အပိုင်း၁၈၄
Viewers 32k

🍵Chapter 184




ဝမ်ရူကွေ့က သူမနှုတ်ခမ်းကိုကြည့်နေရင်း သူ့ကိုယ်က အပြင်ပန်းပုံစံထက် ပိုပူလာသလိုခံစားလာရသည်။


သူ၏လည်စိက အပေါ်အောက်ရွေ့လျားသွားကာ ရင်ခုန်လာ၏။


သူမမျက်လုံးများက အေးချမ်းစွာ ပိတ်ထားလေသည်။ သူမကအိပ်ပျော်နေသောအခါ အလွန်လိမ္မာသည့်ပုံပေါ်၏။


ဝမ်ရူကွေ့က အသက်ပြင်းပြင်းရှူလိုက်ကာ နောက်ဆုံးတွင် ဖြားယောင်းမှုကို မလွန်ဆန်နိုင်‌တော့သဖြင့် သူ့လက်ကိုမြှောက်ပြီး သူမနှုတ်ခမ်းကို ညင်သာစွာထိလိုက်သည်။


သူမနှုတ်ခမ်းက အလွန်နူးညံ့နေ၏။


ဘယ်လိုတောင်ထူးဆန်းတဲ့ ခံစားချက်မျိုးလဲ။


ဝမ်ရူကွေ့က အရုပ်ရသွားသော ကလေးလိုပင် သူမ၏မျက်တောင်များကို တို့ကြည့်ပြီးနောက် သူမပါး‌ကိုလည်း ညင်သာစွာပုတ်ကြည့်လာ၏။


သူမ၏မျက်တောင်များက ရှည်လျားကာ ယပ်တောင်လေးနှစ်ခုကဲ့သို့ဖြစ်နေ၏။ သို့သော်၎င်းတို့က သူမနှုတ်ခမ်းကိုထိလိုက်သလိုမျိုးတော့ သူ့ကိုမခံစားမိစေပေ။


သူမနှုတ်ခမ်းကိုထိလိုက်သောအခါ အချိန်တွင် သူ့ရင်ခုန်သံကစည်းချက်လွဲလာပြီး မဖော်ပြနိုင်လောက်သည့် လိုအင်ဆန္ဒတစ်ခုဖြစ်ပေါ်လာသည်။


သူ ထိုလိုအင်ဆန္ဒကို နားမလည်ပေ။ ထို့ကြောင့် သူက သူမနှုတ်ခမ်းကိုထပ်ထိချင်သွားသည်။


ထို့ကြောင့် သူကသူမနှုတ်ခမ်းကို ထပ်ထိကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူက ညင်သာစွာဖိကြည့်လိုက်လေသည်။


အပြင်ဘက်တွင် လေပြင်းနေ၏။ ဝမ်ရူကွေ့က ထုံရွှယ်လူအအေးမမိစေရန် စောင်သွားယူပေးမည့်အချိန်တွင် သူမမျက်လုံးများပွင့်လာ၏။


သူတို့နှစ်ယောက်က အကြည့်ဆုံသွားသည်။


လေထုက စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်သွားလေသည်။


ထုံရွှယ်လူကမျက်လုံးပြူးသွားသည်။ သူမက ဝမ်ရူကွေ့ကို သံသယဝင်စွာကြည့်လိုက်သည်။

“ရဲဘော်ဝမ်ရူ‌ကွေ့ ရှင်ကျွန်မကိုဘာလုပ်လိုက်တာလဲ၊ ကျွန်မနှုတ်ခမ်းကို ဘာနဲ့ထိလိုက်တာလဲ”


ဝမ်ရူကွေ့မျက်နှာက ချက်ချင်းနီရဲသွားလေသည်။

“ကိုယ့်လက်နဲ့ထိလိုက်တာပါ”


ထုံရွှယ်လူကခေါင်းခါပြီး သူမလက်ဖြင့် သူမနှုတ်ခမ်းကို ပြန်ထိကြည့်လိုက်သည်။

“မဟုတ်ဘူး၊ လက်နဲ့ထိသလိုမခံစားရဘူး ရှင်ကျွန်မကိုလိမ်နေတာလား”


ဝမ်ရူကွေ့က ခေါင်းခါသည်။

“မဟုတ်ပါဘူး ကိုယ်တကယ်ပြောတာပါ၊ ကိုယ့်လက်နဲ့ဘဲ ထိလိုက်တာ”


ထုံရွှယ်လူက သူမနှုတ်ခမ်းကို ပြန်ကိုင်ကြည့်ပြီးနောက် သူလိမ်နေတာဟု ပြန်ငြင်း၏။


ဝမ်ရူကွေ့က ‌နက်နက်ရှိုင်းရှိုင်းကို နောင်တရသွားသည်။

“ကိုယ် လူရမ်းကားလိုပြုမူမိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကိုယ့်လက်နဲ့ဘဲမင်းကိုထိလိုက်တာပါ အဲ့ဒါကတကယ်ပါ”


ထုံရွှယ်လူက မျက်ဆံလှန်လိုက်မိသည်။

“အခုဘဲလက်နဲ့ထိကြည့်တာ မတူနေဘူးလေ၊ ဒီမှာ ကျွန်မရှင့်ကိုပြမယ်”


ထိုသို့ပြောပြီးနောက် သူမကလက်ဆန့်ကာ သူ့နှုတ်ခမ်းများကို ထိလာ၏။ သူမက ဝမ်ရူကွေ့လုပ်သလိုပင် သူ့နှုတ်ခမ်းများကို ဖိတောင်ဖိကြည့်လာသည်။


ဝမ်ရူကွေ့က အသက်အောင့်လိုက်မိကာ သူ့ကိုယ်ကို နည်းနည်းလေးတောင်မှ မလှုပ်ရဲတော့ပေ။


ထုံရွှယ်လူ:“ လက်နဲ့ထိရင် ဘယ်လိုခံစားရလဲဆိုတာ မှတ်ထားနော်”


ထို့နောက် သူမကရုတ်တရက် သူ့ရှေ့ကိုင်းလာပြီး သူ့နှုတ်ခမ်းကို သူမနှုတ်ခမ်းနှင့် ညင်သာစွာထိလာသည်။


? ? ?

! ! !


ဝမ်ရူကွေ့က လျှပ်စီးကြောင်းတစ်ခု သူ့ကိုယ်ထဲဖြတ်စီးသွားသလို ခံစားမိသွားကာ တစ်ကိုယ်လုံးကျဉ်သွားသည်။


သူ့ကိုယ်ထဲမှ သွေးများက မျက်နှာဆီသို့ ဆန်တက်လာကာ နှလုံးခုန်သံက မြန်လွန်းသဖြင့် သူ့နှလုံးသားက ရင်ဘတ်ထဲမှ ထွက်ကျလာမတတ်ဖြစ်လာ၏။


ထုံရွှယ်လူ၏နှုတ်ခမ်းများက ပုစဉ်းကောင်လေးရေပေါ်နားသလို ခနလေးထိကာ ပြန်ခွာသွား၏။

“ရဲဘော်ထုံ ဒီနှစ်ခုက အရမ်းကွာခြားတယ်ဆိုတာကို ရှင်သဘောတူပြီလား”


ဝမ်ရူကွေ့က ရုပ်သေးရုပ်လို ငေးကြောင်ကြောင်ဖြင့် ထုံရွှယ်လူကိုကြည့်လာပြီး ခေါင်းညိတ်ပြသည်။

“မင်းပြောတာမှန်တယ် ဒီနှစ်ခုကမတူဘူး”


“ဒါဆို ရှင်ကျွန်မကို ရှင့်နှုတ်ခမ်းနဲ့ ထိခဲ့တာလား” 


ဝမ်ရူကွေ့က ခေါင်းခါသည်။

“မဟုတ်ပါဘူး ကိုယ့်လက်နဲ့ပါ”


ထုံရွှယ်လူက မော့ကြည့်သည်။


“တကယ်‌ပြောနေတာလား ကျွန်မတော့မယုံဘူး၊ ရှင်လည်းကျွန်မကိုထိကြည့် အဲ့လိုမှဒီနှစ်ခုကြားက ကွာခြားချက်ကို ကျွန်မသိမှာ...”


နေ့လယ်ခင်းနေရောင်က တောက်ပ‌ကာ အပင်များကြားသို့ ထိုးနေ၏။ နေရောင်က သူ့ပေါ်တွင် နွေးထွေးနေကာ သူ့လည်ဇလုတ်က အပေါ်အောက်လှုပ်ရှားသွားသည်ကို ထုံရွှယ်လူမြင်နေရသည်။


သူမကမျက်ခုံးပင့်လိုက်သည်။

“ရဲဘော်ဝမ်ရူကွေ့ ရှင်က ဒါလုပ်ဖို့တောင် သတ္တိမရှိဘူးလား”


ဝမ်ရူကွေ့က ရှက်သွေးဖြာသွားသည်။

“မဟုတ်ပါဘူး”


ထုံရွှယ်လူက ခေါင်းမော့ကာ သူမနှုတ်ခမ်းကို ရှေ့သို့အနည်းငယ်တိုးပေးလာ၏။

“ဒါဆိုလည်း လုပ်လေ”


သူမနှုတ်ခမ်းများကိုကြည့်ကာ ဝမ်ရူကွေ့တစ်ယောက် သူ့ရင်ခုန်သံများက လုံးဝထိန်းချုပ်လို့မရတော့သည်ကို ခံစားမိသွားသည်။


သူက သူမဆီသို့ ငုံ့လိုက်သည်။ သူမနားသို့ကပ်သွားသောအခါ သူမဆီမှာသာရှိသည့် အထူးတလည်ရနံ့လေးကို ရလာ၏။


သူက အသက်ရှူအောင့်ကာ သူမနှုတ်ခမ်းနှင့် ထိတော့မည့်အချိန်တွင် အပြင်ဘက်မှ အသံတစ်ခုထွက်လာ၏။—


“မမကြီးရေ မျန်မျန့်အင်္ကျီတွေ ညစ်ပတ်ကုန်ပြီ”


ထိုစကားဆုံးသောအခါ ထုံမျန်မျန်က တံခါးကိုတွန်းဖွင့်ပြီး အိမ်ထဲသို့ပြေးဝင်လာလေသည်။


ထုံရွှယ်လူက ဝမ်ရူကွေ့ကိုတွန်းထုတ်ကာ ‌ထရပ်လိုက်သည်။


ဝမ်ရူကွေ့ “……”


ဝမ်ရူကွေ့က ကုလားထိုင်ဘေးတွင် ရပ်ကာ ရှက်နေပြီး ရုတ်တရက်ပင် သူ့စိတ်ထဲအတွေးတစ်ခုပေါ်လာသည်။ --ထုံမျန်မျန်က အရေးကြီးဆုံးအချိန်မှာ ပြန်ရောက်လာတာဘဲ။


ထုံရွှယ်လူက ထုံမျန်မျန်ကိုချီကာ ပြန်ရောက်လာ၏။ သူမက ဝမ်ရူကွေ့တစ်ယောက် နေရာမှာဘဲရပ်နေသည်ကိုမြင်သောအခါ သူ့နားမှဖြတ်သွားရင်းပြောလိုက်သည်။


“နောက်တစ်ခေါက်ကျရင် ရှင့်အမည်ကိုရှင်းလင်းဖို့ အခွင့်အရေးပေးမယ်"


“! ! !”

ဝမ်ရူကွေ့၏ရင်ခုန်သံများက ရူးမတတ် ထပ်ဖြစ်လာပြန်သည်။


အကယ်၍ သူ့အမည်ကိုအဖတ်ဆယ်ရန် ဒီနည်းကိုအသုံးပြုရမည်ဆိုပါက သူဘယ်လောက်ဘဲအထင်လွဲခံရပါစေ စိတ်ထဲထားမည်မဟုတ်ပေ။


သူ့နားရွက်များက ဖြေးဖြေးချင်းနီရဲလာသည်ကို မြင်သောအခါ ထုံရွှယ်လူကပြုံးပြီး ပေါက်စီလုံးလေးကို အင်္ကျီလဲပေးရန်အတွက် အထဲသို့ခေါ်သွားလိုက်သည်။


သူမပြန်ထွက်လာပြီးနောက်တွင် ဝမ်ရူကွေ့အား နောက်သုံးလစာအတွက် (အိမ်)ငှားရမ်းခပေးလိုက်သည်။


ဝမ်ရူကွေ့က မယူချင်သော်လည်း ထုံရွှယ်လူက မရမကယူခိုင်းလိုက်သည်။


သူတို့နှစ်ယောက်ချစ်သူဖြစ်တာနှင့် သူမတစ်မိသားစုလုံးကို ထောက်ပံ့ပေးခြင်းသည် မတူညီသောအရာနှစ်ခုဖြစ်သည်။


အနာဂတ်တွင် သူတို့လက်ထပ်လိုက်လျှင်တောင်မှ ဝမ်ရူကွေ့က ထုံမောင်နှမများကို ပြုစုစောင့်ရှောက်ပေးရမည့် တာဝန်မရှိပေ။


ဝမ်ရူကွေ့က နားရက်အများကြီးမရပေ။ ထို့ကြောင့် ထုံရွှယ်လူက သူ့အတွက် အရသာရှိသည်များ လုပ်ပေးလိုက်သည်။


သူမက ထုံညီအစ်ကိုနှစ်ယောက် ပြန်မရောက်ခင်တွင် အနီရောင်စွံပလွံသီးနှင့် သစ်ကြားသီးကိတ်များ လုပ်လိုက်သည်။


သစ်ကြားသီးများကို အနံ့မွှေးလာသည်အထိ လှော်ပြီးသောအခါ စွံပလွံသီးများကို သေးသေးလေးစီလှီးလိုက်သည်။ ထို့နောက်သကြား၊ ရေနှင့် ဆီတို့ကို အိုးတစ်လုံးထဲထည့်လိုက်ကာ အပူချိန်အလယ်အလတ်ဖြင့် ပွက်လာသည်အထိ တည်ထားလိုက်သည်။ ပွက်ပွက်ဆူလာဟောအခါ စွံပလွံသီး၊ သစ်ကြားသီးနှင့် နှမ်းများကို ထည့်ပြီးရောမွှေလိုက်သည်။


ထို့နောက် ထိုအရောကို လင်ဗန်းတစ်ခုထဲထည့်ကာ လှိမ့်တံဖြင့် လှိမ့်ပြီး ခဲလာစေရန် အအေးခံထားလိုက်သည်။


နေဝင်ခါနီးအချိန်သို့ရောက်သောအခါ ထုံရွှယ်လူက ညစာပြင်ရန်စသည်။


သူမက ဒီနေ့ညတွင် အာပူလျှာပူဖြစ်စေသည့် dry potလုပ်ရန်စီစဉ်ထား၏။

(Tn,:dry potဆိုတော့ hot potစားတဲ့အဆာပလာမျိုးကိုမှ အရည်မပါဘဲ ဆီနဲ့ကြော်တာမျိုးပါ မာလာရှမ်းကောလိုမျိုးပါ )


သူမက ကြာစွယ်နှင့်အာလူးကို ပါးပါးလှီးလိုက်ပြီး တရုတ်နံနံ၊မှိုနှင့် အမဲသားလုံးများကို အိုးထဲမထည့်ခင်တွင် အတော်အသင့်အနေအထားဖြစ်အောင် လှီးထားလိုက်သည်။


အကုန်လုပ်ပြီးသောအခါ သူမက အခြောက်ခံရန် အိုးထဲမှဆယ်လိုက်သည်။ထို့နောက် သူမက နောက်ထပ်အိုးတစ်လုံးကိုယူကာ အမဲအူကြမ်းကို သန့်စင်ပြီး ရေပူပူထဲတွင် ခနပြုတ်ထားလိုက်သည်။

 

သူမက ဇောက်နက်ဒယ်အိုးထဲသို့ ဆီထည့်လိုက်သည်။ ဆီဆူလာသောအခါ ချင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သည်။ အနံ့သင်းလာသောအခါ ပါဝင်ပစ္စည်းများကိုထည့်ကြော်လိုက်သည်။ နောက်ဆုံး၌ ပန်းကန်ထဲသို့မထည့်ခင်တွင် နှမ်းလက်တစ်ဆုပ်ဖြူးလိုက်၏။ ဤသို့ဖြင့် dry potက ရသွားပြီဖြစ်သည်။



ထို့နောက်  အရွက်ကြော်နှင့် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်ကိုလည်း လုပ်လိုက်သည်။


ကြာစွယ်က ကြွပ်ရွကာ အာလူးကနူးအိနေပြီး အမဲသားလုံးက အရသာရှိ၏။ အကုန်လုံးက မှိုအရသာနှင့်တွဲဖက်ညီနေပြီး ထုံစပ်စပ်အရသာရှိသောခံစားချက်ကိုပေးသည်။ တစ်မိသားစုလုံးက ဤစားစရာကြောင့် ပါးစပ်ဆီကွက်သည်အထိ စားလိုက်မိကြသည်။


ထုံကျားရှင်းက အနာဂတ်‌တွင် ဝမ်ရူကွေ့ တစ်ယောက် သူတို့အိမ်ကို မကြာခနအလည်လာရန် တိတ်တိတ်လေးမျှော်လင့်လိုက်မိသည်။ ထိုသို့မှသာ သူလည်း အရသာရှိသည်များကို တစ်ချိန်လုံးစားနိုင်ပေလိမ့်မည်။


ညစာစားပြီးသောအခါ ထုံရွှယ်လူက ခဲသွားသည့် စွံပလွံ၊သစ်ကြားသီးကိတ်ကို အပိုင်းလေး‌များဖြတ်ကာ ဝမ်ရူကွေ့အား အိမ်ပြန်ယူသွားခိုင်းလိုက်သည်။


ညက‌ပိုပြီးမှောင်လာကာ သစ်ရွက်များက လေထဲလွင့်နေ၏။


ထုံရွှယ်လူက ဝမ်ရူကွေ့ကို တံခါးနားထိလိုက်ပို့ပေးပြီးသောအခါ လည်ပင်းကိုကျုံ့လိုက်မိသည်။

“အပြင်မှာအေးတယ် အိမ်ကိုမြန်မြန်ပြန်နော်”


ဝမ်ရူကွေ့က နားလည်ကြောင်းပြပြီးနောက် သူမ၏ဗလာဖြစ်နေသော လည်ပင်းကိုကြည့်ကာ အကြံရသွားသည်။


ရာသီဥတုက အေးသထက်အေးလာကာ သူမဆီ၌ မာဖလာမရှိသည့်ပုံပင်။


သူမက ငှားရမ်းခများ ပြန်ပေးသည်ကို ငြင်းဆန်ထား

ပေမယ့် အဲ့ဒီပိုက်ဆံတွေကိုသုံးပြီး သူမအတွက် လက်ဆောင်ဝယ်ပေးလို့တော့ ရတာပဲလေ။


🍵

စစ်မှုထမ်းအိမ်ရာသို့ ပြန်ရောက်သောအခါ။


ဝမ်ရူကွေ့က အိမ်ထဲသို့ဝင်လာလာချင်းပင် ဖူကျန့်ယိက ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။


ဖူကျန့်ယိက အသံကြားသောအခါ မော့ကြည့်လာသည်။

“ပြန်လာပြီ‌လား”


ဖူကျန့်ယိကို ကြည့်လိုက်မိသောအခါ ဝမ်ရူကွေ့က လန့်သွားသည်။

“မင်းဘာဖြစ်တာလဲ”


သူတို့မတွေ့ရသည်မှာ တစ်လလောက်သာရှိသေးသော်လည်း ဖူကျန့်ယိက ဒုက္ခများခံစားထားရသည့် သက်လတ်ပိုင်းလူတစ်‌ယောက်လို ဖရိုဖရဲ‌ဖြစ်နေ၏။

သူ့မုတ်ဆိတ်မွှေးများကို မရိတ်ထားပေ။ မျက်လုံးအောက်တွင် အနက်ရောင်အဝိုင်းကြီးများဖြစ်နေကာ ပါးများကလည်း ချိုင့်ဝင်နေပေသည်။


ဖူကျန့်ယိ ပြန်မဖြေရသေးခင်မှာဘဲ အဖိုးဝမ်က ဝမ်ရူကွေ့လက်ထဲတွင် ကိုင်လာသည်များကို မြင်သွားသည်။

“မင်းလက်ထဲက ဘာတွေလဲ”


“စွံပလွံသီးနဲ့ သစ်ကြားသီးကိတ်ပါ”

ဝမ်ရူကွေ့က အဖိုးဝမ်ဆီပေးလိုက်ရင်းမှ ထပ်ပြောလိုက်သည်။

“အဖိုးက သကြားတွေအများကြီးစားလို့မရဘူးနော်”


အဖိုးဝမ်က မကျေမနပ်ပြန်ပြောသည်။

“မင်းက မင်းအတွက်ပိုစားချင်လို့လုပ်နေတာပါ၊ ငါ့ကိုဆင်ခြေလာမလုပ်နဲ့”


ထိုသို့ပြောပြီးနောက် စွံပလွံသီးနှင့်သစ်ကြားသီးကိတ်အနည်းငယ်ကိုယူကာ ဘေးအိမ်မှလောင်ကျန်းအား ကြွားရန်ထွက်သွားလေသည်။


ဦးလေးဇုန်းကတော့ ဘယ်သွားမှန်းမသိပေ။ ဧည့်ခန်းထဲတွင် ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့နှစ်ယောက်သာ ကျန်ခဲ့‌သည်။


ဦးလေးဇုန်းကတော့ ဘယ်သွားမှန်းမသိရကာ ဧည့်ခန်းထဲတွင် ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့နှစ်ယောက်သာ ကျန်ခဲ့‌သည်။


ဖူကျန့်ယိက သူ့အိတ်ကပ်ထဲမှ ပိုက်ဆံကိုထုတ်ကာ ဝမ်ရူကွေ့ကိုပေးလာသည်။

“ဒီမှာ မင်းပိုက်ဆံပြန်ဆပ်တာ”


ဝမ်ရူကွေ့ “မင်းက ဘယ်လိုလုပ်ပြန်ဆပ်နိုင်သွားတာလဲ”


ဖူကျန့်ယိက လက်ဖက်ရည်ခွက်ကိုယူကာ တစ်ခါတည်းမော့ချလိုက်သည်။ မသိသည့်သူ‌ဆိုလျှင် သူ့ကိုအရက်သောက်နေသည်ဟုတောင် ထင်သွားနိုင်၏။


“ရှောင်ယွီက ငါ့ကိုပိုက်ဆံတွေပြန်ပို့ပြီး နောက်ထပ်မပို့တော့ဖို့ ပြောလာတယ်”


ဝမ်ရူကွေ့က တိတ်ဆိတ်စွာကြည့်နေလိုက်သည်။


ဖူကျန့်ယိနှင့် ရှောင်ယွီအကြောင်းကို သူသိပေသည်။


ဖူကျန့်ယိဆီတွင် တာဝန်တစ်ခုလုပ်စဉ်က သူ့အတွက်အသက်ပေးသွားသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိခဲ့ဖူးသည်။ ထိုသူ၏အိမ်တွင် အသက်၇၀အရွယ်မိခင်နှင့် သေလုနီးပါးဖျားနာနေသည့် ဇနီးသည်တို့သာရှိ၏။ သူ၏သားနှင့်သမီးများကလည်း အလွန်ငယ်နေသေးပေသည်။


ထိုရဲဘော်ဆုံးသွားပြီးနောက်တွင် အထက်မှနစ်နာကြေးတစ်ခုထောက်ပံ့လာသော်လည်း ၎င်းက ထိုမိသားစုအတွက် အသက်ဆက်ရှင်ရန် မလုံလောက်ပေ။


ဖူကျန့်ယိက သူတို့ဌာန၏အမည်ဖြင့် ပိုက်ဆံပို့ကာ ထိုမိသားစုကို ဂရုစိုက်ပေးခဲ့သည်။ လင်းရှောင်ယွီသည် ထိုရဲဘော်၏သမီးဖြစ်သည်။ ဖူကျန့်ယိက ထိုမိသားစုကိုဂရုစိုက်ပေးနေရင်း သူမကို သဘောကျလာခဲ့သည်။


တစ်ခါတွင် အမေလင်းကို ဆေးရုံတင်ရသဖြင့် ဖူကျန့်ယိက သူ့(ဝမ်ရူကွေ့)ဆီမှ ပိုက်ဆံလာချေးခဲ့သည်။ ဝမ်ရူကွေ့သည်လည်း ဖူကျန့်ယိ၏လုပ်ဆောင်ချက်များသည် လင်းရှောင်ယွီ၏နှလုံးသားကို လှုပ်ရှားသွားစေရန် မျှော်လင့်ခဲ့ပေသည်။


 ကံမကောင်းစွာဖြင့် ဤကိစ္စက ဝမ်းနည်းစရာကောင်းစွာ အဆုံးသတ်လာခဲ့သည်။


ဖူကျန့်ယိက လက်ဖက်ရည်နောက်တစ်ခွက်ထပ်ထည့်လိုက်သည်။

“မင်းက ဘာလို့ ငါ့ကိုနှစ်သိမ့်ပေးဖို့တစ်ခုခုမပြောတာဘဲ၊ ငါအခုအရမ်းစိတ်ညစ်နေတာလေ”


ဝမ်ရူကွေ့က ခနလောက်‌စဉ်းစားလိုက်ကာ ပြောလာ၏။

“မင်းအတွက် စိတ်မကောင်းပါဘူး”


ဖူကျန့်ယိ“……”


“မင်းက ဒီလိုမကြင်နာတတ်တဲ့သူဆိုတာကို ငါဘာလို့မသိခဲ့တာလဲ၊ မင်း ရဲဘော်ထုံနဲ့‌ချစ်သူတွေဖြစ်သွားကတည်းက ပိုပိုဆိုးလာတယ်”


ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။

“ပေါက်ကရတွေ ပြောမနေနဲ့၊ ဒါက ရွှယ်လူနဲ့ ဘာမှမဆိုင်ဘူး”


ဝမ်ရူကွေ့၏ ကောင်မလေးအပေါ် ဘယ်လိုတောင်ကာကွယ်ပေးနေသည်ကို မြင်သောအခါ ဖူကျန့်ယိက အော်ဂလီဆန်သွားသည်။ သူကတော့ ဖွင့်မပြောရသေးခင်မှာဘဲ အငြင်းခံလိုက်ရသည်ကို တွေးကြည့်မိသွားသောအခါ ပိုပြီးဝမ်းနည်းသွားလေသည်။


“ရူကွေ့ ငါတော့ ဒီတစ်သက်လုံးမှာ အခြားမိန်းကလေးတွေကို ဘယ်တော့မှမကြိုက်နိုင်တော့ဘူးလို့ ငါ့ကိုယ်ငါထင်မိလာပြီ၊ အဲ့ဒါက အရမ်းနာကျင်ရတာဘဲ”


ကိစ္စများက ကောင်းကောင်းအဆင်ပြေနေကာ သူတို့၏ဆက်ဆံရေးကို အတိအကျသတ်မှတ်ဖို့သာ ကျန်တော့၏။ သို့သော် သူအလုပ်ခရီးဖြင့် ၂ပတ်အဝေးရောက်သွားပြီး ပြန်လာသောအခါ သူမကကောင်လေးရှိနေပြီဖြစ်သည်။


ချီးလိုဘဲ၊ သူ့ရဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကရော။


သူက သူ့၏ရဲဘော်ဟောင်းအတွက် လင်းမိသားစုကို ဂရုစိုက်ပေးသည်မှာ မှန်၏။ သို့သော် အဆုံးတွင်......မျက်လုံးပါသောဘယ်သူမဆို သူ သူမကိုနှစ်သက်နေသည်ကို မြင်နိုင်ပေသည်။


သူက သူတို့ဆက်ဆံရေးကို အတည်မပြုလိုခဲ့ခြင်းမဟုတ်ပေ။ သူမက သူ့ကို ချစ်သူရည်းစားဆက်ဆံရေးတစ်ခုအတွက် အဆင်သင့်မဖြစ်သေးဘဲ မိသားစုကိုသာ ဂရုစိုက်ချင်သေးသည်ဟုပြောလာသဖြင့် ထိုကိစ္စကို နောက်ဆုတ်ထားပေးခြင်းဖြစ်သည်။ အခုကျ ရုတ်တရက်ကြီး ဘယ်နားကနေ ကောင်လေးရသွားတာလဲ။


သူက အရူးလိုဘဲ။


ဝမ်ရူကွေ့က လူများကို နှစ်သိမ့်ပေးရာတွင် မတော်သောကြောင့် တိတ်ဆိတ်စွာသာ နားထောင်ပေးနေလိုက်သည်။


ဖူကျန့်ယိပြန်သွားသောအချိန်တွင် ဝမ်မိသားစု၏ လက်ဖက်ရည်အိုးတစ်ခုလုံးလည်း ကုန်သွားပြီဖြစ်သည်။


သူက အရက်မူးနေသည့်သူလိုပင် ဝမ်မိသားစုအိမ်မှ ဒယိမ်းဒယိုင်ထွက်သွားလေသည်။


***