🍵Chapter 178
ထုံရွှယ်လူက သက်ပြင်းချလိုက်ပြီး ပြောသည်။ "အိုး၊ ကျွန်မသိပြီ။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ရင် နိုင်မယ်လို့ ကျွန်မ တော်တော်လေး ယုံကြည်မှုရှိတယ်။ ဒါမှ ကျွန်မရဲ့စားသောက်ဆိုင်က အဆင့်တက်နိုင်မှာ။ ကျွန်မက နုံအလွန်းနေတယ်ထင်တယ် "
မန်နေဂျာလင်းက ထေ့ငေါ့ရွှဲ့စောင်းစွာဖြင့် နှုတ်ခမ်းများ ကွေးညွှတ်နေသည်။ သေချာသည်က သူမတကယ်ပင် နုံအလေသည်။
ဟင်းချက်ကောင်းရုံမျှဖြင့် ဟင်းချက်ပြိုင်ပွဲဝင်နိုင်မည်ဟု သူမ တကယ်ထင်ခဲ့သည်လား။
ထုံရွှယ်လူက သက်ပြင်းတစ်ချက်ချလိုက်ပြီး " ကျွန်မ လုံးဝ မတွေးထားခဲ့မိဘူးထင်ပါတယ်။ အနိုင်ရခဲ့ရင်တောင် စားသောက်ဆိုင်ကို ပြုပြင်မွမ်းမံဖို့ လိုအပ်နေသေးပြီး ကျွန်မတို့ရဲ့ အလုပ်သမားဦးရေက ၂ယောက် ကနေ ၄ယောက်အထိ တိုးသွားလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ လုပ်ခလစာလည်း တိုးလာလိမ့်မယ် "
ရွဲ့စောင်းနေသောအကြည့်များဖြင့် မန်နေဂျာ လင်းမှာ အေးခဲသွားလေသည်။ ရုတ်တရက်ပင် သူ၏အာရုံများအားလုံးက အလုပ်သမားအပိုစာရင်းဆီသို့ ရွှေ့ပြောင်းသွားသည်။
သူ့မိသားစုဘက်မှ ဆွေမျိုးများကဲ့သို့ပင် သူ၏ဇနီးသည်လည်း မကြာသေးမီက အလွန်နားပူနားဆာလုပ်နေခဲ့သည်။ သူမ ဆွေမျိုးများကို အလုပ်နေရာပေးရန်အတွက် ကူညီပေးရန် ရံဖန်ရံခါ တောင်းဆိုလေ့ရှိသည်။
သူက မည်ကဲ့သို့ လုပ်ရမည်နည်း။
တစ်စုံတစ်ယောက် အလုပ်ထုတ်ခြင်းမခံရပါက ကုန်သွယ်ရေးဌာနရှိ အလုပ်နေရာအရေအတွက်မှာ ပုံသေသတ်မှတ်ထားပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ တစ်စုံတစ်ဦးကို အစိုးထိုးနေရာပေးရန် အခွင့်အာဏာလည်းရှိသည်မဟုတ်ပေ။
အစိုးရအဖွဲ့အစည်းတစ်ခု၏ ရာထူးနေရာတိုင်းကို လူအများက မျက်စိကျကြပြီး ရာထူးရယူရန် စောင့်ဆိုင်းနေသူများက ပြတ်တောက်ခြင်း မရှိပေ။
သူသည် ကုန်သွယ်ရေးဌာန၏ မန်နေဂျာတစ်ဦး ဖြစ်သော်လည်း သူ့အထက်၌ ရာထူးကြီးသူများစွာရှိသေးသည်။
မည်သို့ပင်ဆိုစေကာမူ သူ့လက်အောက်ရှိ စားသောက်ဆိုင်က အဆင့်မြှင့်တင်ခံရပြီး ၎င်း၏ အလုပ်သမားအရေအတွက် တိုးလာလျှင် အချို့သောအစီအစဉ်များကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ထုံရွှယ်လူက မတ်တပ်ထရပ်ပြီး " ကျွန်မ ပြောခဲ့တာတွေကို မေ့လိုက်ပါ မန်နေဂျာလင်း "
ထိုသို့ပြောပြီးနောက် မန်နေဂျာလင်းထံမှ အဆိုပြုချက်ကို ယူရန် လက်လှမ်းလိုက်သည်။
မန်နေဂျာလင်းက သူမ၏ အဆိုပြုချက်ကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ပေ။
ထုံရွှယ်လူက အံ့အားသင့်စွာ ကြည့်လိုက်သည်။ " ဘာဖြစ်လို့လဲ မန်နေဂျာလင်း "
မန်နေဂျာလင်းက အနည်းငယ် အဆင်မပြေဖြစ်နေပုံပေါ်ကာ လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး " အဲဒါကို ငါ နည်းနည်းစဉ်းစားကြည့်တော့ မင်းအကြံပြုထားတာက လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ လောလောဆယ် မင်းရဲ့ အဆိုပြုချက်ကို ဘာလို့ မထားခဲ့တာလဲ "
ထုံရွှယ်လူသည် မန်နေဂျာလင်း၏ စိတ်မသက်မသာဖြစ်မှုကို သတိမထားမိသကဲ့သို့ ဟန်ဆောင်ကာ ဝမ်းသာသောလေသံဖြင့် " တကယ်ပြောတာလား မန်နေဂျာလင်း။ မန်နေဂျာလင်းက ဒီအိုင်ဒီယာကို သဘောကျတယ်ဆိုရင် အဲ့ဒါကို ကျွန်မတို့ ဖြစ်မြောက်အောင် လုပ်နိုင်မှာ သေချာပါတယ် "
မန်နေဂျာလင်း၏ နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။ " ထင်တာပါပဲ။ နောက်မှ ပြန်ပြောမယ် "
အမှန်အတိုင်းပြောရရင် ၉၀ရာခိုင်နှုန်း သေချာမှုရှိနေပေမယ့် ယခုမှ သူမကို ငြင်းဆိုထားပြီးသည့်အတွက် သူ၏စကားကို ချက်ချင်းပြောင်းလဲရန် အဆင်မပြေချေ။
ထုံရွှယ်လူက ကျေးဇူးတင်စကားဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ် မန်နေဂျာလင်း။ ဒါဆို ရှင့်ရဲ့သတင်းကောင်းကို ကျွန်မ စောင့်နေပါ့မယ် "
ရုံးခန်းထဲက ထွက်လာသောအခါ အတွင်းရေးမှူးကျိုးက ထုံရွှယ်လူထံမှ ချေးငှားခဲ့သည့် အထည်လက်မှတ်များကို ပြန်ပေးသည် ။
" ပြီးခဲ့တဲ့အခေါက်က ဝတ်စုံကို ရွေးပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မ အရင်ကနဲ့ လုံးဝမတူဘူးလို့ လူတိုင်းကပြောကြတယ် "
ထုံရွှယ်လူ ပြုံးပြီး အထည်လက်မှတ်များကို လက်ခံလိုက်သည်။ ထို့နောက် သူမသည် အတွင်းရေးမှူးကျိုးအား အမဲသားလုံးအထုပ်သေးတစ်ထုပ်ကို ပေးလိုက်သည်။
အတွင်းရေးမှူးကျိုးသည် နားရွက်ချိတ်လုနီးပါး ပြုံးနေလေသည်။
အတွင်းရေးမှူးကျိုးပြုံးနေသည်ကိုကြည့်ရင်း ထုံရွှယ်လူ၏နှုတ်ခမ်းများလည်း ကွေးညွတ်သွား၏။
စီးပွားရေးဆိုင်ရာဆက်ဆံရေးတစ်ခုတွင် အကောင်းဆုံးဆက်ဆံရေးသည် သဟဇီ၀ဖြစ်မှုဖြစ်သည်။
တစ်စုံတစ်ဦးထံမှ အကျိုးခံစားခွင့်များကို လိုချင်လျှင် ၎င်းတို့အတွက် အကျိုးခံစားခွင့်အချို့ကို ဦးစွာ ကမ်းလှမ်းရပေမည်။ ထိုမှသာ တစ်ဖက်က သင့်ကို လိုလိုလားလား ကူညီချင်ကြလိမ့်မည်ပင်။
မန်နေဂျာလင်းသည် သူမအား တိကျသေချာသောအဖြေကို အစောပိုင်းက မပေးခဲ့သော်လည်း ထိုသို့ဖြစ်လာမည်ဟု ၉၉ ရာခိုင်နှုန်း သူမ ယုံကြည်သည်။
🍵
၀မ်ရူကွေ့သည် စမ်းသပ်အခြေစိုက်စခန်းမှ ၎င်း၏ သုတေသနဌာနသို့ ပြန်ရောက်ပြီး လိုအပ်သမျှကို အပြီးသတ်ရန် ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရသည်။
သူတို့၏တာဝန်ပြီးဆုံးသည့်အခါ ဌာနမှူး ကျွမ်းက သူတို့ကို သုံးရက်ခန့် အားလပ်ရက်ပေးသည်။
၀မ်ရူကွေ့ အားလပ်ရက်အကြောင်းကြားစာကို လက်ခံရရှိသည့်အခါ တွင် လေပွေများကို လှုံ့ေဆာ်နိုင်သကဲ့သို့ ထင်ရလောက်သည်အထိ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။
သူက အထုပ်အပိုးပြင်ကာ ချက်ချင်းပင် မြို့တော်ဆီသို့ ဦးတည်သည်။
ထုံရွှယ်လူကို မြင်နိုင်တော့မည့် အတွေးသည် သူ့အကြည့်ကို ပျော့ပြောင်းသွားစေသည်။
သူမကို နောက်ဆုံးတွေ့ခဲ့ရသည်က ၂၉ ရက်နှင့် ၁၀ နာရီရှိခဲ့ပြီပင်။
ယခုအခိုက်အတန့်၌ပင် သူမကို မြင်တွေ့လိုမိ၏။
၀မ်ရူကွေ့ထွက်ခွာခါနီး၌ ကျိုးရန်က သူ့ကို ကူညီပြီး " ရူကွေ့မနက်ဖြန် ငါ့မွေးနေ့လေ။ မင်း အဲ့ဒါကို မမေ့ဘူးမလား "
၀မ်ရူကွေ့ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းညိတ်ကာ တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်။ ငါ မေ့သွားတယ်။ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ "
ပြောပြီးသည်နှင့် သူ့လက်ကို ပြန်ဆွဲထုတ်ကာ ထွက်ခွာလေသည်။
ကျိုးရန် အံကြိတ်လိုက်သည် ။ " ငါက ပိတ်ရက်မရဘူး၊ ဒါကြောင့် မွေးနေ့မှာ စခန်းရှိနေရမှာ။ ဒါပေမယ့် ငါ အားလုံးစီစဉ်ထားပြီးသား။ မင်းရယ် ငါရယ် ချီမင်က မနက်ဖြန် အစိုးရစားသောက်ဆိုင်ကို သွားပြီး ငါတို့စား သောက်ကြမယ် "
" ငါ့ရည်းစားနဲ့တွေ့ဖို့ သွားမလို့ " ၀မ်ရူကွေ့က ခေါင်းယမ်းလိုက်ပြီး ထပ်ပြောသည်။ " ဒါပေမယ့် ငါ မင်းကို လက်ဆောင်ပြန်ပေးမယ် "
ဆိုလိုသည်မှာ မင်းက ငါ့ကို စားဖို့ ခေါ်သွားမည်ဆိုသည်ကို ဂရုမစိုက်။ ငါ့ရည်းစားရဲ့အစိုးရစားသောက်ဆိုင်မှာ ထမင်းစားရသည်ထက် ပိုအရေးကြီးသည်ဟု၍ပင်။
"……"
ကျိုးရန်က ၀မ်ရူကွေ့ထွက်သွားသည်ကို ကြည့်နေရင်း သူ့သွားဖုံးများ နာကျင်သည်ဟု ခံစားရသည်။
ကျိုးရန် ပြန်လှည့်လိုက်သည့်အခါ ဟွမ်ချီမင်ကလည်း ခရီးဆောင်အိတ်ကြီးတစ်လုံး ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ကျိုးရန် အံ့အားသင့်သွားသည်။ " ဟွမ်ချီမင် မင်းလည်းထွက်သွားမယ်လို့ မပြောနဲ့ "
ဟွမ်ချီမင် က တောင်းပန်ရင်း ခေါင်းညိတ်လိုက်သည်။ " ငါ့ရည်းစားနဲ့ သွားတွေ့ရမယ်။ ပြန်လာပြီးရင် မင်းအတွက် ပြန်အလျော်ပေးပါ့မယ် "
အားလပ်ချိန်မှာ လွယ်လွယ်နှင့် မရသည့်အတွက် သူ့ကောင်မလေးဆီသို့ သွားလည်ရန် လိုအပ်ပေသည်။
ကျိုးရန်မွေးနေ့အတွက် တောင်းပန်ပါသည်ဟုသာ သူ ပြောနိုင်လေသည်။
သူငယ်ချင်းအတွက် ဓားထိုးခံနိုင်ပေမယ့် ရည်းစားအတွက် ထိုသူငယ်ချင်းအား ဓားနှင့် ထိုးနိုင်ပေသည်။
ကျိုးရန်၏ မျက်နှာသည် ချက်ချင်းပင် ဒယ်အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားသည်။
"……"
ကျေးဇူးကန်းသည့် လူရှုပ်နှစ်ယောက်ပင်။
သူသည်လည်း သူ့ကောင်မလေးထံသို့ အလည်သွားလို၏ ။
🍵
မြို့တော်တွင် နှင်းများ မကျသေးသော်လည်း နေ့ရက်များ ပိုမိုအေးလာသည်နှင့်အမျှ လေထုက ခြောက်သွေ့နေသည်။
ထုံရွှယ်လူသည် သူမမိသားစုအတွက် ရက်အနည်းငယ်ကြာတိုင်း ကျောက်ပွင့်နှင့်ပြုလုပ်ထားသည့် အချိုပွဲပြုလုပ်ပေးလေ့ရှိသည်။ သူမကျန်းမာရေးကောင်းမွန်လာပြီး ကျန်းမာသန်စွမ်းလာသည်ဟု သူမခံစားလာရသည်အထိ အချိန်အတော်ကြာအောင် ပြုလုပ်ခဲ့သည်။
နိုဝင်ဘာလရောက်လုနီးပါးဖြစ်ပြီး မနက်ခင်းများက ပိုမိုအေးလာသည်။ အသက်ရှုလိုက်သည်နှင့် အခိုးအငွေ့များ ထွက်ပေါ်နေ၏။
ထုံရွှယ်လူက ထလိိုက်ပြီး ဥယျာဉ်ထဲရှိ ဟင်းသီးဟင်းရွက်နှင့် ကြက်သွန်မြိတ်တချို့ကို ယူလိုက်သည်။ သူမ ဟင်းသီးဟင်းရွက်နှင့် ခေါက်ဆွဲပြုလုပ်ရန် စီစဉ်ထားခဲ့၏။ ဝမ်းနည်းစရာမှာ သိုးသားမရရှိနိုင်ခြင်းပင်။။ ဤကဲ့သို့ရာသီဥတု၌ သိုးသားဟင်းက မယုံနိုင်ဖွယ် စားသောက်ရန် ကောင်းပေသည်။
ထုံကျားမင်က ထုံးစံအတိုင်း မနက်စောစော၌ ထလာသည်။ ထုံရွှယ်လူအား အံ့သြသွားစေသည်မှာ ထုံကျားရှင်းသည်လည်း အိပ်ယာထလာခြင်းဖြစ်သည်။
ပို၍အံ့သြစရာကောင်းသည်က ပြင်ဆင်ပြီးသည်နှင့် မီးဖိုချောင်၌ ကူညီရန်ရောက်လာခြင်းပင်။
မီးဖိုချောင်က ကြီးကြီးမားမားမဟုတ်သလို အကူအညီလည်း မလိုအပ်ချေ။ ထုံရွှယ်လူက သူတို့နှစ်ယောက်ကို ဧည့်ခန်းနှင့် ခြံနောက်ဖေးကို သန့်ရှင်းရေးလုပ်ရန် စေလွှတ်လိုက်သည်။
ထုံကျားမင်သည် ထုံကျားရှင်းကို ကြွေကျနေသော သစ်ရွက်များကို တံမြက်စည်းလှည်းရင်း ကဗျာများရွတ်ဆိုရန် တိုက်တွန်းသည်။
ထုံကျားရှင်းက သစ်ရွက်များကို ရှင်းလင်းရင်း ထေ့ငေါ့ထေ့ငေါ့ ရွတ်ဆိုသည်။ " လဟာ ကုတင်ရှေ့မှာ ကွေးနေတယ် "
ထုံကျားမင်၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားပြီး ထုံကျားရှင်းအား တံမြက်စည်းဖြင့် ရိုက်လိုက်သည်။ " ကုတင်ရှေ့မှာ လရောင် တောက်ပနေတယ် "
တံမြက်စည်းနှင့် ရိုက်ခံရသည့် ထုံကျားရှင်းက သူ၏ အောက်ပိုင်းကို ပွတ်သပ်ရင်း " ကုတင်ရှေ့မှာ လရောင် တောက်ပနေတယ်၊ ထိုအရာမှာ ပြတင်းပေါက်နှင့် ဆင်တူပေတယ် "
ထုံကျားမင်က သူ့ကို တံမြက်စည်းဖြင့် ထပ်မံရိုက်နှက်သည်။ " ပထမနှစ်ကြောင်းပဲရှိသေးတယ်။ ဘယ်လိုတောင် နှစ်ခုလုံး မှားရတာလဲ။ ဝက်ချီးကျုံးဖို့ ပေဟယ်ကိုပြန်မယ်လို့ စိတ်ကူးထားတာလား "
ထုံကျားရှင်းသည် ပလုတ်တုတ်ဗုံကဲ့သို့ ခေါင်းကိုယမ်းသည်။ " မဟုတ်ဘူး၊ ဒုတိယအကို။ ပြီးတော့ အသံကို လျှော့ပါဦး။ အစ်မကြီး ကြားမသွားစေချင်ဘူး။ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရမှန်းကို ကျွန်တော်လည်း မသိတော့ဘူး "
ထုံရွှယ်လူက မီးဖိုချောင်ထဲကနေ နှစ်ယောက်၏အသံကို ကြားလိုက်သည့်အခါ အခါ ပြုံးပြီး ခေါင်းယမ်းသည်။
လူတိုင်း၏အရည်အချင်းများက ကွဲပြားကြ၏။ စာလေ့လာခြင်း၌ မထူးချွန်သည့်အတွက် ထုံကျားရှင်းသည် တုံးအသူဟု မဆိုနိုင်ချေ။ သူသည် အလွန်တီထွင်ဖန်တီးနိုင်စွမ်းရှိသူဖြစ်သည်။
ထိုသည်က သူမ သူ၏ပင်ကိုယ်စရိုက်ကို ပြောင်းလဲရန် အလွန်မကြိုးစားသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှု များလွန်းပါက သူ၏ စစ်မှန်သော ကိုယ်ရည်ကိုယ်သွေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ကန့်သတ်လိုက်မိမည်ကို သူမ စိုးရိမ်သည်။
အနုပညာလောကထဲ၌ရှိသူများသည် သာမန်လူများနှင့် အနည်းငယ် ကွဲပြားတတ်၏။
ပြတင်းပေါက်အပြင်ဘက်တွင် ဆက်၍ ရွတ်ဆိုနေပြီး ထုံရွှယ်လူသည်လည်း ဟင်းရွက်ခေါက်ဆွဲအိုးကို အမြန်အဆန် ပြီးစီးသွားသည်။
ထုံမျန်မျန်သည်လည်း ယနေ့တွင် အလွန်ပင် ကျိုးနွံနေပြီး အခြားသူများ နှိုးပေးရန် မလိုအပ်ပေ။ ထို့အပြင် သူမက ကိုယ်တိုင်ပင် ၀တ်စားပြင်ဆင်ထား၏။
ထုံရွှယ်လူက သူမကို ချီးကျူးလိုက်ရာ ချီးမွမ်းခံရခြင်းကြောင့် ပေါက်စီလုံးလေးများမှာ နီရဲသွားသည်။ သူမ ရင်ဘတ်ကိုတောင် ကော့ထုတ်လိုက်ပြီး သူမသည် အရွယ်ရောက်နေပြီဖြစ်သည်အတွက် မနက်ဖန်မှစပြီး သူမဘာသာသူမ အိပ်ယာထ၍ အဆင်သင့်ပြင်မည်ဟု ပြောလာ၏။
ထုံရွှယ်လူက ထုံမျန်မျန်ကို ဘေးအိမ်၌ ထားခဲ့သည့်အခါ ရှန်း၀မ်ရုန်က ပြုံးပြီး " ဒီည မင်းရဲ့ စားသောက်ဆိုင်မှာ ညစာ မစားဖြစ်ဘူး။ ဒီနေ့ ကျူးကျူးအစ်ကိုမွေးနေ့မို့ ငါတို့အိမ်မှာကျင်းပဖြစ်မယ်။ မင်းရဲ့မောင်နှမ တွေကို ခေါ်ပြီးလာခဲ့ပါလား "
ထုံရွှယ်လူက ဖိတ်ကြားချက်ကို ချက်ချင်းလက်ခံသည်။ " ဟုတ်ကဲ့ ။ ဒါဆို ကျွန်မ ဒီည စောစော အိမ်ပြန်လာပါမယ် "
ထုံရွှယ်လူသည် အလုပ်သွားရာလမ်းတွင် ဝေ့ကျူးကျူး၏အစ်ကို ဝေ့ရန်အတွက် မည်သည့်လက်ဆောင်၀ယ်ရမည်ကို စဉ်းစားသည်။
ဝေ့ရန်သည် အလုပ်သမား-လယ်သမား-စစ်သား ကောလိပ်၏ နောက်ဆုံးအသုတ်မတိုင်မီ အသုတ်ဖြစ်သည်။ လာမည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ပြီးနောက် အလုပ်သမား-လယ်သမား-စစ်သားကောလိပ်သည် ကျောင်းသားများအား လက်ခံခြင်းအား ရပ်ဆိုင်းမည်ဖြစ်သည်။
အလုပ်သမား-လယ်သမား-စစ်သား ကောလိပ် ၏ နောက်ဆုံး ၂/၃သုတ်မှ ကျောင်းသားများသည် လက်ရှိတွင် အလွန်အဆင်မပြေဖြစ်နေသည်။ ၎င်းတို့၏ဘွဲ့များကို အသိအမှတ်ပြုသော်လည်း တန်ဖိုးထားမခံရချေ။ ရာထူးတိုးရှိသည့်အခါ နေရာတော်တော်များများက သူတို့အား ရာထူးမှ ဖယ်ထုတ်ပစ်ကြလေသည်။
သူမ မကူးပြောင်းခင်က ထိုအကြောင်း ဖတ်ဖူးခဲ့၏။ ဤနောက်ဆုံးအသုတ်ကျောင်းသားများ မည်သည့်နေရာကိုမှ ကောင်းကောင်းမဆင်းသက်နိုင်ခဲ့ပေ။ သူတို့သည် အမြဲတစေ ပေါင်းစည်းပြီး သူတို့အတွက် မတရားသောဘဝအကြောင်း ညည်းညူကြလေ့ရှိသည်။ ထိုအရာသည် ဤခေတ်ကာလ၏ ပြဿနာတစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဝေ့မိသားစုသည် ကောင်းမွန်စွာ ချိတ်ဆက်ထားသော်လည်း ဝေ့ရန်၏အချက်အလက်များမှာ အနာဂတ်တွင် သူ့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
ထိုရွှယ်လူက ထိုသည်ကို အနည်းငယ်စဉ်းစားလိုက်ပြီး စားစရာအချို့လုပ်ပေးသည့်အပြင် စာပေဆက်လက်လေ့လာရန် အကြုံပြုရင်း သူ့အတွက် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ သင်ရိုးညွှန်းတမ်းစာအုပ်များ ပေးရန် ဆုံးဖြတ်လိုက်သည်။
အလုပ်သမား-လယ်သမား-စစ်သားကောလိပ်၏ ပညာရေးဆိုင်ရာကဏ္ဍသည် အားနည်းခဲ့ပြီး နိုင်ငံရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စစ်ဘက်ရေးရာတို့ကို အဓိကအာရုံစိုက်ခဲ့ကြကာ ပရော်ဖက်ရှင်နယ်အသိပညာမှာ အလွန်အကန့်အသတ်ရှိခဲ့ပေသည်။
အကယ်၍ သူက ယခုအချိန်မှစ၍ ပြင်ဆင်ခြင်းမရှိပါက ယခုမှစ တစ်နှစ်အတွင်း တက္ကသိုလ်တက်ရောက်ရန် မဖြစ်နိုင်တော့ချေ။