အပိုင်း ၇၇ ( Little White Face 5 )
Viewers 10k

ယန်ကျင်းဇီသည် ဗိုက်ပြည့်သောအခါ ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည် : " ဝမ်ရှိူ့၊ မင်း ကားထဲမှာ လာပြီး အနားယူချင်လား? "


" မင်း အနားယူလိုက်။ ငါ ပတ်ဝန်းကျင်ကို စောင့်ကြည့်ထားမယ်။ " ကျိုးဝမ်ရှိူ့က ဆိုသည်။


သူတို့သည် ဇွန်ဘီများကို ရှင်းလင်းနေသော်လည်း လူအများအပြားသည် အခြေစိုက်စခန်းမှ မထွက်ခွာချင်ဘဲ အပြင်ထွက်ရန် စွမ်းရည်လည်း မရှိသဖြင့် လုပ်ငန်းစဉ်တိုးတက်မှုမှာ မချောမွေ့ချေ။ H မြို့ကြီးရှိ ဇွန်ဘီအရေအတွက်မှာ အလွန်မြင့်မားသေးသည်။


ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုဇွန်ဘီများသည် အမှန်တကယ်ပင် ပိုမိုသန်မာလာနေခြင်း ဖြစ်သည်။


မူလက အိမ်ထဲတွင် ပိတ်မိနေ၍ အပြင်မထွက်နိုင်သော ဇွန်ဘီအချို့သည် ယခုမူ တံခါးများကို ရိုက်ချိုးနေနိုင်ပြီဖြစ်သည်။


" ငါ မင်းနဲ့ နေမယ်။ " ယန်ကျင်းဇီက စကားပြောပြီးနောက် ကားတံခါးကို ဖွင့်ပြီး အပြင်ထွက်ရန် ကြိုးပမ်းသည်။


သို့သော် ကားတံခါး ပွင့်သွားသောအခါ သူ့လှုပ်ရှားမှုများမှာ ရပ်တန့်သွားသည်။


လမ်းက ရှုပ်ပွနေပြီး သူက... နူးနူးညံ့ညံ့ သားရေဖိနပ်များကို စီးထားဆဲဖြစ်သည်။


ယန်ကျင်းဇီ : " ... "


ကျိုးဝမ်ရှိူ့က ရယ်သည် : " မင်း ကားထဲမှာ နေပါ။ မင်း ထွက်လာရင် ငါလည်း အာရုံမစိုက်နိုင်ဖြစ်လိမ့်မယ်။ "


ယန်ကျင်းဇီ တိတ်တဆိတ် ကားတံခါးကို ပြန်ပိတ်လိုက်သည် : " ဒါဆို ငါ မင်းကို ဒုက္ခမပေးတော့ဘူး... "


ကားထဲတွင် နေပြီး သူ၏ စိတ်စွမ်းအင်များကို လေ့လာခြင်းက သူ့အတွက် ပိုကောင်းသည်။


သူ့တွင် စိတ်ဝိညာဉ်စွမ်းအား ရှိလေရာ သူ့တွင် သဘာဝလွန်စွမ်းအားများလည်း ရှိသလား?


သူ ကူးပြောင်းလာသော အချိန်၌ ယန်ကျင်းဇီ၏ စိတ်မှာ ရှင်းလင်းနေပြီး ဘာမှနားမလည်ပေ။ နောက်ပိုင်းတွင် သူသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို နောက်ဆုံး ရလာခဲ့သော်လည်း ဤပတ်ဝန်းကျင်မျိုးတွင် ရောက်‌ရှိနေသဖြင့်... သူ့တွင် ကမ္ဘာလောကကို လေ့လာစောင့်ကြည့်ရန် အချိန်လုံးဝမရှိခဲ့ချေ။


ယန်ကျင်းဇီသည် မျက်စိမှိတ်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ကို 'ကြည့်'လိုက်သည်။


တစ်လောကလုံးမှာ မီးခိုရောင် ဖြစ်သော်လည်း အမည်းရောင်အခိုးအငွေ့များမှာ နေရာတိုင်းတွင် ရှိနေပြီး ၎င်းထဲတွင် အခြားအရောင်များလည်း ရောနှောနေသည်။


ကျိုးဝမ်ရှိူ့ကမူ... ကျိုးဝမ်ရှိူ့သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် မြင်တွေ့ရသော ကမ္ဘာတွင် ရဲရဲနီနေသည့် လူသား ဖြစ်သည်။


လူသားပုံရိပ်ပေါ်မှာ ဥတစ်လုံးအရွယ် နေလုံးလေးတစ်လုံး ရှိတယ်!


ယန်ကျင်းဇီသည် မျက်လုံးဖွင့်ပြီး ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည်။


ကျိုးဝမ်ရှိူ့သည် ပုံမှန်အတိုင်း ဖြစ်ပြီး လုံးဝ နီမနေချေ။


ယန်ကျင်းဇီ ပြုံးလိုက်ပြီး မျက်စိပြန်မှိတ်လိုက်သည်။


သူ အမှတ်မမှားဘူးဆိုလျှင် ကျိုးဝမ်ရှိူ့သည် အနီရောင်အလင်းကို ထုတ်လွှတ်ခြင်းမှာ ပိုင်ဆိုင်သည့် သဘာဝလွန်စွမ်းရည်က မီးအခြေခံ ဖြစ်သောကြောင့်ဖြစ်သည်။


သူ့‌ကိုယ်ပေါ်မှ 'နေငယ်' မှာ ကောင်းကင်နဂါး အခြေစိုက်စခန်းက လိုချင်သော ဥက္ကာခဲ ဖြစ်နိုင်သည်။


တကယ်တော့ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် မူလပိုင်ရှင်ကို ကျိုးဝမ်ရှိူ့အနားတွင် အထူးကျောက်မျက်များ ရှိ၊မရှိ မေးမြန်းခဲ့သည်။ မူလပိုင်ရှင်သည် ထိုအချိန်က တစ်စုံတစ်ခုကို ပြောခဲ့သော်ငြား မူလပိုင်ရှင်က ဥက္ကာခဲ၏ တည်ရှိမှုကို မသိသောကြောင့် မပြောခဲ့ချေ။


စဉ်းစားနေစဉ် ယန်ကျင်းဇီသည် ဤနေရာသို့ လာနေသော အမည်းရောင်အခိုးအငွေ့ ရစ်ပတ်နေသည့် အနက်ရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်...


ကျိုးဝမ်ရှိူ့ဟု ဖော်ပြသော အနီရောင်ပုံရိပ်က ၎င်းစီသို့ အမြန်ပြေးသွားသည်။ အနက်ရောင်ပုံရိပ်ကို အနီရောင်အလင်းက ဖုံးအုပ်ခံလိုက်ရပြီး အလျင်အမြန် ပျောက်ကွယ်သွားသည်။


သို့သော် ပုံရိပ်ပေါ်မှ ထူထပ်သော အမည်းရောင်အခိုးအငွေ့မှာ မပျောက်ကွယ်သွားဘဲ လေထဲသို့ ပျံ့နှံ့သွားပြီး အနီးအနားမှ မီးခိုးရောင်မြူခိုးများမှာ အရိပ်အနည်းငယ် ပိုမည်းသွားသည်။


ယန်ကျင်းဇီ : " ... "


ဇွန်ဘီများသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ပြောင်းလဲသွားကြသည်ဟု လူတိုင်းက ယေဘုယျအားဖြင့် တွေးကြသည်။ ဒါပေမယ့် ဇွန်ဘီတွေ ပေါ်ပေါက်လာမှုက ဒီအမည်းရောင်မြူခိုးနဲ့ အများကြီးဆိုင်တယ်လို့ ဘာလို့ သူ ထင်မိတာလဲ?


ယန်ကျင်းဇီသည် လှည့်လည်ကြည့်ရှုပြီး သူ့ကိုယ်သူ အာရုံစူးစိုက်လိုက်သည်။


တစ်ချိန်တည်းမှာပင် ကျိုးဝမ်ရှိူ့သည် ပတ်ဝန်းကျင်ကို ပဟေဠိဖြစ်စွာ ကြည့်မိလိုက်သည် — အခုလေးတင် တစ်စုံတစ်ခုက သူ့စီ ချဉ်းကပ်လာသလို ဘယ်လိုလုပ် သူ ခံစားလိုက်ရတာလဲ? ၎င်းက သူ့ကို အထူး သက်တောင့်သက်သာလည်း ရှိစေတယ်...


ယန်ကျင်းဇီသည် သူ့ကိုယ်ပေါ်တွင် အလင်းရောင်မရှိကြောင်း တွေ့လိုက်ရသည်... ခဏ၊ သူ့တွင် ရှိနေသည်မှာ အလွန်အရောင်ဖျော့သော၊ အလွန့်အလွန် ဖျော့တော့သော၊ မမြင်ရလုနီးပါး ဖြစ်နေသည့်... အလင်းရောင်မျိုးစုံလား?


ဖြစ်နိုင်တာ သူ့မှာ သဘာဝလွန်စွမ်းအားမျိုးစုံ ပိုင်ဆိုင်တာများလား?


ယန်ကျင်းဇီ၏ နှလုံးမှာ အံ့အားသင့်စွာ ထခုန်သွားသည်။ ဒါပေမယ့် သူ သူ့ရဲ့ သဘာဝလွန်စွမ်းအားတွေကို မသုံးနိုင်တာ ထင်ရှားတယ်!


ပတ်ဝန်းကျင်ရှိ အနီရောင်အလင်း သို့မဟုတ် မီးဒြပ်စင်မှာ ကျိုးဝမ်ရှိူ့၏ ခန္ဓာကိုယ်ထဲတွင် စုစည်းနေသည်။ ဤသည်ကြောင့် ကျိုးဝမ်ရှိူ့သည် သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ခြင်း ဖြစ်နိုင်သည်။ သဘာဝလွန်စွမ်းအားများကို သူ ပိုင်ဆိုင်ချင်လျှင် ပတ်ဝန်းကျင်ရှိ ဒြပ်စင်များကို သူလည်း စုပ်ယူသင့်သည်။


သို့သော် ထိုဒြပ်စင်များမှာ သူ့ခန္ဓာကိုယ်ထဲသို့ လုံးဝ ရွေ့မလာကြချေ။


ယန်ကျင်းဇီသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဒြပ်စင်များကို စုပ်ယူ၍ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးထည့်ရန် အချိန်အတော်ကြာ ကြိုးစားခဲ့သည်။ ဒါပေမယ့် သူတို့တွေကို ထိုးထည့်ပြီးတဲ့နောက်မှာလည်း သူတို့တွေက ပြန်ထွက်သွားနိုင်ကြသေးတယ်!


ဒါက တကယ့်ကို မျှော်လင့်မဲ့သွားပြီ!


သူ့ကံကြမ္မာကိုက... သဘာဝလွန်စွမ်းအားတွေကို မပိုင်ဆိုင်ရတာလား?


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို စောင့်ကြည့်နေသည်။


ယန်ကျင်းဇီ မျက်မှောင်ကြုံ့လျက် အိပ်နေသည်ကို သူ တွေ့သောအခါ... သူတို့ ပြန်ရောက်ပြီးနောက် ယန်ကျင်းဇီကို နှစ်သိမ့်ရန် အရသာရှိသော စားစရာအချို့ကို ယူပေးရမည်ဟု ကျိုးဝမ်ရှိူ့ တွေးလိုက်သည်။


ယန်ကျင်းဇီက အရမ်းအားနည်းသည်။ ဤတစ်ခါ သူ ကြောက်လန့်သွားရလောက်သည်။


တဖြည်းဖြည်း နေဝင်လာပြီး ကျိုးဝမ်ရှိူ့၏ သွင်ပြင်လက္ခဏာမှာ ပိုမိုမှောင်မည်းလာသည်။


‌ဤအချိန်တွင် စိတ်ဝိညာဉ်စွမ်းအားများစွာကို အသုံးပြုလိုက်၍ စွမ်းအင်များစွာကို ဆုံးရှုံးပြီးသော ယန်ကျင်းဇီသည် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ပိုမိုတောက်ပအောင် မလုပ်နိုင်သေးပေ။ သူ့တွင် သဘာဝလွန်စွမ်းအားများကို အသုံးပြုနိုင်မည့်နည်း မရှိချေ။ မျှော်လင့်ချက်မဲ့သည်ကို တွေ့သော် သူသည် ရိုးရှင်းစွာပင် လက်လျှော့လိုက်သည်။


မည်သို့ပင်ဖြစ်စေ သူ၏ စိတ်စွမ်းအင်မှာ အလွန်သန်မာပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိသည်။ သူ့မှာ သဘာဝလွန်စွမ်းအားတွေ မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့!


ယန်ကျင်းဇီသည် ထိုဒြပ်စင်များကို ထပ်မံမထိတော့ဘဲ သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ပတ်ဝန်းကျင်မှ မြင်ကွင်းများမှာ သူ့စိတ်ထဲတွင် ပေါ်လာသည်။


တောက်ပနေသော ကျိုးဝမ်ရှိူ့၊ ထောက်ပံ့ပစ္စည်းများနှင့် ပြည့်နေသော ထရပ်ကား၊ တိုက်ပွဲတွင် မီးလောင်ခံလိုက်ရသဖြင့် အချိန်မရွေး ပြိုကျနိုင်ချေရှိသည့် မြင့်မားသော အဆောက်အဦးများ၊ မြို့ကြီး၏ ပျက်စီးမှု... အဝေးတွင် ဤလမ်းအတိုင်း လာရောက်နေသော နောက်ထပ် pickup ထရပ်ကားတစ်စီး ရှိပြီး ကားထဲမှ လူအများအပြားက ကွဲပြားသော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။


တစ်ယောက်ယောက် လာနေပြီ။


pickup ကားနောက်ဘက်မှ အကန့်ငယ်လေးတွင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများစွာက စကားပြောနေကြသည်။


" ဒီမှာ မီးလောင်ထားတဲ့ ဇွန်ဘီတွေ အများကြီးရှိတယ်။ ဥက္ကဌက ရှေ့နားမှာ ‌ရှိလောက်တယ်။ "


" ဥက္ကဌ အဆင်ပြေပါ့မလား? "


" သူ ထွက်သွားတာ ကြာနေပြီ။ ပြန်မလာသေးဘူး... "


...


ဤလူများသည် စိုးရိမ်နေကြသည်။ သူတို့ထဲမှ မျက်မှန်တပ်ထားပြီး နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်အရွယ် ထက်မြက်သော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦးက ပြောသည် : " ဥက္ကဌက အရမ်းသန်မာတယ်။ ဘယ်လိုလုပ် တစ်ခုခုဖြစ်နိုင်မှာလဲ! "


အနားမှ လူများက ဤလူ၏ စကားကို ကြားသောအခါ သူတို့အားလုံးက သူ့ကို မျက်စောင်းခဲစိုက်ကြည့်လိုက်ကြသည်။ " မုန့်ကျားယင်၊ မင်းမှာ အဲ့လိုပြောဖို့မျက်နှာရှိသေးတယ်ပေါ့! ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေနောက်ကို ဥက္ကဌတစ်ယောက်တည်း ထွက်လိုက်တုန်းက မင်း ဘာလို့ ငါတို့ကို မပြောခဲ့သလဲ? "


ယန်ကျင်းဇီသည် 'ပြန်ပေးဆွဲခံရ'ပြီး ကျိုးဝမ်ရှိူ့သာ သိသည်။ ထိုအချိန်၌ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ပြန်ပေးဆွဲခံရသော အခင်းနေရာတွင် မှတ်စုတိုတစ်‌စောင်ကို ချန်ခဲ့ပြီး သူ့ကို တစ်ယောက်တည်း လာခိုင်းခဲ့သည်။


ထို့ကြောင့် သူက တစ်ယောက်တည်း ထွက်သွားခဲ့၏။ သို့သော် သူ မထွက်သွားခင် သူသည် မုန့်ကျားယင်ကို ပြောပြခဲ့ပြီး လူစု၍ သူ့နောက်လိုက်ရန် မုန့်ကျားယင်ကို ခိုင်းစေခဲ့သည်။ သူက အမှတ်အသားတစ်ခုကိုပင် ချန်ခဲ့၏။


ဒါပေမယ့် မုန့်ကျားယင်က ဘယ်သူ့ကိုမှ မပြောပြခဲ့ဘဲ နာရီနဲ့ချီပြီး လျှို့ဝှက်ထားခဲ့တယ်!


ကျိုးဝမ်ရှိူ့ ပြန်ရောက်မလာသေးသဖြင့် ယခုအခါ ဤလူများသည် မုန့်ကျားယင်ကို အမြင်မကြည်ကြပေ။


" ဥက္ကဌက အဲ့နေရာမှာ သူ ပျိုးထောင်ထားတဲ့ မျက်နှာဖြူလေးကို သွားကယ်တယ်။ အခြေစိုက်စခန်းရဲ့ စည်းမျဉ်းတွေအရ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းရမယ်။ " မုန့်ကျားယင်က တုံ့ပြန်ပြောဆိုသည်။


" ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေက ဥက္ကဌရဲ့လူကို ပြန်ပေးဆွဲသွားတာ ဥက္ကဌကို အန္တရာယ်ပေးဖို့ ကြိုးစားနေမှန်း သိသာတယ်။ ဒီဟာက ပုဂ္ဂိုလ်ရေးကိစ္စလား? " နောက်တစ်ယောက်က မေးသည်။


မုန့်ကျားယင်၏မျက်နှာမှာ အရုပ်ဆိုးသွားသော်လည်း သူက ဆိတ်ဆိတ်နေသည်။


" ဥက္ကဌ တစ်ခုခုဖြစ်ရင် ငါ မင်းကို ခွင့်မလွှတ်ဘူး။ " နောက်လူတစ်ယောက်က ပြောသည်။


မုန့်ကျားယင်က ပြောသည်။ " ဥက္ကဌ ဘာမှမဖြစ်ဘူး! "


သူတို့ စကားပြောနေစဉ် သူတို့ ကျိုးဝမ်ရှိူ့၏အသံကို ကြားလိုက်ရသည် : " မင်း အခုမှ လာတာလား? "


လူတိုင်း လှမ်းကြည့်ကြသောအခါ သူတို့သည် မနီးမဝေးရှိ ထရပ်ကားတစ်စီးပေါ်တွင် မတ်တပ်ရပ်နေသော မျက်နှာထားတင်းတင်းဖြင့် လူတစ်ယောက်ကို တွေ့လိုက်ကြရသည်။ ကျိုးဝမ်ရှိူ့ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ?


ကျိုးဝမ်ရှိူ့ အဆင်ပြေတယ်!


ကျိုးဝမ်ရှိူ့ အဆင်ပြေရုံသာမက ကောင်းကင်နဂါး အခြေစိုက်စခန်း၏ ကားများလည်း ထိုနေရာတွင် ရှိနေသေးသည်။ သူတို့ရဲ့ ဥက္ကဌက ကောင်းကင်နဂါး အခြေစိုက်စခန်းရဲ့ ပစ္စည်းတွေကို ပြန်လုယူလာတာလား?


ယန်ကျင်းဇီကို မတွေ့ရခြင်းအတွက်မူ... သူတို့ ဤလူကို ဂရုမစိုက်ပေ။ သူတို့ သူ့ကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ အရေးမကြီးချေ။


ပြောရမည်ဆိုလျှင်... သူတို့၏ ဥက္ကဌတွင် ကောင်းမွန်သော စိတ်သဘောထား အမြဲရှိသည်။ ယခု သူက ကောင်းကင်နဂါး အခြေစိုက်စခန်းမှ ပစ္စည်းများကို လုယူထားရုံသာမက သူ့မျက်နှာက အလွန်အရုပ်ဆိုးနေဆဲ ဖြစ်သည်... ယန်ကျင်းဇီ တစ်ခုခုဖြစ်သွားတာလား?


ဤလူများ စိတ်သက်သာရာရသွားကြသည် : " ဥက္ကဌ! "


သူတို့သည် pickup ကားထဲမှ ခုန်ထွက်ပြီး ကျိုးဝမ်ရှိူ့ထံသို့ ဦးတည်သွားကြသည်။


ကျိုးဝမ်ရှိူ့သည် ထရပ်ကားပေါ်တွင် မတ်တပ်ရပ်လျက် ခုန်မဆင်းလာပေ။ သူသည် သူ့ရှေ့မှလူများကို အေးစက်စွာ ကြည့်ပြီး မီးလုံးတစ်လုံးကို မုန့်ကျားယင်ထံသို့ ရုတ်တရက် ပစ်လိုက်သည်။


မုန့်ကျားယင်၏ မျက်နှာပေါ်မှ အပြုံးမှာ ကျိုးဝမ်ရှိူ့ကို တွေ့ပြီးနောက် တောင့်ခဲသွားသည်။ သူသည် ကျိုးဝမ်ရှိူ့ကဲ့သို့ မီးအမျိုးအစား စွမ်းအားရှင် ဖြစ်ပြီး သူ့ကိုယ်ခန္ဓာမှ မီးတောက်များ ထွက်ပေါ်လာကာ ကျိုးဝမ်ရှိူ့၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ သို့ရာတွင် သူသည် မခံနိုင်ဘဲ နောက်ဆုတ်လိုက်ရသည်။


ဤအချိန်၌ ကျိုးဝမ်ရှိူ့၏ လက်ထဲတွင် ကြီးမားသော မီးလုံးကြီးတစ်လုံးကို စုစည်းပြီးသွားပြီဖြစ်သည်။


သူ့လက်ထဲတွင် မီးလုံးမှာ ဖိသိပ်ခံရပြီး ပိုမိုသေးငယ်သွားကာ နောက်ဆုံး အရောင်ပြောင်းသွားသော်လည်း သိသာထင်ရှားစွာပင် ပို၍လည်း အားပြင်းလာသည်။


" မုန့်ကျားယင်၊ မင်း အခြေစိုက်စခန်းကို သစ္စာဖောက်ခဲ့သလား? " ကျိုးဝမ်ရှိူ့က မုန့်ကျားယင်ကို ကြည့်သည်။


ယခုလေးတင် တိုက်ခိုက်မှုမှာ မုန့်ကျားယင်ကိုယ်ပေါ်မှ အဝတ်အစားများကို လောင်ကျွမ်းသွားပြီး ကျိုးဝမ်ရှိူ့၏ စကားများကို ကြားသောအခါ မုန့်ကျားယင်၏ မျက်နှာမှာ ပြောင်းလဲသွားသည် : " ငါ သစ္စာ‌မဖောက်ခဲ့ဘူး! "


" ဒါဆို မင်းတို့ အခုမှ လာတာ ဘာကြောင့်လဲ ရှင်းပါဦးလား? " ကျိုးဝမ်ရှိူ့က မေးသည်။


မုန့်ကျားယင်နှင့် အတူလာသူများသည် မုန့်ကျားယင်နှင့် ခပ်ဝေးဝေး ရွှေ့လိုက်ကြသည်။


မုန့်ကျားယင်က ဆိုသည်။ " ဥက္ကဌ၊ မင်းက ယန်ကျင်းဇီကို လာကယ်တာ။ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပဲ! "


အခြေစိုက်စခန်းတွင် သူလျို ရှိသည်ဟု ကျိုးဝမ်ရှိူ့ သံသယဖြစ်မိပြီးနောက် ပထမဆုံး သံသယရှိသူမှာ မုန့်ကျားယင် ဖြစ်သည်။


သူသည် ကမ္ဘာမပျက်ခင်ကတည်းက မုန့်ကျားယင်ကို သိခဲ့သည်။ ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် မုန့်ကျားယင်တွင် သူ့ကဲ့သို့ မီးစွမ်းရည်ကို နိုးကြားခဲ့ပြီး သူတို့နှစ်ယောက် ပိုမိုရင်းနှီးလာသည်။


ပိုအရေးကြီးသည်မှာ မုန့်ကျားယင်သည် ဥက္ကာခဲအကြောင်းကို သိထားသည်။ ဤတစ်ခါ အခြေစိုက်စခန်းမှ မထွက်ခွာခင် သူသည် မုန့်ကျားယင်ကိုလည်း ပြောပြခဲ့သည်။


ကျိုးဝမ်ရှိူ့သည် သူ့လက်ထဲမှ မီးလုံးကို မုန့်ကျားယင်ထံသို့ တိုက်ရိုက်ပစ်လိုက်သည်။


မီးလုံးသည် မုန့်ကျားယင်၏ ခြေရင်း၌ ပြင်းပြင်းထန်ထန် ပေါက်ကွဲလေသည်။


မုန့်ကျားယင်သည် မီးစွမ်းအားရှင် ဖြစ်သည်။ သူသည် မီးကို အလွန်အမင်း ခုခံအားရှိသော်လည်း ကျိုးဝမ်ရှိူ့၏ သဘာဝလွန်စွမ်းရည်မှာ သူ့ထက် အများကြီး ပိုသန်မာသည်။ သူ၏ အဝတ်အစားများမှာ မီးအရှိန်ကြောင့် လောင်ကျွမ်းသွားပြီး သူ့မျက်နှာလည်း မီးလောင်သွားသည်။


" ကျိုးဝမ်ရှိူ့၊ အဲ့ယန်ကျင်းဇီအတွက်နဲ့ မင်း ငါ့ကို မျက်နှာလွှဲတော့မှာလား? " မုန့်ကျားယင်သည် တစ်ဝက်တစ်ပျက် မီးလောင်ထားသော သူ့မျက်မှန်ကို အလျင်အမြန် ချွတ်ပြီး သူ့မျက်နှာကို အုပ်ကိုင်လျက် ဒေါသတကြီး မေးမြန်းသည်။


" ဒါ ယန်ကျင်းဇီနဲ့ ဘာမှမဆိုင်ဘူး။ " ကျိုးဝမ်ရှိူ့က ဆိုသည်။ သူ့အကြည့်မှာ မုန့်ကျားယင်အပေါ်တွင်သာ ကျရောက်နေဆဲဖြစ်သည် : " ဒါက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စလို့ မင်း ထင်မှတော့ မင်း ကူညီဖို့ မလိုတော့ဘူး... အနာဂတ်မှာ ငါတို့ စည်းထားကြမယ်။ မင်း ငါ့လက်ထောက် ဖြစ်စရာ မလိုတော့ဘူး။ ကိုယ့်ဘာသာကိုယ် နေကြတာ ပိုကောင်းတယ်။ "


သူ့တွင် မုန့်ကျားယင်၏ သူ့အပေါ် သစ္စာဖောက်မှုအတွက် မည်သည့်သက်သေမျှ မရှိချေ။ သူသည် ယန်ကျင်းဇီကို ကယ်တင်ရန် ထွက်လာပြီး ၎င်းမှာ ပုဂ္ဂိုလ်ရေးကိစ္စဟု အမှန်တကယ် ဆိုနိုင်ကာ အခြားသူများ မကူညီလျှင်လည်း အဆင်ပြေသည်။


ဥက္ကာခဲတည်ရှိမှုအတွက်မူ... မုန့်ကျားယင် တစ်ယောက်တည်းသာ သိထားခြင်း မဟုတ်ချေ။


အခြေစိုက်စခန်း စတင်တည်ထောင်ခါစက သူသည် အခြေစိုက်စခန်း၏ တည်မြဲမှုကို သေချာစေရန် စည်းမျဉ်းများစွာကို သတ်မှတ်ခဲ့သည်။ ထိုစည်းမျဉ်းများတွင် ဆန္ဒအလျောက် လူသတ်ခွင့်မရှိဟု ပါဝင်သည်။ ဤအချိန်တွင် သူကိုယ်တိုင် ၎င်းကိုဖျက်ဆီးခြင်းမှာ မကောင်းမွန်ပေ။


ကျိုးဝမ်ရှိူ့၏ စကားများ ထွက်လာလာချင်း မုန့်ကျားယင်ကို မ‌ဆိုထားနှင့်၊ မုန့်ကျားယင်နှင့် အတူလာသူများပင် အနည်းငယ် အံ့ဩသွားသည်။


ကျိုးဝမ်ရှိူ့နဲ့ မုန့်ကျားယင်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း အလွန်ကောင်းခဲ့ရာ အခု ဒီဟာက... ညီအစ်ကိုဆက်ဆံရေးကို ‌ဖြတ်တောက်တာလား?


" ကျိုးဝမ်ရှိူ့၊ အဲ့မျက်နှာဖြူလေးက ဘာများ အရမ်းကောင်းနေလို့လဲ? သူ့အတွက်နဲ့ မင်း ငါ့ကို ဒီလိုလုပ်တယ်? " မုန့်ကျားယင်က မေးသည်။


" မင်းက ဝမ်ရှိူ့ရဲ့ သူငယ်ချင်း ဖြစ်ပေမယ့် ကိစ္စရှိတဲ့အချိန်မှာ မင်းက သူ့ကို မကူညီခဲ့ဘူး။ သူ မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်တော့တာ ပုံမှန်မဟုတ်ဘူးလား? မင်း ငါ့ကို ဘာကိစ္စ ဆွဲထည့်နေတာလဲ? " ယန်ကျင်းဇီသည် ကားပြတင်းပေါက်မှ ခေါင်းထုတ်လာသည်။


နေဝင်ချိန် ‌လိမ္မော်ရောင်အလင်းမှာ ယန်ကျင်းဇီ၏မျက်နှာပေါ်တွင် ကျရောက်လင်းလက်နေပြီး သူ့မျက်နှာအား တောက်ပနေသကဲ့သို့ ပိုမိုကြည့်ကောင်းစေသည်။


တက္ကသိုလ်မြို့တော်မှ လူများ တွေ့သောအခါ အဘယ့်ကြောင့် သူတို့၏ ဥက္ကဌက ဤလူကို ပျိုးထောင်ချင်ကြောင်း သူတို့အားလုံး နားလည်သွားကြသည်။ ဒီမျက်နှာကိုမြင်ရရုံနဲ့ သူတို့အကုန်လုံး စိတ်ချမ်းသာသွားကြတယ်!


မုန့်ကျားယင် တစ်ဦးတည်းသာ ရုတ်တရက် မျက်နှာပြောင်းလဲသွားသည် : " မင်း အဆင်ပြေတယ်? "


" ဝမ်ရှိူ့က ငါ့ကို ကယ်မှတော့ ဘယ်လိုလုပ် ငါက ဒုက္ခရောက်မှာလဲ? " ယန်ကျင်းဇီသည် ရယ်နေသော်လည်း သူ့နှလုံးသားက ပြင်းပြင်းထန်ထန် မီးတောက်နေသည်။


မုန့်ကျားယင်က သူ့ကို အငြိုးနဲ့ ကြည့်တယ်!


သူ မကူးပြောင်းလာလျှင် မုန့်ကျားယင်က နောက်ကျနေဦးမည်ဖြစ်သည်။ ဤသည်မှာ ကျိုးဝမ်ရှိူ့ ပြင်းထန်စွာ ဒဏ်ရာရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ချက် ဖြစ်သည်။ နောက်ပိုင်း ကျိုးဝမ်ရှိူ့နှင့် မုန့်ကျားယင်တို့ အဆင်မပြေကြတော့ဘဲ မုန့်ကျားယင်က မူလပိုင်ရှင်ကို ဆက်တိုက် ဒုက္ခပေးခဲ့သည်...


သူသည် ၎င်းနှင့်ပတ်သက်၍ သိပ်မတွေးခဲ့သော်ငြား ယခု မုန့်ကျားယင်၏ ကျိုးဝမ်ရှိူ့အပေါ် သဘောထားကို တွေ့လိုက်ရပြီး ကိစ္စတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည် — ဒီမုန့်ကျားယင်က ကျိုးဝမ်ရှိူ့ကို ကြိုက်တယ်!


သူ၏ နှစ်သက်မှုမှာ ဖုံးကွယ်ထားရုံသာ ဖြစ်သည်။ သူ တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်!


အမှန်ပဲ၊ ကျိုးဝမ်ရှိူ့က အရမ်းထူးချွန်တယ်။ သူ့ကို လုချင်တဲ့သူ အများကြီး ရှိမှာပဲ!


သူ ကျိုးဝမ်ရှိူ့ကို သူများနောက်ပါခွင့် မပြုနိုင်ဘူး!


ဒါပေမယ့်... ကျိုးဝမ်ရှိူ့က မူလပိုင်ရှင်လို မျက်နှာဖြူလေးပဲ သဘောကျတာလား?


ဘာပဲဖြစ်ဖြစ် သူက ဘယ်လိုလူမျိုး ဖြစ်ခဲ့လဲ သူမှမသိတာ၊သူ့မှာ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေပဲ ရှိတာ ဆိုတော့ သူလည်း ကောင်းမွန်တဲ့ မျက်နှာဖြူလေးပဲ လုပ်တော့မယ်!


သေချာတာပေါ့၊ သူက မူလပိုင်ရှင်နဲ့ လုံးဝ ကွဲပြားတယ်။ သူက ကျိုးဝမ်ရှိူ့အတွက်ပဲ စိတ်မြဲမြံတဲ့ မျက်နှာဖြူလေး ဖြစ်လာလိမ့်မယ်!


ဤသည်ကို တွေးမိသော် ယန်ကျင်းဇီသည် တံခါးဖွင့်ပြီး အပြင်ထွက်ကာ မြေပြင်ပေါ်မှ အညစ်အကြေးများကို ဂရုတစိုက် ရှောင်ရှား၍ ကျိုးဝမ်ရှိူ့ထံသို့ သွားသည် : " ဝမ်ရှိူ့ ဝမ်းမနည်းပါနဲ့။ ငါက မင်းအနားမှာ အမြဲတမ်း ရှိနေမှာပါ! "


ကျိုးဝမ်ရှိူ့သည် ယုံကြည်ရသော သူငယ်ချင်းတစ်ဦးနှင့် ဆက်ဆံရေးဖြ

တ်လိုက်ရသဖြင့် စိတ်အခြေအနေ မကောင်းဖြစ်နေသော်လည်း ယန်ကျင်းဇီ၏ ကောင်းစွာ ပြုမူသော ပုံစံကို တွေ့လိုက်ရသောအခါ... သူ ရုတ်တရက်ကြီး ဒေါသမထွက်တော့ပေ။