်သည်။


ဘာပဲဖြစ်ဖြစ် သူ တတ်နိုင်သည်ပင်။


ဤသို့တွေးမိသော် ကျိုးဝမ်ရှိူ့သည် ထရပ်ကားစီသို့ ထပ်သွားပြီး ချက်ချင်းပြန်လာကာ ယန်ကျင်းဇီကို အထုပ်တစ်ထုပ် ပေးလိုက်သည်။


" ဒါ ဘာလဲ? " ယန်ကျင်းဇီက မေးသည်။


" ကားထဲက သံဘူးတွေအကုန်လုံး။ " ကျိုးဝမ်ရှိူ့ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။


ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် သံဘူးများစွာကို မလဲလှယ်ခဲ့ကြသဖြင့် သူသည် ၎င်းတို့အားလုံးကို ထုပ်ပိုးပြီး ယန်ကျင်းဇီကို ပေးလိုက်ခြင်းဖြစ်သည်။


ဤသည်များကို သူ လုယူလာသည်။ ၎င်းတို့၏တစ်ဝက်ကို ပြန်အပ်ရမှာ အကြောင်းအကျိုး သင့်လျော်သည်။ သို့သော် ဤပစ္စည်းကောင်းများကို သူ့ဘာသာသူ စားလိုက်လျှင်ပင် အပြစ်ပြောမည့်သူ မရှိချေ။


ကိစ္စကြီးသွားလျှင် နောက်ထပ်သော ဖိသိပ်ဘီစကွတ်ခြောက်များကိုသာ ထပ်ပေးလိုက်ရုံသာ ဖြစ်သည်။


ယန်ကျင်းဇီသည် ဤအချိန်တွင် အထုပ်ကို ဖွင့်ပြီးပြီဖြစ်ကာ အထဲတွင် သံဘူးများစွာကို တွေ့လိုက်သည် : " ဝမ်ရှိူ့၊ မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ! "


" ဘာမှမဟုတ်ပါဘူး။ " ကျိုးဝမ်ရှိူ့က ဆိုသည်။


" ငါ မင်းကို တကယ် အရမ်းချစ်တယ်! " ယန်ကျင်းဇီက ထပ်ပြောပြန်သည်။ မူလပိုင်ရှင်သည် စကားချိုချိုများကို ပိုက်ဆံမကုန်ကျသကဲ့သို့ အမြဲပြောသည်။ သူလည်း သင်ယူလိုက်မိသည်...


" သိပြီ။ " ကျိုးဝမ်ရှိူ့ ပြန်ဖြေပြီး ခေါင်းလှည့်လိုက်သည်။


ဟုတ်တာပေါ့၊ ယန်ကျင်းဇီ သူ့ကို ချစ်မှန်း သူ သိသည်။


အစပိုင်း၌ ယန်ကျင်းဇီသည် အခြားသူများ၏ အကြည့်များကို ဂရုမထားဘဲ ရုတ်တရက် ထွက်လာပြီး ဝန်ခံခဲ့သည်။ ထို့နောက်မှာတော့ ယန်ကျင်းဇီက သူ့အပေါ် ပို၍ပင် ကျိုးနွံလာသည်။


ထို့အပြင် သူတို့၏ အခြေစိုက်စခန်းတွင်... သူသည် အကောင်းဆုံးအခြေအနေများ ပိုင်ဆိုင်သူ ဖြစ်ကြောင်း သူ ဝန်ခံရမည်။ သူသာလျှင် ယန်ကျင်းဇီကို ပျိုးထောင်ရန် တတ်နိုင်ပြီး ဆန္ဒရှိသည်။


ယန်ကျင်းဇီ သူ့ကို မချစ်ရင် ဘယ်သူ့ကို သွားချစ်မှာလဲ?


" မင်းလည်း စားပါဦး။ " ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ သူ့ကို ပေးသော ခက်ရင်းကို အသုံးပြုပြီး စည်သွတ်အသားတစ်စကို ကျိုးဝမ်ရှိူ့၏ နှုတ်ခမ်းအနားသို့ ယူသွားလိုက်သည်။ " ကောင်းမွန်တဲ့ အစားအစာတွေကို ကိုယ့်ချစ်သူနဲ့ မျှဝေရမယ်။ "


ကျိုးဝမ်ရှိူ့ ပါးစပ်ဖွင့်ပြီး စားလိုက်၏။ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည် : " မရိုးသားဘူး။ "


" ငါက အမှန်ပဲ ပြောရုံလေးပါ။ ဘာလို့ အဲ့ဒါက မရိုးသားရမှာလဲ? " ယန်ကျင်းဇီက အဖြေမတောင်းသော မေးခွန်းကို မေးလေသည်။


ကျိုးဝမ်ရှိူ့သည် စနောက်ခံရသည်ဟု ခံစားရပြီး သူသည် အားနည်းချက်ကို မပြသသင့်ဟုလည်း အမြဲတမ်း ခံစားရသည် : " အမှန်တရားဆိုမှတော့ မင်း များများပြောနိုင်တယ်။ ငါ နားထောင်ရတာ သဘောကျတယ်! " မရိုးဖြောင့်လည်း ဘာဖြစ်လဲ? နားထောင်ရသည်မှာ အဆင်ပြေသည်။


" ဒါဆို ငါ မင်းကို နေ့တိုင်း အမှန်ပြောပြမယ်။ " ယန်ကျင်းဇီသည် ပြုံးလျက် ပြောပြီး သူ့အား စည်သွတ်အသားတစ်စကို ခွံ့ကျွေးလာသည်။ ကျိုးဝမ်ရှိူ့သည် အလွန်ပေါ့ပါးစွာ စားသည်။ သူသည် ယခင်က စားပြီးပြီဖြစ်သော်လည်း ၎င်းမှာ စည်သွတ်အသားဘူး သေချာပေါက် မဟုတ်ချေ။


အမှန်တကယ်တော့ ကျိုးဝမ်ရှိူ့သည် ယခင်က မစားရသေးပေ။ သူသည် အနီးအနားမှ ဇွန်ဘီများကို ရှင်းလင်းနေခဲ့သည်။


သူသည် အစက ‌ဗိုက်မဆာသော်လည်း ယခု ယန်ကျင်းဇီ ခွံ့ကျွေးသော အကြိမ်အနည်းငယ်ကို စားလိုက်ရသည်။ သူ ရုတ်တရက် ဗိုက်ဆာသွားသဖြင့် ဖိသိပ်ဘီစကွတ်ခြောက်တစ်ထုပ်ကို ဖောက်၍ စားလိုက်သည်။


တစ်ချိန်တည်းမှာပင် တစ်ခုခုမှားနေပြီမှန်းကိုလည်း ကျိုးဝမ်ရှိူ့ သဘောပေါက်သွားသည်။


သူသည် ယန်ကျင်းဇီကို ရှာဖွေရန် ထွက်လာသည်။ သူသည် စိုးရိမ်ပူပန်နေသောကြောင့် မည်သူ့ကိုမှ ခေါ်မလာခဲ့သော်လည်း သူ၏ လက်အောက်ငယ်သားများကို အသိပေးခဲ့ပြီး သူ၏ လက်အောက်ငယ်သားများက နောက်မှလိုက်လာလိမ့်မည် ဖြစ်သည်။


သို့သော် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများကို သူ မောင်းထုတ်လိုက်သည်မှာပင် သုံးနာရီကြာသွားပြီဖြစ်ပြီး သူ့လက်အောက်မှ လူများက ရောက်မလာသေးချေ...


ကျိုးဝမ်ရှိူ့သည် ဖိသိပ်ဘီစကွတ်ခြောက်များကို နှစ်ကိုက်တည်းဖြင့် စားလိုက်ပြီး စိတ်ပျက်သွားသည်ဟု ခံစားလိုက်ရသည်။


ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့ မောင်းထုတ်လိုက်သော ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ဇွန်ဘီများကို ဖယ်ရှားပြီးခါစဖြစ်၍ လူနေအဆောက်အဦးတစ်ခုတွင် ပုန်းခိုနေကြလေသည်။


" သောက်ကျိုးနည်း! ဘာတွေဖြစ်နေတာလဲ? ကျိုးဝမ်ရှိူ့စီမှာ ဘယ်လိုလုပ် ငါ့ရဲ့ သဘာဝလွန်စွမ်းအားတွေက အလုပ်မလုပ်တော့တာလဲ? " တစ်စုံတစ်ယောက်က စိတ်မကျေနပ်စွာ မေးသည်။


" ငါ‌ရောပဲ! " သူ့အနားမှ လူတစ်ဦးက ပြောသည်။


" အဲ့တုန်းက ငါလည်း ငါ့စွမ်းရည်တွေကို မထိန်းချုပ်နိုင်ဘူး! "


ဤလူများသည် စိတ်ရှုပ်နေကြဆဲဖြစ်သည်။ သူတို့တွင် လူများစွာ ရှိသည်။ အမှန်ဆိုလျှင် သူတို့တွင် ကျိုးဝမ်ရှိူ့ကို တိုက်ခိုက်ရန် အင်အားမရှိခြင်း မဟုတ်ချေ။ သို့သော် စစချင်း သူတို့သည် ကျိုးဝမ်ရှိူ့ကြောင့် ထိခိုက်ဒဏ်ရာရသွားပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် အားမရှိတော့ပေ...


" အဲ့ဒီ့ယန်ကျင်းဇီလည်း ပါတယ်။ ဘာလို့ သူက ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ? "


" သူ့ကို ဆွဲဆောင်ပြီးပြီလို့ ချွီဝမ်ဝမ် မပြောခဲ့ဘူးလား? အဲ့ဒါကို ဆွဲဆောင်တယ်လို့ ခေါ်တာလား?


" အဲ့ယန်ကျင်းဇီက ငါတို့ပစ္စည်းတွေကို လုဖို့ ကျိုးဝမ်ရှိူ့နဲ့ ပူးပေါင်းပြီး ဝမ်ဝမ်ကို လိမ်ပြောခဲ့တာများလား?! "


" အဲ့လိုဖြစ်နိုင်တယ်! "


ဤလူများသည် သူတို့ကသာ ပထမဦးဆုံး စိတ်ပြောင်းသွားကြကြောင်းကို မေ့လျော့ပြီး သူတို့က ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ကိုပင် တိုက်ခိုက်ခဲ့ကြသေးသည်။


သို့သော် သူတို့က စကားဖြင့်သာ ရှုတ်ချနိုင်သည်။ သူတို့အားလုံး ဒဏ်ရာရထားပြီး ချွီဝမ်ဝမ်က သတိလစ်နေဆဲဖြစ်သည်... သူတို့ ကျိုးဝမ်ရှိူ့ကို လုံးဝ ဘာမှမလုပ်နိုင်ပေ။


ဘာကြောင့် ချွီဝမ်ဝမ် သတိလစ်

သွားမှန်း သူတို့ မသိလိုက်... ချွီဝမ်ဝမ်က အစွမ်းထက်သော ရေစွမ်းအားရှင် ဖြစ်သည်။ သူ(မ)သာ ရှိလျှင် သူတို့ ကျိုးဝမ်ရှိူ့ကို တိုက်ခိုက်ရာတွင် ဤမျှဒုက္ခရောက်ခဲ့မည်မဟုတ်ချေ...


____


Thanks for reading 💙

_____