🍵Chapter 176
ထုံးစံအတိုင်း၊ ထုံရွှယ်လူ သည် နောက်တစ်နေ့တွင် ကျောင်းသို့ မသွားပေ။
ထုံကျားရှင်းသည် ပြန်လည် နေကောင်းကျန်းမာပြီဖြစ်ပြီး နောက်နေ့တွင် ကျောင်းပြန်တက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုံကျားမင်မှတဆင့် ထုံကျားရှင်း၏ဆရာမအား သူမက အကြောင်းကြားစေခဲ့သည်။
ထုံကျားမင်က ထိုကဲ့သို့ပြုလုပ်ရသည်ကို အလွန်ပျော်ရွှင်နေခဲ့သည်။
ထုံရွှယ်လူသည် မနေ့ညက သူမ၏ အဆိုပြုချက်ကို အပြီးသတ်ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် လွန်ခဲ့သည့်ရက်က အတွင်းရေးမှူးကျိုးနှင့် တွေ့ဆုံခဲ့သည်ဖြစ်ပြီး နောက်တစ်နေ့၌ မန်နေဂျာ လင်းကို သွားရှာမည်ဆိုလျှင် သင့်တော်မည်မဟုတ်ချေ။
ထို့ကြောင့် သူမသည် အရင်ဆုံး ရက်အနည်းငယ်ခန့် စောင့်ဆိုင်းရန် စီစဉ်ထားသည်။
စားသောက်ဆိုင်သည် ၎င်းတို့၏ အမဲသားလုံးများနှင့် ငါးဆုပ်လုံးများအားလုံးကို အသုံးပြုခဲ့ပြီး သူမ ယနေ့တွင် ထပ်မံ၍ ဈေးဝယ်ထွက်ရန် လိုအပ်လေသည်။
ထုံရွှယ်လူက ကောင်းဝေ့ဖျင်ကို သူမနှင့်အတူ အမဲသားဈေးသို့ ခေါ်ဆောင်လာသည်။
အမဲသားဆိုင်မှ အသားသတ်ဆရာက အမဲသား၏ အကောင်းဆုံးသော အသားများကို ဆွဲထုတ်ပြီး ထုံရွှယ်လူကို မေးသည်။ "မန်နေဂျာထုံ၊ မင်းရဲ့ အောင်မြင်မှုဘုတ်အဖွဲ့အတွက် အင်တာဗျူးအသစ်တစ်ခုမှ မလုပ်သေးဘူး။ ကိုယ်စားလှယ်လောင်းတွေရှာဖို့ အခက်တွေ့နေတာလား "
ထိုသူကိုင်ထားသည့် အမဲခါးဆစ်သားကို တွေ့သည့်အခါ ထုံရွှယ်လူက ချက်ချင်းယူလိုက်သည်။
" မဟုတ်ဘူး၊ ကျွန်မ ဘယ်သူ့ကိုမှရှာလို့မတွေ့တာ မဟုတ်ဘူး ဒါပေမယ့် အဲဒါက ဘယ်သူမဆိုဖြစ်နိုင်တာမဟုတ်မှန်း ရှင်လည်းသိပါတယ်။ ကျွန်မက သုတေသနလုပ်၊တစ်ယောက်ချင်းစီကိုစစ်ဆေးပြီး အင်တာဗျူးမလုပ်ခင်မှာ သူတို့က အရည်အချင်းပြည့်မီကြောင်း သေချာအောင်လုပ်ထားရမယ် "
ဆရာ၀မ်က သူ နှုတ်ခမ်းသပ်လိုက်ပြီး " အဲဒီလောက်ရှုပ်ထွေးလား။ အဲဒါဆို ကျုပ်ဖို့ အခွင့်အရေးလုံး၀မရှိဖူးပေါ့ "
ထုံရွှယ်လူက သူမအပြုံးကို ထိန်းလိုက်သည်။
" ရှင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသင့်တယ် ဆရာဝမ်။ ကျွန်မတို့ရဲ့ တစ်လကြာ သုတေသနပြုပြီးနောက်မှာ ဆရာ၀မ်က ကျွန်မတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ ခံစားရတယ်။ ကျွန်မက အဲဒါကိုပြောတော့မလို့ရှိသေးတယ် ရှင်က အရင်ဦးသွားခဲ့တာ "
ဆရာ၀မ်က သူ့မှာ အခွင့်အရေးလုံးဝမရှိဟု ထင်သော်လည်း အခြေအနေများက ကွဲပြား နေလေသည်။ သူက ဝမ်းမြောက်သွားပြီး " မန်နေဂျာထုံ ဘယ်တော့ အင်တာဗျူးလုပ်ချင်တာလဲ။ ကျုပ်မှာ အားလပ်ချိန်တွေအများကြီးရှိတယ် "
ထုံရွှယ်လူက " မနက်ဖြန်ကော ဘယ်လိုလဲ။ ကျွန်မ နေ့လည် လာလို့ရတယ် "
ဆရာဝမ်၏ မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ရှိနေသည်။ အသားများကို ထုံရွှယ်လူသို့ ပေးသောအခါ ၎င်းသည် ခါတိုင်းကဲ့သို့ ဈေးနှုန်းဖြစ်သော်လည်း ပုံမှန်ရှိသင့်သည်ထက် များစွာ လေးလံနေသည်။
ထုံရွှယ်လူနှင့် ကောင်းဝေ့ဖျင်တို့ စားသောက်ဆိုင်သို့ ပြန်သွားပြီးေနာက် သူတို့အဖွဲ့သည် အမဲသားလုံးများနှင့် ငါးဆုပ်လုံးများကို စတင်ပြင်ဆင်သည်။
နေ့လယ်စာစားချိန်ခန့်၌ စားသုံးသူ ဧည့်သည်များ ရောက်ရှိလာကြသည်။
ယခင်က အဘိုး၀မ်မှာ စားသောက်ဆိုင်သို့ မကြာခဏ လာလေ့ရှိပေမယ့် ဦးလေးဇုန်းက အဘိုး၀မ်ထံ၌ သွေးတွင်းသကြားဓာတ်များနေသည်ဟု ပြောကြားလာပြီး ထုံရွှယ်လူက နေ့တိုင်း ထိုကဲ့သို့လာခြင်းနှင့် ပက်သက်ပြီး စကားပြောဆိုခဲ့သည်။ သို့သော် အဘိုး၀မ်ကမူ ခဏခဏလာနိုင်ဆဲဖြစ်သည်။
အဘိုးဝမ်သည် တခြားသူများက ထိုသို့ပြောလာသည်ဖြစ်ပါက နားထောင်မည်မဟုတ်ချေ။ သို့သော် ထုံရွှယ်လူမှ ပြောလာသောအခါ အဘိုး၀မ်သည် အလွန်လိမ္မာသောကျောင်းသားတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
အရပ်မြင့်မြင့်နှင့် သန်မာသော လူငယ်တစ်ယောက်သည် ယနေ့လူတန်းတွင် ပထမဆုံးဖြစ်သည်။
ထုံရွှယ်လူသည် သူ့ကို ကနဦးကတည်းက သတိမထားမိေသာ်လည်း ထိုသူကမူ သူမအား လေ့လာနေပုံရသည်။
ထုံရွှယ်လူသည် တစ်ယောက်ယောက်မှ ဆက်တိုက်အမြဲကြည့်နေသည်ကို ခံစားမိသည်။ ထိုလူ သူမကို တတိယအကြိမ် ကြည့်လာသည့်အခါ၌ သူမအား စစ်ဆေးနေသည်ဖြစ်ကြောင်း သေချာသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ပထမဦးဆုံးသော လှုပ်ရှားမှုတစ်ခု အရင်ပြုလုပ်မည်မဟုတ်ပေ။ ထိုလူက မည်သည်ကိုမျှ ပြောဆိုလာခြင်းမရှိသည့်အတွက် သူမလည်း မေးမြန်းမည်မဟုတ်ပေ။
စွင်းဝူယန်က သူ ရရှိခဲ့သည့် နံပါတ်ဖြင့် လျှောက်လှမ်းလာသည်။ " မာလာထန်မှာချင်တယ်၊ မင်းတို့မှာရှိတဲ့ အားလုံးပါတဲ့ အစုံလိုက်တစ်ပွဲနဲ့ အစပ်အရသာ "
မုန့်ချင်းချင်းက စုစုပေါင်းကုန်ကျငွေကို အလျင်အမြန်ပြောသည်။ " အဲဒါက အစားအသောက်လက်မှတ် ၈ စောင်နဲ့ အသားလက်မှတ် ၆ စောင်ကျပါမယ်။ အသီးအရွက် က ၇၃ ဆင့်နှင့် အသားက ၈၁ ဆင့်ပါ ။ ဧည့်သည့်ရဲ့ စုစုပေါင်းကုန်ကျငွေက ၁.၅၄ ယွမ်ဖြစ်ပါတယ် "
စွင်းဝူယန်က လက်မှတ်များနှင့် ပိုက်ဆံများကို လှမ်းပေးပြီး ထိုင်စရာနေရာရှာရန် စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။
မုန့်ချင်းချင်း မာလာထန်ကို ယူဆောင်လာသောအခါတွင် သူက သူမကို ပြုံးပြသည်။ " စောစောက ဟိုရှေ့ကတစ်ယောက်က မင်းတို့ရဲ့မန်နေဂျာလား "
မုန့်ချင်းချင်းသည် အလွန်ဂုဏ်ယူနေပုံရသည်။
" လူငယ်လေး၊ ကျွန်မတို့ရဲ့ မန်နေဂျာထုံက ဒီ နှစ်မှာ အသက် ၁၉နှစ်ဆိုပေမယ့် သူမက မန်နေဂျာဖြစ်နေပြီ။ သူမက တကယ်ကို အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပါ "
စွင်းဝူယန် က ပြုံးပြီး " ဒါက တော်တော် အံ့သြစရာကောင်းတယ် "
ထုံရွှယ်လူက ထိုသည်ကို ပြတင်းပေါက်မှ မြင်လိုက်ရသည် ။ သူမ ပြန်ရောက်လာသောအခါ မုန့်ချင်းချင်းအား မေးမြန်းလိုက်သည်။ " ဧည့်သည်က နင့်ကို ဘာပြောတာလဲ "
မုန့်ချင်းချင်းက သူမကို အမှန်အတိုင်း ပြောပြသည်။
သူမသည် စားသောက်ဆိုင်တစ်ခုတွင် ပထမဆုံးအမျိုးသမီးမန်နေဂျာဖြစ်နေပြီး ငယ်ရွယ်သဖြင့် သူမအကြောင်းကို လူအများက မေးမြန်းကြသည်။
ထုံရွှယ်လူသည် ထိုအကြောင်းကို အနည်းငယ်စဉ်းစားပြီး သူမ အလွန်အမင်း အတွေးလွန်နေသည်ဟု ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် ထိုကဲ့သို့ အတွေးကို ဖယ်ထုတ်လိုက်ပြီး လူငယ်အား အာရုံမစိုက်တော့ပေ။
ထိုလူငယ်သည် အခြားမည်သည်ကိုမျှ မလုပ် ဆောင်ဘဲ စားသောက်ပြီးနောက် ထွက်ခွာသွားသည်
စွင်းဝူယန်သည် ထိုနေ့ညက စစ်မှုထမ်းအိမ်ရာသို့ ပြန်လာပြီး ထိုနေ့တွင် သူသိရှိခဲ့သည့်အရာများကို စွင်းမန်ရို့အား ထပ်ခါတလဲလဲ ပြောပြသည်။
" ရူကွေ့ရဲ့ရည်းစား မျိုးရိုးနာမည်က ထုံ၊ ထုံရွှယ်လူ။ အသက် ၁၉ နှစ် ၊ နန်မြို့တော် စား သောက်ဆိုင်ရဲ့မန်နေဂျာ"
စွင်းမန်ရို့သည် အနည်းငယ် အံ့ဩသွားသည်။
" စားသောက်ဆိုင် မန်နေဂျာလား၊ သူက ထမင်းချက် မဟုတ်ဘူးလား "
စွင်းဝူယန်က ခေါင်းယမ်းသည်။ " အဲဒီမိန်းမက အတော်လေး အရည်အချင်းရှိတယ်။ သူမက မူလတုန်းက စားသောက်ဆိုင်မှာ စားပွဲထိုး။ နောက်ပိုင်း စားဖိုမှူးအစားထိုးတာဝန်ယူခဲ့ပြီး နှစ်လမပြည့်မီ စားသောက်ဆိုင်မန်နေဂျာဖြစ်လာခဲ့တာ "
စွင်းမန်ရို့အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
" သူ့မှာ ဘယ်လိုမိသားစုနောက်ခံမျိုးရှိတာလဲ "
စွင်းဝူယန်က ရယ်မောလိုက်သည်။ " ဘယ်မိသားစုနောက်ခံလဲ။ မိဘနှစ်ပါးလုံး ဆုံးပါးသွားကြပြီ။ သူမရဲ့အရင်မွေးစားမိဘတွေကအစိုးရ၀န်ထမ်းတွေလို့ပြောကြပေမဲ့ ထူးထူးခြားခြားမရှိဘူး။ ပြီးတော့ သူတို့က ဆက်ဆံရေးမကောင်းကြဘူး "
စွင်းမန်ရို့က "ဒါဆို ဝမ်မိသားစုက သူမကို ဒီနေ့ သူမရောက်နေတဲ့နေရာကို ကူညီပေးခဲ့ပုံပါပဲ "
စွင်းဝူယန်လည်း ထို့ကဲ့သို့ တွေးမိသည်။ " လှပမှုက အမျိုးသမီးတစ်ယောက်ရဲ့ အကောင်းဆုံးအရာ "
စွင်းမန်ရို့သည် ထိုစကားကိုကြားသောအခါ သူမမျက်ခုံးများကို ပင့်လိုက်သည်။ " သူမက လှလား။ ဘယ်သူက ပိုလှလဲ။ သူလား ညီမလား "
စွင်းဝူယန်က ပြုံးပြီး " တူတူလောက်ပဲလို့ ပြောရမယ်။ ဒါပေမဲ့ သူမက မိဘမဲ့ဖြစ်ပြီး မွေးချင်းမောင်နှမအငယ်တွေ ၃ ယောက်ရှိတယ် အကိုတို့နှင့် မယှဥ်နိုင်ဘူး "
" မင်းက ဗိုလ်မှူးရှောင်းရဲ့ မွေးစားမြေးမလေးဖြစ်ပြီး ပင်ကိုပါရမီနဲ့ အရည်အချင်းရှိတယ်ဆိုတာ ပြောစရာ မလိုဘူး။ မင်းကိုယ်မင်း နှိုင်းသူမနဲ့ ယှဥ်ကြည့်တာကိုက သူမနဲ့ထိုက်တန်တဲ့ ပိုများတဲ့လေးစားမှုကို ပြသပြီးသားဖြစ်နေပြီ "
စွင်းမန်ရို့၏ မျက်လုံးများသည် ရုတ်တရက် နီရဲသွားသည်။ " ဒါပေမယ့် ရူကွေ့က သူမကို အရမ်းကောင်းတယ်။ သူမကို ရာထူးတက်အောင်လုပ်ဖို့ သူ့ကွန်ရက်ကိုတောင် အသုံးပြုခဲ့တယ်။ ညီမဖို့ အခွင့်အရေးမရှိမှာကို ကြောက်တယ် "
စွင်းဝူယန်က " ဘာလို့ဒီလိုပြောရတာလဲ။ ရူကွေ့က အဲဒီအချိန်က မင်းကိုမတွေ့ရသေးလို့သာ သူမကိုရွေးချယ်ခဲ့တာ။ မင်းက ဘယ်လောက်တောင် မယုံနိုင်ဖွယ်ရာကောင်းလဲ သူသိရင် လေးလေးနက်နက် စဉ်းစားတွေးတောမယ်ဆိုတာကို အကိုသေချာ ပြောနိုင်တယ် "
စွင်းမန်ရို့သည် ထိုစကားကိုကြားသောအခါတွင် အနည်းငယ်ပြုံးလိုက်မိသည်။
စွင်းဝူယန်က " အဘိုးဝမ်နဲ့ အင်တာဗျူးက ဘယ်လိုလဲ။ အဘိုးဝမ် က အစားအသောက် ချစ်သူကြီးလို့ ကြားတယ်။ အိမ်လုပ်မုန့်သရေစာတွေ ယူသွားပေးရင် အကောင်းဆုံးဖြစ်လောက်မယ် "
စွင်းမန်ရို့မျက်မှောင်ကြုတ်လိုက်သည်။ " ညီမ ဟင်းမချက်တတ်ဘူး "
စွင်းဝူယန်ကပြောသည်။ " ဒါက အကို့ကို သတိပေးလိုက်မိတာပဲ။ မုန့်ပဲသရေစာတွေလုပ်တတ်တဲ့အဘွားရှိတဲ့ သူငယ်ချင်းတစ်ယောက် အကို့မှာရှိတယ်။ သူ့ကို သရေစာ တစ်ခုခု ပြုလုပ်ခိုင်းပြီး မင်းအဘိုးဝမ်ဆီကို အလည်သွားရင် မင်းလုပ်ထားတဲ့အတိုင်း ပေးလိုက်နိုင်တယ် "
စွင်းမန်ရို့မျက်မှောင်ကြုတ်လိုက်သည်။ " အဲဒီလိုလုပ်တာ မကောင်းဘူးလေ "
စွင်းဝူယန်က " ဘာတွေ စိတ်ပူနေတာလဲ။ အကိုတို့ထဲက တစ်ယောက်မှ ဘာမှမပြောရင် ဘယ်သူကသိမှာလဲ "
စွင်းမန်ရို့က မျက်မှောင်ကြုတ်လိုက်ပြီး စွင်းဝူယန်၏ အကြံပြုချက်ကို ငြင်းဆိုလိုက်သည်။ စွင်းဝူယန်က သူမကို " အတင်းအကျပ်" ဖိအားပေးသောအခါတွင် သူမက နောက်ဆုံး၌ လက်လျှော့လိုက်သည်။
စွင်းမန်ရို့သည် နောက်နေ့တွင် အဆာပြေမုန့်များနှင့်အတူ ၀မ်အိမ်ဆီသို့ သွားခဲ့သည်။
ထုံရွှယ်လူသည်လည်း ၀မ်အိမ်၌ ရှိနေလေသည်။ ရှောင်ချီက အရွယ်ရောက်နေပြီဖြစ်ကြောင်း အဘိုး၀မ်ကပြောခဲ့ပြီး သူမကို အိမ်သို့လာကာ ကြက်သားဟင်းအဖြစ် ပြောင်းလဲခိုင်းခဲ့သည်။
ထုံရွှယ်လူက အဘိုး၀မ် လိုချင်သည့်အရာကို နားလည်သောကြောင့် အဘိုး၀မ်နှင့် ဦးလေးဇုန်းအတွက် စားကောင်းသောက်ဖွယ်များ ချက်ကျွေးရန် လာရောက်မည်ဟု ပြောခဲ့သည်။
ထုံရွှယ်လူမရောက်ခင်မှာ ဦးလေးဇုန်းက ကြက်အား သတ်ခဲ့ပြီးဖြစ်သည်။ " မင်းကိုယ်တိုင် ကြက်သတ်တာ အဆင်ပြေမပြေက မသေချာဘူးလေ။ ဒါကြောင့် မင်းအတွက် ကျုပ် ရှောင်၀မ်ကို ပြင်ဆင်ခိုင်းခဲ့တာ "
ထုံရွှယ်လူက ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဦးလေးဇုန်း။ ကျွန်မလည်း အမှန်တကယ် ကြက်သတ်ရတာ ခက်ခဲပါတယ်။ မီးဖိုချောင်ကို ပြပေးနိုင်မလား ဦးလေးဇုန်း....."
စွင်းမန်ရို့လမ်းေလျှာက်လာသောအခါတွင် သူမ၏စကားပင် မဆုံးသေးပေ။
စွင်းမန်ရို့သည် ၀မ် မိသားစုတွင် ရှောင်ချီနှင့် ရှောင်ပါ့ဟူသောအမည်များဖြင့် ကြက်များမွေးမြူထားသည်ကို သိရှိထားသည်။ ဦးလေးဇုန်း၏ စကားကို ကြားသောအခါ သူမ မျက်လုံးများ နီရဲလာသည်။
ပါးစပ်ကို အုပ်ထားရင်း မယုံကြည်နိုင်စွာဖြစ်နေသည့် မျက်နှာအမူအရာဖြင့် " ကြက်ကလေးတွေ အရမ်းချစ်စရာကောင်းတယ်။ ကြက်ပေါက်လေးကို ဘယ်လိုလုပ်စားနိုင်ရတာလဲ "
ထုံရွှယ်လူ "......"
' ကြက်ပေါက်လေး '
' ရဲဘော် ၊ မသိရင် မင်းက ညစ်တီးညစ်ပတ်ပြောနေတယ်လို့ ထင်မိတော့မယ် '
ထိုသို့ပြောရခြင်းမှာ ထုံရွှယ်လူသည် လက်တွေ့ဘဝရှိ ၇၀ နှစ်များဆီမှ လက်ဖက်စိမ်းမတစ်ယောက်နှင့်တွေ့ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားသောကြောင့်ဖြစ်သည်။
လက်ဖက်စိမ်းဘုရင်မအဖြစ် သရဖူဆောင်းလာကတည်းက သူမသည် အခြား လက်ဖက်စိမ်းမတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်းမရှိချေ။ ထိုသို့ ပြိုင်ဘက်မရှိဖြစ်ခြင်းက သူမကို အထီးကျန်ဆန်စေခဲ့သည်။
ထုံရွှယ်လူ၏ အနီရောင်နှုတ်ခမ်းများ ကွေးညွတ်သွားပြီး သူမက ပြောသည်။ " ကြက်ပေါက်လေးတွေက အရမ်းချစ်စရာကောင်းပြီး အဲ့ဒါကြောင့် ငါတို့ကစားချင်တာလေ။ ကြက်သားဟင်း၊ ကြက်သားပြုတ်၊ ကြက်အစပ်၊ ကြက်ခြောက်အိုး၊ ကြက်ဆားနယ်၊ ကြက်သားလွှာ၊ ကြက်ကင်၊ ကြက်ကြော်၊ ဆားနှင့်မီးဖုတ်ထားတဲ့ကြက်ကင်။ အကုန်လုံးက အရသာရှိတဲ့ ဟင်းတွေပဲ "
ဦးလေးဇုန်းသည် ထိုစကားများကိုကြားသောအခါ တံတွေးမမျိုချဘဲ မနေနိုင်ချေ။