🍵Chapter 183
-သူမနှုတ်ခမ်းများကိုကြည့်ကာ ဝမ်ရူကွေ့ကပြုစားခံလိုက်ရသလို ခံစားမိသွားသည်။
သူမပိုတွေးမိလေလေ ပိုဆိုးလာသောကြောင့် စွင်းမန်ရို့က အငိုမရပ်နိုင်တော့ပေ။
စွင်းဝူယန်က အစောပိုင်းတွင် အရှက်ကွဲခဲ့ရသော်လည်း သူမငိုနေသည်ကိုမြင်သောအခါ အပြစ်မတင်နိုင်တော့ပေ။
“ဒါက ပြသနာများလိုက်တာ”
ဒီနေ့ကိစ္စဖြစ်ပြီးသောအခါ စွင်းဝူယန်တစ်ယောက် ဝမ်ရူကွေ့က စွင်းမန်ရို့ကို ဂရုမစိုက်ရုံသာမက သူ့ကိုလည်း သိပ်ဂရုမစိုက်သည်ကို သဘောပေါက်သွားသည်။
ထို့ပြင် ဝမ်ရူကွေ့က ထုံရွှယ်လူအပေါ်ဘယ်လောက်တောင်ချစ်နေသည်ကိုလည်း သိသွားပေသည်။
စွင်းမန်ရို့ကသာ ဒီနေ့ညတွင် သူမကိုယ်သူမရှက်စရာဖြစ်အောင်မလုပ်ခဲ့ပါက သူတို့တွင် အခွင့်အရေးရှိကောင်းရှိနိုင်သေး၏။
သွားတာဘဲ အခုတော့ ဒီလိုဖြစ်သွားပြီ။
စွင်းမန်ရို့က သဘောမတူချင်သော်လည်း အပြစ်ရှိကြောင်းသိသည့်ပုံစံပြလာ၏။
“ကျွန်မတောင်းပန်ပါတယ် တတိယအစ်ကို အဲ့ဒါကျွန်မအမှားပါ၊ ကိုယ့်ကိုကိုယ်အရှက်ခွဲခဲ့မိတယ်”
“ဘာတွေပြောနေတာလဲ၊ ငါတို့က မောင်နှမတွေပါ၊ နည်းနည်းလောက်အရှက်ရစရာလေးက ပြောနေစရာတောင်မလိုဘူး၊ ငါပြောရမယ်ဆိုရင် နင်ဝမ်ရူကွေ့နောက်လိုက်တာကို ခနလောက်ရပ်ထားရမယ်လို့ထင်တယ်”
စွင်းဝူယန်က သူမကိုအနည်းငယ်အပြစ်တင်ခဲ့သော်လည်း သူမ၏စကားများကိုကြားပြီးသောအခါ အပြစ်တင်လိုစိတ်မရှိတော့ပေ။
စွင်းမန်ရို့က နှုတ်ခမ်းကိုက်လိုက်သည်။
“တတိယအစ်ကို ဒီကိစ္စကိုမေ့လိုက်ရအောင်၊ ကျွန်မကိုယ်ကျွန်မ အရူးဖြစ်စေမိပြီးတဲ့နောက်မှာ ရဲဘော်ဝမ်က ကျွန်မအပေါ် စိတ်မဝင်စားဘူးဆိုတာ သေချာသွားပါပြီ”
စွင်းဝူယန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့လွယ်လွယ်လေး လက်လျှော့နေတာလဲ၊ ဒီလောက်ကောင်းတဲ့သူကို တကယ်ဘဲ အလွှတ်ပေးလိုက်တော့မှာလား နင်က ဒီလိုစားဖိုမှူးတစ်ယောက်ကို တကယ်အရှူံးပေးတော့မှာလား”
သူ ဝမ်ရူကွေ့အကြောင်းပိုသိလာသောအခါ ဝမ်မိသားစု၏အင်အားက ဘယ်လောက်ကြီးကြောင်းကို ပိုသဘောပေါက်လာခဲ့သည်။
သူက မိသားစုနောက်ခံမရှိသော ရဲဘော်ထုံကိုပင် စားသောက်ဆိုင်တွင် မန်နေဂျာနေရာရအောင် လုပ်ပေးနိုင်ခဲ့၏။ အကယ်၍ ဝမ်မိသားစုနှင့် စွင်းမိသားစုသာ အိမ်ထောင်ရေးတစ်ခုဖြင့် ပေါင်းစည်းသွားနိုင်ပါက စွင်းမိသားစုအနေဖြင့် အကျိုးကျေးဇူးအများအပြားရလာနိုင်ပေသည်။
စွင်းမိသားစုထဲတွင် ဗိုလ်မှူးတစ်ယောက်မှမရှိခဲ့ပေ။ အကယ်၍အဖိုးဝမ်က သူ၏တောင်ပံအောက်တွင် သူ့(စွင်းဝူယန်)ကိုခေါ်သွင်းချင်စိတ်ရှိပါက သူက စွင်းမိသားစုတွင် ပထမဆုံးသောဗိုလ်မှူးဖြစ်လာလိမ့်မည်။
စွင်းမန်ရို့ “ဒါပေမယ့်……”
စွင်းဝူယန် :“ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ နင်က အဲ့ဒီစားဖိုမှူးမထက် အများကြီးသာတယ်၊ ငါပြောချင်တာက နည်းနည်းလောက်ပဲ သည်းခံထားပြီး ရူကွေ့ကို ဒီညမှာဖြစ်သွားတာတွေကို မေ့သွားအောင်အချိန်ပေးလိုက်၊ ပြီးတော့ ဗိုလ်မှူးရှောင်ရောက်လာမှာကိုလည်း စောင့်နေလိုက်”
“နင်က ဗိုလ်မှူးရှောင်ရဲ့ မွေးစားမြေးဘဲ၊ သူဒီကိုရောက်လာတာနဲ့ သူ့ကိုအဖိုးဝမ်ဆီသွားပြောခိုင်းလို့ရတယ် အဲ့ဒီလို ငါတို့နှစ်ယောက်ဘာသာလုပ်နေတာထက် ပိုပြီးအကျိုးရှိတယ်”
စွင်းမန်ရို့က မျက်မှောင်ကြုတ်လိုက်သည်။
“မွေးစားအဖိုးက အဲ့လိုလုပ်ပေးချင်စိတ်မရှိမှာကို စိုးရိမ်မိတယ်၊ သူကအမြဲကို ဖြောင့်မတ်တည်ကြည်တဲ့သူဖြစ်ခဲ့တာလေ”
စွင်းဝူယန်က ကျိတ်ရယ်လိုက်သည်။
“နင်က သူ့အသက်ကိုတစ်ခါကယ်ဖူးတာကို မေ့သွားပြီလား၊ သူကနင်အကူအညီတောင်းတာကို ဘယ်လိုလုပ်ပြီးငြင်းနိုင်မှာလဲ”
“ဒါပေမယ့် ညီမလေးမလုပ်ရဲဘူး မွေးစားအဖိုးက ကျွန်မကိုစိတ်ဆိုးသွားမှာကြောက်တယ်၊ ကျွန်မက အရမ်းကိုအသုံးမကျလိုက်တာ ဝူးဝူးဝူးးး”
စွင်းဝူယန်:“ ကိစ္စမရှိဘူး၊ အချိန်ကျလာရင် မင်းကိုယ်စား ငါပြောပေးမယ်၊ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကြောက်တတ်တာလဲ”
စွင်းမန်ရို့က အလွန်ကျေးဇူးတင်သွားသည့်ပုံစံလုပ်ပြလာသည်။
“ကျေးဇူးပါ တတိယအစ်ကိုက ကျွန်မအပေါ်အရမ်းကောင်းတာဘဲ”
အခြားမောင်နှမနှစ်ယောက်ကလည်း တစ်နေရာတွင် စကားပြောနေကြ၏။
ဖန်ကျင်းယွမ်က သူမ၏အစီအစဉ်ကိုတင်ဆက်ပြီးသွားပြီဖြစ်သဖြင့် နောက်ထပ်အစီအစဉ်များအား ကြည့်ရန် စင်နောက်မှထွက်လာသောအခါ သူမ၏အကိုကြီးက မိုးသီးထိမှန်ခံထားရသဖြင့် နွမ်းဖတ်နေသည့် ခရမ်းသီးလိုဖြစ်နေသည်ကို မြင်လိုက်ရ၏။
သူမက သူ့ကိုခွေးချီးဟု တစ်ချိန်လုံးခေါ်နေခဲ့သော်လည်း အဆုံးတွင် ထိုသူကသူမ၏အစ်ကိုဖြစ်နေဆဲဖြစ်သည်။
ထို့ကြောင့် ဖန်ကျင်းယွမ်က သူ့ဆီသွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ အစ်ကိုကြီး၊ ညီမကိုလဲပြောပြလေ အဲ့လိုမှအကိုကြီးကို ဟာသလုပ်နိုင်မှာ”
ဖန်ဝမ်ယွမ် “……”
ဖန်ကျင်းယွမ်က တစ်နေ့တစ်ခြား သူ့အပေါ် ပိုပိုပြီးရိုင်းပျလာတယ်လို့ ဘာလို့ခံစားမိနေတာလဲ။
သူမအကို၏အမူအရာကိုမြင်သောအခါ ထုံရွှယ်လူဆီမှသူမလေ့လာခဲ့သည်များက အလုပ်ဖြစ်ကြောင်းသိသွားသည်။
“မြန်မြန် ပြောပြ”
ဖန်ဝမ်ယွမ်က သူ့ညီမသည် ဤတလောအတွင်းတွင် ထုံရွှယ်လူနှင့်အလွန်ရင်းနှီးလာခဲ့ကြောင်းသိ၏။ သူကခနလောက်တွေးကြည့်လိုက်ပြီးနောက် သူမကိုပြောပြလာသည်။
“ငါအခုဘဲ ထုံရွှယ်လူနဲ့ .......သူ့ကောင်လေးကိုမြင်လိုက်လို့”
သူပြော၍မပြီးသေးခင်မှာပင် ဖန်ကျင်းယွမ်က အော်လာ၏။
“ရွှယ်လူ ဒီကိုရောက်နေတာလား၊ ဘယ်မှာလဲ၊ ညီမလေး လေ့ကျင့်နေရလို့ ရွှယ်လူနဲ့မတွေ့ရတာ တော်တော်ကြာနေပြီ”
ဖန်ဝမ်ယွမ်က အသက်ပြင်းပြင်းရှူလိုက်ရသည်။
“သူ့ကောင်လေးနဲ့ ပြန်သွားပြီ”
ဖန်ကျင်းယွမ်က နှုတ်ခမ်းစူလိုက်သည်။
“အသ်ကိုကြီးက ဘာလို့စောစောမပြောတာလဲ၊ ဒါနဲ့ ခုနက အကိုကြီးက ဘာပြောမလို့လဲ”
ဖန်ဝမ်ယွမ်က နောက်တစ်ကြိမ်အသက်ပြင်းပြင်းရှူလိုက်သည်။
“ငါမသိတော့ဘူး၊ ထုံရွှယ်လူက ......တစ်ချိန်လုံးမှာ ငါ့နောက်ဘဲ လိုက်နေခဲ့တာမဟုတ်ဘူးလား၊ သူငါ့ကိုသဘောကျနေတာကို ရပ်ကွက်တစ်ခုလုံးသိကြတယ်၊ သူ့နှလုံးသားက ဒီလိုဘဲ ပြောင်းလဲသွားတာလား”
ဖန်ကျင်းယွမ်က တခစ်ခစ်ရယ်လိုက်သည်။
“အမလေး အစ်ကိုကြီးရယ် အဲ့ဒါကတစ်ချိန်တုန်းကဆိုတာကို သိနေရင်လဲ အဲ့ဒီကိစ္စကိုနောက်ကြောင်းမပြန်နဲ့တော့လေ ငယ်ရွယ်ပြီးရူးမိုက်တတ်တဲ့ အရွယ်ကို ဘယ်သူမဆိုကျော်ဖြတ်ဖူးတာဘဲလေ ”
မှန်ပေသည်။ ဤစကားကလည်း ထုံရွှယ်လူသင်ပေးထားခြင်းဖြစ်သည်။
ဖန်ဝမ်ယွမ်: “……”
ဖန်ကျင်းယွမ်ကို ပြောပြဖို့ သူဘယ်လိုများ ဆုံးဖြတ်လိုက်မိတာလဲ။
ဖန်ဝမ်ယွမ်က ဖန်ကျင်းယွမ်ကို ထပ်မကြည့်တော့ဘဲ အိမ်ပြန်ရန်သာ လုပ်လိုက်တော့သည်။
🍵
ထုံရွှယ်လူကို အိမ်ပြန်လိုက်ပို့ပြီးနောက် ဝမ်ရူကွေ့က လေအေးအေးထဲတွင် စစ်မှုထမ်းအိမ်ရာသို့ ပြန်လာခဲ့သည်။
ဝမ်ရူကွေ့ဆီတွင် နားရက်သုံးရက်သာရှိသောကြောင့် ထုံရွှယ်လူကသေချာတွေးကြည့်ပြီးနောက်တွင် သူနှင့်အတူရှိပေးရန်အတွက် ခွင့်တစ်ရက်ယူရန် ဆုံးဖြတ်လိုက်သည်။
သူမက ထိုအကြောင်းကိုပြောပြသောအခါ ဝမ်ရူကွေ့၏မျက်လုံးများက အရောင်တောက်သွား၏။
နောက်တစ်နေ့က လျင်မြန်စွာဘဲရောက်ရှိလာသည်။
ဝမ်ရူကွေ့က အိပ်ရာထ၊ရေမိုးချိုးကာ မနက်အာရုံတက်ချိန်ကြီးတွင် ခေါင်းလျှော်လိုက်၏။
သူ၏အပြုအမူများကိုမြင်သောအခါ အဖိုးဝမ်နှင့်ဦးလေးဇုန်းတို့ ဝမ်ရူကွေ့တစ်ယောက် ဒီနေ့ဘာလုပ်မည်ကို သိသွားကြသည်။
အဖိုးဝမ်က သူလည်းလိုက်ချင်သည်ဟု ဆူဆူညံညံမလုပ်လာပေ။ ထိုအစား သူကတစ်ခုဘဲ ပြောလာသည်။
“ရွှယ်လူက အရသာရှိတာတွေလုပ်ပေးရင် အိမ်ကိုနည်းနည်းပြန်ယူလာခဲ့နော် တစ်ယောက်တည်းအကုန်မစားလိုက်နဲ့”
ဝမ်ရူကွေ့သည်လည်း သူ့အဖိုးကလိုက်ချင်သည်ဟု သောင်းကျန်းမှာကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူကဒီကိစ္စကို လျင်မြန်စွာသဘောတူလိုက်သည်။
ထုံရွှယ်လူက ခွင့်တစ်ရက်ယူထားလျှင်တောင်မှ လုံးဝကြီး ဘာမှမလုပ်ဘဲ နေလို့မရသေးပေ။ သူမက ချက်ပြုတ်မည့်ပစ္စည်းများကို ဝယ်ပေးရဦးမှာဖြစ်သည်။
သို့သော် ဈေးသွားဝယ်ပြီးပါက သူမက ဆိုင်ကိစ္စများကို ဘယ်လိုဘယ်ပုံစီစဉ်ပါဟု သတ်မှတ်ပေးပြီးသည်နှင့် ဒီနေ့အတွက်အလုပ်ကပြီးပြီဖြစ်သည်။
မုန့်ချင်းချင်းက သူမအိမ်လိပ်စာကိုသိသဖြင့် ဆိုင်တွင်တစ်ခုခုဖြစ်လာပါက သူတို့ကသူမကို ဘယ်နေရာတွင်လာရှာရမည်ကို သိပေသည်။
ထုံရွှယ်လူ အိမ်ပြန်ရောက်သောအခါ ဝမ်ရူကွေ့ကရောက်နေပြီဖြစ်သည်။
အချိန်အနည်းငယ်လောက် နှစ်ယောက်တည်း အတူရှိနိုင်ရန်အတွက် ထုံရွှယ်လူက ထုံမျန်မျန်ကို ဘေးအိမ်မှသွားပြန်မခေါ်ခဲ့ပေ။
ဝမ်ရူကွေ့က သူတို့နှစ်ယောက်ထဲသာ ရှိနေသည်ကို သတိပြုမိသွားသောအခါ ရှက်သွားပြန်သည်။
ထုံရွှယ်လူ :“အိုး ဒါနဲ့ ကျွန်မမပြောပြရသေးဘူးထင်တယ်၊ ကျွန်မ ကုန်သွယ်ရေးဌာနက ဦးစီးကျင်းပတဲ့ အချက်အပြုတ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ထားတယ်၊ တကယ်လို့ ကျွန်မနိုင်သွားရင် ကျွန်မတို့စားသောက်ဆိုင်က အဆင့်မြှင့်ခံလိုက်ရမှာ၊ အဲ့လိုအဆင်မြင့်သွားတဲ့အခါ ဘာကအကောင်းဆုံးလဲ ရှင်သိလား”
သူမ၏တလက်လက်တောက်နေသော မျက်လုံးများကိုကြည့်လိုက်ကာ ဝမ်ရူကွေ့ကရင်ခုန်သွားသည်။
“မင်းလစာတိုးသွားမှာလား”
ထုံရွှယ်လူက ခေါင်းခါသည်။
“အဲ့ဒါလည်း ဟုတ်တယ်၊ ဒါပေမယ့် အကောင်းဆုံးကတော့ ကျွန်မတို့ဆိုင်မှာ ဖုန်းတစ်ခုဆင်နိုင်တော့မှာ”
ဝမ်ရူကွေ့၏မျက်လုံးများက အရောင်တောက်သွားသည်။
“အဲ့ဒါက တကယ်ကို သတင်းကောင်းဘဲ”
သူမတို့ဆိုင်တွင်သာ ဖုန်းတစ်လုံးရှိလာပါက သူ သူမကို သတိရလာသည့်အချိန်တိုင်း ဖုန်းခေါ်လို့ရပြီဖြစ်သည်။
ထုံရွှယ်လူက ခေါင်းညိတ်သည်။
“အဲ့ဒါကြောင့်မလို့ ရှင်က ဒီနေ့မှာ ကျွန်မရဲ့အချက်အပြုတ်စွမ်းရည်ကို လေ့ကျင့်ဖို့ ကူညီပေးရမယ်”
သူမ၏အချက်အပြုတ်စွမ်းရည်ကို ယုံကြည်ချက်ရှိသော်လည်း အခြားသူများထဲတွင် အလွန်အရည်အချင်းရှိသည့်သူများ ရှိနိုင်ပေသည်။ သူမက အလွန်မာန်မထောင်နေသင့်ပေ။
အကယ်၍ သူမသာ ဒီတစ်ကြိမ်တွင် ပထမနေရာကိုမယူနိုင်ခဲ့ပါက ဝန်ကြီးလင်း၏သူမအပေါ် ထားသောအမြင်ကောင်းများသည် အတော်လေးထိခိုက်သွားလိမ့်မည်။
ထိုသို့ဆိုပါက အနာဂတ်တွင် ကိုယ်ပိုင်စီးပွားရေးကိုလုပ်ချင်သည့် သူမ၏အစီအစဥ်အပေါ်တွင် သက်ရောက်မှုတစ်ခုရှိသွားနိုင်ပေသည်။ သူမက တစ်နည်းမဟုတ် တစ်နည်းဖြင့် အနိုင်ရအောင်လုပ်ရလိမ့်မည်။
ဝမ်ရူကွေ့က ခေါင်းညိတ်သည်။
အမှန်တွင် သူက ထုံရွှယ်လူနှင့်အတူရှိနေနိုင်သရွေ့ သူတို့ဘာဘဲလုပ်ရလုပ်ရ ဂရုမစိုက်ပေ။
ထို့နောက်တွင် သူတို့နှစ်ယောက်က မီးဖိုချောင်ထဲသို့ သွားလိုက်သည်။ ဝမ်ရူကွေ့က သူမ၏လက်ထောက်အဖြစ်လုပ်ကာ အသီးများကိုအခွံနွှာပြီး အိုးခွက်ပန်းကန်များကို ဆေးကြောပေးလာ၏။
အတူတူအလုပ်နေသဖြင့် သူတို့နှစ်ယောက်က တစ်ခါတစ်ရံတွင် တစ်ယောက်လက်နှင့် တစ်ယောက်ကိုယ်ကို ထိမိသွားတတ်သည်။ ထိုအထိအတွေ့အားလုံးက ဝမ်ရူကွေ့ကို ရှက်သွေးဖြာလာစေ၏။
နေ့လယ်ကျော်သွားသောအခါ ထုံရွှယ်လူက လက်ကောက်ဝတ်များ မလှုပ်နိုင်တော့သဖြင့် ခနနားရန်လုပ်လိုက်သည်။
အပြင်ဘက်တွင် နေကအတော်လေးပူနေ၏။ ထုံရွှယ်လူက ရေချိုးပြီးသောအခါ သူမ၏ဆံပင်များကိုအခြောက်ခံရန်အတွက် ဝါးကုလားထိုင်တစ်လုံးကို အပြင်ဘက်သို့ရွှေ့လိုက်သည်။
“ရူကွေ့ ဒီကိုလာပြီး ကျွန်မဆံပင်ကိုသုတ်ပေးပါဦး”
ဝမ်ရူကွေ့က သူမဘေးနားသို့ ထိုင်ခုံတစ်ခုကိုယူလာကာ သူမဆံပင်ကို သုတ်ပေးလာသည်။
သူမဆံပင်က နက်မှောင်တောက်ပကာ ပိုးသားလိုနူးညံ့နေ၏။
ဝမ်ရူကွေ့က သူမဆံပင်ကို ညင်သာစွာသုတ်ပေးလိုက်ကာ သူ့ရင်ထဲတွင် စိတ်ချမ်းသာသွား၏။
ဆောင်းရာသီ၏နေရောင်က သူတို့အပေါ်သို့ နွေးထွေးစွာဖြာကျနေပေသည်။ ထုံရွှယ်လူက နေရောင်အောက်တွင် နေပူဆာလှုံကာ တစ်ရေးအိပ်လိုသည့် ကြောင်ကဲ့သို့ပင် သူမမျက်လုံးများကို ပျင်းရိစွာပိတ်လိုက်သည်။
ဝမ်ရူကွေ့က သူမအအေးမိမည်ကို စိုးရိမ်သဖြင့် သူမကိုလှမ်းခေါ်လိုက်သည်။
သူမဆီမှ အဖြေပြန်မရလာပေ။
သူက သူမရှေ့သို့သွားလိုက်သည်။
နေရောင်က သူမအပေါ်သို့ကျနေသဖြင့် သူမနဖူးနားမှ ဆံပင်များက နေရောင်အောက်တွင် တောက်ပနေကာ သူမနှုတ်ခမ်းကလည်း နှုတ်ခမ်းနီဆိုးထားသည်ဟုတောင် ထင်ရစေ၏။ သူမ၏ထူထဲသည့် မျက်တောင်ရှည်များက သူမပါးပေါ်တွင် အရိပ်ကျနေပေသည်။
သူမနှုတ်ခမ်းများကို ကြည့်ကာ ဝမ်ရူကွေ့က ပြုစားခံလိုက်ရသလို ခံစားမိသွားသည်။
သူကဖြေးဖြေးချင်း သူမဆီသို့ ငုံ့သွားလိုက်မိသည်။